Switch Mode

အပိုင်း(၁၁၇၃)

နောက်ဆက်တွဲကို စိတ်ပူစရာမလိုတော့…

ချင်းလင်သည် ဝမ်လင်းကို ကြည့်ကာ ဖြည်းဖြည်းခြင်း ပြောလိုက်သည်။ “အတိတ်တုန်းက ဆရာဟာ ဒဏ်ရာအပြင်းအထန် ရခဲ့တဲ့နောက်မှာ တာကျားနဲ့ပေလောတို့နဲ့ ထပ်ပြီး တိုက်ခိုက်ခဲ့ရတယ်။ တဖြည်းဖြည်းနဲ့ တာကျားဟာ ဆရာ့ရဲ့ခန္ဓာကိုယ်ထဲကို ကျူးကျော်ဝင်လာခဲ့တယ်…”

“ငါဟာ စွမ်းအားလုံးဝ ကင်းမဲ့သွားတာ မဟုတ်ပေမယ့်လည်း အခု ငါ့ကျင့်ကြံခြင်းကို ကုသဖို့အတွက် တံခါးပိတ်ကျင့်ကြံဖို့ လိုနေပြီ။ ဒါ့အပြင် မင်းရဲ့စီနီယာအစ်ကို ဝမ်ဝေရှိကနေ တောက်ပသောဟင်းလင်းပြင်(အခုအခေါ် မဟာမိတ်) ကြယ်အဖွဲ့အစည်းရဲ့ အခြေအနေတွေကိုလည်း သိခဲ့ပြီ။ အခု ဒီကြယ်အဖွဲ့အစည်းဟာ လုံးဝ ရှုပ်ထွေးနေတယ်…”

“ဒီမိုးကောင်းကင်ဘုံနယ်မြေသစ်က ငါ့တပည့်တွေအတွက် ကုန်းမြေ ဖြစ်လာလိမ့်မယ်။ မိုးကောင်းကင်ဘုံနယ်မြေ ဂိတ်တံခါးကို ချိပ်ပိတ်ထားခဲ့ပြီးပြီး။ ဒါ့ကြောင့် ဘယ်သူမှ ဒီနေရာကို ထပ်ဝင်မလာနိုင်တော့ဘူး…”

“မင်းမှာ မိတ်ဆွေ၊ဆွေမျိုးအသိတွေ ရှိခဲ့ရင် သူတို့ကို ဒီမှာနေထိုင်ဖို့အတွက် ခေါ်လာနိုင်တယ်။ မင်းရဲ့ဆရာ ကျင့်ကြံခြင်း ပြန်ကောင်းမွန်လာတာနဲ့ ငါတို့ ကောင်းကင်ဘုံနယ်မြေကို အတိတ်တုန်းက တောက်ပမှုကို ပြန်ဆောင်ယူမယ်…”

ချင်းလင်သည် တည်ငြိမ်စွာ ပြောပြနေရရင်း သူသည် ဝမ်လင်းနှင့် အကြည့်ခြင်း ဆုံနေ၏။

ဝမ်လင်းသည် အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် ခပ်တိုးတိုး ပြောလာသည်။ “ဆရာ ရှေးဟောင်းနတ်ဘုရားတွေကို သိပါသလား…”

ချင်းလင်က ခေါင်းညိတ်ပြသည်။

“ခုလက်ရှိ ဆရာက တော်ဝင်သွေးမျိုးဆက်နဲ့ ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရားကို ခုခံနိုင်လားတော့ ငါ မသိဘူး…” ဝမ်လင်းသည် ချင်းလင်ကို ကြည့်သည်။ သူ့အသံက တိုးနေဆဲ ဖြစ်သည်။

တော်ဝင်သွေးမျိုးဆက် ဟူသော စကားကို ကြားလိုက်ရသည့်အခါ ချင်းလင်သည် အနည်းငယ် စဉ်းစားကာ ပြောသည်။ “မင်း ပြောတဲ့ ရှေးဟောင်းနတ်ဘုရားက ဟင်္သာပြဒါးဂြိုဟ်က ထူစီလို့ ငါ ထင်တယ်…”

