သတ်ဖြတ်ခြင်းစွမ်းအင်သည် ဦးခေါင်းဆယ့်ရှစ်ခေါင်းထဲမှ ဦးခေါင်းတစ်ခုထံသို့ တိုက်ရိုက်တိုးဝင်လာသည်။ ယင်းဦးခေါင်းမှာ ဝမ်လင်းအား သတ်ရန် ဆုံးဖြတ်ထားသော သတ်လတ်ပိုင်းလူ၏ဦးခေါင်းတည်း။
သတ်ဖြတ်ခြင်းစွမ်းအင်က ၎င်းဦးခေါင်းထံသို့ ကျရောက်ကာ ပေါက်ကွဲမှု ဖြစ်ပွားလေ၏။
ဤပြင်းထန်သောရိုက်ချက်က ဂျီချောင်ကို မရပ်တန့်ဘဲ မရ ဖြစ်သွားစေသည်။ ဝမ်လင်းသည် သူ့တိုက်ခိုက်မှု ရလဒ်ကိုပင် စောင့်နေဖို့ အချိန် မရှိ၊ သူက နောက်သို့သာ အမြန်ဆုတ်ရ၏။ တဒင်္ဂအချိန် အတွင်းမှာ သူသည် ဝဲကတော့နားသို့ ရောက်လာကာ အတွင်းသို့ ခြေလှမ်းလိုက်လေသည်။
သူ ပျောက်ကွယ်သွားခိုက် သူသည် ဂျီချောင်သားရဲထံ လှည့်ကြည့်လိုက်ရာ တုန်လှုပ်၍အံအားသင့်သွား မိလေ၏။
သက်လတ်ပိုင်းလူဦးခေါင်းရှိ မျက်လုံးထံမှ သွေးနက်များ စိမ့်ကျသွားသည်ကလွဲ၍ ၎င်းမှာ ကျန်တာ ထိခိုက်ပျက်စီးသွားခြင်း မရှိခဲ့ပေ။ ဂျီချောင်သားရဲ၏ ခန္ဓာကိုယ်မှာ တုန်ယင်မှုတော့ ဖြစ်သွား၏။ ၎င်း၏ ဦးခေါင်းဆယ့်ရှစ်ခုသည် မော့လာကာ အရင်ထက် အဆများစွာပြင်းသော ဟိန်းအော်သံကို ထုတ်ဖော်လာလေသည်။
ယင်းထူးဆန်းလှသည့် သားရဲကား သည်တစ်ကြိမ်တွင် အမှန်အကန် ဒေါသပုန်ထလေပြီ။
၎င်းဟိန်းသံ မြည်ဟည်းမှုကြောင့် ဝမ်လင်း ရှိနေသော ဝဲကတော့သည်ပင် မတည်မငြိမ် ဖြစ်သွားလေ၏။ဂျီချောင်သည် ဝမ်လင်းဝဲကတော့ အတွင်း ပျောက်ကွယ်နေခိုက်၌ ချက်ခြင်း ရောက်ရှိလာသည်။
ရှေးဟောင်းနတ်ဘုရား ကုန်းမြေ၏ ပထမစမ်းသပ်မှုကို သတ္တု၊သစ်သား၊မီး၊မြေကြီး ဟူ၍ ပိုင်းခြားထား၏။ အတိတ်တုန်းက ဝမ်လင်းသည် မြေကြီး စမ်းသပ်မှု အတွင်း ဝင်ရောက်ခဲ့ကာ ခါးကုန်းကြီးမုံ့ကို စွန်းစား၍ သတ်ခဲ့ဖူးပေသည်။ ယခုအခါ၌ သူသည် သတ္တုစမ်းသပ်မှုအတွင်းသို့ ဝင်ရောက်ခဲ့ပေ၏။
ဝဲကတော့ အတွင်းမှ လှမ်းထွက်လာသည်နှင့် ဝမ်လင်းရှေ့တွင် ပေါ်လာသည်က ဓါးသင်္ချိုင်း ဖြစ်နေသည်။ဓါးကျိုးများသည် မြေပြင်ထက်ရှိ နေရာအနှံ့တွင် ထိုးစိုက်လျက်၊ အကြည့်တစ်ချက်ဖြင့်ပင် ဤနေရာမှာ ဓါးများ ဖုံးလွှမ်းလျက် ရှိသည်ကို တွေ့နိုင်မည်ပေ။
ဝမ်လင်းအဖို့ သူ့ပတ်ဝန်းကျင်ကို လေ့လာနေရန် အချိန်မရှိရာ သူသည် ချက်ခြင်း လှမ်းထွက်လာရသည်။ တစ်ချိန်တည်းမှာ သူ့ညာမျက်လုံးသည် လင်းလက်ကာ မိုးကြိုးက သူ့ခန္ဓာကိုယ်အား ဝန်းရံထားပေးသည်။
သူက တုံ့ဆိုင်းမနေဘဲ အတင်း ထိုးထွက်လာပြီးနောက် သူ့နောက်ဘက်သို့ လက်ညွှန်လိုက်သည်။ သူ့အား ဝန်းရံနေသော မိုးကြိုးတို့မှာ လမ်းကြောင်းတစ်ခု ပွင့်သွားသည့်အလား သူ့နောက်ဘက်သို့ တိုးဝင်သွားတော့သည်။
ဤအခိုက်အတန့်တွင် သူ့နောက်ဘက်ရှိ နက်မှောင်သော ကောင်းကင်မှာ တွန့်လိမ်ကုန်၏။ ဝမ်လင်းနောက်ကနေ လိုက်လာသော ဂျီချောင်သားရဲနှင့် ဝမ်လင်း ပစ်လွှတ်လိုက်သည့် မိုးကြိုးတို့မှာ ထိပ်တိုက်တွေ့သွားတော့သည်။
ဂျီချောင်က ဟိန်းသံပေး၍ မိုးကြိုးကို လစ်လျူရှုထားသည်။ နီရဲရဲ မျက်လုံးအစုံ ဆယ့်ခုနှစ်ခုသည် ဝမ်လင်းကို စူးရဲစွာ ကြည့်လာ၏။
သို့ရာတွင် ဝမ်လင်း၏ မိုးကြိုးစွမ်းအားသည် လျော့တွက်၍ ရနိုင်သည် မဟုတ်။မိုးကြိုးစွမ်းအား ဂျီချောင်ထံသို့ ကျရောက်သွားခိုက် ၎င်းအဖို့ သူ့အမြန်နှုန်းကို မြင့်စေရန် လုံးဝ မဖြစ်န်ုင်တော့ချေ။
ဝမ်လင်းသည် ဆက်ပျံသန်းနေရင်း သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ပြုလုပ်၏။ ထိုအခါ ဤလေဟာနယ်နေရာတွင် မိုးကြိုးတို့ ပေါ်လာ၏။ ယင်းတို့က ဝမ်လင်း လက်ချောင်းများကြား တလက်လက် ဖြစ်၍ ဂျီချောင်ထံ ဝုန်းဒိုင်းကြဲ ကျရောက်သွားသည်။
ဂျီချောင်သည် ဆက်တိုက် ဟိန်း၏။ ၎င်း၏ဦးခေါင်းတို့မှာ အဆမပြတ် မန္တာန်ရွတ်ဆိုနေရင်း မရေမတွက်နိုင်သော မန္တာန်တို့သည် ဝမ်လင်းထံ တိုးဝင်လာလေသည်။ ယင်းအခိုက်အတန့်တွင် ဝမ်လင်းရှေ့၌ တိမ်နက်ထု ပေါ်ထွက်လာသည်။ ၎င်းတိမ်နက်ထုက အနက်ရောင်လျှာအဖြစ်ပြောင်းကာ သူ့ထံသို့ သပ်ချလာသည်။
ဝမ်လင်း၏ မျက်နှာသည် အနည်းငယ် ဖြူရော သွားသည်။ သူ့မျက်လုံးထဲ၌ အေးစက်မှုတို့ ပြည့်သွား၏။
သူ့ညာလက်ကို လေဟာနယ်ထဲသို့ ညွှန်ကာ လေဆင့်ခေါ်ခြင်း မန္တာန်ကို အသုံးပြုသည်။ လေတိုးသံများက ကောင်းကင်ယံတဝက်ထိ ခြုံလွှမ်းကာ လေပြင်းတို့မှာ နဂါးနက်လေးကောင် အဖြစ်သို့ ပြောင်း၍ အနှီအနက်ရောင်လျှာထံသို့ တိုးဝင်သွားလေသည်။
တုန်ဟိန်းသံများ ပဲ့တင်ထပ်၏။ ဖိသိပ်လှိုင်းမှာ ပျံ့လွင့်သွားသည်။ ဝမ်လင်းသည် ထိပ်တိုက်တွေ့မှုကနေ ဖြစ်ပေါ်လာသည့် တုန်ခါလှိုင်းကို ဘေးတစ်ဖက်သို့ လှမ်း၍ ရှောင်သည်။ထို့နောက် သူ့ညာလက်ဖြင့် ချိပ်ဟန်များ ထပ်မံ ဖြစ်စေရာ မိုးကြိုးများ ထပ်၍ ထွက်ပေါ်လာသည်။ မီးတောက်ပင်လယ်ကပါ မိုးကြိုးနှင့်အတူ ပေါ်ထွက်လာချေ၏။
ဂျီချောင်သည် မာန်သွင်းဟစ်အော်၏။ အပြာရောင်ဆံပင်နှင့်လူတစ်ယောက် ဦးခေါင်း၏ မျက်လုံးတို့သည် အေးစက်လာကာ သူသည် သူ့ပါးစပ်ကို ဟ၍ ထွေးထုတ်သည်။ အပြာရောင်အလင်းတန်းတစ်ခု ပေါ်လာကာ ယင်းဦးခေါင်းရှေ့တွင် ရေငွေ့ဖွဲ့လာသည်။ ရေငွေသည် ချက်ခြင်းပင် ဖောင်းကြွကာ ရေမြောက်များစွာ ပေါ်လာလေသည်။ ၎င်းသည် ကောင်းကင်အနှံ့ ဖြန့်ကျက်ကာ ပင်လယ်ပြင်ကဲ့သို့ ဖြစ်ပေါ်လာတော့သည်။
ဝမ်လင်း၏မိုးကြိုးနှင့်မီးတို့သည် ယင်းပင်လယ်ကိ ထွင်းဖောက်လာချိန်တွင်တော့ ကောင်လေးဦးခေါင်းမှာ အေးစက်စက်စွမ်းအင်များကို မှုတ်ထုတ်လာပြန်၏။
ဤအအေးစွမ်းအင်မှာ လောကကိုပါတုန်ယင်စေနိုင်လောက်အောင် အေးစိမ့်၏။ အစောပိုင်းက ဖြစ်ပေါ်ခဲ့သော ပင်လယ်ပြင်ထံမှ အက်သံများ ထွက်လာ၏။ ထို့နောက် ယင်းပင်လယ်ပြင်ကို ရေခဲပြင်အသွင် အေးခဲသွားစေသည်။
ပင်လယ်ပြင်အတွင်းရှိ မိုးကြိုးတို့မှာလည်း အေးခဲရ၏။ ဒေါသပုန်ထနေသည့် မီးတောက်များပင် ဤရေခဲပြင်အတွင်း ငြိမ်သက်သွားလေသည်။
ထိုမျှသာဆိုလျှင် တုန်လှုပ်ဖွယ် မကောင်းလှသေးပါ။ သို့သော် အအေးစွမ်းအင်သည် နေရာတိုင်းကို ခဲသွားနိုင်ဟန် ရ၏။ ဝမ်လင်းသည် အဘက်ဘက်မှ တိုးဝင်လာသည့် အအေးစွမ်းအင်ကို ကောင်းစွာ ခံစားရမိသည်။ သူသည် သူ့ဘေးပတ်လည်မှ အအေးစွမ်းအင် ပေါ်ထွက်လာသည်ကို သတိပြုမိ၏။
ဝမ်လင်းသည် သူ့တသက်လုံး တိုက်ခိုက်မှုများဖြင့် ဖြတ်သန်းလာသည့်သူဖြစ်ရာ အတွေ့အကြုံရင့်နေပေပြီ။ ထို့ကြောင့် သူသည် တစ်စက်မျှ ထိပ်ပျာသွားခြင်း မရှိ။ သူ့ခန္ဓာကိုယ်သည် အနီရောင် ဖျပ်ခနဲ လင်းကာ သူ့ဘေးပတ်လည်တွင် ဟင်္သာငှက်ချပ်ဝတ် ပေါ်လာချေ၏။ ဝမ်လင်းကား မာန်သွင်း၏။ သူသည် ပေါ်လာချိန်၌ ရေခဲလွှာကို တိုက်ရိုက် တိုးဝင်သည်။
ပါးလှပ်သောလေထုထံမှ တစီစီအသံများ ထွက်ပေါ်လာသည်။ ရေခဲသည် ဝမ်လင်းရှေ့ မရောက်ခင်မှာပင် အရည်ပျော်ကျသွားခဲ့ရပေပြီ။ ထို့အတွက်ကြောင့် ဝမ်လင်းသည် သူ့ဘေးပတ်လည်ရှိ ရေခဲထုကို ဖြတ်သန်းသွားနိုင်တော့သည်။
ထို့နောက် ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်ရာ မိုးကြိုးတို့ နောက်တစ်ချီ ထွက်ပေါ်လာပြန်သည်။ သည်တစ်ကြိမ်၌ သူသည် ၎င်းကို ဂျီချောင်တို့ထံ ပစ်လွှတ်ခြင်းမပြု၊ ထိုအစား ဓားသင်္ချိုင်းထံသို့သာ တိုးဝင်သွားစေသည်။
ချက်ခြင်းလိုလိုပင် မိုးကြိုးမှာ မြေပြင်ထက်သို့ ကျဆင်း၏။ တုန်ဟည်းသံတို့ မြည်လေသည်။ မိုးကြိုးသည် ပျံနှံ့ကာ ဓားကျိုးအားလုံးပေါ်သို့ သက်ရောက်သည်။ ဓားများသည် မိုးကြိုးကို ဓာတ်စီးကာ မြန်ဆန်စွာ ပြန့်နှံ့သည်။ သိပ်မကြာခင်တွင် ပေတစ်သောင်းဧရိယာအတွင်းရှိ ဓားများအားလုံးသည် မိုးကြိုးနှင့် ခြုံလွှမ်းလေ၏။
ပေါက်ကွဲသံတစ်ချက်နှင့်အတူ ဝမ်လင်းတို့သည် သူ့လက်ကို ပင့်မြှောက်သည်။ ဂျီချောင်လည်း ပေတစ်သောင်းအတွင်း ရှိနေ၏။ မြေပြင်ထက်ရှိ ဓားများအားလုံးမှာ မိုးကြိုးတို့ကြောင့် သက်ရောက်ခြင်း ခံရကာ ကြွတက်လာ၏။
ဤဓားများသည် ဓားမိုးကဲ့သို့ မိုးကြိုးခွန်အားကို သယ်ဆောင်ကာ ဂျီချောင်ထံသို့ ကျဆင်းလာချေသည်။
အေးစက်မှုတို့ ဝမ်လင်း၏မျက်လုံးထဲ၌ ပေါ်လာသည်။ ဂျီချောင်သည် သူ့ကို သတ်လိုစိတ် ရှိမှတော့ ဝမ်လင်းသည် ၎င်းကို ပြန်သတ်ရန် အလျော့ပေးတော့မည် မဟုတ်ပါ။
သို့သော် သူ့လက်ရှိကျင့်ကြံမှုအဆင့်ဖြင့် ဂျီချောင်ကို သတ်ဖို့က အတော်လေး ခက်ခဲပေလိမ့်မည်။ သူ့အမြန်နှုန်းကြောင့်သာ မဟုတ်ပါက ဂျီချောင်သည် သူ့အား မှီလာကာ ဝါးမြိုပစ်နေလောက်ပေပြီ။
သူ သေဆုံးခဲ့ပါက သူသည် ကိုယ်ပွားအဖြစ် ဤနေရာတွင်ရှိကာ သူ့မူလခန္ဓာကိုယ်အပေါ် များစွာ သက်ရောက်မှု ရှိမည် မဟုတ်သော်လည်း သူ့အဖို့ သည်နေရာသို့ လာရောက်ခြင်းမှာ ထာဆန်၏ခွန်အားကို တွေ့မြင်ရန် ဖြစ်သည်။ ထို့ကြောင့် သူသည် ဤနေရာတွင် သေဆုံးဖို့ ဆန္ဒမရှိပေ။
ဤအခိုက်အတန့်၌ မြေပြင်ထက်ရှိ ဓားများအားလုံးသည် ဂျီချောင်ထံသို့ တိုးဝင်လာပေပြီ။ ဝမ်လင်းက အလျင်အမြန် နောက်ဆုတ်၏။ သူက ထိုသို့ နောက်ဆုတ်ရုံသာမဟုတ် သူ့လက်ကို လှုပ်ရှားရာ မြေပြင်ထက်ရှိ မိုးကြိုတို့ထံ ညွှန်သည်။ မိုးကြိုးတို့ တလက်လက် ဖြစ်တိုင်း တုန်ဟိန်းသံတို့ မြည်ဟည်းကာ မရေမတွက်နိုင်သောဓားများကို လေထဲသို့ မြောက်တက်လာစေတော့သည်။
ဝမ်လင်းသည် မြန်သထက်မြန်အောင် လှုပ်ရှားနေရင်း ကီလိုမီတာငါးထောင်အတွင်းရှိ ဓားအားလုံးနီးပါး လေထဲသို့ မြောက်တက်နေပေပြီ။ မိုးကြိုးသည်ကား ဓားများကို ခြုံလွှမ်း၏။
ဓားမိုး…။
“ဓားမိုး…” သည်မြင်ကွင်းက ဤစကားဖြင့်သာ ဖော်ပြရန် သင့်တော်ပေမည်။
ဓားကျိုးများမှာ သံချေးများ ဖုံးနေ၏။ သို့သော် မိုးကြိုးကြောင့် ယင်းသံချေးအားလုံးသည် ကွာကျကုန်သည်။ ဝမ်လင်းရှေ့ရှိ မရေမတွက်နိုင်သော တောက်ပသည့်ဓားများသည် ဂျီချောင်ထံသို့ တိုးဝင်သွားလေ၏။
ဤဓားများသည် မြန်သထက်မြန်လာ၏။ ဓားနှင့်မိုးကြိုး စွမ်းအင်တို့သည် ပျံ့လွင့်ကာ အရပ်မျက်နှာအနှံ့ကနေ ဂျီချောင်ထံသို့ တိုးဝင်လာတော့သည်။ ဂျီချောင်သည် ဒေါသတကြီး ဟိန်းဟောက်၏။ ၎င်း၏ ဦးခေါင်းဆယ့်ရှစ်ခုသည် မန္တာန်များ ရွတ်ဆိုလေ၏။ ခေါင်းဆယ့်ရှစ်လုံးသည် မန္တာန် ရွတ်နေကြရင်း အနက်ရောင်စာလုံးများမှာ ဦးခေါင်းတစ်ခုခြင်းစီ ရှေ့တွင် ပေါ်လာသည်။
ပိုပိုများပြားသည့် စာလုံးများ ပေါ်လာနေ၏။ စာလုံးများသည် ၎င်း၏ခန္ဓာကိုယ်အား ဖုံးအုပ်ပေးသည့် အလင်းဒိုင်းတစ်ခု ဖြစ်ပေါ်သည်။ ဤအခိုက်အတန့်၌ ဓားမိုးများ ကျရောက်လာခဲ့ပေပြီ။
ဘန်း…ဘန်း…ဘန်း…ဘန်း…။
ဓားများသည် အလင်းဒိုင်းနှင့် အရူးအမူး ထိပ်တိုက်တွေ့လေပြီ။ အလင်းဒိုင်းမှာ ပျက်စီးသွားခြင်းမရှိခဲ့ပါက ဓားများသည် တစစီဖြစ်ကာ ပျက်စီးပေလိမ့်မည်။ တကယ်တော့ ယင်းဓားများသည် နောက်မဆုတ်တမ်း စိတ်ဆန္ဒကို ဆောင်ကြဉ်းလာသည် မဟုတ်လော။
ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။
ဓားများ တစ်လက်ပြီးတစ်လက် လွင့်ထွက်ကာ ပျက်စီးနေ၏။ သို့ရာတွင် အခြားဓားများက သည်ပျက်စီးပြီးဓားမှုန့်ဓားမွှားများကို ထွင်းဖောက်ကာ ဒိုင်းနှင့် ထိပ်တိုက် ဆက်တွေ့သည်။ ဤဖြစ်စဉ်မှာ အနည်းဆုံး အသက်ရှုချိန် အတော်အတန် ကြာလေ၏။
အလင်းမျက်နှာပြင်သည် တဖြည်းဖြည်း တုန်ယင်လာကာ အနက်ရောင်အလင်းတို့ တဖျပ်ဖျပ် ထုတ်လွှတ်လေ၏။ အလင်းမျက်နှာပြင်မှာ ပျက်စီးမည့် အရိပ်အယောင် ပြသလာသည်။ သို့သော် တိုးဝင်လာသည့် ဓားပမာဏမှာလည်း များစွာ လျော့ကျလာခဲ့ပေပြီ။ ဝမ်လင်းက ဤသို့ အဘယ် အဖြစ်ခံပါ့မည်နည်း ။ သူက သူ့လက်ကို လှုပ်ရှား၍ ပိုဝေးသည့် နေရာများသို့ မိုးကြိုးတို့ကို ပို့လွှတ်ပြန်သည်။
ထိုအခါ ပထမဆုံးဓားလှိုင်း ပျက်စီးသွားသွားခြင်းမှာ ဒုတိယဓားလှိုင်းသည် ကောင်းကင်ကို ဖုံးအုပ်၍ အောက်သို့ ကျဆင်းလာပြန်သည်။
သို့ရာတွင် ဤအခိုက်အတန့်၌ အလင်းမျက်နှာပြင်အတွင်းကနေ ဟိန်းသံ တစ်ခု ထွက်ပေါ်လာ၏။ အလင်းမျက်နှာပြင်သည် ဝေဝါးကာ မီး လှစ်ပေါ်၏။ ခေါင်းဆယ့်ရှစ်လုံးကြားမှ သက်လတ်ပိုင်းလူဦးခေါင်းသည် မီးပမာဏများစွာကို ထွေးထုတ်လာသည်။ ဤမီးတို့ကား နီမနေဘဲ ရွှေရောင် ဖြစ်နေချေ၏။
သည်ရွှေရောင်မီးများက အလင်းမျက်နှာပြင်ကနေ ထိုးထွက်၍ ကောင်းကင်တစ်ခွင် ဖြန့်ကျက်သည်။ မီးအပူစွမ်းအင်က တိုးဝင်လာသည့် ဓားများကို အရည်ပျော်သွားစေဖို့ရာ လုံလောက်ချေသည်။
မီးများကို တွေ့မြင်သည့်အခါ ဝမ်လင်းသည် မတုန်လှုပ်မိသည့်အပြင် သူသည် ပျော်၍ပင် သွား၏။ အနည်းငယ်ချီတုံချတုံ ဖြစ်ပြီးနောက် ဝမ်လင်း၏ မျက်လုံးထဲ၌ ပြတ်သားဟန်တို့ လှစ်ပေါ်သည်။
“ဒါက အခွင့်အရေးပဲ…” မီးသည် ဝမ်လင်း၏ ဘယ်မျက်လုံးထဲ၌ ပေါ်လာကာ သူ့တစ်ကိုယ်လုံးကို ခြုံလွှမ်းသည်။ သူသည် လှမ်းအော်ဟစ်၏။ “ဆန်းကြယ်ကိုးခု မန္တာန်၊ မီးလွတ်မြောက်ခြင်း…”
ဝမ်လင်းအဖို့မှာ ဘယ်မီးကမှ သူ့အတွက် အကန့်အသတ် မဟုတ်။ သူသည် မီးတောက်အသွင်ပြောင်းကာ ပျောက်ကွယ်သွားတော့၏။ ထို့နောက်တွင် သူက ရွှေရောင်မီးတောက်အတွင်းရှိ ဂျီချောင်နှင့် ပေသုံးဆယ်အတွင်း ပြန်ပေါ်လာသည်။
သူက ထွက်ပေါ်လာသည်နှင့် အပူကို ခံစားမိ၏။ သူသည်ပင် ယင်းအပူကို အနည်းငယ် တောင့်မခံနိုင်သကဲ့သို့ ခံစားမိသေး၏။ သို့သော် သူသည် အံတင်းတင်းကြိတ်ကာ ရှေ့တည့်တည့် ထပ်တိုးသည်။
ဤတစ်ကြိမ်တွင် သူသည် သက်လတ်ပိုင်းလူဦးခေါင်း အထက် ဆယ်ပေအကွာတွင် ပေါ်လာပေပြီ။
ဝမ်လင်း မျက်လုံးထဲ၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ဖြစ်ပေါ်လာ၏။ သူက သူ့ညာလက်ကို ပင့်မြှောက်ရာ သံဓား ပေါ်လာသည်။ ယင်းသံဓားမှာ သံချေးများစွာ တက်နေသေး၏။ ၎င်းဓားပေါ်လာချိန်၌ ဓားစမ်းသပ်ကွင်းအတွင်းရှိ ဓားများအားလုံး တုန်ယင်ရပေသည်။
ဝမ်လင်းခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်သည် သံဓားထံသို့ တိုးဝင်ကာ တလက်လက် တောက်ပသည်။ မူလစွမ်းအင်သည် ကောင်းကင်ယံပင် တုန်လှုပ် မင်သက်ဖွယ်လောက်စေသော ဓားရိုက်ချက်အဖြစ်သို့ ပြောင်းလဲသွားချေ၏။
ဓားချက်သည် ကျဆင်း၏။ သွေးများ နေရာအနှံ့သို့ ပန်းထွက်ကုန်သည်။ ပေါက်ကွဲသံတစ်ခုနှင့်အတူ ဦးခေါင်းဆယ့်ရှစ်ခု၏ လည်တိုင်တစ်ခုပေါ်တွင် သွေးကြောင်းတစ်ခု ပေါ်လာပေပြီ။ သက်လတ်ပိုင်းလူဦးခေါင်းမှာ မယုံကြည်နိုင်ဟန် အကြည့် ဖြစ်ပေါ်ကာ ခေါင်းပြတ်သွားတော့သည်။
တုံ့ဆိုင်းမနေဘဲ ဝမ်လင်းက သူ့ဓားမျာကို ပြန်ရုတ်သိမ်း၍ တဟုန်ထိုး ထိုးထွက်သည်။ သူသည် ခေါင်းပြတ်ကို ဆုပ်ကိုင်ကာ မီးများကို အသုံးချ၍ လွတ်မြောက်အောင် လုပ်သည်။ ထို့နောက် သူက ပေတစ်သောင်းအကွာတွင် ပေါ်လာတော့သည်။ သူသည် နောက်ပင်လှည့်မကြည့်ဘဲ အလျင်အမြန် ထွက်ခွာလေ၏။
***