ဝမ်လင်းသည် တည်ငြိမ်စွာ ပြောသည်။ “ငါ နတ်အင်ပါယာဟောင်းရဲ့ အကြွင်းအကျန်ကို ယူသွားချင်တယ်…”
အဇူရာနဂါးနတ်အင်ပါယာသည် တိတ်ဆိတ်စွာ စဉ်းစား၏။ သူ့မျက်လုံးထဲရှိ အေးစက်မှုသည် အနည်းငယ် လျော့ကျသွားသည်။ သို့သော် မကြာခင် ပုံမှန်အတိုင်း ပြန်အေးစက်သွားသည်။
“သူ့ကို နတ်လေးပါးကလန်မှာပဲ မြှုပ်နှံ့ထားတာ ပိုကောင်းလိမ့်မယ်လို့ ငါ ထင်တယ်…”
“နတ်အင်ပါယာဟောင်းက သူ့တစ်ဘဝလုံး နတ်လေးပါးကလန်အတွက် ကုန်ဆုံးခဲ့တယ်။ အခု သူ သေသွားခဲ့ပြီ ဆိုတော့ သူဟာ လွတ်လပ်မှုနဲ့ ထိုက်တန်တယ်။ ငါ သူ့ကို ခေါ်သွားမယ်…”
ဝမ်လင်း၏မျက်လုံးထဲကနေ အလျော့မပေးသည့်အကြည့် လှစ်ဟပေါ်သည်။သူက သူ့ညာလက်ကို ဝေ့ယမ်းရာ အဖြူရောင်ကျောက်တုံးသည် အဇူရာနဂါးနတ်အင်ပါယာထံသို့ ပျံသန်းသွားလေသည်။
အဇူရာနဂါးနတ်အင်ပါယာက ကျောက်တုံးကို အသေအချာ ကြည့်၏။ သူက သက်ပြင်းချကာ စကားထပ်မဆိုတော့ပေ။ ထို့နောက် သူသည် နောက်လှည့်ကာ ပြန်ထွက်ခွာသွားသည်။ သူ့နောက်သို့ အကြီးအကဲခုနစ်ယောက်လည်း လိုက်ပါသွားကြသည်။ ဟင်္သာငှက်နတ်ကလန်၏ အကြီးအကဲတစ်ယောက်က ဝမ်လင်းထံသို့ လှည့်ကြည့်၏။ သူက တစ်ခုခုပြောချင်ဟန်ဖြင့် ပါးစပ်ပြင်သည်။ သို့သော် အဇူရာနဂါးနတ်အုပ်စိုးသူသည် သူ့ကို ကြည့်လိုက်ရာ ထိုအဘိုးအိုသည် သက်ပြင်းချ၍ ဘာစကားမှ မဆိုတော့ပေ။
ဝမ်လင်းသည် ကျောက်တုံးအဖြစ် ပြောင်းလဲသွားသည့် နတ်အင်ပါယာဟောင်း၏ ခန္ဓာကိုယ်နှင့်အတူ ထွက်လာခဲ့၏။ သူသည် နတ်လေးပါးကလန်က ထွက်လာသည့်အခါ ခေါင်းကြီးနှင့်အခြားသူများ သူ့ကို စောင့်နေသည်အား တွေ့လိုက်ရသည်။
နတ်လေးပါးကလန်သည် သူနှင့် ထပ်မံ ပတ်သတ်မှု ရှိတော့မည် မဟုတ်ပေ။ သို့သော် ဟင်္သာငှက်နတ်ကလန်၏အကြီးအကဲ၏ အကြည့်က ဝမ်လင်းကို သိချင်စိတ် ဖြစ်သွားစေခဲ့သည်။ သူက သူမသိသည့် တစ်ခုခု ရှိနေသည်ဟု ခပ်ရေးရေး ခံစားမိလေ၏။
ထိုသို့ခံစားရခြင်းမှာ ဟင်္သာငှက်နတ်အင်ပါယာဟောင်း သူ့အား ပေးခဲ့သော ဟင်္သာငှက်ဝတ်ရုံနှင့် ဟင်္သာငှက်စိတ်ဝိညာဉ်ကနေ ဖြစ်ပေါ်သည့် တုန်ကင် တို့ကြောင့်ပင်။
အဇူရာနဂါးနတ်အင်ပါယာက ဤအရာများအကြောင်း လုံးဝ မပြောခဲ့ပေ။ သူ မေ့နေသည်ဟု ဆိုခဲ့ပါလျှင် ဝမ်လင်းက ယုံလိမ့်မည် မဟုတ်ပါ။ ထို့အပြင် ဟင်္သာငှက်နတ်အင်ပါယာသာ သိထားသော လျှို့ဝှက်ချက်တစ်ခု၊ နတ်လေးပါးကလန်နှင့် တောက်ပသောလေဟာနယ်နယ်မြေတို့ကြား စစ်ပွဲ ဖြစ်စေခဲ့သည့် ယင်းလျှို့ဝှက်ချက် အကြောင်းကိုလည်း အဇူရာနဂါးနတ်အင်ပါယာက မေးမြန်းခဲ့ခြင်း မရှိပေ။
ဝမ်လင်း သူ့လူများကို ပြန်ခေါ်ဆောင်သွားပြီးနောက် အဇူရာနဂါးနတ်အုပ်စိုးသူသည် အဇူရာနဂါးနတ်ကလန်၏ ပင်မခန်းမတွင် ထိုင်နေ၏။ သူသည် အလွန်ပင်ပန်းနေဟန် ပေါ်သည်။ တော်ဝင်ရတနာလေးခုက သူ့ရှေ့တွင် လွင့်မြောနေသည်။
သို့ရာတွင် သူ့အကြည့်က ၎င်းတော်ဝင်ရတနာတို့ ပေါ်၌ ရှိမနေ။ ထိုအစား ပင်မခန်းမ၏ အပြင်ဘက်သို့သာ ရောက်နေ၏။ အချိန်အတန်ကြာပြီးနောက် သူက သက်ပြင်းချကာ သူ့အကြည့်ကို ပြန်ရုတ်သိမ်း၏။ သူက သူ့ဟာသူ ကြားနိုင်သည့် စကားလုံးအချို့ကို ခပ်တိုးတိုး ရေရွတ်လေသည်။
ခေါင်းကြီးနှင့်အခြားလူများကို မိုးကောင်းကင်ဘုံနယ်မြေသစ်ထံသို့ ပို့ပေးပြီးနောက် သူ့ထံတွင် ဘာပူပန်စရာမှ ရှိမနေတော့ပေ။ ဝမ်လင်းသည် ကြယ်များကြား၌ တည်ငြိမ်စွာ သွားလာနေ၏။ ထို့နောက် သူ့မျက်လုံးတို့မှာ ကြယ်များကဲ့သို့ တောက်ပနေသည်။ အစွမ်းထက်အော်ရာတစ်ခုက သူ့ပတ်လည်၌ ဝန်းရံနေသည်။ သူသည် တိုက်ပွဲစိတ်ဆန္ဒနှင့် ခြုံလွှမ်းနေခြင်း ဖြစ်လေ၏။
“ထာဆန်…နှစ်ပေါင်းတစ်ထောင် ကျော်သွားခဲ့ပြီ။အဆုံးသပ်မှာ မင်းနဲ့ငါ့ကြားက တိုက်ပွဲက ရောက်လာခဲ့ပြီ…” ဝမ်လင်းသည် ကြယ်များကြား၌ ပျံသန်းနေလေ၏။ သူသည် ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြုကာ သူနှင့်ရင်းနှီးလှသော ဟင်္သာပြဒါးဂြိုဟ်ထံသို့ ဦးတည်လာနေခြင်း ဖြစ်သည်။
ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် ဝန်းရံနေသည့် ကျင့်ကြံသူ များများစားစား သိပ်မကျန်တော့ပေ။ အများစုက ရှေးဟောင်းနတ်ဘုရားကုန်းမြေသို့ ရောက်နှင့်နေကြပေပြီ။ သူတို့ ဝင်ရောက်ပြီးသည်နှင့် သူတို့က အပြင်ဘက်နှင့် ပြတ်တောက်သွားကြသည်။ မည်သူကမျှ ယင်းကျင့်ကြံသူများ ဘေးကင်းသလား မသိနိုင်ကြချေ။
ရှေးဟောင်းနတ်ဘုရားကုန်းမြေကား ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ဖြစ်၏။ ထို့ကြောင့် အတွင်းရှိ မည်သည့်ပြောင်းလဲမှုကမှ အပြင်ဘက်တွင် ပြောင်းလဲမှု ဖြစ်စေလိမ့်မည် မဟုတ်ပါ။
ဟင်္သာပြဒါးဂြိုဟ်ပြင်ပရှိ ဟင်းလင်းပြင်သည် တွန့်ကြေကာ ဝမ်လင်း လှမ်းထွက်လာချေ၏။ ဟင်္သာပြဒါးဂြိုဟ်နှင့် ၎င်းအား ဝန်းရံထားသည့် ကျင့်ကြံသူများကို ကြည့်လိုက်ရင်း ဝမ်လင်းက ခြေတစ်လှမ်း လှမ်းသည်။
သူပြန်ပေါ်လာချိန်၌ သူသည် ဟင်္သာပြဒါးဂြိုဟ်၏ အရံဂြိုဟ်သို့ ရောက်နှင့်နေပေပြီ။
ယခုအချိန်၌ ဤနေရာတွင်လည်း ကျင့်ကြံသူများစွာ ရှိနေကြသည်မှာ သဘာဝ ကျ၏။ သို့သော် ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ကြောင့် မည်သူကမျှ သူ့ကို သတိမပြုမိကြပေ။ ဝမ်လင်းက တောင်တစ်ခုကို ရှာကာ သူ့ကိုယ်သူ တောင်အတွင်း၌ ဖုန်းကွယ်စေသည်။ ထို့နောက် သူက တောင်အတွင်းထဲ၌ ကိုယ်ပိုင်နေရာလွတ်တစ်ခုကို ဖွင့်လှစ်ကာ မြေပြင်ထက်တွင် အစီအရင်တစ်ခုကို ထုတ်ဖော်သည်။
ဤကား သူ ချင်းလင်နှင့် ပေါင်းစပ်ထားချိန် သင်ယူခဲ့သော ချင်းလင်၏ ကောင်းကင်ဘုံအစီအရင် တစ်ခု ဖြစ်လေ၏။ ၎င်းက သူ့သဲလွန်စအားလုံးကို ဖျောက်ပေးကာ သူ့ကို လူအများ ရှာမတွေ့အောင် ကာဆီးပေးသည်။ အစီအရင်ကို ဖြစ်ပေါ်စေပြီးနောက် ဝမ်လင်းသည် ကောင်းကင်ဘုံကျောက်စိမ်းပြားအချို့ကို ထုတ်ယူကာ ၎င်းပေါ်တွင် နေရာချသည်။
သူ့လက်ဖြင့် သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်ရာ သူ့မူလစိတ်ဝိညာဉ် အစိတ်အပိုင်းတစ်ခု ပျံသန်းထွက်လာသည်။
“စိတ်ဝိညာဉ်…ပုံစုံအသွင် ဖြစ်ပေါ်စေ…” ဝမ်လင်းက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များ ဖြစ်စေ၏။ မူလစိတ်ဝိညာဉ်ပိုင်းသည် အစိမ်းရောင်အခိုးငွေ့သို့ ပြောင်းကာ သူ့အား အကြိမ်အနည်းငယ် လှည့်ပတ်သည်။ ထို့နောက် ၎င်းသည် လူသားပုံစံ ဖြစ်ပေါ်သည်။
“ခန္ဓာကိုယ် ဖြစ်ပေါ်စေ…” ဝမ်လင်းက သူ့လျှာထိပ်ကို အနည်းငယ်ကိုက်ကာ သွေးထွေးထုတ်သည်။ သူ့လက်ကျန် ကောင်းကင်ဘုံမူလစွမ်းအင်အနည်းငယ်ကို သူ့မူလစိတ်ဝိညာဉ် အစိတ်အပိုင်းထဲသို့ ပေါင်းစပ်စေသည်။
မူလစိတ်ဝိညာဉ်သည် ချက်ခြင်း နီမြန်းလာ၏။ မြေပြင်ထက်တွင်ပင် အက်ကြောင်းတို့ ပေါ်လာသည်။ သိပ်မကြာခင်တွင် ကျောက်စကျောက်နများသည် ယင်းမူလစိတ်ဝိညာဉ်ထံသို့ ပျံသန်းဝင်လာသည်။
ဤလှိုဏ်ဂူအတွင်း ဝဲကတော့တစ်ခု ဖြစ်လာသကဲ့သို့ မရေမတွက်နိုင်သောကျောက်စများသည် မူလစိတ်ဝိညာဉ်ထံသို့ စုဝေး၏။၎င်းက တဖြည်းဖြည်းဖြင့် သိပ်သည်းလို့လာသည်။ ခုနစ်မိနစ်ခန့်ကြာပြီးနောက် ဝမ်လင်း၏ ကိုယ်ပွားတစ်ခု ပေါ်လာချေ၏။
“ကောင်းကင်ဘုံအင်ပါယာ ချင်းလင်ရဲ့ ခန္ဓာကိုယ်ဖြစ်ပေါ်ခြင်းမန္တာန်က အတော်လေး အသက်ဝင်လှပါလား…”
ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်၏။ သူ့ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူသည် သူ့ရှေ့ရှိ သူ့မူလစိတ်ဝိညာဉ်ကိုယ်ပွားက အတုလား၊အစစ်လား မပြောနိုင်ပေ။
ထိုမျှ အသက်ဝင်လှသည်ဆိုရုံဖြင့် ချင်းလင်၏ ကောင်းကင်ဘုံမန္တာန် ဖြစ်လာဦးမည် မဟုတ်ပါ။ အစစ်အမှန်ခန္ဓာကိုယ်နှင့် ခွဲမရအောင် တူသည်ဆိုသည့်အချက်အပြင် ၎င်းကိုယ်ပွားထံ၌ အစစ်အမှန်ခန္ဓာကိုယ်နှင့် တူညီသောခွန်အားများကို အသုံးပြုနိုင်လုနီးပါး ပိုင်ဆိုင်ထားပေသည်။တစ်ခုတော့ ရှိ၏။ ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ကိုယ်ပွားသည် ဆယ်ရက်သာ ခံပေမည်။
ဆယ်ရက်ပြီးသည့်နောက် ယင်းကိုယ်ပွားသည် ပျက်စီးသွားပေမည်။ ၎င်းသည် အသက်ခံရလျှင်ပင် သူ့မူလခန္ဓာကိုယ်ကို အနည်းငယ်သာ ထိခိုက်စေမည် ဖြစ်၏။
တစ်ချိန်တည်းမှာ သူ့မူလခန္ဓာကိုယ်သည် သည်ဆယ်ရက်အတွင်း လုံးဝ လှုပ်ရှားမှုမရှိဘဲ နက်ရှိုင်းစွာ အိပ်ပျော်သွားပေလိမ့်မည်။ ထို့အတွက်ကြောင်လည်း သူ့တည်ရှိမှုကို ဖုံးကွယ်ရန် ဤအစီအရင်ကို အသုံးပြုရခြင်းပင်။
ဝမ်လင်းက သူ့ညာလက်ကို ဆန့်ထုတ်ရာ သူ့သိုလှောင်နေရာလွတ် ပွင့်ဟလာ၏။ ၎င်းအတွင်းမှ ငွေရောင်အမျိုးသမီးအလောင်းသည် လှမ်းထွက်လာသည်။ သူမက စကားမဆိုဘဲ အစီအရင်အတွင်း ဝမ်လင်းဘေးနားတွင် ထိုင်လိုက်သည်။
အစီအရင်က သူ့ကို ဖုံးကွယ်ပေးမည် ဖြစ်သကဲ့သို့ ငွေရောင်အမျိုးသမီးကလည်း သူ့အား စောင့်ကြပ်ပေးနေပေမည်။ ဝမ်လင်းသည် နောက်ထပ် အစွမ်းထက်အတားအဆီးများကို နေရာချ၏။ထို့နောက် သူက မျက်လုံးမှိတ်ကာ သူ့အသက်ရှုသံသည် တဖြည်းဖြည်း ရပ်တန့်သွားတော့သည်။ သူ့နှလုံးခုန်သံသည်ပင် ပျောက်ကွယ်သွားကာ လူသေတစ်ယောက်ကဲ့သို့ ဖြစ်သွားလေ၏။
ဝမ်လင်း အသက်ရှုသံနှင့်နှလုံးခုန်သံတို့ ရပ်တန့်သွားချိန်၌ ကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် သူ့ကိုယ်ပွားသည် ဖြည်းဖြည်းခြင်း မျက်လုံးဖွင့်လာ၏။
သူ့ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားမှု ပြုလိုက်ပြီးနောက် ကိုယ်ပွားဝမ်လင်းက အစီအရင်အတွင်းရှိ အစစ်အမှန်ဝမ်လင်းနှင့်ငွေရောင်အမျိုးသမီးအလောင်းကို ကြည့်သည်။ ထို့နောက် သူသည် ဖျပ်ခနဲ လှုပ်ရှားကာ ဤတောင်ထံမှ ထွက်ခွာလာတော့သည်။ သူက ဟင်္သာပြဒါးဂြိုဟ်အပြင်ဘက်ရှိ ကျင့်ကြံသူများကို ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြုကာ ဖြတ်ကျော်လာကာ ဟင်္သာပြဒါးဂြိုဟ်အတွင်း၌ ပေါ်လာသည်။
ဝမ်လင်း ထိုကျင့်ကြံသူများကို ဖြတ်သန်းသွားချိန်၌ လူလေးယောက်က တစ်ခုခုကို သတိပြုမိသကဲ့သို့ သူတို့၏မျက်လုံးများကို ဖွင့်ကြည့်လာသေးသည်။ သို့သော် သူတို့သည် ဝမ်လင်းကို မရပ်တန့်ပေ။ တကယ်တော့ ပြီးခဲ့သောရက်များအတွင်း မွန်းစတားအိုတော်တော်များများက သည်နေရာသို့ အလျင်စလို ရောက်ရှိလာနေခဲ့ကြသည် မဟုတ်လား။
ရှေးဟောင်းနတ်ဘုရားကုန်းမြေအတွင်းသို့ ဝင်ရောက်သွားသည့် မည်သည့်ကျင့်ကြံသူမဆိုထက် ဝမ်လင်းသည် ဤကုန်းမြေအကြောင်း ပိုသိထားပေသည်။ သူက ဟင်္သာပြဒါးဂြိုဟ်အတွင်း ဝင်လာသည့်နောက် နတ်ဆိုးပင်လယ်ထံသို့ တန်းတန်းမတ်မတ် ဦးတည်သည်။
လမ်းတစ်ယောက်၌ သူသည် ထိုနေရာသို့ ရောက်ရှိရန် တည်နေရာရွှေ့ပြောင်းခြင်းကို အသုံးမပြုပေ။ အကြောင်းကတော့ သူ့ကိုယ်ပွားခန္ဓာကိုယ်နှင့် ပို၍အသားကျစေရန် အချိန်ယူခြင်းကြောင့် ဖြစ်သည်။
ဝမ်လင်းသည် နတ်ဆိုးပင်လယ် တစ်ဝက်ကျော်ကို ဖြတ်သန်းလာခဲ့ပြီးနောက် ရှေးဟောင်းနတ်ဘုရားကုန်းမြေ ဝင်ပေါက်သို့ ရောက်လာ၏။ ဤနေရာမှာ လုံးဝ တိတ်ဆိတ်ကာ ကျင့်ကြံသူတစ်ယောက်မှ ရှိမနေပေ။ ကြည့်ရသည်မှာ သူတို့အားလုံး နတ်ဘုရားကုန်းမြေထဲသို့ ဝင်ရောက်သွားခဲ့ကြပြီး ဖြစ်တာ သိသာပေသည်။
ဝမ်လင်းသည် ဝင်ပေါက်ထဲသို့ ချက်ခြင်း ဝင်ရောက်ကာ သူသည် လေဟာနယ်အတွင်း၌ ပေါ်လာ၏။
သူ ဝင်လာသည်နှင့် သွေးနံ့လှိုင်တက်လာသည်ကို ခံစားမိသည်။ လေဟာနယ်အတွင်း မရေမတွက်နိုင်သော ကျောက်တုံးများ မြောလွင့်ကာ သွေးတို့ဖြင့် စွန်းထင်းနေကြသည်။
လေဟာနယ်အတွင်း မြောလွင့်နေသည့် ခန္ဓာကိုယ်များစွာလည်း ရှိနေ၏။ ယင်းခန္ဓာကိုယ်များမှာ ကျင့်ကြံသူများနှင့် သားရဲတို့၏ ခန္ဓာများ ဖြစ်ကြကုန်သည်။
မူလစွမ်းအင်အကြွင်းအကျန် တုန်ခါလှိုင်းတို့လည်း ရှိနေသည်။ သည်နေရာတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်မှာ ထင်ရှားပေသည်။ အလောင်းအများစုသည် လောင်ကျွမ်းကာ၊အချို့သည် အေးခဲ၍ အချို့သည် အဆိပ်များ မိထားကြသည်။
သူ ပို၍ ပျံသန်းဝင်လာလေလေ ခန္ဓာကိုယ်အလောင်းများကို ပိုတွေ့ရလေပင်။ တွေ့ရသည့်အလောင်းခန္ဓာကိုယ်များမှာလည်း အကောင်းတိုင်း အပြည့်အစုံ မရှိတော့သည်က များ၏။
သေခြင်းရှင်ခြင်းအခြေအနေများနှင့် အသားကျနေသော ဝမ်လင်းသည်ပင် သည်အဖြစ်များကြောင့် မျက်မှောင်ကြုတ်မိ၏။ သို့ရာတွင် သူက ရပ်တန့်သွားခြင်းမရှိဘဲ နောက်အဆင့် ဝင်ပေါက်ထံသို့ ဦးတည်ကာ ဆက်လက် ပျံသန်းလာနေသည်။
ပျံသန်းနေရင်း အေးစက်စက်အော်ရာတစ်ခု သူ့အား ခြုံလွှမ်းလာသည်။ ဝမ်လင်းက ရပ်တန့်ကာ သူ့ညာဘက်သို့ ကြည့်သည်။ သူ့ညာဘက်၌ ပေတစ်သောင်းလောက် ကြီးမားသည့် ကျောက်တုံးကြီးတစ်ခု ရှိနေသည်။ ထိုကျောက်တုံးပေါ်၌ ကျင့်ကြံသူများ၊သားရဲများ၏ အလောင်းခန္ဓာကိုယ်များ တွယ်ကပ်နေသည်။
ကျောက်တုံးအစွန်း၌ အနက်ရောင်အလင်းတစ်ခု ဝန်းရံထားသည်။ သင်သည် ဤနက်မှောင်သော လေဟာနယ်နယ်မြေအတွင်း သေချာမကြည့်ပါက ယင်းအလင်းကို တွေ့မြင်ရဖို့ မဖြစ်နိုင်သလောက် ရှိပေမည်။
ထိုအလင်းထဲ၌ တုတ်ခိုင်သန်မာသော လူတစ်ယောက် တင်ပလွေခွေကာ ထိုင်နေသည်။ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဗလာကျင်းထားကာ လူရိုင်းတစ်ယောက်ကဲ့သို့ ဆံပင်အနက်များဖြင့် ဖုံးအုပ်နေသည်။ သို့သော် သူ့ ဦးခေါင်းပိုင်းကိုသာ ကြည့်မိပါက ထိုသူသည် လူတစ်ယောက်နှင့် တူသည်ဟု မည်သည့်ကျင့်ကြံသူကမျှ တွေးမိလိမ့်မည် မဟုတ်တော့ပေ။
သူ့လည်တိုင်နှင့် ချိတ်ဆက်နေသည့် ကိုင်းတစ်ခုစီ ပုံစံမျိုး ရှိကာ ယင်းကိုင်းတစ်ခုစီ၌ ဦးခေါင်းတစ်ခုစီ ရှိနေကြသည်။ ၎င်းဦးခေါင်းတို့က ကျောက်တုံးအောက်ခြေတွင် တစ်ခုခုကို ဝါးစားနေသည်။
ချပ်…ချပ်…။ ထိုအသံသည် တိုး၏။ သတိပြုမိရန် ခက်ခဲပေမည်။ သို့သော် ဝမ်လင်း ထိုထူးဆန်းသောသူ သို့မဟုတ် အရာထံသို့ အကြည့်ရောက်သွားသည့်အခါ ယင်းအသံသည် ရုတ်တရပ် ကျယ်လာသည်။
ဝမ်လင်းသည် ထိုအသံ၏ ရင်းမြစ်ကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ ၎င်းအသံက သားရဲတစ်ကောင်အပေါ် ခေါင်းများက ဝါးစားနေကာ အရိုးများကို ဝါးမြိုရာမှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။
ဝမ်လင်းက လူကဲ့သို့ ဤအရာကြီးကို တွေ့မြင်သည့်အခါ ၎င်းကလည်း ဝမ်လင်းကို သတိပြုမိသည်။ ခေါင်းဆယ်လုံးကျော်သည် တဖြည်းဖြည်း မြောက်တက်လာကာ ဝမ်လင်းကို ကြည့်သည်။ အချို့ဦးခေါင်းများ၏ ပါးစပ်အတွင်းမှ သွေးမျးပင် စီးကျကာ တခုခုကို ဝါးနေသည့်အလား။
***