ထို တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်ကြီး စတင်သွားချိန်တွင် ပြည်ထောင်စုပျိုးပင်များသာ အံ့ဩတုန်လှုပ်သွားကြရုံသာမက ကျယ်ပြန့်တာအိုနန်းတော်မှ ဖုန့်ချိုးရန်ပင်လျှင် ၎င်းအား အကဲခတ်နေ၏။ ပြည်ထောင်စုပျိုးပင်တစ်ယောက် ကျင့်ကြံခြင်းပညာရပ်တစ်ခု ပြန်လည်ပေးပို့သည့် ဖြစ်စဉ်မှာ ယခုသည် ပထမဆုံးအကြိမ် ဖြစ်နေသောကြောင့် သူမသည် အလွန်အင်မတန်မှ စိုးရိမ်နေခဲ့၏။
သို့သော် လက်ရှိတွင် အစိုးရိမ်ဆုံး ဖြစ်နေသည့် ပုဂ္ဂိုလ်မှာ… သွမ့်မုချွယ်ပင်ဖြစ်သည်။
လွန်ခဲ့သည့် လအနည်းငယ် ပြည်ထောင်စုပျိုးပင်များ တည်နေရာပြောင်းရွှေ့သွားခဲ့စဉ်ကတည်းက ဗုဒ္ဓဟူးဂြိုဟ်ပေါ်တွင် အစောင့်အပြည့် ရှိနေခဲ့၏။ လီရှင်းဝမ်ကိုယ်တိုင်ပင်လျှင် ထိုဂြိုဟ်ပေါ်တွင် အစောင့်တာဝန် ထန်းဆောင်နေ၏။
ယခုတွင် လီယီမှာ ကျယ်ပြန့်တာအိုနန်းတော်ထဲမှ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးအား ဖွင့်လိုက်သဖြင့် ဗုဒ္ဓဟူးဂြိုဟ်ပေါ်ရှိ မန္တန်အစီအရင်ကြီးမှာ ချက်ချင်းဆိုသလိုပင် လင်းလက်တောက်ပလာ၏။ ပြည်ထောင်စုကြီးနှင့် ကျယ်ပြန်တာအိုနန်းတော်၏ ကြားတွင် တိုက်ရိုက်ဆက်သွယ်မှု လုံးဝမရှိသောကြောင့် လီရှင်းဝမ်မှာ ထိုအခြင်းအရာအား ရိပ်မိသွားသောအခါ အလွန်အင်မတန်မှ တည်ကြည်သွားပြီး သူ၏ ပတ်ပတ်လည်မှ ကျင့်ကြံသူများမှာလည်း ထိုမန္တန်အစီအရင်ကြီးအပေါ် အာရုံစိုက်ထားလိုက်ကြ၏။
နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးဖြစ်စေ၊ ဝိညာဉ်ဆန့်ကျင်ဗုံးများဖြစ်စေ၊ အရာအားလုံးမှာ အဆင်သင့် အနေအထားတွင် ရှိနေကြသည်။ သွမ့်မုချွယ်မှာလည်း ထိုကိစ္စအား အမြန်ဆုံး ကြားသိလိုက်ရ၏။ သူသည် ကမ္ဘာပေါ်တွင် ရှိနေသည့်တိုင်အောင် ဓမ္မအဆောင်အချို့ကို အသုံးပြုကာ သူနှင့်ပုံစံတူ ပုံရိပ်ယောင်တစ်ခု ဖန်တီးလိုက်ပြီး ၎င်းအား ဗုဒ္ဓဟူးဂြိုဟ်ပေါ်၌ ပေါ်ပေါက်လာအောင် လုပ်လိုက်၏။
ပြည်ထောင်စုကြီး တစ်ခုလုံး ထိုကဲ့သို့ စိတ်ဖိစီးမှုများ ခံစားနေရစဉ် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးမှာ အဆုံးထိ ပွင့်လာတော့သည်။ ၎င်းဆီမှ ထွက်ပေါ်လာသည့် အလင်းရောင်များမှာ ပတ်ပတ်လည် ပေတစ်ထောင်ကျော်အထိ ဖုံးလွှမ်းသွားပြီး အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာ၏။ သို့သော် ယခုအကြိမ်တွင်မူ ၎င်း၏ အရွယ်အစားမှာ ပြည်ထောင်စုပျိုးပင်များအား တည်နေရာပြောင်းရွှေ့ခဲ့စဉ်တုန်းကထက် အများကြီးပို၍ သေးငယ်နေသည်။
ထို့ကြောင့် လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့ နှစ်ယောက်စလုံးမှာ မျက်လုံးများ မှေးသွားကြသည်။ သူတို့မှာ ထိုလုပ်ငန်းစဉ်ကြီးအား ဆက်လက်လည်ပတ်ခွင့်မပေးဘဲ အခြေအနေတစ်ခုလုံးအား အရင်ဆုံး အကဲခတ်ရန် ဆုံးဖြတ်လိုက်ကြသည်။
တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးမှာ နှစ်ဖက်စလုံးသို့ လူများနှင့် အရာဝတ္ထုပစ္စည်းများ ပေးပို့ပေးနိုင်ပါသော်လည်း နှစ်ဖက်စလုံးက သဘောတူရန် လိုအပ်ပေသည်။ ဥပမာပြရလျှင် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ် ဖြစ်မြောက်နိုင်ရန် ဗုဒ္ဓဟူးဂြိုဟ်ဘက်မှ အရင်ဆုံး အသိအမှတ်ပြုကာ သဘောတူရန် လိုအပ်သည်။ ထိုကဲ့သို့ သဘောတူညီမှု မရယူဘဲ ဆောင်ရွက်နိုင်သည့် တည်နေရာပြောင်းရွှေ့နိုင်သည့် နည်းလမ်းများ ရှိနေနိုင်ပါသော်လည်း ပေးဆပ်ရမည့်တန်ဖိုးမှာ အလွန်အင်မတန်မှ ကြီးမားနေမည်ဖြစ်သည်။
” ကြည့်ရတာ လူတစ်ယောက် ရောက်လာတာမဟုတ်ဘဲ ကျောက်စိမ်းပေလွှာတစ်ခု ရောက်လာတာပဲဖြစ်ရမယ် ” ခဏအကြာတွင် လီရှင်းဝမ်မှာ မျက်လုံးများ အရောင်လက်သွား၏။ သူသည် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးထဲမှ ထွက်ပေါ်လာသော အလင်းရောင်များကို ထိုးဖောက်မြင်နိုင်စွမ်းရှိနေပြီး ပုံရိပ်ယောင်အခြေအနေတွင်သာ ရှိနေသေးသည့် ဗုဒ္ဓဟူးဂြိုဟ်ပေါ်မှ ပြန်ပို့လိုက်သော အရာဝတ္ထုပစ္စည်းအား ခပ်ရေးရေးခန့် မြင်နေရသည့်ပုံပင်။
အခြေအနေကြီးတစ်ခုလုံးကို အကဲခတ်သုံးသပ်ပြီးသွားသောအခါမှ သွမ့်မုချွယ်မှာ လီရှင်းဝမ်နှင့် ခဏတာ ဆွေးနွေးလိုက်ပြီး သူတို့နှစ်ယောက်စလုံးမှာ ခွင့်ပြုချက် ပေးလိုက်ကြတော့သည်။ ထိုအခါ ထိုအလင်းရောင်ကြီးမှာ ပို၍ပင် တောက်ပလာပြီး ၎င်းထဲရှိ ပုံရိပ်ယောင် ကျောက်စိမ်းပေလွှာလေးမှာလည်း ပို၍ပင် သိသာထင်ရှားလာ၏။ မျက်စိတစ်မှိတ်အတွင်းတွင် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးထဲမှ အလင်းရောင်များ လွင့်ပါးပျောက်ကွယ်သွားတော့သည်။ ထိုအခါ ထိုတည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီး၏ အလယ်တွင် ရစ်ဝဲနေသော ကျောက်စိမ်းပေလွှာလေးမှာ လူတိုင်း၏အာရုံကို ဖမ်းစားလိုက်၏။
