ဝမ်လင်းသည် ထိုသက်လတ်ပိုင်းလူကို ကြည့်လိုက်သည့်အခါ ထိုသူသည် နိဗ္ဗာနဖြိုခွဲခြင်းအဆင့်မှန်း သိမြင်၏။ ဝမ်လင်းသည် အပိုစကားထပ်မဆိုတော့ပေ။ သူ့လက်ကို လေဟာနယ်ထဲသို့ လက်လှမ်းကာ ကျောက်စိမ်းပြားတစ်ခုကို ဆွဲယူ၍ ပစ်ပေးသည်။
သက်လတ်ပိုင်းလူက ယင်းကျောက်စိမ်းပြားကို ဖမ်းယူကာ သူ့နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်သည်။ သူသည် အံ့အားသင့်သွားလေ၏။ မထင်မှတ်စွာဖြင့် သူသည် ကျောက်စိမ်းပြားအတွင်းမှ အကြောင်းအရာကို သူ့အဆင့်ဖြင့် တွေ့မြင်နိုင်စွမ်းမရှိ ဖြစ်ရသည်။
သို့သော် သူသည် ဤကျောက်စိမ်းပြားကို ပြုလုပ်ထားသည့် သတ္တုသည် ရိုးစင်းမှု မရှိကြောင်းကိုတော့ သိမြင်နိုင်သည်။ ၎င်းကျောက်စိမ်းပြားတွင် မူလမီးအရိပ်အမြွက် ပါဝင်သည်။ ဝမ်လင်း၏ အဆင့်အတန်းကိုပါ ထည့်တွက်ပါက ဤကျောက်စိမ်းပြားသည် လုံးဝ ရိုးရှင်းတော့မည် မဟုတ်ပေ။
“ဒါက…” ထိုသူက ခေါင်းယမ်းကာ ဝမ်လင်းကို ကြည့်သည်။
ဝမ်လင်းသည် တည်ငြိမ်စွာပင် ပြော၏။ “နတ်အင်ပါယာဟောင်းက သူ မသေခင်မှာ မဟာမိတ်ဌာနချုပ်ရဲ့ လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့ခဲ့တယ်။သူက ငါ့ကို တောက်ပသောလေဟာနယ်နယ်မြေရှိ ဒီကျောက်စိမ်းပြားကို ပို့ပေးခိုင်းခဲ့တာ…”
ထိုသူက ခေါင်းညိတ်သည်။ သူက ဤကိစ္စမှာ အရေးကြီးကြောင်း သိပေသည်။ သူက လက်နှစ်ဖက်ကို ဆုပ်ကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်…”
ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းရာ ဘေးတစ်ဖက်သို့ မူလစိတ်ဝိညာဉ်သုံးခုကို ပစ်လွှတ်လိုက်သည်။ မူလစိတ်ဝိညာဉ်သုံးခုက မျက်လုံးပိတ်ထား၏။ သူတို့ ချုပ်နှောင်ခံထားရသည်မှာ ရှင်းနေသည်။
“အစောပိုင်းတုန်းက ဒီကျောက်စိမ်းပြားထဲက သတင်းဟာ အရေးကြီးလှတာကြောင့် ငါဟာ စိတ်မရှည်ဖြစ်ခဲ့ပြီး ဖိတ်ကြားချက်မရှိဘဲ ဒီနယ်မြေထဲ အတင်းဝင်ခဲ့ရတယ်။
ဝမ်လင်းက ထိုသို့ ပြောလိုက်ရင်း သူသည် နောက်ထပ်ကျောက်စိမ်းပြားတစ်ခုကို သက်လတ်ပိုင်းလူထံသို့ ပစ်ပေးလိုက်သည်။
ဤကျောက်စိမ်းပြားထဲတွင် မြင်ကွင်းတစ်ခု ပါသည်။ ၎င်းက အစောပိုင်း အပြင်ဘက် ဂိတ်ဝတွင် ဖြစ်ပွားခဲ့ပုံကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
သက်လတ်ပိုင်းလူက ၎င်းမြင်ကွင်းကို တည်ငြိမ်စွာကြည့်၍ ဆိုသည်။ “ငါတို့က နတ်အင်ပါယာ သူတို့ကို သင်ခန်းစားပေးခဲ့တာအတွက် ကျေးဇူးတင်တယ်။ ဒါပေမယ့်လည်း သင်ခန်းစာဟာ သင်ခန်းစာပဲ။ ငါတို့ တောက်ပသောလေဟာနယ်နယ်မြေရဲ့ လူတစ်ယောက်ကို သတ်တာကတော့ နည်းနည်း အကျိုးအကြောင်း မဆီလျော်ဘူး…”
ဝမ်လင်းသည် တည်ငြိမ်စွာသာ ပြောသည်။ “ဒါက မတော်တဆပါ…”
သက်လတ်ပိုင်းလူက ဝမ်လင်းကို စူးစိုက်ကြည့်၏။ သူက ပြုံး၍ ဆိုလာသည်။ “ဒီကိစ္စက အတော့်ကို အရေးကြီးတယ်။ ငါက နတ်အင်ပါယာ ငါတို့နယ်မြေမှာ ရက်ပိုင်းလောက် ဆက်နေနိုင်မလား တောင်းဆိုချင်တယ်။ ငါ ကျောက်စိမ်းပြား လက်ကမ်းပေးပြီးတဲ့အထိ စောင့်…”
သူ့စကားမဆုံးခင်မှာပင် အမျိုးသမီးတစ်ယောက်၏ အေးစက်စက်အသံ ထွက်ပေါ်လာသည်။
“သူ့ကို သွားခိုင်းလိုက်…”
ထိုအသံ ထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးသည် လေးစားမှု ပြကြ၏။ ထိုသက်လတ်ပိုင်းလူသည်ပင် လေးစားသမှု ပြရသည်။
မူပင်းမေသည် လူတိုင်းရှေ့တွင် ပေါ်လာသည်။ သူမသည် ဝမ်လင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်သည်။
တစ်ချိန်တည်းမှာပင် အလင်းတန်းနှစ်ခုသည် အကွာအဝေးတစ်ခုကနေ လှမ်းလာကာ ဝမ်လင်းရှေ့သို့ ရောက်လာသည်။ ယင်းအလင်းတန်းနှစ်ခုသည် ကျိုးယုနှင့်အဖြူကောင်လေးတို့ ဖြစ်ကြ၏။ ကျိုးယုသည် ဝမ်လင်းကို တွေ့မြင်ရသည့်အခါ ပို၍ပင် စိတ်လှုပ်ရှားမိသည်။
“ဦးလေး…တကယ် ဦးလေး ဖြစ်နေတာပဲ…” ကျိုးယု၏ မျက်လုံးတို့က နီရဲလာကာ မျက်ရည်များ ဝေ့တတ်လာသည်။
ကျိုးယုကိုကြည့်ကာ ဝမ်လင်းသည် ပြုံး၍ ခေါင်းညိတ်ပြသည်။ “ဦးလေး ဒီကို ရောက်လာတာ ကျိုးယုကို ပြန်ခေါ်ဖို့ပဲ…”
ကျိုးယုသည် အရွယ်ရောက်လာခဲ့ပြီဖြစ်၏။ သူမသည် တစ်ခုခု ပုံမှန်မဟုတ်သည်ကို သတိပြုမိလိုက်သည်။ ထို့ကြောင့် အခုက သူမ ဝမ်လင်းကို စကားပြောဖို့ အချိန်အခါ မဟုတ်မှန်း သိလိုက်သည်။ သူမသည် ချက်ခြင်း ဝမ်လင်းနားသို့ ရောက်လာ၏။ သူမသည် ဝမ်လင်း၏ဆံပင်ဖြူများကို တွေ့မြင်သည့်အခါ သူမ၏နှလုံးသားသည် နာကျင်ရလေသည်။
ဝမ်လင်းသည် မူပင်းမေကို ကြည့်၏။ သူက အနည်းငယ် စဉ်းစားကာ ပြောလိုက်သည်။ “ငါ ကျိုးယုကို ပြန်ခေါ်သွားမလို့…”
မူပင်းမေက သူမ၏အောက်နှုတ်ခမ်းကို ကိုက်ထားကာ ဆို၏။ “နင်တို့အားလုံး…ထွက်သွားကြတော့…” ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် အလျင်အမြန် သဘောတူကာ သဲလွန်စမရှိ ပျောက်ကွယ်သွားကြတော့သည်။ ခရမ်းရောင်ဝတ်စုံနှင့်သက်လတ်ပိုင်းလူကလည်း ဝမ်လင်းကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်ပြီးနောက် သူလည်း ထွက်သွားသည်။
သိပ်မကြာခင်တွင် ဝမ်လင်း၊ကျိုးယုနှင့် မူပင်းမေတို့ကလွဲ၍ မည်သည့်ကျင့်ကြံသူမှ ရှိမနေတော့ပေ။
မူပင်းမေသည် ဝမ်လင်းအကြည့်ကို ရှောင်ကာ ကျိုးယုကို ကြည့်လိုက်သည်။ သူမသည် နူးညံ့စွာ ဆို၏။ “ကျိုးယု…နင်ထွက်သွားပြီးရင် နေ့စဉ်ကျင့်ကြံဖို့ မမေ့နဲ့…”
ကျိုးယုသည် ဝမ်လင်းကို ကြည့်၏။ ထို့နောက် သူမသည် မူပင်းမေကို ကြည့်သည်။ သည်နှစ်များတွင် သူမ ဆရာသည် သူမအပေါ် အလွန်ကောင်းသည်ဟု ပြောနိုင်၏။ သူမ၏ဆရာကြောင့်သာ မဟုတ်ခဲ့ပါက သူမသည် ဝမ်လင်းနှင့် ထပ်တွေ့နိုင်စွမ်း ရှိချင်မှ ရှိပေတော့မည်။
ခွဲခွာခြင်းအကြောင်း တွေးမိရာ ကျိုးယု၏ စိတ်သည် မှိုင်တွေသွား၏။ သူမသည် ခေါင်းညိတ်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ “ဆရာ…ကျိုးယု ကျင့်ကြံဖို့ မမေ့ပါဘူး။ ဒါ့အပြင် ယုအာက အချိန်မရွေး ပြန်လာနိုင်တာပဲ…”
မူပင်းမေသည် ခါးသက်သက်ပြုံးမိ၏။ ကျိုးယုသည် သူမ ထွက်ခွာသည်နှင့် ပြန်လာဖို့ အခွင့်အရေး မရှိတော့သည်ကို နားမလည်ပေ။ အကြောင်းမှာ ဝမ်လင်းက သူမ ပြန်လာဖို့ ခွင့်ပြုတော့မည် မဟုတ်သောကြောင့်တည်း။
“ငါက နင့်ဆရာပဲ။ နင်က ငါ့တပည့်ပဲ။ နင် ထွက်သွားတော့မယ်ဆိုမှတော့ ငါ နင့်ကို ဆရာတစ်ယောက်အနေနဲ့ လက်ဆောင်တစ်ခုခု ပေးရမှာပေါ့…”
မူပင်းမေက ထိုသို့ ပြောရင်း သူမခေါင်းပေါ်မှာ ဆံထိုးကို လှမ်းယူ၏။ သူမက ယင်းဆံထိုးကို မြတ်နိုးစွာ ကြည့်၍ ကျိုးယုထံသို့ ပစ်ပေးလိုက်သည်။
“ဆရာ…ဒါက…” ကျိုးယုသည် မင်သက်သွားကာ ယင်းဆံထိုးကို အလိုလိုဖမ်းယူမိလျက်သား ဖြစ်သွားသည်။ သူမသည် မူပင်းမေက ယင်းဆံထိုးမှာ သူမ၏ဆရာ ပေးခဲ့သော အလွန်အစွမ်းထက်သည့် ရတနာတစ်ခုဖြစ်ကြောင်း ပြောခဲ့ဖူးသည်ကို ခပ်ရေးရေး ပြန်မှတ်မိသည်။
“ဒီကိုလာ…ဆရာ မင်းကို ဒီဆံထိုး ပန်ပေးမယ်…” မူပင်းမေ၏ မျက်လုံးထဲ၌ သူမတပည့်အပေါ် ချစ်ခင်မှုကို ပြသနေသည်။ နှစ်များစွာ အတူရှိခဲ့ကြပြီးနောက် သူမသည် သူမ၏တပည့်အပေါ် ခံစားချက် တိုးပွားခဲ့ပြီ မဟုတ်လား။
ကျိုးယုက မူပင်းမေနားသို့ နာခံစွာပင် ရောက်သွားသည်။ ဝမ်လင်းသည် မူလက သူမကို တားရန် ပြင်၏။ သို့သော် အနည်းငယ် ချီတုံချတုံ ဖြစ်ကာ သူသည် ဘာမှ မပြောတော့ပေ။
သူမသည် ကျိုးယု၏ ဆံပင်ကို ရစ်ခွေကာ သူကိုယ်တိုင် ဆံထိုးပန်ပေး၏။ မူပင်းမေက ကျိုးယု၏ ခေါင်းကို ညင်သာစွာ ထိကိုင်ရင်း သူမမျက်လုံးထဲရှိ အေးစက်မှု ပျောက်ကာ နူးညံ့စွာ ဆိုသည်။ “နင်က အမြဲတမ်း ငါ့တပည့်ပဲ…တောက်ပသောလေဟာနယ်နယ်မြေဟာ နင့်အတွက် ဒုတိယအိမ်ပဲ ဆိုတာ မှတ်ထားပါ။ နင်…သွားနိုင်ပြီ…”
“ဆရာ…” ကျိုးယုမျက်လုံးထဲမှ မျက်ရည်တို့ စီးကျလာသည်။ သူမသည် သူမဆရာနှင့်ဦးလေးတို့သည် တစ်ယောက်နှင့်တစ်ယောက် သိနေကြသည်ဟူသော ခံစားချက်မျိုး ရနေ၏။ သူတို့သည် မိတ်ဆွေများ မဟုတ်ကြပေ။ သို့သော် ရန်သူများ ဖြစ်နေကြသည်လား။ သူမသည် သူမထွက်သွားချိန်၌ သူမ၏ဆရာနှင့် ဘယ်တော့မှ ထပ်မတွေ့ရတော့မည်ကို ကြောက်မိပေသည်။
ဝမ်လင်းသည် စိတ်ရှုပ်ထွေးနေမိ၏။ သူ့အသိဉာဏ်ဖြင့်သူသည် မူပင်းမေနှင့်ကျိုးယုတို့ကြားက ဆရာတပည့် ဆက်ဆံရေးသည် အတုအယောင် မဟုတ်မှန်း ပြောနိုင်၏။ သို့သော် သူက ဤအချက်ကို လွယ်ကူစွာ မယုံကြည်ဝံ့ဘဲ ဖြစ်နေသည်။ သူသည် လျိုမေ၏ အကြင်နာမဲ့နယ်ပယ် အကြောင်း တွေးမိရင်း ပြောလိုက်သည်။
“ကျိုးယု…”
ကျိုးယုသည် မူပင်းမေကို ကြည့်၏။ သူမက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ ဒူးထောက်ကာ သုံးကြိမ်တိုင် ဦးညွတ်၍ ငိုသံနှင့် ပြောသည်။ “ဆရာ…တပည့် ထွက်သွားတော့မယ်…”
“သွားတော့…” မူပင်မေက အောက်နှုတ်ခမ်းကို ကိုက်ထား၏။ ဤအခိုက်အတန့်မှာ သူမ၏ စိတ်နှလုံးသည် တစ်ခုခုကို ဆုံးရှုံးသွားရသကဲ့သို့ နာကျင်နေရသည်။ သူမသည် ခြေလှမ်းအနည်းငယ် ပြန်ဆုတ်ကာ အားတင်းပြုံး၍ ခေါင်းညိတ်ပြသည်။
ဝမ်လင်းသည် ထွက်ခွာရန် အနည်းငယ် အင်တင်တင် ဖြစ်နေသည့် ကျိုးယုကို ခေါ်ကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံသို့သွားရောက်ပြီး ထွက်သွားရန် ဟန်ပြင်သည်။
သည်အခိုက်အတန့်၌ မူပင်းမေသည် သူမ၏ ရှိသမျှသတ္တိအားလုံးကို စုစည်းကာ ဝမ်လင်း နောက်ကျောကို ကြည့်၍ ခပ်တိုးတိုး ဆိုလာသည်။ “ဝမ်လင်း…ငါ တောင်းပန်ပါတယ်…”
ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။သူသည် အစီအရင်ထဲ၌ မတ်တပ်ရပ်နေ၏။ သို့သော် အချိန်အတန်ကြာသည့်အထိ ၎င်းကို အသက်မသွင်းမိသေးဘဲ ဖြစ်နေသည်။
“ငါ တောင်းပန်ပါတယ်…ငါ တကယ့်ကို တောင်းပန်ပါတယ်…” မူပင်းမေ၏ခန္ဓာကိုယ်သည် တုန်ယင်၏။ သူမ၏ မျက်လုံးထဲမှ မျက်ရည်စီးကြောင်းနှစ်ခု ကျနေရင်း တတွတ်တွတ် တောင်းပန်နေမိသည်။
ဤနှစ်များတွင် သူမစိတ်ထဲရှိ နာကျင်မှု၏ နှိပ်စက်မှုကြောင့် သူမ ပြိုလဲလုနီး ဖြစ်ခဲ့ရသည်။ ညဘက်တိုင်း သူမ ကျင့်ကြံနေရာကနေ လန့်လန့်နိုးရ၏။ရှင်းမပြတတ်သည့် ခံစားမှုမှာ သူမထံ၌ ပြည့်နေသည်။
“လျိုမေက သေသွားခဲ့ပြီ။ သူမက နင် မဟုတ်ဘူး။ဒါ့ကြောင့် တောင်းပန်ဖို့ မလိုဘူး…”
ဝမ်လင်းသည် နောက်ပြန်လှည့်မကြည့်ပေ။ သူသည်လည်း ခံစားနေရ၏။ သူသည် သူနှင့်လျိုမေတို့၏သား ဝမ်ပိုင်နှင့် ပထမဆုံးတွေ့ခဲ့ချိန်ကို ပြန်စဉ်းစားမိကာ သူ့စိတ်နှလုံးမှာလည်း နာကျင်ရပေသည်။ မကျေမနပ်မှုနှင့် ပြည့်နှက်နေသော ကလေးငယ်က သူ့အဖေဖြစ်သူကို ရက်စက်စွာစူးစိုက်ကြည့်နေခဲ့ဖူးသည် မဟုတ်လား။ဤကား ဝမ်လင်းအဖို့ ဘယ်တော့မှ မေ့မရနိုင်သည့် အိပ်မက်ဆိုးတစ်ခုပင်။
လျိုမေသည် ဝမ်လင်း၏ တာအိုနှလုံးသားထဲ၌ သူမ၏ပုံရိပ်ကို ချန်ထားခဲ့လို၏။ သူမသည် အောင်မြင်ခဲ့ပေသည်။ ယနေ့ချိန်ထိ သူမသည် အောင်မြင်နေဆဲပင်။
“ငါတောင်းပန်ပါတယ်…တောင်းပန်ပါတယ်…” မူပင်းမေသည် သူမ၏လှပသောမျက်နှာထက်၌ မျက်ရည်များ စီးကျနေတော့သည်။ သူမ၏မျက်နှာမှာလည်း ဖြူရောလို့နေ၏။
ဝမ်လင်းက အစီအရင်ကို တိတ်တဆိတ် ဖွင့်လှစ်၏။ အစီအရင်အသံသည် တုန်ဟိန်းလာရင်း အလင်းက သိပ်သည်းလာသည်။ ဤအခိုက်အတန့်၌ သူသည် သူ့စိတ်ကိုယ်သူပြင်ဆင် လိုက်သည်။ သူက အစီအရင်ထဲသို့ စောင့်ချကာ တစ်ခုခုကို ခပ်တိုးတိုး ရေရွတ်မိသည်။
“နင်…သူ့ကို တကယ်ပဲ တွေ့ချင်နေတာလား…”
***