Switch Mode

အပိုင်း(၁၁၆၇)

နတ်လေးပါးကလန်မှ လူများအားလုံး ထွက်သွားချိန်၌ပင် ဝမ်လင်းသည် သည်အစိတ်အပိုင်းမြေ လျှောက်လမ်းစင်္ကြန်ပေါ်တွင် ရပ်နေဆဲ ဖြစ်၏။ မိုးကောင်းကင်ဘုံနယ်မြေ ပျက်စီးမှုက သူ့နားထဲ၌ ပဲ့တင်ထပ်နေ၏။ သို့သော် သူ့စိတ်နှလုံးထဲရှိ ရှုပ်ထွေးမှုများနှင့် ယှဉ်ပါက ယင်းအသံသည် အလွန်ပေါ့ပါးနေဟန် တူနေသေးသည်။

အဇူရာနဂါးနတ်အင်ပါယာကို ကယ်တင်ခြင်းက သူ ဟင်္သာငှက်နတ်အင်ပါယာဟောင်းအပေါ် တင်နေသည့် အကြွေးကို ပြန်ပေးဆပ်သည့် နည်းလမ်းတစ်ခုသာ ဖြစ်သည်။ ထို့အတွက်ကြောင့် နတ်လေးပါးကလန်သည် ရောက်ရှိလာမည့် ဝရုန်းသုန်းကားအချိန်ကို ဖြတ်သန်းရာ၌ အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်နေပေလိမ့်မည်။

အချို့အကြီးအကဲများကလွဲ၍ ဟင်္သာပြဒါးနတ်ကလန်တွင် မည်သူကမျှ အမှန်တကယ်အားဖြင့် သူ့ကို နတ်အင်ပါယာတစ်ပါးဟူ၍ မမှတ်ယူကြပေ။ သူတို့သည် သူ့ကို ဂျူနီယာတစ်ယောက်ကဲ့သို့သာ မြင်ကြ၏။ ကလန်၏ ဂျူနီယာများစိတ်ထဲတွင်တော့ သူ့အပေါ် စစ်မှန်စွာ လေးစားမှု ရှိကောင်းရှိနေနိုင်၏။

ဝမ်လင်းတွင် လုံလောက်သောအချိန်သာ ရှိပါက သူသည် သည်ဖြစ်စဉ်ကို ဖြည်းဖြည်းခြင်း ပြောင်းလဲနိုင်စွမ်း ရှိပေ၏။ သို့သော် ထာဆန်ကြောင့် ခံစားနေရသည့် သူ့စိတ်ထဲရှိ မလွယ်ကူမှုကြောင့် သူ့တွင် အချိန်အများကြီး ရှိမနေပေ။ သူသာ အချိန်ဆွဲနေပါက ဟင်္သာငှက်နတ်ကလန်ကိုပါ အန္တရာယ်ဖြစ်လာစေနိုင်ပြီး ဟင်္သာငှက်နတ်အင်ပါယာဟောင်းအပေါ် ပေးခဲ့သည့် သူ့ကတိမှာလည်း ကျရှုံးပေမည်။

လွတ်မြောက်လာသည့် အဇူရာနဂါးနတ်အင်ပါယာမှာလည်း ဉာဏ်များလှသူဖြစ်ကြောင်း ဝမ်လင်းက သိနှင့်နေ၏။

ထို့အပြင် ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူထံမှ ကောင်းကင်ဘုံတာအို အကြောင်း ကြားလိုက်ရသည့်နောက် အတော့်ကို တုန်လှုပ်မိခဲ့၏။

ထို့အပြင် အဇူရာနဂါးနတ်အင်ပါယာ ပြောခဲ့သည့် နောက်ဆုံးစကားများက ဝမ်လင်းကို စိတ်ရှုပ်ထွေးစေဆုံး ဖြစ်၏။ သူ ပြောခဲ့သည့်စကားများ၏ အဓိပ္ပာယ်က သူသည် ဝမ်လင်း၏ အတွေးများကို မြင်နေခဲ့ပြီး ဟူ၏။ သူသည် ဝမ်လင်း၏ ဟင်္သာငှက်နတ်အင်ပါယာ ဟူသော အဆင့်အတန်းကို ဂရုမစိုက်ပေ။ သူ ဝမ်လင်းနှင့်ပတ်သတ်၍ ဂရုစိုက်တာ တစ်ခုခုရှိခဲ့လျှင်ပင် ဤအရာမှာ တော်ဝင်ရတနာသာ ဖြစ်ပေလိမ့်မည်။

ဝမ်လင်းလက်ထဲ၌ သည်တော်ဝင်ရတနာကို ယာယီပေးထားခြင်းသာ ဖြစ်၍ သူ မိုးကောင်းကင်ဘုံနယ်မြေကနေ ထွက်လာသည်နှင့် ၎င်းကို နတ်လေးပါးကလန်သို့ ပြန်ပေးရပေမည်။

“အကြီးအကဲများစွာနဲ့ သူက အခုမှ လွတ်ကာစကြောင့်သာ မဟုတ်ရင် သူက ငါ ဒီရတနာပြန်ပေးတာကို စောင့်တောင့်စောင့်နေပါ့မလား ငါ စိုးရိမ်မိတယ်။ သူက ဒီနေရာမှာတင် ဒါကို ချက်ခြင်း ပြန်ယူပစ်လောက်တယ်…”

ဝမ်လင်း၏ဟန်ပန်က ခါးသီးဟန် ဖြစ်ပေါ်နေ၏။ အမှန်တော့ သည်တော်ဝင်ရတနာကိစ္စက ပြောနေစရာ မလိုပေ။ ဖြစ်လည်း ဖြစ်သင့်ပေ၏။ ဝမ်လင်းသည် ဟင်္သာငှက်နတ်အင်ပါယာ ဖြစ်လာဖို့ရာ အစီအစဉ် မရှိခဲ့ပါက သူ့အဖို့ သည်ရတနာကို ဆက်လက် သိမ်းဆည်းထားဖို့ မလိုအပ်တော့ချေ။

အမှန်တော့ ဝမ်လင်းက သည်တော်ဝင်ရတနာကိစ္စအပေါ်၌လည်း တကယ် အလေးမထားပေ။ သို့သော် အခုသူ ပြန်လွတ်လာကာစကနေ ထွက်သွားချိန်ထိ အဇူရာနဂါးနတ်အင်ပါယာသည် အခြားနတ်အင်ပါယာသုံးယောက်အကြောင်း တစ်ခွန်းမှ မမေးခဲ့ပေ။ ထိုမျှသာမက သူက အခြားနတ်အင်ပါယာသုံးယောက်၏ သေဆုံးမှုကိုပင် သာမန်အတိုင်းသာ ပြောနေခဲ့၏။

ထိုကိစ္စနှင့် ပတ်သတ်၍ ဝမ်လင်းသည် အလွန်စိတ်ရှုပ်ထွေးစွာ ခံစားရ၏။

“နတ်လေးပါးကလန် ဆက်လက်ရှင်သန်နိုင်အောင် ဟင်္သာငှက်နတ်အင်ပါယာက နှစ်ပေါင်းများစွာ နာကျင်မှုကို ခံစားနေခဲ့ရတာကို ထားလိုက်ဦး။ ကျားဖြူနတ်အင်ပါယာဆို သူ့ရန်သူတွေကို တိုက်ခိုက်ရင်းနဲ့ သေဆုံးစေခဲ့ရပြီး သူ့အလောင်းခန္ဓာကိုယ်တောင် ဘယ်ရောက်လို့ ရောက်သွားမှန်း မသိခဲ့ရဘူး။ အဇူရာနဂါးနတ်အင်ပါယာအတွက် ဒီအရာတွေက သာမန်ကိစ္စလို ဖြစ်နေတယ်…”

စစ်ထူနန်သည် သက်ပြင်းချ၏။ သူက ဝမ်လင်းနားသို့ လျှောက်လာကာ ဝမ်လင်း၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။ “ဘာနတ်လေးပါးကလန်လဲ။ ချင်းလင် နိုးထလာတာနဲ့ ငါတို့က ကြယ်တွေကို အုပ်ချုပ်ပြီး ပျော်ပျော်ကြီးနေထိုင်ပစ်ကြမယ်…”

ဝမ်လင်းသည် ခါးသက်သက်ပြုံးကာ ခေါင်းညိတ်ပြ၏။

ဝမ်ဝေကလည်း သက်ပြင်းချကာ ဖြည်းဖြည်းခြင်း ပြောလာသည်။ “တစ်ခါက ဆရာ ပြောခဲ့ဖူးတယ်။ ဒီကောင်းကင်ဘုံတာအိုသွေးက ဆိုးဝါးတဲ့အရာတစ်ခုတဲ့။ လူတစ်ယောက် ဒီသွေးကို သောက်သုံးလို့ မသေခဲ့ရင်တောင် သူ့စိတ်နေစိတ်ထားဟာ ကျိန်းသေပေါက် အတော်လေး ပြောင်းလဲသွားလိမ့်မယ်။ အရင်တုန်းက ငါ အဇူရာနဂါးနတ်အင်ပါယာနဲ့ တစ်ခါတွေ့ခဲ့ဖူးတယ်။ အဲ့တုန်းကတော့ သူဟာ လူမှန်တစ်ယောက်ပဲ။ ဒီနေ့ သူ့ကို ကြည့်ရတာတော့ ဒီသွေးကို သူ သောက်သုံခဲ့ပုံရတဲ့အတွက် သူ့စိတ်နေစိတ်ထားဟာ သုန်မှုန်နေတာ ဖြစ်မယ်…”

ဝမ်ဝေသည် မိုးကောင်းကင်ဘုံနယ်မြေ ပျက်စီးနေမှုကြောင့် ကျောင်းတော်ကို မရှာနိုင်သေးသော်လည်း သူသည် ဝမ်လင်းကို အလျင်စလို မပြောပေ။

ဝမ်လင်းက သက်ပြင်းရှည်ချ၏။ သူက အဇူရာနဂါးနတ်အင်ပါယာ၏ စကားများကို သိရှိလိုက်ပြီးနောက် သူနှင့် နတ်လေးပါးကလန်တို့ကြား ပတ်သတ်မှုသည် ဆက်မရှိနိုင်တော့သည်ကို သိ၏။ မည်သို့ပင်ဖြစ်စေ သူသည် ဟင်္သာငှက်နတ်အင်ပါယာဟောင်းပေါ်တွင် ကျေးဇူးတင်နေရပေမည်သာ ဖြစ်သည်။

ဝမ်လင်းက ခေါင်းမော့ကာ အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်၏။ သူက မြေပြင်ထက်တွင် ဒူးထောက်ချကာ မိုးကောင်းကင်ဘုံနယ်မြေဂိတ်ပေါက်ရှိရာသို့ သုံးကြိမ်ဦးညွတ်၏။

“နတ်အင်ပါယာဟောင်း…ဂျူနီယာက သင့်ရဲ့ ကြင်နာမှုကို အမြဲတမ်း မှတ်ထားမှာပါ။ ဒါကို မေ့မပစ်ဝံ့ပါဘူး။ အနာဂတ်မှာ ဟင်္သာငှက်နတ်ကလန်က အခက်အခဲတွေရင်ဆိုင်ရရင် ငါ သေရမယ်ဆိုရင်တောင် ငါ ဝင်ကူညီပေးမှာပါ…”

ဝမ်လင်းက ခေါင်းပြန်မော့၏။ နတ်အင်ပါယာဟောင်း၏ ကြင်နာတတ်ပြီး ပင်ပန်းနေသည့် အသွင်ဟန်ပန်က သူ့စိတ်နှလုံးထဲ၌ ကမ္ဗည်းထွင်းထားခဲ့ပေပြီ။

“ဖိအားက ကြီးမားလွန်းရင် နတ်လေးပါးကကလန်ဟာ အတိတ်က တောက်ပမှုကို ပြန်ရရှိဖို့ မျှော်လင့်ချက် မရှိတော့ရင် မင်းကိုယ်မင်း အတင်းဖိအားပေးစရာမလိုဘူး…”

နတ်အင်ပါယာဟောင်း၏ နောက်ဆုံးစကားများကို သူ့နားထဲတွင် ပြန်ကြားယောင်လာမိသည်။

သူက တိတ်ဆိတ်စွာ မတ်တပ်ရပ်နေရင်း အသက်ဝဝရှုသွင်း၏။ ထို့နောက် သူသည် ဝမ်ဝေနှင့်ဟူကျွမ်တို့ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလာ၏။ “စီနီယာတို့…ငါတို့ ကျောင်းတော်ကို ရှာကြရအောင်…”

ဝမ်ဝေ၊ဟူကျွမ်နှင့် စစ်ထူနန်တို့အပြင် ငွေရောင်အမျိုးသမီးအလောင်းကောင်လည်း ဤနေရာတွင် ရှိနေသေး၏။ သူမသည် ဝမ်လင်းဘေးတွင် ရပ်ကာ တိတ်ဆိတ်စွာဖြင့် သူ့နောက်လိုက်ပါ၏။

“ဝမ်လင်း…နင်…” ဟူကျွမ်သည် ဝမ်လင်းမှာ ခုချိန်၌ အလွန်စိတ်ရှုပ်ထွေးနေမည်ကို သိပေသည်။

“ပြဿနာမရှိဘူး…” ဝမ်လင်းသည် သူ့စိတ်ထဲရှိ အတိတ်ကို အောက်မေ့မှုအား ကွယ်ဝှက်ကာ ပြုံးပြ၏။

ဝမ်ဝေသည် ခေါင်းညိတ်ကာ စင်္ကြန်လျှောက်လမ်းကနေ ပျံသန်းထွက်၏။ ဟူကျွမ်ကလည်း ဝမ်လင်းကို ကြည့်လိုက်သည်။ ထို့နောက် သူမသည် ဝမ်ဝေနောက်သို့ လိုက်ပါသွားသည်။ စစ်ထူနန်က ဝမ်လင်းအနားသို့ လျှောက်လာကာ သူ့ပုခုံးကို ပုတ်၏။ သူတို့နှစ်ယောက်သည် အတူပျံသန်းလိုက်ကြသည်။ ငွေရောင်အမျိုးသမီးကတော့ ဝမ်လင်းနောက်ကနေ လိုက်လာ၏။

မိုးကောင်းကင်ဘုံနယ်မြေပျက်စီးမှုသည် ဆက်တိုက် ဖြစ်နေ၏။ လမ်းတစ်လျှောက်တွင် သူတို့သည် အစိတ်အပိုင်းမြေများစွာ ပြိုပျက်နေသည်ကို တွေ့မြင်ရ၏။ အချို့အစိတ်အပိုင်းများသည် လုံးဝ ပျက်စီးကာ ဝဲကတော့များ ဖြစ်နေပြီး အမှုန့်အမွှားအစအနများကို ဆွဲငင်လေ၏။

တုန်ဟိန်းသံများသည်လည်း မြည်ဟီးနေ၏။ သို့သော် ၎င်းတို့သည် သူတို့၏အမြန်နှုန်းအပေါ်သို့ မသက်ရောက်နိုင်ပေ။ မိုးကောင်းကင်ဘုံနယ်မြေက ပျက်စီးနေပြီ ဖြစ်သည့်အတွက်ကြောင့် သူတို့သည် ဆက်လက်ပြီး ခွန်အားကို ထိန်းသိမ်းနေစရာ မလိုတော့ပေ။ သူတို့သည် အမြန်နှုန်းအပြည့်ဖြင့် ကောင်းကင်ထက်တွင် သွားလာနေသည်။

ဝမ်ဝေပျံသန်းနေရင်း သူ့မျက်လုံးသည် လက်ခနဲ ဖြစ်၏။ သူက ပြိုပျက်နေသည့် အစိတ်အပိုင်းမြေများကြား ပျံသန်းနေရင်း သူ့မှတ်ဉာဏ်များထဲမှ နေရာတစ်ခုကို ရှာဖွေနေ၏။ ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် သူ့မျက်လုံးမှာ ကျဉ်းမြောင်းသွားသည်။

“ဒီနေရာ ဖြစ်မယ်…” ဝမ်ဝေက အောက်ဘက်သို့ လက်ညွှိုးထိုးပြ၏။

ဝမ်လင်းသည်လည်း အောက်ဘက်သို့ ဆင်းလာ၏။ သူက အံ့အားသင့်သွားလေ၏။ သည်နေရာသည် ပျက်စီးနေပြီ ဖြစ်သော်လည်း သူက အောက်ဘက်မှ ကုန်းမြေထု တစ်ခုကို ခပ်ရေးရေး မြင်နေရသေး၏။

ထိုမျှသာဆိုလျှင် ဝမ်လင်းသည် အံ့အားသင့်မိဦးမည် မဟုတ်။ သို့သော် ဤနေရာမှာ အတိတ်တုန်းက ကျောက်ရီ စွန်ထိုင်နှင့် တိုက်ပွဲတွင် သူ့စိတ်ဝိညာဉ်ကို လောင်ကျွမ်းစေခဲ့သော နေရာ ဖြစ်နေတော့သည် မဟုတ်လော။

“မိုးကောင်းကင်ဘုံနယ်မြေက အစိတ်စိတ်အပိုင်းပိုင်း ပျက်စီးနေတာ။ အချို့ဆို တစ်ခုနဲ့တစ်ခု ထပ်နေတယ်။ ကျောင်းတော်ဟာ ဒီထပ်နေတဲ့ အစိတ်အပိုင်းမြေမှာ ရှိနိုင်လောက်တယ်…” ဝမ်ဝေသည် ရှင်းပြလိုက်ရင်း သူ့ညာလက်ကို အောက်ဘက်သို့ ဖိချသည်။

အစိမ်းရောင်မြူထုတစ်ခု ရုတ်တရပ် ပေါ်လာကာ အောက်ဘက်သို့ နိမ့်ဆင်းသည်။ ၎င်းသည် အပျက်အစီးကျောက်စကျောက်နများကို လွင့်စင်ကာ အနည်းငယ် တုန်ဟိန်းသံကို ဖြစ်စေ၏။

အောက်ဘက်ရှိ ထပ်နေသော အစိတ်အပိုင်းမြေများ ပေါ်ထွက်လာချေ၏။

သူတို့အုပ်စုက ရပ်တန့်ခြင်း မရှိဘဲ ယင်းအစိတ်အပိုင်းမြေ ပေါ်သို့ ခြေချလိုက်ကြ၏။ သည်အစိတ်အပိုင်းမြေမှာလည်း ပြိုပျက်နေသည်ဖြစ်ရာ သူတို့သည် တုန်ခါမှုကို ခံစားမိကြ၏။ သူတို့သာ နတ်ဘုရားအာရုံများကို ဖြန့်ကျက်လိုက်ပါက အစိတ်အပိုင်းမြေအစွန်းအဖျားများသည် ပြိုကျနေသည်ကို တွေ့ရပေမည်။ အစိတ်အပိုင်းမြေပြင်ထက်၌လည်း အက်ကြောင်းများ တိုးလာကာ တုန်ခါသံများကလည်း မပြတ်ပေ။

“အချိန်အများကြီး မရဘူး။ မိုးကောင်းကင်ဘုံနယ်မြေတစ်ခုလုံး ပျက်စီးသွားခဲ့ရင် ဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်ပြီး အရာအားလုံးကို စုပ်ယူသွားလိမ့်မယ်…”

ဝမ်ဝေက သူ့ညာခြေထောက်ကို စောင့်ချ၏။ ထိုအခါ သူ့ဘေးပတ်လည်ရှိ မြေကြီးထုသည် တစစီဖြစ်ကုန်သည်။ ကျောက်တုံးမြောက်များစွာမှာ အဘက်ဘက်သို့ လွင့်စင်လေ၏။

လူတိုင်းသည် ပျက်စီးနေသည့် အစိတ်အပိုင်းမြေကို ဖြတ်သန်း၍ ဆင်းသက်လာကြ၏။သူတို့ရှေ့၌ ပေါ်လာသည်က အရင်တစ်ခုနှင့် ထိပ်နေသော နောက်ထပ် အစိတ်အပိုင်းမြေတည်း။

သည်နေရာမှာ ကြီးမားခြင်းမရှိ၊ပျက်စီးပြိုပျက်မှုကလည်း အခုထိ သက်ရောက်မှု မရှိသေးပေ။ ထို့ကြောင့် တုန်ခါမှုက လျော့ပါးပေ၏။ သို့ရာတွင် သူ့နတ်ဘုရားအာရုံဖြင့် သည်နေရာကို စစ်ဆေးကြည့်သည့်နောက်မှာ ဝမ်ဝေသည် ကျောင်းတော်ကို မတွေ့သေးပေ။

“ဒီအောက်မှာ နောက်ထပ်အစိတ်အပိုင်းမြေတွေ ရှိနေဦးမှာ သိသာတယ်…” သူက သူ့ညာခြေထောက်ကို စောင့်ချပြန်၏။ အစိတ်အပိုင်းမြေသည် တုန်ခါကာ စတင်ပျက်စီးတော့၏။ သို့သော် ဤအခိုက်အတန့်၌ ဝမ်ဝေ၏အသွင်မှာ ကြီးစွာ ပြောင်းလဲသွား၏။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ လူတိုင်းကို နောက်ဆုတ်စေလိုက်၏။

သူတို့နောက်ဆုတ်လိုက်ချိန်တွင် ဝမ်ဝေ ခြေစောင့်ချသည့် နေရာရှိ မြေပြင်ထုသည် အက်သွားသော်လည်း တစစီဖြစ်သွားခြင်း မရှိတော့ပေ။ သိပ်မကြာခင်တွင် ယင်းအက်ကြောင်း အောက်မှ ဝဲကတော့ကြီးတစ်ခု ပေါ်လာ၏။

သည်ဝဲကတော့မှာ လုံးဝ နက်မှောင်နေ၏။ သို့သော် လူတိုင်းသည် ဝဲကတော့ကို ဖြတ်ကာ အောက်ဘက်ရှိ လုံးဝ ပျက်စီးနေသည့် အစိတ်အပိုင်းမြေကို တွေ့၏။ သို့ရာတွင် လုံးဝ မထိခိုက်မပျက်စီးသေးသည့် အစိမ်းရောင်ကျောင်းတော်တစ်ခုသည် လေဟာနယ်ထဲ၌ မြောလွင့် တည်ရှိလို့နေသည်။

လေဟာနယ်အလွတ်ထဲရှိ ဤအစိမ်းရောင်ကျောင်းတော်မှာ မျက်စိဖမ်းစားနိုင်စွမ်း ရှိလှသည်။

“မိုးကောင်းကင်ဘုံနယ်မြေကျောင်းတော်…” ဝမ်ဝေ၏ မျက်လုံးမှာ ကျဉ်းမြောင်းသွား၏။ သူက ချက်ခြင်းပင် ဝဲကတော့ရှိရာသို့ ပျံသန်းဝင်လာ၏။ လူတိုင်းက သူ့နောက်ကနေ လိုက်ပါလာသည်။ ဝမ်လင်းက ဝဲကတော့အတွင်းရှိ အစိမ်းရောင်ကျောင်းတော်ကို စူးစိုက်ကြည့်နေသည်။

သူတို့ ဝဲကတော့ထဲသို့ တိုးဝင်လာချိန်၌ ဝမ်လင်းသည် ၎င်းထံမှ အားကောင်းသည့်စုပ်အားတစ်ခု ထွက်ပေါ်နေသည်ကို ချက်ခြင်း ခံစားမိ၏။ အရင်တုန်းကဆိုလျှင် သူသည် ယင်းကဲ့သို့ စုပ်အားကြောင့် အခြေအနေဆိုးကာ ဝမ်ဝေ၏ အကူအညီကို ယူရနိုင်၏။ သို့ရာတွင် အခု သူ့ဘယ်မျက်လုံးတွင် မီးတောက်တစ်ခု ပေါ်လာ၏။ သူ့ခန္ဓာကိုယ်သည် မီးတောက်တို့ဖြင့် ခြုံလွှမ်းသွားသည်။ ထိုအဖြစ်က သူ့အား ဝဲကတော့အား ချိုးဖျက်ကာ အစိမ်းရောင်ကျောင်းတော်ရှိရာသို့ ပျံသန်းလာစေနိုင်တော့၏။

ကျန်သည့် သူများကလည်း ဝဲကတော့ထဲကနေ ဖြတ်သန်းကာ အစိမ်းရောင်ကျောင်းတော်ထံသို့ ဦးတည်လာ၏။ ဝမ်ဝေ၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုတို့ ပြည့်နေ၏။ သူက သည်လိုနေ့ကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရသည် မဟုတ်လား။

ကျောင်းတော်၏ လွင့်မြောနေသည့် အမြန်နှုန်းက သူတို့၏အမြန်နှုန်းကို မယှဉ်သာသည်မှာ သဘာဝပင်။ ထို့ကြောင့် လူတိုင်းသည် ကျောင်းတော်ကို မှီလာ၏။ ဝမ်လင်းသည် ကျောင်းတော်ဘေးတစ်ဖက်သို့ ပျံသန်းလာနေရင်း သူ့စိတ်သည် မတုန်လှုပ်မိဘဲ မနေနိုင် ဖြစ်ရ၏။

သည်ကျောင်းတော်မှာ ကြီးမားခြင်းမရှိလှသော်လည်း အစိမ်းရောင်အလင်းကနေ ပြင်းထန်သောဖိအားကို ပေးနေ၏။ ကျောင်းတော် တံခါးဝတွင် ချင်း ဟူသည် စကားလုံးက ဖိနှိပ်နိုင်စွမ်းခံစားမှုကို ပေး၏။

ဝမ်ဝေသည် ခြေတစ်လှမ်းလှမ်းကာ ကျောင်းတော်ရှေ့သို့ ရောက်လာသည်။ သူသည် သူ့ညာလက်ကို တွန်းထုတ်ကာ တံခါးကို ဖြည်းဖြည်းခြင်း ဖွင့်သည်။ တံခါးထံမှ အစိမ်းရောင်အလင်းတစ်ခု ထွက်လာကာ လေဟာနယ်အလွတ်ကို လင်းထိန်စေသည်။

တံခါး ပွင့်သွားချိန်၌ ဝမ်လင်းသည် အထဲသို့ ချက်ခြင်း လှမ်းဝင်၏။

ကျောင်းတော်အောက်ခြေရှိ အစီအရင်တစ်ခုကလွဲ၍ ကျောင်းတော်တစ်ခုလုံးမှာ ဗလာက်ကင်းမဲ့၏။

ဝမ်ဝေမှာ ကျောင်းတော်အောက်ခြေပေါ်ရှိ အစီအရင်ကို ကြည့်နေရင်း သူသည် စိတ်လှုပ်ရှားလာသည်။ ဟူကျွမ်သည်လည်း ရောက်လာကာ အစီအရင်ဘေးနားတွင် ရပ်၏။သူမက ယင်းအစီအရင်ကို လေ့လာကြည့်သည်။ ခဏတာကြည့်ရှုပြီးနောက် သူမ၏အသွင်သည် ပြောင်းလဲသွားသည်။

“ဒီလိုအစီအရင်မျိုး ငါ တစ်ခါမှ မမြင်တွေ့ခဲ့ဖူးဘူး။ ဒီအစီအရင်က ဝိညာဉ်တွေကို လှည့်ပြောင်း သက်ရောက်နိုင်ပြီး စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ကနေ ထွက်ခွာဖို့ရာ ခွင့်ပြုပေးနိုင်တယ်…”

ဝမ်လင်းသည်လည်း အစီအရင်ကို ကြည့်ကာ ဖြည်းဖြည်းခြင်း ပြောသည်။ “ကောင်းကင်ဘုံအင်ပါယာချင်းလင်ရဲ့ ခန္ဓာကိုယ်ကို ထုတ်လိုက်ပါ…”

ဝမ်ဝေက သူ့ညာလက်ကို ဆန့်ထုတ်ရာ သူ့ရှေ့၌ အက်ကြောင်းတစ်ခုပေါ်လာ၏။ ချင်းလင်၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်းခြင်း ပျံသန်းထွက်လာသည်။

သူ့ခန္ဓာကိုယ်က အနက်ရောင်ချပ်ဝတ်နှင့် ဖုံးနေဆဲ ဖြစ်၏။ သို့သော် သူ့မျက်ခုံးနှစ်ခုကြားတွင် သွေးနီစက်တစ်စက် ရှိသည်။ ချင်းလင်က မျက်လုံးမှိတ်လျက်ရှိနေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset