နေမင်းသည် မနက်ခင်းစောစောတွင် မြင့်တက်လာ၏။ နေအလင်းရောင်သည် အမှောင်ထုကို လွင့်ပြယ်စေ၏။ စောစောထ အလုပ်လုပ်သူများကြောင့် စီးဆင်းသောတိမ်မြို့သည် သက်ဝင်လှုပ်ရှားနေပေပြီ။ ဆိုင်များ တစ်ဆိုင်ပြီးတစ်ဆိုင် ဖွင့်နေကြပြီဖြစ်သည်။ အထူးသဖြင့် မြို့အနောက်ဘက် အစားအသောက်များရောင်းသော လမ်းတွင် လူသံသူသံများ ပြည့်နေပေပြီ။
ပွက်ပွက်ဆူနေသော အိုးမှ ချသည့် ဂျုံမုန့်ညက်ဆိုင်၊ ခြင်းတောင်များနှင့် ရောင်းနေသော ဘန်းမုန့်ဆိုင်၊ တို့ဖူးဆိုင် အစရှိသဖြင့် သည်လမ်းမှာ စည်ကားနေသည်။
စန်ရွှေရှန်၏ ဆိုင်ကတော့ အရက်ရောင်းသည့်ဆိုင် ဖြစ်၏။ မနက်ခင်းပင် ဖြစ်နေဦးတော့ စန်မိသားစု၏ အရက်မှာ အဝင်ကောင်းကာ လန်းဆန်းမှုကို ဖြစ်စေပေသည်။ မနက်ပိုင်း သောက်သော်လည်း အမူးမလွန်သည့်အပြင် လန်းဆန်းစေ၏။ သို့အတွက်ကြောင့် သည်ဆိုင်တွင် အတော်လေး လူစည်လှသည်။
စန်ရွှေရှန်မှာ အသက်ငါးဆယ်လောက် ရှိပေပြီ။သူက မတ်တပ်ရပ် ဆေးတံခဲနေရင်း အလုပ်များနေသော ဆိုင်ဝန်ထမ်းများ ကြည့်နေ၏။ သူ့ပါးရေတွန့်နေပြီ ဖြစ်သော မျက်နှာကတော့ ပြုံးလျက် ရှိနေ၏။
သက်လတ်ပိုင်းလူတစ်ယောက်က အရက်အိုးတစ်လုံးကို ဝယ်ကာ လှုပ်ခါလိုက်သေး၏။ ထို့နောက် ထိုသူက တစ်ကျိုက်မော့ချသည်။ သူက အဘိုးအိုစန်ရွှေရှန်ကို ကြည့်ကာ ပြောလာ၏။ “ဦးလေးစန်…ဦးလေး အရက်က အရင်တုန်းကလောက် အရသာ မရှိတော့ဘူး။ ပါဝင်ပစ္စည်းတစ်ခုခုများ လွဲနေသလား…”
အဘိုးအိုစန်က မျက်လုံးပြူးသွား၏။သူက ဆေးတံကို မှုတ်ထုတ်ကာ နှာခေါင်းရှုံ့၍ ဆိုသည်။ “အဓိပ္ပာယ် မရှိလိုက်တာ၊ ငါ့စန်မိသားစုရဲ့ အရက်က…”
အဘိုးအိုစန် စကားမဆုံးခင်မှာပင် သက်လတ်ပိုင်းလူက ရယ်မောကာ ပြော၏။ “သင့်စန်မိသားစုရဲ့ အရက်က နှစ်ထောင်ချီ သက်တမ်းရှိခဲ့ပြီး တန်ခိုးရှင်တစ်ယောက်ကတောင် ကြိုက်နှစ်သက်ခဲ့တယ်လို့ ပြောမလို့မလား။ ဦးလေးစန်…သင့်စကားတွေက နေ့တိုင်းနီးပါး ကြားနေရတာ၊ ရိုးနေပြီ။ ငါ အလုပ်သွားရဦးမယ်။ ဒါ့ကြောင့် သင့် စကားအရှည်ကြီးကို နားထောင်ဖို့ အချိန်မရှိဘူး…”
ထိုသက်လတ်ပိုင်းလူက အရက်အိုးကို ဝယ်ကာ ပြန်ထွက်သွားတော့၏။
အဘိုးအိုစန်က ဆေးတံတစ်ချက်ရှိုက်ကာ ခပ်တိုးတိုး ဆို၏။ “ဒီကောင်စုတ်လေးက ဘာများ သိလို့လဲ။ ငါ့စန်မိသားစုရဲ့ အရက်ဟာ လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်တုန်းက ကောင်းကင်ဘုံသားတစ်ယောက် အမှန်တကယ် နှစ်ခြောက်ဆယ်ကျော်လောက် သောက်ခဲ့တာကွ…”