လီရှင်းဝမ်မှာ သူ၏ ညာဘက်လက်ကိုမြှောက်ကာ လှမ်း၍ ဖမ်းဆုပ်လိုက်၏။ ထိုအခါ ထိုကျောက်စိမ်းပေလွှာလေးမှာ သူ့၏လက်ထဲသို့ အလျင်အမြန် ရောက်ရှိလာတော့သည်။ လီရှင်းဝမ်မှာ ၎င်းအား သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းနှင့် စစ်ဆေးကြည့်လိုက်ပြီးနောက် ဝမ်းသာအားရ ရယ်မောလိုက်၏။
” ဒါ ကျင့်ကြံခြင်းပညာရပ်တစ်ခုပဲ။ တာအိုကျောင်းလေးကျောင်းက ကျောင်းသူတစ်ယောက်ဖြစ်တဲ့ လီယီက ပြန်ပို့လိုက်တာ ”
လီရှင်းဝမ်မှာ စိတ်လှုပ်တရှားဖြစ်နေသလို ဇဝေဇဝါလည်း ဖြစ်နေရ၏။ သူသည် ကျင့်ကြံခြင်းပညာရပ်တစ်ခုအား အရင်ဆုံး ပြန်ပို့ပေးနိုင်မည့် ပုဂ္ဂိုလ်မှာ ဝမ်ပေါင်လဲ့ ဖြစ်နေလိမ့်မည်ဟု ခန့်မှန်းထားခဲ့သည် မဟုတ်ပါလော။
လီရှင်းဝမ်တစ်ယောက် ရှည်ရှည်ဝေးဝေး မတွေးတောနိုင်ခင်မှာပင် သူ၏ ဘေးတွင်ရပ်နေသော သွမ့်မုချွယ်မှာ ထိုကျောက်စိမ်းပေလွှာအား စိတ်လှုပ်တရှားနှင့် လှမ်းယူလိုက်၏။ သူသည် ပုံရိပ်ယောင်တစ်ခု အဖြစ်သာ ရှိနေသည့်အတိုင်းအောင် သူ၏ ကျင့်ကြံခြင်းအဆင့်ကြောင့် ထိုကျောက်စိမ်းပေလွှာအား ဖတ်ရှုနိုင်စွမ်း ရှိနေဆဲပင်။ သွမ့်မုချွယ်မှာ ထိုကျောက်စိမ်းပေလွှာပေါ်တွင် ရေးထားသည့် ‘ ကျယ်ပြန့်စွမ်းရည် ‘ ဆိုသော စကားလုံးများကို မြင်လိုက်ရသောအခါ ခေါင်းမော့ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်တော့သည်။ သူသည် စိတ်ဓာတ်များ တက်ကြွနေပြီဖြစ်၏။
” တော်တယ်ကွာ လီယီ ” ကမ္ဘာပေါ်တွင် ရှိနေသော သူ၏ ခန္ဓာကိုယ်အစစ်မှာလည်း တခါးပိတ်ကျင့်စဉ်ထဲမှ စိတ်လှုပ်တရှားနှင့် ထွက်လာတော့သည်။ ထို့နောက် သူသည် ထိုကိစ္စအား ပြည်ထောင်စုကြီး တစ်ခုလုံး သိသွားအောင် ကြေညာရန် ချက်ချင်း အမိန့်ပေးလိုက်၏။ ထို့အပြင် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် နောက်ထပ် အမိန့်တစ်ခုကိုလည်း ထုတ်ပြန်လိုက်သေးသည်။
” ငါတို့တွေ အဆင်သင့်ပြင်ထားတဲ့ ပြည်ထောင်စုပျိုးပင် စွမ်းဆောင်မှု အဆင့်သတ်မှတ်ချက်စာရင်းကို ထုတ်ပြန်လို့ရပြီ။ ပြည်ထောင်စုကြီးထဲက လူတိုင်းကို ပြည်ထောင်စုပျိုးပင်တွေရဲ့ စွမ်းဆောင်မှုတွေအကြောင်း အသိပေးမှဖြစ်မယ် ”