ဝမ်လင်းသည် အံ့အားသင့်သွားခြင်း မရှိပေ။ တကယ်တော့ ချင်းလင်သည် ကောင်းကင်ဘုံအင်ပါယာ ဖြစ်ခဲ့ကာ ထူစီသည်လည်း ကောင်းကင်ဘုံနယ်မြေ ခေတ်အခါကတည်းက ရှိခဲ့သည် မဟုတ်လား။ ချင်းလင် ထူစီကို သိသည်မှာ သဘာဝ ကြပေသည်။

“ငါ့ အထွတ်အထိပ်အချိန်မှာ ဆိုရင် ငါက သူ့ကို ခြိမ်းခြောက်နိုင်တဲ့သူလို့ လုံးဝ တွေးမထားခဲ့ဘူး။ ဒါပေမယ့် အခု အချို့အကြောင်းရင်းတွေကြောင့် အတိတ်တုန်းက ငါ သူ့ကို လုံးဝ သွားမစစ်ဆေးကြည့်ခဲ့ဖူးဘူး။ အခု ငါ့မှာ တိုက်ခိုက်မှုစွမ်းအား တစ်ကြိမ်သာ ပိုင်ဆိုင်ထားတယ်…”

“အခုချိန်မှာဆိုရင်တော့ ငါ့ ဒီတိုက်ချက်တစ်ခုနဲ့ဆိုရင် သူ့ကို နောက်ဆုတ်သွားစေဖို့တော့ လုပ်နိုင်လိမ့်မယ်…”

“တိုက်ချက်တစ်ခုတည်း စွမ်းအား…” ဝမ်လင်းသည် ခါးသီးစွာ ပြုံးမိ၏။ သူသည် ချင်းလင် စကားများ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်ပေသည်။ ချင်းလင်သည် ဒဏ်ရာအပြင်းအထန် ရထားခဲ့ကာ သူသည် ခုချိန်၌ တစ်ကြိမ်သာ တိုက်ခိုက်နိုင်သည် ဟူ၏။ သည်တိုက်ခိုက်မှုက ထူစီ၏ ရုပ်ပိုင်းဆိုင်ရာ အမွေအနှစ် တစ်နည်း တိုက်ခိုက်မှုစွမ်းရည်ကို ပိုင်ဆိုင်ထားသည့် ထာဆန်ကို နောက်တွန့်သွားစေမည် ဖြစ်သော်လည်း အသုံးမပြနိုင်ပေ။ ရန်သူ့ကို နောက်ဆုတ်စေနိုင်မည် ဆိုလျှင်ပင် အနာဂတ်တွင် ပြဿနာများ တတ်လာဦးမည်သာ ဖြစ်သည်။

ချင်းလင်သည် အနည်းငယ် စဉ်းစားကာ ဖြည်းဖြည်းခြင်း ပြောလိုက်သည်။ ငါဟာ ရှေးဟောင်းမိစ္ဆာတာကျားနဲ့ ရစ်နှောင်တိုက်ခိုက်နေရတာ အချိန်အတော်ကြာခဲ့ရတယ်။ ပြင်ပကမ္ဘာက လမ်းကြောင်းဟာ သိပ်မကြာခင် ပွင့်လာတော့မှာ။ ငါဟာ ငါ့ကျင့်ကြံမှုအထွတ်အထိပ်အဆင့်ထိ အမြန် ပြန်ကောင်းဖို့ လိုတယ်။ မဟုတ်ရင် ငါ့ချိပ်ပိတ်နယ်မြေဟာ အမြစ်ဖျက် ရှင်းလင်း ခံရနိုင်တယ်။ ဒါပေမယ့်လည်း မင်းသာ ငါ့ကို လိုအပ်တယ်ဆိုရင်တော့ ငါ ဒီတိုက်ခိုက်မှုကို မင်းအတွက် အသုံးပြုပေးနိုင်တယ်…”

ဝမ်လင်းသည် ခေါင်းယမ်း၏။ သူသည် ချင်းလင်ကို ကြည့်ကာ ပြောလိုက်သည်။ “ဆရာ အတိတ်တုန်းက ကောင်းကင်ဘုံနယ်မြေဟာ ဘယ်လို ကပ်ဘေးမျိုး ရင်ဆိုင်ခဲ့ရတာလဲ…”

ဝမ်လင်းသည် ဤမေးခွန်းကို သူ့စိတ်ထဲ၌ ရှိနေသည်မှာ နှစ်တစ်ထောင်လောက် ရှိခဲ့ပေပြီ။ သူသည် အကြောင်းရင်းကို ခုထိ မသိရသေးပေ။

ချင်းလင်၏ မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားသည်။ ထို့နောက် ခါးသီးမှု ပေါ်လာသည်။

“ဖြစ်ခဲ့သမျှ အကြောင်းအားလုံးဟာ ကောင်းကင်ဘုံဂိတ်တံခါး ကြောင့်ပဲ…” ချင်းလင်သည် ထပ်ပြောပြရန် ဆန္ဒမရှိတော့ပေ။ သူ့ဟန်ပန်မှာ ပို၍ပင် စိတ်ရှုပ်ထွေးလာသည်။

ဝမ်လင်းသည် ခေါင်းငုံ့ကာ ဖြည်းဖြည်းခြင်း ပြောသည်။ “ဆရာ့ရဲ့ လှိုဏ်ဂူထဲမှာ တပည့်ဟာ တက်တူးကလန်တော်ဝင်ဘိုးဘေးနဲ့ တွေ့ခဲ့ရတယ်…”

ချင်းလင်သည် အနည်းငယ် စဉ်းစားကာ ပြောသည်။ “မင်း သူ့ရဲ့ စကားတွေကို ယုံလား…”

ဝမ်လင်းက ပြန်မဖြေပေ။

“အပြင်ဘက်နယ်မြေနဲ့ ချိပ်ပိတ်နယ်မြေတို့ကြားက တိုက်ပွဲဟာ အချိန်အရမ်းကြာခဲ့တယ်။ အနာဂတ်မှာ ဒီအကြောင်းတွေ မင်းသိလာပါလိမ့်မယ်…” ချင်းလင်သည် သက်ပြင်းချ၏။သူသည် သည်ခေါင်းစဉ်အကြောင်းကို အဆုံးသပ်သည်။

“မင်း မိတ်ဆွေတွေ၊ အသိတွေကို ဒီနေရာကို သွားခေါ်လာခဲ့။ ဆရာ ဒီမှာ ရှိနေရင် ငါက သူတို့ကို လုံခြုံအောင် လုပ်ပေးနိုင်တယ်…” ချင်းလင်သည် ဝမ်လင်းကို ကြည့်သည်။ သူ့မျက်လုံးထဲ၌ ကြင်နာမှု ဖြစ်ပေါ်၏။

ဝမ်လင်းသည် ခေါင်းညိတ်၏။ ထို့နောက် အနည်းငယ် တုံ့ဆိုင်းဆိုင်းဖြစ်ပြီး သူသည် သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်သည်။ အက်ကြောင်းတစ်ခုပေါ်လာကာ သလင်းခေါင်းတလားတစ်ခု ဖြည်းဖြည်းခြင်း ပျံသန်းထွက်လာသည်။

“ဆရာ…သင်…ဒီခေါင်းတလားကို သိပါရဲ့လား…” ဝမ်လင်းသည် ချင်းလင်ကို စူးစိုက်ကြည့်နေရင်း စိတ်ပူပန်ရှုပ်ထွေးနေမိသည်။ အမှန်တော့ သူ ချင်းလင်ကို ကယ်တင်ပေးချင်သည်မှာ စစ်ထူနန်၏အဆိပ်နှင့် ကျောက်ရီ၏ဆန္ဒတို့အပြင် နောက်ထပ် အကြောင်းရင်းတစ်ခု ရှိသေးသည်။ ထိုအကြောင်းရင်းက သည်ခေါင်းတလားနှင့် ပတ်သတ်၍ သိရှိနိုင်ရန် ဖြစ်သည်။

ချင်းလင်၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။သူက ဝမ်လင်း စိတ်ပူပန်နေသည်ကို တွေ့မြင်၏။ သူက ခေါင်းတလားကို သေချာကြည့်ကာ အနည်းငယ် စဉ်းစားပြီး ခေါင်းညိတ်ပြသည်။ “ဆရာသာ မမှားရင် ဒါဟာ ကောင်းကင်ဘုံရှောင်ဖယ်ခြင်းခေါင်းတလား ဖြစ်လိမ့်မယ်…”

ဝမ်လင်း၏ စိတ်သည် တုန်ယင်သွားသည်။ သူ့အသက်ရှုသံပင် မမှန်တော့ပေ။

“ဒီကောင်းကင်ဘုံရှောင်ဖယ်ခြင်း ခေါင်းတလားဟာ ကောင်းကင်ဘုံနယ်မြေလေးခုရဲ့ဟာ မဟုတ်ဘူး။ ဒါက ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကနေ ထွက်ပေါ်လာခဲ့တာ။ ပြောကြတာက ဒီခေါင်းတလားဟာ သေဆုံးပြီးတဲ့သူကိုတောင် ပြန်အသက်သွင်းနိုင်တယ် ဆိုတယ်။ ဒါပေမယ့် ဒါဟာ ကောလဟာလမျှပဲ။ ဒါပေမယ့်လည်း မင်းက ဒီခေါင်းတလားကို အသက်ဝင်စေမယ့် မန္တာန်ကို သိရင်တော့ ဒါဟာ စိတ်ဝိညာဉ်အပိုင်းအစတစ်ခုကိုတော့ ပြန်အသက်သွင်းနိုင်လောက်တယ်…”

“ဒါပေမယ့်…ဆရာဟာ ဒီမန္တာန်ကို မသိဘူး…” ချင်းလင်၏ စကားလုံးများက ဝမ်လင်းကို မျှော်လင့်ချက်ပေးသည်။ သို့သော် တစ်ချိန်တည်းမှာ ထိုမျှော်လင့်ချက်သည် ပျက်စီးသွားရတော့သည်။

ဝမ်လင်း၏ ရင်ဘက်ကို တုဖြင့် ထုချလိုက်သကဲ့သို့ ဝမ်လင်း၏ မျက်နှာသည် ဖြူရောကာ ခါးသက်ဟန် ဖြစ်ပေါ်သည်။ ချင်းလင် သည်မန္တာန်ကို မသိဘူးဆိုပါက မည်သူကရော သိနိုင်ပါ့မည်နည်း။

“ဒါပေမယ့်လည်း…” ချင်းလင်သည် ဝမ်လင်းကို ကြည့်သည်။

ဝမ်လင်းသည် အသက်ဝဝရှုသွင်းကာ ချင်းလင်ကို ကြည့်၏။ သူ့မျက်လုံးထဲရှိ မျှော်လင့်ချက်သည် အရောင်ပြန်တောက်လာသည်။

“တစ်ခါက ဆရာ ကြားခဲ့ဖူးတာတော့ ဒီခေါင်းတလားဟာ မိုးကြိုးလျှပ်စီးကောင်းကင်ဘုံနယ်မြေမှာ ထွက်ပေါ်ခဲ့ပြီး ကောင်းကင်ဘုံအင်ပါယာ ဇီရှ ပိုင်ဆိုင်ခဲ့တယ် ဆိုတာပဲ။ ဇီရှရဲ့ ကျင့်ကြံမှုအဆင့်က ငါ့ထက် နိမ့်ပြီး ပေဖန်ထက် သာတယ်။သူမဟာ မိုးကြိုးကောင်းကင်ဘုံနယ်မြေ ပျက်စီးခဲ့တဲ့အချိန်မှာ ရှင်သန်နိုင်ခဲ့ကောင်း လောက်တယ်။ ဒါမှမဟုတ် သူ့တပည့်တွေ ကျန်နေခဲ့လောက်တယ်။ မင်းက ဒီကောင်းကင်ဘုံရှောင်ဖယ်ခြင်း ခေါင်းတလားရဲ့ မန္တာန်ကို သူမထံကနေ သိရှိကောင်း သိရှိနိုင်လိမ့်မယ်…”

“မင်း သူမကို မရှာနိုင်ခဲ့ရင်လည်း အဆင်ပြေတယ်။ ငါ့ကျင့်ကြံမှုအဆင့် ပြန်ကောင်းလာတာနဲ့ ငါ မင်းကို ကျိန်းသေပေါက် ကူညီပေးမယ်…”

ဝမ်လင်းသည် မတ်တပ်ထရပ်၏။ သူ့လက်နှစ်ကို တရိုတသေ ဆုပ်သည်။ သူသည် အခုလောက် အဖြေသိရသည်နှင့်ပင် ကျေနပ်ရောင့်ရဲခဲ့ပြီ ဖြစ်သည်။

“သွား…မင်း အရေးကြီးတယ် ထင်တဲ့လူတွေကို ရှာပြီး ဒီကို ခေါ်လာခဲ့ချေ။ ငါ သူတို့ကို လုံခြုံဘေးကင်းအောင် ကူညီပေးနိုင်တယ်…” ချင်းလင်သည် ထိုသို့ ဆိုရင်း ပင်ပန်းနေဟန် ပေါ်သည်။ သူသည် သူ့ညာလက်ကို ဝေ့ယမ်းရာ စာလုံးတစ်လုံး‌ ပေါ်လာ၏။ ၎င်းစာလုံးသည် ဝမ်လင်း၏ ညာလက်ဝါးပေါ်သို့ ကျရောက်ကာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတော့သည်။

“မင်း ဒီနေရာကို ပြန်လာချင်ရင် ဒီစာလုံးကို အသက်သွင်းလိုက်…”

ဝမ်လင်းသည် ခေါင်းညိတ်သည်။ သူက ချင်းလင်ကို ကြည့်၏။ ထို့နောက် သူသည် ကောင်းကင်ဘုံရှောင်ဖယ်ခြင်းခေါင်းတလားကို ပြန်သိမ်းဆည်းကာ ထွက်ခွာသွားတော့သည်။

အခုချိန်၌ အင်အားစုမျိုးစုံ၏ ကျင့်ကြံသူအများအပြားသည် ဟင်္သာပြဒါးဂြိုဟ်ထံသို့ ရောက်ရှိနေကြသည်။

သည်အခိုက်တွင် အလင်းတန်းတစ်ခုသည် ကောင်းကင်ထက်တွင် ပေါ်လာသည်။ ယင်းအလင်းတန်းမှာ ဝမ်လင်း ဖြစ်၏။ သူသည် ရှေ့တည့်တည့်သို့ တည်ငြိမ်စွာ ပျံသန်းနေသည်။ ချင်လင်းသည် နိုးထလာနိုင်ကာ မိုးကောင်းကင်ဘုံနယ်မြေသစ်ကို ဖွဲ့စည်းစေခြင်းက သူ့ပြဿနာများကို မဖြေရှင်းနိုင်သော်လည်း ဝမ်လင်းသည် အကျိုးဆက်များနှင့်ပတ်သတ်၍ စိတ်ပူပန်စရာတော့ မလိုတော့ပေ။

သူသည် သူနှင့် ရင်းနှီးသည့်သူအားလုံးကို မိုးကောင်းကင်ဘုံနယ်မြေသို့ ပို့ဆောင်မည် ဖြစ်၏။ ချင်းလင် ကတိပေးထားခြင်းကြောင့် ဝမ်လင်းက စိတ်သက်သာရာ ရတော့၏။

သူသည် ထာဆန်ကို တိုက်ခိုက်ဖို့ ချင်းလင်ကို အကူအညီမတောင်းလိုပေ။ ချင်းလင်၏ အကူအညီက သူ့ပြဿနာကို ယာယီ ဖြေရှင်းပေးနိုင်မည် ဖြစ်သော်လည်း ချင်းလင်ပြောသည့်အတိုင်းဆိုပါက သူသည် ထာဆန်ကို အနိုင်ယူနိုင်သော်လည်း သတ်နိုင်ခြင်းမရှိဟု ဆို၏။

“ငါက ငါ့ကိုယ်ငါပဲ အားကိုးရဦးမှာပဲ…” ဝမ်လင်းသည် သူက ချင်းလင်ကို ကယ်တင်ပေးခဲ့သော်လည်း သူ သေရေးရှင်ရေး ရင်ဆိုင်ရချိန်၌ မည်သူကမျှ သူ့ကို မကူညီပေးနိုင်မှန်း နားလည်ထားသည်။

အခုချိန်၌ သူသည် သည်ကမ္ဘာတွင် အသိမဲ့အဆွေမဲ့ တစ်ကောင်ကြွက် မဟုတ်တော့။ အနည်းဆုံးတော့ သူ့ထံ၌ ချစ်ခင်ရသူ တစ်ယောက်တော့ ရှိပေသည်။

ဝမ်လင်းသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကြောင့် သူ့စိတ်က ဤကြယ်အဖွဲ့အစည်းတစ်ခွင် ဖြန့်ကျက်ခဲ့စဉ်က သူ ကျိုးယုကို တောက်ပသောလေဟာနယ်နယ်မြေတွင် တွေ့မြင်ခဲ့သည်ကို ရှင်းလင်းစွာ မှတ်မိနေသည်။

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေသည်။ သူသည် ရှေ့သို့ ခြေလှမ်းသည်။ သူ့ခြေထောက်အောက်တွင် လှိုင်းတွန့်များ ပေါ်လာကာ ပျောက်ကွယ်သွားတော့သည်။ သူပြန်ပေါ်လာချိန်၌ အတော်ဝေးဝေးရှိ လူသူကင်းမဲ့သည့်ဂြိုဟ်တစ်ခုရှေ့ ရောက်နေပေပြီ။

သည်ဂြိုဟ်နှင့် ပတ်သတ်၍ ပုံမှန်မဟုတ်တာ ဘာမှ ရှိမနေပေ။ သို့သော် ဝမ်လင်းက ဤနေရာ၌ တောက်ပသောလေဟာနယ်နယ်မြေသို့ သွားရောက်သည့် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ရှိနေမှန်း သိထားသည်။

နတ်အင်ပါယာဟောင်း သူ့ကို ပို့ပေးခိုင်းခဲ့သည့် ကျောက်စိမ်းပြား သို့မဟုတ် ကျိုးယုကို ပြန်ခေါ်ဖို့ ဖြစ်စေ ဝမ်လင်းသည် သူ မူပင်းမေနှင့် မျက်နှာချင်း မဆိုင်လိုသော်လည်း တောက်ပသောလေဟာနယ် နယ်မြေသို့ သွားကို သွားရပေမည်။

အကွာအဝေးတစ်ခုရှိ ဂြိုဟ်ကို ကြည့်နေရင်း ဝမ်လင်းသည် သက်ပြင်းချသည်။ သို့သော် သူက ရပ်တန့်ခြင်းတော့ မပြုပေ။ သူသည် ဂြိုဟ်၏ လေထုအတွင်းသို့ ဝင်လာကာ ဂြိုဟ်ပေါ်တွင် ခြေချသည်။

သူ အတိတ်တုန်းက မြင်ခဲ့သည်ကို ပြန်စဉ်းစားကာ ဝမ်လင်းသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်၏ တည်နေရာထံသို့ ပျံသန်းသွားသည်။

သို့ရာတွင် သူ့နတ်ဘုရားအာရုံသည် တည်နေရာရွှေပြောင်းခြင်းအစီအရင်ကို ထောက်လှမ်းမိရုံ ရှိသေး အစွမ်းထက်အော်ရာလေးခု ဝမ်လင်း ပတ်လည်တွင် ပေါ်လာ၏။ သူတို့က ဝမ်လင်း ရှေ့သို့ ဆက်တိုးမည်ကို ဟန့်တားထားကြသည်။

တစ်ချိန်တည်းမှာ အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာသည်။

“ဒါက တားမြစ်နေရာပဲ။ မင်း ခြေတစ်လှမ်း ဆက်တိုးတာနဲ့ မင်း ဘယ်နေရာကလာခဲ့တာပဲ ဖြစ်ဖြစ် မင်း သေရမယ်…”

ဝမ်လင်းသည် ရပ်လိုက်ကာ မျက်မှောင်ကြုတ်၍ ဆိုသည်။ “ငါ ဒီနေရာကို တိုက်ခိုက်ဖို့ ရောက်လာတာ မဟုတ်ဘူး။ ငါ ဟင်္သာငှက်နတ်အင်ပါယာဟောင်းရဲ့ ကိုယ်စား တောက်ပသောလေဟာနယ်နယ်မြေအတွက် ပေးဖို့ ကျောက်စိမ်းပြားတစ်ခုကို ယူလာပေးတာ…”

သူ့ပတ်လည်ရှိ အော်ရာများသည် အနည်းငယ် လျော့ကျသွား၏။ အေးစက်စက်အသံ ထပ်ထွက်လာသည်။

“ကျောက်စိမ်းပြားကို ထားခဲ့ပြီး ထွက်သွားတော့…”

ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ သူသည် ဤအော်ရာများအရ နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်မှန်း ပြောနိုင်သည်။ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကျင့်ကြံသူများကို ဤနေရာတွင် စောင့်နေစေခြင်းက တောက်ပသောလေဟာနယ်နယ်မြေသည် မဟာမိတ်ရှိမည်သည့်စွမ်းအားအုပ်စုထက်မဆို အားမနည်းကြောင်း ပြသနေပေသည်။

သို့ပေမယ့် သည်ကျင့်ကြံသူလေးယောက်သည် မောက်မာလွန်းနေသည်။ သူတို့သည် ဝမ်လင်းက နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်မှန်း ထောက်လှမ်းမိကြသော်လည်း သူတို့၏ စကားများ ကြမ်းတမ်းနေဆဲပင်။

ဝမ်လင်းသည် တောက်ပသောလေဟာနယ်နယ်မြေအပေါ် နဂိုထဲက ခံစားချက်ကောင်း ဘာမှ ရှိမနေခဲ့ပေ။ သို့သော် သူ သည်နေရာသို့ ရောက်လာသည်က ကျိုးယုကို ခေါ်ရန် ရည်ရွယ်ချက်ကြောင့် ဖြစ်သည်။ အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းသည် သူ့ဒေါသကို ပြန်ချုပ်တီးကာ တည်ငြိမ်စွာ ပြောသည်။ “ကျောက်စိမ်းပြား ပို့ပေးရမှာ အပြင် ငါ မူပင်းမေနဲ့တွေ့ချင်တယ်…”

ထိုသို့ ပြောလိုက်သည့်နောက် ရယ်သံ ထွက်ပေါ်လာကာ အေးစက်စက်အသံ ပေါ်လာပြန်သည်။

“တောက်ပသောလေဟာနယ်နယ်မြေကို ဝင်ဖို့အတွက် မင်းမှာ ဖိတ်ကြားချက် ရှိရမယ်။ မင်းမှာ ရှိလား…”

ဝမ်လင်းသည် မျက်မှောင်ကြုတ်၏။ သူသည် ပြောလိုက်သည်။ “ငါ့မှာ မရှိဘူး..ငါ သင်တို့ကိုပဲ ဒုက္ခပေး…” ဝမ်လင်း စကားမဆုံးခင်မှာပင် အေးစက်စက်အသံသည် ကြားဖြတ်ကာ စိတ်မရှည်သည့်လေသံဖြင့် ပြောလာသည်။

“ဖိတ်ကြားချက်မရှိရင် မင်း ဝင်ခွင့် မရှိဘူး…”

ဝမ်လင်း၏မျက်လုံးထဲရှိ အေးစက်မှုသည် ပိုအားကောင်းလာ၏။ သို့သော် သူက သူ့ဒေါသကို ဆက်ချုပ်တီးထားသည်။သူက တည်ငြိမ်စွာပင် ဆိုသည်။ “ငါ သင့်ကို သတင်းစကားတစ်ခုပဲ ပို့ပေးစေချင်တယ်…ဒါက…”

“ပြောစရာမရှိတော့ဘူး။ မင်း ထွက်သွား။ ဒါ နောက်ဆုံးအကြိမ် ပြောတာ…” ဤတစ်ကြိမ်က ဝမ်လင်း သူ့စကားကို ကြားဖြတ်ခံရသည်မှာ ဒုတိယအကြိမ် ဖြစ်သွားသည်။

သူ့ခန္ဓာကိုယ်ကနေ သတ်ဖြတ်လိုစိတ် ပေါက်ကွဲထွက်လာ၏။ သူ့မျက်လုံးထဲ၌လည်း သတ်ချင်စိတ်တို့ ပြည့်လာသည်။ အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းသည် ဒေါသကို ထပ်ဖိနှိပ်ကာ ထပ်ပြောသည်။ “ငါ သင့်ကို သတင်းစကားပို့ပေးစေချင်တာက ဝမ်လင်း ရောက်လာတယ် ဆိုတာပါပဲ…”

“မင်းမှာ သတ္တိသိပ်ရှိနေရင်တော့ မင်းဘာသာ ချိုးဖျက် ဝင်ရောက်ကြည့်နိုင်တယ်…”

ထိုအသံထဲ၌ စိတ်မရှည်မှုတို့ အပြည့်ပင်။ ဝမ်လင်းကသာ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူ ဟုတ်မနေပါက သူတို့သည် ခုလောက်ပင် ယဉ်ကျေးနေမည် မဟုတ်ဘဲ တိုက်ခိုက်နှင့်နေပြီး ဖြစ်သည်။

“ကောင်းတယ်…ကောင်းတယ်…” ဝမ်လင်းသည် ရှေ့သို့ ခြေလှမ်းကာ သူ့ညာလက်ကို ဝေ့ယမ်းသည်။ ကောင်းကင်ထက်၌ မီးတောက်ပင်လယ်ပေါ်လာ၏။ မီးများသည် ကောင်းကင်ထက်ကနေ မိုးရွာသကဲ့သို့ ဆင်းသက်လာသည်။

သူက ဖျပ်ခနဲ ပေတစ်ထောင် အကွာတွင် ပေါ်လာကာ ရှေ့သို့ လက်ညွှန်သည်။ မီးတောက်များ တရကြမ်း အောက်သို့ ကျဆင်း၏။ ဝမ်လင်း လက်ညွှန်လိုက်သော နေရာသည် တွန့်ကြေလိမ်ကာ ဆံဖြူအဘိုးအိုတစ်ယောက်က သုန်မှုန်စွာဖြင့် ရှောင်ထွက်လာသည်။

တစ်ချိန်တည်းမှာ ပတ်ဝန်းကျင်ဟင်းလင်ပြင်သည် တွန့်လိမ်ကာ ကျန်သည့်သုံးယောက်လည်း ထွက်လာကြသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset