Switch Mode

အပိုင်း(၁၁၇၁)

တိတ်ဆိတ်စွာဖြင့်

ကြယ်ငါးလုံး ပျက်စီးသွားသည့်အခါတွင် ရှေးဟောင်းမိစ္ဆာတာကျား၏ မိစ္ဆာစွမ်းအင်များ ပေါက်ကွဲထွက်လာတော့သည်။ အရင်ကြယ်သုံးလုံး၏ ပျက်စီးမှု စွမ်းအားလက်ကျန်ကိုပါ ထပ်ပေါင်းပါက တာကျား၏ မိစ္ဆာစွမ်းအင်သည် ကြယ်ကိုးလုံးရှေးဟောင်းမိစ္ဆာတစ်ပါး ပိုင်ဆိုင်သည့် မိစ္ဆာစွမ်းအင်နီးပါးထိ ရောက်ရှိလာတော့၏။

အခုချိန်၌ တာကျားမှာ ချင်လင်းကို ရှုံးနိမ့်ပြီး ဖြစ်၏။ သူသည် ချင်းလင်၏ ခန္ဓာကိုယ်ကို ဆက်ပိုင်စိုးရန် မဖြစ်နိုင်တော့ပေ။ သူ့အတွက် စောင့်ဆိုင်းနေသည်က သေခြင်းတရားသာ ရှိတော့၏။

သို့သော် တာကျားသည် သူသေရမည်ဆိုလျှင် အလကား မသေလို၊ဝမ်လင်းကိုပါ အပါခေါ်သွားမည် ဖြစ်၏။ သူ သေရမည်ဆိုမှတော့ သူသည် သူ့အသန်မာဆုံးမန္တာန်ကို အသုံးပြုတော့ပေမည်။

အခုအခိုက်အတန့်၌ ဝမ်လင်းက တာကျားကို ကြားဝင်နှောက်ယှက် တိုက်ခိုက်ကာ သူ့အား သတ်ပစ်နိုင်၏။ သို့သော် သူက ထိုသို့ မလုပ်ပေ။ ဝမ်လင်းက သူ့ကိုယ်ပိုင်တာအိုကို ပိုခိုင်မာအောင် လုပ်ရန် သို့တည်းမဟုတ် ရှေးအမိန့်ကလန်ဝင်တစ်ယောက်အနေဖြင့် တာကျားကို လေးစားသမှု ပေးရန် အပြင် သူသည် ထိုမန္တာန်၏ စွမ်းအားကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းကြည့်ချင်သေး၏။

တာကျားသည် ဒေါသတကြီး အော်ဟစ်လိုက်၏။သူ့ခန္ဓာကိုယ်မှာ တဖန်သိပ်သည်းလာသည်။ မျက်စိတစ်မှိတ်အတွင်း သူ့ခန္ဓာကိုယ်သည် သာမန်လူအရွယ်အစားအတိုင်း ဖြစ်လာခဲ့သည်။ သို့ရာတွင် သူ့ခန္ဓာကိုယ်မှာ ဝေဝါးမှု မရှိဘဲ လုံးဝ အထည်ဒြပ်ရှိလုနီးပါးဖြစ်၍ သူ့ထံ၌ အဆုံးမဲ့ခွန်အားတို့ ပြည့်နေဟန် တူနေသည်။

တာကျား၏ခန္ဓာကိုယ်မှာ လုံးဝ နက်မှောင်၍ ဦးချိုတစ်ခု၊ နီရဲသောမျက်လုံးတစ်စုံ ပိုင်ဆိုင်ထား၏။ဤအဖြစ်က တာကျားကို ကောင်းကင်တုန်လှုပ်စေမည့်အော်ရာကို ပေးစွမ်းစေနေသည်။

“ခရမ်းရောင်တိမ်…” တာကျားသည် မာန်သွင်း၏။ သူ့နောက်ရှိ မိစ္ဆာစွမ်းအင်အားလုံး ရုတ်တရပ်ကြီး အရောင်ပြောင်းလဲလာတော့သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းစွမ်းအင်ထဲမှ တစ်ဝက်သည် ခရမ်းရောင်သို့ ပြောင်းကာ သူ့အား ခြုံလွှမ်းသည်။ တာကျားက သူ့လက်နှစ်ဖက်ကို ပင့်မြှောက်ကာ သူ့လက်ချောင်းများကို စိန်ပုံစံ ထိစပ်၏။ သူ့ခန္ဓာကိုယ်ပတ်လည်ရှိ ခရမ်းရောင်အခိုးငွေ့အားလုံးသည် သူ့လက်ချိပ်ဟန်အတိုင်း စိန်အသွင် ဖြစ်တည်လာသည်။

မျက်စိတစ်မှိတ်အတွင်း သူ့လက်နှစ်ဖက်ထဲ၌ စိန်ပုံစံ အရာဝတ္ထုတစ်ခု ပေါ်လာတော့သည်။

“မိစ္ဆာကပ်ဘေး…” တာကျားက မာန်သွင်း၏။ သူ့မျက်ခုံးနှစ်ခုကြားတွင် ဝဲကတော့တစ်ခု ပေါ်လာသည်။ သူ့မိစ္ဆာစိတ်ဝိညာဉ်သည် စိန်အသွင်အရာထဲသို့ ပျံသန်းဝင်ရောက်ကာ ၎င်းကို ပို၍ တောက်ပစေသည်။

“ငရဲသွားသေလိုက်…” တာကျားသည် ရှေ့သို့ ထိုးထွက်လာကာ သူ့လက်နှစ်ဖက်ဖြင့် ဝမ်လင်းထံသို့ ဖိချသည်။ ခရမ်းရောင်စိန်ပုံစံအရာက ဝမ်လင်းရှိရာသို့ ပျံသန်းဝင်လာတော့၏။

စစခြင်းတွင် ယင်းစိန်အသွင်အရာမှာ လက်ဝါးအရွယ်အစားသာ ရှိသည်။ သို့သော် ၎င်းက ပျံသန်းလာရင်း တဖြည်းဖြည်း ကြီးသထက် ကြီးလာကာ ကောင်းကင်ကို လွှမ်းခြုံပြီး ဝမ်လင်းထံသို့ သက်ဆင်းလာတော့သည်။

သူ့ပတ်ဝန်းကျင်ကနေ လုံးဝ ခွဲခြားပစ်သလို ရှင်းလင်းစွာ ခံစားမိသည်။ သူသည် ဤစိန်ပုံစံအရာက သူ့ကို ခြုံလွှမ်းကာ သူ့အား သူ့ပတ်ဝန်းကျင်မှ ခွဲခြားပစ်သည်ဟု ရှင်းလင်းစွာ ခံစားမိသည်။

တစ်ချိန်တည်းမှာ ၎င်းစိန်ပုံစံအရာက မြန်ဆန်စွာ ကျုံ့၍ ၎င်း၏လမ်းကြောင်းရှိ ဟင်းလင်းပြင်အားလုံးကိုပါ ပျက်စီးသွားစေသည်။ ၎င်းက ဝမ်လင်းထံသို့ နီးသထက် နီးလာချေသည်။

“ကံမကောင်းစွာနဲ့…ဒီခရမ်းရောင်တိမ်က ထင်သလောက် အစွမ်းမထက်ဘူးပဲ…”

ဝမ်လင်းသည် ခေါင်းယမ်း၏။ သူ မျက်လုံးပြန်ဖွင့်လာချိန်၌ ၎င်းစိန်ပုံစံအရာသည် သူနှင့် သုံးလက်မပင် မလိုတော့ပေ။

