Switch Mode

အပိုင်း(၁၁၈၄)

အရှင်ဝူဂျီ

အချိန်မှာ အချိန်ဥပဒေသ ဖြစ်၏။ ၎င်းမှာ သက်ရှိဖြစ်တည်မှုအားလုံး ဖမ်းဆုပ်နိုင်သည်။ သို့သော် အချိန်နှင့်ပတ်သတ်၍ ဉာဏ်အလင်းရဖို့မှာ အလွန်ခက်ခဲသည်။ အများဆုံးမှ လူတစ်ယောက်၏နယ်ပယ်သည် အချိန်ဥပဒေသ၏ အစိတ်အပိုင်းအနည်းငယ်တစ်ခု ပါနိုင်သည်ဆိုရုံဖြင့် ထိုသူသည် သူတို့၏ နယ်ပယ်ကနေ အချိန်ကို နားလည်နိုင်၏။

အတိတ်တုန်းက ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် ဝမ်လင်းသည် အချိန်နယ်ပယ် ပိုင်ဆိုင်သည့် သူတစ်ယောက်နှင့် တွေ့ခဲ့ဖူး၏။

ထိုအချိန်၌ ဝမ်လင်းသည် ဤအချိန်နယ်ပယ်အမျိုးအစား၏ စွမ်းအားကို ခံစားမိခဲ့သည်။ ယွမ်ချွဲဇီသည်ပင် အတိတ်တုန်းက ထိုနယ်ပယ်နှင့်ပတ်သတ်၍ စိတ်ဝင်စားခဲ့ဖူး၏။

ဟင်္သာပြဒါးဂြိုဟ်တစ်ခုလုံးတွင် ဤသို့သော နယ်ပယ်မျိုး ပိုင်ဆိုင်သည့်သူ ထိုတစ်ယောက်သာ ရှိသည်ဟူ၍ပင် ဆိုနိုင်သည်။

သွေးနဂါး၏ ခပ်တိုးတိုးအသံများ ထွက်ပေါ်လာနေရင်း သူ့ခန္ဓာကိုယ်ကနေ အချိန်စွမ်းအားသည် လှိုက်တက်လာသည်။ ၎င်းမှာ နယ်ပယ်ထက် ပိုအစွမ်းထက်ကာ ဥပဒေသ ဖြစ်နေခြင်းပင်။

ဤဥပဒေသသည် သွေးနဂါး မန္တာန်ကို အသုံးပြုကာ ချမှတ်ခြင်း ဖြစ်၏။

အချိန်ဥပဒေသသည် လေဟာနယ်နေရာတွင် လွှမ်းခြုံလာသည်။ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူအုပ်စုမှာ ဆယ့်နှစ်ယောက်လောက် ရှိ၏။ သူတို့သည် သန်မာလွန်းသော ရှေးဟောင်းကျင့်ကြံသူများနှင့် မတွေ့သ၍ အုပ်စုတောင့်သည်ဟု ဆိုနိုင်သည်။

သို့ရာတွင် အချိန်စွမ်းအား သူတို့အား ဖြတ်သန်းသွားချိန်တွင် သူတို့ထဲမှ အားအနည်းဆုံးသူသည် တုန်ယင်၏။ သူမှာ အသက်နှစ်ဆယ်အရွယ်လောက်သာ ရှိသေးဟန် တူ၏။

သူ့ခန္ဓာကိုယ်မှာ သူ့ထိန်းချုပ်မှုကနေ လွတ်၍ တုန်ယင်နေ၏။ သူ့အရေပြားထက်တွင် အရေးအကြောင်းများ ပေါ်လာသည်။ သူသည် အလွန်ပင်ပန်းဟန် ဖြစ်သွားကာ သူ့ကျင့်ကြံမှုမှာလည်း ထိုင်း၍ တန့်လာသည်။

ဤအရာမှာ ချက်ခြင်းလိုလို ဖြစ်ပျက်ခြင်းပင်။ ထိုလူငယ်သည် ချက်ခြင်း စိတ်ရှုပ်ထွေးသွား၏။ သို့သော် သူသည် ကြောက်ရွှံ့မှုကိုလည်း ချက်ခြင်း ခံစားမိသည်။