သွမ့်မုချွယ် အမိန့်ပေးလိုက်သည်နှင့် ပြည်ထောင်စုကြီး၏ အုပ်ချုပ်ရေးယန္တရားတစ်ခုလုံးမှာ စတင်လည်ပတ်သွားတော့သည်။ ထို့နောက် ပြည်ထောင်စုကြီး တစ်ခုလုံးထဲရှိ သတင်းများနှင့် ကြော်ငြာကဏ္ဍများထဲတွင် အဆင့်သတ်မှတ်ချက် စာရင်းကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ပြည်ထောင်စုကြီး တစ်ခုလုံးထဲရှိ လူဦးရေစုစုပေါင်း၏ ကိုးဆယ်ရာခိုင်နှုန်းခန့်မှာ ထိုစာရင်းကြီးအား မြင်တွေ့သွားကြတော့သည်။
၎င်းမှာ နာမည််တစ်ရာတိတိပါသော အဆင့်သတ်မှတ်ချက် စာရင်းကြီးတစ်ခုဖြစ်၏။ ထိုနာမည်များမှာ မျိုးရိုးအမည်အလိုက် အစဉ်လိုက် ရှိနေ၏။ ထိုနာမည် တစ်ခုချင်းစီတိုင်း၏ နောက်တွင် သုညဆိုသည့် ဂဏန်းတစ်လုံး ရှိနေသည်။
သို့သော် ထိုအဆင့်သတ်မှတ်ချက်စာရင်းကြီး ပေါ်ပေါက်လာပြီး လူပေါင်းမြောက်မြားစွာ၏ အာရုံအား ဖမ်းစားသွားချိန်တွင် ထိုစာရင်းပေါ်ရှိ နာမည်များမှာ မှုန်ဝါးဝါး ဖြစ်သွား၏။ ထို့နောက် ထိပ်ဆုံးတွင် ရွှေရောင်စာလုံးများဖြင့် ရေးထားသော နာမည်တစ်ခု ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာတော့သည်။
၎င်းမှာ လီယီ၏ နာမည်ဖြစ်ပြီး ၎င်း၏နောက်တွင် ရှိနေသောဂဏန်းမှာ သုညမှ တစ်သို့ ပြောင်းသွား၏။
ပြည်ထောင်စုကြီးတစ်ခုလုံးမှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေကြပြီဖြစ်သည်။ သွမ့်မုချွယ်မှာလည်း အဆင့်သတ်မှတ်ချက်စာရင်းအား ထုတ်ပြန်လိုက်ရသဖြင့် အလွန်အင်မတန်မှ ကျေနပ်အားရနေ၏။ သူ၏အမြင်တွင် ထိုအဆင့်သတ်မှတ်ချက်စာရင်းမှာ မျှတမှုရှိခြင်းကို ကိုယ်စားပြုရုံသာမက ပြည်ထောင်စုပျိုးပင်တိုင်း၏ စွမ်းဆောင်မှုများကိုပါ ဖော်ပြနေသည်မဟုတ်ပါလော။ တစ်ချိန်ထဲမှာပင် ၎င်းမှာ ပြည်ထောင်စုပျိုးပင်တစ်ရာအတွက် အောင်မြင်မှုဆီသို့ လျှောက်လှမ်းနိုင်ရန် လမ်းခင်းပေးထားသကဲ့သို့ ဖြစ်နေ၏။
ပြည်ထောင်စုကြီးတစ်ခုလုံး အံ့အားသင့်နေကြစဉ် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်တွင် ရှိနေသော ဝမ်ပေါင်လဲ့မှာလည်း အုပ်စုဖွဲ့စကားဝိုင်းထဲရှိ လီယီပေးပို့ထားသော စာများအား ဖတ်ရှုရင်း မျက်လုံးများပြူးသွားရ၏။ သူသည် ပြည်ထောင်စုကြီးထဲမှ အခြေအနေများကို အတိအကျ မသိနိုင်ပါသော်လည်း ယခုတွင် ပြည်ထောင်စုကြီးမှာ လီယီ၏ နာမည်အား ဂုဏ်ယူဝံ့ကြွားစွာ ကြေညာနေလောက်ပြီဖြစ်ကြောင်း ခန့်မှန်းမိလိုက်၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မရွှင်မပျ ဖြစ်သွားရသည်။ အကယ်၍ ထိုကဲ့သို့ ပေးပို့လိုက်သည့်သူမှာ အခြားတစ်ယောက်ယောက်သာဆိုပါက သူသည် ယခုလို ခံစားနေရမည်မဟုတ်ပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ လီယီအား ဦးနှောက်မရှိသူ တစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် လီယီမှာ တိုက်ပွဲရမှတ် အမှတ်နှစ်ထောင်အား မည်သို့မည်ဖုံ စုဆောင်းမိသွားနိုင်ခဲ့သည်ကို မသိနိုင်ဘဲ ဖြစ်နေရ၏။
” သူက ငါ့ရဲ့ ဂုဏ်သတင်းကျော်စောမှုတွေကို တမင်တကာ လိုက်ပြီးတော့ ဖျက်ဆီးနေတာလား ” ဝမ်ပေါင်လဲ့မှာ နှာမှုတ်လိုက်၏။ သူသည် မရွှင်မပျ ဖြစ်နေသည့်တိုင်အောင် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်ကြီးအား သိပ်၍ အလေးထားခြင်းမရှိပေ။ သူသည် ကိုယ်ပိုင်အစီအစဉ်များ ရှိနေသဖြင့် နောက်ဆုံးရလဒ်ကိုသာ အာရုံစိုက်နေခဲ့၏။
” ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက ကိုယ်ကျင့်တရားကောင်းတဲ့ လူတစ်ယောက်ပါ။ သူ့အကြောင်း ခေါင်းရှုပ်ခံပြီး တွေးနေစရာမလိုဘူး ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ အသက်ပြင်းပြင်းရှူလိုက်ပြီး ဒေသတွင်းသုံး ဝိညာဉ်ကွန်ရက် ကျောက်စိမ်းပေလွှာအား အောက်သို့ပြန်ချရန် ပြင်လိုက်၏။ သို့သော် ထိုအချိန်တွင် လီယီ၏ မောက်မာဝင့်ကြွားသော ရွဲ့စောင်းစောင်း စကားသံကြီးမှာ အုပ်စုဖွဲ့စကားဝိုင်းထဲ၌ ပေါ်ပေါက်လာတော့သည်။
” တာအိုရောင်းရင်းတို့။ ကျယ်ပြန်တာအိုနန်းတော်က ငါတို့ဘဝရဲ့ နိဒါန်းအသစ်ပဲ။ ဒီမှာရှိနေတဲ့ နင်တို့တွေအားလုံး အရင်ကထက် ပိုတိုးတက်လာပြီတော့ အောင်မြင်မှုအသစ်တွေ ဆွတ်ခူးနိုင်လိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ဂုဏ်မောက်နေတဲ့ ကောင်တွေတော့ မပါဘူးပေါ့။ ကျင့်ကြံခြင်းအဆင့် ဘယ်လောက်ပဲ မြင့်နေမြင့်နေ အခုက ပြည်ထောင်စုကြီး မဟုတ်ဘဲ ကျယ်ပြန်တာအိုနန်းတော်ထဲမှာ ရောက်နေတာလေ။ စည်းမျဉ်းစည်းကမ်းတွေ မတူတော့တာမလို့ ပြည်ထောင်စုကြီးရဲ့ အကူအညီမရရင် တချို့လူတွေက အာပလာအဆင့်မှာပဲ ရှိတာပါ ”
လီယီ ထိုသို့ဆိုလိုက်သည်နှင့် ထိုအုပ်စုဖွဲ့စကားဝိုင်းထဲရှိ လူတိုင်းမှာ ငြိမ်ကျသွားကြ၏။ လီယီမှ တစ်လတိတိ နှုတ်ဆိတ်နေခဲ့ပြီးနောက် ဝမ်ပေါင်လဲ့အား ပေါ်ပေါ်တင်တင် စော်ကားလိုက်ခြင်းဖြစ်ကြောင်း သူတို့အားလုံးက သိလိုက်ကြသည်။
ဝမ်ပေါင်လဲ့မှာ သူ၏ ကျောက်စိမ်းပေလွှာအား ပြန်လည်သိမ်းဆည်းရန် ပြင်နေပြီဖြစ်ပါသော်လည်း လီယီ၏ မောက်မာဝင့်ကြွားသောစကားသံကို ကြားလိုက်ရသောအခါ မျက်ခုံးများ ပင့်မိသွားပြီး ဒေါသထောင်းခနဲ ထွက်သွား၏။ ထို့နောက် သူသည် ထို ကျောက်စိမ်းပေလွှာအား စိန်းစိန်းဝါးဝါး စိုက်ကြည့်နေလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် လေပေါ်သို့ ခုန်တက်သွားပြီး မီးစိမ်းကျွန်းပေါ်မှနေ၍ ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားလိုက်တော့သည်။
သူသည် ကျယ်ပြန့်ပညာရပ်အဆောင်ဆီသို့ အရင်ဆုံးသွားလိုက်ပြီး တိုက်ပွဲရမှတ် အမှတ်တစ်ထောင် တန်သော ကျင့်ကြံခြင်းပညာရပ်သုံးခုအား လဲလှယ်လိုက်၏။ ထို့နောက် သူသည် ကျယ်ပြန့်တာအိုနန်းတော်ထဲရှိ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးဆီသို့ ပြေးသွားလိုက်တော့သည်။ ထိုလုပ်ငန်းစဉ်ကြီးတစ်ခုလုံးမှာ သိပ်၍ မကြာသောကြောင့် ခဏအကြာတွင် ကျယ်ပြန့်တာအိုနန်းတော်ထဲမှ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးမှာ နောက်ထပ်တစ်ကြိမ် ပြန်ပွင့်လာတော့သည်။
ဒုတိယအခေါက်နှင့် ပထမအခေါက်၏ ကြားတွင် အချိန်သိပ်မခြားသောကြောင့် ကျယ်ပြန့်တာအိုနန်းတော်ထဲမှ လူများမှာ ချက်ချင်းဆိုသလိုပင် စိတ်ဝင်တစား ဖြစ်သွားကြတော့သည်။ ထို တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးအား တာဝန်ယူထားသည့် ကျင့်ကြံသူကြီးမှာဆိုလျှင် ဝမ်ပေါင်လဲ့တစ်ယောက် ကျောက်စိမ်းပေလွှာသုံးခု ထုတ်ယူကာ တိုက်ပွဲရမှတ် သုံးထောင်တိတိ ပေး၍ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးအား ဖွင့်လိုက်သည်ကို မြင်လိုက်ရသဖြင့် ဆွံ့အမှင်တက်သွား၏။
တိုက်ပွဲရမှတ် သုံးထောင်ဆိုသော ပမာဏမှာ ကျယ်ပြန့်တာအိုနန်းတော်ထဲတွင် ကြီးမားသော ပမာဏတစ်ခု ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုကြီးပင်လျှင် မဆိုထားနှင့် ဖုန့်ချိုးရန်ပင် ထိုအကြောင်းကို ကြားသိလိုက်ရပြီးနောက် အံ့အားသင့်သွားရ၏။
ဗုဒ္ဓဟူးဂြိုဟ်ပေါ်ရှိ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးထဲမှ အလင်းရောင်များမှာ မကြာသေးမီကမှ လွင့်ပါးပျောက်ကွယ်သွားခဲ့ပါသော်လည်း ယခုတွင် တစ်ဖန်ပြန်၍ ပေါ်ထွက်လာ၏။ ယခုအကြိမ်တွင်မူ ၎င်းမှာ ယခင်အကြိမ်တုန်းကထက်ပင် အများကြီးပို၍ တောက်ပနေသည်။ လီရှင်းဝမ်မှာလည်း စိတ်အေးလက်အေးနှင့် သက်ပြင်းချလိုက်ပြီးနောက် သိပ်မကြာခင်တွင် တစ်ဖန်ပြန်၍ သတိကြီးကြီး ထားလိုက်ရပြန်သည်။ သွမ့်မုချွယ်မှာလည်း ထိုနည်းတူပင်။ သူ၏ ပုံရိပ်ယောင်ကြီးမှာ တစ်စစီလွင့်ပါးပျောက်ကွယ်သွားပြီး ခဏအကြာတွင် ပြန်လည်စုဝေးလာ၏။
သူတို့နှစ်ယောက် ထိုကဲ့သို့ အာရုံအပြည့်စိုက်နေကြစဉ် ပေါက်ကွဲသံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာ၏။ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်ကြောင့် ထွက်ပေါ်လာသည့် အလင်းရောင်ကြီးမှာ လင်းထိန်လွန်းနေသောကြောင့် သွမ့်မုချွယ်မှာ ပင့်သက်ရှိုက်မိသွားတော့သည်။
” ဒီတစ်ခေါက် လူတစ်ယောက် ရောက်လာတာများ ဖြစ်နိုင်မလား ” သူတို့နှစ်ယောက် အံ့ဩတုန်လှုပ်နေကြပြီး အဖွဲ့အစည်းများအားလုံး သတိကြီးကြီး ထားနေကြချိန် လီရှင်းဝမ်မှာ ရုတ်တရက်ဆိုသလို မျက်လုံးများ ပြူးသွား၏။
” လူမဟုတ်ဘူး… ကျောက်စိမ်းပေလွှာတွေပဲ…. သုံးခုတောင် ”
” ကျောက်စိမ်းပေလွှာသုံးခု ဟုတ်လား ” သွမ့်မုချွယ်မှာ အံ့ဩမှင်တက်သွားရပြီး ချက်ချင်းဆိုသလိုပင် စကားလုံးများနှင့် မဖော်ပြနိုင်လောက်အောင် ပျော်ရွှင်ကျေနပ်သွားရတော့သည်။ ထို့ကြောင့် သူတို့ဘက်မှ လက်ခံလိုက်သဖြင့် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်၏ အလင်းရောင်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ ထို့နောက် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးထဲ၌ ကျောက်စိမ်းပေလွှာသုံးခု ပေါ်ပေါက်လာ၏။ သွမ့်မုချွယ်မှာ မစောင့်ဆိုင်းနိုင်တော့သဖြင့် ၎င်းတို့အားလုံးအား လှမ်း၍ ယူလိုက်တော့သည်။ သူသည် ၎င်းတို့အား အစအဆုံး ဖတ်ရှုကြည့်လိုက်ပြီးနောက် လီယီပေးပို့ခဲ့သော ကျင့်ကြံခြင်းပညာရပ်အား ဖတ်ရှုခဲ့စဉ်တုန်းကထက်ပင် ပို၍ စိတ်လှုပ်တရှား ဖြစ်လာတော့သည်။ သူ၏ဘေးတွင် ရှိနေသော လီရှင်းဝမ်မှာလည်း အလောတကြီး ဖတ်ရှုကြည့်လိုက်ပြီးနောက် ပြုံးဖြဲဖြဲ ဖြစ်သွား၏။
” ဒီ ကျင့်ကြံခြင်းပညာရပ် သုံးခုစလုံးကို ဝမ်ပေါင်လဲ့ ပို့ပေးခဲ့တာပဲ။ တော်တော်ကို အစွမ်းအစရှိတဲ့ကောင်လေး ” ကမ္ဘာပေါ်တွင် ရှိနေသည့် သွမ့်မုချွယ်၏ ခန္ဓာကိုယ်အစစ်မှာ စိတ်လှုပ်ရှားသွားပြီး ထိုသတင်းများကို ချက်ချင်းပင် ကြေညာလိုက်၏။ ခဏအကြာတွင် ပြည်ထောင်စုကြီးထဲမှ လူများအားလုံးမှာ ပြည်ထောင်စုပျိုးပင် စွမ်းဆောင်မှု အဆင့်သတ်မှတ်ချက်စာရင်းထဲ၌ အပြောင်းအလဲများ ထပ်ဖြစ်သွားသည်ကို သတိထားမိလိုက်ကြတော့သည်။
အစတွင် လီယီမှာ နံပါတ်တစ်နေရာ၌ ရှိနေခဲ့၏။ သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ၏ နာမည်မှာ ရွှေရောင်များ တောက်ပလာပြီး ထိပ်ဆုံးနေရာ၌ ပေါ်ပေါက်လာ၏။ သူ၏ဘေးတွင် ရှိနေသော ဂဏန်းမှာလည်း သုညမှ သုံးသို့ ခုန်တက်သွားပြီ ဖြစ်သည်။
ထို့ကြောင့် ပြည်ထောင်စုကြီး တစ်ခုလုံးမှာ အံ့ဩတုန်လှုပ်သွားရ၏။ လူပေါင်းမြောက်မြားစွာမှာ စိတ်လှုပ်တရှား ဖြစ်နေကြပြီ ဖြစ်သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်အား အဆုံးသတ်လိုက်၏။ ထို့နောက် သူသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် နောက်သို့ပြန်လှည့်လာပြီး မီးစိမ်းကျွန်းဆီသို့ ပြန်သွားလိုက်တော့သည်။ အပြန်လမ်းတွင် သူသည် မနေနိုင်တော့သဖြင့် အုပ်စုဖွဲ့စကားဝိုင်းထဲသို့ ဝင်ကာ တည်ကြည်မှုအပြည့်ရှိသည့် လေသံဖြင့် ဆိုလိုက်၏။
” တိုက်ဆိုင်လိုက်တာ။ ငါလည်း အခုလေးတင်ပဲ ကျင့်ကြံခြင်းပညာရပ်သုံးခု ပြန်ပို့ပေးလိုက်တာ။ အင်း…. ကျင့်ကြံခြင်းအဆင့်မြင့်တော့လည်း ဒီလိုပါပဲလေ ”
အုပ်စုဖွဲ့ စကားဝိုင်းထဲ၌ ဝမ်ပေါင်လဲ့၏ စကားသံကြီး ထွက်ပေါ်လာသောအခါ ငြိမ်သက်နေသည့် ရေကန်လေးထဲသို့ ကျောက်တုံးကြီးတစ်တုံး ပြုတ်ကျသွားသကဲ့သို့ပင်။ ထို စကားဝိုင်းထဲ၌ ပင့်သက်ရှိုက်သံများနှင့် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် စကားသံများ ချက်ချင်းပင် ထွက်ပေါ်လာတော့သည်။
ဟားဟား