“တောင်ခြေမွခြင်း…” ဝမ်လင်းသည် ခပ်တိုးတိုး ဆို၏။ တောင်တစ်လုံး ချက်ခြင်း ပေါ်လာသည်။ ကျယ်လောင်စွာ မြည်ဟိန်းသံနှင့်အတူ ယင်းတောင်မှာ ချက်ခြင်း ကောင်းကင်ယံထိ ထိုးတက်သွား၏။ ၎င်းသည် တောင်တစ်လုံးတည်း မဟုတ်ပါ။ ဒုတိယမြောက်တောင်၊ တတိယမြောက်တောင်တို့ပါ ပေါ်လာပေပြီ။

ချက်ခြင်းလိုလို ဝမ်လင်းပတ်လည်တွင် တောင်ကိုးလုံး ပေါ်လာကာ ကျုံ့ဝင်နေသည့် ခရမ်းရောင်စိန်ပုံစံအရာကို ချက်ခြင်း ရပ်တန့်သွားစေသည်။ တောင်များ၏ ခွန်အားအောက်၌ ၎င်းသည် နောက်ပြန်ဆုတ်လိုက်ရဟန် တူ၏။

သို့ရာတွင် ခရမ်းရောင်တိမ်ကပ်ဘေးသည် တာကျား၏ အစောပိုင်းက အသုံးပြုခဲ့သော မန္တာန်များထက် များစွာ ပိုအစွမ်းထက်၏။ ၎င်းသည် တောင်ကိုးလုံးနှင့် ထိပ်တိုက်တွေ့ချိန်၌ တောင်များသည်လည်း စတင် အက်ကွဲလာရသည်။

ဝမ်လင်းကတော့ တည်ငြိမ်စွာသာ ဆို၏။ “ခြေမွခြင်း…”

ချက်ခြင်းလိုလိုပင် တောင်ကိုးလုံးသည် စတင် ကြေမွလာကာ ပေါက်ကွဲထွက်သွားသည်။ ထိုပေါက်ကွဲမှုက ခရမ်းရောင်စိန်အသွင်အရာနှင့် ထိပ်တိုက်တွေ့ရာ လေထုထဲ၌ ကောင်းကင်တုန်လှုပ်စေမည့် ဖိသိပ်အားကို ဖြစ်ပွားသွားစေသည်။

တောင်ကြေမွနေရင်း ဝမ်လင်းသည် ဖြည်းဖြည်းခြင်း ခြေလှမ်း၏။ သူသည် မျှော်လင့်ချက်မဲ့မှု၊ လက်မခံနိုင်မှုတို့နှင့် ပြည့်နှက်နေသော ရှေးဟောင်းမိစ္ဆာတာကျားကို စူးစိုက်ကြည့်၏။

“ဒါတွေအားလုံးဟာ မင်းရဲ့ ကိုယ်ပိုင်ခွန်အား မဟုတ်ဘူး။ ဒါဟာ ချင်းလင်ရဲ့ စိတ်ဟာ မင်းနဲ့ ပူးပေါင်းနေပြီး မင်းကို အမွေအနှစ်တစ်ခုရစေတာ၊ ဒီယာယီကျင့်ကြံမှုအဆင့်ကို ရှိနေစေတာလောက်သာ ဖြစ်တယ်။ ငါတို့သာ ဒီအသိစိတ်ပင်လယ်မှာ မဟုတ်ဘဲ အပြင်ဘက်မှာသာ ဆိုရင် ဒီမိစ္ဆာက မင်းကို ပုရွတ်ဆိတ်တစ်ကောင်လို လွယ်လွယ်လေး သတ်ပစ်နိုင်တယ်…”

“ငါ အညံ့ခံဖို့ ငြင်းဆိုတယ်…။ ငါ အလျော့ပေးဖို့ ဆန္ဒမရှိဘူးကွ…” တာကျားသည် မာန်သွင်း၏။ သူ့စိတ်နှလုံးထဲမှ အေးစိမ့်မှုကို ခံစားမိ၏။ သူသည် ချင်းလင်၏ အစီအစဉ်မှာ သူ့ကို ကယ်တင်ရန် အစွမ်းထက်လူတစ်ယောက် ရှာလိုခြင်းမဟုတ်၊ သူ့အား ကယ်တင်ပေးသူကို သူ့အသိစိတ်ပင်လယ်ထဲသို့ စုပ်ယူရန် ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်ထားမိခဲ့ပေ။

ချင်းလင်၏ အသိစိတ်ပင်လယ်၏ အစိတ်အပိုင်းအများစုမှာ ရှေးဟောင်းမိစ္ဆာတာကျား၏ ပိုင်စိုးခြင်းကို ခံခဲ့ရသော်လည်း ၎င်းသည် ချင်းလင်ပိုင်ဆိုင်မှုသာ ဖြစ်နေဆဲပင်။ ချင်းလင်သည် ဤအသိစိတ်ပင်လယ်ထဲ၌ သူဆန္ဒရှိသလို ပြောင်းလဲစေနိုင်၏။ သို့သော် ရှေးဟောင်းမိစ္ဆာတာကျား သူ့ခန္ဓာကိုယ်ကို ကျူးကျော်ခဲ့မှုကြောင့် သည်ပြောင်းလဲမှုအားလုံးက တာကျားကို မတိုက်ခိုက်နိုင်ခြင်း ဖြစ်ခဲ့၏။

သို့သော် ချင်းလင်သည် တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်ကို အသုံးပြုကာ သူ့တာအိုကို ချက်ခြင်း တုံ့ဆိုင်းခြင်း မရှိ လွှဲပြောင်းပေးခဲ့ပေ၏။ သူသည် ဝမ်လင်းထံသို့ အသိစိတ်ပင်လယ်အား ထိန်းချုပ်မှု ပေးခဲ့လေ၏။ ဤအရာကား သူ့သေခြင်း၊ရှင်ခြင်းကို အခြားတစ်ယောက်ထံ လက်လွှဲပေးခြင်းနှင့် တူသည်။ ထို့အတွက်ကြောင့် ချင်းလင်၏အသိစိတ်ပင်လယ်မှာ အခုအခါ၌ ဝမ်လင်း စိတ်ဆန္ဒရှိသလို အသွင်ပြောင်းလဲနိုင်ကာ လောက၏ ဥပဒေအားလုံးကို လှုံ့ဆော်နိုင်စေသည်။ ထိုအခြေအနေများက ဝမ်လင်းကို တတိယအဆင့်၏ စွမ်းအား ပိုင်ဆိုင်ရန် ခွင့်ပြုပေးတော့သည်။

သို့သော်လည်း ရှေးဟောင်းမိစ္ဆာတာကျားက ဝမ်လင်းအခု ပိုင်ဆိုင်သည့်စွမ်းအားမှာ ယာယီသာ ဖြစ်မှန်း သိ၏။ တကယ်တော့ စိတ်ဝိညာဉ်များသည် ခြားနားကာ လူတစ်ယောက်သည် အခြားလူတစ်ယောက်၏ အသိစိတ်ပင်လယ်ကို ကြာရှည်စွာ အတင်းအကြပ် ထိန်းချုပ်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် ဝမ်လင်း အခုလက်ရှိကျင့်ကြံမှုအဆင့်ကနေ ပြန်နိုးထလာရန်မှာလည်း သိပ်ကြာမည် မဟုတ်ချေ။

သူတို့ ချင်းလင်၏အသိစိတ်ပင်လယ်ထဲကနေ ထွက်လိုက်သည်နှင့် ဝမ်လင်းသည် သူ့မူလကျင့်ကြံခြင်းအဆင့်သို့ ပြန်ရောက်ရှိသွားမည်သာ ဖြစ်သည်။ သို့ရာတွင် သိသည်က သိရုံမျှသာ၊ ရှေးဟောင်းမိစ္ဆာတာကျားသည် အခုအခါ၌ အချိန်အကြာကြီး တောင့်ခံနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

“ချင်းလင်…မင်းနိုင်တယ်…” တာကျားသည် ခါးသီးစွာ ပြုံး၏။ သို့သော် သိပ်မကြာခင်မှာပင် သူ့အပြုံးနေရာ၌ ကြမ်းကြုတ်သည့်ဟန်ပန် အစားထိုးလာတော့သည်။

“ဒါပေမယ့်လည်း…ဒီမိစ္ဆာမှာ နောက်ဆုံးမန္တာန်တစ်ခု ကျန်သေးတယ်။ ငါဟာ ငါ့နောက်ဆုံးသက်တမ်းလက်ကျန်ကို အသုံးပြုပြီး အစွမ်းထက်ဆုံး ရှေးဟောင်းမိစ္ဆာမန္တာန်ကို ပြသပေးမယ်…။ ငါ သေရရင်တောင် ဒီအတွက် နောင်တရစရာ မရှိဘူး…” ရှေးဟောင်းမိစ္ဆာတာကျားသည် ရယ်မော၏။ သူသည် လေထဲသို့ ပျံသန်းတက်သွားသည်။ သူက သူ့လက်နှစ်ဖက်ကို ဖြန့်ကားရာ သူ့အား မိစ္ဆာစွမ်းအင်တို့က ခြုံလွှမ်းသွားတော့သည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည် ဝမ်လင်းမျက်စိရှေ့တွင်ပင် ပေါက်ကွဲထွက်သွားသည်။

“စတင်ခြင်း…မူလမိစ္ဆာတာအို…” တာကျား၏အသံသည် ကောင်းကင်ထက်မှ ဆင်းသက်လာ၏။ ထို့နောက် သူ့ခန္ဓာကိုယ်သည် ပျက်စီးသွားတော့သည်။ သိပ်သည်းသော မိစ္ဆာစွမ်းအင်တို့က ကောင်းကင်တစ်ခွင်တွင် ဖုံးလွှမ်း၏။ မျက်စိတစ်မှိတ်အတွင်း လောကသည် နက်မှောင်သွားသည်။

နက်မှောင်သော ကောင်းကင်ထက်၌ ခက်ထန်သည့် မျက်လုံးတစ်စုံ ပေါ်လာသည်။ ချက်ခြင်း အမှောင်ထုသည် တဝီဝီမြည်ဟိန်းကာ မရေမတွက်နိုင်သော ခက်ထန်သည့်မျက်လုံးများ ပေါ်လာတော့သည်။

အနှီမျက်လုံးတို့၏ အကြည့်အားလုံးမှာ ဝမ်လင်းထံသို့ စုပုံနေသည်။ ထိုမြင်ကွင်းမှာ ထူးဆန်းလွန်းသည်။ စကားဖြင့် ဖော်ပြရန်ပင် မတတ်နိုင် ဖြစ်ရ၏။ သူသည် ယင်းမျက်လုံးတို့၏ အကြည့်တို့နှင့် ဆုံမိသည့်အခါ ပထမဆုံးအကြိမ်အဖြစ် သူ့ဟန်ပန်မှာ ပြောင်းလဲသွားသည်။

“မင်းနာမည်က ဝမ်လင်း…” ရှေးဟောင်းအသံတစ်ခု လောကတွင် ပဲ့တင်ထပ်လာ၏။ ထိုအသံ ထွက်ပေါ်လာသည်နှင့် မျက်လုံးအစုံတို့တွင် ရှုပ်ထွေးဟန်များ ပြည့်လာသည်။

ဝမ်လင်း၏ မျက်လုံးတို့ကတော့ သလင်းကဲ့သို့ ကြည်လင်နေသည်။

“ဝမ်လင်း…မင်းဟာ အသက်ဆယ့်ငါးနှစ်မှာ စတင်ကျင့်ကြံခဲ့တယ်။ အခု မင်းကျင့်ကြံတာ နှစ်တစ်ထောင်ကျော်လာပြီ။ ဒါပေမယ့်လည်း မင်းဟာ မကောင်ဆိုးဝါးစိတ်နဲ့ကောင်၊ တာအိုလမ်းကြောင်းကို ခြေစချကတည်းက မင်းရဲ့ ရင်းနှီးချစ်ခင်ရသူတွေ၊ဆွေမျိုးတွေကို ဖျက်စီးပစ်ခဲ့တယ်။ မင်းရဲ့ အဖေနဲ့အမေဟာ သေဆုံးခဲ့တယ်။ မင်း ဝမ် မိသားစုတစ်ခုလုံးဟာ အမြစ်ပြုတ်လုနီး ဖြစ်ခဲ့တယ်။ အနည်းငယ်သာ အသက်ရှင်ကျန်ခဲ့ပေမယ့် သူတို့အား ကပ်ဘေးအောက်မှာ ကျရောက်ခဲ့ရတယ်…”

ထိုအသံသည် ကောင်းကင်အနှံ့တွင် ပဲ့တင်ထပ်၏။ နက်မှောင်သောကောင်းကင်ထက်ရှိ မျက်လုံးအစုံတို့တွင် စိတ်ရှုပ်ထွေးမှုမရှိတော့ဘဲ ထိုအစား နှလုံးစုတ်ဖြဲခံရသလို နာကျင်မှုတို့ ပြည့်လာတော့သည်။

ဝမ်လင်း၏ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွား၏။ သို့သော် သူ့မျက်လုံးတို့ကတော့ သလင်းကဲ့သို့ ကြည်လင်နေတုန်းပင်။

“မင်းရဲ့ မိဘတွေဟာ မင်းကြောင့် သေဆုံးခဲ့တယ်။ မင်းရဲ့ မိသားစုဟာ မင်းကြောင့် သေဆုံးခဲ့တယ်…” ထိုအသံ ပဲ့တင်ထပ်နေရင်း မျက်လုံးအားလုံးသည် နီရဲလာ၏။ သွေးတစ်စက်စက်ကျနေသကဲ့သို့အလား။ အချို့မျက်လုံးများသည် ပေါက်ကွဲထွက်ကာ သွေးများစီးကျသည်။

ဝမ်လင်း၏မျက်လုံးတို့မှာလည်း စတင် နီရဲလာသည်။ သူ့ခန္ဓာကိုယ်မှာ တုန်ယင်လာတော့သည်။

“မင်းရဲ့ ဇနီးဟာလည်း မင်းကြောင့်ဘဲ သေဆုံးခဲ့ရတယ်။ မင်းရဲ့သားလည်း မင်းကြောင့်ပဲ မကျေမနပ်စိတ်ဝိညာဉ်ဖြစ်ခဲ့ရတယ်။ မင်းမှာ ဘယ်ချင်ခင်ရသူမှာ မကျန်တော့ဘူး…”

အသံသည် ဆက်လက် မြည်ဟိန်းနေရင်း ကောင်းကင်ထက်ရှိ မျက်လုံးအစုံတို့သည် သွေးအဖြစ်သို့ ပျက်စီးကုန်နေ၏။

ဝမ်လင်း၏မျက်လုံးတို့မှာ သွေးချင်းနီလာ၏။ သူ့မျက်နှာမှာ အလွန်ဖြူရောနေတော့သည်။ သူသည် နောက်သို့ပင် ခြေလှမ်းအနည်းငယ် ဆုတ်မိကာ သူ့ညာလက်ကို သူ့ရင်ဘက်ထံသို့ ထိလိုက်၏။ဤအရာမှာသူ့စိတ်ဝိညာဉ်မျှသာ ဖြစ်သော်လည်း သူသည် သူ့စိတ်နှလုံးထဲရှိ နာကျင်မှုကို ရှင်းလင်းစွာ ခံစားမိသည်။

ထိုနာကျင်မှုက သူ့စိတ်ထဲသို့ ဝင်ရောက်နေသည့် အဆိပ်နှင့်တူကာ အရာအားလုံးကို ဖျက်စီးတော့မည့်ကဲ့သို့ပင်။

“သွန်းထျန်ဟာ မင်းကို ကူညီခဲ့တယ်။ ဒါပေမယ့် သူ သေဆုံးခဲ့တယ်။ ဟင်္သာငှက်နတ်အင်ပါယာဟာလည်း မင်းကို ကူညီပေးခဲ့တယ်။ ဒါပေမယ့် သူလည်း သေဆုံးခဲ့ရတယ်။ မင်းနဲ့တွေ့ဆုံတဲ့နောက် ကျောက်ရီဟာ သူချစ်တဲ့အလောင်းခန္ဓာကိုယ်ကို ကာကွယ်ပေးတာ ရပ်ခဲ့ရတယ်…”

ရှေးဟောင်းအသံသည် ဖြည်းဖြည်းခြင်း ရောက်ရှိလာနေ၏။ ထိုအသံ၏ စကားလုံးတိုင်းတွင် ဥပဒေသစွမ်းအား ပါဝင်နေသည်။ ထိုစကားလုံးများက ဝမ်လင်းနားထဲသို့ ကျရောက်လာသည့်နောက် သူ့မျက်နှာသည် ပို၍ပို၍ ဖြူရောလာရသည်။

“မင်း ပြောနေတာ တော်လောက်ပြီ…” ဝမ်လင်းသည် နောက်သို့ ဆုတ်ရင်း ခပ်တိုးတိုး ပြောသည်။ ပုံမှန်အချိန်များ၌ တစ်စုံတစ်ယောက်ကသာ အခုလိုစကားများ ပြောလာပါက ဝမ်လင်းအပေါ်တွင် သက်ရောက်ခြင်း ရှိလိမ့်မည် မဟုတ်ပေ။ သို့သော် အခုချိန်၌ အချို့အမည်မသိအကြောင်းရင်းများကြောင့် ဝမ်လင်းသည် စကားလုံးတိုင်းဟာ သူ့အား အပြင်းအထန် နာကျင်စေသကဲ့သို့ ခံစားနေရသည်။ သူ့နှလုံးသား အစိတ်စိတ် ပိုင်းဖြတ်ခံရသည့်အလား ခံစားနေရသည်။

“မင်းဟာ…” ယင်းအသံ ထွက်ပေါ်လာလာခြင်း ဝမ်လင်းသည် ရုတ်တရပ် ခေါင်းမော့လာသည်။ သူ့အသွင်သည် တည်ငြိမ်လာသည်။ သူ့ထံမှ ကြောက်မက်ဖွယ်အေးစက်မှု ပေါ်ထွက်နေ၏။

“မင်း ပြောနေတာတွေ တော်သင့်ပြီလို့ ငါ မေးခဲ့တယ်…” ဤတည်ငြိမ်သော စကားလုံးများထဲ၌ မည်သည့်စိတ်ခံစားချက်မှာ မပါဝင်ပေ။ ဝမ်လင်းသည် ရှေ့သို့ တရကြမ်းတိုးကာ သူ့ညာလက်ကို ကောင်းကင်ထက်သို့ ကုတ်စွဲသည်။ ထိုအခါ ကောင်းကင်ထက်ရှိ မျက်လုံးများစွာတို့သည် ချက်ခြင်း ပျက်စီးကာ ဝမ်လင်းခန္ဓာကိုယ်ပေါ်သို့ သွေးမြောက်များစွာ ပန်းကြလာတော့သည်။

“ငါ…ဝမ်လင်းဟာ အနိုင်မခံ၊အရှုံးမပေးတဲ့စိတ်ဓာတ်နဲ့ ရှင်သန်ခဲ့ပြီးသူ၊ ငါဟာ အမှားတွေ လုပ်ခဲ့မိလိမ့်ပေမယ့် ငါသာ ငါ့တာအိုနှလုံးသားနောက် လိုက်နေသ၍ ဒါဟာ လုံလောက်ပြီ…”

ဝမ်လင်းသည် သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ ထိုသို့ ပြောဆိုရင်း ကောင်းကင်ထက်သို့ လက်ညွှန်သည်။

“ကောင်းကင်ဘုံမန္တာန်…ကြယ်ကြွေကျခြင်း…” သူ ထိုသို့ ဆိုရင်း ကောင်းကင်ထက်မှ ကြယ်အလင်းတန်းတစ်ခု ကျဆင်းလာကာ မြူနက်ထုများကို ထွင်းဖောက်၊ ပင်လယ်နက်ထဲသို့ ကျရောက်လာတော့သည်။ ထို့နောက် မည်သည့်နေရာကနေ စတင်ပေါ်လာမှန်း မသိရသော ၎င်းကြယ်အလင်းတန်းများသည် အသိစိတ်ပင်လယ်နက်ကနေ ထိုးထွက်ကာ မြူနက်ထုထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်း ကြယ်အလင်းသည် ကောင်းကင်ထက်တွင် ပြည့်နှက်သည်။ ဝမ်လင်းက သူ့လက်နှစ်ဖက်ကို လှုပ်ရှားရာ ကြယ်အလင်းတန်းတို့သည် ကောင်းကင်ထက်ရှိ မြူနက်ထုထံသို့ ဦးတည်သည်။ ကျယ်လောင်စွာ မြည်ဟိန်းသံများဖြစ်ကုန်၏။ ကြယ်အလင်းသည် ဖော်ပြနိုင်စွမ်းမဲ့သော ဖိအားကို ဖြစ်ပေါ်လာစေသည်။

အခုချိန်၌ ဝမ်လင်း၏ခန္ဓာကိုယ်သည် ပြိုပျက်သွား၏။ဝမ်ဝေ၊ဟူကျွမ်၊ ကျောက်ရီနှင့် ချင်းရှောင်တို့ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာတော့သည်။ နောက်ဆုံးတွင် အစိမ်းရောင်ဝတ်စုံဖြင့် ချင်းလင်သည် ပေါ်လာသည်။

အသိစိတ်ပင်လယ်သည် ပြိုပျက်နေရင်း သူတို့အားလုံးသည် ပြိုပျက်စီးနေသည့် လေဟာနယ်အတွင်းသို့ ကျဆင်းကာ ပျောက်ကွယ်သွားတော့သည်။

မိုးကောင်းကင်ဘုံနယ်မြေ၏ ဟင်းလင်းပြင်လေဟာနယ်အတွင်းရှိ မြောလွင့်နေသော အစိမ်းရောင်ကျောင်းတော်ကို စစ်ထူနန်က သတိမပြတ် စောင့်ကြပ်နေ၏။ သူသည် ကျောင်းတော်ရှိ အစီအရင်အတွင်းသို့ မပြတ်တမ်း ကြည့်နေကာ သူ့စိတ်ထဲတွင်လည်း စိုးရိမ်မှုတို့ ပြည့်နှက်နေသည်။

ငွေရောင်အမျိုးသမီးအလောင်းကလည်း အတူတူပင်။ သို့သော် သူမ၏အကြည့်က ဝမ်လင်းထံသို့သာ မလွတ်တမ်း ကျရောက်နေသည်။

ဤအခိုက်အတန့်၌ ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ခါကာ သူသည် မျက်လုံး ဖြည်းဖြည်းခြင်း ပြန်ဖွင့်လာသည်။သူသည် ငြိမ်သက်စွာ မတ်တပ်ရပ်ကာ တံခါးဝထံသို့ လှမ်းလျှောက်သွားရင်း ဟင်းလင်းပြင် လေဟာနယ်ကို တိတ်ဆိတ်စွာ ကြည့်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset