အခန်း ( ၂၇၆ )

တာအိုသစ်စေ့ နဝမမြောက် အစီအရင်

ပိုင်ရှောင်ချန်း၏မျက်လံုးအိမ် ကျဥ်းမြောင်းသွားလေသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ သူပြန်လာကတည်းက ကုန်းစွန်းဝမ်အာအား ပထမဆုံးပြန်တွေ့ရခြင်းဖြစ်လေသည်။ ထို့အပြင် အကြောင်းတချို့ကြောင့် သူမမှာ သူမှတ်မိသည့်ပုံစံထက်လုံးလုံးကွဲပြားနေလေသည်။

ယခင်ကကုန်းစွန်းဝမ်အာမှာလှပခဲ့ပါသော်လည်း နှစ်လိုဖွယ်မကောင်းခဲ့ပေ။ ယခုသူမြင်နေရသည့် မိန်းမပျိုလေးမှာ သူမ၏အရိုးထဲထိ နှစ်လိုဖွယ်ကောင်းနေသောပုံပေါ်နေပြီး သင်၏ စိတ်ထဲတွင် တုန်ရီသွားစေနိုင်လောက်အောင် ချစ်ဖွယ်ကောင်းလှသည်။

သူမ၏ မျက်နှာသွင်ပြင်မှာ ယခင်ကအတိုင်းဖြစ်သော်လည်း သူမမှာလုံးဝ ကွဲပြားနေပုံပေါ်လေသည်။ အလွန်ကွဲပြားနေသောကြောင့် ပိုင်ရှောင်ချန်း၏ ဦးရေပြားမှာ ပေါက်ကွဲမတတ် ကြိမ်းစပ်သွားလေသည်။

သူမက ကျင့်ကြံခြင်းအခြေခံ အငွေ့အသက်များကို ဖုံးကွယ်ထားပြီး မည်သည့်အကြောင်းရင်းမှန်းမသိ သူ၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ သူ၏ကိုယ်တွင်းထဲရှိ သွေးချီများကပင် စတင်၍ နှေးကွေးလေးလံလာပုံပေါ်လေသည်။

” တစ်ခုခု လွဲနေသလိုပဲ ” ပိုင်ရှောင်ချန်း၏နှလုံးသားမှာ စတင်၍ တဒိန်းဒိန်းခုန်ဆောင့်လာသော်လည်း ကုန်းစွန်းဝမ်အာမှာ လှည့်ကာ လူအုပ်ထဲတွင်ပျောက်ကွယ်သွားလေသည်။ သူ၏လည်ပင်းအားဆန့်တန်းကာ ပတ်လည်အားလိုက်ရှာပါသော်လည်း သူမအားနောက်တစ်ကြိမ် ထပ်မံ၍ရှာမတွေ့တော့ပေ။

တဖြည်းဖြည်းနှင့် သူခံစားနေရသော ထိတ်လန့်ခြင်းများမှာ ပျောက်ကွယ်သွားလေသည်။ သို့သော် သူကဖြစ်ပျက်သွားခဲ့သမျှနှင့် ပတ်သက်၍အလွန်သေချာနေဆဲ ဖြစ်လေသည်။

“ကုန်းစွန်းဝမ်အာက ဘယ်လိုတောင် အများကြီး ပြောင်းလဲသွားရတာလဲ” အမောတကာဖြစ်လျက် ပိုင်ရှောင်ချန်းက သူမ၏မျက်လုံးများအား ကြည့်မိလိုက်သောအချိန်နှင့် သူမ၏ သာယာကြည်နူးဖွယ်ရယ်မောသံ များကို ကြားခဲ့ရပုံများကို ပြန်လည်တွေးမိလိုက်လေသည်။ အကြောင်းတချို့ကြောင့် ထိုရယ်မောသံလေးမှာ သူနှင့်ရင်းနှီးနေပုံပေါ်နေသည်။

သူက ကုန်းစွန်းဝမ်အာအား အနည်းငယ် သိကျွမ်းခဲ့သော်လည်း ထိုရယ်မောသံအား ရင်းနှီးကျွမ်းဝင်ခြင်းတွင် လွန်စွာကွဲပြားနေပုံပေါ်လေသည်။

ကြည့်ရသည်မှာ ဟိုရှောင်မေ့က ပိုင်ရှောင်ချန်း၏ အံ့အားသင့်မှုကို သတိထားမိပုံပေါ်လေသည်။ သူမက သူကြည့်နေရာလူအုပ်ကိုလိုက်ကြည့်လိုက်သော်လည်း သူမက ကုန်းစွန်းဝမ်အာအား မမြင်မိပေ။

” ဘာဖြစ်လို့လဲ အစ်ကိုကြီး ရှောင်ချန်းရဲ့” သူမကမေးလိုက်လေသည်။

ပိုင်ရှောင်ချန်းက ခေါင်းကိုခါယမ်းလိုက်ပြီး ဖြေရှင်းချက်မပေးပေ။ ထိုအစား သူကထိုနေရာတွင် စဥ်းစဥ်းစားစားဖြင့် မတ်တပ်ရပ်နေလေသည်။ တဖြည်းဖြည်းနှင့် မန္တန်အစီအရင်ထဲရှိ ကျင့်ကြံသူပေါင်း သောင်းချီမှာ သူတို့အတွက်စီစဥ်ထားရာနေရာဆီသို့ ပို့ဆောင်ခံလိုက်ရသည်။ မကြာမီတွင် ရှန်းကွမ်းထျန်ယုံ၏ အလှည့်သို့ကျရောက်လာသည်။

မြောက်ဘက်ခြမ်းရှိ အတွင်းစည်းဂိုဏ်းသားများထဲမှ တစ်ယောက်က သူ၏အနားသို့ကပ်ကာ လက်ကိုဆုပ်ကိုင်၍ ပြောလိုက်လေသည်။ “ဂိုဏ်းတူဦးလေး ရှန်ကွမ်း… ဂိုဏ်းရဲ့အမိန့်အရ သတ်မှတ်ထားတဲ့ မြစိမ်းတောင်ရဲ့ အခြေခိုင်မာခြင်းအဆင့် မန္တန်အစီအရင်တွေထဲက တတိယမြောက်ကို ယူရလိမ့်မယ်။ ဦးလေးက တတိယမြောက် မန္တန်အစီအရင်ကို ဦးဆောင်ရမှာပါ။ ကျေးဇူးပြုပြီး ကျွန်တော် လိုက်ပါလမ်းပြပါရစေ။ ကျွန်တော်က အစီအရင်ရဲ့ ဝင်ပေါက်၊ ထွက်ပေါက်တွေကို ပြသပေးပါ့မယ်”

ထိုသို့ပြောကာ သူက များပြားလှသော စောင့်ကြည့်လေ့လာနေသူများ၏အကြည့်များအောက်မှ ရှန်ကွမ်းထျန်ယုံအား ခေါ်ဆောင်သွားလိုက်သည်။

ယခုရောက်လာကြသောလူအများစုမှာ သူတို့လာသော မည်သည့်တောင်ထိပ်ကမဆို ပိုင်ဆိုင်သည့် မန္တန်အစီအရင်ဆီသို့ပို့ဆောင်ခြင်းကို ခံလိုက်ရလေသည်။ သို့သော် ရှန်ကွမ်းထျန်ယုံနှင့် အနည်းငယ်ကွာခြားလေသည်။ သူက မန္တန်အစီအရင်၏ ခေါင်းဆောင်အဖြစ် ကြေငြာခံရကာ တိုးတိုး၊တိုးတိုးနှင့်ဆွေးနွေးမှု အတော်အများအား ဖြစ်သွားစေသည်။

” ဂိုဏ်းတူဦးလေး ရှန်ကွမ်းက တကယ်ကိုသူ့ရဲ့ဂုဏ်သတင်းအတိုင်းပဲ နေထိုင်နေပါလားဟ။ ဂိုဏ်းကလည်း သူ့ရဲ့အနာဂတ်အတွက် မျှော်လင့်ချက်မြင့်မြင့်မားမား ထားထားတာပဲ။ သူတို့က သူ့ကို မြစိမ်းတောင်ရဲ့ တတိယမြောက် မန္တန်အစီအရင်ရဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ်တောင် လုပ်ပေးထားတယ် ”

” ငါအခုပဲ လှည့်ပတ်ကြည့်လာပြီးပြီ။ လောချိန်တောင်တန်းရဲ့ နေရာတစ်ခုချင်းစီက တောင်ထိပ်တစ်ခုချင်းစီအတွက် သီးသန့်တစ်နေရာရှိတယ်ဆိုတာ ငါသဘောပေါက်ခဲ့တယ်ကွ။ တောင်ထိပ်တစ်ခုချင်းစီမှာ အပြင်စည်းဂိုဏ်း မန္တန်အစီအရင်တွေ ဒါဇင်နဲ့ချီရှိပြီး အတွင်းစည်းဂိုဏ်း မန္တန်အစီအရင် တစ်ဒါဇင် နဲ့အထက်အပြင် တောင်ထိပ်သခင်တွေနဲ့ အကြီးအကဲတွေအတွက်လည်း မန္တန်အစီအရင်တွေ အများကြီးရှိတယ်ကွ။ ဖြစ်နိုင်တာက ရှန်ကွမ်းထျန်ယုံက မန္တန်အစီအရင်ရဲ့ လက်ရွေးစင်ဖြစ်တော့မှာကွ”

” မြေခဓားချောက်ဆီက ပြန်လာပြီးတဲ့နောက် ဂိုဏ်းတူဦးလေး ရှန်ကွမ်းထျန်ယုံက ဝိညာဥ်စွယ်ကိုစိန်ခေါ်ခဲ့တဲ့အချိန်ကလွဲရင် သူရဲ့အချိန်အများစုမှာ တရားထိုင်တာတွေ၊ ကျင့်ကြံတာတွေပဲ လုပ်ခဲ့တာတဲ့ကွ။ ဘယ်သူကမှ သူတို့ထဲက ဘယ်သူနိုင်ခဲ့၊ ရှုံးခဲ့လည်း သေချာမသိဘူးတဲ့ကွ”

ရှန်ကွမ်းထျန်ယုံက သူ့ကိုအခြားသူများကဲ့သို့ အံ့သြအောင်လုပ်လိုက်နိုင်သဖြင့် ပိုင်ရှောင်ချန်း၏နှုတ်ခမ်းများမှာ ဖြစ်ပျက်သမျှကို တုံ့ပြန်မှုအနေဖြင့် အနည်းငယ်တွန့်သွားလေသည်။

အုတ်အုတ်ကျက်ကျက် စကားစမြည်ပြောနေကြသော်လည်း ရှန်ကွမ်းထျန်ယုံ၏အမူအယာမှာ ပုံမှန်အတိုင်းဖြစ်နေကာ လျှောက်သွားလေသည်။ သူက ထိုကဲ့သို့ များပြားလှသည့်အကြည့်များအပေါ် နေသားကျနေပြီးသားဖြစ်လေသည်။ သူ့အားဦးဆောင်ခေါ်နေသော မြောက်ဘက်ခြမ်း၏အတွင်းစည်းဂိုဏ်းသားအား လှည့်ကြည့်လိုက်ကာ အေးစက်စွာမေးလိုက်လေသည်။
” ဒုတိယမြောက်နဲ့ ပထမမြောက် မန္တန်အစီအရင်ရဲ့ ခေါင်းဆောင်တွေက ဘယ်သူတွေဖြစ်နိုင်သလဲ”

“ဂိုဏ်းတူဦးလေး ရှန်ကွမ်းခင်ဗျာ” ဂိုဏ်းသားလေးမှာ ရိုသေစွာဖြင့် ပြန်ဖြေလေသည်။
” ကျွန်တော်ကြားခဲ့တာတွေအရ ဒုတိယမြောက် မန္တန်အစီအရင်ကို မြစိမ်းတောင်ရဲ့အကြီးအကဲတစ်ယောက်က ဦးဆောင်ရပြီး ပထမမြောက် မန္တန်အစီအရင်ကို တောင်ထိပ်သခင်က ထိန်းချုပ်ပါလိမ့်မယ်” ရှန်ကွမ်းထျန်ယုံက ခေါင်းညိတ်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းအား လှည့်ကြည့်ကာ အေးစက်စက်နှာမှုတ်လိုက်လေသည်။

အချိန်ခဏကြာပြီးနောက် အခြားဂိုဏ်းသားတစ်ယောက်က ကျိုးရှင်းချီအနား ချဥ်းကပ်ကာ လက်ကိုဆုပ်ကိုင်လျက် ဦးညွတ်လိုက်လေသည်။

“ဂိုဏ်းတူဒေါ်လေး ကျိုးခင်ဗျ… ကျွန်တော်က လမ်းကိုပြသပေးဖို့လာခဲ့တာပါ။ ဒေါ်လေးက မွှေးရနံ့တိမ်တောင်ရဲ့ တတိယမြောက် မန္တန်အစီအရင်ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်”

ကျိုးရှင်းချီက တိတ်ဆိတ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။ သူမနှင့် ရှန်ကွမ်းထျန်ယုံနှစ်ဦးလုံးမှာ တည်နေရာရွှေ့ပြောင်းသည့် မန္တန်အစီအရင်ထဲမှ ထွက်ခွာသွားပြီး ပိုင်ရှောင်ချန်းက သူတို့ထွက်ခွာသွားသည်ကို ကြည့်နေလိုက်သည်။ ကျိုးရှင်းချီမှာ သူ့အားသိပ်၍ အနှောင့်အယှက်မပေးသော်လည်း အကြောင်းတချို့ကြောင့် ရှန်ကွမ်းထျန်ယုံမှာ သူ့အား မခံသာဖြစ်စေကြောင်းတွေ့ရှိလိုက်ရသည်။

“ဒီကောင် ခေါင်းဆောင်တစ်ယောက်အဖြစ်ရလိမ့်မယ်လို့ ငါမယုံနိုင်ဘူးကွ။ အတွင်းစည်းနဲ့ အပြင်စည်း မန္တန်အစီအရင်တွေအပြင် တောင်ထိပ်တိုင်းမှာ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတွေအတွက် မန္တန်အစီအရင်တွေရှိမယ်လို့ ငါမှန်းထားတာက..ဟမ်။ ကောင်းပြီ..ဒါနဲ့ ငါကကော..။ ငါကဘယ်ကိုသွားရမှာတုန်း ”
သူက ထိုမေးခွန်းအား အလေးအနက်ထားစဥ်းစားနေစဥ် တောင်ဘက်ခြမ်းမှ အတွင်းစည်းဂိုဏ်းသားများထဲမှ တစ်ယောက်က အလင်းတန်းအသွင်ဖြင့် ချဥ်းကပ်လာလေသည်။

သူက အနီးသို့မရောက်သေးမီ သူကအော်ပြောလေသည်။
” ဂိုဏ်းတူဦးလေး ပိုင်က ဒီမှာလားဗျာ”

သူက ချွေးများစီးကျနေကာ သူ၏အသံမှာ ထိုနေရာရှိလူတိုင်း ကြားနိုင်လောက်သည်အထိ ကျယ်လောင််လေသည်။ ရှန်ကွမ်းထျန်ယုံနှင့် ကျိုးရှင်းချီပင် သူတို့၏လမ်းကြောင်းကိုယ်စီတွင် ရပ်ကာ လှမ်းကြည့်လာလေသည်။

ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ တောက်ပလာပြီး အရှေ့သို့အနည်းငယ်လှမ်းလိုက်ကာ အတွင်းစည်းဂိုဏ်းသားထံသို့ ဝေ့ယမ်းပြလိုက်လေသည်။

ထိုဂိုဏ်းသားမှာ သူ့အားမြင်သွားကာ ပျံသန်းလာလေသည်။ သူက မြေပြင်ပေါ်သို့မရောက်မီတွင်ပင် လက်ကိုဆုပ်ကိုင်ကာ သူ၏မျက်လုံးများတွင်လည်း ကြည်ညိုခြင်း၊ လေးစားခြင်းများတောက်ပလျက် ဦးညွတ်လိုက်လေသည်။

