Switch Mode

အပိုင်း(၁၁၆၁)

နတ်အင်ပါယာ သေဆုံးမှု

နတ်အင်ပါယာဟောင်းက နတ်ဘုရားအာရုံ စေလွှတ်လာသည့်အခါတွင် လောင်ကျွမ်းကြယ်နယ်မြေထဲသို့ ဝင်ရောက်ရန် ပြင်နေသည့် ဝမ်လင်းသည် တုန်ယင်သွား၏။ ရုတ်တရပ် သူက မော့ကြည့်လာသည်။သူ့ဟန်ပန်က ပြောင်းလဲသွား၏။

ဟင်္သာငှက်နတ်အင်ပါယာတစ်ယောက်အနေဖြင့် ဆန်းကြယ်အသွင်ပြောင်းခြင်းကိုးခုကို တူညီစွာကျင့်ကြံသူများလည်း ဖြစ်ကြသည့်အတွက် ဝမ်လင်းထံ၌ နတ်အင်ပါယာဟောင်းနှင့် ဆက်သွယ်မှုပြုလုပ်ရန် အထူးနည်းလမ်းတစ်ခု ရှိပေသည်။ ဝမ်လင်းက အချိန်ဆွဲမနေတော့ဘဲ အဆောင်ကို သူ့ကိုယ်ပေါ်သို့ ကပ်တင်ကာ လောင်ကျွမ်းကြယ်ကွင်းပြင်းထဲသို့ တိုးဝင်သွားသည်။

သူသည် မြန်လွန်း၏။ သူ လောင်ကျွမ်းကြယ်နယ်မြေအတွင်းသို့ ဝင်ရောက်လာသည်နှင့် ခြေတစ်လှမ်းလှမ်းကာ ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြု၍ ပျောက်ကွယ်သွားတော့သည်။

ချက်ခြင်းလိုလိုပင် နတ်အင်ပါယာဟောင်း ခန္ဓာကိုယ် ရှိနေသော ပေတစ်ရာအကွာတွင် လှိုင်းတွန့်များပေါ်လာကာ ဝမ်လင်း လှမ်းထွက်လာသည်။ သူသည် နတ်အင်ပါယာ၏ သွေးချင်းနီနေသော အဘိုးအိုကို ချက်ခြင်း တွေ့မြင်၏။

နတ်အင်ပါယာဟောင်းထံမှ သေဆုံးခြင်းအော်ရာတစ်ခု လွင့်ပြယ်နေသည်။ ဝမ်လင်းသည် ဤသေဆုံးခြင်းအော်ရာကို ထောက်လှမ်းရန် သူ့နတ်ဘုရားအာရုံကိုပင် အသုံးပြုရန် မလို၊သည်အတိုင်း ကြည့်ရုံဖြင့်ပင် သိလေ၏။

“စီနီယာ…” ဝမ်လင်းက အဖြူရောင်ကျောက်တုံးပေါ်သို့ ခြေချ၏။ သူ့မျက်လုံးထဲတွင်လည်း ဝမ်းနည်းမှုတို့ ပြည့်နေသည်။သူက သူ့ပါးစပ်ကိုဟကာ တစ်ခုခု ပြောရန် ပြင်သည်။ သူ့တွင် ပြောစရာအများကြီး ရှိ၏။ သို့သော် သူ့ထံမှ စကားတစ်ခွန်းပင် ထွက်လာနိုင်စွမ်း မရှိတော့ပေ။

အဘိုးအိုသည် ခေါင်းမော့လာ၏။ သွေးစီးကျနေသော သူ့မျက်လုံးထဲကနေ အလင်းရောင်တစ်ချက် လင်းလက်သွားသည်။

“မင်းရဲ့ စီနီယာအစ်ကို ချင်းရွှေဟာ ကျင့်ကြံခြင်းမဟာမိတ်ဌာနချုပ်ထဲမှ တကယ် ရှိတယ်…။ ဒီဌာနချုပ်ရဲ့ အပြင်ဘက် အစီအရင်ကို အသက်သွင်းလိုက်တာဟာ သူ့ကြောင့်ပဲ။ သူ မသေသေးဘူး။ ဒါပေမယ့်…သူက ရူးသွပ်သွားပြီ…”

“ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းမှာ မရေမတွက်နိုင်တဲ့နှစ်များစွာကြာအောင် ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိတယ်။အတိတ်တုန်းက အရှင်ရွှမ်ကျုံးနဲ့ သူတို့တွေ မိုးကောင်းကင်ဘုံနယ်မြေကို သွားခဲ့တုန်းက သူတို့ဟာ ထူးဆန်းတဲ့အရာအချို့ကို တွေ့ရှိခဲ့ကြတယ်။ သူတို့ဟာ ဒီအရာတွေကို နှစ်ပေါင်းမရေမတွက်နိုင်အောင် လေ့လာနေခဲ့ကြတာ ဖြစ်တယ်…”

“တောက်ပသောလေဟာနယ်နယ်မြေကတောင် ဒီကိစ္စကို မသိနေမှာ ငါ စိုးမိတယ်။ ဒီဆန်းကြယ်တဲ့အရာတွေဟာ အတော်လေး အရေးကြီးလွန်းတယ်…ဒီအရာတွေက ကောင်းကင်ဘုံနယ်မြေလေးခု အပေါ်မှာတောင် သက်ရောက်မှု ရှိသွားနိုင်တယ်…”

“ဝမ်လင်း…အဇူရာနဂါးနတ်အင်ပါယာကို မြန်မြန်သွားကယ်ပါ၊ ပြီးရင် ဒီကျောက်စိမ်းပြားကို တောက်ပသောလေဟာနယ်နယ်မြေရှိ ချက်ခြင်းပို့။ ဒီကိစ္စက ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှတယ်။ မင်းကျင့်ကြံမှုအဆင့်က လုံလောက်အောင် မမြင့်သေးတဲ့အတွက်ကြောင့် ဒီကိစ္စထဲကို ဝင်မပါပါနဲ့…”

နတ်အင်ပါယာဟောင်းသည် အစောကတည်းက သေခါနီးဖြစ်နေပေပြီ။ အခုစကားအများကြီး ပြောလိုက်သည့်နောက် သူသည် အသက်ကို ဟောဟဲလိုက်ကာ မနည်းရှုနေရတော့၏။

သို့ပေမယ့် သူသည် သူ့ညာလက်ကို အတင်းပင့်မြှောက်ကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ရောက်အောင် ညွှန်၏။ သူ့မူလစိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ကနေ ရုတ်တရပ် ပျံသန်းထွက်လာကာ ဝမ်လင်းကို နူးညံ့စွာ ကြည့်သည်။

“ဝမ်လင်း မင်းကိုယ်မင်း ဂရုစိုက်ပါ။ ငါ မင်းကို ထပ်ပြီး ကူညီမပေးနိုင်တော့ဘူး…” ထိုသို့ဆိုပြီးနောက် သူ့မူလစိတ်ဝိညာဉ်သည် နူးညံ့သောအလင်းကို ထုတ်လွှတ်လာ၏။ သို့သော် ၎င်းအလင်းသည် တောက်ပကာ အရပ်မျက်နှာအနှံ့သို့ ပြန့်နှံ့သည်။

မျက်စိတစ်မှိတ်အတွင်း ထိုအလင်း၏တောက်ပမှုက အထွတ်အထိပ်သို့ ရောက်လာ၏။ ဝမ်လင်း၏အမြင်သည် ဝေဝါးသွားရသည်။ သူ ပြန်မြင်နိုင်ချိန်တွင် နတ်အင်ပါယာဟောင်း၏ မူလစိတ်ဝိညာဉ်သည် အလင်းစက်များအဖြစ်သို့ ပြောင်းကာ တဖြည်းဖြည်း ပျောက်ကွယ်သွားပေပြီ။ သည်အခိုက်အတန့်၌ သူက နတ်အင်ပါယာဟောင်း၏ မျက်နှာပေါ်ရှိ စိတ်သက်သာရာရမှုနှင့် အတိတ်ကိုပြန်အောက်မေ့မှုတို့အား ရှင်းလင်းစွာ မြင်လိုက်ရသည်။

နတ်အင်ပါယာဟောင်း ပျောက်ကွယ်သွားချိန်၌ နှစ်ခု ကျန်ခဲ့၏။

တစ်ခုမှာ အနီရောင်ကျောက်စိမ်းပြားဖြစ်ကာ ကျန်တစ်ခုက ကလေးလက်သီးအရွယ်အစားလောက် သလင်းတစ်ခုဖြစ်သည်။

ထိုသလင်းကျောက်ကနေ သန့်စင်သောကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့ ထွက်ပေါ်ကာ တဖြည်းဖြည်းခြင်း ပျံ့နှံ့နေသည်။

ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားနေ၏။ သူ့မျက်လုံးထဲရှိ ဝမ်းနည်းမှုကလည်း ပို၍ အားကောင်းလာသည်။အချိန်အတန်ကြာပြီးနောက် သူက သက်ပြင်းချကာ နတ်အင်ပါယာဟောင်း၏ခန္ဓာကိုယ်ကို ကြည့်၏။

မူလစိတ်ဝိညာဉ် ဆုံးရှုံးသွားပြီးနောက် ခန္ဓာကိုယ်သည် လောင်ကျွမ်းနေသောရုပ်တုဖြစ်သည့်အထိ စတင် ကျွမ်းလောင်၏။ ဤရုပ်တုမှာ နတ်အင်ပါယာဟောင်း၏ မူလဟန်ပန်၊အနေထားအတိုင်း ရှိလို့နေသည်။

သူ့ညာလက်ကို သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်လျက် အနေထားအတိုင်း ရှိနေခြင်းပင်။

ဝမ်လင်းက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ ရုပ်တုထံ ဒူးထောက်၏။ သူက ရုပ်တုကို သုံးကြိမ်တိုင်တိုင် ဒူးထောက် ဂါဝရပြု၏။ သူသည် ကောင်းကင်ဘုံကိုပင် ဒူးမထောက်၊အလေးအမြတ်ပြုခြင်း ပြုသည့်သူမဟုတ်၊သို့သော် နတ်အင်ပါယာဟောင်းကတော့ ဝမ်လင်းထံမှ ဦးညွတ်မှုကို သုံးကြိမ်တိုင် လက်ခံရရှိခဲ့ပေသည်။

နတ်အင်ပါယာဟောင်း သေဆုံးသွားချိန်၌ ဟင်္သာငှက်နတ်ကလန်မှ အကြီးအကဲများအားလုံးသည်လည်း သူတို့၏ စိတ်အတွင်းမှ ဝမ်းနည်းမှုကို ခံစားရ၏။ သူတို့အားလုံးက ဂြိုဟ်များက‌နေ ပျံသန်းထွက်လာကြကာ နတ်အင်ပါယာဟောင်း၏ ခန္ဓာကိုယ်ရှိရာနေရာသို့ မျှော်ရည်၍ ဒူးထောက်ကြ၏။ သူတို့၏မျက်လုံးထဲမှလည်း မျက်ရည်များ စီးကျလာကြသည်။

“ငါ နင်အင်ပါယာကို လေးစားစွာ ပို့ဆောင်ပါတယ်။ နင်အင်ပါယာရဲ့ကောင်းမွန်တဲ့ခရီးတစ်ခု ဖြစ်ဖို့ မျှော်လင့်ပါတယ်…”

“နတ်အင်ပါယာရဲ့ စိတ်ဝိညာဉ်ဟာ ငါတို့ဟင်္သာငှက်နတ်ကလန်ကို ကာကွယ်ပေးပါလို့ ငါ ဆုတောင်းပါတယ်…”

သိပ်မကြာတွင် အကြီးအကဲများသာမက ဟင်္သာငှက်နတ်ကလန်ဝင်များအားလုံးသည်လည်း ဝမ်းနည်းမှုကို ခံစားရ၏။ သူတို့အားလုံးသည် နတ်အင်ပါယာဟောင်း ထွက်ခွာသွားပြီကို သိကြ၏။

ကလန်ဝင်များအားလုံး တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ချကာ သူတို့မျက်လုံးများကနေလည်း မျက်ရည်များ စီးကျနေတော့၏။

သူတို့နှလုံးသားထဲမှ ထွက်ပေါ်လာသည့် နတ်အင်ပါယာဟောင်း၏ တမလွန်ခရီးကို ပို့ဆောင်ပေးသည့် ဝမ်းနည်းစွာနှုတ်ဆက်စကားများသည် ကျယ်သထက် ကျယ်လာလေ၏။

ပင်မဂြိုဟ်များပေါ်ရှိ ဟင်္သာငှက်ရုပ်တုများသည်ပင် ဝမ်းနည်းစွာ မြည်ဟီးကြ၏။

အလွန်အိုမင်း၊ပင်ပန်းနေသော ပုံရိပ်ယောင်ဟင်္သာငှက်က နတ်အင်ပါယာဟောင်း၏သက်မဲ့ခန္ဓာကိုယ်ကနေ ပျံသန်းထွက်လာကာ ၎င်းသည် အကွာအဝေးတစ်ခုထိ ရောက်သည့်အခါ အလုံးစုံပျောက်ကွယ်သွားချေသည်။

တစ်ခေါတ်တစ်ခါတုန်းက နတ်လေးပါးကလန်ကို ကျားဖြူနတ်အင်ပါယာ၏ သေဆုံးမှု၊ လိပ်နက်နတ်အင်ပါယာ၏ သစ္စာဖောက်မှု၊ အဇူရာနဂါးနတ်အင်ပါယာ၏ ပျောက်ကွယ်သွားမှုတို့ အရေးအခင်းကြီးကို ကျော်ဖြတ်ခဲ့သော နတ်အင်ပါယာဟောင်းသည် နောက်ဆုံးတွင် သေဆုံးသွားခဲ့ပေပြီ။

သည်အခိုက်အတန့်၌ အဇူရာနဂါးနတ်ကလန်၊ကျားဖြူနတ်ကလန်၊ လိပ်နက်နတ်ကလန်တို့မှ အကြီးအကဲများအားလုံးသည်လည်း တစ်ခုခုကို ခံစားမိ၏။ သူတို့သည် တိတ်ဆိတ်စွာဖြင့် ဟင်္သာငှက်နတ်ကလန်ရှိရာသို့ ကြည့်ကာ ဒူးထောက်လိုက်ကြသည်။ သည်ကလန်သုံးခု၏ ကလန်ဝင်များအားလုံးသည်လည်း ဒူးထောက်ကြ၏။

ဝမ်းနည်းဖွယ်အော်ရာတစ်ခုက မဟာမိတ်ကြယ်အဖွဲ့အစည်း၏ အရှေ့ပိုင်းဒေသတွင် ခြုံလွှမ်းလေသည်။

ဟင်္သာငှက်နတ်အင်ပါယာဟောင်း သေဆုံးသွားပြီးနောက် အလုံးစုံကောင်းကင်သည် သူတို့၏ကျင့်ကြံသူများအားလုံးကို ပြန်ဆင့်ခေါ်၏။ အရှင်မီးတောက်၏ အမိန့်အောက်၌ သူတို့သည် ဟင်္သာပြဒါးဂြိုဟ်ရှိရာသို့ ဦးတည်လာကြသည်။အလုံးစုံကောင်းကင်မှ ရှေးဟောင်းကျင့်ကြံခြင်းကမ္ဘာ၏ အမွေအနှစ်ကို ဆက်ခံခဲ့သည့် မိသားစုတစ်ခုသည်လျှင်ပင် အရှင်မီးတောက်တို့နှင့် လာရောက်ပူးပေါင်းသည်။ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများကြားတွင် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ နန်းတော်များ ရွှေ့လျားလာနေခြင်းက ဖိအားကို ပေးစွမ်းလို့နေ၏။

သူတို့သာမက အလောင်းကောင်ကလန်သည်လည်း သူတို့၏ကလန်တစ်ခုလုံးနီးပါးကို ဟင်္သာပြဒါးဂြိုဟ်ရှိရာသို့ စေလွှတ်သည်။ ခေါင်းတလားများနှင့် ကလန်၏တပည့်များစွာသည် ကြယ်များကြား၌ လာနေကြ၏။

သည်အင်အားကြီးအုပ်စုနှစ်ခု၏ လှုပ်ရှားမှုက မဟာမိတ်အင်အားစုမျိုးစုံ၏ အာရုံကို စွဲဆောင်သွား၏။ ဝမ်လင်း ပို့ပေးခဲ့သော ကျောက်စိမ်းပြားများထဲမှ သတင်းကို တွေ့မြင်ပြီးနောက် ထိုအင်အားစုများသည် လျှို့ဝှက်တွေ့ဆုံကာ သူတို့၏ကိုယ်ပိုင်အင်အားစုများကို စေလွှတ်ကြသည်။

ချက်ခြင်းပင် မဟာမိတ်၌ မုန်တိုင်းထိုင်လေပြီ။

အခြားတစ်ဖက်တွင်လည်း နတ်လေးပါးကလန်၏ အရှေ့ပိုင်းဒေသတွင် အကြီးအကဲအုပ်စုတစ်ခုက သူတို့၏ ကလန်သားများကို ဦးဆောင်ကာ ဟင်္သာပြဒါးဂြိုဟ်ရှိရာသို့ လာနေ၏။ ဤအရာကား နတ်လေးပါးကလန်၏ အစစ်အမှန်လှုပ်ရှားမှုကို ဖုံးကွယ်နိုင်ရန် အတွက် ဖြစ်လေ၏။

အင်အားစုမျိုးစုံသည် ဟင်္သာပြဒါးဂြိုဟ်ရှိရာသို့ တစ်ချိန်တည်းလိုလို ရောက်လာကြ၏။ ကျန်သည့် နိဗ္ဗာနဖြိုခွဲခြင်းအဆင့် သုံးဆယ့်ငါးယောက်ကတော့ ဟင်္သာငှက်နတ်ကလန်တွင် စုစည်းနေကြ၏။ သူတို့က အလေးအနက်အသွင်ဖြင့် အစီအရင်တစ်ခုကို နေရာချနေကြသည်။ သူတို့၏မျက်လုံးထဲ၌လည်း မျှော်လင့်ချက်တို့ဖြင့် ပြည့်နေသည်။

ထိုအကြီးအကဲတို့က စက်ဝိုင်းအသွင် နေရာယူကာ သူတို့အောက်၌ အစီအရင်တစ်ခု ရှိကြ၏။ ထို(၃၅)ယောက်ကြား၌ စက်ဝန်းအသွင်ဖြစ်ကာ နေရာလွတ်၏။ သို့ရာတွင် အကြီးအကဲ(၃၅)ယောက်၏ အောက်ရှိ အစီအရင်တစ်ခုချင်းစီက စက်ဝန်းအသွင် ချိတ်ဆက်ထားကြသည်။

ထိုအကြီးအကဲ(၃၅)ယောက်၏ ဘေးပတ်လည်တွင် နတ်လေးပါးကလန်သားများစွာ ရှိ၏။ သူတို့အားလုံးက ထိုင်လျက်ရှိကာ သူတို့တစ်ယောက်ချင်းစီအောက်ရှိ အစီအရင်ကို အကြီးအကဲ(၃၅)ယောက်အောက်ရှိ အစီအရင်များနှင့် ချိတ်ဆက်ထားကြပြန်သည်။

သူတို့အားလုံးက အမိန့်တစ်ခုကို စောင့်နေကြခြင်းပင်။ ထိုအမိန့်ရသည်နှင့် သူတို့သည် သူတို့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်အားလုံးကို ထုတ်လွှတ်ကာ အစီအရင်ကို ဖွင့်လှစ်မည် ဖြစ်၏။

အခုချိန်၌ ဝမ်လင်းသည် ကြယ်များကြား၌ ရွှေ့လျားသွားလာနေ၏။ သူသည် ရှေ့သို့ ဖြည်းဖြည်းခြင်း ဆက်သွားနေခြင်းပင်။ သိပ်မကြာခင်တွင် သူသည် မုန်တိုင်းအသွင် ဖြစ်တည်နေသည့် မီးအဝန်းအဝိုင်းတစ်ခုရှေ့သို့ ရောက်ရှိလာ၏။ ယင်းမီးအဝိုင်းထဲကနေ ရှုလီကော၏ဟိန်းသံကို ရံဖန်ရံခါ ကြားရနိုင်၏။

ဝမ်လင်းက ဤမီးမုန်တိုင်းအပြင်ဘက်တွင် ရပ်ကာ လှမ်းအော်၏။ “ရှုလီကော…”

ထိုသို့ဆိုလိုက်သည့်နောက် မီးအဝိုင်းအတွင်းမှ ရှုလီကော၏အသံသည် ရုတ်တရပ် တန့်သွား၏။ တစ်ချိန်တည်းမှာပင် မီးမုန်တိုင်းအတွင်းကနေ အဟတစ်ခု ပေါ်လာသည်။ ယင်းအဟမှာ အတွင်းရှိ သနားစရာ ရှုလီကော၏ပုံရိပ်ကို မြင်တွေ့ရစေဖို့ရာ လုံလောက်နေပေသည်။

ဝမ်လင်းအသံကြားလိုက်သည်နှင့် ရှုလီကော အလိုလို ထိတ်လန့်သွား၏။ သို့သော် သူက ချက်ခြင်းပင် သည်ထိတ်လန့်စိတ်ကို ပြန်ဖိနှိပ်လိုက်၏။ ထိုအစား သူ့ဟန်ပန်က ဒေါသဖြစ်ဟန် ပေါက်လာ၏။

“မိစ္ဆာအရူးကောင်…နောက်ဆုံးတော့ မင်းရဲ့ဘိုးဘိုးရှုကို သတိရပြီပေါ့။ ဒီနေ့ ငါက မင်းနဲ့ စာရင်းရှင်းရမယ်..” သေခြင်းရှင်ခြင်းအခြေအနေများသို့ အကြိမ်များစွာ အတင်းအကြပ် ကျရောက်ခဲ့ရခြင်းက ရှုလီကောကို ရှေးဟောင်းဓားစိတ်ဆန္ဒအပေါ် နားလည်လာစေခဲ့ပေသည်။ သူ့ကျင့်ကြံမှုအဆင့်မှာလည်း ခုန်ပေါက်တက်လာခဲ့ပေပြီ။ ထို့ကြောင့် သူက သာမန်နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကျင့်ကြံသူများကိုပင် ရင်ဆိုင်တိုက်ခိုက်ဝံ့နေသည်။

ဤအခိုက်အတန့်၌ သူက ဒေါသတကြီး တိုးထွက်လာကာ ဧရာမဓားအဖြစ်သို့ ပြောင်း၏။ သူ့အသွင်က ကောင်းကင်ဘုံဓားတစ်လက်နှင့် ချွတ်ဆွတ်ဆင်တူကာ ချမ်းသာခြင်းဓား၏ အငွေ့အသက်ပါ ပါဝင်နေသည်။

သူ ထွက်လာသည့်အခါ သူ့အား ဝန်းရံထားသည့် မီးတောက်များသည် နောက်သို့ လွင့်စင်သွားသည်။ ရှုလီကောကနေ ဖြစ်ပေါ်နေသော ဓားကြီးသည် ဝမ်လင်းထံသို့ နီးကပ်လာ၏။

အေးစက်မှုသည် ဝမ်လင်း၏မျက်လုံးထဲ၌ ဖြတ်ပြေးသွားသည်။သူက ဧရာမဓားကြီးကို ရှောင်ပင် မရှောင်ပေ။ သူက သူ့ညာလက်ကို ဝေ့ယမ်း၏။ အဆုံးမဲ့မူလစွမ်းအင်တို့သည် ဧရာမဓားကြီးထံသို့ တိုးဝင်သွားတော့သည်။

တုန်ဟိန်းသံများ ပဲ့တင်ထပ်၏။ ဧရာမဓားကြီးသည် ပြိုပျက်သွားသည်။ ရှုလီကောက နောက်သို့ ကြောက်လန့်တကြား ပြန်ဆုတ်သည်။ သို့သော် သူသည် လက်လျော့လိုခြင်း မရှိသေးပေ။ သူက မာန်သွင်းကာ နောက်ဓားကြီးကိုးလက်အသွင်ပြောင်းကာ ဓားအစီအရင်တစ်ခုကို ဖြစ်စေပြန်သည်။ သည်ဓားအစီအရင်က မွန်းစတားဆန်သော ဓားစိတ်ဆန္ဒကို ပေးစွမ်းကာ ဝမ်လင်းထံသို့ ထပ်မံ တိုးဝင်လာသည်။

ဝမ်လင်းသည် မဆိုသလောက် ခေါင်းညိတ်၏။ခုလက်ရှိ ရှုလီကောမှာ သူ့လိုအပ်ချက်များနှင့် ပြည့်မှီရုံမျှ ရှိနေသည်။ သူသည် ဓားအစီအရင်ထဲသို့ ဝင်ရောက်ကာ ဓားများထဲမှ တစ်လက်ကို ဆက်ခနဲ ဖမ်းယူ၏။

သူက ဓားကို ခပ်ကြမ်းကြမ်း ချေမွပစ်သည်။ တစီစီအသံများ ပဲ့တင်ထပ်ကာ ကျန်သည့်ဓားရှစ်လက်လုံးမှာလည်း ပျက်စီးကုန်သည်။ သို့ရာတွင် ဓားစိတ်ဆန္ဒသည် ရှိနေမြဲပင်။ ယင်းဓားစိတ်ဆန္ဒသည် ဧရာမအရိုးခေါင်းရှစ်ခုအဖြစ်သို့ ပြောင်းကာ ဝမ်လင်းထံသို့ တိုးဝင်ပြန်သည်။

“စိတ်ဝင်စားစရာပဲ…” ဝမ်လင်း၏ ညာမျက်လုံးထဲတွင် တဖျပ်ဖျပ် ဖြစ်သွားသည်။ အဆုံးမဲ့မိုးကြိုးများက သူ့အား ဝန်းရံထား၏။ မိုးကြိုးသည် မြွေများကဲ့သို့ ရွှေ့လျားကာ အရိုးခေါင်းရှစ်ခုအား နာကျင်စွာ အော်ဟစ်သွားစေသည်။ ထို့နောက် ၎င်းတို့အားလုံး ပေါက်ကွဲထွက်သွားသည်။

ဝမ်လင်းလက်ထဲတွင် ဓားကြီးတစ်လက် ကိုင်ထားလျက်ရှိ၏။ သူက အားအနည်းငယ်ထပ် အသုံးပြုရာ ဓားကြီးထံမှ ရှုလီကော၏ အကြောက်အကန်အသံနှင့်အတူ အက်သံများ ထွက်ပေါ်လာတော့သည်။

“သခင်…သခင်…။ ကောင်လေးရှု မှားတာပါ။ ဒီကောင်လေးက သင့်ကို အတော်လေး သတိရနေတာ။ ဒီနှစ်လောက်နှစ်တွေကြာပြီးတဲ့နောက် သခင်လည်း နောက်ဆုံးတော့ ကောင်လေးရှုကို သတိရတာပဲမလား။ ငါက သခင်ဟာ ငါ့ကို ထပ်မလိုချင်တော့ဘူးလို့ ထင်နေခဲ့တာ။ သခင်…သခင်…ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ…စိတ်အေးအေးထားပါ…”

ရှုလီကောသည် သူ့စဉ်းစားဉာဏ်ပင် လွတ်ထွက်လောက်သည့်အထိ ကြောက်လန့်နေပေပြီ။

ရှုလီကောက သေခြင်းတရားသည် သူ့ထံသို့ ထပ်မံ နီးကပ်လာပြီဟု ခံစားမိသည်။ ဝမ်လင်းသာ နည်းနည်းထပ်အားစိုက်ပါက ဓားအတွင်းရှိ သူ့စိတ်ဝိညာဉ်ကိုပါ ဖျက်စီးပစ်နိုင်ပေသည် မဟုတ်လား။

***

Comment

Leave a Reply

Options

not work with dark mode
Reset