သူ့ထံ၌ နှစ်ပေါင်းတစ်ထောင်ကျော် ရှိသော သစ်သားပန်းပုအနည်းငယ်လည်း ပိုင်ဆိုင်နေတုန်းပင်။ စန်မိသားစု၏ ပထမဆုံးမျိုးဆက်၏ ပုံတူပန်းပုနှင့် မျက်နှာခပ်ဝါးဝါး ဖြစ်နေသော တန်ခိုးရှင်တစ်ယောက်၏ ပန်းပုရုပ်တို့လည်း ရှိ၏။
သူတို့၏ စန်မိသားစုတွင် မျိုးဆက် အဆင့်ဆင့်လက်ဆင့်ကမ်းခဲ့သော ဒဏ္ဌာရီဇာတ်လမ်းတစ်ပုဒ် ရှိ၏။ ထိုဇာတ်လမ်းက သူတို့စန်မိသားစုသည် မူလက စီးဆင်းသောတိမ်မြို့မှမဟုတ်၊ နှင်းမုန်တိုင်းကပ်ဘေးကြောင့် သည်မြို့သို့ ရောက်လာခဲ့သည်ဟု ဆို၏။
ပြောကြသည်က သူတို့၏ ဘိုးဘေးသည် တန်ခိုးရှင်နှင့် နှစ်ပေါင်း(၆၀)ကျော် နေထိုင်ခဲ့ကာ ယင်းတန်ခိုးရှင်ကပင် သူတို့ကို သည်နေရာသို့ ရောက်သည့်အထိ နှင်းမုန်တိုင်းကပ်ဘေးအတွင်း ကူညီပေးခဲ့သည် ဟူ၏။
“ဘိုးဘေးစန်နူးဟာ အသက်(၁၃၇)နှစ်ထိ နေထိုင်ခဲ့ပြီး သူမသေခင်မှာတော့ သူဟာ အဲ့တန်ခိုးရှင်ကို သတိရနေတုန်းပဲ။ ဒီဇာတ်လမ်းဟာ ငါတို့မိသားစု မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြတာ၊ ဒါ့ကြောင့် ဘယ်လိုလုပ် မှားနိုင်ပါ့မလဲ…”
လူအိုစန်၏ ထိုသို့ တွေးနေရင်း ဆေးတံကို ခေါက်၏။ သူ့ဟန်ပန်မှာ ဂုဏ်ယူနေသည့်ပုံပေါက်နေသည်။
သို့သော် သူက မျက်လုံးကို အလျင်အမြန် ပွတ်သပ်ကာ ကောင်းကင်ထက်သို့ အသေအချာ ကြည့်လိုက်၏။ သူ မျက်လုံးပြူးသွားချေသည်။
မူလတုန်းက ကောင်းကင်သည် ကြည်လင်၏။ နေမင်းသည် တောက်ပ၏။ သို့သော် အခု လှိုင်းများစွာ ကောင်းကင်တစ်ခွင်တွင် ပေါ်လာကာ ရိုက်ခတ်လေပြီ။
မိုးကြိုးဟိန်းသံများ တဝုန်းဝုန်း ပဲ့တင်ထပ်ခြင်းက သက်ဝင်လှုပ်ရှားနေသည့် သည်မြို့က လမ်းကို ချက်ခြင်း ငြိမ်သက်သွားစေသည်။ လူတိုင်းသည် ကောင်းကင်ထက်သို့ မော့ကြည့်ကြ၏။ သူတို့၏မျက်လုံးထဲ၌လည်း ထိတ်လန့်ကြောက်ရွှံ့မှုများ ဖြစ်ပေါ်နေတော့သည်။
သိပ်မကြာခင်တွင် လှိုင်းများ ဖြတ်သန်းသွားပြီးနောက် ကောင်းကင်ထက်တွင် အလင်းတန်းများ ပေါ်လာကာ ကြယ်ပျံများကဲ့သို့ ဆင်းသက်လာသည်။
ထိုအလင်းတန်းများသည် ဂြိုဟ်၏လေထုကို အလွယ်တကူ ချိုးဖျက်ကာ ကျင့်ကြံသူများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
“အင်…အင်မောတယ်…” မြေပြင်ထက်ရှိ သေမျိုးများက အံ့အားတသင့် ဆိုကြကာ တုန်ရီမိကုန်ကြသည်။ အချို့သည် သူတို့အိမ်ထဲတွင် ပြန်ပုန်းကျ၏။ အချို့က အိမ်ထဲကနေ ထွက်ပင် မလာဝံ့ပေ။
“ဒီသေမျိုးတွေကို အနှောက်အယှက် မပေးနဲ့။ နတ်ဆိုးပင်လယ်ရှိသာ မြန်မြန် သွားရောက်ကြ…”
အမိန့်သံတစ်ခုက မြည်ဟိန်းထွက်လာ၏။ တစ်ချိန်တည်းမှာပင် ကျင့်ကြံသူများသည် ဆင်းသက်နေသည်ကို ရပ်တန့်ခြင်း မပြုဘဲ အကွာအဝေးတစ်ခုထံသို့ ပျံသန်းသွားကြတော့သည်။
အခုလို မြင်ကွင်းသည် ဟင်္သာပြဒါးဂြိုဟ်အနှံ့တွင် တစ်ချိန်တည်းလိုလို ဖြစ်ပေါ်လာခဲ့ခြင်းပင်။ သည်တုန်လှုပ်ဖွယ်ပြောင်းလဲမှုက သေမျိုးအင်ပါယာများကိုပါ ကြောက်လန့်စေကုန်၏။ သေမျိုးများအားလုံးသည် တုန်လှုပ်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်သည်။
ကံကောင်းစွာဖြင့် သည်တန်ခိုးရှင်များက မည်သည့်သေမျိုးကိုမျှ အန္တရာယ် မဖြစ်စေခဲ့ခြင်းပင်။ သူတို့က ပေါ်လာသည်နှင့် အဝေးသို့ ပျံသန်းသွားကြချေ၏။
ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ ဒေသခံကျင့်ကြံသူများအားလုံးသည်လည်း ထိုအဖြစ်သနစ်ကို တွေ့မြင်ကြ၏။ သို့သော် မည်သူကမျှ လေထဲသို့ ပျံတက်ကာ မေးမြန်ဝံ့ကြခြင်း မရှိပေ။ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း သို့မဟုတ် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူများသည်ပင် ဘာမှ မလှုပ်ဝံ့ ဖြစ်ရ၏။
ကောင်းကင်အနှံ့ရှိ တစိမ်းကျင့်ကြံသူ မည်သူမဆို သူတို့ကို တုန်လှုပ်သွားစေဖို့ရာ လုံလောက်နေပေသည်။
ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူ အချို့သည်ပင် ကောင်းကင်ထက်သို့ တုန်လှုပ်စွာ ကြည့်နေမိ၏။
ကျိုးဝုထိုင်၏အသွင်က သုန်မှုန်နေ၏။ ကောင်းကင်ထက်၌ ပျံသန်းနေကြသောကျင့်ကြံသူများကြား၌ သူ ရင်ဆိုင်နိုင်သည့်သူမှာ မရှိသလောက်ပင်။ ကျန်သည့်သူများအဖို့ ထိုသူများ၏ အော်ရာကပင် သူတို့အား ပင့်သက်ရှိုက်သွားစေရန် လုံလောက်ပေသည်။
ကံကောင်းစွာဖြင့် သည်ကျင့်ကြံသူများသည် အင်အားစုအမျိုးမျိုးကနေ ဖြစ်နေသော်လည်း မည်သူကမျှ ဒေသခံကျင့်ကြံသူများနှင့် ပတ်သတ်၍ စိတ်မဝင်စားပေ။ သူတို့အားလုံးက နတ်ဆိုးပင်လယ်ထံသို့သာ သွားနေကြသည်။
ကောင်းကင်တစ်ခွင်လုံးက အလင်းတန်းများနှင့် ပြည့်နေ၏။ ခဏအကြာတွင် ဧရာမအရိပ်တစ်ခုသည် ကောင်းကင်ထက်၌ ပေါ်လာ၏။ ကောင်းကင်ထက်ရှိ နေမင်းသည်ပင် ယင်းအရိပ်၏ လွှမ်းမိုးခြင်းကို ခံရကာ သည်အခိုက်အတန့်၌ ဂြိုဟ်တစ်ခုလုံးသည် အရိပ်၏ ခြုံလွှမ်းခြင်းကို ခံရလေ၏။
သည်အရိပ်များက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ နန်းတော်များပင် ဖြစ်ကြသည်။ ၎င်းနန်းတော်များက ဟင်္သာပြဒါးဂြိုဟ်ပေါ်သို့ ဆင်းသက်လာကြခြင်းမရှိဘဲ ဂြိုဟ်ကိုသာ အပြင်ကနေ ပတ်နေ၏။ တကယ်တော့ ဟင်္သာပြဒါးဂြိုဟ်မှာ ဂြိုဟ်စုတ်တစ်ခုဟုပင် ဆိုနိုင်၏။ ထို့ကြောင့် ၎င်းဂြိုဟ်မှာ နန်းတော်များထံမှ ပြင်းထန်သောတုန်ခါလှိုင်းများကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
ထိုနန်းတော်အရိပ်များ ပေါ်လာပြီးနောက် ခေါင်းတလားများ စတင် သက်ဆင်းလာ၏။ ထိုခေါင်းတလားများက အရွယ်အစားမျိုးစုံ ရှိကာ ကျင့်ကြံသူများစွာသည် ၎င်းတို့အား ဝန်းရံထားကြသည်။
လူများသည် နတ်ဆိုးပင်လယ်သို့ သွားနေကြရင်း သူတို့သည် မြေပြင်ထက်ရှိ ရုပ်တုကြီးတစ်ခုကို တွေ့မြင်သည်သာ ဖြစ်၏။ ယင်းရုပ်တုမှာ ဟင်္သာပြဒါးဂြိုဟ်၏ တိမ်ကောင်းကင်ကလန်မှ ရုတ်တု ဖြစ်သည်။
အလုံးစုံကောင်းကင်မှ မောက်မာသည့်ကျင့်ကြံသူတစ်ယောက်က အခုလိုဂြိုဟ်သေးသေးလေးက သည်လိုရုပ်တုမျိုး တည်ဆောက်ဝံ့နေသည်ကို တွေ့မြင်နေရ၏။ သူက ယင်းရုပ်တုကို သိနေသလို ခံစားမိ၏။ သို့သော် သူက ထိုအကြောင်းကို အများကြီး ဆက်တွေးမနေပေ။ သူသည် နှာခေါင်းရှုံ့ကာ ဖြတ်သန်းသွားနေရင်း ယင်းရုပ်တုအား ဖျက်စီးရန် ပြင်လိုက်၏။
သို့ရာတွင် သူက လက်ဝါးရိုက်ချက် ကျဆင်းလာခါနီးမှာပင် သူ့နောက်မှ အမျိုးသမီးဆန်သောအသံတစ်ခု ပေါ်လာ၏။
“ရပ်လိုက်…”
ထိုကျင့်ကြံသူက မင်သက်ကာ နောက်သို့ ပြန်ကြည့်၍ မေးလိုက်သည်။ “ရှီဇီဖန်….ဒါက ဘာအဓိပ္ပာယ်လဲ…”
ရပ်လိုက်ဟု ဆိုလိုက်သော အမျိုးသမီးမှာ ရှီဇီဖန်ပင်။ သူမသည် မောက်မာသောကျင့်ကြံသူကို အေးစက်စက်ကြည့်ကာ တည်ငြိမ်စွာ ပြော၏။ “ဒီရုပ်တုက ဘယ်သူ့ရဲ့ပုံကို ထွင်းထုထားတာလဲ သေချာကြည့်…”
ထိုသို့ ပြောပြီးနောက် သူမသည် ထိုကျင့်ကြံသူကို ဆက်အရေးမလုပ်တော့ပေ။ ထို့နောက် သူမသည် ယင်းရုပ်တုကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်ကာ သက်ပြင်းချပြီး ဆက်၍ ပျံသန်းထွက်သွားတော့သည်။
မောက်မာသည့် ကျင့်ကြံသူက မျက်မှောင်ကြုတ်ကာ ရုပ်တုကို သေချာကြည့်လိုက်သည်။ သူက ပို၍ ကြည့်မိလေလေ ပို၍ သိနေသလို ခံစားရလေပင်။ ထို့နောက် သူသည် မျက်လုံးပြူးသွားလေ၏။ သူက အံ့အားတသင့် ဆိုသည်။ “ဒါ…ဒါက ကောင်းကင်ဘုံအင်ပါယာရှုမူ(ဝမ်လင်း) ရဲ့ ရုပ်တုပဲ…”
အလုံးစုံကောင်းကင်သည် ဝမ်လင်း၏ မိုးကြိုးကောင်းကင်ဘုံသားအဆင့်အတန်းကို ဖယ်ရှားပစ်ခဲ့ပြီး ဖြစ်သော်လည်း တိုက်ပွဲခေါင်းစီးနေရာအတွက် ဝမ်လင်း၏ တိုက်ပွဲက အလုံးစုံကောင်းကင်တွင် ကျော်ကြားခဲ့လှသည် မဟုတ်လား။ ဤအရာကား နှစ်ရာချီအတွင်း မေ့သွားနိုင်သည့် ကိစ္စတစ်ခု မဟုတ်ပေ။
မောက်မာသည့် ကျင့်ကြံသူ၏ ဦးရေပြားမှာ ထုံထိုင်းသွား၏။ သူက ရှုမူ၏ တာအိုနာမည်မှာ မိစ္ဆာသခင်ဟု သိထား၏။ သူက ထိုနာမည်ကို မမေ့နိုင်ပေ။ ထို့ကြောင့် သူသည် ပြန်လှည့်ကာ အမြန်ပျံသန်းထွက်သွားတော့သည်။
အရှင်မီးတောက်နှင့်အခြားလူများသည်လည်း အလောင်းကောင်ကလန်မှ လူများပါအပါ သည်ရုပ်တုကိစ္စကို သတိပြုမိကြ၏။ အမိန့်ပေးလိုက်ကြပြီးနောက် မည်သူကမျှ သည်ရုပ်တုကို ဖျက်စီးပစ်ဖို့ရာ မတွေးဝံ့ကြတော့ချေ။
အလောင်းကောင်ကလန်၊ အလုံးစုံကောင်းကင်၊ မဟာမိတ်အင်အားစုအမျိုးမျိုး တို့သည် ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် စုစည်းနေကြ၏။ သူတို့အားလုံးက သူတို့ ရရှိခဲ့သော သတင်းအပေါ် အခြေခံကာ နတ်ဆိုးပင်လယ်ထံသို့ အလျင်အမြန် စုဝေးကြသည်။ ဟင်္သာပြဒါးဂြိုဟ်သည် ကြီးမားလှခြင်း မရှိပေ။ ထို့ကြောင့် သူတို့သည် နတ်ဆိုးပင်လယ်ရှိရာသို့ မြန်မြန်ဆန်ဆန် ရောက်လာနိုင်ကြပေသည်။
အမှန်တော့ မည်သူ့ဘက်ကမှ ဟင်္သာပြဒါးဂြိုဟ်ထံသို့ ကျင့်ကြံသူများစွာ စေလွှတ်ခဲ့ခြင်း မရှိသေးပေ။ အင်အားစုအားလုံးပေါင်းမှ စုစုပေါင်း ကျင့်ကြံသူ(၇၀၀၀)လောက်သာ ရှိသေး၏။ ထိုသူများက သည်ဧရိယာကို စစ်ဆေးကြည့်မည့် ပထမအသုတ် ဖြစ်သည်။ တကယ်တော့ ဝမ်လင်း ပေးခဲ့သည့် သတင်းက လက်ခံနိုင်လောက်သော်လည်း သူတို့သည် ထိုသတင်းကို အတည်ပြုရန် လိုသေးပေသည်။
ပိုများပြားသော ကျင့်ကြံသူများက ဟင်္သာပြဒါးဂြိုဟ် အပြင်တွင် ရှိနေကြ၏။ သူတို့အားလုံးက ကိုယ်ပိုင်အုပ်စုများ ဖွဲ့ကာ ပထမအသုတ်ကျင့်ကြံသူများထံမှ သတင်းကို စောင့်ဆိုင်းနေကြသည်။
ရှေးဟောင်းနတ်ဘုရားကုန်းမြေသို့ ဝင်ရောက်ရန် ပိတ်ဆို့ထားသည့် အတားအဆီးများအားလုံးသည် သည်ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် ဘာမှ မဟုတ်ပေ။ သူတို့အားလုံးက အတားအဆီးများကို ဖြတ်သန်းကာ အပျက်အစီးကြယ်နယ်မြေကို ဖြတ်သန်းကာ ရှေးဟောင်းနတ်ဘုရားကုန်းမြေ ဝင်ပေါက်သို့ ရောက်ရှိလာကြသည်။
ကြမ်းကြုတ်သော ဟိန်းအော်သံများသည် ရှေးဟောင်းနတ်ဘုရားကုန်းမြေ၏ ဘဲဥပုံစံ ဝင်ပေါက်ထံမှ ထွက်ပေါ်လာကြ၏။
သည်နေရာကား အတိတ်တုန်းက ဝမ်လင်း သေမလို ဖြစ်ခဲ့သည့် နေရာ၊ မိုးကြိုးဖားပြုတ် ပေါ်လာခဲ့သော နေရာပင်။ အခုချိန်တွင်တော့ ယင်းနေရာတွင် ကြမ်းကြုတ်သည့်သားရဲများ ပြည့်နေ၏။ ၎င်းတို့အားလုံးက တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
ဟိန်းသံများသည် ရှေးဟောင်းနတ်ဘုရားကုန်းမြေသို့ ဝင်ရောက်မည့် နတ်ဆိုးပင်လယ်ထဲရှိ ဘဲဥပုံဝင်ပေါက်ကနေ ထွက်ပေါ်လာကြခြင်းပင်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက ခဏတာ တုံ့ဆိုင်းသွားကြ၏။ သို့သော် သူတို့သည် ရပ်တန့်ကြခြင်း မရှိဘဲ ဘဲဥပုံနေရာထဲသို့ ခြေချလိုက်ကြသည်။
ပထမဆုံး ကျင့်ကြံသူများပေါ်လာချိန်၌ အနီရောင်အလင်းတန်းတစ်ခုသည် အဆုံးမဲ့ချောက်ထဲကနေ ထိုးထွက်လာ၏။ ကျင့်ကြံသူတစ်ယောက်သည် လှုပ်ရှားရန် ဟန်ပြင်လိုက်စဉ် အောက်ဘက်မှ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သူ့ထံသို့ ကျရောက်လာသည်။
ထိုလူ၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူက ခဏတာပင် ထုံထိုင်းသွားမိသည်။ သည်အခိုက်အတန့်တွင် အနီရောင်အလင်းသည် နီးကပ်လာသည်။ ၎င်းမှာ ပေတစ်သောင်းလောက် ရှိသည့် မြေကြီး ဖြစ်ကာ ယင်းမြွေက ထိုကျင့်ကြံသူကို ချက်ခြင်း ဝါးမြိုသည်။
ထိုလုပ်ဆောင်မှုက သတ်ဖြတ်မှုစတင်ရန် အချက်ပြခြင်းပေ။ များစွာသောကြမ်းကြုတ်သည့်သားရဲများက ထိုးထွက်လာကာ ဝင်ရောက်လာကြသည့် ကျင့်ကြံသူများနှင့် သေခြင်းရှင်ခြင်းတိုက်ပွဲ စတော့၏။
သည်အခိုက်အတန့်၌ သည်ချောက်နက်ထဲတွင် သွေးများ မိုးကဲ့သို့ ရွာကျ၏။ သားရဲများ၏ ကြမ်းကြုတ်စွာ အော်သံများ မြင့်တက်နေသည်။ တိုက်ခိုက်နေကြရင်း မူလစွမ်းအင်တုန်ခါလှိုင်းများသည် အတိတ်တုန်းက ဝမ်လင်း မစူးစမ်းနိုင်ခဲ့သော ချောက်ကန်ထဲထိ တဖြည်းဖြည်း ပျံ့နှံ့သည်။ သွေးနီရောင်မျက်လုံးတစ်စုံက အထက်ရှိ ကျင့်ကြံသူများကို မော့ကြည့်လာ၏။
တစ်ချိန်တည်းမှာ ရှေးဟောင်းနတ်ဘုရားကုန်မြေအတွင်းဘက်ရှိ သွေးပင်လယ်ထဲတွင် ထာဆန်သည် တိုင်လုံးတစ်ခုပေါ်တွင် ထိုင်လျက် ရှိ၏။ သူ့လက်ချောင်းများက အောက်ဘက်သို့ ကုတ်ချစ်ကာ စူးရှရှအသံတစ်ခုကို ဖြစ်နေစေသည်။ သူက ဖြည်းဖြည်းခြင်း ခေါင်းမော့ကာ ပြုံးလာ၏။ ထို့နောက် သူသည် သူ့ညာလက်ကို ပင့်မြှောက်ကာ ကြမ်းတမ်းစွာ ညှစ်ချ၏။
***