” ဂိုဏ်းတူဦးလေး ပိုင်ကို ဂါရဝပြုပါတယ်။ ဂိုဏ်းခေါင်းဆောင်က ဦးလေးအတွက် တောင်ဘက်ခြမ်း နဲ့ မြောက်ဘက်ခြမ်းရဲ့ မန္တန်အစီအရင်တွေထဲ မပါဝင်ရဘူးလို့ အမိန့်ပေးလိုက်ပါတယ်။ အဲဒီအစား ဦးလေးက တာအိုသစ်စေ့တောင်ရဲ့ အခြေခိုင်မာခြင်းအဆင့်အစီအရင်ထဲ ကိုသွားရပါမယ် ”
လူအများစုမှာ အတွင်းစည်းဂိုဏ်းသားပြောသောစကားများကို ကြားလိုက်ရပြီးနောက် တီးတိုးစကားပြောဆိုမှုများမှာ ကျွတ်ကျွတ်ညံသွားပြီး ချက်ချင်းနီးပါး လူတိုင်းမှာ ပိုင်ရှောင်ချန်းအား ကြည့်လာကြလေသည်။

“သူက တာအိုသစ်စေ့တောင် အခြေခိုင်မာခြင်းအဆင့် အစီအရင်ထဲကို သွားရမှာပေါ့”

” အာ.. ဒါလဲ ဖြစ်သင့်တာပဲလေ။ ဂိုဏ်းတူဦးလေးပိုင်က ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံခြင်းအခြေခံရှိတာပဲ။ သူ့ကို အခြားတောင်ထိပ်ခုနှစ်ခုနဲ့အတူထားလိုက်ရင် သူ့ရဲ့စွမ်းရည်တွေကို ဖြုန်းတီးလိုက်သလိုဖြစ်သွားမှာပေါ့။ တာအိုသစ်စေ့တောင်ကသာ ဂိုဏ်းတူဦးလေးပိုင်အတွက် သင့်တော်တာကွ”

ပိုင်ရှောင်ချန်းအပေါ်ကျရောက်လာသော အကြည့်များတွင် လေးစားရိုသေခြင်း၊ မနာလိုခြင်းများပါဝင်နေလေသည်။ရ ပိုင်ရှောင်ချန်းအား ဂိုဏ်းက ရှန်ကွမ်းထျန်ယုံ နှင့် ကျိုးရှင်းချီတို့ကဲ့သို့ လူများထက်ပင်အလွန်တန်ဖိုးထားသောကြောင့် သူက အလွန်အရေးကြီးသောပုဂ္ဂိုလ် ဖြစ်နေလေသည်။

ကျိုးရှင်းချီက ပိုင်ရှောင်ချန်းအား ကြည့်လိုက်ပြီးနောက် အကြည့်လွှဲကာ လမ်းလျှောက်ထွက်သွားလိုက်လေသည်။ ရှန်ကွမ်းထျန်ယုံ၏ အမူအယာမှာ ယခင်ကအတိုင်းဖြစ်သော်လည်း သူ၏လက်များကို တင်းတင်းဆုပ်ထားလေသည်။ တစ်စုံတစ်ယောက်အား ထိုကဲ့သို့ ပေါ်တင်နှိုင်းယှဥ်ရခြင်းကြောင့် အံကိုကြိတ်လိုက်ရင်း အကျီလက်ကို ခါလိုက်ပြီးနောက် အဝေးသို့ ပျံသန်းသွားလိုက်တော့သည်။

ပိုင်ရှောင်ချန်းမှာ အလွန်ဝမ်းမြောက်နေလေသည်။ ဟိုရှောင်မေ့မှာ အခြားတောင်ဘက်ခြမ်းမှ ဂိုဏ်းသားများနှင့်အတူ နေရာတစ်ခုသို့ပို့ခံလိုက်ရသော်လည်း ပိုင်ရှောင်ချန်းနှင့် ဟိုယွင်ဖေးက သူမအား အချက်အချာကျသော နေရာတစ်ခုသို့ပို့ဆောင်စေရန်နှင့် အချိန်တိုင်း ကာကွယ်ပေးနိုင်ရန် စီစဥ်ထားလေသည်။

