Switch Mode

အပိုင်း(၁၁၆၆)

ထိုကိုယ်ပွားသုံးယောက်၏ ကိုယ့်ကိုကိုယ် ဖောက်ခွဲမှုသည် အံ့မခန်းပြင်းအားကို ဖြစ်စေသည်။ မြေပြင်ထုသည် ပြင်းပြင်းထန်ထန် တုန်ခါ၏။ လူတိုင်းရှိနေကြသည့် အစိတ်အပိုင်းမြေသည် ကြီးကြီးမားမား စတင်ပျက်စီးသည်။ အစိတ်အပိုင်းမြေ၏ ပျက်စီးမှုသည် အက်ကြောင်းများစွာကို မြေပြင်ထက်တွင် ဖြစ်စေသည်။

“ဝမ်လင်း…ဒီအဘိုးအိုက အဇူရာနဂါးနတ်အင်ပါယာကို ကယ်တင်ပေးရာမှာ မင်းကို ကူညီပေးမယ်…” ရှေ့ဖြစ်ဟောသူသည် သူ့ကိုယ်ပွားသွားယောက်ကို ဖောက်ခွဲစေကာ ဝမ်ဝေနှင့်ဟူကျွမ်တို့ကို နောက်သို့ လွင့်စင်သွားစေပြီး ဝမ်လင်းကိုလည်း အနားကပ်လာ၍ မရအောင် ပြုလုပ်သည်။ သူသည် နိဗ္ဗာနဖြိုခွဲခြင်းအကြီးအကဲ(၃၅)ယောက်တို့ထံ တိုက်ရိုက်တိုးဝင်သွား၏။ မမျှော်လင့်စွာဖြင့် သူသည် တောင်ထံသို့ တိုးဝင်လာခြင်းလည်း ဖြစ်၏။

တစ်ချိန်တည်းမှာ တောင်ထံမှ တုန်ဟိန်းသံတစ်ခု ထွက်ပေါ်လာ၏။ ရွှေရောင်သော့ခလောက်၏ ဖိအားဖြင့်ပင် ၎င်းတောင်သည် ပြန်နစ်မြုပ်သွားခြင်းမရှိဘဲ အထက်သို့ ပေသုံးဆယ်ထိ မြင့်တက်လာသည်။

ထို့အတွက်ကြောင့် ဤတောင်သည် ပေခုနစ်ဆယ်ကျော် မြင့်တက်ကာ ပေတစ်ရာလောက်ထိ ရောက်ရှိလာခဲ့ပေပြီ။

အစိမ်းရောင်အလင်းတန်းကနေ ရုန်းကန်ထွက်လာသည့် အဘိုးအိုက ရှေ့ဖြစ်ဟောသူကို ကြည့်၏။ သူ့မျက်လုံးထဲတွင် ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်သည်။ သို့သော် သူက စကားမဆိုပေ။ သူသည် တောင်အောက်ဘက်သို့ ချက်ခြင်း ဦးတည်သွား၏။ သူက လှမ်းထွက်လာရင်း အော်လိုက်၏။ “နတ်လေးပါးကလန်သားအားလုံး…မင်းတို့ရဲ့ မန္တာန်တွေအားလုံးအသုံးပြုပြီး ဒီတောင်ကို ဖျက်စီးကြ…”

ထိုသို့ ပြောပြီးနောက် သူသည် သူ့ညာလက်ကို ပင့်မြှောက်ကာ အောက်သို့ ခပ်ကြမ်းကြမ်း ဖိချသည်။ ပေတစ်သိန်းကျော်သည့် အဇူရာနဂါးကြီး ပေါ်လာကာ ၎င်းထံမှ ရှေးဟောင်းအော်ရာတစ်ခုကို ပေးစွမ်းသည်။ ထိုနဂါးက ၎င်း၏ပါးစပ်ကို ဟကာ တောင်ထံသို့ အစိမ်းရောင်အခိုးငွေ့များကို ထွေးထုတ်သည်။

နတ်လေးပါးကလန်၏ အကြီးအကဲများကလည်း အချိန်ဖင့်မနေဘဲ သူတို့၏မန္တာန်များကို အသုံးပြုကာ တောင်ထံသို့ ဝုန်းဒိုင်းကြဲ တိုက်ခိုက်ကြ၏။

သည်အခိုက်အတန့်၌ ဤအစိတ်အပိုင်းမြေပေါ်တွင် ပိုများပြားသည့်အက်ကြောင်းများပေါ်လာကာ ပြင်းထန်စွာ ပြိုကျတော့၏။

တုန်ဟီးသံများကလည်း ကောင်းကင်ယံကိုပါ တုန်ခါစေသည်။ အဇူရာနဂါးနတ်အင်ပါယာတိုက်ခိုက်မှုအောက်၌ အကြီးအကဲများ၏ ဝုန်းဒိုင်းကြဲ တိုက်ခိုက်မှုကြောင့် ကျောက်တုံးမြောက်များစွာ ပဲ့ဆင်းကြသည်။ ရွှေရောင်သော့ခလောက်သည်လည်း ပို၍ပင် မတည်မငြိမ် ဖြစ်လာရ၏။

ထိုသို့ဖြစ်နေရင်းဖြင့် အဇူရာနဂါးနတ်အင်ပါယာ၏ ဟန်ပန်မှာ ရုပ်စိုးလာ၏။

သည်အခိုက်၌ တောင်ထံမှ ရယ်သံတစ်ခု ထွက်ပေါ်လာကာ ၎င်းတောင်၏ အလယ်မှ အက်ကြောင်းတစ်ခု ပေါ်လာသည်။ ရှေ့ဖြစ်ဟောသူသည် တောင်ထံမှ ပျံသန်းထွက်လာကာ သူ့ထံ၌ ဖြစ်တောင့်ဖြစ်ခဲ စိတ်လှုပ်ရှားမှု ပေါ်နေ၏။ သူသည် လက်သီးစုပ်ခန့် ခပ်ပျစ်ပျစ် သွေးနက်တစ်ခုကို ကိုင်ဆောင်ကာ သူသည် ကောင်းကင်ထက်သို့ ရယ်မောရင်း ထိုးတက်သွားတော့သည်။

ရွှေရောင်သော့ခလောက်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ရုတ်တရပ် ပြောင်းလဲကာ ရှေ့ဖြစ်ဟောသူ နောက်သို့ ကပ်ပါလာသည်။ ၎င်းအလင်းတန်းက သူ့လက်ထဲရှိ သွေးနက်ပေါ်သို့ ကျရောက်သွား၏။

ရှေ့ဖြစ်ဟောသူက ထိုအခြင်းအရာကို ဂရုမစိုက်ပေ။ သူသည် ဆက်သွားနေရင်း သူ့အောက်ဘက်ရှိ မြေပြင်ထုပေါ်သို့ ကြမ်းတမ်းစွာ ရိုက်ချသွားသေးသည်။ တုန်ဟီးသံက ပိုကျယ်လောင်လာ၏။ အစိတ်အပိုင်းမြေပျက်စီးမှုသည် ပိုမြန်လာသည်။ အောက်ခြေတွင် ဧရာမဝဲကတော့တစ်ခု ပေါ်လာကာ အရာအားလုံးကို အနှီဝဲကတော့အတွင်းသို့ စုပ်ယူကာ ပျက်သုန်းစေသည်။

ထိုလက်ဝါးရိုက်ချက်ကြောင့် အစိတ်အပိုင်းမြေ ပျက်စီးရုံသာမက မတည်မငြိမ်ဖြစ်နေသော မိုးကောင်းကင်ဘုံနယ်မြေသည်ပင် နောက်ဆုံးပြိုပျက်မှု စတင်၏။

ကောင်းကင်နှင့်မြေကြီးထံမှ ခပ်အုပ်အုပ်အသံများ ထွက်ပေါ်လာသည်။ မိုးကောင်းကင်ဘုံနယ်မြေသည် မိုးကြိုးကောင်းကင်ဘုံနယ်မြေမှာတုန်းကကဲ့သို့ စတင်ပျက်စီးချေတော့သည်။

“ဝမ်လင်း…မင်းလုပ်ခဲ့တဲ့ အရာအားလုံးအတွက် ငါ မင်းကို ကျေးဇူးတင်ရမယ်။ တနေ့နေ့ ငါတို့ ကံမကုန်ခဲ့ရင်တော့ ပြန်ဆုံကြတာပေါ့။ အဲ့အချိန်ကျရင်တော့ ဒီအဘိုးအိုက ကောင်းကင်ဘုံတာအို ဖြစ်နေလောက်ပြီ…”

ရှေ့ဖြစ်ဟောသူသည် အရူးအမူး ရယ်မောကာ ထွက်သွားရန် ပြင်၏။ ထိုအချိန်တွင် ခုမှ လွတ်မြောက်လာစ အဇူရာနဂါးနတ်အင်ပါယာသည် အေးစက်စက်အကြည့်ကို လှစ်ဟသည်။ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ လက်ညွှန်၏။ သူ့နောက်ရှိ အဇူရာနဂါးသည် ၎င်း၏ ပါးစပ်ကိုဟကာ မာန်ဟိန်းလေသည်။ ထို့နောက် အဇူရာနဂါးနတ်အင်ပါယာသည် သူ့လက်ကို အောက်သို့ နှိမ့်ရာ ယင်းအဇူရာနဂါးကြီးသည် ရှေ့ဖြစ်ဟောသူထံသို့ ဝါးမြိုရန် တာဆူကာ တိုးဝင်သွားတော့သည်။

အဇူရာနဂါး တိုးဝင်လာသည်နှင့် အဇူရာနဂါးနတ်အင်ပါယာသည် သူ့ရင်ဘက်ကိုယ်သူ သူ့ညာလက်ဖြင့် ရိုက်ချကာ သွေးအန်စေသည်။ ထိုသွေးကာ ဓားတစ်လက်အသွင်ပြောင်းကာ အဇူရာနဂါးထံသို့ ဝင်ရောက်၏။ အဇူရာနဂါးသည် ချက်ခြင်း သွေးအလင်းဖြင့် ဖုံးအုပ်သွားသည်။ ၎င်းက ချက်ခြင်းပင် ရှေ့ဖြစ်ဟောသူကို မှီလာကာ သူ့အား ဝါးမြိုပစ်လေ၏။

ကောင်းကင်နှင့်မြေကြီးတွင် တုန်ဟီးသံများ ပဲ့တင်ထပ်ကုန်၏။ နဂါးသည် လွင့်ပျောက်သွားကာ ရှေ့ဖြစ်ဟောသူသည်လည်း လွင့်ထွက်လာ၏။ သူ့ကျင့်ကြံခြင်းအဆင့်ကို ချိပ်ပိတ်ထားမှု နှစ်ခုသည်လည်း ပွင့်ဟနေ၏။ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျနေကာ သူသည် အဇူရာနဂါးနတ်အင်ပါယာထံသို့ စူးစိုက်ကြည့်၍ အပြုံးနှင့် ပြောလိုက်သည်။ “သင်က နတ်လေးပါးကလန်ထဲမှာ အသန်မာဆုံးနတ်အင်ပါယာ ဖြစ်ဖို့ တကယ့်ကို ထိုက်တန်ပါပေတယ်။ ငါ သင့်တိုက်ခိုက်မှုကို တွေ့ကြုံခဲ့ရတယ့်အတွက် ပျော်တယ်…”

ထို့နောက် သူသည် ပျံသန်းသွားတော့၏။

အနီးအနားရှိ နိဗ္ဗာနဖြိုခွဲခြင်းအဆင့် အကြီးအကဲများက သူ့နောက်သို့လိုက်ရန် ပြင်၏။ သို့သော် အဇူရာနဂါးနတ်အင်ပါယာက ခေါင်းခါကာ လှမ်းပြော၏။ “သွားပါစေ…။ဒီလူ့ရဲ့ ကျင့်ကြံမှုအဆင့်က ကောင်းကောင်းဖုံးကွယ်ထားတာ။ ငါတို့သူ့ကို ချောင်ပိတ်စေခဲ့ရင် ပေးဆပ်ရမယ့်တန်ဖိုးက မြင့်မားလိမ့်မယ်။ မတန်ဘူး…။ ဒါ့အပြင် ငါဟာ အချိန်အကြာကြီး ပိတ်မိနေခဲ့တာ။ ငါ ပင်ပန်းနေပြီ…”

ထိုသို့ ဆိုလိုက်သည့်နောက် နတ်လေးပါးကလန်မှ အကြီးအကဲအားလုံးသည်လည်း လက်ခံ၏။

အဇူရာနဂါးနတ်အင်ပါယာ၏ အကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်လာ၏။ သူက ဖြည်းဖြည်းခြင်း မေးလိုက်သည်။ “မင်းက ဟင်္သာငှက်နတ်အင်ပါယာအသစ်ပေါ့…”

ဝမ်လင်းက ခေါင်းညိတ်၏။သူက လက်နှစ်ဖက်ဆုပ်ကာ တလေးတစား ပြောသည်။ “အဇူရာနဂါးနတ်အင်ပါယာကို နှုတ်ဆက်ပါတယ်…”

အဇူရာနဂါးနတ်အင်ပါယာသည် ဝမ်လင်းကို သေချာကြည့်၏။ အချိန်အတန်ကြာပြီးနောက် သူက ခေါင်းညိတ်ပြသည်။ “နတ်လေးပါးကလန်ဟာ သွေးနဲ့ ချိတ်ဆက်ထားတာ။ ဒါ့ကြောင့် ငါမင်းကို ကျေးဇူးတင်ကြောင်း ပြောမနေတော့ဘူး…”

***

Comment

Leave a Reply

Options

not work with dark mode
Reset