ပိုင်ရှောင်ချန်း၏ ဘီလူးကြီးမန္တန်လွင့်ပါးပျောက်ကွယ်သွားသည်နှင့် တိတ်ဆိတ်ငြိမ်သက်မှုက ကြီးစိုးသွားခဲ့ပြီး မကြာမီ အုတ်အုတ်ကျက်ကျက်ဆူညံသံများ လောချိန်တောင်တန်းတစ်လျှောက် လွင့်ပျံသွားသည်။
“ ဒါက ဂိုဏ်းတူဦးလေး ပိုင်ပဲ ”
“ ဘုရားရေ…ဂိုဏ်းတူဦးလေးပိုင်ရောရှိနေတာလား။ သူက ဒီလိုပြင်းထန်တဲ့ မန္တန်အစီအရင်အစွမ်းကို ထုတ်ဖော်နိုင်တာ ငါယုံတောင်မယုံနိုင်ဘူး ”
လူအားလုံး တုန်ခါနေကြသည်။ တချို့က စိတ်အားတက်ကြွနေကြပြီး တခြားလူများမှာမူ ပျော်ရွှင်နေခြင်းမရှိချေ။ လူအနည်းငယ်မှာမူ မနာလိုမရှုစိမ့် ဖြစ်နေကြလေ၏။
ရှန်ကွမ်းထျန်ယုံသည် နာကျင်သည်အထိ လက်သီးကို တင်းကြပ်စွာ ဆုပ်ထားသည်။ အံကိုတင်းတင်းကြိတ်လိုက်ပြီး တည်ငြိမ်အောင် ကြိုးစားလိုက်ကာ သူ၏မန္တန်အစီအရင်နှင့် ရင်းနှီးခြင်းရှိစေရန် ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထုတ်ဖော်လိုက်သည်။
သူတစ်ယောက်တည်းသာ အာရုံစိုက်နေသည် မဟုတ်ချေ။ ဝိညာဉ်စွယ်၊ ပေဟန်လဲ့၊ ရွှီဆုန်၊ ကုန်းစွန်းယွင်နှင့် တခြားလူများသည်လည်း ပြင်ဆင်နေကြသည်။ နောက်ရက်များမှာ သူတို့သည် ထပ်မံလေ့လာခဲ့ပြီး ပိုင်ရှောင်ချန်း၏လမ်းစဉ်အတိုင်းပြုလုပ်လိုက်ရာ မကြာခင် လူ့ဘီလူးကြီးများ ပိုမို ထွက်ပေါ်လာတော့သည်။
တဖြည်းဖြည်းနှင့် လေးခုခြောက်အသုတ်မှ လူတစ်သောင်းက သူတို့၏မန္တန်အစီအရင်များရှိရာသို့ ရောက်ရှိနေကြသည်။ ပိုင်ရှောင်ချန်း၏နေရာရှိ တခြားအစီအရင်ရှစ်ခုက ယခုအခါ လုံးဝပြည့်စုံလုနီးပါးဖြစ်သွားသည်။ ကိုးခုမြောက်သူ၏ အစီအရင်ရှိပြီး တခြားလူရှစ်ယောက်သည်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့သည်။ သူတို့သည် မြေခဓားကမ္ဘာမှာ သူကယ်တင်ခဲ့သော လူများဖြစ်သည့်အတွက်ကြောင့် သူနှင့် မစိမ်းချေ။
ပိုင်ရှောင်ချန်းနှင့်အတူလုပ်ရမည်ကို နားလည်သွားပြီးနောက် သူတို့က လူ့ဘီလူးကြီးမန္တန်မှာ သူ့အားကူညီရမည်ဖြစ်သည့်အတွက်ကြောင့် စိတ်လှုပ်ရှားနေကြသည်။
အုပ်စုအားလုံးက မန္တန်အစီအရင်ဘီလူးကြီးများနှင့် ပိုမိုရင်းနှီးလာကြသည့်အတွက်ကြောင့် လောချိန်တောင်တန်းမှာ အံ့သြတုန်လှုပ်ဖွယ် စွမ်းအားများနှင့် ပြည့်လာသည်။
လူ့ဘီလူးကြီးများ ထွက်ပေါ်လာသည့်အတွက်ကြောင့် ဟိန်းဟောက်သံများနှင့်အတူ တစ်ခါတရံ မှော်သိုင်းပညာထုတ်ဖော်လာခြင်းများကိုပင် တွေ့လာရသည်။ ကောင်းကင်နှင့် မြေပြင်မှာ အလင်းတန်းများနှင့် လင်းလက်နေသည်။ လူတစ်ယောက်ကျော်နှင့်ဖွဲ့စည်းထားသော အပြင်စည်းဂိုဏ်းသား အစီအရင်ပင် ချီစုစည်းမှုအဆင့်၏ မဟာစက်ဝန်းနှင့်တူညီသော အတိုက်အခိုက်စွမ်းအားများကို ထုတ်လွှတ်နေသည်။
အတွင်းစည်းဂိုဏ်းမန္တန်အစီအရင်များသည် ချီစုစည်းမှုအဆင့်ကို ကျော်လွန်ပြီး အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများနှင့် ဆင်တူသည်။ ရှန်ကွမ်းထျန်ယုံတို့ကဲ့သို့ လက်ရွေးစင်များ၏ အစီအရင်များကမူ အခြေခိုင်မာခြင်းအဆင့်၏ မဟာစက်ဝန်းရှိ စွမ်းအားများကို ထုတ်လွှတ်နေသည်။
တောင်ထိပ်တစ်ခုစီမှ ပထမနှင့်ဒုတိယ မန္တန်အစီအရင်များက အစွမ်းထက်ဆုံးဖြစ်သည့်အတွက်ကြောင့် အမြုတေအဆင့် စွမ်းအားများ ထုတ်လွှတ်နေသည်။
တောင်ဘက်ခြမ်းမှ တောင်ထိပ်သုံးလုံးနှင့် ခြောက်ဘက်ခြမ်းမှ တောင်ထိပ်လေးလုံးမှ တူညီသောစွမ်းအားများကို ထုတ်ဖော်နေကြသည်။
လူ့ဘီလူးကြီးများထဲမှ အငယ်ဆုံးမှာ လုံးပတ် ၁၅၀ မီတာအမြင့်ရှိသည်။ အများစုမှာ တစ်ဝက်ထွင်းဖောက်မြင်နိုင်သော ခန္ဓာကိုယ်များရှိသည့်အတွက်ကြောင့် အတွင်းထဲမှာ တင်ပျဉ်ခွေထိုင်နေသော ကျင့်ကြံသူများကို မြင်တွေ့နိုင်သည်။
တချို့လူ့ဘီလူများမှာမူ မာကြောသန်မာလွန်းလှပြီး အတွင်းထဲရှိလူများကို မြင်တွေ့နိုင်ရန် ခက်ခဲလှသည်။ လောချိန်တောင်တန်းရှိ များစွာသော လူ့ဘီလူးကြီးများ၏ မြင်ကွင်းက အံ့သြတုန်လှုပ်ဖွယ်အတိ ဖြစ်နေချေသည်။
အလယ်ရှိ ကိုးခုမြောက်မန္တန်အစီအရင်ဖြစ်သော တာအိုသစ်စေ့တောင် မန္တန်အစီအရင်ကမူ မည်သည့်တောင်ရှိ မန္တန်အစီအရင်ထက်မဆို ပိုမိုအစွမ်းထက်လှသည်။
၎င်းပေါ်ထွက်လာသည့်အချိန်တွင်း အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများ၏အစွမ်းများက လူ့ဘီလူးမန္တန်အစီအရင်ကို အသက်သွင်းပေးလိုက်ကာ အမြုတေအဆင့်အစွမ်းထက်ကျင့်ကြံသူ တစ်ယောက်ကို တိုက်ခိုက်လာနိုင်သည်အထိ အစွမ်းထက်လာသည်။
ထို့ပြင် ပိုင်ရှောင်ချန်း၏ လူ့ဘီလူးမန္တန်ထွက်ပေါ်လာသောအခါ ကောင်းကင်တာအို အငွေ့အသက်များ လွင့်ပျံလာပြီး လေထဲတွင် မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ လျှပ်စီးများသည်လည်း နေရာတိုင်းမှ တဖျပ်ဖျပ်လက်လာ၏။
ပိုင်ရှောင်ချန်းက လူ့ဘီလူးကြီး၏ ဒန်တျန်နေရာမှာ ရှိပြီး တခြားကျင့်ကြံသူရှစ်ယောက်က ခန္ဓာကိုယ်အတွင်းရှိ အမျိုးမျိုးသောအစိတ်အပိုင်းများမှာ နေရာယူထားကြသည်။ လူ့ဘီလူးမန္တန် ထွက်ပေါ်လာပြီးနောက် ပိုင်ရှောင်ချန်းက ၎င်းကို လေထဲသို့ ခုန်ပျံသွားစေကာ ကောင်းကင်နှင့် မြေကြီးတုန်ခါသွားစေနိုင်မည့် လက်သီးချက်တစ်ချက် ထုတ်ဖော်လိုက်သည်။ တစ်ခါတရံ တခြားအစွမ်းထက်ကျင့်ကြံသူရှစ်ယောက်၏ စွမ်းအားများနှင့် ပူးပေါင်းကာ လူ့ဘီလူးကြီးက ကြီးမားသော ခရမ်းရောင် ဒယ်စောက်အိုးကြီးကို ထုတ်ဖော်လေသည်။ ၎င်း၏ကြီးမားသော စွမ်းအားများကို ကြည့်ကာ အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ကို လက်ရည်တူယှဉ်နိုင်မည်ဖြစ်ကြောင်း ထင်ရှားသည်။
ပိုင်ရှောင်ချန်းသည် ထိုကဲ့သို့အရာမျိုးနှင့် တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးရာ ခေါင်းကိုနောက်လှန်ကာ ဟိန်းဟောက်လိုက်လေသည်။
နောက်ထပ်သုံးရက်ကုန်ဆုံးသွားခဲ့သည်။
နေမွန်းတည့်ချိန်၌ ကောင်းကင်ကြီးတုန်ခါသွားပြီး လေးသုတ်မြောက်ရောက်လာခဲ့စဉ်ကထက် ကျော်လွန်သည့် အလင်းတန်းကြီးတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
မြေပြင်ကြီး တုန်ခါနေကာ ဂိုဏ်းသားအားလုံး ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။
ပိုင်ရှောင်ချန်းအပါအဝင် လူအားလုံးက အလင်းတိုင်ကြီးမှ ကြီးမားသော အဖြူရောင်နေလုံးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်ကို ကြည့်နေကြသည်။
အဖြူရောင်နေလုံးကြီး ဖြစ်ပေါ်လာချင်း ဘေးပတ်လည်ရှိလေထုကြီး တုန်ခါသွားကာ အက်ကွဲကြောင်းများးဖြစ်ပေါ်လာသည်။
နေလုံးကြီးအတွင်းမှာ နေမင်း၏အမြုတေအလား ကျီးကန်းတစ်ကောင်၏ပုံရိပ် ထွက်ပေါ်လာသည်။ ၎င်း၏မျက်လုံးများ ပိတ်ထားသော်လည်း ပြင်းထန်သော အလင်းရောင်များကို ထုတ်လွှတ်နေသည်။
ကျီးကန်းအောက်တွင် လွင့်မျောနေသော….တောင်တစ်လုံးရှိနေသည်။
၎င်းက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ကိုးခုမြောက်တောင်တန်းမှလွဲ၍ တခြားမဟုတ်ချေ။
ထိုတောင်မှဖိအားကြောင့် လောချိန်တောင်တန်းရှိအရာအားလုံး တုန်ခါသွားလေသည်။
အမွေဆက်ခံသူလက်တစ်ဆုပ်စာအပြင် ဂိုဏ်းစောင့်အကြီးအကဲများလည်း ပျံသန်းထွက်လာသည်။ ထို့နောက် အရှိန်အဝါကြီးမားဟန်ရှိသော အဘိုးအိုတစ်ယောက်ထွက်ပေါ်လာသည်။
သူက စိတ်စွမ်းအင်နတ်ရေဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီးဖြစ်ပေသည်။
တောင်များရှိ ကျင့်ကြံသူအားလုံးက လက်နှစ်ဖက်ဆုပ်ကာ မိုးခြိမ်းသံပမာ ကျယ်လောင်သော တခဲနက် နှုတ်ဆက်သံကြီး ထွက်ပေါ်လာသည်။
“ ခေါင်းဆောင်ကြီးကို နှုတ်ဆက်ပါတယ် ”
“ ခေါင်းဆောင်ကြီးကို နှုတ်ဆက်ပါတယ် ”
သူတို့၏ အော်ဟစ်နှုတ်ဆက်သံကြီးကြောင့် အရာအားလုံး တုန်ခါသွားသည်။
တောင်များဆီမှ တခြားပုံရိပ်များက ခေါင်းဆောင်ကြီးဆီိသို့ ပျံသန်းလာသည်။ သူတို့က စောစောက လေးသုတ်နှင့်အတူ ပါလာခဲ့သော တခြားခေါင်းဆောင်ကြီးများဖြစ်ကြသည်။
ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများကို ကြည့်ကာ ပြောလိုက်ရာ တောင်တန်းများ၏ အချိုးအကွေ့တိုင်းနှင့် ကျင့်ကြံသူတိုင်း ကြားနိုင်သည်အထိ ပဲ့တင်ထပ်လျက် ထွက်ပေါ်လာသည်။
“ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက အားလုံးပြင်ဆင်ပြီးသွားပြီ။ မကြာခင် ဒီကို ရောက်လာလိမ့်မယ် ”
ထိုစကားလုံးများကို ကြားရပြီးနောက် ပိုင်ရှောင်ချန်းအပါအဝင် လူအားလုံး တုန်ခါသွားကြသည်။
“ ဒီစစ်ပွဲမှာ အသက်ဆုံးရှုံးတာတွေရှိမယ်။ ငါတောင် သေဆုံးသွားရနိုင်တယ်။ ဒါပေမယ့် တိုက်ပွဲမှာ ကျရှုံးသွားတဲ့ဘယ်သူမဆို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ သူရဲကောင်းတွေအဖြစ် အမြဲတမ်း တည်ရှိနေမယ် ”
“ ဒီစစ်ပွဲက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း ရပ်တည်ဖို့အတွက် တိုက်ခိုက်ရတဲ့ပွဲပဲ။ ”
“ ဒီစစ်ပွဲက နောက်နှစ်ပေါင်း တစ်ထောင်အထိ ငါတို့ဂိုဏ်းအတွက် တည်ငြိမ်အေးချမ်းမှုနဲ့ ဘေးကင်းလုံခြုံမှုကို အဆုံးအဖြတ်ပေးလိမ့်မယ် ”
“ ဒီစစ်ပွဲက ကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံး အာရုံစိုက်နေကြတဲ့ပွဲပဲ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအနေနဲ့ ထွက်တိုက်မှရမယ်။ ငါတို့ အရှက်မရှိတဲ့ဘဝမှာ ဘယ်တော့မှ မနေဘူး ”
“ နောက်ဆုံးအစီအရင်ကို အသက်သွင်းမယ် ”
“ စိတ်စွမ်းအင်နတ်ရေဂိုဏ်းက ဘယ်လောက်အင်အားတောင့်တင်းလဲဆိုတာ သွေးစွမ်းအင် နတ်ရေစင်ဂိုဏ်းကို ပြရမယ် ”
ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီး၏စကားလုံးများကြောင့် ဂိုဏ်းသားများမှာ သွေးများဆူပွက်လာသည့်ပမာ ခံစားလိုက်ရပြီး သံပြိုင်အော်ဟစ်လိုက်ကြသည်။
“ တိုက်မယ် ”
ယခုအခါ ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီးက စစ်ပွဲတိုက်ခိုက်တော့မည်ဖြစ်ကြောင်း တရားဝင်ကြေညာလိုက်သည့်အတွက်ကြောင့် လောချိန်တောင်တန်းရှိ မန္တန်အစီအရင်များအားလုံး အသက်ဝင်လာကာ ကောင်းကင်ယံတွင် အလင်းတန်းများ လွင့်ပျံနေတော့သည်။
ဝေါ….
ကောင်းကင်ယံထက်သို့ လွင့်ပျံတက်တော့မည့်အလား ကိုးလုံးမြောက်တောင်ထိပ်က မြင့်တက်လာသည်။ ၎င်းကို တလက်လက်တောက်ပနေသော မှော်သင်္ကေတကိုးခုက ဝန်းရံထားပြီး မှော်သင်္ကတများက ကွဲပြားခြားနားသော်လည်း အားလုံးမှာ မီတာ သုံးထောင်မြင့်မားကြသည်။ မှော်သင်္ကေတများမှ အလင်းတန်းများ ထုတ်လွှတ်နေပြီး ကောင်းကင်တစ်ခွင် လင်းလက်နေသည်။ တချိန်တည်းမှာပင် လက်သီးဆုပ်အရွယ်အစားရှိ မှော်သင်္ကေတများသည်လည်း မရေမတွက်နိုင်အောင် ထွက်ပေါ်လာကာ တောင်ထိပ်ရှိ ကောင်းကင်ယံတစ်ခွင်လုံး ဖုံးလွှမ်းထားသည့်အလား ထင်မှတ်ရသည်။
အလင်းတန်းများနှင့် မှော်သင်္ကေတများကြားတွင် ရှေးဟောင်းပုံရိပ်တစ်ရာခန့် ထွက်ပေါ်လာကာ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထုတ်လွှတ်နေကြသည်။ သူတို့အားလုံးက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဂိုဏ်းစောင့်အကြီးအကဲများ ဖြစ်ကြသည်။
ဂိုဏ်းစောင့်အကြီးအကဲအားလုံး၏မျက်နှာများတွင် လေးနက်တည်ကြည်သော အရိပ်အယောင်များ ရှိနေသည်။ သူတို့်အသွင်က နတ်ဘုရားများအလားဖစ်ြနေပြီး သူတို့၏ ကျင့်ကြံခြင်းအခြေခံ အငွေပအသက်များကြောင့် ကောင်းကင်ကြီး မှုန်ဝါးကာ လေပြင်းများ တိုက်ခတ်နေသည့်အလားဖြစ်နေသည်။
သို့သော် သူတို့ထက်ပိုမိုမျက်စိအမြင်ပသာဒဖြစ်စေသည်မှာ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကျော်ကြာ တည်ရှိလာခဲ့သော အုပ်စုတစ်စုဖြစ်သည့် အမွေဆက်ဆံသူအဆင့် ကျင့်ကြံသူဆယ့်ခုနစ်ယောက်ဖြစ်သည်။ သူတို့ထဲတွင် လီချင်းဟောက်လည်း ပါဝင်သည်။
ထိုကျင့်ကြံသူဆယ့်ခုနစ်ယောက်သည် ကောင်းကင်ယံထက်တွင် ကိုယ်ရောင်ကိုယ်ဝါ တောက်ပလျက် ရှိနေပြီး အတန်ငယ်ဝေးသောနေရာမှကြည့်လျှင် ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေနိုင်သော ဖိအားများ ထုတ်လွှတ်နေသည့် ကြယ်ဆယ့်ခုနစ်လုံးနှင့် ဆင်တူသည်။
ကြယ်ဆယ့်ခုနစ်လုံးအသွင် အမွေဆက်ခံသူအဆင့်ကျင့်ကြံသူများထက်တွင် ကိုးလုံးမြောက်တောင်ထိပ်တွင်နေသည့် ခေါင်းဆောင်ကြီးငါးယောက်ရှိသည်။ တစ်ယောက်စီမှာ အမွေဆက်ခံသူအဆင့်ကျင့်ကြံသူများ သို့မဟုတ် ဂိုဏ်းစောင့်အကြီးအကဲများထက် သာလွန်သော အံ့မခန်း ဓမ္မရုပ်တုများရှိသည်။ သူတို့ထုတ်ဖော်နေသည့်စွမ်းအားများက နတ်ဘုရားစွမ်းအင်အား မြေပြင်ကို တုန်ခါကာ ကောင်းကင်ကို မြည်ဟည်းသွားစေနိုင်သည်။
ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီး၏ ဓမ္မရုပ်တုမှာ သိသာထင်ရှားသည်။ ၎င်းမှာ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ရှိပြီး မိုးကောင်းကင်တမျှမြင့်မားဟန်ရှိသည်။ ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီးတစ်ယောက်ထဲသည်ပင် တခြားခေါင်းဆောင်ကြီး လေးယောက်ပူးပေါင်းသည်ထက် ပိုမိုအရှိန်အဝါကြီးမားသည်။
ယခု မန္တန်အစီအရင်က လုံးဝအသက်သွင်းထားခဲ့ပြီဖြစ်သည်။ လောချိန်တောင်များကို ကာကွယ်ထားသော အလင်းဒိုင်းကာမှာ အလင်းများ ထိုးဖောက်ရောက်လာပြီး ကြီးမားသောအလင်းနံရံတစ်ခုအဖြစ်သို့ အသွင်ပြောင်းသွားသည်။
အလင်းနံရံ၏မျက်နှာပြင်မှာ မျက်နှာကိုးခုရှိပြီး တစ်ခုစီက မီတာသုံးရာ မြင့်မားသည်။ သူတို့က တရားထိုင်နေသည့်အလား မျက်လုံးများမှိတ်ထားကြပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ထုတ်လွှတ်နေသည်။ သင်သာ အနီးကပ်လေ့လာကြည့်ရှုလျှင် ထိုမျက်နှာများထဲမှ တစ်ခုမှာ မမျှော်လင့်ဘဲ ပိုင်ရှောင်ချန်း၏မျက်နှာဖြစ်နေသည်ကို မြင်တွေ့ရလိမ့်မည်။
ထိုအခြင်းအရာကို မြင်သောအခါ ပိုင်ရှောင်ချန်းမှာ အသက်ရှူရပ်လုနီးပါးဖြစ်သွားသည်။ ယခုအခါ လောချိန်တောင်မဟာမန္တန်အစီအရင်က လုံးဝအသက်သွင်းထားပြီဖြစ်ရာ ပိုင်ရှောင်ချန်းသည် သူ၏ကိုးခုမြောက်အစီအရင်က တောင်များအားလုံးနှင့် ပေါင်းစပ်နေသည်ကို အာရုံခံမိလိုက်သည်။
နံရံထက်ရှိ သူ့မျက်နှာ၏မြင်ကွင်းက သူ့ကို လုံးဝတုန်လှုပ်သွားစေသည်။
ယခုအခါ စစ်ရထားများသည်လည်း ပြည့်စုံသွားခဲ့သည်။ ထိုအထဲမှ တစ်ရာကျော်တွင် အနက်ရောင်ဆူးချွန်များထိုးထွက်နေပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ထုတ်ဖော်နေသည်။
ပြင်းထန်သောစွမ်းအားများ ထုတ်ဖော်နေသည့် မြောက်မြားစွာသော ကျောက်ရုပ်တုလေး များလည်းရှိသည်။ တစ်ချက်အမိန့်ပေးလိုက်သည်နှင့် သူတို့က ရှေ့သို့ခုန်ပျံကာ တိုက်ခိုက်ကြလိမ့်မည်။
မြောက်ခြမ်းမှ မရေမတွက်နိုင်သော တိုက်ပွဲဝင်သားရဲများမှာ ကောင်းကင်နှင့်မြေပြင် နေရာမလပ် ပြည့်နေသည်။ ၎င်းတို့ကို ဝိညာဉ်သားရဲအစောင့်အရှောက်လေးကောင်က ဦးဆောင်ထား၏။
ယခုအခါ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများကို ကာကွယ်ပေးထားသော မြင့်မားသည့် ဒိုင်းကာများကိုလည်း အသက်သွင်းထားခဲ့ပြီဖြစ်သည်။
မန္တန်အစီအရင်များမှာ ဂိုဏ်းသားများက စွမ်းအားများ ထည့်သွင်းလိုက်သည့်အတွက်ကြောင့် မြေပြင်တုန်ဟည်းလျက် လူ့ဘီလူးကြီးများ အလျှိုအလျှို ပေါ်ထွက်လာသည်။
တောင်ခုနစ်လုံးအနက်တစ်လုံးစီမှာ အပြင်စည်းဂိုဏ်းသားများအတွက် မန္တန်အစီအရင် ဒါဇင်ကျော်ရှိသည်။ ရလဒ်အနေဖြင့် ရာကျော်သောပုံရိပ်များ ထွက်ပေါ်လာပြီး တချို့မှာ လူ့ဘီလူးကြီးများဖြစ်ကာ တချို့မှာ ဧရာမသားရဲကြီးများအသွင်ရှိသည်။ ဟိန်းဟောက်သံများက အရပ်မျက်နှာတခွင် လွင့်ပျံနေသည်။
အတွင်းစည်းဂိုဏ်းသားများ၏ မန္တန်အစီအရင်အားလုံး အသက်သွင်းထားခဲ့သည်။ သူတို့က အပြင်စည်းဂိုဏ်းသားများကဲ့သို့ များပြားခြင်းမရှိသော်လည်း ပိုမိုအစွမ်းထက်ကြသည်။ အထူးသဖြင့် လက်ရွေးစင်များအတွက် မန္တန်အစီအရင်များမှာ အံ့သြတုန်လှုပ်ဖွယ်ကောင်းလေသည်။
တောင်ခြမ်းနှင့်မြောက်ခြမ်းက ကွဲပြားသကဲ့သို့ မန္တန်အစီအရင်များသည်လည်း မတူညီကြပေ။ တချို့မှာ လူ့ဘီလူးအသွင်ရှိပြီး တချို့ ဧရာမသားရဲကြီးများအသွင် ရှိသည်။
အလယ်ရှိမန္တန်အစီအရင်ကိုးခုသည် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများနှင့် ဖွဲ့စည်းထားသည့်အတွက်ကြောင့် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထုတ်လွှတ်နေသည်။
မန္တန်အစီအရင်များတွင် ပါဝင်ခြင်းမရှိသော အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူ တစ်ရာကျော်လည်းရှိသည်။ သူတို့က တိုက်ခိုက်ရန်အတွက် ပြင်ဆန်ခြင်းသို့မဟုတ် မန္တန်အစီအရင်အတွင်းရှိ သူတို့၏အဖော်ကျရှုံးသွားလျှင် ဝင်ရောက်ကူညီရန် ဖြစ်သည်။
အစက အထင်ကြီးဖွယ်မကောင်းခဲ့သော်လည်း ယခုအခါ လောချိန်တောင်တန်းများရှိ မန္တန်အစီအရင်အားလုံးကို အသက်သွင်းထားသည့်အတွက်ကြောင့် ကိုးခုမြောက်တောင်ထိပ်ထက်တွင် အလင်တန်းများ ဖြာကျနေတော့သည်။
မှော်ရတနာများဖြစ်သော အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။
ပထမအလင်းတန်းမှာ ထူးဆန်းသော ရှေးဟောင်းဒယ်စောက်အိုးဖြစ်သည်။ ဒယ်စောက်အိုး ထွက်ပေါ်လာသည်နှင့် နေရာတစ်ခုလုံးသို့ ပြင်းထန်သောဖိအားကျဆင်းလာကာ အရာအားလုံး တုန်ခါသွားသည်။
ဒုတိယအလင်းတန်းအတွင်းမှာ ဓားတစ်လက်ရှိနေသည်။ ၎င်းက ငွေရောင်အလင်းတန်းများ ထွက်ပေါ်နေကာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းဆယ်ဆင့်အထိ ပြုလုပ်ထားကြောင်း ဖော်ပြ နေသည်။ ၎င်းက ကောင်းကင်ဦးချို ဓားဖြစ်ပေသည်။
ငွေရောင်အမှတ်အသားဆယ်ခုက ဓားကိုယ်ထည်ပေါ်တွင် ဖုံးလွှမ်းထားပြီး အံ့သြဖွယ် ကောင်းစွာ တလက်လက်တောက်ပနေသည်။ ထိုမြင်ကွင်းကြောင့် လူအားလုံးတုန်ခါသွားပြီး ထိုဓားသာ တိုက်ခိုက်လိုက်လျှင် ကောင်းကင်နှင့်မြေကြီးမှာ အပိုင်းပိုင်းပြတ်ထွက်သွားလိမ့်မည်မှာ ထင်ရှားသည်။