၎င်းနှင့်အတူ ပိုင်ရှောင်ချန်းက တောင်ဘက်ခြမ်းအတွင်းစည်းဂိုဏ်းသား၏နောက်သို့ လိုက်သွားလေသည်။ မကြာမီတွင် သူတို့က စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အားများရှိသော မြေပြင်တွင်ကြီးမားသည့် မန္တန်အစီအရင်ကိုးခုလောင်ကျွမ်းနေသည့်နေရာ အလယ်ဆီသို့ ရောက်သွားကြသည်။ မန္တန်အစီအရင်တစ်ခုချင်းဆီမှာ မီတာသုံးရာအကွာအဝေးရှိကာ အလွန်ပြင်းထန်သော အငွေ့အသက်များနှင့် မျက်စိစူးရှလောက်သည့် အလင်းရောင်များ ထုတ်လွှတ်နေသည်။ သူတို့က တောင်တန်းတစ်ခုလုံးအား မဟာမန္တန်အစီအရင်များနှင့် ပြည့်နှက်စေသယောင်ယောင်ဖြစ်သွားစေသည်။

ရာနှင့်ချီသော ဂိုဏ်းသားများမှာ မန္တန်အစီအရင်အတွင်း ညှိနှိုင်းခြင်းများ၊ ပြင်ဆင်မှုများ အမျိုးမျိုးကိုပြုလုပ်ကာ အလုပ်ရှုပ်နေလေသည်။ မန္တန်အစီအရင်များ၏ အရှိန်အဝါမှာ အချိန်တိုင်းကိုလိုက်ကာ ပို၍ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလာလေသည်။

မန္တန်အစီအရင်များ၏အထဲတွင် တင်ပျဥ်ခွေထိုင်နေသော လူများပင်ရှိနေပြီဖြစ်သည်။ လူတိုင်းထိုင်ရန် ထိုနေရာများအား ဂိုဏ်းခေါင်းဆောင်က နေရာချထားပေးကာ ပြောင်းလဲထိုင်၍မရပေ။

ပို၍နီးကပ်စွာ ဆန်းစစ်ကြည့်သောအခါ မန္တန်အစီအရင်တစ်ခုချင်းစီတွင် ကျင့်ကြံသူများအတွက် နေရာရှစ်နေရာကို ရှစ်ထောင့်အစီအရင် အတိုင်း ခင်းကျင်းစီစဥ်ထားလေသည်။ အလယ်ထဲတွင် ခေါင်းဆောင်များအတွက် နေရာသုံးခုရှိလေသည်။

ပိုင်ရှောင်ချန်းက အမျိုးမျိုးသော မန္တန်အစီအရင်အတွင်းမှ ကျင့်ကြံသူအများအပြားကို မှတ်မိလေသည်။ သူတို့အားလုံးမှာ အခြေခိုင်မာခြင်းအဆင့်အကြီးအကဲများဖြစ်ကာ ပိုင်ရှောင်ချန်းက ကြည့်နေသည်ကို မြင်သွားကြသောအခါ သူတို့အားလုံးမှာ ခေါင်းကိုညိတ်ကာ နှုတ်ဆက်လိုက်ကြလေသည်။

ပိုင်ရှောင်ချန်းမှာ နဝမမြောက် မန္တန်အစီအရင်တွင် တာဝန်ပေးအပ်ခြင်း ခံရလေသည်။ မန္တန်အစီအရင်နှင့် အခြားရှစ်ခုအကြား ကွာခြားချက်တစ်ခုမှာ ခေါင်းဆောင်နေရာတစ်ခုသာ ဖြစ်လေသည်။

” ဂိုဏ်းခေါင်းဆောင်ရဲ့ အမိန့်အရ ဂိုဏ်းတူဦးလေးပိုင် က တာအိုသစ်စေ့တောင်အစီအရင်ဖြစ်တဲ့ နဝမမြောက်မန္တန်အစီအရင်ရဲ့ တစ်ဦးတည်းသောခေါင်းဆောင်ပါ” ပိုင်ရှောင်ချန်းအား လမ်းပြပေးသော ဂိုဏ်းသားမှာ ရိုသေလေးစားစွာဖြင့် လက်ကိုဆုပ်ကိုင်ပြီးနောက် ထွက်သွားလိုက်လေသည်။ ပိုင်ရှောင်ချန်းက နဝမမြောက် မန္တန်အစီအရင်ထဲသို့ ဝင်လိုက်ကာ ခေါင်းဆောင်အတွက် သီးသန့်လုပ်ထားသည့် အလယ်နေရာသို့ ဝင်ထိုင်လိုက်လေသည်။

ထိုအချိန်တွင် အခြား အခြေခိုင်မာခြင်းအဆင့်အကြီးအကဲများက နဝမမြောက်အစီအရင်၏အခြားနေရာများသို့ ရောက်လာခြင်းမရှိကြပေ။ ပိုင်ရှောင်ချန်းက သူ၏မျက်လုံးများကို မှိတ်ကာ ကျင့်ကြံခြင်းအခြေခံအား ထုတ်ဖော်လိုက်ပြီး မန္တန်အစီအရင်နှင့်နေသားကျအောင်လုပ်လိုက်လေသည်။

ချက်ချင်းနီးပါး မန္တန်အစီအရင်မှာ ပိုင်ရှောင်ချန်း၏ ခရမ်းရောင်ချီ ကောင်းကင်တံတားမန္တန်တော်နှင့် အတူပဲ့တင်ထပ်ရိုက်ခတ်လာလေသည်။ ထို့ကြောင့် သူကချက်ချင်းပင် အစီအရင်နှင့် တစ်သားထဲ ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏စိတ်မှာတုန်ရီသွားကာ ရုတ်တရက် သူ လုပ်ရမည့်အရာအားလုံးမှာ ထောင်တက်လာပြီး သူက ကြီးမားလှသော ဘီလူးကြီးအသွင်ပြောင်းလဲသွားလိမ့်မည်ဟု ခံစားလိုက်ရသည်။

ထိုခံစားချက်မှာသူ၏စိတ်အား ရှုပ်ထွေးသွားစေသည်။ တပြိုင်တည်းမှာပင် နဝမမြောက် မန္တန်အစီအရင်ဆီမှ စူးရှပြင်းထန်သောအလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။

ပတ်ဝန်းကျင်ရှိ မန္တန်အစီအရင်များထဲမှ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူ များနှင့် ထိုနေရာရှိကျင့်ကြံသူများမှာ ဖြစ်ပျက်သမျှကို သတိထားမိသွားကြလေသည်။ စတုတ္ထမြောက်လှိုင်းဆီမှ အမျိုးမျိုးသော အစီအရင်များဆီသို့ ပို့ဆောင်ခံနေရဆဲဖြစ်သော သောင်းနှင့်ချီသည့်ကျင့်ကြံသူများမှာ တုန်လှုပ်သွားကြကာ လှည့်ကြည့်လာကြလေသည်။

မကြာမီတွင် သက်ပြင်းရှိုက်သံများကို ကြားရနိုင်လေသည်။ ပိုင်ရှောင်ချန်း၏နေရာ နဝမမြောက်မန္တန်အစီအရင်တွင် အလင်းရောင်များတောက်ပနေကာ မီတာခြောက်ရာ ရှည်သော ဘီလူးကြီးတစ်ကောင်၏ ပုံရိပ်ကိုဖန်တီးနေလေသည်။ တဖြည်းဖြည်းနှင့် ဘီလူးကြီး၏ မျက်နှာအသွင်အပြင်များ စတင်၍ ရုပ်လုံးကြွလာသည်။ သူတို့အား ပိုင်ရှောင်ချန်းကသာ ထိန်းချုပ်ထားလေသည်။

ဖက်တီးကျန်း၊ အမှတ်သုံး ဖက်တီးဟီ၊ ရွှီပေါက်ချိုင်၊ ဟိုယွင်ဖေး နှင့် လောချိန်တောင်တန်းပေါ်ရှိ နေရာအသီးသီးမှ သူ၏ အခြားသူငယ်ချင်းများအားလုံးမှာ ဘီလူးကြီးအားကြည့်လာကာ အံ့သြထိတ်လန့်နေကြတော့သည်။

ဝိညာဥ်စွယ်မှာ ဝိညာဥ်စွယ်တောင်၏ တတိယမြောက်အစီအရင်ရှိနေရာတစ်ခုတွင် တရားထိုင်နေလေသည်။ ထို့နောက် သူ၏မျက်လုံးများမှာ ဆတ်ခနဲပွင့်သွားပြီး ဘီလူးကြီးအား မော့ကြည့်လာလေသည်။

ပေဟန်လဲ့၊ ရွှီဆုန်၊ မကြာသေးမီကမှရောက်ရှိလာသော ရှန်ကွမ်းထျန်ယုံနှင့် ကျိုးရှင်းချီတို့ အားလုံးသည်လည်း တစ်နေရာတည်းကို ဦးတည်၍ကြည့်နေကြလေသည်။

ကုန်းစွန်းဝမ်အာ၏ မျက်လုံးများတွင်မူ ထူးဆန်းသည့်အလင်းရောင်များ တောက်ပသွားတော့သည်။

ပိုင်ရှောင်ချန်းမှာ အစပိုင်းတွင် အနည်းငယ် တွေဝေနေလေသည်။ သူကဘီလူးကြီးတစ်ကောင်ဖြစ်သွားသည့်အလား ခံစားလိုက်ရပြီး သူ၏အတွေးများကလည်း ဘီလူးကြီး၏အတွေးများဖြစ်သွားသည့်အလား ခံစားလိုက်ရသည်။ ကြည့်ရသည်မှာ ထိုဘီလူးကြီးက သူကိုယ်တိုင်၏ပြင်ပသရုပ် ဖြစ်ဟန်တူသည်။

သူ့ခန္ဓာကိုယ်သို့ ဖြတ်၍ စီးဆင်းသွားသည့် ပြိုင်ဘက်ကင်းစွမ်းအင်များကြောင့် သူက ခေါင်းကိုနောက်ပစ်ကာ ရှည်လျား စူးရှသည့်အသံဖြင့် အော်လိုက်မိလေသည်။ ကောင်းကင်တစ်ခွင်မှာ မိုးကြိုးအပစ်ခံလိုက်ရသည့်အလား တုန်ခါသွားကာ ထိုနေရာရှိ အရာအားလုံးမှာ စတင်၍ လှုပ်ရှားသွားကြသည်။

သူက သူ၏လက်ကို ဝေ့ယမ်းရန်ကြိုးစားလိုက်သော်လည်း မရင်းနှီး၊မကျွမ်းဝင်သည့် ထိုပုံစံကြောင့် ဘီလူးကြီးမှာ မတည်မငြိမ်ဖြစ်လာကာ တဖြည်းဖြည်းပြိုလဲသွားလေသည်။ သို့တိုင်အောင် ယခုအချိန်လေးအတွင်း ဖြစ်ပျက်သွားသမျှအား မြင်လိုက်ရသူအပေါင်းမှာ ထိတ်လန့် အံ့သြနေဆဲဖြစ်လေသည်။

ကောင်းကင်အထက်ရှိ ဂိုဏ်းစောင့်အကြီးအကဲများနှင့် အမွေဆက်ခံသူအဆင့်ကျင့်ကြံသူများပင် အာရုံစိုက်နေကြလေသည်။

” အဲ့တာ ပိုင်ရှောင်ချန်းလား ”

” သူက မန္တန်အစီအရင်ထဲကို ခြေချလိုက်ရုံပဲရှိသေးတယ်။ သူက သူ့ရဲ့စွမ်းအားတွေကို ပြင်ပသရုပ်အနေနဲ့တောင် ထုတ်လွှတ်နိုင်နေပြီ”

” ကြည့်ရတာ ပိုင်ရှောင်ချန်းရဲ့ပညာရပ်တွေက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ မန္တန်အစီအရင်တွေနဲ့ တိုက်ရိုက်ဆက်နွှယ် နေတဲ့ ပုံရတယ်ကွ”

” ဂိုဏ်းခေါင်းဆောင်ကြီးက သူ့ကို နဝမမြောက်အစီအရင်ရဲ့ တစ်ဦးတည်သော ခေါင်းဆောင်အဖြစ် စီစဥ်ပေးလိုက်တာ အံ့သြစရာ မဟုတ်တော့ဘူး။ ပုံမှန်အားဖြင့် မန္တန်အစီအရင်ကိုဖန်တီးဖို့ဆိုရင် ကျင့်ကြံသူသုံးဦးလိုအပ်တယ်။ သူကတော့ တစ်ယောက်ထဲ လုပ်နိုင်တာပဲ”


Comment

Leave a Reply

Options

not work with dark mode
Reset