ထိုလက်ချေမွှမှုဖြင့်ပင် သွေးပင်လယ်တွင် လှိုင်းထန်သွားစေသည်။ လှိုင်းထန်သည့် သွေးပင်လယ်က ကောင်းကင်တုန်လှုပ်ဖွယ်ဟိန်းသံကို ထုတ်လွှတ်သည်။
ထာဆန်ဘေးရှိ သွေးနီရောင်ကောင်းကင်သည် တွန့်ကြေကာ ထို့နောက် ဟင်းလင်းပြင်သည် စုတ်ပြဲသွားသည်။
ထိုအခါ ပေတစ်သိန်းကျော် ရှိသည့် အက်ကြောင်းတစ်ခု ပေါ်လာကာ နှစ်ပေါင်းမရေမတွက်နိုင်သော ဖိနှိပ်ထားခဲ့ရသည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ပထမဆုံးအကြိမ်အဖြစ် ပေါက်ကွဲထွက်လို့လာသည်။ သတ်ဖြတ်ခြင်းစိတ်ဖြင့်ပင် သည်သွေးပင်လယ်တစ်ခုလုံးကို တုန်လှုပ်သွားစေဖို့ရာ လုံလောက်သည်။
အက်ကြောင်းထဲမှ ဖိအားတစ်ခု ထွက်ပေါ်လာ၏။ သွေးပင်လယ်သည် ဆက်လက် လှိုင်းထန်ခြင်း မရှိတောဘဲ ဖိအားကြောင့် နောက်သို့ ဆုတ်ကာ ငြိမ်သက်ရသည်။ အလင်းတန်းများ ပေါက်ကွဲထွက်လာကာ အက်ကြောင်းပတ်လည်တွင် ချိတ်ဆက်သည်။
ထာဆန်က ခေါင်းမော့ကာ ရက်စက်ဟန်ဖြင့် ပြောလာ၏။ “တော်ဝင်ကလန်ရဲ့ နတ်ဘုရားသတ်ဖြတ်ခြင်းလှံ ရတနာ၊ ထာဆန်ရဲ့ အမည်နာမကြောင့် ဆင်းသက်စေ…”
သူ ထိုသို့ ဆိုသည်နှင့် အက်ကြောင်းအတွင်းမှ ဟိန်းသံများ ထွက်လာကာ အနီရောင်အလင်းတန်းတစ်ခုသည် ထာဆန်၏ညာလက်ထံသို့ တိုးဝင်လာသည်။
ထာဆန်က ၎င်းကို ဖမ်းဆုပ်၏။
သည်အနီရောင်အလင်းသည် ခဏတာ ရုန်းကန်၏။ထို့နောက် ရုန်းကန်နေခြင်းသည် ရပ်တန့်သွားသည်။ သည့်နောက် ပေတစ်ထောင် ရှည်လျားသည့် ကြက်သေးရောင်လှံတစ်ခု ပေါ်လာ၏။၎င်းပတ်လည်တွင် အလင်းစက်ဝန်းများ ရှိနေကာ အံ့မခန်းအော်ရာကို ပေးစွမ်းနေသည်။
လှံကို ကိုင်ထားရင်း ထာဆန်သည် သွေးဆာသောအပြုံးကို လှစ်ဟကာ ၎င်းကို ကြမ်းတမ်းစွာ ပစ်လွှတ်လိုက်၏။ နတ်ဘုရားသတ်ဖြတ်ခြင်းလှံက သည်သွေးနီရောင်လောကကို ထွင်းဖောက်သွားချိန်၌ ကောင်းကင်တုန်ဟိန်းစေမည့် ပေါက်ကွဲသံ ဖြစ်ပေါ်သည်။ သည်လောက၏ ကောင်းကင်သည်ပင် ပျက်စီးတော့မည့်ကဲ့သို့ ဖြစ်လာသည်။
လှံသည် သွေးနီရောင်လောကကို ထွင်းဖောက်သွားချိန်၌ ၎င်းသည် ပို၍ပင် မြန်လာကာ ရှေးဟောင်းနတ်ဘုရားကုန်းမြေထဲရှိ နေရာများစွာကို ထွင်းဖောက်ပြီး ချောက်နက်ထိ ရောက်ရှိလာခဲ့သည်။ ၎င်းလှံမှာ မြန်လွန်း၏။ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူများကိုပါ တုန်လှုပ်စေမည့် အော်ရာတစ်ခုလည်း ပါဝင်သည်။ လှံသည် အနီရောင်လင်းလက်ကာ နဂါးတစ်ကောင်ကဲ့သို့ ကြမ်းကြုတ်သည့်သားရဲများနှင့် တိုက်ခိုက်နေကြသော ကျင့်ကြံသူများထံသို့ တိုးတင်လာချေသည်။
နတ်ဘုရားသတ်ဖြတ်ခြင်းလှံ ပေါ်လာချိန်တွင် ထိုကျင့်ကြံသူများအားလုံးသည် တုန်လှုပ်ကုန်ကြ၏။ အထိတ်တလန့်နာကျင်စွာ အော်သံများ ပဲ့တင်ထပ်ကုန်၏။ သူတို့အဖို့ အလျင်မီ ပြန်တုန့်ပြန်လိုက်ချိန်ပင် မရလိုက်ကြပေ။
ထိုအနီရောင်အလင်း ဖျပ်ခနဲ လင်းလက်သွားချိန်၌ ကျင့်ကြံသူအားလုံးသည် သွေးမိုးရွာကုန်၏။ သို့သော် ထိုသွေးများသည် ပြန့်ကြဲသွားခြင်း မရှိဘဲ ယင်းအနီရောင်အလင်း၏ စုပ်ယူခြင်းကို ခံရသည်။
မည်သည်ကျင့်ကြံသူကမျှ သည်နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို ခုခံနိုင်ကြခြင်း မရှိပေ။ လျှပ်တပြတ်အတွင်းမှာ သည်နေရာသို့ ဝင်လာကြသည့် ကျင့်ကြံသူထောင်ချီ၏ တစ်ဝက်ကျော်သည် သေဆုံးသွားခဲ့ပေပြီ။ ကျန်သည့်သူများကလည်း မရေမတွက်နိုင်သော သားရဲကောင်များ၏ တိုက်ခိုက်မှုကို ခံရလေ၏။ တစ်ထောင်စွန်းစွန်းလောက်သော ကျင့်ကြံသူများသည် ဖြန့်ကြဲကာ အထိတ်တလန့် ပြေးကုန်ကြ၏။
အနီရောင်အလင်းနှင့် ဝန်းရံထားသော နတ်ဘုရားသတ်ဖြတ်ခြင်းလှံသည် ပြန့်ကြဲသွားကြသည့် ကျင့်ကြံသူများနောက်သို့ မလိုက်ပေ။ ထိုအစား ၎င်းက ဘဲဥပုံဝင်ပေါက်ထံသို့ ဦးတည်ကာ တိုးဝင်လာသည်။
၎င်းအလင်းတန်းသည် ရှေးဟောင်းနတ်ဘုရားကုန်းမြေကနေ ထွက်လာပြီးနောက် နတ်ဆိုးပင်လယ်တွင် ပေါ်လာချိန်တွင် ဂြိုဟ်တစ်ခုလုံးသည် တုန်ယင်၏။ ဖော်ပြနိုင်စွမ်းကင်းမဲ့သောအော်ရာတစ်ခုသည် ရုတ်တရပ် ပေါ်လာတော့သည်။
၎င်းရှေ့ရှိ မူလစွမ်းအင်အားလုံးသည် နောက်သို့လွင့်စင်ရ၏။ နတ်ဘုရားသတ်ဖြတ်ခြင်းလှံ တည်ရှိပါက မူလစွမ်းအင်ကို တည်ရှိခွင့် မပြုသကဲ့သို့ပင် ထင်ရသည်။
အနီရောင်အလင်းတန်းသည် တောက်ပနေ၏။ နတ်ဘုရားသတ်ဖြတ်ခြင်းလှံသည် နတ်ဆိုးပင်လယ်ကနေ ကောင်းကင်ထက်သို့ ထိုးတက်ကာ လေထုကိုပါ ဖြတ်သန်းသွားကာ ဟင်းလင်းပြင်ထဲသို့ ရောက်ရှိလာသည်။
နှစ်ပေါင်းသောင်းနှင့်ချီပြီးနောက် တော်ဝင်ရှေးဟောင်းနတ်ဘုရားကလန်၏ လက်နက်သည် တစ်ဖန် ပြန်ပေါ်လာပေပြီ။
ဟင်္သာပြဒါးဂြိုဟ် အပြင်ရှိ အင်အားစုများသည် ကောင်းကင်ယံကိုပါ တုန်လှုပ်စေသည့်အော်ရာကို ခံစားမိသည်။ သူတို့ လှုပ်ရှားမည် ကြံရန်ရှိသေး နတ်ဘုရားသတ်ဖြတ်ခြင်းလှံသည် အလုံးစုံကောင်းကင်မှ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ နန်းတော်များထဲက တစ်ခုနားသို့ ရောက်ရှိလာသည်။
အနီရောင်အလင်းသည် တလက်လက်တောက်ပကာ နတ်ဘုရားသတ်ဖြတ်ခြင်းလှံသည် နန်းတော်ကို ထွင်းဖောက်သွားသည်။ နန်းတော်သည် တုန်ယင်သွားကာ အပိုင်းပိုင်းအစစ ဖြစ်ကုန်၏။ လှံသည် ရပ်တန့်ခြင်း မရှိသေးပေ။ ၎င်းသည် အလုံးစုံကောင်းကင်မှ နန်းတော်များကို ထွင်းဖောက်ကာ ပျက်စီးစေကုန်သည်။
အလောင်းကောင်ကလန်သည်လည်း ရိုက်ချက်ပြင်းပြင်း ခံလိုက်ရ၏။ ခေါင်းတလားများအားလုံးသည် တစ်ခုပြီးတစ်ခု လှံရှေ့တွင် ပျက်စီးကုန်ရသည်။ အလောင်းရုပ်သေးများသည်ပင် အမှုန့်ဖြစ်ကုန်သည်။
မဟာမိတ်မှအင်အားစုများသည်လည်း ကြီးကြီးမားမား ခံလိုက်ရ၏။ နတ်ဘုရားသတ်ဖြတ်ခြင်းလှံက လူအုပ်ထဲသို့ ဖြတ်သန်းဝင်လာကာ နာကျင်စွာအော်သံများ ပဲ့တင်ထပ်ကုန်၏။ လှံဖြတ်သန်းရာ အနီးရှိ လူတိုင်း ချက်ခြင်း အသတ်ခံလိုက်ရပေသည်။
ထိုသူများကြား၌ မဟာမိတ်ဘက်မှ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်အဘွားအိုတစ်ယောက်လည်း ပါသည်။
ထိုအဘွားအိုက သူမသည် နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို ရပ်တန့်နိုင်မည်ဟု ထင်ကာ သူမ၏ အစောပိုင်းနိဗ္ဗာနဖြိုခွဲခြင်းအဆင့်ဖြင့် မန္တာန်ကို အသုံးပြု၏။ သို့ရာတွင်လှံက သူမ၏မန္တာန်များအားလုံးကို လစ်လျူရှုကာ သူမ၏ရင်ဘက်ထံသို့ ထွင်းဖောက်သွားတော့သည်။သူမ၏ ရင်ဘက်ပေါက်ကို ငုံ့ကြည့်ကာ မယုံကြည်နိုင်ဟန် ဖြစ်နေရင်း သေဆုံးသွားရတော့၏။
အရှင်မီးတောက်၏ မျက်လုံးသူငယ်အိမ်ပင် ကျုံ့နေမိ၏။ သူနှင့်အခြားအကြီးအကဲများသည် ပျံသန်းထွက်လာကြသည်။ အလောင်းကောင်ကလန်မှလည်း လှံကို တိုက်ခိုက်ရန် ကျင့်ကြံသူများကို စေလွှတ်သည်။
ထိုကျင့်ကြံသူများ လှံကို တိုက်ခိုက်ရန် ဟန်ပြင်စဉ်မှာ နတ်ဘုရားသတ်ဖြတ်ခြင်းလှံက ပြန်လှည့်ကာ ဟင်္သာပြဒါးဂြိုဟ်ထံသို့ သွားရောက်တော့၏။၎င်းက နတ်ဆိုးပင်လယ်ကိုဖြတ်ကာ ရှေးဟောင်းနတ်ဘုရားကုန်းမြေတွင် ပြန်လည် ပျောက်ကွယ်သွားတော့သည်။
နတ်ဘုရားသတ်ဖြတ်ခြင်းလှံ ပြန်ပျောက်သွားချိန်၌ ခပ်ရှရှအသံသည် ဟင်းလင်းပြင်ထဲတွင် မြည်ဟိန်းလေသည်။
“ငါ မင်းတို့အားလုံးကို စောင့်နေမယ်…”
အရှင်လေဟာနယ်နှင့် အကြီးအကဲများသည် အလေးအနက်ဟန်ပန် ဖြစ်လာသည်။ အကြီးအကဲအချို့၏မျက်နှာမှာ ဖြူရောကာ မယုံကြည်နိုင်ဟန် ဖြစ်နေကြ၏။
“ဒါ…ဒါကဘာလဲ…”
“ဒီတော့ ဝမ်လင်း ပြောခဲ့တာ မှန်နေတာပဲ…” အရှင်မီးတောက်၏ မျက်လုံးတို့သည် တောက်ပလာ၏။ သူသည် သူအတော်လေး လေးစားခဲ့ရသည့် အလုံးစုံကောင်းကင်မှ ပုဂ္ဂိုလ်ထံမှ အမိန့်ကြောင့် ဤနေရာသို့ လာရပေမည်။ သူ လာကိုလာရမည်။
အနည်းငယ် စဉ်းစားပြီးနောက် အရှင်မီးတောက်က အော်ပြော၏။ ကျင့်ကြံသူအားလုံး “ငါနဲ့အတူ ဟင်္သာပြဒါးဂြိုဟ်ရှိ လိုက်ခဲ့ကြ…” ထိုသို့ ပြောပြီးနောက် သူသည် ဟင်္သာပြဒါးဂြိုဟ်ထံသို့ ပျံသန်းသွားသည်။ အကြီးအကဲများနှင့် မရေမတွက်နိုင်သောကျင့်ကြံသူများသည် သူ့နောက်သို့ လိုက်လာကြ၏။
အလောင်းကောင်ကလန်သည် အနည်းငယ် စဉ်းစားနေကြသည်။ ထို့နောက် ကျောက်တုံးများကို ပွတ်တိုက်သလို အသံမျိုးသည် ပဲ့တင်ထပ်လာ၏။
“အလောင်းကောင်ကလန်…သွားကြမယ်…” အလောင်းကောင်ကလန်တစ်ခုလုံးသည်လည်း လှုပ်ရှားလာကြ၏။ ခေါင်းတလားများနှင့် ကျင့်ကြံသူအုပ်စုတို့သည် ဟင်္သာပြဒါးဂြိုဟ်ရှိရာသို့ ပျံသန်းလာကြ၏။ ရှေ့ဆုံးရှိ ရှစ်ယောက်မှာ အနက်ရောင်မြူများဖြင့် ခြုံလွှမ်းထားကာ ပြင်းထန်သောဖိအားကို ပေးစွမ်းနေသည်။
မဟာမိတ်အင်အားစုများသည် အနည်းငယ် စဉ်းစားနေ၏။ သူတို့၏ အင်အားစုအားလုံးကို စေလွှတ်ကြခြင်း မရှိသေးပေ။ အင်အားစု တစ်ဝက်ကျော်က သည်အတိုင်း ဟင်္သာပြဒါးဂြိုဟ်အပြင်တွင် ရှိနေကာ ကျန်သည့်တစ်ဝက်ကသာ အကြီးအကဲအသီးသီးနှင့် ဟင်္သာပြဒါးဂြိုဟ်ထံသို့ လိုက်ပါလာကြသည်။
တစ်ချိန်တည်းမှာပင် ရှေးဟောင်းနတ်ဘုရားကုန်းမြေရှိ ချောက်နက်အောက်ခြေရှိ ဝင်ပေါက်ကနေ မူလစွမ်းအင်လှိုင်းတို့သည် တဖြည်းဖြည်း အထက်သို့ မြင့်တက်လာသည်။
ဝိုးတဝါးပုံရိပ်သည် တဖြည်းဖြည်း ပေါ်ထွက်လာ၏။
၎င်းပုံရိပ်က ကြီးမားလွန်းခြင်းမရှိ ပေနှစ်ဆယ်လောက်သာ ရှိ၏။ ၎င်းသည် လူသားပုံစံနှင့်တူ၏။ သို့သော် လူတိုင်းသည် သည်အရာ၏ လည်တိုင်နေရာကို ကြည့်မိပါက ပင့်သက်ရှိုက်မိသွားနိုင်သည်။
ထိုလည်တိုင်၌ စပါးအုံးမြွေများကဲ့သို့ ထူထဲသော လုံးပတ်ဆယ့်ရှစ်ခု ရှိနေ၏။ မသိလျှင် စပါးအုံးမြွေများနှင့် ပြုလုပ်ထားသကဲ့သို့ပင်။
ထိုလုံးပတ်ကိုင်းတစ်ခုစီ၌ ဦးခေါင်းတစ်ခုစီ ရှိကြသည်။ ထိုဦးခေါင်းများမှာ ယောက်ျား၊မိန်းမ၊လူငယ်၊လူကြီး အရွယ်စုံ၏ ဦးခေါင်းများ ဖြစ်ကြသည်။ သည်ပုံရိပ်ကား လူသားမဟုတ်ပါ။ ဆန်းကြယ်သော ကြမ်းကြုတ်သည့် သားရဲတစ်ကောင်သာ ဖြစ်၏။ သည်သားရဲနှင့်ပတ်သတ်၍ ဒဏ္ဌာရီပြောစမှတ်များ ရှိကြသည်။ သို့သော် ထိုပြောစမှတ်များကလည်း တိကျခြင်းတော့ မရှိပေ။
ရှေးဟောင်းအချိန်များတုန်းက ဂျီ ဟုခေါ်သည့် စိတ်ဝိညာဉ်တစ်ခုရှိ၏။ ၎င်းသည် လူသားအသွင်ဟန်ပန်နှင့် တူသည်။ ၎င်းသည် မွေးဖွားခြင်းခံရမည့်အစား ဖန်တီးခြင်းခံရသည့် သက်ရှိတစ်မျိုး ဖြစ်သည်။၎င်းသည် ဖန်တီးခံရပြီး သုံးရက်ကြာသည့်နောက် အရွယ်ရောက်သည်။၎င်းသည် ကောင်းကင်နှင့်မြေကြီးကို ဖိဆန်ကာ ၎င်း၏ဦးခေါင်းသည် ဖျက်တောက်ခံရ၏။ ထိုအခါ ၎င်း၏အလောင်းခန္ဓာကိုယ်ကနေ ဂျီချောင်အမည်ရ မွန်းစတားတစ်ကောင် မွေးဖွား၏။
ထိုသားရဲက ဦးခေါင်းတစ်ခုတည်းဖြင့် စတင်မွေးဖွားခဲ့ခြင်း ဖြစ်၏။ ၎င်းသည် လောကကို ဝါးမြိုတိုင်း နောက်ထပ်ဦးခေါင်းတစ်ခုနှင့် မန္တာန်သစ်တစ်ခုကိုထပ်ရသည်။ ၎င်းသည် လောကနှင့် တိုက်ခိုက်ဝံ့သလို ထာဝရလည်း အိပ်ပျော်နိုင်၏။
သည်အခိုက်အတန့်၌ မိုးကောင်းကင်ဘုံနယ်မြေတွင် နတ်ဘုရားကုန်းမြေနှင့် နှိုင်းယှဉ်ပါက ဤနေရာရှိ အရာအားလုံးသည် ကောင်းကင်ထက်တွင်အက်ကြောင်းများ ပြည့်နေသည်ကလွဲလို့ အေးချမ်းနေ၏။
ဝမ်လင်းတို့အုပ်စု၏ ကျင့်ကြံမှုအဆင့်က မိုးကောင်းကင်ဘုံနယ်မြေ တောင့်ခံနိုင်အောင်သည် ပို၏။ သူတို့ ဝင်ရောက်လာသည်နှင့် နယ်မြေထဲရှိ အစိတ်အပိုင်းများထဲမှတစ်ခုသည် ပျက်စီးကာ ဧရာမစုပ်အားကို ဖြစစေပြီး အနီးအနားရှိ အခြားအစိတ်အပိုင်းများကို ဆွဲငင်သည့် စုပ်အားတစ်ခုကို ဖြစ်သွားစေတော့သည်။
ဝမ်လင်းက အမြင့်တစ်နေရာတွင် ရပ်ကာ သူရောက်ခဲ့ဖူးသည့် မိုးကောင်းကင်ဘုံနယ်မြေရှိ အစိတ်အပိုင်းမြေများကို ကြည့်နေသည်။ သူက အတိတ်ကို ပြန်စဉ်းစားကြည့်နေရင်း သူ့မျက်လုံးသည် တောက်ပလာ၏။ တဖြည်းဖြည်းဖြင့် သူကြားခဲ့ရသည့် အကူအညီတောင်းခံသံ ထွက်ပေါ်ခဲ့သော အစိတ်အပိုင်းမြေကို ရှာတွေ့လာခဲ့သည်။
ဝမ်လင်း ဘေးနား၌ လူဒါဇင်ချီ ရှိ၏။ သူတို့အားလုံးက ဝမ်လင်းကို ကြည့်နေကြသည်။ သူတို့အားလုံးသည် အဇူရာနဂါးနတ်အင်ပါယာကို ကယ်တင်ရန် ဝမ်လင်း၏ ဦးဆောင်မှုနောက် လိုက်လာကြသူများ ဖြစ်၏။ တကယ်တော့ ဝမ်လင်းက ဟင်္သာငှက်နတ်အင်ပါယာ မဟုတ်လား။ ပို၍ အရေးကြီးသည်က ဝမ်လင်းသည် အဇူရာနဂါးနတ်အင်ပါယာ ပိတ်မိနေသည့် နေရာကိုပါ သိထားသေးသည်။
ဝမ်လင်းက လှုပ်ရှားလာ၏။ သူ အောက်ဘက်သို့ ဆင်းချိန်၌ မြည်ဟိန်းတုန်ဟီးသံကို ဖြစ်သွားစေသည်။ မည်သူကမျှ အချိန်ဖင့်မနေဘဲ ဝမ်လင်းနောက်သို့ လိုက်လာကြ၏။
သည်နေရာတွင် အကြာကြီးနေဖို့က မဖြစ်နိုင်ပေ။ မဟုတ်ပါက သူတို့၏တည်ရှိမှုက မိုးကောင်းကင်ဘုံနယ်မြေရှိ အစိတ်အပိုင်းမြေများစွာကို ပျက်စီးသွားစေနိုင်၏။ ထိုသို့ဖြစ်ပါက သူတို့ အဇူရာနဂါးနတ်အင်ပါယာကို ကယ်တင်နိုင်ဖို့ကို မေ့လိုက်ရပေမည်။ထို့အတူ ကောင်းကင်ဘုံအင်ပါယာချင်းလင်ကို ကယ်တင်ရန်မှာလည်း မဖြစ်နိုင်တော့ပေ။
သို့အတွက်ကြောင့် သူတို့သည် အမြန်လှုပ်ရှားမှု ပြုရပေမည်။
သည်နေရာရှိ လူတိုင်းက ဤအချက်ကို သိထားကြ၏။ ဝမ်လင်းက အလျင်အမြန် လှုပ်ရှားပေမယ့် သူ့မြန်နှုန်းအပြည့်ကိုတော့ အသုံးမပြုပေ။ သူက မိုးကောင်းကင်ဘုံနယ်မြေကို ပြိုကျစေမည့် ထိမိခိုက်မိမည့်အရာများကို ရှောင်ကာ ညင်သာစွာပင် ပျံသန်း၏။
သူတို့သည် လမ်းတစ်လျှောက်၌ မည်သည့်ကျင့်ကြံသူကိုမျှ မတွေ့ရပေ။ မိုးမီးပြင်းဖိုများထံမှ တစ်ဆင့် ရောက်လာကြမည့် ကျင့်ကြံသူများ ရှိနေလျှင်ပင် ထိုသူတို့သည် သည်နေရာရှီ အခြေအနေကို တွေ့မြင်သည်နှင့် ဘယ်လောက် မတည်မငြိမ် ဖြစ်နေသည်ကို သဘောပေါက်ကာ ကြောက်လန့်ကာ ပြန်ထွက်ခွာဖို့သာ ရွေးချယ်ပေလိမ့်မည်။
မိုးကောင်းကင်ဘုံနယ်မြေတွင် အချိန်သိပ်မကြာခင်မှာပင် အက်ကြောင်းများ ပိုများလာနေ၏။ အစိတ်အပိုင်းများ တစ်ခုပြီးတစ်ခု ပျက်စီးမှုကြောင့် တဝုန်းဝုန်းအသံများကိုပင် ကြားရသည်။ ဝမ်လင်းသည် တစ်ခါတုန်းက အကူအညီတောင်းခံသံ ကြားခဲ့ရသည့် အစိတ်အပိုင်းမြေပေါ်သို့ ရောက်ရှိလာ၏။
သူသည် ထိုအကူအညီတောင်းသံက သော့ခလောက်နှင့်တူသည် တောင်တစ်ခုမှ လာမှန်း ရှင်းလင်းစွာ မှတ်မိ၏။ ထိုအစိတ်အပိုင်းမြေပေါ်သို့ ခြေချလိုက်ပြီးနောက် သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ ချက်ခြင်းပင် ပေငါးထောင်အကွာရှိ တောင်ကို ချက်ခြင်း ရှာတွေ့သည်။
ဝမ်လင်းသည် ထိုနေရာသို့ ဦးတည်ကာ အလျင်အမြန် ပျံသန်းသည်။
သူက နီးသထက်နီးလာ၏။ အဇူရာနဂါးနတ်အင်ပါယာ၏ အကြီးအကဲများသည် ဝမ်လင်းနောက်တွင် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပါလာကြ၏။ သူတို့သည် သည်လိုနေ့ကို စောင့်နေရသည်မှာ ကြာမြင့်လှခဲ့ပြီ မဟုတ်လော။
သူတို့၏ မျှော်လင့်ချက်ပိုမြင့်လေလေ သူတို့သည် စိတ်ပျက်ရမှာကို ပိုလန့်နေမိလေပင်။ သည်အခိုက်အတန့်၌ သူတို့၏ စိတ်နှလုံထဲတွင် ပူပန်မှုတို့ ပြည့်နေသည့်အတွက် သူတို့၏ တာအိုနှလုံးသားများပင် မတည်မငြိမ် ဖြစ်လာရသည်။
ခဏအကြာတွင် သော့ခလောက်အသွင်တောင်က လူတိုင်း၏ မျက်လုံးရှေ့တွင် ပေါ်လာ၏။
“အတိတ်တုန်းက ငါ အကူအညီခေါ်သံ ကြားခဲ့ရတာ ဒီနေရာကနေပဲ…” ဝမ်လင်းက ရှေ့သို့ လက်ညှိုးထိုးပြသည်။
အဇူရာနဂါးနတ်အင်ပါယာကလန် အကြီးအကဲများသည် တောင်ထံသို့ တိုးဝင်လာကြသည်။
“ငါ့ကို ကယ်ပါ…ငါ့ကိုကယ်ပေးပါ…” အားနည်းလွန်းသောအသံသည် သူတို့တောင်နားသို့ နီးကပ်လာသည့်အခါ ပိုကြားလာရ၏။ ဝမ်လင်းက ချက်ခြင်းရပ်လိုက်၏။ သို့သော် သူ့ဘေးရှိ လူတိုင်းသည် ယင်းအကူအညီတောင်းသံကို မကြားရသကဲ့သို့ ဖြစ်နေ၏။
ဝမ်လင်း၏ မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက ပြောလိုက်၏။ “မင်းတို့အားလုံး…အကူအညီတောင်းသံကို ကြားလိုက်ရလား…”
***