ထာဆန်၏ ရယ်မောသံ ထွက်ပေါ်နေရင်းဖြင့် လောကသည် အရောင်ပြောင်းလဲသည်။ အဆုံးမဲ့သွေးပင်လယ်တို့သည် စတင်၍ လှိုင်းထန်လာကာ ဒေါမာန်တကြီး ဟိန်းမြည်သံတို့ ထုတ်လွှတ်လာသည်။
ထာဆန်၏ ဆံပင်နီမှာ ဝဲလွင့်နေ၏။ သူသည် ကောင်းကင်ကို ကြမ်းကြုတ်စွာ ပြုံး၍ ထပ်မံ စုတ်ဖြဲသည်။ ကောင်းကင်ထက်ရှိ အက်ကြောင်းမှာ ပွင့်ထွက်၍ အစများစွာ ပိုကြီးမားလာသည်။
ကောင်းကင်ကို နှစ်ခြမ်းပိုင်းလိုက်သကဲ့သို့ပင်။
ဤအခိုက်အတန့်၌ သွေးပင်လယ်ထဲရှိ ကျင့်ကြံသူများ ကောင်းကင်ထက်သို့ ထိုးထွက်လာကြသည်။ ထာဆန်၏အမိန့်အောက်တွင် သူတို့သည် အက်ကြောင်းအတွင်းကနေ လေဟာနယ်ထဲသို့ ဝင်ရောက်သည်။
ထာဆန်က သူ့ညာလက်ကို ပြန်ရုတ်၏။ သွေးပင်လယ်သည် မြည်ဟည်းနေချေသည်။ အံ့မခန်းအားတစ်ခု ပေါ်လာသည့်အလား သွေးပင်လယ်သည် လေထဲသို့ မြောက်တက်လာပြီး ကောင်းကင်ထက်ရှိ အက်ကြောင်းထံသို့ တိုးဝင်လာသည်။
သွေးပင်လယ်လှုပ်ရှားနေရင်း ၎င်းသည် ဒုထည်ကြီးမားသည့် သွေးနဂါးအဖြစ်သို့ ပြောင်းလဲ၏။ ၎င်းက ရှေးဟောင်းကျင့်ကြံသူများနှင့်အတူ အက်ကြောင်းထဲသို့ တရကြမ်း တိုးဝင်လာတော့သည်။
ထိုရှေးဟောင်းကျင့်ကြံသူများစွာမှာ လေဟာနယ်ထဲသို့ တိုးဝင်လာချိန်၌ သွေးကန် စတင်သည်။
ထိုသူတို့ အက်ကြောင်းထဲကနေ လှမ်းထွက်လာချိန်၌ ထာစန်မှာ စကားတစ်ခွန်းဆို၏။
“ငါ ရှေးဟောင်းနတ်ဘုရားကုန်းမြေကို သွေးနံ့နဲ့ ဖုံးစေချင်တယ်…”
ထိုရှေးဟောင်းကျင့်ကြံသူ ဘယ်သူကမျှ အားနည်းကြခြင်းမရှိ။ သို့သော် သူတို့၏ ခန္ဓာကိုယ်တွင်း၌ ထာဆန်၏ချိပ်ပိတ်မှုများ ရှိနေကြသည်။ ထို့ကြောင့် သူတို့သည် သူတို့၏စွမ်းအားအပြည့်ကို မထုတ်ဖော်နိုင်ကြချေ။
သို့ရာတွင် နှစ်ပေါင်းထောင်ချီ သက်တမ်း ရှိလာခဲ့သည့်အတွက် ယင်းချိပ်ပိတ်မှုများသည် အားနည်းလာခဲ့ပေပြီ။ ထာဆန်သည် မြန်သထက်မြန်မြန် ပြန်ကောင်းမွန်လာ၏။ ထို့ကြောင့် သူ့ကိုယ်ပေါ်ရှိ ချိပ်ပိတ်မှုများမှာလည်း အားနည်းလာခဲ့ပေပြီ။
လေဟာနယ်နေရာမှာ အနီရောင်အရိပ်များ ပြည့်နေ၏။ သွေးပင်လယ်ထဲမှ ထွက်လာကြသည့် ရှေးဟောင်းကျင့်ကြံသူများသည် နဂါးများအလား ထိုးထွက်လာကြခြင်း ဖြစ်၏။ သူတို့၏မျက်လုံးတို့မှာ ချင်းချင်းနီကာ အကြွင်းမဲ့ တည်ငြိမ်သည်။ သူတို့သည် ထာဆန်၏အမိန့်အရ လေဟာနယ်နေရာတွင် သတ်ဖြတ်ပွဲတစ်ခုကို စတင်ကြပေပြီ။
သူတို့နှင့် တွေ့သည့် ဘယ်နောက်ခံက ကျင့်ကြံသူ ဖြစ်စေ ထိုအနီရောင်ဝတ်စုံဖြင့် ရှေးဟောင်းကျင့်ကြံသူများ၏ သားကောင်များ ဖြစ်ကုန်လေ၏။ သည်ရှေးဟောင်းကျင့်ကြံသူများ သပ်သပ်ဆိုပါက ဤလေဟာနယ်အတွင်း သွေးကြောင်းစီးမှုတစ်ခု စတင်ရန် မဖြစ်နိုင်သေး။ သို့ရာတွင် သွေးပင်လယ်ကနေ ပြောင်းလဲလာသည့် သွေးနဂါးမှာ မြေကမ္ဘာအက်ကွဲစေလောက်သည့် မန္တာန်များ ပိုင်ဆိုင်ထား၏။ ၎င်း၏ တည်ရှိမှုက ဤလေဟာနယ်အတွင်း အတောမသပ်နိုင်သည့် ဖိအားတို့ဖြင့် ပြည့်နေစေသည်။
သွေးနဂါး၏ ခန္ဓာကိုယ်ကြီးမှာ ပေတစ်သိန်းလောက်ထိ ရှည်လျားလှကာ ထည်ဝါလွန်းလှသည်။ သင်သည် တစ်ချက်ကြည့်ရုံဖြင့် တုန်လှုပ်မိပေမည်။ ကျင့်ကြံသူများသည် ဤနဂါးနှင့် ယှဉ်ပါက ပုရွတ်ဆိတ်များကဲ့သို့ ဖြစ်ပေမည်။
သွေးနဂါးသည် ဟိန်းသံ ပြုရင်း လေဟာနယ်နေရာတွင် လှုပ်ရှားသည်။ ၎င်း လှုပ်ရှားတိုင်း သွေးအလင်းမှာ တလက်လက် လင်းလက်၏။ အသံပေါက်ကွဲမှုများ ပဲ့တင်ထပ်သည်။ ၎င်းသည် မည်သည့်မန္တာန်ကိုမှ အသုံးမပြု။ ၎င်း၏ အံ့မခန်းအမြန်နှုန်းနှင့် ရွှေ့လျားရင်း ဤနဂါးရှေ့ရှိ ကျင့်ကြံသူများအားလုံး သေဆုံးရသည်။
မွန်းစတားဆန်သော အနီရောင်အလင်းတစ်ခု အကွာအဝေးတစ်ခုတွင် ပေါ်လာချိန်၌ အလောင်းကောင်ကလန်ကျင့်ကြံသူအုပ်စုတစ်စုမှာ အနီရောင်ဝတ်စုံဖြင့် ရှေးဟောင်းကျင့်ကြံသူတစ်ယောက်ကို ဝိုင်းအုံထားသည်။
ဘယ်သူမှ မတုန့်ပြန်နိုင်ခင်မှာပင် လေပြင်းသည် ကျင့်ကြံသူများကို မတည်မငြိမ် ဖြစ်လာခဲ့ကာ ခြေလှမ်းအနည်းငယ် နောက်တရွတ်ဆွဲသွားသည်။ ဤအခိုက်အတန့်၌ ဧရာမအနီရောင်နဂါးကြီး၏ ဦးခေါင်းသည် မိုးကုပ်စက်ဝန်းအစွန်းတွင် ပေါ်လာသည်။ မည်သူကမျှ ၎င်း၏မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရ။ အကြောင်းမှာ ၎င်းနဂါးကြီး၏ အမြန်နှုန်းကြောင့် ဖြစ်လေ၏။
ဤကျင့်ကြံသူများ၏ မျက်လုံးသူငယ်အိမ်တို့ ကျဉ်းမြောင်းကုန်၏။ ဧရာမနဂါးခေါင်းကြီး ရောက်လာခဲ့ပြီ။ ရှေ့ရှိ ကျင့်ကြံသူများ ရှောင်ချိန်ပင် မရလိုက်။ နဂါးဦးခေါင်းသည် ၎င်းတို့ကို ချေမွသွားသည်။
၎င်းတို့က ကျင့်ကြံခြင်းဂြိုဟ်တစ်ခု ဝင်ဆောင့်သွားသကဲ့သို့ ခံစားလိုက်ရ၏။ ထိုသူတို့၏ခန္ဓာကိုယ်များ ဘန်းခနဲ အသွေးအသားပုံအဖြစ်သို့ ပေါက်ကွဲထွက်သည်။ ထို့နောက် သူတို့သည် သွေးမြူအဖြစ်သို့ ထပ်မံ ပေါက်ကွဲသွားရတော့သည်။
သူတို့၏မူလစိတ်ဝိညာဉ်များသည်ပင် လွတ်မြောက်မသွားပေ။ ဆန်းကြယ်သောအားတစ်ခုဖြင့် သွေးနဂါး၏ စုပ်ယူခြင်းကို ခံလိုက်ရပေသည်။
ကျန်ကျင့်ကြံသူများမှာ ရှောင်ရန် ပြင်၏။ သို့သော် သွေးအလင်းသည် သူတို့အမြင်ကို ဖုံးလွှမ်းသွား၏။ ဧရာမနဂါးဦးခေါင်းသည် သူတို့အား သိမ်းကြုံး ဖြတ်ကျော်ရင်း တစ်ပြိုင်နက်တည်းလိုလိုမှာ နဂါးကြီး၏ဧရာမခန္ဓာကိုယ်ကြီးသည် ထိုကျင့်ကြံသူအားလုံး၏ မျက်လုံးရှေ့တွင် ပေါ်လာလေ၏။
ဤအရာကား သူတို့၏ဘဝတွင် နောက်ဆုံးမြင်လိုက်ရသည့် အဖြစ်သနစ်ပင်။ နဂါးကြီး၏ခန္ဓာကိုယ် ဖြတ်ကျော်သွားချိန် ဤဧရိယာရှိ ထိုကျင့်ကြံသူအားလုံး သေဆုံးသွားတော့သည်။
ထိုအဖြစ်အပျက်မှာ အသက်ရှုချိန်သုံးကြိမ်စာလောက်သာ ကြာမြင့်လိုက်၏။
အသံပေါက်ကွဲမှုများနှင့်အတူ ဤဧရိယာတွင် သွေးမြူတို့ ခြုံလွှမ်းပြည့်နှက်သွားလေ၏။
အလောင်းကောင်ကလန်မှ ကျင့်ကြံသူအုပ်စုသာမဟုတ်၊ နဂါးကြီး ရောက်ရှိလာသည်ကို တွေ့ကြုံရသည့် မည်သည့်ကျင့်ကြံသူမဆို သေဆုံးရလေ၏။ သူတို့၏ခန္ဓာကိုယ်များ ပျက်စီး၊မူလစိတ်ဝိညာဉ်များမှာ သွေးနဂါး၏ စုပ်ယူခြင်းကို ခံရလေ၏။
သွေးနဂါးသည် အံ့မခန်းအမြန်နှုန်းဖြင့် လေဟာနယ်အစွန်းပတ်လည်တွင် သောင်းကြမ်းနေ၏။ ၎င်းကြောင့် ကျင့်ကြံသူတစ်ထောင်ကျော် သေဆုံးသွားခဲ့ရပေပြီ။ ၎င်း၏ ခန္ဓာကိုယ်ကြီးကား တုန်လှုပ်ဖွယ်ဖိအားကို ပေးစွမ်းနေချေသည်။
၎င်းသည် အနည်းငယ် စဉ်းစားပြီးနောက် ဟိန်းသံပြုကာ အတွင်းပိုင်းဧရိယာသို့ တိုးဝင်လာသည်။ ၎င်းနဂါးမှာ မြန်လွန်း၏။ မြန်လွန်းသဖြင့် သွေးအလင်း ဖျပ်ခနဲကိုသာ မြင်ရသည်။ သို့သော် နဂါးကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရချေ။
လေဟာနယ်အတွင်းပိုင်း၌ အလောင်းကောင်ကလန်၏ ဘုရင်ရှစ်ပါးမှာ အလင်းတန်းရှစ်ခုအသွင်ပြောင်းကာ ပျံသန်းနေကြ၏။ သူတို့သည် ရှေးဟောင်းကျင့်ကြံသူ လေးယောက်နောက်သို့ လိုက်နေကြခြင်း ဖြစ်၏။ ထိုရှေးဟောင်းကျင့်ကြံသူတို့ လွတ်မြောက်အောင် မည်မျှ ကြိုးစားပါစေ သူတို့သည် ဤလူရှစ်ယောက်၏ နောက်ကလိုက်လံခြင်းမှ မလွတ်ဘဲ ဖြစ်နေသည်။
အလောင်းကောင်ကလန်၏ ဘုရင်ရှစ်ပါးသည် အသက်အရွယ်အမျိုးမျိုး ရှိ၏။ သို့သော် သူတို့၏အမူအရာများအားလုံးမှာ အေးစက်မှုတွင်တူညီ၏။ သူတို့၏မျက်နှာများက လူသေကဲ့သို့ ဖြူရောနေခြင်းတွင်လည်း တူညီပေသည်။
မည်သို့ပင်ဖြစ်စေ သူတို့ ထုတ်ဖော်သည့် စွမ်းအားမှာ တုန်လှုပ်ဖွယ်ရာ ကောင်း၏။ လမ်းတစ်လျှောက်လုံး သူတို့ရှစ်ယောက်မှာ လူစုမခွဲခဲ့ကြဘဲ သူတို့နှင့် တွေ့သည့် ရှေးဟောင်းကျင့်ကြံသူများသည် ချက်ခြင်း ချိပ်ပိတ်ခြင်း ခံရကာ ဤလူရှစ်ယောက်၏ ဖမ်းစီးခြင်းကို ခံရသည်။ ခုချိန်တွင်လည်း ကြာကြာထွက်မပြေးနိုင်ကြတော့သော ရှေးဟောင်းကျင့်ကြံသူလေးယောက်တို့၏ ခန္ဓာကိုယ်မှာ တွန့်လိမ်၍ အရှိန်နှေးကျသွားခဲ့ပေပြီ။
ဘုရင်ရှစ်ပါးထဲမှ တစ်ပါးသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်း၍ သည်ရှေးဟောင်းကျင့်ကြံသူလေးယောက်ကို ဖမ်းယူသိမ်းဆည်းလိုက်သည်။
သို့သော် ဤအခိုက်အတန့်၌ သွေးနီအလင်းမှာ လေဟာနယ်နေရာကို ဖုံးလွှမ်း၏။ သူတို့၏အသွင်သည် ချက်ခြင်း ပြောင်းလဲကာ အပေါ်သို့ မော့ကြည့်ကြသည်။ သူတို့၏ကျင့်ကြံမှုအဆင့်များဖြင့် ဘုရင်ရှစ်ပါးသည် သူတို့ထံသို့ တိုးဝင်လာနေသော ဧရာမသွေးနဂါးကို တွေ့မြင်ရသည်သာ ဖြစ်၏။
ထိုသွေးနဂါးသည် ကြီးမားလွန်း၏။ ဘုရင်ရှစ်ပါးအတွက်ပင် ၎င်းနဂါးကြီးကို တွေ့မြင်ရချိန်၌ မျက်လုံးသူငယ်အိမ် ကြုံ့မိကုန်၏။
ဘုရင်ရှစ်ပါးထဲမှ တစ်ယောက်ဖြစ်သူ ခရမ်းရောင်ဆံပင်နှင့် အဘိုးအိုသည် အလျင်အမြန် လှမ်းအော်၏။ “လေးခုမြောက်အလောင်းအစီအရင်ကို နေရာချ…”
သူတို့ရှစ်ယောက်လုံးမှာ တုံ့နှေးမနေ၊ ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်သည်။ သူတို့ရှစ်ယောက်လုံးမှာ တစ်ချိန်တည်း လှုပ်ရှား၏။ အအေးစွမ်းအင် ရုတ်တရပ် ပေါ်လာသည်။ ထိုအအေးစွမ်းအင်သည် အရူးအမူး တိုးပွားလာကာ ရေခဲနက်ပိုင်းတစ်ခုအသွင် အလျင်အမြန် ဖြစ်ပေါ်သည်။
ရေခဲနက်သလင်းက ကြီးသထက် ကြီးလာ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် ပေတစ်ထောင်ကျော်မြင့်သည့် ဘီလူးကြီးအဖြစ်သို့ ပြောင်းလဲသည်။ ယင်းကဲ့သို့ ပုံသဏ္ဌာန်ဖွဲ့ပြီး ဝမ်းဗိုက်ပိုင်းရှိ လူရှစ်ယောက်သည် ရုတ်တရက် လှုပ်ရှားသည်။
လူတစ်ယောက်သည် ဝမ်းဗိုက်ပိုင်းတွင် ရှိနေ၏။ တစ်ယောက်သည် ဘယ်လက်၊၊တစ်ယောက်သည် ညာလက်၊ ကျန်နှစ်ယောက်သည် ခြေထောက်တစ်ဖက်စီသို့၊ တစ်ယောက်သည် ရင်ဘက်ပိုင်း၊ ကျန်သည့် နှစ်ယောက်သည် ဧရာမဘီလူးကြီး၏ ဦးခေါင်းထံသို့ သွားကာ မျက်လုံးနှစ်လုံး ဖြစ်လာသည်။
ချက်ခြင်းလိုလိုပင် ရေခဲဘီလူးက နိုးထလာသည့်အလား တစ္ဆေအလင်းကို ထုတ်လွှတ်သည်။ ဖော်မပြနိုင်သည့်စွမ်းအားမှာ သည်ဘီလူးထံမှ ပေါက်ကွဲထွက်လာ၏။
ဤအခိုက်အတန့်တွင် သွေးနဂါးသည် လေဟာနယ်ကို ဖြတ်သန်းကာ တဝီဝီ တိုးတင်၍ ဤရေခဲဘီလူးထံသို့ တိုက်ရိုက် ထိမှန်သည်။
ဝုန်း…ဝုန်း…ဝုန်း…။
ဤနေရာကို ဗဟိုပြုကာ ကောင်းကင်တုန်လှုပ်ဖွယ်အသံ ပေါက်ကွဲ၏။ သည်နေရာရှိ ကျင့်ကြံသူအားလုံး တုန်လှုပ်ကုန်သည်။ ဤအခိုက်အတန့်တွင် လေဟာနယ်အတွင်းရှိ ကျင့်ကြံသူအားလုံး ထိုတုန်လှုပ်မှုကို ခံစားမိ၍ ကြောက်လန့်တကြားလှမ်းကြည့်ကြသည်။
သွေးနဂါးနှင့်ရေခဲဘီလူးကြီးတို့သည် ထိပ်တိုက်တွေ့သည်။ ရေခဲဘီလူးကြီးက ၎င်း၏လက်ကို ဖွင့်ဟကာ နဂါး၏ ပါးစပ်ကို ဆွဲကိုင်သည်။ ရေခဲဘီလူးမှာ ပေတစ်သောင်းကျော်ထိ နောက်လွင့်သွားသည်။
ရေခဲဘီလူးကြီးပေါ်တွင် အက်ကြောင်းများစွာ ပေါ်လာ၍ တစီစီအသံများ ထွက်ပေါ်သည်။ လက်နေရာရှိ လူနှစ်ယောက်သည် သွေးအန်ထုတ်ရ၏။ သို့သော် သူတို့၏အသွင်ဟန်ပန်ကား ပိုမိုကြမ်းကြုတ်လာ၏။
ဟိန်းသံ ပြု၍ ရေခဲဘီလူးကြီး၏ ညာခြေထောက်ကို နောက်ဆုတ်ရကာ ရေခဲပမာဏများစွာ ပဲ့ဆင်းကျသည်။ သို့သော် ခြေထောက်သည် ပျက်စီးသွားခြင်းတော့မရှိ။ ၎င်းသည် နောက်သို့ ဆုတ်နေရာကနေ လုံးဝ ရပ်တန့်သွားသည်။
ဘီလူးအသွင်အထဲရှိ လူရှစ်ယောက်သည် ချိပ်ဟန်တစ်ခု ပြု၍ ဟိန်းသံ ပြုသည်။ ဤရေခဲဘီလူးကြီးထံမှ ပြင်းထန်သောအားတစ်ခု တရကြမ်း ထိုးထွက်လာသည်။ ရေခဲဘီလူးကြီးသည် နဂါး၏ဦးခေါင်းကို ဆွဲယူကာ ဘေးတစ်ဖက်သို့ ကြမ်းတမ်းစွာ ပစ်သည်။
သွေးနဂါးသည် ၎င်း ပစ်လွှတ်ခံရချင်းချင်း ဟိန်းအော်၏။ သို့ရာတွင် နဂါးသည် ရပ်တန့်မသွားပေ။ ၎င်း၏ အမြှီးက ရေခဲဘီလူးထံ တန်းတန်းမတ်မတ် ဝေ့၍ ရိုက်ခတ်သည်။ မိုးခြိမ်းသံတမျှ တုန်ဟိန်းမှု ထပ်ဖြစ်သည်။ ရေခဲဘီလူးပေါ်တွင် အက်ကြောင်းများစွာ ပေါ်လာ၏။
သွေးနဂါးသည် ၎င်း၏ခေါင်းကို ဝေ့ယမ်း၏။ ထိုသို့သော အနီးကပ် အခြေအနေ၌ပင် အရင်ကလို တူညီသည့်အမြန်နှုန်း ရှိနေနိုင်သေးသည်။ ၎င်းသည် ထိုးထွက်ကာ ရေခဲဘီလူးကို ဝင်ဆောင့်၏။ ကောင်းကင်ယံတုန်ဟိန်းသံများသည် ဆက်လက်မြည်၍ ရေခဲများ ပိုကွာကျသည်။ အတွင်းရှိ လူရှစ်ယောက်၏ အသွင်ဟန်ပန်မှာ ပို၍ပင် သှုန်မှုန်လာ၏။
သည်အခိုက်အတန့်တွင် ဝမ်းဗိုက်ပိုင်းထဲရှိ အဘိုးအို၏မျက်လုံးမှာ တစ္ဆေအလင်းတောက်ပမှုကို ထုတ်လွှတ်သည်။ သူက အော်ဟစ်၏။ “တတိယမြောက် အလောင်းကောင် အစီအရင်ကို နေရာချ…”
သူ့အသံသည် ရေခဲဘီလူးအတွင်း ပဲ့တင်ထပ်ကာ ကျန်သည့်ကျင့်ကြံသူခုနစ်ယောက်၏ နားထဲသို့ တိုးဝင်လာသည်။ သည်အခိုက်အတန့်တွင် သွေးနဂါးသည် ရေခဲဧရာမထံ ထပ်မံ တိုးဝင်လာပြန်၏။ ရေခဲဘီလူးသည် စွန်ကြိုးပျက်သကဲ့သို့ နောက်လွင့်စင်သွားသည်။
နဂါးဦးခေါင်းသည် ရှုပ်ပွကုန်၏။ ခုလိုဆက်တိုက် ထိတိုက်မှုများမှာ ၎င်းအတွက် ခုခံနိုင်ရန် ခက်ခဲသည်မှာ ထင်ရှားသည်။ သို့ရာတွင် ကြမ်းကြုတ်သည့်နဂါး၏ မျက်လုံးမှာ နီရဲ၍ ထပ်မံ တိုးဝင်လာသည်။ ဤရေခဲဧရာမသည် ၎င်းခန္ဓာကိုယ် မပျက်မစီးခြင်း လက်လျော့မည့်ပုံမရပေ။
နောက်သို့ လွင့်စင်သွားသည့် ထိုရေခဲဘီလူးကြီးမှာ ၎င်း၏ လက်နှစ်ဖက်ကို ကွေ့ခေါက်၍ ဒူးထိ ကွေးညွတ်သည်။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးကို ဘောလုံးကဲ့သို့ ခွေပတ်သည်။ ရေခဲသည် အလျင်အမြန် ပေါင်းစည်းကာ လေးခုမြောက်အလောင်းကောင်အစီအရင်ကနေ တတိယမြောက်အလောင်းကောင် အစီအရင်သို့ ချက်ခြင်း ပြောင်းလဲသည်။
သွေးနဂါးရှေ့တွင် ပေါ်လာသည်က ရေခဲဘီလူးမဟုတ်တော့ပေ။ သို့သော် ဧရာမရေခဲလုံးတစ်ခု ဖြစ်သွား၏။ ပို၍ ကြောက်မက်ဖွယ်ကောင်းသည်က ထိုရေခဲဘောလုံးအစွန်းဖျားတို့က ချွန်ထက်လေသည်။ ၎င်းအစွန်းချွန်တို့က နက်ပြာရောင်လင်းလက်မှုကို ပေးစွမ်း၍ ပြင်းထန်သည့်အဆိပ်တစ်ခု ပါဝင်နေဟန် တူ၏။
သည်အခိုက်အတန့်တွင် ဝမ်လင်းသည် လေဟာနယ်နေရာအတွင်း လှုပ်ရှားသွားလာနေရင်း သုန်မှုန်နေသည်။ အနီရောင်ဝတ်စုံဖြင့် ရှေးဟောင်းကျင့်ကြံသူသုံးယောက်သည် သူ့နောက်သို့ အေးစက်စက်အကြည့်များဖြင့် လိုက်ပါလာသည်။
***