Switch Mode

အပိုင်း(၁၁၆၅)

မိုးကောင်းကင်ဘုံနယ်မြေသည် မြူများနှင့် ပြည့်နှက်နေ၏။ ကောင်းကင်အနှံ့တွင် ဖုန်မှုန့်များ ဖုံးကွယ်နေသည်။ အက်ကြောင်းများစွာလည်း ပေါ်နေ၏။ အမှုန့်အမွှားများသည် ယင်းအက်ကြောင်းထဲသို့ စုပ်ယူခြင်း ခံနေရသည်။

အကွာအဝေးတစ်ခုထံမှလည်း ခပ်အုပ်အုပ်အသံများ ထွက်ပေါ်နေ၏။ ဖုန်မှုန့်များသည် လေတိုက်သကဲ့သို့ စတင်ရွှေလျားကုန်၏။ သည်အသံများကလွဲ၍ မိုးကောင်းကင်ဘုံနယ်မြေတစ်ခုလုံးမှာ တိတ်ဆိတ်နေ၏။

ဝမ်လင်း၏ အသံ ထွက်ပေါ်လာချိန်၌ အဇူရာနတ်နဂါးကလန်မှ အကြီးအကဲများသည် ဟန့်သွား၏။ လူတိုင်းက ဝမ်လင်းကို ကြည့်လိုက်ကြသည်။

အဇူရာနဂါးနတ်ကလန်မှ ဆံပင်ဖြူအကြီးအကဲတစ်ယောက်က ပြောလိုက်၏။ “ဟင်္သာငှက်နတ်အင်ပါယာ…သင်…သင် ဘာကြားခဲ့တာလဲ…”

ဝမ်လင်းသည် မျက်မှောင်ကြုတ်ကာ သေချာစတင် နားထောင်၏။ အကူအညီခေါ်သံသည် နူးညံ့သောလေပြေညင်းအလား။ သူကလွဲ၍ ယင်းအသံကို အခြားသူများ မကြားရသည်မှာ သိသာနေသည်။

စစ်ထူနန်က ဝမ်လင်းကို နားအလည်ဆုံး ဖြစ်၏။ သူက ဝမ်လင်း မျက်မှောင်ကြုတ်နေသည်ကို တွေ့သည့်အခါ တည်ငြိမ်စွာ ပြောလိုက်သည်။ “ဘာအသံမှ မကြားရဘူး…”

“ဒါက ပုံရိပ်ယောင်တစ်ခု ဖြစ်နိုင်တယ်။ ပြဿနာတော့ မရှိဘူး…” ဝမ်လင်းသည် ခေါင်းယမ်းကာ သည်အကြောင်းကို ထပ်မမေးတော့ပေ။

အဇူရာနဂါးနတ်ကလန်မှ အကြီးအကဲများကလည်း တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြ၏။ သို့သော် သူတို့က စကားမဆိုပေ။ သူတို့သည် တောင်ရှိရာသို့ တန်းတန်းမတ်မတ် ခုန်ဝင်သွား၏။ လူတိုင်းကလည်း သူတို့နောက်ကနေ လိုက်လာကြသည်။

ဝမ်လင်းက နီးသထပ်နီးလာသည့်တောင်ကို မျက်မှောင်ကြုတ်ကာ ကြည့်နေဆဲ ဖြစ်၏။ သူ ပိုင်ဆိုင်ခဲ့သည့် အဇူရာဒိုင်းအတွင်းရှိ ကျန်ရှိခဲ့သော အချက်အလက်ကြောင့်သာ မဟုတ်ခဲ့ပါက ဝမ်လင်းသည်လည်း အဇူရာနဂါးနတ်အင်ပါယာ သည်နေရာတွင် ပိတ်မိနေမည်ဟု ထင်မိမည် မဟုတ်ပေ။ သို့သော် သူသည် နီးကပ်လာသည်နှင့် သူ့စိတ်နှလုံးထဲရှိ မလွယ်ကူမှုက အချို့အမည်မသိ အကြောင်းပြချက်ကြောင့် ပိုတိုးလာခဲ့သည်။

သည်အခိုက်အတန့်၌ အဇူရာနဂါးနတ်ကလန်မှ အကြီးအကဲတစ်ယောက်၏ စိတ်လှုပ်ရှားသည့်အသံ ဟိန်းထွက်လာ၏။

“ဒါက နတ်အင်ပါယာပဲ။ ဒီလက်ဝါးရာကို ကြည့်။ ဒါက အဇူရာနဂါးနတ်ကလန်ရဲ့ မန္တာန်၊ အဇူရာသစ်သားလက်ဝါးနဲ့ ဖန်တီးထားတာ…” ထိုအကြီးအကဲက လေထဲတွင် ရှိနေရင်း သူသည် မြက်ပင်များ ဖုံးအုပ်နေသည့် နေရာတစ်ခုကို စိတ်လှုပ်ရှားစွာ ကြည့်သည်။

သူ ထိုသို့ဆိုလိုက်သည့်နောက် အဇူရာနဂါးနတ်အင်ပါယာမှ ကျန်သည့်အကြီးအကဲများသည်လည်း အနီးကပ်ကာ ခြောက်သွေ့နေသောမြက်ပင်များပေါ်တွင် အရာထင်နေသည့် လက်ဝါးရာကို ကြည့်လိုက်ကြသည်။

“ဒီတောင်ကို ဖွင့်လှစ်ပြီး နတ်အင်ပါယာကို ကယ်ကြမယ်…” အကြီးအကဲများက အမြန်စုလာကြ၏။ အကြီးအကဲခေါင်းဆောင်က သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်ကော အစိတ်အပိုင်းမြေကို တုန်ခါစေသည်။ သူတို့က သူတို့၏နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံခြင်းကို ဖော်ထုတ်ချိန်တွင် မူလစွမ်းအင်များစွာ ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် အဇူရာနဂါးတော်တော်များများ၏ ပုံရိပ်များလည်း ပေါ်လာကာ တောင်အား ဝန်းရံသွားသည်။ သူတို့က သည်တောင်ကို အမြစ်ကနေ ဆွဲနှုတ်တော့မည့်အလား။

“မြောက်တက်စမ်း…” အဇူရာနဂါးနတ်ကလန်၏ အကြီးအကဲက အော်ဟစ်လိုက်ရာ တုန်ဟီးသံများ မြည်၏။ တောင်သည် တုန်ခါကာ ကျောက်စကျောက်နများစွာ ပဲ့ပြိုကျသည်။

ဖုန်မှုန့်လှိုင်းများသည် လေထဲသို့ လွင့်စင်ထွက်ကုန်၏။ အဇူရာနဂါးများ၏ ဟိန်းသံမှာလည်း မြည်ဟိန်းကုန်သည်။ တောင်ကို ဝန်းပတ်ထားသည့် သည်နဂါးများသည် အမှန်တကယ်ပင် ယင်းတောင်ကို လက်မများစွာ မြောက်သည့်အထိ ပင့်တင်လိုက်ကြပေသည်။

ကျားဖြူနတ်ကလန်နှင့် လိပ်နက်နတ်ကလန်မှ အကြီးအကဲများသည်လည်း ပျံသန်းလာကြ၏။ သူတို့၏ လက်များဖြင့် ချိပ်ဟန်များကို ဖြစ်စေရာ အံ့မခန်းမူလစွမ်းအင်ပမာဏတို့ ပေါ်လာ၏။ လိပ်နက်များ၏ အရိပ်များသည်လည်း ထိုအကြီးအကဲများ၏ နောက်တွင် ပေါ်လာကာ တောင်အောက်ခြေကို ပို၍ မြင့်တက်မှုကို ဖြစ်စေတော့သည်။

ကျားဖြူနတ်ကလန်မှ အကြီးအကဲများက ခြေချကာ တောင်ကိုမြင့်တက်ရန် မန္တာန်များစွာ အသုံးပြု၏။ ထိုတောင်သည် မြင့်သထက်မြင့်တက်လာသည်။ ထိုအဖြစ်က မြေကြီးထုကို ပြင်းပြင်းထန်ထန် တုန်ခါစေ၏။ ခပ်အုတ်အုတ်အသံများသည် ကောင်းကင်အနှံ့တွင် ပဲ့တင်ထပ်၏။

ဟင်္သာငှက်နတ်ကလန်မှ အကြီးအကဲများကလည်း တောင်ကို မြင့်တက်ရန် သူတို့၏ မန္တာန်များကို အသုံးပြုကာ အကူအညီပေးကြသည်။

ထိုအခိုက်အတန့် ဤတောင်ထံမှ ရွှေရောင်အလင်းတန်းတစ်ခုသည် ထွက်ပေါ်လာကာ တောင်ကိုထွင်းဖောက်၍ သည်ဧရိယာတစ်ခုလုံးကို လင်းလက်သွားစေသည်။

မျက်စိတစ်မှိတ်အတွင်း မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများသည်လည်း တောင်ထံမှ ထွက်ပေါ်လာကာ သည်တောင်ကို နေမင်းကဲ့သို့ တူနေစေတော့၏။ ကြီးမားသည့် ရွှေရောင်သော့ခလောက်တစ်ခုက တောင်ပတ်လည်တွင် ပေါ်လာချေသည်။ ဤအရာကား တုန်လှုပ်ဖွယ်မြင်ကွင်းတည်း။

ထိုသော့ခလောက်က ပေတစ်သိန်းလောက် ရှည်လျားကာ ရှုပ်ထွေးသောစာလုံးများ ဖုံးအုပ်၍ လင်းလက်နေ၏။ ယင်းသော့ခလောက်ထံမှ ပြင်းထန်သောဖိအားတစ်ခု ပျံ့နှံ့လာ၏။ နတ်လေးပါးကလန်မှ အကြီးအကဲများသည် ချက်ခြင်း နောက်သို့ လွင့်ထွက်ကုန်သည်။

သည်အခိုက်အတန့်၌ ဝမ်ဝေနှင့်ဟူကျွမ်တို့ကလည်း ဤရွှေရောင်သော့ခလောက်ကို ကြည့်ကာ တုန်လှုပ်မိနေ၏။ သူတို့သည် တစ်ယောက်နှစ်ယောက် ကြည့်ကာ သူတို့ထင်မိတာ မမှားကြား ဆုံးဖြတ်ကြ၏။ အနည်းငယ် တုံ့ဆိုင်းပြီးနောက် သူတို့သည် အချိန်ဖြုန်းမနေဘဲ နောက်သို့ အလျင်အမြန် ဆုတ်တော့သည်။

မန္တာန်များအသုံးမပြုပါဘဲဖြင့် တောင်သည် တဖြည်းဖြည်းအောက်သို့ ပြန်သက်ဆင်း၏။

“နတ်လေးပါးကလန်ရဲ့ အင်အားအားလုံး စုစည်းကြ။ ဒီတောင်ကို ဖျက်စီးပစ်ဖို့ မလိုဘူး။ ဒါကို ပေခုနစ်ဆယ်လောက် မြောက်တက်သွားအောင် လုပ်ရုံပဲ။ ဒီပိတ်လှောင်မှုက ကောင်းကင်ဘုံအင်ပါယာချင်းလင် ချမှတ်ခဲ့တာ။ ငါ့အတွက်တော့ မဟုတ်ဘူး။ ဒါပေမယ့် တစ်ခုခုအတွက်။ မင်းတို့အားလုံး အခြားတစ်ခုခုကို လွတ်မြောက်ခွင့် ပေးလို့ မဖြစ်ဘူး…”

သည်အခိုက်မှာ တောင်အောက်ခြေမှ အားနည်းကာ စိတ်ပူပန်သည့်အသံ တစ်ခု ထွက်ပေါ်လာ၏။ သည်တစ်ကြိမ်၌ ဝမ်လင်းသာ ကြားရသည်သာ မဟုတ်တော့ပေ။ လူတိုင်း ကြားလိုက်ရ၏။

အဇူရာနဂါးနတ်ကလန်မှ အကြီးအကဲများသည် အပြင်းအထန် တုန်ယင်နေ၏။ သူတို့ထဲမှ အကြီးအကဲတစ်ယောက်က စိတ်လှုပ်ရှားစွာ လှမ်းအော်သည်။ “နတ်အင်ပါယာ…ဒါက နတ်အင်ပါယာရဲ့ အသံပဲ…”

ဝမ်လင်းက ဝမ်ဝေနှင့်ဟူကျွမ်တို့ကို လှည့်ကြည့်ကာ လက်နှစ်ဖက်ယှက်၍ ပြောလိုက်သည်။ “စီနီယာနှစ်ယောက် ကူညီပေးနိုင်မလား ငါ တောင်းဆိုချင်ပါတယ်…”

သူတို့နှစ်ယောက်သည် အနည်းငယ် စဉ်းစားနေ၏။ ထို့နောက် ဝမ်ဝေက သက်ပြင်းချကာ ဖြည်းဖြည်းခြင်း ပြောလိုက်သည်။ “ဒီပိတ်လှောင်တဲ့ အစီအရင်က ဆရာ့ရဲ့ အော်ရာအမှန်တကယ် ပါဝင်တယ်။ ထားလိုက်ပါတော့လေ…”

သူ ထိုသို့ ပြောလိုက်ပြီးနောက် သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းရာ သူ့ခြေထောက်အောက်တွင် တိမ်များပေါ်လာ၏။ ယင်းတိမ်များက သူ့ကို ရွှေရောင်သော့ခလောက်ရှိရာသို့ ခေါ်ဆောင်သွားသည်။

ဟူကျွမ်သည်လည်း သက်ပြင်းချကာ ဝမ်ဝေနောက်သို့ လိုက်လာ၏။သူတို့နှစ်ယောက်သည် ရွှေရောင်သော့ခလောက် အနား ရောက်သွားသည်။

“ငါတို့ ဒီပိတ်လှောင်မှုကို အသက်ရှုစာတစ်ကြိမ် ကြာချိန် ဖွင့်နိုင်တယ်။ ဒါ့ကြောင့် သင်တို့အားလုံး မြန်မြန် လုပ်ဆောင်မှ ဖြစ်မယ်…”

သူတို့ ထိုသို့ ဆိုလိုက်ရင်း အတားအဆီးများစွာသည် ဟူကျွမ်ပတ်လည်တွင် ပေါ်လာသည်။ ယင်းအတားအဆီးများသည် တစ္ဆေအလင်းကို ပေးစွမ်းကာ ချက်ခြင်း ရွှေရောင်သော့ခလောက်ထံသို့ တိုးဝင်သွားသည်။

ဝမ်ဝေက သူ့ညာလက်ကို ဝေ့ယမ်းရာ သွေးမြူတစ်ခု သူ့ရှေ့တွင် ပေါ်လာ၏။ ထိုသွေးမြူသည် မရေမတွက်နိုင်သောအစိတ်အပိုင်းများအဖြစ်သို့ ကွဲထွက်ကာ ဟူကျွမ်၏အတားအဆီးများကို ဝန်းရံ၏။

သည်အခိုက်အတန့်၌ အနီးပတ်လည်ရှိ နတ်လေးပါးကလန်မှ အကြီးအကဲများသည်လည်း နှေးဖင့်မနေပေ။ အဇူရာနဂါးနတ်ကလန်မှ အကြီးအကဲများက သူတို့၏ မန္တာန်များကို ချက်ခြင်း အသုံးပြုကြသည်။ ကျန်သည့်ကလန်သုံးခုမှ အကြီးအကဲများကလည်း သူတို့၏ အမျိုးမျိုးသော လက်နက်ရတနာများကို ထုတ်ယူ၏။ ဤအရာကား နိဗ္ဗာနဖြိုခွဲခြင်းအဆင့်အကြီးအကဲ (၃၅)ယောက်၏ အစွမ်းတည်း။ သည်တောင် မပြောနှင့် အစောကတည်းက တစ်ချိန်တည်း မတည်မငြိမ် ဖြစ်နေသည့် မိုးကောင်းကင်ဘုံနယ်မြေသည် သည်စွမ်းအားရှေ့၌ ချက်ခြင်း ပြိုပျက်ရသည်။

အရာအားလုံးသည် ပြင်ဆင်ထားပြီး ဖြစ်၏။ သူတို့သည် ရွှေရောင်သော့ခလောက် ပွင့်လာမည့် အခိုက်ကို စောင့်နေကြပေသည်။

တိမ်ကောင်းကင်စုံတွဲက အသက်ခပ်ဝဝရှုကာ လေထဲ၌ ထိုင်ချ၏။ သူတို့နှစ်ယောက်က ချိပ်ဟန်တစ်ခု ဖြစ်စေကာ ရွှေရောင်သော့ခလောက်ထံသို့ ညွှန်သည်။ ရေမြူများ ဝန်းရံထားသည့် အတားအဆီးများသည် မထင်မှတ်စွာဖြင့် ဧရာမသော့တစ်ခုအသွင် ဖြစ်တည်သည်။

ထိုသော့က ရွှေရောင်သော့ခလောက်ထံသို့ ဦးတည်၏။ မျက်စိတစ်မှိတ်အတွင်း သော့သည် ရွှေရောင်အလင်းလွှာများစွာကို ဖြတ်ကျော်ကာ သော့အိမ်ထဲသို့ ဝင်ရောက်သွား၏။ ထိုအခါ ရွှေရောင်သော့ခလောက်ထံမှ အလင်းသည် ရုတ်တရပ် ပျောက်ကွယ်သွားသည်။

ဝမ်ဝေသည် ရုတ်တရပ် အော်လိုက်၏။ “မြန်မြန်…သူ့ကိုကယ်တော့…”

အသက်ရှုစာတစ်ချိန်ဆိုသည်က မျက်စိတစ်မှိတ်သာ ကြာ၏။ သို့သော် နိဗ္ဗာနဖြိုခွဲခြင်းအဆင့် မွန်းစတားအိုများအတွက်တော့ မန္တာန်တစ်ခုအသုံးပြုဖို့ရာ လုံလောက်ပေသည်။

မန္တာန်တန်းများသည် တောင်ထံသို့ ဦးတည်ဝင်လာကာ ချက်ခြင်းလိုလိုပင် တောင်သည် စတင် မြောက်တက်လာ၏။ တောင်သည် တုန်ဟိန်းနေရင်း တစ်လက်မခြင်း မြောက်တက်၏။ သည်တောင်က ကောင်းကင်ဘုံအင်ပါယာချင်းလင် သန့်စင်မွန်းမံထားခြင်း ဖြစ်ရာ သာမန်မဟုတ်ပေ။

“ဆယ်ပေ၊ပေနှစ်ဆယ်၊ ပေသုံးဆယ်…”

မျက်စိတစ်မှိတ်အတွင်း တောင်သည် ပေငါးဆယ်ထိ မြောက်တက်လာ၏။၎င်းသည် ပို၍ မြောက်တက်လေလေ ဖိအားသည် ပိုတိုးလာလေပင်။ ပေခြောက်ဆယ်ကနေ ခုနစ်ဆယ်ထိ မြောက်တက်လာဖို့က အသက်တစ်ခါရှုချိန်မျှသာ ကြာ၏။

ရွှေရောင်အလင်း ပေါ်လာသည်နှင့် ဧရာမသော့ခလောက်သည် ထပ်ပေါ်လာပေမည်။ သော့ခလောက်သည် ပျက်စီးသွားတော့၏။ ဝမ်ဝေနှင့်ဟူကျွမ်တို့သည်လည်း ရွှေရောင်အလင်းကြောင့် နောက်လွင့်သွားသည်။

ရွှေရောင်သော့ခလောက်သည် ထပ်မံပေါ်လာသည်။ ၎င်း၏ဖိအားက အဆများစွာ ပိုတိုးလာ၏။ နိဗ္ဗာနဖြိုခွဲခြင်းအဆင့် (၃၅)ယောက်သည် သည်ဖိအားကို အားတင်း၍ တောင့်ခံနေရသည်။ ဤအခိုက်အတန့်၌ တောင်အောက်ခြေကနေ အော်သံတစ်ခု ထွက်ပေါ်လာကာ ရွှေရောင်အလင်းတန်းသည်လည်း ရုန်းကန်ကာ ထိုးထွက်လာ၏။

ယင်းအစိမ်းရောင်အလင်းထဲ၌ အဝတ်အစားများ စုတ်ပြတ်သတ်နေသော သနားစရာဟန် ပေါက်နေသည့် အဘိုးအိုတစ်ယောက် ရှိလေသည်။ သူသည် သနားစရာ အခြေအနေ ဖြစ်နေသော်လည်း သူ့မျက်နှာသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ထိုးထွက်လာခြင်းပင်။ သည်အခိုက်အတန့်၌ လေပြင်းသည် ဤအစိတ်အပိုင်းထက်ရှိ ကောင်းကင်ထက်တွင် မြင့်တက်လာ၏။ တိမ်များသည် နှစ်ပိုင်းကွဲထွက်ကာ လူတစ်ယောက် ပေါ်လာချေသည်။

ထိုသူမှာ အဖြူရောင်ဝတ်စုံကို ဝတ်ကာ အနည်းငယ် အသက်ကြီးပုံ ပေါက်သည်။ သို့သော် သူ့မျက်လုံးတို့က လောကတည်းဟူသော ခံစားမှုကို ပေး၏။ သူ ပေါ်လာသည်နှင့် သူသည် မိုးကောင်းကင်ဘုံနယ်မြေ ပြိုပျက်မှုကို ပိုပြင်းထန်စေတော့သည်။

“ကြည့်ရတာ ငါက အချိန်ကိုက် ရောက်လာတာပဲ…” ထိုအဘိုးအိုမှာ ရှေ့ဖြစ်ဟောသူ ဖြစ်၏။ သူ ပေါ်လာသည်နှင့် သူသည် တောင်ရှိရာသို့ တိုးဝင်လာသည်။ ဝမ်လင်းသည် ရုတ်တရပ် မော့ကြည့်လိုက်၏။ သူသည် တစ်ချိန်လုံး ဆိုးဆိုးရွားရွားခံစားနေရ၏။ သို့သော် သူသည် ယင်းခံစားချက်မှာ ဤတောင်ကပဲလား၊ အပြင်ဘက်ကနေပဲလားတော့ မသိဖြစ်ရ၏။ ထို့ကြောင့် သူသည် အခုထိ ကိုယ်တိုင်ဝင် မပါသေးခြင်း ဖြစ်သည်။

သူသည် ရှေ့ဖြစ်ဟောသူကို တွေ့မြင်သည့်အခိုက်၌ ဝမ်လင်း၏မျက်လုံးတို့သည် လက်ခနဲ ဖြစ်သွားသည်။ သူ့ဘယ်မျက်လုံးထဲတွင် မီးတောက်များ ပြည့်ကာ ညာမျက်လုံးတွင် မိုးကြိုးတို့ စီးဆင်း၏။ မီးလုံးနှင့်မိုးကြိုးလုံးတို့သည် သူ့ရှေ့တွင် ပေါ်လာကာ ရှေ့ဖြစ်ဟောသူထံသို့ ချက်ခြင်း တိုးဝင်သွားသည်။

တစ်ချိန်တည်းမှာပင် ဝမ်ဝေနှင့်ဟူကျွမ်တို့သည် ရှေ့ဖြစ်ဟောသူကို တိုက်ခိုက်ရန် သူတို့မန္တာန်များကို အသုံးပြုကြသည်။

ရှေ့ဖြစ်ဟောသူသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ မူလစွမ်းအင်များ မြင့်တက်လာစေကာ ကိုယ်ပွားသုံးယောက်ကို ပေါ်လာစေသည်။ ဝမ်ဝေနှင့်ဟူကျွမ်တို့၏ မန္တာန်များ အနားရောက်လာချိန်၌ ကိုယ်ပွားများထဲမှ တစ်ယောက်သည် ထူးဆန်းစွာ ပြုံးသည်။ ထိုကိုယ်ပွားသည် ချိပ်ဟန်တစ်ခု ဖြစ်စေကာ သူ့ခန္ဓာကိုယ်၌ အဖျက်အစီးအော်ရာတစ်ခု ပေါ်လာတော့သည်။ ထို့နောက် သူသည် မထင်မှတ်စွာ သူ့ကိုယ်သူ ဖောက်ခွဲပစ်၏။

ရှေ့ဖြစ်ဟောသူ၏ ကိုယ်ပွား ပျက်စီးမှုကနေ ထွက်ပေါ်လာသည့် ဖျက်စီးအားသည် ချက်ခြင်း ပျံ့နှံ့၏။ ထိုမျှသာဆိုလျှင် ကိစ္စမရှိသေးပေ။ သို့သော် ဤအခိုက်အတန့်၌ ကျန်သည့်ကိုယ်ပွားနှစ်ယောက်မှာလည်း ထူးဆန်းစွာပြုံးကာ သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်ကြသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset