ထာဆန်၏အသံမှာ လေဟာနယ်နေရာတွင် ပဲ့တင်ထပ်ရင်း သွေးနဂါး၏ ဟိန်းသံနောက်တွင် ကပ်ပါလာသည်။ သွေးနဂါးသည် ဤဝဲကတော့ကို စောင့်ကြပ်နေသည့် ကြမ်းကြုတ်သည့် သားရဲအလား ဝဲကတော့အပြင်တွင် ခွေနေသည်။
သို့ရာတွင် ထိုအရာကပင် ထာဆန်၏မောက်မာမှုကို ပြသ၏။
ဝတ်စုံနက်နှင့်အဘိုးအိုက မတိုက်ခိုက်ပေ။ သူသည် သွေးနဂါးကို အေးအေးဆေးဆေးပင် ကြည့်နေသည်။ မည်သူကမျှ သူ ဘာတွေးနေသည်ကို မသိနိုင်ပေ။ အရှင်မီးတောက်၏ မျက်လုံးသည် လင်းလက်၏။ ထို့နောက် သူသည် ရှေ့သို့ ခြေလှမ်းကာ သွေးနဂါးထံသို့ တိုးဝင်လာသည်။
အကွာအဝေးတစ်ခုမှ ကြည့်ပါက အလောင်းကောင်ကလန်မှ ဘုရင်ရှစ်ပါးမှာလည်း ဓားရှစ်စင်းအလား သွေးနဂါးထံသို့ တိုးဝင်လာသည်။
သွေးနဂါး၏မျက်လုံးတို့မှာ သတိထားနေ၏။ သည်လူရှစ်ယောက်၏ ဆန်းကြယ်သောအစီအရင်မှာ ၎င်းကို ထိခိုက်စေခဲ့သည် မဟုတ်လား။ သည်အခိုက်အတန့်၌ ၎င်း၏မျက်လုံးသည် တောက်ပနေ၏။ ၎င်းက အရှင်မီးတောက်ကို လစ်လျူရှုကာ ဘုရင်ရှစ်ပါးထံသို့ တည့်တည့် ဦးတည်ဝင်လာသည်။
အလောင်းကောင်ကလန်မှ ဘုရင်ရှစ်ပါးသည် အလျင်အမြန် လူစုခွဲကာ သွေးနဂါးအား ဝန်းရံသည်။ သူတို့အားလုံးမှာ ချိပ်ဟန်များကို ဖြစ်စေ၍ သွေးနဂါးကို မန္တာန်များနှင့် ဝုန်းဒိုင်းကြဲ တိုက်ခိုက်သည်။
နီးကပ်လာသည့် အရှင်မီးတောက်ကလည်း သူ့လက်ကို ဝေ့ယမ်း၍ မီးတောက်ပင်လယ်ကို ဖြစ်စေသည်။ မီးတောက်များသည် မီးနဂါးတစ်ကောင်အသွင် ပြောင်းကာ သွေးနဂါးကို စတင် တိုက်ခိုက်ခြင်း ပြုသည်။ တစ်ချိန်တည်းမှာ အရှင်မီးတောက်က သူ့ဘယ်လက်ကို ဆန့်ထုတ်၍ သူ့သိုလှောင်နေရာလွတ်ထဲမှ ခေါင်းလောင်းတစ်ခုကို ချက်ခြင်း ထုတ်ယူသည်။
ထိုခေါင်းလောင်းသည် အရိုးများနှင့် ပြုလုပ်ထားခြင်း ဖြစ်၍ သတ္တုအလွှာ ပတ်ထားသည်။ ၎င်း ပေါ်လာသည်နှင့် ခေါင်းလောင်းသံတို့ ပဲ့တင်ထပ်သည်။ ထိုအခါ လှိုင်းတစ်ခုသည် သွေးနဂါးထံသို့ ချက်ခြင်း တိုးဝင်သည်။
သွေးနဂါး၏မျက်လုံးတို့သည် သွေးဆာလာ၏။ မူလတုန်းက သွေးနဂါးထံ၌ သူငယ်အိမ်တစ်စုံ ရှိ၏။ သို့သော် အမည်မသိမန္တာန်အချို့ကို အသုံးပြုပြီးနောက် ၎င်း၏မျက်လုံးသူငယ်အိမ်တစ်စုံမှာ တစ်ဝက်ခွဲထွက်၏။ ထို့နောက် ထပ်မံ ကွဲထွက်သည်။ ချက်ခြင်းပင် သွေးနဂါး၏မျက်လုံးထဲ၌ သူငယ်အိမ်ရှစ်ခုထိ ရှိလာသည်။
ထိုအခါ ဘုရင်ရှစ်ပါးနှင့်အရှင်မီးတောက်တို့သည် ကြီးမားသည့်အန္တရာယ်အာရုံကို ခံစားမိကြသည်။ သို့သော် သူတို့သည်လည်း နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်ကို ချိုးဖျက်ပြီးကြသည့် အစွမ်းထက်ကျင့်ကြံသူများ ၊ သူတို့၏ ပထမကောင်းကင်ဘုံဒုက္ခကို ဖြတ်သန်းပြီးကြသည့် သူများ ဖြစ်ပေသည်။ သူတို့သည် အချိန်ကြာမြင့်စွာ အသက်ရှင်ခဲ့ကြသူများ ဖြစ်၍ အတွေ့အကြုံလည်း ကြွယ်လှ၏။ သူတို့သည် အန္တရာယ်ကို ထောက်လှမ်းမိသည့်အချိန်တွင် မရှောင်၊ထိုအစား တိုက်ခိုက်ကြသည်။
အစွမ်းထက်မန္တာန်တစ်ခု ထုတ်ဖော်ချိန်၌ ၎င်၏ စွမ်းအား အထွတ်အထိပ်ကို ရောက်ရှိစေသလို တစ်ချိန်တည်းမှာလည်း အားအနည်းဆုံး အခိုက်အတန့် ဖြစ်ပေ၏။ ဤအချက်ကို သည်အစွမ်းထက်ကျင့်ကြံသူ ကိုးယောက်လုံးက သိရှိထားကြသူများပင်။ အရှင်မီးတောက်က သူ့မျက်ခုံးနှစ်ခုကြားကို ထိ၏။ ထိုအခါ အစိတ်အပိုင်းမြေ(၄၅)ခုမှာ ချက်ခြင်း ပျံသန်းလာသည်။ အစိတ်အပိုင်းမြေများသည် ချဲ့ကားလာကာ မိုးကြိုးကောင်းကင်ဘုံနယ်မြေအစိတ်အပိုင်း(၄၅)ခုအဖြစ် ပြောင်း၍ ကောင်းကင်ကို ဖုံးအုပ်သည်။
“မိုးကြိုးကောင်းကင်ဘုံနယ်မြေရဲ့ စွမ်းအား…” အရှင်မီးတောက်သည် သူ့လက်ကို ဝေ့ယမ်းသည်။ အစိတ်အပိုင်းမြေ (၄၅)ခုသည် ကောင်းကင်တုန်ဟိန်းသံကို မြည်ဟည်း၍ သွေးနဂါးထံသို့ စောင့်ချလာသည်။
အစိတ်အပိုင်းမြေ၏ သက်ဆင်းလာမှု ဖိအားမှာ ကောင်းကင်နှင့်မြေကြီး၏ ခွန်အားအလား။ မြည်ဟည်းသံများနှင့်အတူ သွေးနဂါး၏အစိတ်အပိုင်းငယ်များစွာမှာ ချိုင့်ဝင်ကုန်၏။
ဘုရင်ရှစ်ပါး၏ စိတ်တို့မှာ တစ်ယောက်နှင့်တစ်ယောက် ချိတ်ဆက်ထားကြ၏။ သူတို့က ချိပ်ဟန်များအမြန် ဖြစ်စေ၍ အလင်းတန်းရှစ်ခုကို စုဝေးစေသည်။ အအေးစွမ်းအင်တို့ စုဝေးလာရင်း အစောပိုင်းက သွေးနဂါးကို အေးခဲစေခဲ့သော တတိယမြောက်အလောင်းကောင် အစီအရင်သည် တဖန် ပြန်ပေါ်လာလေပြီ။
သူတို့ရှစ်ယောက် အတွင်း၌ နေရာယူထားကြသော ပေတစ်သောင်းကြီးမားသည့် ရေခဲနက်လုံးကြီးသည် တဖန် ဖြစ်ပေါ်လာခဲ့ပြီ။ မျက်စိတစ်မှိတ်အတွင်း ထိုရေခဲလုံး၏ အစွန်းအနားတွင် မရေမတွက်နိုင်သော စူးချွန်များ ပေါ်လာကာ သွေးနဂါးထံသို့ တိုးဝင်လာသည်။
သွေးနဂါး၏မျက်လုံးသူငယ်အိမ်တို့မှာ ကြုံ့သွား၏။ ထို့နာက် သူငယ်အိမ်ရှစ်ခုကြားမှ တစ်စုံသည် စတင်၍ ကြီးထားလာကာ အခြားသူငယ်အိမ်များ၏ နေရာကိုပါ ယူလာသည်။
ချက်ခြင်းပင် အမှောင်ထုတစ်ခု ရုတ်တရက် ပေါ်လာ၏။ ထိုအမှောင်ထုသည် နတ်ဘုရားအာရုံဖြင့်ပင် မမြင်ရလောက်အောင် မှောင်နက်၏။ အမှောင်ထုအတွင်းမှ ကောင်းကင်တုန်ဟိန်းစေသည့် အသံများကိုသာ ကြားရနိုင်သည်။
အမှောင်ထုသည် ခဏတာသာ ကြာမြင့်ပြီးနောက် ပျောက်ကွယ်သွားလေပြီ။
သို့ရာတွင် အမှောင်ထုပြန်ပျောက်ကွယ်သွားသည့်နောက်တွင် အရှင်မီးတောက်၏ အစိတ်အပိုင်းမြေ(၄၅)ခုထဲမှ လေးခုသည် ဖုန်မှုန့်ဖြစ်သွားရကာ ကျန်အစိတ်အပိုင်းမြေ (၄၁)ခုသည် နောက်ပြန်ကန်ထွက်သွားရလေ၏။
အရှင်မီးတောက်၏ မျက်လုံးထဲတွင် တုန်လှုပ်မှုတို့ ပြည့်နေသည်။
အလောင်းကောင်ကလန်မှ ဘုရင်ရှစ်ပါးကြောင့် ဖြစ်ပေါ်သည့် ရေခဲလုံးမှာလည်း အမည်မသိနည်းလမ်းအချို့နှင့် တိုက်ခိုက်ခြင်း ခံရ၏။ ရေခဲလုံးသည် ပြိုပျက်သည်။ ရေခဲလုံးအတွင်းရှိ ဘုရင်ရှစ်ပါးသည် သွေးအန်လိုက်ရသည်။ သူတို့၏မျက်လုံးထဲ၌လည်း တုန်လှုပ်မှုတို့ ပြည့်နေသည်။
ဝတ်စုံနက်နှင့်အဘိုးအိုကတော့ စဉ်းစားသည့်ဟန်ဖြင့် အပေါ်သို့ မော့ကြည့်သည်။ သူသည် မျက်မှောင်ကြုံ့သွားမိ၏။ သူသည် ဆက်လက်၍ စဉ်းစားနေသည်။ သူသည် တစ်ခုခုကို နားမလည်သလို ဖြစ်နေ၏။ ထိုအရာမှာ အရှင်ဝူဂျီ၏ ရည်ရွယ်ချက်ကို ဖြစ်နိုင်၏။
“ကြယ်ရှစ်လုံးတော်ဝင်ရှေးဟောင်းနတ်ဘုရားရဲ့ စွမ်းအားကို လုယူဖို့ ဖြစ်နိုင်လား။ ဒါပေမယ့် အတိတ်တုန်းက ကောင်းကင်ဘုံအင်ပါယာချင်းလင်တောင် လက်လျော့ခဲ့တာပဲ။ အရှင်ဝူဂျီ…မင်းမှာ ဘာနည်းလမ်းတွေ ရှိနေသလဲ…”
ဝမ်လင်းမှာ အကွာအဝေးတစ်ခုတွင် ရှိနေ၏။ သူသည် တိုက်ပွဲကို လှမ်း၍ ကြည့်ရုံသာ ကြည့်၍ အနားသို့ မသွားပေ။ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သော အမှောင်ထုက သူ့ကို အန္တာရယ်အငွေ့အသက်ကို ပြင်းပြင်းထန်ထန် ခံစားမိစေသည်။ သို့ရာတွင် သွေးနဂါးကို ဒုတိယကြိမ်မြောက် ကြည့်မိသည့်အခါ ဝမ်လင်းသည် အနည်းငယ် ရင်းနှီးမိသလို ခံစားမိသည်။ ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။
သို့သော်လည်း ထိုအဘိုးအိုမှာ တစ်ခုခုကို စဉ်းစားနေသကဲ့သို့ မျက်မှောင်ကြုံ၍သာ ရှိနေပြီး သွေးနဂါးကို ကြည့်ပင်မကြည့်ချေ။
“အတိတ်တုန်းက သူဟာ စီနီယာအစ်ကိုချင်းရွှေကို နောက်ဆုတ်စေနိုင်ခဲ့တယ်။ သူဟာ မန္တာန်တစ်ခုနဲ့ ဟင်းလင်းပြင်အတားအဆီးကို ဖွင့်ခဲ့တယ်။ သူ့ခန္ဓာကိုယ်ဟာလည်း မူလစွမ်းအင်ရင်းမြစ်တွေနဲ့ ပြည့်နှက်နေတာ။ သူက ဥပဒေသအားလုံးကို ထိတွေ့နိုင်တဲ့ပုံပဲ။ ဒီလူဟာ တတိယအဆင့်ကျင့်ကြံသူပဲ ဖြစ်ရမယ်…”
သွေးနဂါး၏မျက်လုံးတို့မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ သို့သော် ၎င်း၏ကြမ်းကြုတ်မှုကတော့ လျော့ပါးမသွား သာ၍ ပြင်းထန်လာသည်။ ကျန်သည့် သူငယ်အိမ်ခုနစ်ခုမှာလည်း တဖန် ချဲ့ကားကာ ၎င်း၏မျက်လုံးအစုံတွင် နေရာယူသည်။
ထိုအခါ ဤလေဟာနယ်နေရာမှာ အမှောင်ထုဖြင့် လွှမ်းခြုံ၏။ အမှောင်ထုထဲ၌ ဝမ်လင်းသည် ချက်ခြင်းပင် ထူးဆန်းသောဥပဒေသတစ်ခုက သူ့အား ခြုံလွှမ်းထွေးပတ်လာသည်ကို ခံစားမိသည်။ ကြည့်ရသည်မှာ ၎င်းဥပဒေသက သူ့မူလစိတ်ဝိညာဉ်ကို နှုတ်ယူကာ အမှောင်ထုနှင့် တစ်သားတည်း ဖြစ်လာစေလိုဟန် တူသည်။
သည်တစ်ကြိမ်၌ အမှောင်ထုမှာ အသက်ရှုချိန် နှစ်ခါစာလောက် ကြာမြင့်၏။
အသက်ရှုချိန်နှစ်ခါစာ ကြာချိန်ပြီးနောက် ဝမ်လင်း၏မျက်လုံးတို့သည် စိတ်ရှုပ်ထွေးမှုတို့နှင့် ပြည့်သည်။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိသည်။ သူ့ခန္ဓာကိုယ်ပေါ်၌ အက်ကြောင်းခုနစ်ခု ပေါ်လာကာ အက်သံများ ထွက်ပေါ်သည်။ သူ့မျက်နှာသည်ပင် ကျောက်တုံးရောင် ခပ်ဖျော့ဖျော့ ပေါ်လာချေ၏။
သွေးနဂါးနှင့် အနီးဆုံးတွင် ရှိနေသည့် အရှင်မီးတောက်သည် ဖြူရောကာ နောက်သို့ အလျင်အမြန် ဆုတ်သည်။ သူ့ရှေ့ရှိ ကောင်းကင်ဘုံနယ်မြေအစိတ်အပိုင်းတို့မှာ လှည့်လည်ရင်း ၎င်းတို့ထဲမှ အတော်များများသည် ပျက်စီးကုန်သည်။
အလောင်းကောင်ကလန်မှ ဘုရင်ရှစ်ပါးထဲမှ နှစ်ယောက်၏ခန္ဓာကိုယ်သည် ချက်ခြင်း ပျက်စီးသွားသည်။ ကျန်ခြောက်ယောက်မှာလည်း နောက်ဆုတ်ရ၏။ သူတို့ထဲမှ တစ်ယောက်သည် သူ့သိုလှောင်နေရာလွတ်ထဲမှ ခေါင်းတလားနှစ်ခုကျော်ကို ခပ်မြန်မြန် ထုတ်ယူသည်။ ခပ်ဝါးဝါးပုံရိပ်များသည် ချက်ခြင်းပင် ယင်းခေါင်းတလားများထဲသို့ ဝင်ရောက်လေ၏။
ချက်ခြင်းပင် ခေါင်းတလားနှစ်ခုသည် တစစီ ဖြစ်သွားကာ အဘိုးအိုနှစ်ယောက် လှမ်းထွက်လာ၏။
သူတို့ရှစ်ယောက်သည် နောက်ပြန်ဆုတ်နေရင်း သူတို့လက်များဖြင့် ချိပ်ဟန်များ ဖြစ်စေသည်။ အဘိုးအိုများထဲမှ တစ်ယောက်သည် အော်၍ ဆို၏။ “ဒုတိယမြောက် အလောင်းကောင်အစီအရင်…”
အအေးစွမ်းအင်သည် သူတို့အား ဝန်းရံ၏။ မျက်စိတစ်မှိတ်အတွင်း ရေခဲနက်ပေါ်လာသည်။ ထိုရေခဲမှာ နက်မှောင်လွန်းကာ အတွင်းရှိ သူတို့ရှစ်ယောက်ကိုပါ မြင်ရဖို့ မဖြစ်နိုင်တော့ချေ။
သို့ရာတွင် ချက်ခြင်းပင် ရေခဲနက်မှာ ပေတစ်သောင်းကျော် ဓားတစ်လက်အဖြစ်သို့ ပြောင်းသည်။
ထိုဓားပေါ်လာသည်နှင့် ကောင်းကင်တုန်ဟည်းဖွယ်ဖိအားတစ်ခုသည် ထက်ရှမှုနှင့်အတူ ပေါ်လာပေပြီ။ ၎င်းဓားသည် သွေနဂါးထံသို့ အစွမ်းထွက်ဓားစွမ်းအင်နှင့်အတူ တည့်တည့် တိုးဝင်သွားသည်။
အရှင်မီးတောက်မှာ မျက်လုံးပြူးသွား၏။ သူသည် သူ့လက်ချောင်းထိပ်ကို ကိုက်ကာ အလျင်အမြန်ဖြင့် သွေးဖြင့် စာလုံးတစ်လုံး ရေးဆွဲသည်။ သူက ထိုစာလုံးကို ပိတ်ရိုက်၏။ ၎င်းစာလုံးသည် သွေးနီရောင်ပေးစွမ်းရင်း ပျံသန်းသွားသည်။ ကျန်သည့်အစိတ်အပိုင်းမြေအားလုံးမှာလည်း ပြန့်ကြဲကာ သွေးနဂါးထံသို့ ဘက်စုံနေရာကနေ တိုးဝင်လာသည်။
သွေးနဂါး၏မျက်လုံးမှာ အလေးအနက် ဖြစ်လာ၏။ ကျန်သည့်မျက်လုံးသူငယ်အိမ်ခြောက်ခုမှာ နောက်တစ်ဖက် တလက်လက် ဖြစ်လာပြန်သည်။ သည်တစ်ကြိမ်၌ သူငယ်အိမ်တစ်စုံ နေရာယူခြင်းမဟုတ်တော့၊ မျက်လုံးသူငယ်အိမ်များအကုန် ပြန့်ကြဲ၍ ၎င်း၏နဂါးမျက်လုံးနှင့် မျှဝေခြင်းပင်။
ချက်ခြင်းပင် လောကသည် အမှောင်ထု ဖြစ်လာပြန်၏။ အသက်ရှုချိန်သုံးကြိမ် ကြာမြင့်ပြီးနောက် အမှောင်ထုသည် ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်းကလည်း နောက်သို့ တုံ့နှေးခြင်းမရှိ ဆုတ်၍ သည်အမှောင်ထုစွမ်းအားကို ရှောင်သည်။ သို့သော် သူမျက်လုံးက တလက်လက် ဖြစ်နေကာ သူသည် သွေးနဂါးထံသို့သာ အကြည့်ရောက်နေသည်။ သူသည် ရှေးဟောင်းနတ်ဘုရားအော်ရာကို ထပ်မံ ခံစားမိ၏။ ၎င်းအော်ရာသည် သွေးနဂါးထံမှ လာမှန်း ရှင်းလင်းနေသည်။
အရှင်မီးတောက်၏မျက်လုံးတို့က ပို၍ ဖြူရောလာ၏။ သို့သော် သူသည် ရှေ့သို့ ဆက်သွားသည်။ သူ့လက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေရင်း ကောင်းကင်ဘုံနယ်မြေအစိတ်အပိုင်း ဒါဇင်ချီသည် သွေးနဂါးထံသို့ ဆက်လက် နီးကပ်လာလေသည်။
ဘုရင်ရှစ်ပါးကနေ ဖြစ်ပေါ်သည့် ဓားမှာ ခုချိန်၌ သွေးနဂါးနှင့် ပေတစ်ထောင်လောက်ပင် မလိုတော့။
အမှောင်ထုသည် လေဟာနယ်နေရာတွင် တဖန် ပေါ်လာချိန်၌ သည်တစ်ကြိမ်တွင် အသက်ရှုချိန်လေးကြိမ်စာလောက် ကြာသည်။
ထို့နောက် လေဟာနယ်သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ဝမ်လင်းသည် နောက်သို့ မြန်သထက်မြန်မြန် ဆုတ်နေ၏။ သို့သော် သူက သွေးနဂါးကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးတို့မှာ အလွန်အလေးအနက် ဖြစ်ာလာသည်။
ဘုရင်ရှစ်ပါးကနေ ဖြစ်ပေါ်သည့် ဓားမှာ အရှိန်လျော့ကျသွားဟန် တူ၏။ အသက်ရှုချိန်လေးကြိမ်စာလောက် ကြာမြင့်ပြီးသည့်နောက် ၎င်းဓားသည် ပေနှစ်ရာသာ ရှေ့ဆက်တိုး၏။ ထို့နောက် အက်သံများ ထွက်ပေါ်လာရင်း ဓားပေါ်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာတော့သည်။
အရှင်မီးတောက်၏ သွေးကြောများ ဖောင်းကြွနေ၏။ အစိတ်အပိုင်းမြေများက သွေးနဂါးအနီးအနားတွင် ရှိနေဆဲပင်။
သို့သော် အမှောင်ထု လေဟာနယ်ကို ခြုံလွှမ်းလာနေရင်း ၎င်းတို့အားလုံးမှာ ချက်ခြင်း ပျောက်ကွယ်သွားသည်။
အမှောင်ထုအတွင်း တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ သွေးနဂါး၏ ဒေါမာန်တကြီးအော်သံကိုပါ ကြားရ၏။ အသက်ရှုချိန်ငါးကြိမ်စာလောက် ကြာမြင့်ပြီးနောက် အမှောင်ထုသည် ထပ်မံ ပျောက်ကွယ်သည်။ ဝမ်လင်း၏မျက်လုံးက တောက်ပလာသည်။ သူသည် နောက်သို့ ထပ်မဆုတ်တော့၊ ထိုအစား သွေးနဂါးထံသို့သာ တိုးဝင်လာသည်။
အလောင်းကောင်ကလန်မှ ဘုရင်ရှစ်ပါးကနေ ဖြစ်ပေါ်သည့် ဓားကြီးမှာ ပျက်စီးသွား၏။ သူတို့ရှစ်ယောက်သည် သွေးအန်ကာ နောက်ဆုတ်ရသည်။ အရှင်မီးတောက်၏ ပါးစပ်ထောင့်မှလည်း သွေးများစီးကျနေ၏။ သူသည် နောက်သို့ ခြေသုံးလှမ်းလောက် ဆုတ်လိုက်ပြီးမှ သူ့ကိုယ်သူ ပြန်တည်ငြိမ်အောင် လုပ်နိုင်လိုက်သည်။
သွေးနဂါး၏ ဦးခေါင်းကနေ ခန္ဓာကိုယ်ထိ ပေတစ်သောင်းလောက်ရှိသည့် ဒဏ်ရာကြီးတစ်ခု ရှိလာပေပြီ။ ထိုဒဏ်ရာမှာ တုန်လှုပ်ဖွယ်ရာ ကောင်းလှ၏။ ၎င်းဒဏ်ရာကနေ သွေးများ စီးကျနေခြင်းမရှိ။ ထိုအစား လက်သီးစုပ်ခန့်အရွယ် အသွေးအသားနှင့်တူသော သလင်းတို့ စိမ့်ထွက်နေပေသည်။
သွေးနဂါးသည် ဟိန်းဟောက်၏။၎င်း၏ မျက်လုံးသူငယ်အိမ်တို့မှာ နောက်တစ်ကြိမ် ရုတ်တရက်ကြီး ပြန့်နှံ့လာသည်။ အမှောင်ထု ထပ်မံ ပေါ်လာ၏။ ဝမ်လင်းသည် အရှိန်မြင့်ကာ ၎င်းအမှောင်ထုထဲသို့ တိုးဝင်သည်။သူ့ခန္ဓာကိုယ်ကနေ တစီစီအသံတို့ ထွက်ပေါ်ရင်း သူ့ဘယ်လက်သည်ပင် ပြာပုံဘဝ ရောက်ခဲ့ရပေပြီ။ သို့သော်လည်း သူသည် အရှိန်လျော့ချခြင်းမပြု၊ သူ့မျက်လုံးထဲ၌ စိုးရိမ်မှုနှင့်လိုအပ်မှုတို့လည်း ရှိနေသည်။
သူသည် ဤနေရာတွင် ရှေးဟောင်းနတ်ဘုရား၏နှလုံးသွေးကို တွေ့မြင်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။
“ဒါနဲ့ဆိုရင် ငါ့မူလခန္ဓာကိုယ်ဟာ ကပ်ဘေးခုနစ်ခု၊စမ်းသပ်ချက်သုံးခုရဲ့ ပထမစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်စွမ်း ရှိလိမ့်မယ်…”
***