လူငယ်သည် မင်သက်၍လည်းနေ၏။ သူသည် ခေါင်းလှည့်လို၏။ သို့သော် သူ့ခန္ဓာကိုယ်မှာ တောင့်တင်းနေကာ ခေါင်းလှည့်ဖို့ရာတွင်ပင် မသက်မသာ ဖြစ်နေတော့သည်။

“ငါ…ငါနဲ့ပတ်သတ်လို့ ဘာမှားနေတာလဲ…” လူငယ်၏အမြင်သည် သူ့ရှေ့တွင် မြူလွှာတစ်ခု ကာထားသကဲ့သို့ ဝေဝါးသွား၏။ သူသည် တဖြည်းဖြည်းချင်း ခေါင်းငုံ့ကာ သူ့မျက်လုံးကို ပွတ်သပ်၍ သည်မြူလွှာကို ဖယ်ရှားလိုသည့်အလား။

ကြည့်ရသည်မှာ သူ့ပွတ်သပ်မှုက သက်ရောက်မှု ရှိသွားသည့်အလား။ သူ အမြင် ပြန်ကြည်လင်လာချိန်၌ သူသည် သူ့ဘေးပတ်လည်ရှိ ကျင့်ကြံသူအားလုံး နောက်ဆုတ်နေကာ သူတို့၏မျက်လုံးထဲတွင် ကြောက်လန့်မှုတို့ ပြည့်နေသည်ကို မြင်လိုက်ရသည်။

သူနှင့်အတူ အချိန်အတန်ကြာအတူ ရှိခဲ့သည့် သူ့ဂျူနီယာညီမဖြစ်သူသည် ထိတ်လန့်နေသောဟန်ပန်နှင့် ရှိနေသည်ကို မြင်သည်။ သူမသည် အရင်ကဲလို လှပမှုတို့ ရှိမနေတော့။

သူ နောက်ဆုံးတွေ့မြင်သည်က သူ့ညာလက်ပင်။ သူသည် မင်သက်သွား၏။ သူ့လက်မှာ အရေးအကြောင်း အစက်အပြောက်များနှင့် ပြည့်နေသည် မဟုတ်လား။

“ဒါ…” လူငယ်၏ခန္ဓာကိုယ်မှာ ပို၍ တုန်ခါသွား၏။ သူသည် သူ့ဘယ်လက်ကို ပင့်မြှောက်ကာ သူ့မျက်နှာကို ထိကြည့်သည်။ သူသည် ပါးစပ်ဟကာ ထိတ်လန့်တကြား အသံပြုရန် ပြင်၏။ သို့သော် သူ့အသံသည် ပြန်ပျောက်သွားရချေ၏။

သူ့မျက်လုံးထဲ၌ ရှင်သန်မှုဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ပေပြီ။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ သူ့အပေါင်းအပါများ ရှေ့တွင်ပင် မြန်ဆန်စွာ အိုမင်းလာခဲ့၏။ သူ့ဆံပင်များ ကျွတ်ကျ၊သွားများ ပုတ်သိုးကုန်၊ အရိုးများ ကြေမွကုန်တော့၏။ သူ့ခန္ဓာကိုယ်မှာ အိုမင်း၍၊အိုမင်း၍ သေဆုံးသွားရတော့သည်။

ထိုထူးဆန်းလှသောမြင်ကွင်းမှာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို လုံးဝ တိတ်ဆိတ်သွားစေသည်။ သို့ရာတွင် အချိန်သည် ရက်စက်၏။ ထို့ကြောင့် သူတို့ မတွေးနိုင်ခင်မှာပင် သူတို့ကြားမှ အမျိုးသမီးတစ်ဦးသည် အသက်ရင့်လာသည့် အရိပ်လက္ခဏာ ပြသလာပေပြီ။

သိပ်မကြာခင်တွင် ထိုအသက်ကြီးရင့်မှုသည် ကူးစက်ခံရဟန် တူ၏။ ကျင့်ကြံသူအားလုံးမှာ တဖြည်းဖြည်းခြင်း တူညီသည့် အသက်ကြီးရင့်မှု လက္ခဏာများ ပြလာသည်။

သည်ဒါဇင်ချီသည့် ကျင့်ကြံသူများသည် ဤလေဟာနယ်နေရာ၏ အစိတ်အပိုင်းငယ်တစ်ခုမျှသာ ရှိသေးသည်။ အခုချိန်တွင် ထိုကျင့်ကြံသူအုပ်စုကဲ့သို့ တူညီသောမြင်ကွင်းမျိုးမှာ လေဟာနယ်နေရာအနှံ့တွင် ဖြစ်ပွားခဲ့ပေပြီ။မည်သည့်နေရာကနေ လာသည့် ကျင့်ကြံသူ ဖြစ်ပါစေ သူတို့သည် လေဟာနယ်နေရာတွင် ရှိနေသ၍ အချိန်ဥပဒေသကနေ မလွတ်မြောက်နိုင်ကြပေ။

နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူများသည် ၎င်းဥပဒေသကို ခုခံနိုင်ကြ၏။ မည်သို့ပင်ဆိုစေ နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူများသည် အရေအတွက် မများလှပေ။

ကျင့်ကြံသူတစ်ယောက် အချိန်ဥပဒေကြောင့် သေဆုံးသွားချိန်တိုင်း မမြင်ရသောအော်ရာတစ်ခုသည် သူတို့၏ခန္ဓာကိုယ်ကနေ ထွက်ခွာကာ ဤလေဟာနယ်နေရာ၏ ဗဟိုချက်ထံသို့ တိုးဝင်လာကြသည်။

အော်ရာအမျှင်တန်းများသည် လေဟာနယ်တစ်လျှောက် ရွှေ့လျားနေ၏။ သူတို့၏အမြန်နှုန်းမှာ ကျင့်ကြံသူများ မယှဉ်သာ။ သည်အော်ရာများက ကောင်းကင်နှင့်မြေကြီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာဟန်တူကာ မျက်စိတစ်မှိတ်အတွင်း ၎င်းအော်ရာတို့သည် လေဟာနယ်ဗဟိုချက်ရှိ သွေးနဂါးနား ရောက်ရှိလာကြတော့သည်။

ကျင့်ကြံသူများ ပို သေဆုံးလေလေ ပိုပိုများသည့် အော်ရာများ သွေးနဂါးထံသို့ ဝင်ရောက်လာလေပင်။ သိပ်မကြာခင်တွင် သွေးနဂါးပေါ်ရှိ အပြာရောင်ရေခဲမှာ စတင် ပျက်စီးလာ၏။

အလောင်းကောင်ကလန်မှ ဘုရင်ရှစ်ပါးကတော့ သည်အချိန်ဥပဒေ၏ သက်ရောက်မှုကို မခံရပါ။ သူတို့က သွေးနဂါးနှင့် နီးသထက် နီးလာကြသည်။

ဆန့်ကျင်ဘက်အရပ်၌ အရှင်မီးတောက်က ဝတ်စုံနက်နှင့်အဘိုးအိုနောက်ကနေ တလေးတစား လိုက်ပါလာ၏။ ထိုအဘိုးအိုသည် မြန်ဆန်စွာ ရွှေ့လျားခြင်းမပြုသော်လည်း သူ့ခြေလှမ်းတိုင်းက သူ့အောက်ရှိ လေဟာနယ်မှာ ကျုံ့လာစေသည်ဟု ထင်ရလေ၏။ ဆိုလိုသည်က သူ့အတွက် အဆုံးမဲ့အကွာအဝေးတစ်ခုမှာ တစ်လက်မသာ ရှည်လျားသည် ဟူ၏။

ဤအရာကား လောကနှင်တစ်သားတည်း ပေါင်းစပ်သည့် ဟင်းလင်းပြင်ကွေးညွတ်ခြင်း မဟုတ်။ ထိုအစား လေဟာနယ်ကို ချုံ့ပစ်ခြင်းတည်း။ သူသည် လောကနှင့်တစ်သားတည်း ပေါင်းစပ်ရန် မလို၊အကြောင်းကား သူသည် လောကဖြစ်၏။ သည်နယ်မြေတစ်ခုလုံးမှာ သူ့အတွက် တစ်လက်မစာလောက်သာ ရှိလေသည်။

သူသည် တစ်လှမ်းခြင်း ခပ်မှန်မှန် လျှောက်နေ၏။ အရှင်မီးတောက်၏ မျက်လုံးထဲရှိ လေးစားသမှုက ပိုအားကောင်းလာသည်။ သူသည်လည်း ထိုအဘိုးအိုနောက်ကနေ လိုက်နေသည် မဟုတ်လား။ ထို့ကြောင့် သူသည် ဤဆန်းကြယ်လှသောမန္တာန်သက်ရောက်မှုအတွင်း ရှိနေပေသည်။

ဥပဒေသ၏စွမ်းအား ဤလေဟာနယ်နေရာကို ခြုံလွှမ်းလာချိန်၌ ဝမ်လင်းသည်လည်း ၎င်းကို ခံစားမိ၏။ သို့ရာတွင် သူ့ခန္ဓာကိုယ်မှာ ကျောက်များဖြင့် ဖန်တီးထားသည့် ကိုယ်ပွားသာ။ ကျောက်များ၏ သက်ဝမ်းကိုယ်က တွက်ချက်ရန် မဖြစ်နိုင်သည် မဟုတ်လော။

သည်အချိန်ဥပဒေသစွမ်းအားက သူ့ဘေးပတ်လည်တွင် ရှိတော့ရှိနေ၏။ သို့သော် ကျောက်တုံးကိုယ်ပွား ဖြစ်သူ သူ့အတွက်ကတော့ ဘာမှ မသက်ရောက်တော့ပေ။

သူသည် တည်ငြိမ်စွာ ရှေ့သို့ ဆက်ပျံသန်းနေရင်း ဘေးပတ်လည်ရှိ ကျင့်ကြံသူများ အချိန်ဥပဒေသအောက်တွင် ပျောက်ကွယ်ကုန်ကြသည်ကို တွေ့မြင်နေရသည်။

“ငါတို့ဟာ ငါတို့ရဲ့ ကျင့်ကြံသူဆိုတဲ့ပုံရိပ်၊မန္တာန်တွေသာ မရှိရင်…ငါတို့ဟာ…သေမျိုးတွေပါပဲ…”

ဝမ်လင်းသည် သူ့စိတ်နှလုံးထဲကနေ ပူဆွေးအောက်မေ့မှုကို ခံစားရ၏။ သို့သော် သူက အရှိန်လျော့ချခြင်းတော့ မရှိပေ။

“ငါ့မူလခန္ဓာကိုယ်နဲ့သာ ဒီကိုလာခဲ့ရင် ငါလည်း သူတို့နဲ့ ဘဝတူတွေ ဖြစ်လာပြီး ဒီလေဟာနယ်ရဲ့ အစိတ်အပိုင်း ဖြစ်သွားလိမ့်မယ်။ မထင်မှတ်စွာနဲ့ နှစ်ပေါင်း ရာချီ၊ထောင်ချီ၊သောင်းချီ ကျင့်ကြံခဲ့တဲ့သူတွေဟာ ခုလိုချိန်ကြတော့ ကျောက်တုံးတစ်တုံးနဲ့တောင် မယှဉ်နိုင်ပါ့လား…”

ဝမ်လင်းသည် ခေါင်းယမ်းမိ၏။ သူ့ရှေ့ရှိ အရာရာကို တွေ့နေရရင်း ဝမ်လင်းသည် တာအို ဆိုသည့် စကားတစ်ခွန်းအတွက် နားလည်မှုအသစ်တစ်ခု ရုတ်တရက် ရရှိလိုက်သည်။

သွေးနဂါးကတော့ အချိန်ဥပဒေစွမ်းအားကြောင့် သေဆုံးခဲ့ရသော ကျင့်ကြံသူများစွာ၏ အော်ရာကို စုပ်ယူခဲ့ပြီး ဖြစ်ရာ ၎င်း၏ခန္ဓာကိုယ်ပေါ်မှာ အပြာရောင်ရေခဲသည် နောက်ဆုံးတွင် ပျက်စီးသွားခဲ့လေပြီ။

၎င်း၏ ကြီးမားသည့်ခန္ဓာကိုယ်မှာ မြောက်ကြွလာကာ လေဟာနယ်အတွင်း ဟိန်းသံ ပြုသည်။ ထိုဟိန်းသံ ထွက်ပေါ်လာခိုက် ပေတစ်သောင်းလောက် ကျယ်သော ဝဲကတော့သည် ပေါ်လာ၏။ တုန်ဟိန်းသံများ မြည်ဟည်းလေသည်။

လေဟာနယ်အတွင်းကနေ အသံတစ်ခု ထွက်ပေါ်လာကာ ဖြည်းဖြည်းခြင်း ပြန့်လွင့်သည်။

“ဝူ…ငါလာမှာကို စောင့်နေ…” ထိုအသံ ထွက်ပေါ်လာခိုက် အကွာအဝေးတစ်ခုရှိ အဘိုးအိုသည် ရပ်တန့်၏။ သူ့အကြည့်သည် အလေးအနက် ဖြစ်လာသည်။ အရှင်မီးတောက်သည် တိတ်ဆိတ်နေသည်။ သူ သည်အသံကို ကြားရသည်မှာ နှစ်ကြိမ် ရှိလေပြီ။ ဤအသံမှာ မောက်မာသည်ထက် ပိုလေ၏။

ထိုမောက်မာမှုမှာ ဥပဒေကိုပါ အထင်သေး၍ ကောင်းကင်နှင့်မြေကြီးကိုပါ မျက်လုံးထဲထည့်မထားမှုမျိုး ဖြစ်သည်။ သို့ရာတွင် အရှင်မီးတောက်ကတော့ သည်စကားများကို မောက်မာသည်ဟု မထင်၊ ဟင်္သာပြဒါးဂြိုဟ်အပြင်ဘက်တွင် ပေါ်လာခဲ့ပြီးသော လှံစွမ်းအားက ထိုသူသည် ဤမျှ မောက်မာခွင့် ရှိသည့်သူဆိုတာ သက်သေပြခဲ့ပြီး မဟုတ်လား။

အလောင်းကောင်ကလန်မှ ဘုရင်ရှစ်ပါးသည်လည်း ရပ်တန့်ကာ အကွာအဝေးတစ်ခုရှိ ဝဲကတော့တစ်ခုကို ကြည့်နေကြလျက် စဉ်းစားနေကြသည်။ သို့ရာတွင် သူတို့၏မျက်လုံးထဲ၌ လောဘရောင်တို့ တောက်လာတော့သည်။

ဝမ်လင်းသည်လည်း ထိုအသံကို ကြား၏။ သူလည်း ရပ်တန့်ကာ အပေါ်သို့ မော့ကြည့်သည်။ သူ့မျက်လုံးထဲ၌ ဖိဆန်မည့်၊အညံ့မခံမည့် အကြည့်တို့ လှစ်ပေါ်သည်။ မည်မျှသန်မာသည့်ရန်သူ ဖြစ်ပါစေ၊ ခက်ခဲလွန်းလှသည့်လမ်းဖြစ်ပါစေ ထာဆန်သည် သူ့ကို သတ်လိုမှတော့ သူလည်း အလျော့ပေးလိမ့်မည် မဟုတ်၊ဖိဆန်မည်သာ ဖြစ်သည်။

“ငါ့ကို သတ်ချင်တဲ့လူအများကြီးရှိခဲ့တယ်၊ ဒါပေမယ့် အခုထိ ငါ အသက်ရှင်နေတုန်းပဲ…”

ဝမ်လင်းသည် နှာခေါင်းရှုံ့၏။ သူသည် ရှေ့သို့ ဆက်ပျံသန်းလာသည်။

ထိုအရာကား သူ့အတွက် အမှန်တရား ဖြစ်၏။

ဤလေဟာနယ်နေရာတွင် အချိန်ဥပဒေသကြောင့် အသက်ရှင်သန်နိုင်ခဲ့သည့် နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူ အချို့ ရှိနေသေး၏။ အနည်းငယ် စဉ်းစားပြီးနောက် သူတို့အားလုံးမှာ ဝဲကတော့ထဲကနေ ထွက်ပေါ်လာသည့်အသံ ရှိရာသို့ တိုးလာကြသည်။

လေဟာနယ်ပြင်ပရှိ ကျန်သည့်ကျင့်ကြံသူများကတော့ အချိန်ဥပဒေသကနေ လွတ်ကာ ကံကောင်း၍ ရှင်သန်နိုင်ခဲ့ကြသည်။

သည်လေဟာနယ်နေ၏ အပြင်ဘက်တွင် နောက်ထပ် တည်နေရာတစ်ခု ရှိသေး၏။ ယင်းနေရာမှာ ရှေးဟောင်းနတ်ဘုရား မပိုင်ဆိုင်ပေ။ အကြောင်းကား ၎င်းတည်နေရာကိုယ်တိုင် ရှေးဟောင်းနတ်ဘုရား ဖြစ်နေခြင်းကြောင့်တည်း။

ဤအရာမှာ ဝိဝါဒ ဖြစ်စရာ ကောင်း၏။ သို့သော် အမှန်ပင်။ ဟင်္သာပြဒါးဂြိုဟ်မှာ ရှေးဟောင်းနတ်ဘုရားကုန်းမြေသို့ ဝင်ပေါက်တစ်ခုသာ ဖြစ်သည်။ ဤတည်နေရာကတော့ သည်ဟင်းလင်းပြင် မပိုင်ဆိုင်သည့် ဟင်းလင်းပြင်အက်ကြောင်းတစ်ခုလည်း ဖြစ်သည်။ ထိုအက်ကြောင်းသည် ကြီးမားလွန်းရာ ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ဧရာမခန္ဓာကိုယ်ကြီးပင် ဝင်ဆန့်လေသည်။

လေဟာနယ်နေရာ ဖြစ်စေ၊ စမ်းသပ်ကွင်းများ ဖြစ်စေ အားလုံးသည် ရှေးဟောင်းနတ်ဘုရား၏ခန္ဓာကိုယ်အတွင်း၌ ရှိသည်။ အခုချိန်၌ ဝမ်လင်း၊ အလောင်းကောင်ကလန်မှ ဘုရင်ရှစ်ပါး သို့မဟုတ် ဝတ်စုံနက်နှင့်အဘိုးအိုတို့သည်ပင် ရှေးဟောင်းနတ်ဘုရား၏ ခန္ဓာကိုယ်၏ ရင်ဘက်နေရာတွင် ရှိနေကြခြင်းတည်း။

ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ် တည်ရှိသည့် ဤဟင်းလင်းပြင်အက်ကြောင်းကြီးမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့၍ ရှေးဟောင်းနတ်ဘုရား ကြယ်ရှစ်လုံး၏ လေးလုံးမြောက်ကို သေချာအနီးကပ်ကြည့်မိပါက သင်သည် ထိုနေရာ၌ လူတစ်ယောက် ထိုင်နေသည်ကို တွေ့မြင်ရပေမည်။

ထိုသူသည် ပညာတတ်တစ်ယောက်အသွင် သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်၏။ သို့သော် သူ့ထံ၌ အဆုံးမဲ့မောက်မာမှုတို့ ရှိနေသည်။ သူသည် ဤလေးခုမြောက်ကြယ်တွင် မလှုပ်မယှက် အချိန်အတန်ကြာ ထိုင်နေခဲ့သည့်အလား။

သူ့နာမည်ကား အရှင်ဝူဂျီ ဖြစ်လေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset