Switch Mode

အပိုင်း(၁၁၈၁)

ကြီးမြတ်သူ

“မြေကြီးစမ်းသပ်မှု…” ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားသည်။ သူသည် ဝဲကတော့အတွင်းသို့ ချက်ခြင်း ဝင်ရောက်သည်။ သဲကမ္ဘာတစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။ သည်ရင်းနှီးခဲ့ဖူးသော မြင်ကွင်းက ဝမ်လင်းကို စိတ်သက်သာစွာ အသက်ရှုထုတ်စေမိ၏။

ဝမ်လင်းသည် ဂျီချောင်ကို အတော်လေး လန့်နေမိ၏။

ဝမ်လင်းသည် အခုမြေကြီးစမ်းသပ်မှုကမ္ဘာနှင့် ရင်းနှီးသော်လည်း သူသည် သတိထားနေဆဲ ဖြစ်သည်။ သူသည် အရင်က သူတွေ့ကြုံခဲ့ဖူးသော အန္တရာယ်ရှိသည့် နေရာများအားလုံးကို ရှောင်ကာ နောက်အဆင့် ဝင်ပေါက်ကို ရှာရန် တစ်နေ့လုံး ကုန်ဆုံးခဲ့သည်။ ထို့နောက် သူက ယင်းဝင်ပေါက်ထဲသို့ ခြေလှမ်းဝင်၏။

လမ်းတစ်လျှောက်တွင် ဝမ်လင်းသည် သတိထားရမည့် စည်းမျဉ်းကို မမှိတ်မသုန် လိုက်နာနေ၏။ သူသည် ရှေးဟောင်းနတ်ဘုရား၏ အတွင်းနက်ပိုင်းသို့ ဝင်ရောက်နေရင်း သူနှင့်ရင်းနှီးသည့် နေရာတော်တော်များများကို ဖြတ်ကျော်လာသည်။ သူသည် လမ်းတစ်လျှောက်တွင် ကျင့်ကြံသူများစွာကိုလည်း တွေ့ခဲ့သည်။

ငါးရက်မြောက်နေ့။ ဝမ်လင်းသည် ရှေးဟောင်းနတ်ဘုရားကုန်းမြေ၏ နောက်ဆုံးစမ်းသပ်မှု လေဟာနယ်အတွင်းသို့ ဝင်လာခဲ့ပေပြီ။ သူ ဝင်လိုက်သည့်အခိုက်မှာပင် ဝမ်လင်းက မန္တာန်တုန်ခါလှိုင်းများကို ချက်ခြင်း ခံစားမိသည်။ ရတနာလက်နက်ချင်း ထိတိုက်သံများလည်း ပဲ့တင်ထပ်နေသည်။ သူသည် တုံ့နှေးခြင်းမရှိ နောက်ဆုတ်၏။

ဤလေဟာနယ်နေရာအတွင်း ကျင့်ကြံသူများစွာ ရှိနေ၏။ ဝမ်လင်းနှင့် မနီးမဝေးတွင်ပင် ကျင့်ကြံသူ ဒါဇင်ချီက အနီရောင်ဝတ်စုံနှင့်အဘိုးအိုတစ်ယောက်ကို တိုက်ခိုက်နေသည်။

ထိုအဘိုးအိုသည် အိုမင်းလှ၏။ သူသည် မည်သည့်ချိပ်ဟန်ကိုမှ ထုတ်ဖော်မနေ၊ သူ့လက်နှစ်ဖက်ကို ဝေ့ယမ်းရင်းဖြင့်သာ မန္တာန်များကို ဖန်တီးနေသည်။ သူ့မန္တာန်များမှာ အရင်က လုံးဝ မတွေ့မြင်ဖူးဘဲ အချိန်၏သက်တမ်း ပါဝင်နေချေ၏။

ဝမ်လင်းက ထိုအဘိုးအိုကို တွေ့သည်နှင့် မျက်မှောင်ကြုတ်သွားသည်။ သူသည် ထိုသူမှာ ထာဆန်၏ သွေးပင်လယ်ထဲရှိ ရှေးဟောင်းချီသန့်စင်သူကျင့်ကြံသူများထဲမှ တစ်ယောက် ဖြစ်မှန်း ခပ်ရေးရေး မှတ်မိသည်။ ထိုအဘိုးအိုသည် နိဗ္ဗာနသန့်စင်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကဲ့သို့ အားကောင်းလေ၏။

ထိုအဘိုးအိုနှင့် တိုက်ခိုက်နေကြသော ကျင့်ကြံသူတိုင်း၌ ခေါင်းတလားကိုယ်စီ ရှိကြသည်။ ထိုခေါင်းတလားအားလုံး ပွင့်ဟကာ အလောင်းကောင်ရုပ်သေးများသည် ဤအဘိုးအိုကို အဓိကတိုက်ခိုက်နေကြခြင်းပင်။

အဘိုးအိုသည် တစ်ကိုယ်ရေသာ ဖြစ်သော်လည်း တိုက်ပွဲမှာ အတော် ကြမ်း၏။ သူ့ဘေးပတ်လည်တွင် လူသေခန္ဓာကိုယ် ဆယ်လောင်းကျော်လောက် မြောလွင့်လျက် ရှိသည်။

သည်တိုက်ပွဲ ပတ်လည်တွင် မတ်တပ်ရပ်နေကြသော ကျင့်ကြံသူ ခုနစ်ယောက်၊ရှစ်ယောက်လောက်လည်း ရှိသည်။ ဤအုပ်စုကို ဦးဆောင်သည့်သူက ဝတ်စုံနက်လူငယ်တစ်ယောက် ဖြစ်ကာ သူသည် အဘိုးအိုကို စူးစိုက်ကြည့်နေသည်။ သူက မကြာမကြာ သူ့လက်ညွှန်ချက်ကို ထုတ်ဖော်၏။ ထိုအခါ ဤအဘိုးအိုကို တိုက်ခိုက်နေသော အလောင်းကောင်များသည် အစီအရင်ပုံစံ ပြောင်းလဲကြသည်။

ဝမ်လင်း ရောက်ရှိလာမှုက နှစ်ဖက်လုံး၏ အာရုံကို စွဲဆောင်သွားသည်။ အဘိုးအိုက ဝမ်လင်းကို တွေ့သည့်အခါ သူ့မျက်လုံးမှာ တောက်ပသွားသည်။

အလောင်းကောင်ကလန်မှ လူများသည်လည်း ဝမ်လင်းထံသို့ ထောက်လှမ်းကြ၏။ သို့သော် သူတို့သည် ဝမ်လင်း၏ပုံရိပ်ကို မသိကြချေ။ ဝတ်စုံနက်နှင့်လူငယ်က ဝမ်လင်းကို အေးစက်စက် ကြည့်၍ သူ့လက်ကို ဝေ့ယမ်းသည်။ အလောင်းကောင်ကလန်၏ တပည့်နှစ်ယောက်သည် ချက်ခြင်း ဝမ်လင်းထံသို့ ပျံသန်းလာကြသည်။

သူတို့ထဲမှ တစ်ယောက်က ဝမ်လင်းကို လက်နှစ်ဖက်ယှက်၍ ဆိုလာ၏။ “ရောင်းရင်းကျင့်ကြံသူ…ငါတို့ အလောင်းကောင်ကလန်က ဒီရှေးဟောင်းချီသန့်စင်သူနဲ့ အရင်ဆုံး တိုက်ခိုက်နေတာ။ ဒါ့ကြောင့် တစ်နေရာရာကို ကျေးဇူးပြုပြီး ထွက်သွားပေးပါ…”

သူ့စကားလုံးများက ယဉ်ကျေးသော်လည်း အကြည့်ကတော့ ရန်လိုနေ၏။ သူ့ဘေးရှိလူသည်လည်း အတူတူပင်။

ဝမ်လင်းသည် ခေါင်းညိတ်ပြ၏။ သူ့အသွင်မှာ တည်ငြိမ်နေ၏။ သူသည် ဘေးတစ်ဖက်သို့ ဆက်လက် ပျံသန်းသွားသည်။ အလောင်းကောင်ကလန်မှ လူများ ဝမ်လင်း ထွက်ခွာသွားသည်ကို တွေ့မြင်သည့်အခါ သူတို့သည် သူ့အပေါ် ထပ်မံ၍ အာရုံစိုက်မနေတော့ပေ။ ဝတ်စုံနက်နှင့်လူငယ်က ဝမ်လင်းကို ကြည့်ပင်မကြည့်။ သူသည် အနီရောင်ဝတ်စုံနှင့်အဘိုးအိုကိုသာ မမှိတ်မသုန် ကြည့်နေ၏။ သူ့မျက်လုံးထဲတွင် လောဘတို့ ပြည့်၏။

“ငါ ဒီရှေးဟောင်းကျင့်ကြံသူရဲ့ ခန္ဓာကိုယ်နဲ့ မူလစိတ်ဝိညာဉ်ကို ရကို ရရမယ်…”

ဝမ်လင်းသည် လေဟာနယ်ထဲသို့ ဖြတ်သန်းပျံသန်းနေရင်း ကျင့်ကြံသူများစွာကို တွေ့မြင်နေရသည်။ ထိုကျင့်ကြံသူများသည် သုံးယောက်၊ ငါးယောက် အုပ်စုငယ်များ ဖွဲ့ထားကြ၏။

ဝမ်လင်းသည် ထာဆန်၏သွေးပင်လယ်ထဲမှ ရှေးဟောင်းကျင့်ကြံသူ အချို့ကိုလည်း တွေ့သည်။ သူတို့အားလုံးမှာ ကျင့်ကြံသူများ၏ ဝန်းရံခြင်းကို ခံထားရသည်။ ဝမ်လင်း ထိုကဲ့သို့ အုပ်စုများအနား ရောက်လာတိုင်း သူသည် အလောင်းကောင်ကလန် သူ့အား လာတားသကဲ့သို့မျိုး တားဆီးခံရသည်။ ထိုသူတို့၏အသံများက ယဉ်ကျေးသော်လည်း ဝမ်လင်းသာ နောက်ထပ် ခြေတစ်လှမ်းတိုးပါက ယင်းအုပ်စုအုပ်စု ကျင့်ကြံသူများနှင့် ပဋိပက္ခ ဖြစ်ပေလိမ့်မည်။

ဝမ်လင်းအသွင်သည် တည်ငြိမ်၏။ သို့သော် သူ့မျက်လုံးထဲတွင် အထင်သေးဟန်တို့ ရှိသည်။ သူသည် အခုလိုအခြေအနေမျိုး တွေ့ကြုံတိုင်း ထွက်သွားရန်သာ ရွေးချယ်ခဲ့ပေသည်။

“ရှေးဟောင်းချီကျင့်ကြံသူတွေရဲ့ ဖျားယောင်းမှုက ဒီလူအချို့ကို လောဘတတ်စေဖို့ လုံလေက်နေတာပဲ။ ဒီရှေးဟောင်းကျင့်ကြံသူတွေရဲ့ မန္တာန်နဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေကို ရဖို့အတွက်တော့ ထိုက်သင့်တဲ့တန်ဖိုး ပြန်ပေးရလိမ့်မယ်…”

သည်ရှေးဟောင်းကျင့်ကြံသူများအားလုံးသည် ကျင့်ကြံမှုအဆင့်အမျိုးမျိုး ရှိကြသော်လည်း သူတို့အားလုံးမှာ အစွမ်းထက်မန္တာန်များ ပိုင်ဆိုင်ထားကြသည်။ မကြာမကြာ သူတို့ထဲမှ တစ်ယောက်သည်ပင် သူတို့အားတိုက်ခိုက်နေကြသော ကျင့်ကြံသူများထဲမှ အချို့အဝက်ကို သတ်ပစ်နိုင်သည့် စွမ်းအား ရှိနေကြသည်။

ဝမ်လင်း တွေ့မြင်နေရသည့် ရှေးဟောင်းကျင့်ကြံသူများအားလုံးသည် သွေးပင်လယ်မှ အားအနည်းဆုံးသူများ ဖြစ်ကြ၏။ ဝမ်လင်းသည် အခုထိ အစွမ်းထက်ရှေးဟောင်းကျင့်ကြံသူတစ်ယောက်ကိုမျှ မတွေ့မြင်ရသေးပေ။

“အရှင်မီးတောက်နဲ့ အလောင်းကောင်ကလန်က အစွမ်းထက် ကျင့်ကြံသူတွေ ဘယ်နေရာ ရောက်နေလဲ ငါ သိချင်မိတယ်…” ဝမ်လင်းသည် သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်၍ ကြည့်သည်။ သည်လေဟာနယ်နေရာကား သူ့နတ်ဘုရားအာရုံဖြင့် ခြုံလွှမ်းနိုင်ဖို့ရာ ကျယ်ပြောလွန်းနေ၏။ ရှစ်ရက်မြောက်နေ့တွင် ဝမ်လင်းသည် ရုတ်တရက် ရပ်ကာ ရှေ့တည့်တည့်သို့ လှမ်းကြည့်သည်။

သူသည် အကွာအဝေးတစ်ခုရှိ လေဟာနယ်နေရာထဲတွင် သွေးနီရောင်အလင်းတစ်ခု ရုတ်ချည်းပေါ်လာသည်ကို တွေ့မြင်သည်။ ထိုသွေးအလင်း ပြန့်လွင့်မှုနှင့်အတူ တုန်ဟည်းသံများပါ ဖြစ်ပေါ်သည်။ ၎င်းအလင်းသည် ပြန့်နှံ့ရင်း ဝမ်လင်းမျက်လုံးရှေ့တွင် ပေါ်လာလေ၏။

ဝမ်လင်း၏ မျက်လုံးမှာ လက်ခနဲ ဖြစ်သွား၏။ သူက ရှေ့သို့ ထိုးထွက်ကာ သည်အလင်းလှိုင်းထွက်ပေါ်လာသည့် နေရာသို့ တည်နေရာ ရွှေ့ပြောင်းသည်။

သွေးရောင်လှိုင်းသည် အစွမ်းထက်မူလစွမ်းအင်တုန်ခါမှုတစ်ခုကို ဖြစ်စေ၏။ အလွန်အစွမ်းထက်သည့် ကျင့်ကြံသူတစ်ယောက်ကသာ ဤသို့သေသာ ပြင်းထန်သည့် တုန်ခါလှိုင်းကို ဖြစ်စေနိုင်ပေမည်။

အရှင်မီးတောက်သည် အနီရောင်ဝတ်စုံနှင့်အဘိုးအိုကို စူးစိုက်ကြည့်နေရင်း သူ့မျက်နှာမှာ ဖြူရောနေသည်။ ထိုအဘိုးအိုသည် အနီဆိုသမှ အနီ ဖြစ်၏။ သူ့မျက်လုံးများသည်ပင် ကြက်သွေးနီရောင် ရှိနေ၏။ ဤမျက်လုံးတို့၌ အေးစက်တည်ငြိမ်မှုတစ်ခု ကြီးစိုးထားသည်။

သူတို့နှစ်ယောက်ပတ်လည်ရှိ မန္တာန်လှိုင်းများ ထသွားစေပြီးနောက် နှစ်ယောက်လုံး နောက်ဆုတ်သည်။ သူတို့က စကားတစ်ခွန်းမှ မဆိုပေ။ အနီရောင်အဘိုးအိုသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်း၏။ သွေးပင်လယ်တစ်ခု ပေါ်လာသည်။ သွေးပင်လယ်သည် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲကာ အရှင်မီးတောက်ထံသို့ မာန်ဟိန်း၍ တိုးဝင်လာသည်။

ထိုနဂါး ပေါ်လာချိန်၌ ၎င်းသည် ဦးခေါင်းရှစ်ခုကျော်ကို ထပ်ဖန်တီးကာ ဦးခေါင်းကိုးခု သွေးနဂါးအဖြစ်သို့ ပြောင်းလဲသည်။ ၎င်းသည် ကောင်းကင်ဟိန်းလောက်သည့် ဟိန်းသံကို ထုတ်လွှတ်ကာ အရှင်မီးတောက်အနား ရောက်လာသည်။

အရှင်မီးတောက်သည် နောက်သို့ ခပ်သွက်သွက် ဆုတ်ကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး သူ့နှဖူးထက်သို့ ထိရိုက်သည်။ သူ့မျက်ခုံးနှစ်ခုကြားကနေ လောင်ကျွမ်းပုတီးစေ့တစ်ခု ထွက်လာသည်။ သူ့လက်ညွှန်ချက်တစ်ခုဖြင့်ပင် ယင်းလောင်ကျွမ်းပုတီးစေ့မှာ မီးတောက်ပင်လယ်အဖြစ်သို့ ပြောင်း၍ ဦးခေါင်းကိုးခုနဂါးထံ ပျံသန်းဝင်သွားသည်။

အနီရောင်အဘိုးအိုမှာ ရှေ့သို့ တိုးလာ၏။ သူသည် သွေးနဂါးကို ဖြတ်သန်းလာကာ အရှင်မီးတောက်ရှေ့ရှိ မီးတောက်ပင်လယ်နားသို့ ရောက်လာသည်။ ထို့နောက် သူ့ညာလက်ကို ပင့်မြှောက်၍ အောက်သို့ ခပ်ကြမ်းကြမ်း ရိုက်ချသည်။

အရှင်မီးတောက်သည် သတိမပြတ်ထားနေသူပင်။ သူသည် နောက်သို့ ထပ်ဆုတ်ကာ အစိတ်အပိုင်းမြေငယ်တစ်ခု ကို ထွေးထုတ်သည်။ ၎င်းက အလျင်အမြန် ကြီးထွားလာကာ ကောင်းကင်ဘုံနယ်မြေအစိတ်အပိုင်းမြေ ဖြစ်လာ၏။

အနီရောင်အဘိုးအို၏ လက်ဝါးရိုက်ချက်သည် အစိတ်အပိုင်းမြေပေါ်သို့ ကျရောက်လာချိန်၌ သူသည် နောက်ပြန်ကန်သွားသည်။ ထို့နောက် သူ့အေးစက်စက်အကြည့်က အရှင်မီးတောက်ထံသို့ ကျရောက်လာရင်း သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ့ လက်ကို ဝေ့ယမ်းရာ နာကျင်ဟန် ဖြစ်ပေါ်သည်။ သူ့မျက်နှာထက်တွင် မရေမတွက်နိုင်သော သွေးဖုများ ဖောင်းကြွလာချေသည်။ ထိုမြင်ကွင်းမှာ တုန်လှုပ်ဖွယ်ရတည်း။

အရှင်မီးတောက်သည် ဤရှေးဟောင်းကျင့်ကြံသူနှင့် တိုက်ခိုက်နေသည်မှာ တစ်ရက်တိတိ ရှိနေပေပြီ။ သို့သော် သူတို့က သရေ ကျနေဆဲ ဖြစ်၏။ အခြားသူ၏ အရေပြားမှာ ရုတ်တရက် ခုလို ပြောင်းလဲသွားသည်ကို တွေ့မြင်သည့်အခါ အရှင်မီးတောက်သည် နည်းနည်းတော့ တုန်လှုပ်မိသွား၏။ သူက သူ့လက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ရာ အက်ကြောင်းတစ်ခု ပေါ်လာပြီး ယပ်တောင်တစ်ခု ပျံသန်းထွက်လာသည်။

ထိုယပ်တောင်မှာ အဖြူရောင်၊ ကျောက်စိမ်းဖြင့် ပြုလုပ်ထား၏။

ယပ်တောင်ပေါ်လာသည့်အခိုက် အဘိုးအိုမျက်နှာပေါ်ရှိ သွေးဖုများသည် ပေါက်ထွက်ကာ သွေးများ ဖုံးသွားသည်။ သူသည် သားရဲဟိန်းသံတစ်သံကို ထုတ်လွှတ်၏။ သူ့ခန္ဓာကိုယ်မှာလည်း ချက်ခြင်းပင် ဖောင်းကြွလာသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောများမှာ ယောင်ကိုင်းနေ၏။ အဘိုးအိုသည် လူသားအသွင် ထပ်ရှိမနေတော့ပေ။

သူ့ခန္ဓာကိုယ်သည် ဖျပ်ခနဲဖြင့် အရှင်မီးတောက်ထံ တိုးဝင်လာ၏။ အရှင်မီးတောက်သည် နောက်ဆုတ်ကာ သူ့ယပ်တောင်ကို အသုံးပြုရန် ပြင်ပြီးမှ ရုတ်တရက် ရပ်တန့်လိုက်သည်။ သူ့အသွင်က လေးစားဟန် ဖြစ်ပေါ်နေသည်။ ထို့နောက် သူသည် ယပ်တောင်ကို ပြန်သိမ်းဆည်းလိုက်၏။

အိုမင်းသည်လက်တစ်ဖက်မှာ တိတ်တဆိတ်ဖြင့် တိုးဝင်လာသည့် အဘိုးအိုရှေ့တွင် ပေါ်လာသည်။ ထိုလက်၏ လက်ညှိုးသည် ရှေ့သို့ ညင်သာစွာ ညွှန်၏။

ထိုသာမန်ကာလျှံကာ လက်ညွှန်ချက်သည် အနီရောင်အဘိုးအို၏ မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သွားသည်။

ထိုအဘိုးအို၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားသည်။ သူ့လက်ချောင်းမှာ အဘိုးအို၏ ဦးခေါင်းကို စက္ကူချပ်တစ်ခုကဲ့သို့ ချိုးဖျက်ထွင်းဖောက်သွားသည်။

အနီရောင်အဘိုးအို၏ ဦးခေါင်းသည် သွေးအလင်းအဖြစ် ပေါက်ကွဲထွက်ကာ နေရာအနှံ့သို့ ပြန့်ကျဲကုန်သည်။ သူ့ခန္ဓာကိုယ်သည်ပင် ပျက်စီးသွားရလေ၏။

လေဟာနယ်ထဲမှ ဝတ်စုံနက်အဘိုးအိုတစ်ယောက် လှမ်းထွက်လာ၏။ သူ့အသွင်သည် တည်ငြိမ်လျက် ရှိ၏။

“သူက ဒီနေရာမှာ ပုန်းနေလိမ့်မယ်လို့ ငါ တကယ် မထင်ထားမိခဲ့ဘူး…”

အရှင်မီးတောက်သည် လေးစားသည့်ဟန်ပန်ဖြင့် ဆိုလာ၏။ “ကြီးမြင့်သူကို နှုတ်ဆက်ပါတယ်…”

ဝတ်စုံနက်နှင့်အဘိုးအိုက မျက်မှောင်ကြုတ်ကာ သူ့ကိုယ်သူ ခပ်တိုးတိုး ပြောသည်။ “ဒီလိုကြီးမားတဲ့ အလှုပ်တစ်ခုကတောင် သူ့ကို ထွက်မလာစေဘူးလား…။ သူ့ ရည်ရွယ်ချက် အတိအကျက ဘာများလဲ…”

“ကြီးမြတ်သူ…အစောပိုင်းက ဟင်္သာပြဒါးဂြိုဟ်အပြင်ဘက်၊ ဟိုလှံရတနာနဲ့…ဒီစကားလုံးတွေ…” အရှင်မီးတောက်သည် သည်နေရာသို့ မလာဖို့ လုပ်ထားခဲ့၏။ သို့သော အခု သူ့ရှေ့ရှိ ဤပုဂ္ဂိုလ်၏ အမိန့်ကြောင့် သူ့ထံ၌ ငြင်းဆန်ဖို့ အစွမ်း မရှိတော့ပေ။ ခုချိန်၌ သူသည် ထိုကြောက်မက်ဖွယ်တည်ရှိမှုတစ်ခုကို ခပ်ရေးရေး သိလာပေပြီ။

အဘိုးအိုကတော့ တိတ်ဆိတ်စွာသာ စဉ်းစားတွေးတောနေ၏။ အချိန်အတန်ကြာပြီးနောက် သူက ခေါင်းယမ်း၍ သက်ပြင်းချသည်။

“အရှင်ဝူဂျီ…မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ…”

တစ်ချိန်တည်းမှာပင် သွေးပင်လယ်ထဲရှိ ကျောက်တိုင်ကြီးပေါ်တွင် ထာဆန်သည် မတ်တပ်ရပ်လာသည်။ သူသည် သွေးနီရောင်ကောင်းကင်ကို ကြည့်ကာ ကြမ်းကြုတ်စွာ ပြုံးသည်။

ရူးသွပ်ဖွယ်ရယ်သံနှင့်အတူ ထာဆန်သည် ခြေလှမ်းကာ သူ့ညာလက်ကို ဆန့်ထုတ်၍ ကောင်းကင်ကို စုတ်ဖြဲသည်။ ကြီးမားသည့် အဟကြီးတစ်ခု သွေးပင်လယ်တွင် ပေါ်လာသည်။ သွေးပင်လယ်အပြင်တွင် ရှိနေသည်က ကျင့်ကြံသူအများစု ရှိနေသော လေဟာနယ်နေရာ ဖြစ်သည်။

သွေးပင်လယ်၏ အောက်ခြေတွင်လည်း ကျင့်ကြံသူရာချီ ထိုင်နေကြ၏။ သူတို့အားလုံးသည် မျက်လုံးဖွင့်ကာ လေထဲသို့ ပျံသန်းတက်လာသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset