Switch Mode

အပိုင်း(၁၁၆၉)

ကျောက်ရီ၏ခါးသီးမှုမှာ ချင်းရှောင်၏မျက်လုံးထဲသို့ ကျရောက်လာ၏။ အချို့အကြောင်းပြချက်များကြောင့် သူမစိတ်နှလုံးထဲတွင် နာကျင်မှုကို ခံစားလိုက်ရသည်။ သို့ရာတွင် သူမသည် လျင်လျင်မြန်မြန်ပင် ထိုဖော်ပြနိုင်စွမ်း မတတ်သည့် နာကျင်မှုကို ဖိနှိပ်ကာ ကျောက်ရီထံသို့ ဆက်မကြည့်တော့ပေ။

ဝမ်ဝေသည် သူတွေ့မြင်နေရသည့် အဖြစ်သနစ်အပေါ် သက်ပြင်းချ၏။ သူသည် ဤကဲ့သို့ ဖြစ်လာမည်ကို သိထား၏။ သို့သော် သူသည် ကျောက်ရီကို ပြောပြနိုင်ဖို့ စိတ်နှလုံး မရှိခဲ့ပေ။ ကျောက်ရီကို သည်နှစ်များစွာ သိလာပြီးသည့်နောက် သူသည် ကျောက်ရီ ပြောသမျှကို ယုံကြည်ခဲ့ပြီး ဖြစ်သည်။

ဟူကျွမ်၏ စိတ်နှလုံးက နူးညံ့၏။ သူမသည် စကားပြောရန် ပြင်လိုက်၏။

သို့ရာတွင် သည်အခိုက်အတန့်၌ အောက်ဘက်ရှိ ပင်လယ်နက်သည် တဝီဝီလှည့်လာကာ လှိုင်းများ ထန်လာ၏။ မွန်းစတားဆန်သော မိစ္ဆာစွမ်းအင်သည် ဤလောကတွင် ပြည့်နှက်သည်။

ချက်ခြင်းလိုလိုပင် အဆုံးမဲ့မူလစွမ်းအင်ပမာဏများက သူတို့ရှေ့တွင် စုဝေးကာ ဧရာမရှေးဟောင်းမိစ္ဆာအသွင် ဖြစ်ပေါ်၏။ သည်ရှေးဟောင်းမိစ္ဆာကား ကြီးမားလွန်း၏။ ၎င်း၏ခန္ဓာကိုယ်ပတ်လည်၌ မိစ္ဆာစွမ်းအင်များ အဆုံးမရှိသကဲ့သို့။

သူကား ရှေးဟောင်းမိစ္ဆာတာကျားပင်။ သူ့မျက်လုံးသည် သွေးနီရောင် ရှိကာ သူ့မျက်ခုံးနှစ်ခုကြား၌ ဒဏ်ရာတစ်ခု ရှိနေ၏။

“ချင်းလင်ရဲ့ အသိစိတ်ပင်လယ်ထဲမှာ ဆိုရင်တောင် မင်းတို့အားလုံး သေရမယ်…”

သူ့ ဒေါသတကြီးအသံနှင့်အတူ သူ့ဧရာမလက်ကြီးကို လူတိုင်းထံသို့ ဆန့်ထုတ်၏။

တဝီဝီအသံများနှင့်အတူ မိစ္ဆာစွမ်းအင်များသည် ဤဧရိယာတွင် ပြည့်နှက်၏။

ဤအခိုက်မှာပင် ပင်လယ်သည် နောက်တစ်ကြိမ် မြင့်တက်ကာ နောက်ထပ်လူတစ်ယောက် ပျံသန်းလာ၏။ သူသည် သက်လတ်ပိုင်းအရွယ်ရှိကာ အတော်လေး ကြည့်ကောင်း၏။ သူသည် ကောင်းကင်ဘုံသားအော်ရာ ပိုင်ဆိုင်ထားသည်။

“ဆရာ…” သည်လူက လှိုင်းလုံးများကို ချိုးဖျက်လာချိန်၌ ဝမ်ဝေနှင့်ဟူကျွမ်တို့သည် ချက်ခြင်း စိတ်လှုပ်ရှားကုန်၏။

ချင်းရှောင်၏ဟန်ပန်ပင် နူးညံ့သွားကာ သူမသည် တလေးတစား ဆိုသည်။ “အဖေ…”

ဤလူမှာ ကောင်းကင်ဘုံအင်ပါယာချင်းလင် ဖြစ်၏။ သူက လူတိုင်းကို ခေါင်းညိတ်ပြလိုက်ရင်း သူ့အသွင်က အလေးအနက် ဖြစ်လေ၏။ သူက လက်ဝေ့ယမ်းလိုက်သည်။ လေပြင်းတစ်ခု ရုတ်တရပ် ပေါ်လာကာ မုန်တိုင်းအသွင်ပြောင်း၍ ရှေးဟောင်းမိစ္ဆာတာကျား၏ ညာလက်နှင့် ထိပ်တိုက်တွေ့သည်။

ကောင်းကင်တုန်ဟိန်းစေမည့် ပဲ့တင်သံ မြည်ဟိန်းသည်။ ရှေးဟောင်းမိစ္ဆာတာကျား၏ လက်သည် ချက်ခြင်း ပြိုပျက်ကာ နောက်သို့ လွင့်စင်သည်။ သို့ရာတွင် ချင်းလင်၏မန္တာန်ကြောင့် ဖြစ်ပေါ်သည့် မုန်တိုင်းမှာလည်း ချက်ခြင်း လွင့်ပြယ်သွားသည်။

“ချင်းလင်… သင်က ဒီလို သနားစရာ ကောင်းတဲ့ အခြေအနေ စိုက်ရောက်နေပြီ။ ဘာကြောင့် ဒီမိစ္ဆာဆီ အညံ့မခံရတာလဲ။ ဒီမိစ္ဆာက သင့်ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး သင့်ရဲ့ အရင်တုန်းက အောင်မြင်မှုထက် ပိုသာအောင် လုပ်ပေးလို့ရတယ်…။ ငါတို့နှစ်ယောက် ပေါင်းစည်းတာ ဘာလို့ မကောင်းရမှာလဲ…”

ရှေးဟောင်းမိစ္ဆာတာကျား၏အသံ ထွက်ပေါ်လာ၏။ သူ့ညာလက်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ချင်းလင်သည် ရှေးဟောင်းမိစ္ဆာကို ကြည့်ပင်မကြည့်။ သူသည် ဝမ်လင်းထံသို့သာ ကြည့်နေ၏။ သူ့အကြည့်ထဲ၌ ဥပဒေသပါနေဟန်တူကာ ဝမ်လင်း၏လျှို့ဝှက်ချက်အားလုံးကို ဖြတ်မြင်နေသည့်ပုံ ရသည်။ သူ့အကြည့်အောက်၌ ဝမ်လင်း အဝတ်ဗလာကင်းမဲ့သည့်အလား ခံစားရ၏။

သည်အခိုက်အတန့်တွင် ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားကနေ ရင်းနှီးသောအော်ရာတစ်ခု ပေါ်လာသည်။ ထိုအော်ရာကို ခံစားမိမှုက ချက်ခြင်းလိုလို ပြန်ပျောက်ကွယ်သွားသည်။ ဝမ်လင်းက ချင်းလင်ကို တည်ငြိမ်စွာ ကြည့်၏။

“မင်းက ငါ့အသိဉာဏ်အမွေအနှစ် ရရဖို့နဲ့ ငါ့နောက်ဆုံးတပည့်ဖြစ်လာဖို့ အရည်အချင်း ပြည့်မှီတယ်…” ချင်းလင်၏ မျက်လုံးသည် လင်းလက်သွား၏။ သူက အစိမ်းရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ဝမ်လင်း တုံ့ပြန်နိုင်ခြင်း မရှိခင်မှာပင် ယင်းအစိမ်းရောင်အလင်းတန်းသည် သူ့န္ဓာကိုယ်ထဲသို့ ဝင်ရောက်လာတော့၏။

