Switch Mode

အပိုင်း(၁၁၆၂)

မိုးကောင်းကင်ဘုံနယ်မြေ ထပ်မံ ဖွင့်လှစ်စေခြင်း…

“ပါးစပ်ပိတ်ထားလိုက်စမ်း…” ဝမ်လင်းသည် မျက်မှောင်ကြုတ်နေ၏။

ရှုလီကောသည် ချက်ခြင်း စကားပြောနေသည်ကို ရပ်လိုက်၏။ သို့သော် သူ့ဓားခန္ဓာကိုယ်ကတော့ တုန်ယင်နေ၏။ သူက တွေးနေသည်။ “သွားပြီ…သွားပြီ…။ ဒီမိစ္ဆာကောင်ကို သွားတိုက်ခိုက်ဝံ့တဲ့အထိ ငါ ရူးသွားခဲ့တာပဲ။ ရှုလီကော…ရှုလီကော…မင်းက တကယ့်ကို သောက်သုံးမကျတဲ့ကောင်ပဲ။ မင်းဘယ်လိုလုပ်များ စိတ်လိုက်မာန်ပါ လုပ်လိုက်ရတာလဲ…”

“ဒီကိစ္စကတော့ ထားလိုက်တော့။ ငါ မင်း အပြုအမူကို ခုကစပြီး စောင့်ကြည့်မယ်။ မင်းသာ ငါ့ကို ထပ်ပြီးပုန်ကန်ဝံ့ရင်တော့ မင်းကို အမြစ်ဖျက်ပစ်တော့မယ်…”

ဝမ်လင်း၏အသံက အေးစက်နေ၏။ သို့သော် ရှုလီကောအဖို့တော့ သူ့နှလုံးသားထဲ လေပြေညင်းတိုက်ခတ်သွားသကဲ့သို့ပင်။ သူက ခပ်သွက်သွက် ပြောလိုက်၏။

“သခင်က တကယ့်ကို…ကြင်နာ…” ရှုလီကော စကားမဆုံးခင်မှာပင် ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ဓားကို လေဟာနယ်အက်ကြောင်း (ဝါ) သူ့သိုလှောင်နေရာလွတ်ထဲသို့ ပို့လွှတ်လိုက်တော့သည်။ သူသည် ရှုလီကော၏ ကပ်ဖားယပ်ဖား စကားများကို မကြားချင်တော့ပေ။

ရှုလီကောကို ပြန်သိမ်းဆည်းပြီးနောက် ဝမ်လင်းသည် ဘေးတစ်ဖက်သို့ ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားတော့သည်။

တာရှန်က ဟင်္သာငှက်နတ်ကလန်အတွင်း ကျင့်ကြံခြင်းဂြိုဟ်တစ်ခုပေါ်တွင် ထိုင်လျက် ရှိနေ၏။ သူ့ဘေး၌ သားရဲအရေပြားများစွာ ရှိနေသည်။ သူက တက်တူးစွမ်းအားကို ၎င်းတို့ထဲသို့ ဆက်တိုက် ပေါင်းထည့်သွင်းနေသည်။

တာရှန်သည် သားရဲအရေပြားပေါ်တွင် တက်တူးအမှတ်အသားများ ရေးဆွဲနေရင်း သူ့ညာလက်သည် တုန်ယင်လေ၏။ သူက ခေါင်းမော့ကာ ကြည့်သည်။ ဝမ်လင်းက မသိလိုက်ပါဘဲဖြင့် ပေါ်လာကာ သူ့အား တည်ငြိမ်စွာ ငုံ့ကြည့်၏။

တာရှန်က အနည်းငယ် စဉ်းစားပြီးနောက် ပြောလာသည်။ “သခင်…”

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ အကွာအဝေးတစ်ခုထံသို့ ကြည့်နေသည်။ အချိန်အတန်ကြာပြီးနောက် သူက တည်ငြိမ်စွာဖြင့် ပြောလာသည်။ “မင်း အသိစိတ်ပြန်ရရှိနေပြီပဲ။ ဒါ့ကြောင့် မင်းအနေနဲ့ ငါ့ကို သခင် လို့ထပ်ခေါ်စရာ မလိုတော့ဘူး…”

တာရှန်၏မျက်နှာသည် ပိုမို ခါးသက်ဟန် ပေါက်လာ၏။ ထို့နောက် သူက ခပ်တိုးတိုး ဆိုသည်။ “သခင်ကြောင့်သာ ငါက ခုချိန်ထိ ရှင်သန်နိုင်ခဲ့တာ။ တာရှန်က ဒါကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး…”

ဝမ်လင်းသည် သက်ပြင်းချ၏။ သူက တာရှန်ကို ကြည့်ကာ မေးလိုက်သည်။ “မင်း ဘယ်အချိန် ထွက်သွားမလဲ…”

တာရှန်၏ခန္ဓာကိုယ်သည် တုန်ယင်နေ၏။ သူက ဝမ်လင်းကို မော့ကြည့်နေလျက်ပင်။ အနည်းငယ် စဉ်းစားပြီးနောက် သူက မချင့်ပြုံးပြုံးကာ ပြောလာသည်။ “သခင်က ငါ့ကို ဘယ်လိုလုပ် ဖြတ်မြင်နိုင်စွမ်း ရှိခဲ့တာလဲ…”

“မင်းက ဒီနေရာကို ရောက်လာကတည်းက အဆောင်တွေကို ပြုလုပ်နေတာ ဖြစ်တယ်။ မင်းမှာသာ အစီအရင်တစ်ခုခု မရှိိခဲ့င် ဒါတွေကို လုပ်နေဖို့ မလိုဘူး…”

အခုကြိမ်က ဝမ်လင်း တာရှန်ကို သည်နှစ်အနည်းငယ်အတွင်း ပထမဆုံး လာတွေ့ခြင်းပင်။ ဝမ်လင်းသည် သူ့အရင်က ကောင်းကင်ဘုံသက်တော်စောင့်နှင့် တွေ့နေရခြင်းသည် သူ့ကို အတော်လေး စိတ်ရှုပ်ထွေးမိနေစေ၏။

တာရှန်သည် ခေါင်းငုံ့ကာ ခပ်တိုးတိုး ဆိုသည်။ “အတိတ်တုန်းက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှာ ရှိခဲ့တဲ့ ငါ့ကလန်ဝင်တွေကို တွေ့ချင်တယ်။ သခင်….ငါ့အတွက် လုပ်တဲ့အဆောင်တွေအပြင် သခင့်အတွက်လည်း ငါ လုပ်ပေးထားသေးတယ်။ ဒါတွေက အမြန်၊ပျက်စီးခြင်း၊ ချိပ်ပိတ်ခြင်းတို့ပဲ…”

ထိုသို့ ပြောနေရင်း သူက သားရဲအရေပြားသုံးခုကို ထုတ်ယူကာ ဝမ်လင်းထံသို့ တရိုတသေ ကမ်းပေးလိုက်၏။

သည်အဆောင်သုံးခုကို ပြုလုပ်ရန်မှာ သာမန်အဆောင်များထက် များစွာ ပိုအားစိုက်ထုတ်ရန် လို၏။

ဝမ်လင်းသည် အဆောင်သုံးခုကို ယူကာ ပြောလိုက်၏။ “မဟာမိတ်ကြယ်အဖွဲ့အစည်းဟာ ခုချိန်မှာ တကယ့်ကို ဗရမ်းဗတာ ဖြစ်နေတယ်။ မင်း ခရီးစဉ်ကို ဂရုစိုက်ပါ…”

တာရှန်သည် ဝမ်လင်းကို ကြည့်ကာ ခေါင်းညိတ်ပြသည်။

“တကယ်လို့ မင်း အလုံးစုံကောင်းကင်ရဲ့ ချင်းလင်းဂြိုဟ်မှာ ငါ ခေါ်ဆောင်ခဲ့တဲ့ ငါ့တပည်ကို တွေ့ခဲ့ရင်လည်း ကျေးဇူးပြုပြီး မင်း ငါ့အစား သူ့ကို ဂရုစိုက်ပေးပါ…”

ဝမ်လင်းသည် ထွက်မသွားခင် နောက်ထပ်တာရှန်ကို ကြည့်သည်။

သည့်နောက် ဝမ်လင်းက တာရှန်ကို ထားခဲ့၏။ သူ မထွက်ခွာသွားခင် တာရှန်သည် ဝမ်လင်းရှိရာသို့ တိတ်ဆိတ်စွာ ဒူးထောက်ချကာ ဦးညွတ်သည်။ ထို့နောက် သူက သားရဲအရေပြားများအားလုံးကို သိမ်းဆည်းပြီး ကောင်းကင်ထက်သို့ ပျံသန်းထွက်သွားတော့သည်။

စစ်ထူနန်သည်လည်း အဇူရာနတ်နဂါးအင်ပါယာကို ကယ်တင်ရန် မိုးကောင်းကင်ဘုံနယ်မြေသို့ သွားမည့် ခရီးစဉ်တွင် လိုက်ပါမည်သာ ဖြစ်သည်။သူ့ခန္ဓာကိုယ်ထဲရှိ အဆိပ်မှာ လုံးဝ အမြစ်မပျက်သေးပေ။ အဆိပ်ဖြေဆေးသာ မရှိပါက နောက်ပိုင်းတွင် သူ့ကို ဒုက္ခပေးလာနိုင်သေး၏။

စစ်ထူနန်သည် အကြီးအကဲ(၃၅)ယောက်ရှိနေသော နေရာနားသို့ ရောက်နှင့်နေပေပြီ။ သူက သူတို့ထဲမှ တစ်ယောက်ဘေးနားတွင် ရပ်နေ၏။ ထိုသူက စစ်ထူနန်၏အဆိပ်ကို ကူပယ်ဖျက်ပေးခဲ့သော အကြီးအကဲပင်။

စစ်ထူနန်သည် အလေးအနက်အသွင်ဖြင့် ထိုင်နေ၏။ သို့သော် သူက သူ့စိတ်ကိုယ်သူ ပြင်ဆင်ထားပြီး ဖြစ်သည်။ သူသာ အဆိပ်ကို ဖယ်ရှားခဲ့ပြီးမှ ဝမ်လင်းကို ခေါ်ကာ ဖန်လန်ဂြိုဟ်ပေါ်သို့ လက်စားချေရန်သွားမည် ဖြစ်သည်။ သူသည် ဖန်လန်ဂြိုဟ်ပေါ်ရှိ အမျိုးသမီးကျင့်ကြံသူများကြောင့် သူခံစားခဲ့ရသမျှကို ပြန်ပေးဆပ်မည် ဖြစ်သည်။

ဟင်္သာငှက်နတ်ကလန်တွင် လူသူကင်းမဲ့ကာ လူနေထိုင်ရန် မသင့်တော်သည့် ဂြိုဟ်အချို့ ရှိ၏။ ထိုဂြိုဟ်များက အဆိပ်အခိုးအငွေ့များနှင့် ပြည့်နေ၏။ မီးတောက်များသည် ထိုအဆိပ်တို့ကို ပို၍ ပြင်းနေစေသည်။

သည်အခိုက်အတန့်တွင် ဝမ်လင်းသည် လူသူကင်းမဲ့သည့်ဂြိုဟ်များထဲမှ တစ်ခုအပေါ်၌ ပေါ်လာ၏။ ထိုဂြိုဟ်ပေါ်တွင် မည်သည့်အပင်မှ ရှိမနေဘဲ သက်ရှိအားလုံးနီးပါး မျိုးတုန်းနေကြပေသည်။ ရှိတာဆို၍ သိပ်သည်းသောအပူဓာတ်သာ ရှိသည်။

ဤသဲနက်ကန္တာရက ပြန့်ပြူးခြင်း မရှိဘဲ လွန့်လူးမို့မောက်ကာ တောင်အချို့သည်ပင် ရှိသည်။

ဝမ်လင်းရှေ့တွင်လည်း တောင်တစ်လုံး ရှိနေ၏။ ၎င်းသည် လုံးဝ နက်မှောင်နေ၏။ အပူလှိုင်းများသည် ဝမ်လင်း၏ဆံပင်အဖြူများကို လွင့်ဝဲနေစေသည်။

ဝမ်လင်းက သူ့လက်နှစ်ဖက်ကို ယှက်ကာ ပြောသည်။ “ဝမ်လင်းက စီနီယာ တိမ်ကောင်းကင်စုံတွဲကို နှုတ်ဆက်ပါတယ်…”

သူ့အသံထွက်ပေါ်လာသည်နှင့် တောင်ထံမှ ဓားစွမ်းအင်တန်းသည် ထိုးထွက်ကာ ဝမ်လင်းရှိရာသို့ တိုးဝင်လာ၏။ ဝမ်လင်းသည် မရှောင်ဘဲ ထိုအစား သူ့ရှိ တိုးဝင်လာသည့် ဓားစွမ်းအင်ကို ပြုံး၍ ကြည့်နေသည်။

ဓားစွမ်းအင်သည် နီးကပ်လာချိန်၌ လူတစ်ယောက်အသွင်သို့ ပြောင်းသွားသည်။ ထိုလူသည် သက်လတ်ပိုင်းအရွယ်ရှိ၏။ သူက ဝမ်လင်းက ကြည့်ချိန်၌ သူ့မျက်နှာထက်တွင်လည်း အပြုံးတစ်ခု ရှိနေလေ၏။

“ဝမ်လင်း…စီနီယာနှစ်ယောက်က မင်းရောက်နေတာ သိတယ်။ ဒါ့ကြောင့် ငါ နဲ့လိုက်ခဲ့ချေ…” ထိုလူမှာ ကျောက်ရီပင်။

ဝမ်လင်းနှင့်သူ့ကြား ပတ်သတ်မှုက ပြောနေစရာပင် မလိုပေ။ သူတို့နှစ်ယောက်သည် တောင်ထံသို့ ခြေချကာ အောက်ဘက်သို့ ဆက်သွားကြ၏။

ထိုတောင်သည် အလွန်အမင်း နက်ရှိုင်း၏။ သိပ်သည်းသောအပူလှိုင်းများက အတွင်းဘက်ကနေ ထွက်ပေါ်နေသည်။ ဝမ်လင်းသည် သူအပူကို ဂရုစိုက်စရာ မလိုပေ။ ကျောက်ရီသည်လည်း သည်အပူလှိုင်းအောက်၌ ပုံမှန်အတိုင်းသာ ရှိနေ၏။ ကျောက်ရီကသူ့ကို ပြန်ကြည့်ကာ ခပ်တိုးတိုး ဆိုသည်။ “ငါ ဒီနေရာကို စရောက်ချိန်ကတော့ အသားမကျတာ အမှန်ပဲ။ ဒါပေမယ့် ခုတော့ ပြဿနာမရှိတော့ဘူး…”

ကျောက်ရီက အနည်းငယ် ချီတုံချတုံဖြစ်ဟန်ဖြင့် မေးလာ၏။ “ဝမ်လင်း…ငါ ကြားတာတော့ မင်း အဇူရာနတ်နဂါးအင်ပါယာကို ကယ်တင်မလို့ဆို…”

ဝမ်လင်းသည် ခေါင်းယမ်း၏။ သူက ကျောက်ရီကို လေးစားဟန်ဖြင့် ကြည့်ကာ ပြောလိုက်၏။ “အဇူရာနတ်နဂါးအင်ပါယာကို ကယ်တင်မယ့်အပြင် ကောင်းကင်ဘုံအင်ပါယာချင်းလင်နဲ့ ပတ်သတ်တဲ့ ကိစ္စလည်း ရှိသေးတယ်။ ချင်းလင်ကိုသာ နိုးထနိုင်ရင် ကောင်းကင်ဘုံအရှင်သခင် ချင်းရှောင်ကိုလည်း ပြန်အသက်သွင်းနိုင်လောက်တယ်…”

ကျောက်ရီက ဤအကြောင်းကို ကြားသည့်အခါ သူ့မျက်နှာထက်၌ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်လာ၏။ သူက ဝမ်လင်းကို ကြည့်ကာ ကျေးဇူးတင်စွာ ပြောလာ၏။ “ကျေးဇူးတင်ပါတယ်…”

ဝမ်လင်း၏အသွင်က စိတ်ရှုပ်သွားဟန် ဖြစ်လာကာ သူက ခေါင်းယမ်း၏။ ကျောက်ရီသည် မင်သက်သွားသည်။ သို့သော် သူက တစ်ခုခုကို တွေးမိလိုက်၏။ သူ့အမူအရာကလည်း တစ်မျိုးဖြစ်သွားသည်။ သူက ဝမ်လင်းနှင့်အတူ တောင်ကြောအတိုင်း ဆင်းသက်လာရင်း ပြောလိုက်သည်။ “မင်းနဲ့ငါက တော်တော်တူတာပဲ။ ဒါပေမယ့် ငါမင်းကို မကူညီနိုင်ဘူး။ ဘယ်သူမှ မင်းကို မကူညီပေးနိုင်တဲ့အချိန်မှာ မင်းရဲ့အစ်ကိုကြီး ကျောက်က မင်းကို ကူညီပေးဖို့အတွက် အစွမ်းမဲ့ရတယ်…”

ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစား၏။ သူက စကားဆက်၍ မဆိုတော့ပေ။

သိပ်မကြာခင်တွင် သူတို့နှစ်ယောက်သည် တောင်အောက်ဘက်သို့ ရောက်လာ၏။ တောင်အောက်ခြေသည် တစ်စုံတစ်ယောက်၏အစွမ်းထက်မန္တာန်ကြောင့် လုံးဝ ပြောင်းလဲနေသည်။ သည်နေရာက အဆိပ်များနှင့် ခွဲခြားထားကာ သီးခြားလောကတစ်ခုကဲ့သို့ ဖြစ်နေ၏။

သည်နေရာတွင် မြစ်ငယ်တစ်စင်းက ဘယ်အရပ်ကနေမှန်းမသိ စတင်စီးဆင်းနေကာ ဖူးပွင့်စ ပန်းမန်အချို့လည်း ရှိနေသေးသည်။ မြက်ခင်းစိမ်းအချို့ပင် ရှိလို့နေ၏။

ဝမ်ဝေသည် မြစ်ဘေးတစ်ဖက်တွင် ထိုင်နေ၏။ သူက မြစ်အခြားဘက်ရှိ သူ့ချစ်သောသူ ဟူကျွမ်ကို ကြည့်နေ၏။ ဟူကျွမ်သည် ကလေးတစ်ယောက်ကဲ့သို့ မြစ်ရေထဲတွင် ခြေချကာ ခြေလှုပ်ကစားနေ၏။

ဝမ်လင်းနှင့်ကျောက်ရီတို့ အတားအဆီးထဲသို့ ဝင်ရောက်လာပြီးနောက် ဝမ်လင်းက လေးစားစွာ ဆိုလာသည်။ “ဂျူနီယာ ဝမ်လင်းက စီနီယာတို့နှစ်ယောက်ကို နှုတ်ဆက်ပါတယ်…”

ဝမ်ဝေသည် ဝမ်လင်းကို ကြည့်ကာ ပြုံး၍ ဆို၏။ “လီယွမ်ဇီကို ဘာကြောင့် အလစ်တိုက်ခိုင်းခဲ့လဲ ပြောပါ။ မဟုတ်ရင် မင်း လွယ်မယ် မထင်နဲ့…”

မြစ်ကမ်းဘေးအခြားဘက်ရှိ ဟူကျွမ်ကလည်း ပြုံးနေ၏။ သူမကလည်း လှမ်းပြောသည်။ “ဝမ်လင်း သူက ဒီကိစ္စကို တော်တော်လေး အလေးစိုက်နေတယ်။ သူက ဂျူနီယာတစ်ယောက်ကို သူ့အဆင့်အတန်းနဲ့ အလစ်တိုက်ခဲ့ရတဲ့အပေါ် အရှက်ရနေတာလေ…”

ဝမ်လင်းသည် ပြုံး၏။ ဝမ်ဝေနှင့်ဟူကျွမ်တို့သည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ တိုက်ပွဲပြီးသည့်နောက် သူနှင့် ရင်းနှီးခဲ့ပေပြီ။ သူတို့က သူနှင့် အပြင်လူဟု သတ်မှတ်၍ မရတော့ပေ။ ဖြစ်နိုင်သည်ကတော့ ဝမ်ဝေက လီယွမ်ဇီကို သူအလစ်တိုက်ခိုက်ခဲ့ရခြင်းအပေါ် သိပ်အလေးထားမနေတာသာ ဖြစ်ပေမည်။ သူက ဝမ်လင်းကို တမင်မေးမြန်းကာ ပြောနေခြင်းသာ ဖြစ်ပေမည်။

ဝမ်ဝေ ထိုသို့မေးမှတော့ ဝမ်လင်းကလည်း အနည်းငယ်တော့ ရှင်းပြ၏။ ဝမ်ဝေက သည်ကိစ္စ၏ အကြောင်းပြချက်ကို နားထောင်ပြီးနောက် ထပ်ဂရုစိုက်မနေတော့ပေ။

“အတိတ်တုန်းက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ဂျူနီယာက ကောင်းကင်ဘုံအင်ပါယာချင်းလင်ရဲ့ နောက်ဆုံးစကားတွေကို ကြားခဲ့ရပါတယ်။ မိုးကောင်းကင်ဘုံနယ်မြေကျောင်းတော်၊ မူလစိတ်ဝိညာဉ်သလင်း၊ ချင်းရှောင်ရဲ့ခန္ဓာကိုယ်။ ဂျူနီယာမှာ ဒီစကားသုံးခွန်းထဲက အရာနှစ်ခု ရှိပါတယ်။ ဒါပေမယ့် မိုးကောင်းကင်ဘုံနယ်မြေကျောင်းတော်ကတော့…”

ဝမ်လင်းသည် သူ့စကားကို ဤနေရာတွင်ရပ်၏။ သူက ဝမ်ဝေကို ကြည့်လိုက်သည်။

ဝမ်ဝေ၏အသွင်သည် အလေးအနက် ဖြစ်လာ၏။ သူက ခေါင်းညိတ်သည်။ “ဒီနှစ်တွေမှာ ငါလည်း ဒီကျောင်းတော်နဲ့ ပတ်သတ်လို့ တွေးမိတယ်။ အဲ့နေရာက ဆရာ ကောင်းကင်ဘုံအင်ပါယာ ဖြစ်လာတဲ့ နေရာ ဖြစ်လိမ့်မယ်။ ဒါ့အပြင် အရင်တုန်းကလည်း ငါ ဒီကိစ္စ မင်းကို ပြောပြခဲ့ဖူးတယ်။ ဒါ့ကြောင့် မင်းက ခုချိန်မှာ မင်း ဒီကို ရောက်လာတဲ့ ဆိုလိုရင်းက…” ဝမ်ဝေက ဝမ်လင်းကို ကြည့်၏။

ဝမ်လင်းသည် သူတို့ကို နတ်အင်ပါယာဟောင်း မိုးကောင်းကင်ဘုံသလင်းကျောက် ယူဆောင်ပေးခဲ့သည့်အကြောင်းကို မပြောခင် တိတ်ဆိတ်စွာ စဉ်းစားနေ၏။ ဝမ်ဝေသည် သည်သလင်းကျောက်အကြောင်း ကြားသည့်နောက် သူ့အသွင်က ပို၍ အလေးအနက် ဖြစ်လာ၏။ မြစ်ထဲတွင် ခြေထောက်ဖြင့် ရေဆော့နေသော ဟူကျွမ်သည်ပင် ရပ်တန့်လိုက်၏။ သူမကလည်း ဖိနပ်ပြန်ဝတ်ကာ ဝမ်ဝေဘေးနားသို့ ရောက်လာသည်။

သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြ၏။ ဝမ်ဝေက ပြောလာသည်။ “ငါတို့နှစ်ယောက်က နတ်အင်ပါယာဟောင်းရဲ့ ကြင်နာမှုကို မှတ်သားထားမှာပါ။ အဇူရာနတ်နဂါးအင်ပါယာသာ မိုးကောင်းကင်ဘုံနယ်မြေမှာ တကယ် ပိတ်မိနေခဲ့ရင် ငါတို့နှစ်လုံလည်း သူ့ကို ကယ်တင်တာမှာ ကူညီပေးပြီး နတ်အင်ပါယာဟောင်း မိုးကောင်းကင်ဘုံနယ်မြေ သလင်းကျောက် ယူလာပေးခဲ့တဲ့ ကြင်နာမှုကို ပြန်ပေးဆပ်မယ်…”

ဝမ်လင်းသည် ခေါင်းညိတ်၏။ ဝမ်ဝေနှင့်ဟူကျွမ်တို့သည် အနည်းငယ်ရှင်းလင်းပြီးနောက် ကျောက်ရီ၊ဝမ်လင်းတို့နှင့်အတူ ထွက်ခွာလာသည်။

ချင်းလင်၏ ခန္ဓာကိုယ်ကတော့ ဝမ်ဝေထံတွင် ရှိနေ၏။

ဟင်္သာငှက်ပင်မဂြိုဟ်ပေါ်ရှိ အစီအရင်ပေါ်တွင် လူတိုင်းသည် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ သည်အခိုက်အတန့်၌ အလင်းတန်းလေးခုသည် နီးကပ်လာကာ အစီအရင်နားသို့ ရောက်လာသည်။ ထိုအလင်းတို့မှာ ဝမ်လင်း၊ဝမ်ဝေနှင့်အခြားသူများ ဖြစ်သည်။

ဝမ်လင်းက အစီအရင်၏ ဗဟိုချက်သို့ ခြေချကာ ချက်ခြင်း ထိုင်ချ၏။ သူမျက်လုံးသည် တောက်ပလို့နေသည်။ သူက အော်ပြောလိုက်သည်။ “အစီအရင်ကို ဖွင့်လိုက်စမ်း…” ထိုသို့ ဆိုပြီးနောက် သူ့လက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ရာ အက်ကြောင်းတစ်ခု ပေါ်လာသည်။ ထိုအက်ကြောင်းထဲကနေ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ပြည့်ဝနေသော သလင်းကျောက်တစ်ခု ပျံသန်းထွက်လာသည်။

တစ်ချိန်တည်းမှာ ကလန်ဝင်တစ်သောင်းသည်လည်း မျက်လုံးဖွင့်လာကြသည်။ သူတို့၏မူလစွမ်းအင်များသည်လည်း အစီအရင်ထဲသို့ ဝင်ရောက်လာသည်။ သူတို့အောက်ရှီ အစီအရင်တစ်ခုခြင်းစီသည်လည်း စတင် လင်းလက်လာသည်။

အလင်းသည် အံ့မခန်းတောက်ပမှုအဆင့်ထိ ရောက်ရှိလာချိန်၌ ၎င်းသည် အကြီးအကဲ(၃၅)ယောက်အောက်တွင် စတင်စုစည်းသည်။ အကြီးအကဲအားလုံးက ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူတို့၏စွမ်းအင်များကို အရူးအမူး အသက်သွင်းကြသည်။ တပည့်များထံမှ မူလစွမ်းအင်အားလုံးသည်လည်း (၃၅)ပိုင်း ကွဲထွက်ကာ အစီအရင်ကြီး ဗဟိုချက်ရှိ ဝမ်လင်းရှေ့မှ သလင်းကျောက်ထံသို့ တန်းတန်းမတ်မတ် ရွှေ့လျားလာသည်။

ချက်ခြင်းလိုလိုပင် သလင်းသည် တောက်ပ၏။ သည်ဧရိယာတွင် အံ့မခန်းကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်လေသည်။ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် တိုင်လုံးသည် ကောင်းကင်ထက်သို့ ထိုးတက်ကာ လှိုင်းများ နေရာအနှံ့သို့ ပြန့်ကြဲသည်။

တုန်ဟိန်းသံများ ပဲ့တင်ထပ်လာရင်း မိုးကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်မည့် တံခါးချပ်သည် ဟင်္သာငှက်နတ်ကလန်ထက်တွင် တဖြည်းဖြည်းခြင်း ပွင့်ဟလာသည်။ သည်အခိုက်အတန့်၌ အဆင့်တစ်ခုထိ ရောက်ရှိပြီးသော ကျင့်ကြံသူအားလုံး သည်တုန်ခါမှုလှိုင်းကို ခံစားမိကြသည်။ သည်တုန်ခါလှိုင်းနှင့် ရင်းနှီးပြီးသော သူများကတော့ မိုးကောင်းကင်ဘုံနယ်မြေကို ဝင်ရောက်ရန် ဖွင့်လှစ်သည်ဟု ပြောနိုင်ပေမည်။

တစ်ချိန်တည်းမှာ မိုးမီးပြင်းဖိုများသည် မဟာမိတ်ကြယ်အဖွဲ့အစည်းအနှံ့တွင် ပေါ်လာ၏။ သို့ရာတွင် အလုံးစုံကောင်းကင်၊ အလောင်းကောင်ကလန်၊ အမျိုးမျိုးသောမဟာမိတ်အင်အားစုများသည် ဟင်္သာပြဒါးဂြိုဟ် ပတ်လည်တွင်သာ စုစည်းနေကြပေပြီ။ သူတို့သည် တုန်လှုပ်မိကြသော်လည်း သည်မိုးကောင်းကင်ဘုံနယ်မြေ ဖွင့်လှစ်ခြင်းအပေါ် ပူပန်နေရန် အချိန်မရှိကြပေ။

“ငါတို့လို့ ကျင့်ကြံမှုအဆင့်နဲ့ လူတွေက မိုးကောင်းကင်ဘုံနယ်မြေကို မတည်မငြိမ် ဖြစ်အောင် လုပ်နိုင်ပြီး ကြီးကြီးမားမားလည်း ပြိုပျက်စေနိုင်လိမ့်မယ်။ ဒါ့ကြောင့် ငါတို့က အဇူရာနတ်နဂါးအင်ပါယာကို အမြန်ကယ်တင်ဖို့ လိုအပ်တယ်…”

ဝမ်လင်းက ထိုသို့ ဆိုလိုက်ပြီးနောက် သူသည် မိုးကောင်းကင်ဘုံနယ်မြေဂိတ်တံခါးသို့ ဦးတည်သွား၏။ သူ့နောက်တွင် အကြီးအကဲ(၃၅)ယောက်၊ စစ်ထူနန်၊ ဝမ်ဝေ၊ဟူကျွမ်နှင့် အခြားသူများအားလုံး လိုက်ပါလာကြသည်။

နောက်ထပ် မိုးကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်လာသည့်သူ တစ်ယောက်လည်း ရှိသေး၏။ သူကတော့ ငွေရောင်အမျိုးသမီးအလောင်းကောင်ပင်။

တစ်ချိန်တည်းမှာပင် မဟာမိတ်၏မြောက်ပိုင်းဒေသ လူသူကင်းမဲ့သည့် ဂြိုဟ်တစ်ခုရှိ၏။ ထိုဂြိုဟ်က ပြင်းပြင်းထန်ထန် တုန်ခါကာ နှစ်ခြမ်းကွဲသွား၏။ ထိုနေရာကနေ ဆံပင်ဖြူများဖြင့် အဘိုးအိုတစ်ယောက်သည် ပျံသန်းထွက်လာသည်။ သူ့ရှေ့၌ တဖျပ်ဖျပ်လင်းလက်နေသော သလင်းတစ်ခုလည်း ရှိသည်။ ယင်းသလင်းအလင်းမှာ မိုးမီးပြင်းဖိုတည်း။

“ဘာသာပြန်သူမှတ်ချက်…မိုးမီးပြင်းဖိုသည် မိုးကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်နိုင်သည့် အရာတစ်ခု ဖြစ်၏။ အတိတ်တုန်းက ကျင့်ကြံမှုအဆင့်နိမ့်ပါးခဲ့စဉ်က ယင်းမိုးမီးပြင်းဖိုနှင့် မိုးကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်ခဲ့ဖူးပေသည်။)

“ဝမ်လင်း…မင်း ငါ့တွက်ချက်မှုတွေကနေ မလွတ်မြောက်နိုင်ပါဘူး…”

ထိုသို့ ဆိုလိုက်သည့်သူမှာ ရှေ့ဖြစ်ဟောသူပင် ဖြစ်လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset