Switch Mode

အပိုင်း(၁၁၇၆)

ခွဲခွာခြင်း

ဝမ်လင်းသည် ကျိုးယုနှင့်အတူ ထွက်လာခဲ့သည်။ သူသည် လျိုမေနှင့် ပတ်သတ်၍ ရှုပ်ထွေးသောခံစားချက် ရှိကာ သူ့အတိတ်၏ မှတ်ဉာဏ်ကို သူ့စိတ်အတွင်းနက်ပိုင်းတွင် မြှုပ်နှံ့ပစ်ထားပေသည်။ သူသည် ဘယ်တော့မှ ယင်းအကြောင်းအရာတို့ကို ပြန်မထိတွေ့လိုတော့ပေ။

အဆုံးသပ်တွင် မူပင်းမေက ဝမ်ပိုင်ကို မတွေ့ခဲ့ပေ။ ဝမ်လင်းသည်လည်း သူမ ဘာတွေးနေမည်ကို မခန့်မှန်းချင်ဘဲ ထွက်လာခဲ့တော့၏။ အစီအရင်အသက်ဝင်ချိန်၌ သူတို့နှစ်ယောက်ကြား အတားအဆီးတစ်ခုက ပိုင်းခြားပေးထားသကဲ့သို့ ဖြစ်သွားချေပြီ။ သူတို့သည် ဝေးကွာသွားသကဲ့သို့ အိပ်မက်ထဲ၌ပင် သူတို့ကြားက ကွာဟမှုကို မရောက်ရှိစေနိုင်တော့လောက်အောင် ဖြစ်သည်။

သင်သည် မေ့ပစ်လို၏။ သို့သော် မမေ့နိုင်။

မူပင်းမေက တောက်ပသောအလင်းများထဲ၌ ပျောက်ကွယ်သွားသည့် ဝမ်လင်း၏ ပုံရိပ်ကို ကြည့်နေရင်း မျက်ရည်များ စီးကျလာပြန်၏။ သူမသည် ဝမ်ပိုင်ကို တွေ့မြင်လို၏။ သူမသည် သူမ၏ကလေးကို ထိတွေ့ကာ ထွေးပိုက်လိုသည်။

သို့ရာတွင် သူမ မလုပ်နိုင်…။ ပို၍ဆိုပါက သူမသည် ကြောက်လန့်နေမိသည်။

သူမ၏ကိုယ်ပွား လျိုမေကြောင့် မူပင်းမေ၏တာအိုနှလုံးသားထဲတွင် ပစ်ချက် ပေါ်လာ၏။ သူမသည် ဤချိုယွင်းချက်ကို ဖြတ်ပစ်သင့်ပေသည်။သူမ၏ တာအိုနှလုံးသာ မပြည့်စုံစေရင်တောင် ဤချိုယွင်းချက်မှာ ပျောက်ကွယ်သွားပါလိမ့်မည်။

သို့သော် သူမသည် သူမ ဝမ်ပိုင်ကို တွေ့ခဲ့ရပါက မည်သို့ဖြစ်မည်ကို မသိပေ။ သူမ၏ တာအိုနှလုံးသား ပြီးပြည့်စုံတာလည်း ဖြစ်သွားနိုင်၏။ သို့တည်းမဟုတ် ပြိုလဲပျက်စီးတာလည်း ဖြစ်သွားနိုင်သည်။

သူမ၏အသက်နှင့်ဘဝကို သူမကိုယ်တိုင်သာ ပိုင်ဆိုင်ခဲ့ပါလျှင် သူမသည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဝမ်ပိုင်ကို မတွေ့တွေ့ရအောင် လျှောက်လှမ်းမိပေမည်။ သို့ရာတွင် တောက်ပသောလေဟာနယ်သခင်မ တစ်ယောက်အဖြစ် သူမ၏ဘဝကို သူမကိုယ်တိုင် မပိုင်ဆိုင်နိုင်တော့ပါ။

“အရာအားလုံးက ဒီလိုဆိုမှတော့ ဒီအတိုင်းပဲ အဆုံးသပ်တာပေါ့…” မူပင်းမေက သူမ၏အောက်နှုတ်ခမ်းကို ကိုက်ကာ ဖြည်းဖြည်းခြင်း နောက်လှည့်၏။ သူမ၏ ပုံရိပ်မှာ ဝမ်လင်းထက်ပင် အထီးကျန်ဆန်လှချေသည်။

ကောင်းကင်ပြာကဲ့သို့ မူပင်းမေ၏ နှလုံးသားသည်လည်း အပြာရောင် ပြောင်းလဲလာဟန် တူသည်။

ထို့အတူ ဝမ်လင်း၏ခန္ဓာကိုယ်တွင်လည်း နာကျင်မှုတို့ ပြည့်နေသည်။

“ဆက်ပြီးနာကျင်နေပါစေ…ဒါက နာကျင်နေရတဲ့ ခံစားချက်ကို အဆုံးသပ်ပေးကောင်း ပေးနိုင်မှာပေါ့…”

ဝမ်လင်းက ကျိုးယုကို မိုးကောင်းကင်ဘုံနယ်မြေသစ်သို့ ပို့ပေးခဲ့၏။ဝမ်လင်း သူမ၏ ခေါင်းကို ပွတ်ကာ ကြင်နာစွာပြုံးချိန်၌ ကျိုးယု၏မျက်လုံးထဲတွင် ဝန်လေးမှုတို့ ပြည့်နေသည်။ အတိတ်တုန်းက သူသည် သည်မိန်းကလေးငယ်ကို ခေါ်ကာ သူမကို မြေတောင်မြှောက်ပေးခဲ့ကာ တဖြည်းဖြည်းဖြင့် သူသည် အဖေတစ်ယောက်ကဲ့သို့ခံစားမှုမျိုး ရရှိလာခဲ့သည်။

ကျိုးယုကို ကြည့်နေရင်း ဝမ်လင်းသည် ဝမ်ပိုင်နှင့်လီမူဝမ်တို့ အကြောင်းတွေးမိပြန်သည်။

“ဒီနေရာမှာ ကောင်းကောင်းနေခဲ့။ အချိန်မဖြုန်းပဲ ကျင့်ကြံနေနော်။ ယုအာက အရွယ်ရောက်နေပြီ…”

ဝမ်လင်းသည် ဤမိန်းကလေးကို ကြည့်နေရင်း သူ့မျက်လုံးထဲရှိ ကြင်နာမှုတို့ ပိုလာတော့သည်။

“ဦးလေး…” ကျိုးယု၏ ပါးပြင်ထက်သို့ ကျဆင်းလာသည့် မျက်ရည်တို့မှာ မရပ်တော့ပေ။ သူမသည် ဝမ်လင်း၏ အင်္ကျီစကို ကလေးငယ်တစ်ယောက်ကဲ့သို့ တင်းကျပ်စွာ ဆွဲထားသည်။သူမသည် ဝမ်လင်းထွက်သွားလျှင် ဘယ်တော့မှ ပြန်မလာတော့မည်ကို ကြောက်နေမိသည်။

“ဦးလေး နင့်ကို ဒီနေရာ ခေါ်လာခဲ့တာ မှန်လား၊မှားလား မသိတော့ဘူး။ ဒါပေမယ့် ဦးလေး နင့်ကို မူပင်းမေနဲ့အတူ ရှိနေစေရင် စိတ်အေးအေး ထားနိုင်မှာ မဟုတ်ဘူး…”

ဝမ်လင်းသည် သူ့စိတ်နှလုံးထဲရှိ နာကျင်မှုကို ဖိနှိပ်ကာ သူသည် ကျိုးယုကို နူးညံ့စွာ ကြည့်သည်။ သည်ကလေးက သူနှင့်အတူ နှစ်များစွာ ရှိခဲ့ဖူးသည့်သူ မဟုတ်လား။

“ဦးလေး…ပြန်မလာနိုင်ခဲ့ရင်တော့ ယုအားလေးက ယုအာရဲ့ ဆရာကို သွားရှာနိုင်တယ်…”

ဝမ်လင်းသည် မျက်လုံးမှိတ်ကာ လှည့်ထွက်သည်။ သူသည် သူ့အင်္ကျီစကို ဆွဲထားသည့် ကျိုးယုလက်ကို ပယ်ချကာ ပျောက်ကွယ်သွားတော့သည်။

“ဦးလေး…” ကျိုးယု၏ မျက်ရည်များက သူမ၏ အင်္ကျီစပေါ်တို့တွင် ကျဆင်းနေလေသည်။ သူမနောက်ရှိ ဟူကျွမ်သည် သက်ပြင်းချကာ ကျိုးယု၏ လက်လေးကို ကိုင်ကာ နူးညံ့စွာ ပြောလိုက်၏။ “သမီးရဲ့ ဦးလေး ပြန်လာမှာပါ…”

မဟာမိတ်ကြယ်အဖွဲ့အစည်း၏ အရှေ့ပိုင်းဒေသတွင် အဇူရာနတ်နဂါးအင်ပါယာ ပြန်ရောက်လာသည့်နောက် နတ်လေးပါးကလန်သည် အလုံးစုံပြောင်းလဲသွားတော့၏။ ကလန်လေးခုသည် အခုချိန်၌ လေးခုအစား တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းသွားရသည်။

နတ်လေးပါးကလန်ဟူ၍ ဆက်မရှိတော့ဘဲ နတ်အုပ်စိုးသူ ဟူသည့် နာမည်တစ်ခုသာ ရှိတော့ပေပြီ။

အဇူရာနဂါးနတ်ကလန်၏ ဤအရွှေ့က နတ်လေးပါးကလန်တွင် သဘောမတူညီမှုများ ရှိခဲ့သည်။ သို့သော် ဆန့်ကျင်ဘက်အသံအားလုံးမှာ အဇူရာနဂါးနတ်အင်ပါယာ၏ ခွန်အားကြောင့် ငြိမ်းသေခဲ့ရလေသည်။

လိပ်နက်နတ်ကလန်နှင့်ကျားဖြူနတ်ကလန်တို့၏ တော်ဝင်ရတနာများသည်လည်း ထိုကလန်များ၏ လက်ထဲ၌ မရှိတော့ဘဲ အဇူရာနဂါးနတ်အင်ပါယာထံသို့ လက်လွှဲပေးခဲ့ရပြီး ဖြစ်သည်။ ဤတော်ဝင်ရတနာများကို အသုံးပြုသည့် နည်းလမ်းများမှာလည်း ကလန်များကြား လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပါ။

ဝမ်လင်းသည် နတ်လေးပါးကလန်၏ ဤပြောင်းလဲမှု ဖြစ်ပြီးသည့်နောက်တွင် အရှေ့ပိုင်းဒေသတွင် ပေါ်လာသည်။ သူ ပေါ်လာသည်နှင့် အဇူရာနတ်နဂါးကလန်မှ လူများက သူ့ကို တွေ့ကြ၏။

ဝမ်လင်းသည် အဇူရာနဂါးနတ်ကလန် အဖွဲ့အစောင့်အကြပ်များကို တည်ငြိမ်စွာသာ ကြည့်သည်။ ထိုကျင့်ကြံသူတို့မှာ ချက်ခြင်း ခေါင်းငုံ့သွားကြသည်။ ဝမ်လင်းသည် စကားတစ်ခွန်းမှ ဆိုမနေဘဲ သူတို့ကို ဖြတ်ကျော်လာလိုက်သည်။

ကင်းလှည့်နေသည့်ကျင့်ကြံသူများက ဝမ်လင်းထွက်ခွာသွားသည့်အခါ တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြ၏။ သူတို့ထဲမှ တစ်ယောက်သည် ချက်ခြင်းပင် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ ဤကိစ္စကို အကြီးအကဲများထံသို့ သတင်းပို့သည်။

ကင်းလှည့်နေသော ကျင့်ကြံသူများထဲမှ တစ်ယောက်က မကျေမနပ်ဆိုလာသေးသည်။ “သူက နတ်အင်ပါယာ မဟုတ်တော့ဘူး…ဒါ့ကြောင့် ဘာလို့ ငါတို့ သူ့ကို ယဉ်ယဉ်ကျေးကျေး ပြုမူနေရမှာလဲ…”

အရှေ့ပိုင်းဒေသသို့ ပြန်ရောက်လာသည့်နောက် ဝမ်လင်းသည် အခြေအနေက အတော်လေး ထူးဆန်းနေသည်ကို သဘောပေါက်သည်။ သူ့ကို တွေ့သည့် နတ်လေးပါးကလန်ဝင်များအားလုံး ထူးဆန်းသည့်ဟန်ပန်များ ဖြစ်ကုန်ကြ၏။ သို့သော် မည်သူကမျှ သူ့ကို မတားပေ။

သိပ်မကြာခင်တွင် ဝမ်လင်းရှေ့၌ နီရဲနေသည့်ကြယ်ကွင်းပြင်တစ်ခု ပေါ်လာ၏။ ဤနေရာမှာ ဟင်္သာငှက်နတ်ကလန်၏ တည်နေရာပင်။ သို့သော် သူ ဝင်ရောက်ရန် ပြင်စဉ် ဝမ်လင်းက ရပ်တန့်ကာ ဘေးပတ်လည်သို့ ကြည့်လိုက်သည်။

သူသည် အလင်းတန်းခုနစ်ခု နီးကပ်လာသည်ကို တွေ့သည်။ ထိုအလင်းတန်းများက ကျင့်ကြံသူခုနစ်ယောက်အဖြစ်သို့ ပြောင်းသွားသည်။ သူတို့ထဲမှ နှစ်ယောက်သည် ဟင်္သာငှက်နတ်ကလန်၊ တစ်ယောက်သည် ကျားဖြူနတ်ကလန်၊ လေးယောက်သည် အဇူရာနဂါးနတ်ကလန်တို့မှ ဖြစ်ကြသည်။ သူတို့အားလုံးက အကြီးအကဲများ ဖြစ်ကြရာ ကျင့်ကြံမှုအဆင့် နိမ့်ကြခြင်း မရှိပေ။

ဝမ်လင်း၏ အကြည့်တို့က တည်ငြိမ်၏။ သူသည် သည်ခုနစ်ယောက်ကို သိသည်။ ထိုသူတို့မှာ သူ အဇူရာနဂါးနတ်အင်ပါယာကို ကယ်တင်ပေးခဲ့ချိန်၌ ပါဝင်ခဲ့ကြသူများ ဖြစ်သည်။ ဟင်္သာငှက်နတ်ကလန်မှ အကြီးအကဲနှစ်ယောက်သည် ဝမ်လင်းကို တွေ့မြင်ရချိန် သူတို့သည် ရှက်ရွှံ့မိကြကာ ဝမ်လင်း၏ အကြည့်ကို ရှောင်ဖယ်မိသည်။

“ဝမ်လင်း…အဇူရာနဂါးနတ်အုပ်စိုးသူက မင်းကို ဖိတ်ခေါ်ထားတယ်…” အဇူရာနဂါးနတ်ကလန်မှ တစ်ယောက်က ဝမ်လင်းကို ဤသို့ ပြောလာ၏။ သူသည် ဝမ်လင်းကို တောင်းပန်ဟန် ကြည့်သည်။ သူသည် နတ်အင်ပါယာက ဘာကြောင့် သည်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့သည်အား မသိပေ။ သို့သော် သူသည် နတ်အင်ပါယာကို ရပ်တန့်စေဖို့ရာ အရည်အချင်း မပြည့်မှီပေ။

ဝမ်လင်းသည် အေးဆေး မေး၏။ “ငါ ထွက်သွားတော့ ဟင်္သာငှက်နတ်ကလန်က လူတွေ ဘေးကင်းရဲ့လား…” သူက ထိုအဘိုးအို၏ စကားများကို ကြားသည့်အခါ ကလန်လေးခု၏ ကိစ္စကို ခန့်မှန်းနိုင်လိုက်ပေပြီ။

သည်လူက သူ့ကို နတ်အင်ပါယာ ဟု မခေါ်တော့ပေ။ ထိုသို့ဖြစ်ရခြင်းမှာ အဇူရာနဂါးနတ်အင်ပါယာက တစ်ခုခု ပြောထားခဲ့ပုံပေါ်သည်။ ထို့အပြင် နတ်အုပ်စိုးသူ ဟူသည့် နာမည်ကလည်း ထူးခြားနေသေး၏။ ဝမ်လင်းသည် သတိထားလာတော့သည်။

“သူတို့အားလုံး ဘေးကင်းပါတယ်…” ဟင်္သာငှက်နတ်ကလန်မှ တစ်ယောက်က ဝမ်လင်း အမေးကို ပြန်ဖြေလာသည်။

ဝမ်လင်းက ထိုအကြီးအကဲကို ကြည့်၏။ သူသည် ထိုသူသည် သူနတ်ပါယာ ဖြစ်လာပြီးနောက် ဘာဆက်လုပ်မည်နည်းဟု မေးခဲ့ဖူးသည့် အကြီးအကဲပင်။ သူက စကားမဆိုဘဲ ခေါင်းညိတ်ပြသည်။ ထို့နောက် သူက လောင်ကျွမ်းကြယ်ကွင်းပြင်ထဲသို့ ခြေလှမ်းသည်။

အဇူရာနဂါးနတ်ကလန်မှ လူများသည် မျက်မှောင်ကြုတ်သွားကာ သူတို့လည်း လောင်ကျွမ်းကြယ်ကွင်းပြင်ထဲသို့ ခြေလှမ်းလိုက်၏။

အဇူရာနဂါးနတ်ကလန်မှ အကြီးအကဲတစ်ယောက်သည် ဝမ်လင်းနောက်သို့ လိုက်လာရင်း အလေးအနက် ပြောလာသည်။ “ဝမ်လင်း…အဇူရာနဂါးနတ်အင်ပါယာက မင်းကို တွေ့ချင်နေတယ်…”

ဝမ်လင်းက ထိုအကြီးအကဲကို လစ်လျူရှုထား၏။ သူ လောင်ကျွမ်းကြယ်ကွင်းပြင်သို့ ဝင်လာခဲ့ချိန်၌ သူ့နတ်ဘုရားအာရုံကို လောင်ကျွမ်းနေသော မီးတောက်များ၏ အကူအညီဖြင့် ဖြန့်ကျက်လိုက်သည်။ သူက ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြုကာ မတူညီသည့် နေရာသို့ အလျင်အမြန် ရွှေ့၏။ ထိုအဖြစ်က သူ့ကို လောင်ကျွမ်းကြယ်ကွင်းပြင်ကို စစ်ဆေးကြည့်ခွင့် ရသွားစေသည်။

သို့သော် သူသည် ခေါင်းကြီးနှင့်အခြားလူများ၏ အရိပ်အယောင်ကို လုံးဝ မတွေ့ဘဲ ဖြစ်နေ၏။ သူ့အသွင်က သုန်မှုန်သွားလေသည်။ သူသည် နောက်လှည့်ကာ သူ့နောက် လိုက်လာသည့် အကြီးအကဲများကို အေးစက်စက် ကြည့်သည်။

“သူတို့ ဘယ်မှာလဲ…” ဝမ်လင်းသည် ထိုခုနစ်ယောက်ကို စူးစိုက်ကြည့်ပြီးနောက် သူ့ကိုယ်သူ ပြန်တည်ငြိမ်စေသည်။ သူသည် ဒေါသက ပြဿနာကို မဖြေရှင်းနိုင်မှန်း သိ၏။ သူသည် တည်ငြိမ်ရပေမည်။

“ဝမ်လင်း… နတ်အုပ်စိုးသူက မင်းကို တွေ့ချင်နေတယ်…။ ငါ့ကို တတိယအကြိမ် ထပ်ပြောစေချင်တာလား…”

ဝမ်လင်းသည် ဖြည်းဖြည်းခြင်း ပြောသည်။ “ငါ့ကြောင့်သာ မဟုတ်ရင် အဇူရာနတ်အုပ်စိုးသူက ခုချိန်ထိ မိုးကောင်းကင်ဘုံနယ်မြေမှာ ပိတ်လှောင်ခံထားရဦးမှာ ဖြစ်တယ်…”

“မင်း…” အဇူရာနဂါးနတ်ကလန်၏ အကြီးအကဲသည် ဝမ်လင်းကို စူးစိုက်ကြည့်၏။သူ့ဟန်ပန်က ပို၍ သုန်မှုန်လာသည်။

“ဟင်္သာငှက်နတ်အင်ပါယာဟောင်းကြောင့်သာ မဟုတ်ရင် မင်းတို့ အဇူရာနဂါးနတ်ကလန်က ပျောက်ကွယ်တာ ကြာခဲ့ပြီ။ မင်းတို့ အဇူရာနဂါးနတ်အုပ်စိုးသူက ငါ့ကို တွေ့ချင်ရင် သူ့ကို ဒီနေရာ လာခဲ့ခိုင်းလိုက်…”

ဝမ်လင်းသည် လောင်ကျွမ်းကြယ်ကွင်းပြင်ကနေ လှမ်းမထွက်ပေ။ သည်နေရာရှိ မီးတောက်များက သူ့စွမ်းအားကို ကြီးစွာ တိုးစေနိုင်ပေသည်။

အဇူရာနဂါးနတ်ကလန်မှ အကြီးအကဲက အားပါးတရ ရယ်မော၏။ သို့သော် သူ့ဘေးရှိအခြားသူများကတော့ တိတ်ဆိတ်နေလေသည်။

“ဟင်္သာငှက်နတ်အင်ပါယာက နတ်လေးပါးကလန်အတွက် သေဆုံးခဲ့တယ်…။ဒီအဘိုးအိုက ဒီအတွက် သူ့ကို အတော်လေး လေးစားမိပါတယ်…”

ဤအခိုက်အတန့်၌ ရှေးဟောင်းအသံတစ်ခု ပေါ်လာ၏။ ၎င်းအသံထဲ၌ မန္တာန်စွမ်းအင်ပါ ပါဝင်နေဟန် ရသည်။

အကြီးအကဲခုနစ်ယောက်၏အမူအရာသည် အလေးအနက် ဖြစ်ကုန်၏။ သူတို့က နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ သံပြိုင်ပြောလိုက်ကြသည်။ “နတ်အုပ်စိုးသူကို နှုတ်ဆက်ပါတယ်…”

သည့်နောက် လောကတွင် အစိမ်းရောင်အလင်းစများ ပေါ်လာလေ၏။ အစိမ်းရောင်အလင်းသည် အဇူရာနဂါးနတ်အင်ပါယာအဖြစ်သို့ သိပ်သည်းကုန်သည်။

အတိတ်တုန်းက မိုးကောင်းကင်ဘုံနယ်မြေမှ သနားစရာ အခြေအနေနှင့် ယှဉ်ပါက အဇူရာနဂါးနတ်အင်ပါယာသည် လူသစ်တစ်ယောက်ကဲ့သို့ ဖြစ်နေပေပြီ။ သူ့အစိမ်းရောင်ဝတ်စုံက တလက်လက် တောက်၏။ သူ့လက်နှစ်ဖက်ကို နောက်ပစ်ထားသည်။ တုန်လှုပ်ဖွယ်ဖိအားတစ်ခု ပျံ့နှံ့ကာ သည်ဧရိယာကို ခြုံလွှမ်းသွားသည်။

“မင်း တော်ဝင်ရတနာကို ပြန်လာပေးတာလို့ ငါ ထင်တယ်…” အဇူရာနဂါးနတ်အင်ပါယာက လက်ဆန့်ထုတ်ကာ ဝမ်လင်းကို တည်ငြိမ်စွာ ကြည့်သည်။ သူ့မျက်လုံးထဲ၌ ဘာခံစားချက်မှ ရှိမနေဘဲ အေးစက်မှုသာ ပြည့်နေသည်။

“ငါ့ မိတ်ဆွေတွေရော…” ဝမ်လင်းသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ သူသည် အဇူရာနဂါးနတ်အင်ပါယာကို ကြည့်သည်။ သူသည် သူ့ခန္ဓာကိုယ်မှာ ထိုသူ၏ ဖိအားအောက်တွင် ပြိုလဲတော့မတတ် ခံစားမိသည်။ သို့သော် သူက တောင့်ခံထားနိုင်နေသည်။

အဇူရာနဂါးနတ်အင်ပါယာသည် ပြုံး၏။ သည်အပြုံးကပင် အေးစက်လို့နေသည်။

“ငါ သူတို့ကို ခက်ခဲအောင် လုပ်မထားဘူး။ အပြင်လူတွေအားလုံးကို နတ်လေးပါးကလန်ရဲ့ အစွန်းအဖျားက ဂြိုဟ်တစ်ခုဆီ ပို့ထားတယ်…”

“ငါ…ဟင်္သာငှက်နတ်အင်ပါယာ ဆိုတဲ့ ငါ့ဂုဏ်ပုဒ်ကို လက်လွှတ်နိုင်တယ်။ တော်ဝင်ရတနာကိုလည်း ပေးနိုင်တယ်။ ငါ ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ဘူး။ ဒါပေမယ့် ငါ တစ်ခုကိုတော့ ယူသွားရလိမ့်မယ်…”

ဝမ်လင်းသည် ဤတော်ဝင်ရတနာကို သိမ်းဆည်းထားဖို့ ဘယ်တော့မှ စိတ်ကူးမထားပေ။ သူသည် သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ရာ ထို့နောက် လောင်ကျွမ်းနေသည့်အဖြူရောင်ကျောက်တုံး တစ်ခုပေါ်လာလေသည်။ ထိုကျောက်တုံးထဲ၌ တော်ဝင်သွေးစက်တစ်စက် ရှိ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset