ထိုခေါင်းကို အောင်အောင်မြင်မြင် ဖြတ်ပိုင်းပြီးသည့်နောက် ဝမ်လင်းသည် တုန်လှုပ်မိရသည်။ သူသာ အတင်းအကြပ် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရခြင်း မရှိခဲ့လျှင် ဝမ်လင်းသည် ခုလိုမျိုး လုံးဝ လုပ်လိမ့်မည် မဟုတ်ပေ။ တကယ်တော့ ဂျီချောင်သည် ရှေးဟောင်းနတ်ဘုရားတစ်ပါးကို တိုက်ခိုက်ဝံ့သော ရှေးဟောင်းသားရဲတစ်ပါး ဖြစ်သည် မဟုတ်လား။
သူ့ရည်ရွယ်ချက်က ဂျီချောင်ကို ဒဏ်ရာအနာတရ ဖြစ်စေရုံသာ။ ထို့ကြောင့် သူက ဒုတိယဓားလှိုင်းကို ဆက်လက် ထုတ်ဖော်ကာ အခွင့်အရေးတစ်ခု ရရန် ဖန်တီးခြင်းပင်။ သို့ရာတွင် အခုလို ဓားချက်တစ်ချက်တည်းဖြင့် ဦးခေါင်းတစ်လုံးကို ဖြတ်တောက်ပစ်နိုင်လိမ့်မည်ဟု မထင်ထားမိပေ။
အခုချိန်တွင် အတွေးများနေဖို့ အချိန်မရပေ။ ထို့ကြောင့် သူသည် သက်လတ်ပိုင်းလူဦးခေါင်းကို ဖမ်းဆုပ်၍သာ ချက်ခြင်း ထွက်ပြေး၏။ သို့သော် ဤအခိုက်အတန့်၌ ကောင်းကင်သည် ပွင့်ဟ၍ အစိမ်းရောင်မီးတောက်များ ပေါ်လာ၏။ယင်းမီးတောက်များအတွင်း၌ အစိမ်းရောင်အစိတ်အပိုင်းမြေတစ်ခု ရှိလေသည်။
ဝမ်လင်း၏မျက်လုံးမှာ ကျဉ်းမြောင်းသွား၏။ သူသည် ရပ်တန့်ခြင်း မပြုပေ။ သူသည် အစိတ်အပိုင်းကို ဖမ်းဆုပ်ကာ အရိပ်တစ်ခုအဖြစ်သို့ ပြောင်း၍ ရှေ့တည့်တည့်သို့ လစ်သည်။
ဤအခိုက်အတန့်၌ ခေါင်းဖြတ်ခံလိုက်ရသော ကိုယ်နှင့်ဆက်ထားသည့် အကိုင်းအခတ်မှာ ကျုံ့၍ အစိမ်းရောင်အခိုးအငွေ့များအဖြစ် ပျောက်ကွယ်သွားတော့သည်။ ကျန်သည့်ဦးခေါင်းဆယ့်ခုနစ်ခုမှာ မော့ကြည့်လာ၏။ ၎င်းဦးခေါင်းတို့၏ ခပ်တောင့်တောင့်ခန္ဓာကိုယ်သည်ပင် အပြင်းအထန် တုန်ယင်လာသည်။
၎င်းသားရဲက ကောင်းကင်တုန်ဟည်းလောက်အောင် ဟိန်းသည်။ ဤဟိန်းသံမှာ မိုးကြိုးတို့ကို ဖိနှိပ်ကာ အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သည်။ သည်နယ်မြေတစ်ခုလုံး ကဗြောင်းကဗျန်ဆန်သွားသလား မှတ်ရကာ တိုးဝင်လာသည့်ဓားများအားလုံး တုန်ခါကုန်သည်။
ဂျီချောင်သည် မာန်သွင်းလိုက်ရင်း ရှေ့သို့ တိုးဝင်လာသည်။ ၎င်းသည် မြန်ဆန်လှကာ ဝမ်လင်းအနားသို့တိုင် ရောက်ရှိလာသည်။ ဦးခေါင်းဆယ့်ခုနစ်ခုမှာ မန္တာန်မျိုးစုံ ရွတ်ဆိုရင်း ဝမ်လင်းကို ဝါးမြိုရန် တာဆူသည်။
မုန်တိုင်းတစ်ခု ချက်ခြင်း ပေါ်ထွက်လာ၏။ လေထုထဲကနေ အစိမ်းရောင်မြူထုတစ်ခု ဖြစ်ပေါ်သည်။ ထို့နောက် ဂျီချောင်၏ ရှေ့တွင် ဧရာမအစိမ်းရောင်ဦးခေါင်းကြီးတစ်ခု ဖြစ်ပေါ်သည်။ ၎င်းဦးခေါင်းမှာ လူသားအသွင် ရှိ၏။ သို့သော် ၎င်းဦးခေါင်းတစ်ခုလုံးမှာ ကြေးခွံတို့ဖြင့် ဖုံးအုပ်ကာ ရက်စက်သည့်အကြည့် ပိုင်ဆိုင်ထားသည်။ ၎င်းဦးခေါင်း၏ အရွယ်အစားအမြင့်မှာ ပေတစ်သောင်းထက်ပင် နည်းမည် မဟုတ်တာ သေချာသည်။ ထူးဆန်းသည့်အချက်မှာ ယင်းဦးခေါင်း၏ မျက်ခုံးနှစ်ခုကြားတွင် လက်ဝါးရာ တစ်ခု ရှိနေခြင်းတည်း။ ဤလက်ဝါးရာမှာ ချိပ်ပိတ်မှုတစ်ခုနှင့်တူကာ အဆုံးမဲ့ခရမ်းရောင်အခိုးအငွေ့တို့ ထုတ်လွှတ်နေလေသည်။
ဂျီချောင်သည် ဟိန်းဟောက်နေရင်း ဤထူးဆန်းသည့်ဦးခေါင်းကြီးမှာ ပါးစပ်ဟကာ ဝမ်လင်းကို ဝါးမြိုရန် တာဆူသည်။
ဤဦးခေါင်း ပေါ်လာချိန်၌ မရေမတွက်နိုင်သော ခရမ်းရောင်အခိုးငွေ့အမျှင်တန်းများ ကောင်းကင်ထက်တွင် ပေါ်လာပြီး တဖြည်းဖြည်းခြင်း ဧရာမလက်ဝါးရာ ဖြစ်တည်သည်။ ၎င်းလက်ဝါးရာသည် ဦးခေါင်းပေါ်သို့ ကျရောက်လာခြင်းမရှိဘဲ ဂျီချောင်ထံသို့သာ ဦးတည်သည်။
ဂျီချောင်၏ ဦးခေါင်းဆယ့်ခုနစ်လုံးသည် အလိုမကျဟန် ဖြစ်လာကာ ဆက်လက် ဟိန်းဟောက်၍ ခုခံမှု ပြုသည်။ ကြည့်ရသည်မှာ ၎င်းသည် လက်ဝါးရာကို ရင်ဆိုင်ဖို့ စွန့်စားရသည်ဟု ထင်ရလျှင်ပင် ဤဧရာမဦးခေါင်းကြီးကို ဆင့်ခေါ်ပေဦးမည်။
ဝမ်လင်း၏မျက်လုံးသူငယ်အိမ်မှာ ကျုံ့သွား၏။ သူသည် အစောပိုင်းကတည်းက တစ်ခုခုကို ခံစားမိခဲ့၏။ ဂျီချောင်သည် သန်မာလှသော်လည်း ထူစီ၏မှတ်ဉာဏ်ထဲ၌ တွေ့မြင်ခဲ့ဖူးသော ခွန်အားကိုတော့ မယှဉ်သာပေးချေ။ ထူစီ၏မှတ်ဉာဏ်အတွင်း၌ သည်ဂျီချောင်သားရဲမှာ ဦးခေါင်း(၃၆)ခု ပိုင်ဆိုင်ထားခဲ့သော်လည်း ယခုဂျီချောင်ကတော့ ဦးခေါင်း(၁၈)ခုသာ ရှိလေ၏။
ထိုအချက်ကြောင့် သူ့ဦးခေါင်းထဲ၌ သံသယ ပေါ်နေခဲ့ပေပြီ။ သို့သော် သူက ဤအကြောင်းကို တွေးမိခြင်း မရှိပေ။ သူသည် သံသယ ဝင်မိရုံရှိသေး ဂျီချောင် အသုံးပြုလိုက်သည့် မန္တာန်မှာ သူ့ကို ခေါင်းကြိမ်းသွားမိစေသည်။ ထိုဧရာမဦးခေါင်းကြီး ပေါ်လာသည့်အခိုက်အတန့်တွင် ဝမ်လင်း၏ကျင့်ကြံမှုသည် ရပ်တန့်သွားဟန် ရကာ သူ့ခန္ဓာကိုယ်မှာ အေးခဲလုနီးပါး ဖြစ်သွား၏။
ထိုဦးခေါင်းသည် သူ့ကို ဝါးမြိုပစ်ရန် တာဆူလာခိုက် ပြင်းထန်သောစုပ်အားတစ်ခု သူ့ဘေးပတ်လည်တွင် ပေါ်လာလေသည်။ သူသည် ဤစုပ်အားကို ခုခံနိုင်ခြင်း မရှိ၊ သူ့ကျင့်ကြံမှုအဆင့်မှာလည်း အေးခဲရပ်တန့်သွားကာ ၎င်းဧရာမပါးစပ်ကြီးအတွင်းသို့ ဆွဲသွင်းခြင်း ခံလိုက်ရတော့သည်။
ယင်းဦးခေါင်းမှ အသုံးပြုသည့် မန္တာန်သည် လောကကိုပါ ဝါးမြိုပစ်နိုင်ဟန် တူ၏။ ဒုတိယကြိမ်မြောက်ဓားလှိုင်းများသည်ပါ ဦးခေါင်း၏ ပါးစပ်ကြီးအတွင်းသို့ ဆွဲသွင်းခြင်း ခံလိုက်ရတော့သည်။
ထိုမျှသာဆိုပါက သိပ်မဆိုးလှသေး။ ဝမ်လင်းကို တုန်လှုပ်သွားစေသည်က လောကသည်ပင် ယင်းပါးစပ်ကြီး၏ ဝါးမြိုခြင်းကို ခံရကာ တုန်ယင်သွားခြင်းတည်း။
“ရှေးဟောင်းအချိန်တွေတုန်းက ဂျီ လို့ခေါ်တဲ့ စိတ်ဝိညာဉ်ပဲ။ ဒီဂျီသားရဲဟာ လောကကို ဝါးမြိုတိုင်း ဦးခေါင်းတစ်ခု ရလိမ့်မယ်…” ဤအခိုက်အတန့်တွင် ဝမ်လင်း၏ ဦးခေါင်းထဲ၌ ထိုစကား ပေါ်လာသည်။ သူ့မျက်နှာသည် ဖြူရောသွား၏။ သူ့ခန္ဓာကိုယ်မှာ ကြယ်ပျံတစ်စင်းကဲ့သို့ လှုပ်ရှားသွားသည်။ သူသည် ပါးစပ်ကြီးနှင့် နီးသထက် နီးလာချေပြီ။
အခုလို သေရေးရှင်ရေး အခြေအနေ၌ ဝမ်လင်းသည် သူ့ညာလက်ကို သူ့မျက်ခုံးနှစ်ခုထံသို့ ပင့်မြောက်ရန် ကြိုးစားသည်။ သူ့ညာလက်ကနေ တစီစီအသံများ ထွက်ပေါ်လာကာ ကျောက်တုံးဖြစ်သည့်အထိ ပြောင်းသည်။ သို့သော် သူသည် သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ဖြင့် ထိလိုက်နိုင်သည်။
ထိုသို့ဖြင့် ဝမ်လင်း၏ ညာလက်တစ်ခုလုံးသည် ပေါက်ကွဲ၏။ မရေမတွက်နိုင်သော ကျောက်စကျောက်နများ ပါးစပ်ကြီးထံသို့ ပျံသန်းသည်။ သို့ရာတွင် ညာလက်၏ ပေါက်ကွဲမှုအားကြောင့် သူ့ရပ်တန့်သွားသည့် ကျင့်ကြံမှုမှာ အနည်းငယ် လျော့ကျသွားသည်။
ချက်ခြင်းလိုလိုပင် ဝမ်လင်းသည် သူ့ဘယ်လက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ကာ သိုလှောင်နေရာလွတ်ကို ဖွင့်၏။ သူသည် သိုလှောင်နေရာလွတ်အတွင်းမှ အစိတ်အပိုင်းမြေနှင့်သံဓားကို မြန်ဆန်စွာ ပစ်လွှတ်၏။ ထို့နောက် သားရဲအရေပြားသည် ပျံသန်းထွက်လာကာ သူ့ရင်ဘက်ပေါ် အဝါရောင်အဆောင်ဘေးနားတွင် ကျရောက်သည်။
ယင်းအဝါရောင်အဆောင်သည် အမြန်နှုန်းခြောက်သွေ့တက်တူး ဖြစ်၏။ သားရဲအရေပြားမှာလည်း အလားတူ နောက်တစ်ခု ဖြစ်၏။ ဤသားရဲအရေပြားသည် တက်တူးကလန်တော်ဝင်ဘိုးဘေးထံမှ အမွေအနှစ်ကို အသုံးပြု၍ တာရှန် ပြုလုပ်ထားခဲ့ခြင်းပင်။ သည်အမြန်နှုန်းတက်တူးနှစ်ခုကြောင့် ဝမ်လင်း၏အမြန်နှုန်းမှာ အံ့မခန်းအဆင့်သို့ တိုးတက်သွားတော့သည်။
ယင်းအမြန်နှုန်းကို အသုံးချကာ ဝမ်လင်းသည် အံတင်းတင်းကြိတ်၍ ပါးစပ်ကြီး၏ စုပ်အားထံမှ လွတ်မြောက်ရန် ရုန်းကန်သည်။ သူသည် ပေတစ်ရာလောက်ထိ ထိုးထွက်သွားရင်း တစီစီအသံများ ထွက်ပေါ်လာတော့၏။
သည်အခိုက်အတန့်တွင် သူ့ဘယ်ခြေထောက်မှာ ကျောက်တုံးအဖြစ်သို့ ပြောင်းကာ ကျောက်စကျောက်နများအဖြစ် ပျက်စီး၍ စုပ်ယူခံလိုက်ရတော့သည်။
ဂျီချောင်၏ ဟိန်းသံသည် ရပ်တန့်ခြင်း မရှိပေ။၎င်း၏ ဦးခေါင်းဆယ့်ခုနစ်ခုမှာလည်း နီးကပ်လာသည့် လက်ဝါးရာကို ကြမ်းကြုတ်စွာ ရင်ဆိုင်သည်။ ဦးခေါင်းအားလုံးပေါ်ရှိ သွေးကြောများသည် ဖောင်းကြွနေ၏။ ဧရာမလက်ကြီးသည် တောက်ပသော အစိမ်းရောင်အလင်းကို ထုတ်လွှတ်ကာ စုပ်အားသည် တိုးလာ၏။
ဝမ်လင်းသည် ဤစုပ်အားကို လွတ်မြောက်ရန် ရုန်းကန်နေရင်း သူ့ညာခြေထောက်မှာ ရုတ်တရက် ပျက်စီးသွား၏။ သူ့ခန္ဓာကိုယ်မှာလည်း တိုးဝင်လာသည့် စုပ်အားအတွင်း ခြေလှမ်းတစ်ဝက်ပင် မလှမ်းနိုင်တော့ပေ။ သူသည် ပါးစပ်ကြီးအတွင်းသို့ ထပ်မံ၍ ဆွဲယူခြင်း ခံရသည်။ ဝမ်လင်းသည် မချိပြုံးပြုံးမိ၏။ သူက ကျောက်အဖြစ် ပြောင်းသွားသည့် သူ့ဘယ်လက်ကို လှုပ်ရှားသည်။ သူသည် သူ့ရင်ဘက်ပေါ်ရှိ တက်တူးအဆောင်နှစ်ခုကို တုံ့နှေးခြင်းမရှိ ဆွဲယူ၍ နောက်ဆုံးလက်ကျန်ကျင့်ကြံမှုကို အသုံးပြုကာ ၎င်းတို့ကို သူ့သိုလှောင်အိတ်ထဲသို့ ထည့်သွင်းသည်။
ထိုအရာများကို ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းသည် ဓားများကဲ့သို့ ပါးစပ်ကြီးအတွင်းသို့ လုံးဝ ဝါးမြိုခြင်း ခံလိုက်ရတော့သည်။
ဦးခေါင်းသည် အစိမ်းရောင်အလင်းအဖြစ်သို့ ပြောင်းကာ ချီချောင်၏ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်သွားသည်။ သည်အခိုက်အတန့်၌ ဤလက်ဝါးရာသည် ချီချောင်၏အထက် ဆယ်ပေတွင် ရပ်တန့်သွား၏။
ဂျီချောင်၏ ဦးခေါင်းဆယ့်ခုနစ်လုံးသည် ခေါင်းမော့လာကာ ကြောက်ရွှံ့ဟန်အရိပ်အယောင် ပေါ်လာသည်။ သို့သော် ၎င်းဦးခေါင်းတို့သည် ခုထိ ဟိန်းဟောက်နေဆဲပင်။ သည်အခိုက်အတန့်တွင် လက်ဝါးရာသည် တောက်ပလာ၏။ အလင်းသည် ဂျီချောင်ကို လွှမ်းခြုံသွား၏။ ဂျီချောင်၏ခန္ဓာကိုယ်သည် ဝေဝါးလာကာ ၎င်း၏ကိုယ်တွင်းကိုပါ မြင်လာရသည်။
အကယ်၍ ဝမ်လင်းသာ ဝါးမြိုခံရခြင်း မရှိပါက သူသည် ဦးခေါင်းဆယ့်ခုနစ်ခုထဲမှ ကိုးခုထဲတွင် ကြွေထည်အစိတ်အပိုင်းတစ်ခုစီ ပါဝင်နေသည်ကို ရှင်းလင်းစွာ တွေ့မြင်ရပေလိမ့်မည်။
လက်ဝါးရာနှင့်အတူ ခရမ်းရောင်အလင်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့၏။
ဦးခေါင်းဆယ့်ခုနစ်ခု၏ မျက်လုံးထဲရှိ သတိထားမှုမှာလည်း တဖြည်းဖြည်း ဖျော့တော့သွား၏။ သည်အခိုက်အတန့်၌ အလင်းတစ်ချက်သည် ၎င်း၏လည်တိုင်နားတွင် စတင် ရွှေ့လျားသည်။ သိပ်မကြာခင်တွင် ဆယ်ပေလောက်ရှိသည့် လည်တိုင်နှင့် ချိတ်ဆက်ထားသော ကိုင်းခတ်တစ်ခု ဆန့်ထွက်လာသည်။ ယင်းကိုင်းခတ်၏ အဆုံးနားတွင် ဦးခေါင်းတစ်ခု ရှိလေ၏။
ထိုဦးခေါင်းမှာ ဝမ်လင်းနှင့် တူနေသည်။
သည်အခိုက်အတန့်၌ ဟင်္သာပြဒါးဂြိုဟ်ပြင်ပ အရံဂြိုဟ်ပေါ်ရှိ တောင်တစ်ခုအတွင်း၌ ကောင်းကင်ဘုံအစီအရင်အတွင်း ထိုင်နေသော ဝမ်လင်းသည် ရုတ်တရက် မျက်လုံးဖွင့်လာသည်။ သူ့မျက်လုံးထဲ၌ ထိတ်လန့်မှုတို့ ရှိနေ၏။
“ဂျီချောင်…” ဝမ်လင်းသည် အသက်ဝဝရှိုက်သွင်းမိသည်။ သူသည် သူ ထာဆန်၏စွမ်းအားကို တွေ့မြင်ရဖို့ ဖန်တီးထားသော ကိုယ်ပွားမှာ ထာဆန်ကို မတွေ့နိုင်ခင်မှာပင် ဂျီချောင်ကြောင့် သေဆုံးသွားရမည်ဟု ထင်မထားမိခဲ့ပေ။
“ဒီသားရဲဟာ အလွန်သန်မာပေမယ့်လည်း ငါက ဒီကောင်နဲ့ ရင်ဆိုင်နိုင်ခဲ့ပြီး ဦးခေါင်းတစ်ခုကိုတောင် ဖြတ်တောက်နိုင်ခဲ့တယ်။ ဒါပေမယ့် အခုချိန် ပြန်ကြည့်တော့ ကြည့်ရတာ ဒီသားရဲက ၎င်းရဲ့စွမ်းအားအပြည့်ကို အသုံးပြုခဲ့ပုံ မရဘူး…။ ဖြစ်နိုင်တာက ဒီသားရဲဟာ တစ်ခုခုကို လန့်နေမိတယ်…”
ဝမ်လင်းသည် ဂျီချောင် ဆင့်ခေါ်ခဲ့သော ဦးခေါင်းပေါ်လာချိန်တွင် တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခဲ့သော ခရမ်းရောင်လက်ဝါးရာအကြောင်းကို ပြန်တွေးကြည့်မိသည်။
“ဖြစ်နိုင်တာက ဒီသားရဲဟာ ချိပ်ပိတ်ခံထားရတာလား…၊ ၎င်းကသာ အစစ်အမှန်စွမ်းအားကို အသုံးပြုမယ်ဆိုရင် ဒီချိပ်ပိတ်မှုကို အသက်ဝင် သွားစေလောက်တယ်။ ပေါ်လာခဲ့တဲ့ ဧရာမဦးခေါင်းကြီးက အတော်လေးကို ကြောက်မက်ဖွယ် ကောင်းလှတယ်…”
“ခြောက်သွေ့တက်တူးနှစ်ခုနဲ့ ဆိုရင် ငါ့အမြန်နှုန်းက နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့်နဲ့ သူတင်ကိုယ်တင်ပဲ။ ဒါပေမယ့် ငါက ဒီစုပ်အားကို ခုခံဖို့ အခွင့်အရေး လုံးဝ မရှိခဲ့ဖူး…”
ဝမ်လင်းသည် ရှေ့တည့်တည့်သို့ တိတ်ဆိတ်စွာ ကြည့်၍ အချိန်အတန်ကြာ စဉ်းစားနေသည်။ ထို့နောက် သူက သက်ပြင်းချ၍ မဖြစ်ညစ်ကျယ်ပြုံးကာ ခပ်တိုးတိုး ဆိုသည်။ “ဝမ်လင်း…မင်းခုလက်ရှိ ကျင့်ကြံမှုအဆင့်က ဒီကမ္ဘာမှာ ဘာမှ မဟုတ်သေးဘူး။ မင်းက အရာအားလုံးအပေါ် သတိထားဖို့ လိုနေဆဲပဲ…”
ဝမ်လင်းသည် ခါးသီးဟန် ဖြစ်ပေါ်နေ၏။ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ သူသည် အရှင်လေဟာနယ်နှင့် ရင်ဆိုင်ခဲ့၊ နေသာသောညမန္တာန်နှင့်အတူ ရှေ့ဖြစ်ဟောသူကို ရင်ဆိုင်ခဲ့သည်။ သူသည် ရှေးအချိန်အိပ်မက်ဖြင့် ရှေးဟောင်းမိစ္ဆာတာကျားကိုလည်း ယှဉ်တိုက်ခိုက်ခဲ့၏။ ထို့နောက် သူသည် ဟင်္သာငှက်နတ်အင်ပါယာ ဖြစ်လာခဲ့သည်။ သည့်နောက်တွင်တော့ သူသည် အဇူရာနဂါးနတ်အင်ပါယာကို အောင်မြင်စွာ ကယ်တင်ပေးခဲ့၊ ကောင်းကင်ဘုံအင်ပါယာချင်းလင်ကို နိုးထစေနိုင်ခဲ့ပေသည်။ တစ်လျှောက်လုံးမှာလည်း သူ့ကျင့်ကြံမှုအဆင့်က တိုးလာခဲ့၏။ ဟင်္သာငှက်နတ်အင်ပါယာ ဖြစ်လာပြီးသည့်နောက်တွင်လည်း သူသည် ထာဆန်နှင့် ယှဉ်ဆိုင်ရန် အင်အားစုမျိုးစုံကို အသုံးချခဲ့သည်။
ထိုကဲ့သို့ အောင်မြင်မှုများက သူ့ကို အရာရာမှာ သူ့ ထိန်းချုပ်မှုအောက်တွင် ရှိသည်ဟုသော ခံစားမှုကို ဖြစ်စေခဲ့သည်။ သူ့ကိုယ်သူ မသိမသာဖြင့် အထင်ကြီးစိတ်၊အားရကျေနပ်စိတ် ဖြစ်ခဲ့ရသည်။
သူသာ အရင်လောက် သတိတရား လက်ကိုင်ထားခဲ့ပါက သူသည် ဂျီချောင်ထံမှ ထွက်ပြေးရမည့်အစား ၎င်းကို ဒဏ်ရာ ရစေဖို့ အားထုတ်ခဲ့လိမ့်မည် မဟုတ်ပေ။အခုတော့ သူ့ကိုယ်သူ မသိလိုက်မသိဘာသာ အထင်ကြီးမှုက သူ့ကိုယ်ပွားအား သေဆုံးစေခဲ့တော့သည်။
သူ့ကိုယ်ပွားသေဆုံးမှုသည် ဝမ်လင်း၏ စိတ်ကို ခပ်ကြမ်းကြမ်း လှုပ်ခတ်စေခဲ့၏။ သူ့ကိုယ်သူ ကျေနပ်နေမှုမှာ လုံးဝ တစစီ ဖြစ်သွားတော့၏။
ခါးသီးစွာဖြင့် သူသည် အချိန်အတန်ကြာသည့်အထိ တိတ်ဆိတ်စွာ စဉ်းစားနေ၏။ ထို့နောက် သူက အလေးအနက်ဟန်ဖြင့် အပေါ်သို့ မော့ကြည့်သည်။ သူ့မျက်လုံးထဲ၌လည်း သတိတရားတို့ ရှိနေလေပြီ။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်သည်။ နောက်ထပ် သူ့မူလစိတ်ဝိညာဉ်အမျှင်တန်းတစ်ခုသည် ကွဲထွက်လာတော့၏။
အရင်ကြိမ်ကကဲ့သို့ ဝမ်လင်းသည် သူ့နောက်ထပ်ကိုယ်ပွားတစ်ခုကို ထပ်မံ ဖန်တီး၏။ ထို့နောက် ဒုတိယအကြိမ်မြောက် ဖန်တီးလိုက်သည့် ကိုယ်ပွားမှာ လင်းလက်၍ တောင်အတွင်းကနေ ပျောက်ကွယ်သွားတော့သည်။
“ချင်းလင်ရဲ့ ကောင်းကင်ဘုံမန္တာန်ဟာ ကောင်းကင်ဘုံမူလစွမ်းအင်အများကြီး လိုအပ်တယ်။ ဒါ့ကြောင့် ငါသာ ကိုယ်ပွားတွေအများကြီး ဖန်တီးရင် ငါ့မူလစိတ်ဝိညာဉ်အပေါ် သက်ရောက်လိမ့်မယ်…။ ဒီဒုတိယမြောက်ကိုယ်ပွားက ငါ့အကန့်အသတ်ပဲ…”
ဝမ်လင်းသည် မျက်လုံးမှိတ်ကာ သူ့ကိုယ်ပွားပေါ်သို့ အာရုံစိုက်သည်။
ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြုကာ ဝမ်လင်းသည် ဟင်္သာပြဒါးဂြိုဟ်ပေါ်သို့ နောက်ထပ် ရောက်လာပြန်သည်။ သူသည် ချက်ခြင်းပင် ရှေးဟောင်းနတ်ဘုရားကုန်းမြေထံသို့ တန်းသွား၏။ သူသည် ဝင်ပေါက်၌ အသက်ခပ်ပြင်းပြင်း ရှုသွင်းပြီး အတွင်းသို့ ခြေချသည်။
ဝမ်လင်းသည် သူအမြုတေဖွဲ့တည်ခြင်းအဆင့်တုန်းကကဲ့သို့မျိုး သတိထားခြင်းမျိုးဖြင့် အခုတစ်ကြိမ်တွင် ချောက်နက်ကို ဖြတ်သန်းလာသည်။ သိပ်မကြာခင်တွင် သူသည် ပထမစမ်းသပ်မှုဝဲကတော့ထံ ရောက်ရှိလာသည်။ သူ့ညာလက်ကို ဆန့်ထုတ်၍ ဓားပျံတစ်လက်ကို ထုတ်ယူသည်။ သူသည် သူ့နတ်ဘုရားအာရုံကို ၎င်းဓားထဲသို့ ထည့်သွင်းကာ ဝဲကတော့ထဲသို့ ပျံသန်းသွားစေသည်။ ဓားဝင်ရောက်သွားသည်နှင့် သူသည် သဲမုန်တိုင်းတစ်ခုကို ထောက်လှမ်းမိပေသည်။
***