ချက်ခြင်းလိုလို ဝမ်လင်း၏ခန္ဓာကိုယ်ကနေ တစီစီအသံများ ထွက်ပေါ်လာ၏။ ထို့နောက် သူ့လက်နှစ်ဖက်ကို ဖြန့်ကားကာ လေထဲတွင် မားမားရပ်သည်။ သူ့ခန္ဓာကိုယ်မှ နာကျင်မှုကြောင့် ဝမ်လင်းက အော်ဟစ်လိုက်ရ၏။

“မင်းရဲ့ စိတ်ဝိညာဉ်က အားမနည်းဘူးပဲ…” ချင်းလင်၏အသံက ဝမ်လင်း၏ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသည်။ ဝမ်လင်း သူ့ခန္ဓာကိုယ်မှာ သူ့ထိန်းချုပ်မှုမရှိတော့သည်ကို ရှင်းလင်းစွာ ခံစားမိ၏။ သူသည် သည်လိုမျိုး သူ့ဘဝတွင် တွေ့ကြုံခဲ့ဖူးပေသည်။

သူ့ခန္ဓာကိုယ်မှ စုတ်ဖြဲခံရသည့် ခံစားမှုက ဝမ်လင်းကို ဆွဲဆန့်ပစ်နေသလို ခံစားစေ၏။

“မင်းကျင့်ကြံမှုအဆင့်က မလုံလောက်ဘူး…” ချင်းလင်၏အသံက နောက်ထပ် ထွက်ပေါ်လာသည်။ ဝမ်လင်းက သူ့ညာလက်ဖြင့် ဝမ်ဝေထံသို့ လက်ညွှန်သည်။

“ဝမ်ဝေ…ဆရာက မင်းကျင့်ကြံမှုအဆင့် လိုအပ်တယ်…”

ဝမ်ဝေက ခေါင်းညိတ်ပြ၏။ သူသည် အလင်းတန်းအဖြစ်သို့ ချက်ခြင်း ပြောင်းလဲကာ ဝမ်လင်းထံသို့ တိုးဝင်သွားသည်။ နာကျင်မှု တိုးလာ၏။ ဝမ်လင်းက နောက်ထပ် မအော်မိဘဲ မနေနိုင် ဖြစ်ရသည်။

“ဟူကျွမ်…ချင်းရှောင်နဲ့…မင်း…” ဝမ်လင်း၏ ခန္ဓာကိုယ်က တုန်ခါသွား၏။ သို့သော် သူ့ညာလက်ကို မြှောက်ကာ သူသည် ကျောက်ရီထံသို့ လက်ညွှန်သည်။

“မင်းတို့အားလုံး…ပေါင်းစည်းလိုက်…” ချင်းလင်၏အသံ ပဲ့တင်ထပ်သွားရင်း ဟူကျွမ်၊ချင်းရှောင်နှင့် ကျောက်ရီတို့သည် တုံ့ဆိုင်းမနေဘဲ အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်၏။

သည်အခိုက်အတန့်၌ ပြင်းထန်သောနာကျင်မှုက ဝမ်လင်းကို ရူးသွပ်လုနီးပါး ဖြစ်သွားစေဖို့အထိ လုံလောက်ပေ၏။ သူ့အော်သံသည် မြေပြင်ထုကွဲအက်သည့်အလား ထွက်ပေါ်သွားသည်။

“ငါ မင်းရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်မှာ မဟုတ်ဘူး။ ငါ မင်းကို ခွန်အားပေးမယ်။ မင်းကို ဥပဒေသအပေါ် ငါ့နားလည်မှုကို ပေးမယ်။ နိဗ္ဗာနလေဟာနယ်အဆင့်မှာ တိုက်ခိုက်မယ့်တိုက်ပွဲမှာ ငါ့ကောင်းကင်ဘုံမန္တာန်အားလုံးကို မင်းကိုယ်တိုင် တွေ့ကြုံခံစားခွင့် ပေးမယ်။ ဒါဟာ မင်း ဒီနေရာကိုလာပြီး ဒီအဘိုးအိုကို ကယ်တင်ပေးခဲ့တဲ့အတွက် မင်းရတဲ့ ကံကောင်းမှုပဲ…”

ချင်းလင်၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်းဖြင့် ပျောက်ကွယ်သွား၏။ သူ လုံဝ ပျောက်ကွယ်သွားချိန်တွင် ဝမ်လင်းထံမှ အံ့မခန်းစွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်။

ထိုစွမ်းအားမှာ ကောင်းကင်နှင့်မြေကြီးကိုပါ တုန်ခါသွားစေဖို့ လုံလောက်သည်။ စကြဝဠာတစ်ခု ပြိုဆင်းကျသည့် သန်မာမှုလောက် ဖြစ်၏။

ဝမ်လင်း၏ စိတ်နှလုံးထဲတွင် သူသည် လောကကို ထိန်းချုပ်ကာ လောကသည်ပင် သူ့ခြေဖဝါးအောက် နာခံရမည်ဟူသော ခံစားချက်သည် မြင့်တက်လာ၏။ ထို့အတူ ပြင်းထန်သောနာကျင်မှုကလည်း သူ့ခန္ဓာကိုယ်ကနေ ဆက်တိုက် ထွက်ပေါ်နေသည်။ သို့သော် ဝမ်လင်းသည် ၎င်းနာကျင်မှုတို့ကို ဆက်၍ အာရုံစိုက်မနေတော့ချေ။

သူက သူ စိတ်ကူး၍ပင် မရနိုင်သည့် စွမ်းအားကို ပိုင်ဆိုင်နေရသည်ဟု ရှင်းလင်းစွာ ခံစားမိသည်။

“သွားတိုက်ခိုက်…” ရှေးဟောင်းအသံတစ်ခု သူ့စိတ်ထဲတွင် ပဲ့တင်ထပ်သည်။ ဝမ်လင်းသည် ရုတ်တရပ်ခေါင်းမော့ကြည့်၏။ သူက အကွာအဝေးတစ်ခုရှိ ရှေးဟောင်းမိစ္ဆာအား စူးစိုက်ကြည့်ချေသည်။

ရှေးဟောင်းမိစ္ဆာတာကျားသည် ဤအခြင်းအရာများကြောင့် ကြောင်ရီစွာ ကြည့်နေမိ၏။ သူ့မျက်လုံးထဲ၌လည်း ကြောက်ရွှံ့မှုတို့ ပြည့်လာသည်။ နောက်ဆုံးတွင် သူသည် ချင်းလင်၏ ဝှက်ဖဲကို တွေ့မြင်ရပေပြီ။မထင်မှတ်စွာဖြင့် ၎င်းအဖြစ်က သူ့တာအိုကို လျော့ကျစေသည်။

ကောင်းကင်နှင့်မြေကြီးတွင် တာအိုရှိ၏။ ကောင်းကင်ဘုံတာအိုရှိ၏။ လူတိုင်းသည် သူတို့၏ကိုယ်ပိုင်တာအိုများ ရှိကြသည်။

ဝမ်လင်း၏အသွင်က တည်ငြိမ်၏။ သူသည် ကောင်းကင်ထက်သို့ လက်ညွှန်ကာ ဖြည်းဖြည်းခြင်း ပြောသည်။ “မြေကြီး…”

ထိုသို့ ဆိုသည့်နောက် အသိစိတ်ပင်လယ်မှာ လှိုင်းထန်လာ၏။ ဥပဒေသစွမ်းအားသည် ဤပင်လယ်အပါအဝင် အရာရာကို စုတ်ဖြဲသည်။ မျက်စိတစ်မှိတ်အတွင်း သည်နေရာမှာ အဝါရောင်ကန္တာရ ဖြစ်သွား၏။

ရှေးဟောင်းမိစ္ဆာတာကျား၏အသွင်မှာ ထပ်မံ ပြောင်းလဲသွားသည်။ သူသည် သူ့မျက်လုံးထဲရှိ ကြောက်ရွှံ့မှုကို ဖိနှိပ်ကာ ဝမ်လင်းထံသို့ သူ့လက်နှစ်ဖက်ဖြင့် ကုတ်စွဲ၏။ အနက်ရောင်လေပြင်းတစ်ခု ချက်ခြင်း ပေါ်လာကာ အဘက်ဘက်တွင် လေပွေများ ဖြစ်ကာ ဝမ်လင်းထံသို့ သိပ်သည်းလာသည်။

တစ်ချိန်တည်းမှာ ရှေးဟောင်းမိစ္ဆာတာကျားသည် ရှေးအမိန့်ဘာသာစကားဖြင့် မန္တာန်ရွတ်ဆို၏။ ထို့နောက် သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ရာ ပေတစ်ထောင်ရှိ အနက်ရောင်ဓားသွားကြီး ပေါ်လာသည်။ သူက ချက်ခြင်းပင် ၎င်းဓားသွားဖြင့် ဝမ်လင်းအား ခပ်ကြမ်းကြမ်း ပိုင်းချပစ်သည်။

ဝမ်လင်း၏အသွင်က တည်ငြိမ်လျက်ပင်။ သူက ရှေ့သို့သာ လက်ညွှန်၏။ သူ့ထံသို့ တိုးဝင်လာသည့် အနက်ရောင်လေပွေများသည် ရပ်တန့်သွားကြသည်။ မိစ္ဆာဓားသွားသည်ပင် လေထဲ၌ မလှုပ်မယှက် ဖြစ်သွား၏။

“လေဆင့်ခေါ်ခြင်း…” ဝမ်လင်းက တည်ငြိမ်စွာ ဆို၏။ လောကသည် တုန်ယင်၏။ မြူနက်များ ပျောက်ကွယ်ကာ အနက်ရောင်လေပြင်းတို့ ပေါ်လာသည်။ ထိုအနက်ရောင်လေပြင်းများအတွင်းကနေ နဂါးအရိပ်များ ပေါ်လာ၏။ ၎င်းနဂါးတို့မှာ ကိုးကောင်မဟုတ်၊ ဆယ့်သုံးကောင်တိတိ ဖြစ်ချေသည်။

နဂါးနက်ဆယ့်သုံးကောင်သည် ရှေးဟောင်းမိစ္ဆာတာကျားထံသို့ တိုးဝင်လာသည်။ တိုးဝင်လာသည့်အဟုန်ဖြင့်ပင် တာကျားသည် နောက်သို့ ဆုတ်ရ၏။ သူ့မျက်လုံးထဲရှိ ကြယ်ရှစ်လုံးမှာ လှည့်ပတ်နေရင်း သူသည် ရှေးအမိန့်ဘာသာစကားကို ရွတ်ဆိုနေ၏။

ရှေးဟောင်းမိစ္ဆာတာကျား၏အသွင်မှာ အလွန်အလေးအနက် ဖြစ်နေကာ သူသည် အော်ပြော၏။ “ရှေးဟောင်းမိစ္ဆာမန္တာန်…နယ်သတ်မျဉ်း…”

သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ လက်ဝေ့ယမ်း၏။ ထိုအခါ သူ့ရှေ့တွင် အနက်ရောင်မျဉ်းလိုင်းများ ပေါ်လာသည်။ သည်အခိုက်အတန့်၌ အနက်ရောင်လိုင်းများသည် နယ်နိမိတ်တစ်ခု ဖြစ်လာသည်။ ယင်းနယ်နိမိတ်၏ အတွင်းနှင့်အပြင် ဧရိယာသည် မတူညီသောနယ်မြေနှစ်ခု ဖြစ်လာတော့သည်။

နယ်မြေအပြင်ဘက်မှ မည်သည့်မန္တာန်မျှ ယင်းနယ်စည်းကို ကျော်လွန်လာနိုင်မည် မဟုတ်ဟု ထင်ရ၏။

“ရှေးဟောင်းမိစ္ဆာမန္တာန်…ကောင်းကင်ဘုံ ဝါးမြိုခြင်း…” နယ်သတ်မျဉ်းမန္တာန်ကို အသုံးပြုပြီးနောက် ရှေးဟောင်းမိစ္ဆာတာကျားသည် နောက်တစ်ကြိမ် မာန်သွင်း၏။ မိစ္ဆာစွမ်းအင်တို့သည် တာကျားနောက်တွင် ဧရာမပါးစပ်ကြီးအသွင် ဖြစ်ပေါ်သည်။၎င်းက ရှေ့သို့ တိုးဝင်လာကာ ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို ဝါးမြိုပစ်တော့မည့်ကဲ့သို့ပင်။

သို့ရာတွင် ထိုအခြင်းအရာများအားလုံးက ဝမ်လင်း၏အသွင်ကို ပြောင်းလဲသွားစေခြင်း မရှိပေ။ နဂါးနက်ဆယ့်သုံးကောင်က တာကျားထံသို့ ပိတ်ဆို့ကာ ပျံသန်းလာနေရာကနေ မထင်မှတ်စွာ အနက်ရောင်လှံအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ထိုလှံမှာ လုံးဝ နက်မှောင်နေ၏။ ၎င်းထံမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို ပေးစွမ်းကာ တာကျားထံသို့ ဦးတည်ဝင်လာသည်။

“ ငါ့ဆရာ ကောင်းကင်ဘုံပေဖန်ရဲ့ မန္တာန်ဟာ အကန့်အသတ်ထိ ကျင့်ကြံတဲ့အခါကျရင် ဒါဟာ ဆရာ့ရဲ့ လက်နက်ရတနာအဖြစ် ပြောင်းသွားလိမ့်မယ်။ ဆရာက သူ့ကျော်ကြားလှတဲ့ မန္တာန်တွေကို ဖန်တီးပြီးတဲ့နောက် သူက အတော်လေး အားစိုက်ထုတ်ခဲ့ပြီး လောကရဲ့ ဥပဒေသထဲ ရတနာတစ်ခုကို သန့်စင်မွန်းမံခဲ့တယ်။ အဲ့အချိန်ကစပြီး ဒီမန္တာန်ရဲ့ အကန့်အသတ်ကို ရောက်အောင် ကျင့်ကြံနိုင်တဲ့ ဘယ်တပည့်မဆို သူတို့ရဲ့ မန္တာန်အစွမ်းကို တိုးမြင့်ဖို့အတွက် လက်နက်ရတနာတစ်ခုကို ဆင့်ခေါ်နိုင်လိမ့်မယ်…”

ဝမ်လင်း ခေါင်းထဲ၌ သူ့မှတ်ဉာဏ်ထဲ၌ မရှိသည့် စကားများ ပေါ်လာသည်။ သို့သော် သူ့ခေါင်းထဲ၌ ပေါ်လာသည့်အသံမှာ သူ့စီနီယာအစ်ကို ချင်းရွှေ၏အသံ ဖြစ်၏။ ချင်းရွှေက ဝမ်လင်း ကောင်းကင်ဘုံအင်ပါယာပေဖန်၏ မန္တာန်များကို အထွတ်အထိပ်ရောက်အောင် ကျင့်ကြံနိုင်သည့် အချိန်တွင် ဖြစ်လာမည့်အရာကို သူ့မှတ်ဉာဏ်ထဲ၌ ချိပ်ပိတ်ပေးခဲ့သည်မှာ သိသာလှသည်။

လှံနက်က ပါးစပ်ကြီးနှင့် ချက်ခြင်း ထိကာ ထို့နောက် ကောင်းကင်ယံတုန်ခါတုန်ဟိန်းစေမည့် ပဲ့တင်သံ ထွက်ပေါ်လာ၏။ တာကျား ဖန်တီးလိုက်သည့် ပါးစပ်ကြီးမှာ လှံ၏ ထွင်းဖောက်ခြင်းကို ခံရပြီး မရေမတွက်နိုင်သော မိစ္ဆာစွမ်းအင်များအဖြစ်သို့ ပျက်စီးသွားတော့သည်။

၎င်းပါးစပ်ကြီးက လောကကို ဝါးမြိုနိုင်ကောင်း၏။ သို့သော် ၎င်းသည် ဝမ်လင်း ခုလက်ရှိ ယာယီပိုင်ဆိုင်ထားသည့် ကျင့်ကြံခြင်းအဆင့်ဖြင့် ဖန်တီးသော မန္တာန်ကိုတော့ ဝါးမြိုနိုင်ခြင်း မရှိပေ။ တာကျားမဆိုနှင့် သည်မန္တာန်ကို ဖန်တီးခဲ့သူ ပေဖန်သည်ပင် နဂါးဆယ့်သုံးကောင်ကြောင့် တုန်လှုပ်မိရပေလိမ့်မည်။ တကယ်တော့ ပေဖန်မှာ နဂါးဆယ့်တစ်ကောင်ကိုသာ ဆင့်ခေါ်နိုင်သည် မဟုတ်လား။

ကောင်းကင်ဘုံဝါးမြိုခြင်းမန္တာန်ကို ချိုးဖျက်ပြီးသည့်နောက် လှံနက်သည် နယ်နမိတ်နှင့် ထိပ်တိုက်တွေ့သည်။ ထိုအခါ လောကသည် တုန်ခါရ၏။ နယ်နိမိတ်ပိုင်းခြားပေးထားသည့် အက်ကွဲသံများ ပေါ်လာသည်။ထို့နောက် ၎င်းသည် ပျက်စီးသွားသည်။

သည်မန္တာန်မှာ နယ်မြေနှစ်အဖြစ်သို့ ပိုင်းခြားကာ အပြင်ဘက်မှ မန္တာန်အားလုံးကို ဟန့်တားပေးခြင်း ဖြစ်သည်။ သို့သော် လူတစ်ယောက်၏ကျင့်ကြံမှုအဆင့်သည် လုံလောက်အောင်မြင့်မားပါက မည်သည့်နယ်နိမိတ်မှ ဟန့်တားလို့ မရတော့ပေ။

လှံနက်သည် တာကျား၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်၏။ သို့သော် ထိုးဖောက်သွားခြင်းတော့ မရှိပေ။ ထိုအစား ၎င်းသည် ပေါက်ကွဲထွက်သွားကာ အံ့မခန်းဖိအားမှာ ရှေးဟောင်းမိစ္ဆာတာကျား၏ ခန္ဓာကိုယ်ကို လွင့်ပါးသွားစေသည်။ အဆုံးမဲ့မိစ္ဆာစွမ်းအင်သည် နောက်ဆုတ်ကာ တာကျား၏ခန္ဓာကိုယ် ပြန်ဖြစ်ပေါ်လာသည်။

သို့ရာတွင် သူ့မျက်လုံးထဲရှိ ကြောက်ရွှံ့မှုသည် ပိုပြင်းထန်လာ၏။ သူသည် နောက်သို့လှည့်ကာ ထွက်ပြေးရန် ပြင်သည်။

သို့သော် ဝမ်လင်းက သူ့ကို မည်သို့ လွတ်မြောက်ခွင့် ပေးပါ့မည်နည်း။ သူသည် ရှေ့သို့ တည်ငြိမ်စွာ လှမ်းကာ ပြောသည်။ “မင်း မလွတ်မြောက်နိုင်ဘူး။ အရာအားလုံးက စတင်ခဲ့ပြီးပြီး…အခု အစစ်အမှန်တတိယအဆင့်မန္တာန်တွေကို တွေ့ကြုံကြည့်လိုက်…”

တာကျားသည် ထွက်ပြေးနေရင်း သူသည် စတီးနံရံတစ်ခုထဲသို့ ပြေးဝင်မိသည်ဟု ခံစားမိ၏။ သူသည် ပတ်ဝန်းကျင်ရှိ ဥပဒေသက ပင်လယ်နှင့် ပေါင်းစည်းကာ ပြီးပြည့်စုံသော လှောင်အိမ်တစ်ခုလို ဖြစ်နေသည်ဟု ခံစားမိ၏။ သူသည် အမှန်တကယ် မလွတ်မြောက်နိုင်ပေ။

သူသည် ရုတ်တရပ် နောက်ပြန်လှည့်၏။ သူ့မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ပြည့်လာသည်။ သူ့မျက်လုံးထဲရှိ ရှေးဟောင်းမိစ္ဆာကြယ်များထဲမှ သုံးခုသည် ချက်ခြင်း ပျက်စီးသွားတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset