ဤအခိုက်အတန့်၌ ဝမ်လင်းသည် သူ့ခန္ဓာကိုယ်ထဲ၌ အေးစိမ့်မှု ပြည့်လာသည်ဟု ခံစားမိသည်။ သူသည် အန္တရာယ်က သူ့အား ဝန်းရံလာသည်ဟု ခံစားမိခြင်းပင်။ သို့သော် သေခြင်းရှင်ခြင်း အခြေအနေများကို များစွာ တွေ့ကြုံပြီးသူ ဝမ်လင်း၏ စိတ်သည် ခိုင်မာနေပေပြီ။ သူက တည်ငြိမ်စွာ ရှိနေနိုင်၏။ သူသည် နောက်ဆုတ်တာ၊ထွက်ပြေးတာ မလုပ်မိဘဲ မားမားရပ်နေသည်။
သူက ဤသန်မာတုတ်ခိုင်သည့်လူနှင့်တူသည့် ကြမ်းကြုတ်သည့်သားရဲကို စူးစိုက်ကြည့်နေရင်း တစ်ခုခုကို အမှတ်ရသွားသည်။
ဝမ်လင်း၏ စိတ်ထဲ၌ ရှေးဟောင်းနတ်ဘုရားထူစီ၏ မှတ်ဉာဏ်များ တဖျပ်ဖျပ် ဖြစ်ပေါ်သွားသည်။ “ ဂျီချောင်သားရဲ…”
သည်သားရဲကို မည်သည့်သားရဲမှန်း သိရှိသွားသည့်နောက် ဝမ်လင်းနှဖူးထက်၌ ချွေးစေးများ ပြန်လာသည်။ သူ့ကျင့်ကြံမှုအဆင့်၊ ဥပဒေသအပေါ်နားလည်မှုနှင့် အတွေ့အကြုံများပြားလာမှုကြောင့် ဝမ်လင်းသည် ဤလောကတွင် ကျင့်ကြံသူများသည် အသန်မာဆုံးများ မဟုတ်မှန်း နားလည်ခဲ့ပေပြီ။ အချို့ ဖော်ပြနိုင်စွမ်းမဲ့လောက်အောင် အစွမ်းထက်လှသည့် သားရဲအချို့ တည်ရှိနေပေသည်။
အချို့သားရဲမျိုးဆိုပါက ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရားတစ်ပါးပင် သွားရောက် မစော်ကားဝံ့ကြချေ။ ဥပမာ ဝမ်လင်း မှတ်ဉာဏ်အတွင်း၌ ပြန်တွေးမိသည့် ခြင်သားရဲအုပ်နှင့် အခြားသားရဲများပင်။၊
ဝမ်လင်းသည် ရှေးဟောင်းနတ်ဘုရားထူစီထံမှ အမွေဆက်ခံခဲ့ရသည့် မှတ်ဉာဏ်ထဲရှိ မြင်ကွင်းတစ်ခုကို ပြန်မြင်ယောင်လာမိသည်။
ဤမြင်ကွင်းထဲ၌ ပေရာချီရှိသည့် ပုံရိပ်တစ်ခုသည် တဖြည်းဖြည်း ပျံသန်းလာနေ၏။ ထိုပုံရိပ်မှာ ကြီးမားလှခြင်းတော့ မရှိ။ သို့သော် ၎င်းပုံရိပ်၏ လည်တိုင်နှင့် ချိတ်ဆက်နေသော အကိုင်းအခတ်(၃၆)ခုနှင့် ဦးခေါင်း(၃၆)လုံးတို့ ရှိနေလေသည်။ သေချာကြည့်ပါက ယင်းအကိုင်းအခတ်သည် ပေတစ်သောင်းလောက်ထိ ရှည်လျားပေမည်။
ထို့အတွက်ကြောင့် ယင်းသို့ ထူးဆန်းသည့်သားရဲ၏ ခန္ဓာကိုယ်မှာ မပြောပလောက်ပေ။၎င်းက ခရမ်းရောင်ဂြိုဟ်တစ်ခုကနေ ပျံသန်းထွက်လာကာ ဟိန်းသံပြုသည်။
ထိုဟိန်းသံမှာ ခေါင်း(၃၆)လုံးထံမှ စုပေါင်းထွက်လာသည့်ဟိန်းသံ မည်သည်။ ဟိန်းသံမှာ ကောင်းကင်ယံပင် တုန်ခါစေနိုင်သည်။ ဟင်းလင်းပြင်သည်ပင် ၎င်းဘာသာ ဟိန်းသံကြောင့် ပျက်စီးရသည်။
ထိုသားရဲက ဟင်းလင်းပြင်ကို ဟိန်းဟောက်ခြင်း မဟုတ်။ သို့သော် ၎င်းနှင့် သိပ်မဝေးသောနေရာရှိ ဧရာမရှေးဟောင်းနတ်ဘုရားတစ်ပါးကို ဟိန်းဟောက်လိုက်ခြင်း ဖြစ်သည်။
ကြယ်များကြား၌ ရှေးဟောင်းနတ်ဘုရားတစ်ပါးကို ဤသို့ ဟိန်းဟောက်ဝံ့သော သားရဲ များများစားစား ရှိမနေပေ။ တိုက်ခိုက်ရဲသည့်သားရဲမျိုးဆို သာ၍ပင် နည်းပါးဦးမည်။ ဤဦးခေါင်း(၃၆)လုံးနှင့် ဂျီချောင်ကတော့ ဟိန်းသံပြုရင်း ရှေးဟောင်းနတ်ဘုရားထံ တရကြမ်း တိုးဝင်လာတော့သည်။
ဝမ်လင်း ပြန်တွေးမိသည့် မြင်ကွင်းမှာ ဤနေရာတွင် အဆုံးသပ်သွားလေ၏။ ဝမ်လင်းက အခု သူ့ရှေ့ရှိ ဂျီချောင်သားရဲကို ကြည့်ကာ နောက်သို့ ညင်သာစွာ ပြန်ဆုတ်သည်။
ချီချောင်၏ ဦးခေါင်းများထဲမှ တစ်ခုက တုံ့ဆိုင်းကာ ချီတုံချတုံဖြစ်လာ၏။ ၎င်းက ဝမ်လင်းကို ကြည့်လာသည်။
ဝမ်လင်းသည် သတိထားကာ နောက်သို့ ခြေတစ်လှမ်း ထပ်ဆုတ်သည်။ ထူစီ၏မှတ်ဉာဏ်များမှ တစ်ဆင့် အနှီဂျီချောင်သားရဲမှာ အလွန်အစွမ်းထက်မှန်း ဝမ်လင်းက သိထားပေသည်။ ဝမ်လင်းသည် အခုလက်ရှိ သူ့ကျင့်ကြံမှုအဆင့်ဖြင့် ၎င်းသားရဲကို အနိုင်ရဖို့ ခက်ခဲမှန်း ဝန်ခံရပေမည်။ ထို့ကြောင့် သူသည် နောက်သို့ ဆုတ်ရန်သာ ရှိလေတော့၏။
ဝမ်လင်းက သတိထား၍ နောက်သို့ ဖြည်းဖြည်းခြင်းသာ ဆုတ်၏။သူသာ အမြန်ဆုတ်ပါက အနှီကြမ်းကြုတ်သည့်သားရဲမှာ သူ့နောက်သို့ ချက်ခြင်း လိုက်ပါလာမည် ဖြစ်သည်။
“ဒီသားရဲကသာ ငါ့မူလခန္ဓာကိုယ်ရဲ့ ရှေးဟောင်းနတ်ဘုရားသားရဲ ဖြစ်လာခဲ့မယ်ဆိုရင် ငါ့မူလခန္ဓာကိုယ်ရဲ့ ခွန်အားကို အများကြီး မြင့်တက်သွားစေမှာ…။ဒါပေမယ့် ခုတော့ ကံမကောင်းစွာနဲ့…”
ဝမ်လင်းသည် နောက်သို့ ဖြည်းဖြည်းခြင်း ဆုတ်နေရင်း ဂျီချောင်၏ ဦးခေါင်းဆယ့်ရှစ်ခုက ဖြည်းဖြည်းခြင်း ပြန်ငုံ့သွားကာ အလောင်းအကြွင်းအကျန် ခန္ဓာကိုယ်များကို ဆက်လက် ဝါးနေသည်။ ထိုအခါ ကျယ်လောင်သောနှာမှုတ်သံများကို ဖြစ်စေ၏။
သို့သော် အလောင်းကောင်ကို ခေါင်းငုံ့၍ ဝါးမြိုခြင်း မရှိသည့် ဦးခေါင်းတစ်ခု ကျန်နေ၏။ ၎င်းက ဝမ်လင်းကိုသာ စူးစိုက်ကြည့်နေသည်။ ဝမ်လင်းသည် နောက်သို့ ဖြည်းဖြည်းခြင်း ဆုတ်နေရင်း ယင်းဦးခေါင်းသည် မြွေတစ်ကောင်ကဲ့ လှုပ်ခတ်ကာ ၎င်း၏ လျှာကို သပ်သည်။
ယင်းဦးခေါင်းမှာ သက်လတ်ပိုင်းလူတစ်ယောက်၏ ဦးခေါင်းဖြစ်၏။ သူ့ဆံပင်များက ရှုပ်ပွနေကာ သွေးများ ပါးစပ်ထောင့်ကနေ စီးကျနေသည်။ ၎င်းက ၎င်း၏ပါးစပ်အတွင်းရှိ အသွေးအသားကို မြည်းစမ်းနေရင်း ဝမ်လင်းအား စူးစိုက်ကြည့်နေသည်။
ဝမ်လင်း နောက်သို့ ခြေဆယ်လှမ်းခန့် ဆုတ်ပြီးသည့်နောက် ကျန်သည့်ဦးခေါင်း(၁၇)ခုမှာ အောက်ငုံ့သွားကြပေပြီ။ သို့သော် သက်လတ်ပိုင်းလူ၏ ဦးခေါင်း၏ မျက်လုံးက လက်ခနဲ ဖြစ်ကာ သူသည် ပုတ်သိုးသည့်အသားကို ထွေးထုတ်လိုက်၏။
ဝမ်လင်းက နောက်သို့ ခြေလှမ်းလှမ်းကာ အလင်းတန်းအဖြစ် ပြောင်း၍ ချက်ခြင်း ပြေးတော့၏။ သူ လှုပ်ရှားလိုက်သည်နှင့် သက်လတ်ပိုင်းလူဦးခေါင်းက စူးစူးရှရှ ဟစ်အော်၏။
ထိုအော်သံကြောင့် မြောလွင့်နေသည့် ကျောက်စကျောက်နများပါ ချက်ခြင်း ပျက်စီးကုန်သည်။
တစ်ချိန်တည်းမှာ ကျန်သည့်ဦးခေါင်း(၁၇)ခုသည် ရုတ်တရပ် ခေါင်းမော့လာကာ ဝမ်လင်းကို စူးစိုက်ကြည့်သည်။ ထို့နောက် ၎င်းတို့က အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းကာ အံ့မခန်းအရှိန်ဖြင့် ဝမ်လင်း နောက်သို့ လိုက်သည်။
ဝမ်လင်းအသွင်က သုန်မှုန်သွား၏။ သူသည် မူလက ၎င်းသားရဲကို မနှောက်ယှက်ချင်ခဲ့ပေ။ သို့သော် ခုချိန်၌ ၎င်းသားရဲက သူ့ထံသို့ နီးသထက် နီးလာခဲ့ချေပြီ။
သူသည် ဤရှေးဟောင်းနတ်ဘုရား၏ခန္ဓာကိုယ်အတွင်း၌ ဟင်းလင်ပြင်ကွေးညွတ်ခြင်းကို အသုံးမပြုနိုင်၊ သို့သော် တည်နေရာရွှေ့ပြောင်းနိုင်ပေ၏။ ဝမ်လင်း၏ခန္ဓာကိုယ်က ဖျပ်ခနဲ ပျောက်ကွယ်လို့သွားသည်။
သို့ရာတွင် သူ ပျောက်ကွယ်သွားခြင်းခြင်း သူ့နောက် လိုက်လာသည့် ဂျီချောင်မှာလည်း ပျောက်ကွယ်သွားတော့၏။
ဝမ်လင်း လေဟာနယ်အတွင်းကနေ လှမ်းထွက်လာချိန်၌ သူ့အသွင်မှာ ပြောင်းလဲသွား၏။ သူက ဘေးတစ်ဖက်သို့ အမြန် ချေချလိုက်သည်။ ပေါက်ကွဲသံတစ်ခုနှင့်အတူ ပေတစ်ရာရှည်လျားသည့် ဓားစွမ်းအင်တစ်ခုက သူ့အား ဖြတ်ကျော်လို့သွား၏။
ခပ်ပြင်းပြင်း လေတိုးသံသည်ပင် သူ့မျက်နှာသို့ ရိုက်ခတ်သွားသေး၏။ ဝမ်လင်းက နောက်သို့ ချက်ခြင်း လှည့်ကြည့်၏။ သည်ဂျီချောင်ကလည်း ဝမ်လင်းကဲ့သို့ တည်နေရာရွှေ့ပြောင်းကာ လိုက်လာကာ ၎င်း၏ပါးစပ်များထဲမှ တစ်ခုထံကနေ ဓားစွမ်းအင်ထွက်လာခဲ့ခြင်း မည်၏။
၎င်းသားရဲ၏ ဦးခေါင်းဆယ့်ရှစ်ခု၏ မျက်လုံးများထံမှ သွေးဆာမှုတို့ ဖြစ်ပေါ်လာ၏။ ၎င်းတို့သည် ဝမ်လင်းကို စူးစိုက်ကြည့်ရင်း တဟုန်ထိုး ဝင်ရောက်လာသည်။ ၎င်းတို့က ဝမ်လင်းကို ဝါးမြိုကာ သူ့လတ်ဆတ်သည့်အသွေးအသားကို အရသာခံချင်နေဟန် တူ၏။
ဝမ်လင်းအသွင်မှာ အတော်လေးကို သုန်မှုန်နေပေပြီ။ သူက ချက်ခြင်း တည်နေရာရွှေ့ပြောင်းသည်။ ဂျီချောင်သားရဲက မာန်သွင်းကာ အမြန်လိုက်၏။ လူနှင့်သားရဲတို့သည် ဤလေဟာနယ်နေရာအတွင်း ဆက်တိုက် တည်နေရာရွှေ့ပြောင်းနေကြပေသည်။
ဂျီချောင်သည် အလွန်မြန်၏။ သူသာ တည်နေရာရွှေ့ပြောင်းခြင်း မပြုပါက ၎င်းကို အမြန်နှုန်းတွင် ယှဉ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သို့သော် ဝမ်လင်းက သတိမပြတ် ရှိ၏။ သူက ပေါ်လာသည်နှင့် ချက်ခြင်း တည်နေရာ ရွှေ့ပစ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်ကြား အကွာအဝေးကို ထိန်းထားနိုင်သွားသည်။
ဂျီချောင်၏ ဟိန်းဟောက်သံများက ပို၍ ဒေါသထွက်လာနေသည်ကို ပြသ၏။ ဦးခေါင်းများထဲမှ တစ်ခုသည် အဘွားအိုတစ်ယောက်၏ ဦးခေါင်းဖြစ်ကာ ၎င်းဦးခေါင်းက သူမ၏လျှာထိပ်ကို ကိုက်ကာ ညှီစို့စို့သွေးကို ထွေးထုတ်သည်။
သွေးသည် ရွှေ့လျားလာကာ သွေးစာလုံးနှစ်ခုအဖြစ်သို့ ပြောင်းသည်။ တစ်ခုက လေထဲသို့ ပျံတက်၍ တစ်ခုသည် မြေကြီးထက်တွင် ပျံဝဲသည်။ သည်အခိုက်အတန့်၌ သွေးအလင်းလှိုင်းတစ်ခု ပေါ်လာကာ ကောင်းကင်နှင့်မြေကြီးကို ချိပ်ပိတ်လေသည်။
သည်ချိပ်ပိတ်ဧရိယာအတွင်း တည်နေရာရွှေ့ပြောင်းခြင်းအားလုံးမှာ သတ္တုပြားတစ်ခုကို ဝင်တိုက်သည်နှင့် တူသွားတော့သည်။
ဝမ်လင်းက တည်နေရာရွှေ့ပြောင်းရန် ဟန်ပြင်ပြီးမှ သူ့အသွင်သည် သာ၍ သုန်မှုန်သွားတော့၏။ သူ့လက်ကို ဆန့်ထုတ်ကာ သူ့သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်၏။ ဂျီချောင်သည် နီးကပ်လာနေရင်း ဝမ်လင်းက သိုလှောင်နေရာလွတ်ထဲမှ အဝါရောင်အဆောင်ကို ထုတ်ယူလိုက်၏။
သူက ၎င်းကို သူ့ရင်ဘက်ပေါ်သို့ နေရာချ၏။ လေပြင်းတစ်ခု သူ့အား ဝန်းရံသွားသည်။ ထို့နောက် ဝမ်လင်းသည် တရကြမ်း ထိုးထွက်၏။ သူ့အမြန်နှုန်းသည် အံ့မခန်းတိုးလာကာ သူသည် တစ္ဆေအလင်းကဲ့သို့ ဖျပ်ခနဲ ပျောက်ကွယ်သွားချေသည်။
ဂျီချောင်၏ ဦးခေါင်း(၁၈)ခုမှာ မင်သက်သွား၏။ သို့သော် ၎င်းက အလျော့မပေးဘဲ ဟိန်းသံ ပြုကာ ချက်ခြင်း ဆက်လိုက်သည်။ ဦးခေါင်းများထဲမှ တစ်ခုက မိန်းကလေးတစ်ယောက်၏ ဦးခေါင်း ဖြစ်ကာ ၎င်းက ကြမ်းတမ်းစွာ ဟစ်အော်၏။ ထိုအခါ အနက်ရောင်လေပြင်းတစ်ခု ဂျီချောင်ပတ်လည်တွင် ပေါ်လာချေသည်။ ထိုလေပြင်းသည် မုန်တိုင်းတစ်ခုကို ဖြစ်စေကာ ဂျီချောင်နှင့်အတူ ရွှေ့လျားလေသည်။ ကျယ်လောင်စွာ မြည်ဟိန်းသံနှင့်အတူ ဂျီချောင်သည် ဝမ်လင်းနောက်သို့ ထပ်မံ၍ လိုက်လာလေ၏။
တစ်ချိန်တည်းမှာ ကျန်သည့်ဦးခေါင်းလေးခုထံမှ မန္တာန်ရွတ်သံများ ပေါ်လာပြီး မရေမတွက်နိုင်သော စာလုံးများ ပေါ်လာလေတော့သည်။ ၎င်းတို့က တောက်ပ၍ မုန်တိုင်းပေါ်သို့ ခပ်နှိပ်သည်။
ထို့အတွက်ကြောင့် မုန်တိုင်း၏အမြန်နှုန်းမှာ အဆများစွာ တိုးဝင်သွားသည်။ ဝမ်လင်း ထိန်းထားနိုင်သည့် အကွာအဝေးမှာ ချက်ခြင်းလိုလို နီးကပ်လာလေတော့၏။
သည်အခိုက်အတန့်၌ ဝမ်လင်းသည် နောက်ဧရိယာတစ်ခုသို့ ဝင်ပေါက်နှင့် အတော်လေး နီးနေပေပြီ။ သူသည် သူ့ရှေ့၌ ဧရာမဝဲကတော့တစ်ခုကို ခပ်ရေးရေး မြင်နေရသည်။
ဝမ်လင်းသည် သူ ဝဲကတော့ထဲသို့ ဝင်လိုက်သည်နှင့် သူသည် ဤလေဟာနယ်နေရာကနေ ထွက်နိုင်ကာ ကြောက်မက်ဖွယ်သားရဲ၏ လက်ထံက လွတ်မြောက်မည်ကို သိ၏။ သို့ရာတွင် သူ့ထံ၌ အချိန်မရှိတော့ပေ။ မုန်တိုင်းနှင့်အတူ ဂျီချောင်သည် သူနှင့် ပေတစ်ထောင်အတွင်းသို့ ရောက်နေခဲ့ပေပြီ။
ထိုသို့သာ ဆက်ဖြစ်ပါက ဂျီချောင်မှာ ဝမ်လင်း ဝဲကတော့အတွင်း မဝင်ရောက်နိုင်ခင် မှီလာမည် ဖြစ်၏။
အခုလို အရေးကြီးလှသည့် အခိုက်အတန့်၌ ဝမ်လင်း၏ မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ သူက သူ့ဘယ်လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ လက်ဝေ့ယမ်းသည်။ မီးတောက်ပင်လယ်တစ်ခု ချက်ခြင်း ပေါ်လာကာ အရံအတား ဖြစ်စေ၏။ သူသည် ချက်ခြင်း နောက်ပြန်လှည့်ကာ ထိုသို့ ချိပ်ဟန်တစ်ခုဖြစ်စေ ပြန်သည်။ ထိုအခါ သူ့ညာမျက်လုံးထဲတွင် မိုးကြိုး လင်းလက်သွားသည်။ သူက လက်ညွှန်လိုက်ချေသည်။
ချက်ခြင်းလိုလို မိုးကြိုးများသည် ဝမ်လင်းလက်ကနေ ဟိန်းမြည်ကာ ထွက်ပေါ်လာကြသည်။ မိုးကြိုးတို့သည် ပိုက်ကွန်သဖွယ် ဖြစ်စေကာ မီးတောက်များထံသို့ ကျဆင်း၏။
ဤအခိုက်၌ ဂျီချောင်ကို ဝန်းရံထားသည့် မုန်တိုင်းမှာ မီးတောက်ပင်လယ်နှင့် ထိပ်တိုက်တွေ့သည်။ ကျယ်လောင်စွာ မြည်ဟိန်း၏။ မီးတောက်များသည် ချက်ခြင်း ပြန့်ကြဲကာ လွင့်ပြယ်သည်။
အနက်ရောင်မုန်တိုင်းသည်လည်း မီးတောက်ပင်လယ်ကြောင့် ခဏတာ တန့်သွား၏။ သို့သော် ဦးခေါင်းဆယ့်ရှစ်ခု ဂျီချောင်မှာ လေပြင်းနက်ထဲကနေ တရကြမ်း ထိုးထွက်လာပြီး ဝမ်လင်းရှိရာသို့ ပျံသန်းလာလေသည်။ အမျိုးမျိုးသော ဦးခေါင်း(၁၈)ခုလုံးသည် ကြမ်းကြုတ်ရက်စက်သည့် အမူအရာများကို ထုတ်ဖော်၏။ အထူးသဖြင့် အသွေးအသားလတ်လတ်ဆတ်ဆတ်ကို စားလိုသည့် သက်လတ်ပိုင်းလူဦးခေါင်းပင် ဖြစ်၏။ ၎င်း၏ မျက်လုံးထဲတွင်လည်း စိတ်လှုပ်ရှားမှုတို့ ပြည့်နေချေသည်။
သို့ရာတွင် ဝမ်လင်းက တင်ကူးကာ သတိထားပြီး ဖြစ်ရာ မိုးကြိုးပိုက်ကွန်သည် ဂျီချောင်အား ဝန်းရံသွားတော့၏။ မိုးကြိုးပိုက်ကွန်သည် တစီစီအသံများ ထွက်ပေါ်လာကာ ဂျီချောင်သည်လည်း အဆုံးမရှိ ဟိန်းအော်၏။ သို့သော် ၎င်း၏ အရှိန်ကတော့ လျော့ကျသွားလေသည်။
ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူ့မီးနှင့်မိုးကြိုးမန္တာန်များသည် အစွမ်းလက်ပေ၏။ သို့သော် ၎င်းတို့သည် ဂျီချောင်ကို ဒဏ်ရာရသွားစေဖို့ရာ မလုံလောက်သေးပေ။ သည်မန္တာန်များက ဂျီချောင်ကို အချိန်အတန်ကြာ ပိတ်ဆို့နိုင်ခဲ့မည် ဆိုလျှင်ပင် ဝမ်လင်းအဖို့ ဝဲကတော့အတွင်း ဝင်ရောက်ကာ ဂျီချောင်၏ နောက်က လိုက်လံမှုကို ရှောင်နိုင်ပေမည်။
သို့ရာတွင် ဝမ်လင်းသည် အခုလိုပုံစံမျိုးဖြင့် ထွက်သွားရန် ဆန္ဒမရှိပေ။
“မင်းက ငါ့နောက်ကို လိုက်ဝံ့မှတော့ တန်ဖိုးတစ်ခု ပြန်ပေးဆပ်စေရမယ်…” သူ့မျက်လုံးထဲ၌ အေးစက်မှု ပေါ်လာ၏။ သူက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေသည်။ ထို့နောက် သူ့မူလစွမ်းအင်သည် မြင့်တက်လာ၏။
သူ့ခန္ဓာကိုယ်ကနေ သတ်ဖြတ်ခြင်းအော်ရာတစ်ခု ပေါ်လာကာ သတ်ဖြတ်ခြင်းစွမ်းအင် ပိုက်ကွန်တစ်ခု ဖြစ်ပေါ်သည်။ သူသည် မာန်သွင်းကာ ရှေ့သို့ လက်ညွှန်၏။
ချက်ခြင်းလိုလို ဤသတ်ဖြတ်ခြင်းစွမ်းအင်များသည် အရူးအမူး စုစည်းကာ အနီရောင့်ရောင်အမျှင်တန်းတစ်ခုထိ ဖြစ်လာ၏။ ၎င်းက ဂျီချောင်ထံသို့ တိုးဝင်သွားလေသည်။
ဤအရာများက ချက်ခြင်းလိုလို ဖြစ်ပွားသွားခြင်းတည်း။ အနီရင့်ရောင်သတ်ဖြတ်ခြင်းစွမ်းအင် ထိုးထွက်လာချိန်၌ ဂျီချောင်သည် တုန်လှုပ်၏။ ၎င်း၏ခန္ဓာကိုယ်ကို ဝန်းရံထားသည့် မိုးကြိုးပိုက်ကွန်လည်း ပျက်စီးသွားတော့သည်။
မိုးကြိုးပိုက်ကွန်ပျက်စီးသွားချိန်၌ သတ်ဖြတ်ခြင်းစွမ်းအင်သည် တဝီဝီ မြည်ဟိန်းကာ လေထုကို ဖြတ်ကျော်၍ ဦးခေါင်းဆယ့်ရှစ်ခု၏ မျက်လုံးဆယ့်ရှစ်စုံရှေ့တွင် ပေါ်လာလေသည်။
***
Iike