အကွာအဝေးတစ်ခုမှ ကြည့်ပါက ဝမ်လင်းသည် သွေးမြူများဖြင့် ဝန်းရံထားခြင်း ခံရသည်နှင့် တူနေသည်။ခြင်သားရဲသည် ၎င်း၏အပေါင်းအပါများနှင့်အတူ စိုးရိမ်တကြီး လှည့်ပတ်ပျံသန်းနေ၏။
အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးနေသည်။ ခြင်သားရဲသည် နတ်ဘုရားပြစ်ဒဏ်ထံသို့ စိုးရိမ်တကြီးဖြင့် တိုးဝင်လာခိုက် သွေးမြူများအတွင်းမှ ဟိန်းမြည်သံတစ်ခု ထွက်ပေါ်လာသည်။
ထိုသွေးမြူသည် တုန်ဟိန်းနေရင်း မိုးကြိုးများ တလက်လက် လင်း၏။မီးတောက်ပင်လယ်များ လှိုင်းထန်သည်။ ထိုသွေးမြူအတွင်းကနေ ကြက်သွေးနီရောင်ပုံရိပ်တစ်ခု လှမ်းထွက်လာသည်။ ထိုသူမှာ ဝမ်လင်းပင်။
ဝမ်လင်း၏မျက်နှာသည် ဖြူရောနေ၏။ သို့သော် သူ့အသွင်က ကြမ်းကြုတ်နေ၏။ သူက သွေးမြူထဲကနေ ထိုးထွက်လာကာ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်ထံသို့ တိုက်ရိုက်ဦးတည်သည်။ သူက ချက်ခြင်းပင် ပေတစ်သောင်းကွာခြားမှုကို ဖြတ်ကျော်ကာ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များထံသို့ ရောက်ရှိလာသည်။
သူ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်ထဲသို့ ဝင်ရောက်လိုက်ချိန်၌ ချက်ခြင်းပင် ကောင်းကင်ဘုံ၏ခွန်အားကို ခံစားရသည်။ သူသည် သူ့လက်နှစ်ဖက်ဖြင့် ရှေ့သို့ တွန်းထုတ်ရာ မီးနှင့်မိုးကြိုးများကို ဖြတ်သန်းသွားစေသည်။ထိုအခါ ကောင်းကင်ယံတုန်လှုပ်စေမည့် အဖျက်အစီးအော်ရာကို ဖန်တီးသည်။
မိုးကြိုးဟိန်းသံတစ်မျှ တုန်ဟိန်းမှုသည် ရုတ်တရပ် ပေါ်လာသည်။ မီးနှင့်မိုးကြိုးတို့က တိမ်တိုက်နှင့် ထိပ်တိုက်တွေ့ချိန်တွင် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များသည် မြန်ဆန်စွာ ကျုံ့သွား၏။
မီးနှင့်မိုးကြိုးသည် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များအတွင်း၌ ပြည့်နှက်နေ၏။ ပြင်းထန်သောဖိသိပ်အားက နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များကို အရူးအမူး ကျုံ့နေစေတော့၏။ ထိုအခါ တိမ်တိုက်အတွင်းမှ တုန်ဟိန်းသံသည် ပို၍ ကျယ်လောင်လာသည်။
ဤအခိုက်အတန့်၌ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များသည် ပြင်းထန်သောတုန်ဟိန်းသံကြောင့် စတင် ပြိုပျက်လာ၏။ ဧရာမလက်တစ်စုံက ယင်းတိမ်တိုက်ကို စုတ်ဖြဲပစ်လိုက်သကဲ့သို့ပင်။ ဝမ်လင်းသည် ထိုစုတ်ဖြဲအားက သူ့ခန္ဓာကိုယ်ကိုပါ အပိုင်းပိုင်း ဖြစ်သွားစေရန် ပြုလုပ်လာသည်ဟုပါ ခံစားလိုက်ရ၏။ သူသည် ရုန်းထွက်ရန် ပြင်၏။ ထိုအခါ သူ့မျက်လုံးသူငယ်အိမ်ပါ ကျုံ့သွားမိ၏။
တိမ်တိုက်များသည် ဝမ်လင်းကို ဝန်းရံသွားပေပြီ။ သို့သော် ဝမ်လင်းသည် သူနှင့် သိပ်မဝေးသော နေရာ၌ ပေတစ်ရာလောက်ရှိသည့် လေဟာနယ်အက်ကြောင်းတစ်ခုကို ရှင်းလင်းစွာ တွေ့မြင်နေပေသည်။
ထိုအက်ကြောင်းထဲကနေ သိပ်သည်းသောမြူထု ထွက်ပေါ်လာ၏။ ထိုအက်ကြောင်းသည် နတ်ဘုရားပြစ်ဒဏ်၏ ရင်းမြစ် ဖြစ်နေသည်။
အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ဝမ်လင်းက ယင်းလေဟာနယ်အက်ကြောင်းကို ကြည့်ကာ ၎င်းထံသို့ တိုးဝင်လာတော့သည်။ ခဏဖြင့်ပင် သူသည် အက်ကြောင်းအနားသို့ ရောက်ရှိသွား၏။ ထူးဆန်းသည်က ယင်းအက်ကြောင်းနား၌ သူသည် စုတ်ဖြဲအားကို မခံစားရပေ။ ထိုအဖြစ်က ဝမ်လင်းကို ပို၍ စူးစမ်းချင်စိတ် ဖြစ်လာစေတော့သည်။
အံတင်းတင်းကြိတ်ကာ ဝမ်လင်းသည် သူ့နတ်ဘုရားအာရုံအမျှင်တန်းတစ်ခုကို ထိုအက်ကြောင်းထဲသို့ ပို့လွှတ်၏။ သူ့နတ်ဘုရားအာရုံ ဝင်ရောက်သွားသည့်အခါတွင် ဝမ်လင်း၏ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် တုန်ယင်သွားသည်။
သူ့နတ်ဘုရားအာရုံသည် အက်ကြောင်းထဲသို့ ဝင်ရောက်သွားသည်နှင့် သူက ကမ္ဘာသစ်တစ်ခုကို တွေ့မြင်လိုက်ရတော့သည်။
ဤနေရာတွင် အပြာရောင်ကောင်းကင်၊ ပင်လယ်ပြင် တို့နှင့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့ဖြင့် ပြည့်နှက်နေတော့သည်။ ကုန်းမြေသည် မြင်ကွင်းတဆုံး ရှိ၏။ သို့သော် ဝမ်လင်းက မြေပြင်ထက်တွင် ဧရာမရုတ်တုကြီးတစ်ခုကိုလည်း ချက်ခြင်း တွေ့သည်။
ယင်းဧရာမရုပ်တုကြီးမှာ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်သည်။ သည်ရှေးဟောင်းနတ်ဘုရားက ကြယ်ရှစ်လုံး ရှိ၏။၎င်းတို့ထဲမှ နှစ်ခုသည် ချိပ်ပိတ်ခြင်း ခံထားရသည်။ သို့သော် သူသည် မလှုပ်မယှက် မားမားရှိနေ၏။
သို့ရာတွင် ဝမ်လင်းသည် ထိုရှေးဟောင်းနတ်ဘုရားတစ်ပါးထံမှ အားကောင်းသောအသက်ဓာတ်ကို ရှင်းလင်းစွာ ခံစားမိသည်။
ထိုမျှသာ ဆိုလျှင် ဝမ်လင်းကို တုန်လှုပ်သွားစေဖို့ရာ မလုံလောက်သေးပေ။ သို့ရာတွင် သူသည် ရှေးဟောင်းနတ်ဘုရားတစ်ပါးကိုသာ မြင်သည်မဟုတ်။ မြေပြင်ထက်၌ ရှေးဟောင်းနတ်ဘုရားများသည် တစ်ရာထက်မနည်းပေ။ သည့်အပြင် ရှေးဟောင်းနတ်ဆိုးများနှင့် ရှေးဟောင်းမိစ္ဆာများသည်လည်း တစ်ရာနီးပါး ရှိနေသေး၏။
ရှေးဟောင်းနတ်ဘုရားများထဲမှ တစ်ပါး၏ထိပ်တွင် လူငယ်တစ်ယောက် ထိုင်နေသည်။ သူ့လက်ထဲ၌လည်း ကြေးမုံတစ်ချပ် ရှိကာ သူက တွက်ချက်နေဟန်ပြုရင်း မျက်မှောင်ကြုတ်နေသည်။
“ဆရာဦးလေးမာ ဖော်ပြခဲ့တဲ့ နတ်ဘုရားပြစ်ဒဏ်က ဒီနေရာမှာ ရှိသင့်တယ်…”
သည်အခိုက်အတန့်တွင် ထိုလူငယ်သည် ရုတ်တရပ် ခေါင်းမော့ကာ အပေါ်သို့ ကြည့်၏။သူ့မျက်လုံးထဲ၌ ကျေနပ်မှုတို့ ပြည့်နေ၏။ သူက ကောင်းကင်ထက်သို့ ကြည့်လိုက်ရာ ဝမ်လင်း၏နတ်ဘုရားအာရုံကို တွေ့ရှိသွားသည်။ သူ့မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ အနက်ရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ထက်သို့ ထိုးတက်သွား၏။
ဝမ်လင်းက တုံ့ဆိုင်းမနေဘဲ သူ့နတ်ဘုရားအာရုံ အမျှင်တန်းကို ဖြတ်တောက်ပစ်သည်။ သူသည် ချက်ခြင်းပင် တရကြမ်း ထိုးထွက်ကာ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များ အတွင်းရှိ မီးနှင့်မိုးကြိုးတို့ကို ဖြတ်ကျော်လာသည်။ သူက နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များကနေ ထိုးထွက်လာကာ ခြင်သားရဲများ ရှိရာသို့ ဦးတည်သည်။
သူ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များထဲကနေ ခြေလှမ်းထွက်လာချိန်၌ သူ့အသွင်ဟန်မှာ ပြောင်းလဲသွားသည်။ သူက သူ့နတ်ဘုရားအာရုံအမျှင်တန်း ဖျက်စီးခံလိုက်ရကြောင်း သိလိုက်၏။ ဝမ်လင်းအဖို့ ထိုအကြောင်းကို တွေးနေသေးဖို့ အချိန်ရှိမနေပေ။ ထို့နောက် ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းကာ ခြင်သားရဲများကို သိုလှောင်နေရာလွတ်ထဲသို့ ဆွဲထည့်သွင်း၏။ ထို့အပြင် သူသည် ခြင်သားရဲများ၏ ဘုရင် သူ့ခြင်သားရဲထံသို့ အဝါရောင်အဆောင်ကိုလည်း ပစ်လွှတ်လိုက်၏။
သည့်နောက် ဝမ်လင်းက သူ့ကိုယ်သူပေါ်၌လည်း အဝါရောင်အဆောင်ကို နေရာချကာ လှုပ်ရှား၏။ သူ့ပတ်လည်၌ လေဝဲတစ်ခု ပေါ်လာကာ သူ့အမြန်နှုန်းသည် မြင့်တက်သွား၏။
သိပ်မကြာခင်တွင် ဝမ်လင်းသည် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များအတွင်းမှ တုန်ဟိန်းသံများကို ချန်ထားခဲ့နိုင်၏။ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်က ပျောက်ကွယ်တော့မည့်အထိ ဆက်လက် ကျုံ့နေဟန် ရသည်။
သို့သော် အနီးကပ်ကြည့်ပါက ယင်းနတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များ ပျောက်ကွယ်မသွားသည်ကို တွေ့ရပေမည်။ ၎င်းတို့က စိမ်းနက်ရောင်အလင်းတန်းအဖြစ်သို့ သိပ်သည်းသွားကြခြင်း ဖြစ်၏။
ထိုစိမ်းနက်ရောင်အလင်း ပေါ်လာချိန်၌ သည်လောကနှင့် မသက်ဆိုင်သော အော်ရာတစ်ခု ပေါ်လာ၏။
“ငါ အားကောင်းတဲ့နတ်ဘုရားပြစ်ဒဏ် ပုံစုံလေးခုကို လွင့်ပြယ်သွားအောင် ကူညီပေးသလို ဖြစ်သွားခဲ့တယ်။ ထားလိုက်ပါတော့လေ၊ နောက်ဆုံးတော့ ငါ ဒီသောက်နေရာကနေ လွတ်လာနိုင်ပြီ။ ဒါ့ကြောင့် ငါ သူ့ကို ကူပေးသလို ဖြစ်သွားတာ ဖြစ်သင့်ပါတယ်…”
ထိုစိမ်းနက်ရောင်အလင်းတန်းထံမှ စိတ်လှုပ်ရှားသည့် စကားသံတို့ ထွက်ပေါ်လာ၏။ ထို့နောက် ၎င်းအလင်းတန်းသည် သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
ထိုအခိုက်အတန့်၌ မဟာမိတ်၏ အနောက်ပိုင်းဒေသတွင် တွေ့ရများသည့် ကျင့်ကြံခြင်းဂြိုဟ်တစ်ခု၏ မြက်ခင်းတစ်ခုပေါ်တွင် အဘိုးအိုတစ်ယောက် ထိုင်နေသည်။ သူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အလွန်တည်ငြိမ်ဟန် ရှိ၏။ သူ့တည်ငြိမ်မှုကို လောကရှိ ဘယ်အရာကမှ ကိုင်မလှုပ်နိုင်သကဲ့သို့ပင်။
ဝမ်လင်းသည် ဤနေရာတွင် ရှိခဲ့ပါက သူသည် ထိုအဘိုးအိုမှာ အလုံးစုံကောင်းကင်ဘုံကြယ်အဖွဲ့အစည်း၌ ချင်းရွှေနှင့်ယောင်မိသားစုဘိုးဘေးတို့ကြား တိုက်ပွဲအတွင်း ဝင်ရောက်ဟန့်တားစေခဲ့သည့်သူ ဖြစ်မှန်း ချက်ခြင်း သိပေလိမ့်မည်။
ထိုအဘိုးအိုက သူ့ဘေးရှိ မြက်ခင်းပြင်ကို ကြည့်နေ၏။ သူ့မျက်လုံးတို့က တည်ငြိမ်လှသည်။ သူ့အကြည့်အောက်၌ မြက်ပင်များသည်ပင် ဆန်းကြယ်လှစွာ စတင်ကြီးထွားလာကြ၏။ ယင်းမြက်ပင်အပေါက်တို့က မျက်စိတစ်မှိတ်အတွင်း ပြန်ခြောက်သွေ့သွား၏။ သို့သော် ချက်ခြင်း ပြန်ပေါက်လာသည်။ ဤသို့ မြက်ပင်များ ကြီးထွားလာလိုက် ပြန်ခြောက်သွေ့သွားလိုက်၊ ပြန်ကြီးထွားလိုက်၊ ပြန်ခြောက်သွေ့လိုက် ဖြစ်စဉ်သည် သံသရာလည်နေတော့သည်။
သူက သူ့ညာလက်ကို ပင့်မြှောက်ကာ မြက်ပင်တစ်ပင်ကို ကောက်ယူခူးရန် ပြင်သည်။ ထိုအချိန်မှာပင် သူ့ညာလက်သည် ရုတ်တရပ် တုန်ယင်နေ၏။ သူ့မျက်လုံးထဲ၌လည်း မယုံကြည်နိုင်ဟန် ပြည့်သွား၏။
အရှင်မီးတောက်ကသာ သည်အဘိုးအို၏ အခုအမူအရာကို တွေ့မြင်ပါက သူသည် ကြီးစွာ တုန်လှုပ်မိပေမည်။ သူ လေးစားခဲ့ရသော ဤပုဂ္ဂိုလ်မှာ အမြဲတည်ငြိမ်ကာ ယခုလိုအမူအရာမျိုး ဘယ်တော့မှ ဖြစ်ပေါ်လိမ့်မည် မဟုတ်ဟု အရှင်မီးတောက်က ထင်မှတ်ထားခဲ့သည် မဟုတ်လား။
အဘိုးအိုက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်း၏။ ထို့နောက် သူ့ခန္ဓာကိုယ်သည် ဝေဝါးပျောက်ကွယ်သွားတော့သည်။ မည်သူကမျှ သူ့ကျင့်ကြံမှုအဆင့်ကဘာ သို့မဟုတ် သူ မည်သည့်မန္တာန်ကို အသုံးပြုလိုက်သည်ကို သိနိုင်လိမ့်မည် မဟုတ်ပေ။ သူ ပြန်ပေါ်လာချိန်၌ အဘိုးအိုသည် ဝမ်လင်း နတ်ဘုရားပြစ်ဒဏ်ကို တွေ့ကြုံရင်ဆိုင်ခဲ့သည့် နေရာတွင် ဖြစ်နေပေပြီ။
သူမူလရှိနှင့်ခဲ့သော နေရာနှင့် သည်နေရာမှာ အလွန်ဝေးကွာလှ၏။
သို့ရာတွင် ဤအဘိုးအိုအဖို့ ထိုမျှအကွာအဝေးကို ချက်ခြင်း ရောက်လာခြင်းသည် လွယ်လွန်းနေ၏။ သူက သူ့ဘေးပတ်လည်ကို ကြည့်နေရင်း မျက်မှောင်ကြုတ်နေမိ၏။ ထို့နောက် သူ့အကြည့်က ပေတစ်ထောင်အကွာရှိ လေဟာနယ်နေရာတစ်ခုပေါ်သို့ ကျရောက်သွားသည်။
ယင်းနေရာက စိမ်းနက်ရောင်အလင်း ပေါ်ခဲ့သော နေရာတည်း။
“ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ အော်ရာ အငွေ့အသက်ပဲ…” အဘိုးအိုသည် အနည်းငယ်စဉ်းစားကာ ပြီးနောက် ပြန်ထွက်ခွာသွားသည်။
ဝမ်လင်းကမူ သူသည် မြန်ဆန်စွာဖြင့် နတ်လေးပါးကလန်ထိန်းချုပ်သည့် ဧရိယာသို့ ပြန်ရောက်ရှိလာ၏။ထိုကျမှ သူသည် အရှိန်ပြန်လျော့၏။ သူသည် စောနလေးက တွေ့မြင်ခဲ့သော မြင်ကွင်း၊အထူးသဖြင့် သူ့အား ကြီးစွာ တုန်လှုပ်စေခဲ့သော လူငယ်ကို အခုထိ ပြန်မြင်ယောင်နေမိသည်။
“သူက ဘယ်သူလဲ…” ဝမ်လင်းသည် သူ့နောက်ရှိ အနက်ရောင်ကောင်းကင်ကို ကြည့်နေရင်း သူ့မျက်လုံးထဲကနေ ထိတ်လန့်ဟန် ဖြစ်ပေါ်နေ၏။ ထို့နောက် သူက သူ့ခြေထောက်ကို ပင့်မြှောက်ကာ လှိုင်းတွန့်များ ထစေပြီး ပြန်ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာသည်နှင့် နတ်လေးပါးကလန်၏ အပြင်ဘက်သို့ ရောက်နေလေပြီ။
သူက လောင်ကျွမ်းကြယ်ကွင်းပြင်ထဲသို့ မဝင်ရောက်သေးဘဲ လူသူကင်းမဲ့သည့်ဂြိုဟ်တစ်ခုကို ရွေးလိုက်၏။ ဝမ်လင်းက ထိုဂြိုဟ်ပေါ်ရှိ တောင်တစ်တောင်ကို ရွေးကာ ယင်းတောင်ပေါ်တွင် ထိုင်ချလိုက်သည်။
ထိုင်ချလိုက်ပြီးခါမှ သူသည် စိတ်သက်သာရာ ရဟန်ဖြင့် အသက်ရှုထုတ်နိုင်တော့သည်။ သူက ပို၍တွေးမိလေလေ ကြောက်ရွှံ့မှုငြိတွယ်နေမှုကို ခံစားရလေ ဖြစ်၏။ အချိန်အတန်ကြာပြီးမှ သူသည် သူ့အတွေးမျိုးစုံကို ပြန်ဖိနှိပ်နိုင်သည်။ ထို့နောက် သူက သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်၏။ အက်ကြောင်းတစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။ ယင်းအက်ကြောင်းအတွင်းမှ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းမှ ခရမ်းရောင်ဝတ်စုံနှင့်အကြီးအကဲနှစ်ယောက်ထဲက တစ်ယောက်၏ မူလစိတ်ဝိညာဉ်သည်လည်း သူ့လက်ထဲ၌ ပေါ်လာတော့သည်။
ဝမ်လင်းသည် သူ့နတ်ဘုရားအာရုံကို ချက်ခြင်း ဖြန့်ကျက်ကာ ထိုအသိစိတ်လွန်နေသည့် မူလစိတ်ဝိညာဉ်၏ ဦးခေါင်းထဲသို့ ဝင်ရောက်စေသည်။ သိပ်မကြာခင်တွင် ထိုမူလစိတ်ဝိညာဉ်ထံမှ မှတ်ဉာဏ်များစွာကို သူ ထုတ်ယူလိုက်ပေပြီ။
“လေကောင်းကင်ဘုံနယ်မြေရဲ့ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း…” ဝမ်လင်း၏မျက်လုံးသည် လင်းလက်နေ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူ့မျက်လုံးထဲ၌ ပျော်ရွှင်ဟန်ပေါ်လာ၏။
“တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း…” သေချာထပ်စဉ်းစားပြီးသည့်နောက် ဝမ်လင်းသည် ထိုမူလစိတ်ဝိညာဉ်၏ မှတ်ဉာဏ်များကို ရှာဖွေကာ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းထဲသို့ ဝင်ရောက်နိုင်မည့် လမ်းကြောင်းကို ရှာ၏။
ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်သည်။ သူက ပြုံးနေသည်။
“တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံက မဟာမိတ်နဲ့ အလုံးစုံကောင်းကင်တို့နဲ့ အတော်လေး ကွာခြားပါလား။ ဒါ့အပြင် ဒီကြယ်အဖွဲ့အစည်းက ငါ့အတွက်လည်း အတော်လေး သင့်တော်တယ်။ အဲ့ဒီအပြင် လေကောင်းကင်ဘုံနယ်မြေမှာ တကယ့်ကို ခြင်သားရဲတွေနဲ့ ပြည့်နေတာပဲ။ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းရဲ့ အရံအတားက ကြယ်အဖွဲ့အစည်းလေးခုထဲမှာ အားအနည်းဆုံး ဖြစ်နေလိမ့်မယ်လို့လည်း ငါ မထင်ထားမိခဲ့ဘူး…”
ဝမ်လင်းက သူ့လက်ထဲရှိ မူလစိတ်ဝိညာဉ်ကို ကြည့်၏။ သူ့မျက်လုံးတို့က တလက်လက် ဖြစ်နေသည်။ ထို့နောက် သူက ၎င်းမူလစိတ်ဝိညာဉ်ကို သိုလှောင်နေရာလွတ်ထဲသို့ သေချာ ပြန်ထည့်သိမ်း၏။
“စီနီယာအစ်ကို ချင်းရွှေရဲ့ မန္တာန်ကို အသုံးပြုပြီး ဒီမူလစိတ်ဝိညာဉ်ကို လမ်းပြလုပ်ခိုင်းလို့ ရပြီ။ ခုချိန်မှာ ငါ့ရှိ လိုနေတာက အစီအရင်တစ်ခုပဲ။ ကံကောင်းစွာနဲ့ ဒီအစီအရင် လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကလည်း ရှာဖို့ အရမ်းခက်မနေတာ ဖြစ်တယ်။ ငါက ဒီမူလစိတ်ဝိညာဉ် ရှိကနေ အစီအရင်ကို လုံးဝ နားလည်သွားအောင် လုပ်ဖို့ပဲ လိုတယ်။ ငါ တာဆန်အတွက် ပြင်ဆင်ထားတဲ့အရာအားလုံးက မလုံလောက်သေးရင်တော့ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းက ငါ့နောက်ဆုံးရွေးချယ်မှု ဖြစ်လာလိမ့်မယ်…”
ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီးနောက် မတ်တပ်ပြန်ထာ၏။ သူက အသက်ဝဝရှုသွင်းကာ ဟင်္သာငှက်နတ်ကလန်ထံသို့ ကြည့်ကာ ခပ်တိုးတိုး ဆိုသည်။ “ခုချိန်မှာ ငါက မိုးကောင်းကင်ဘုံနယ်မြေသလင်းနဲ့ ပြန်လာမယ့် နတ်အင်ပါယာဟောင်းကို စောင့်နေဖို့ပဲ လိုတော့တယ်။ အလုံးစုံကောင်းကင်၊ အလောင်းကောင်ကလန်နဲ့ မဟာမိတ်ရဲ့အင်အားစု အားလုံးဟာ ငါ ပို့ပေးခဲ့တဲ့ ကျောက်စိမ်းပြားတွေကြောင့် ငါ့ရှိမှာ အစီအစဉ်တစ်ခု ရှိနေတာကို ခန့်မှန်းမိကြပြီးသား ဖြစ်မှာပဲ…”
“အမှန်တော့ မင်းတို့အားလုံးက ငါ့အစီအရင်ရဲ့ တစ်ဝက်ကိုပဲ ခန့်မှန်းနိုင်မှာပါ။ ငါ့တခြားရည်ရွယ်ချက်က မင်းတို့အားလုံးကို ရှေးဟောင်းနတ်ဘုရားကုန်းမြေကို အာရုံရောက်သွားစေနေပြီး ငါ့နတ်လေးပါးကလန်က မိုးကောင်းကင်ဘုံနယ်မြေမှာ အဇူရာနဂါးနတ်အင်ပါယာကို ကယ်တင်ဖို့ပဲ။ ဒါမှသာ ဒီကယ်တင်မယ့် ကိစ္စမှာ မင်းတို့ ဝင်မရှုပ်နိုင်မှာ ဖြစ်တယ်…”
“ငါ့အစီအစဉ်ကို ဖြတ်မြင်နိုင်စွမ်း ရှိတဲ့သူ ဘယ်နှစ်ယောက်ရှိမလဲ ငါ သိချင်မိသေးတယ်…”
သူက ဟင်္သာငှက်နတ်ကလန်ရှိရာသို့ ဦးတည်သွားနေရင်း သူ့မျက်လုံးထဲတွင် ဂုဏ်ယူဟန်တို့ ဝင့်နေ၏။
သူက ဝမ်ဝေနှင့်ဟူကျွမ်တို့ကို သွားတွေ့မည် ဖြစ်၏။ ထို့အပြင် သူသည် တော်ဝင်ရတနာဖြင့် ချိပ်ပိတ်ခြင်းခံထားရသော ရှေးဟောင်းမိစ္ဆာတာကျားထံသို့လည်း သွားပေဦးမည်။
ဤအချိန်မှာပင် မဟာမိတ်ဌာနချုပ်တွင် တုန်လှုပ်ဖွယ်ကိစ္စတစ်ခု ဖြစ်လာခဲ့၏။ ဌာနချုပ်အပြင်ဘက်ရှိ အစီအရင်သည်ပင် ပြင်းထန်စွာ တုန်ခါကာ ပျက်စီးတော့မည့်ဟန် ရှိနေသည်။
တစ်ချိန်တည်းမှာ ဟင်္သာငှက်နတ်ကလန်၏ လောင်ကျွမ်းကြယ်ကွင်းပြင်အတွင်း အဖြူရောင်ကျောက်တုံးပေါ်တွင် ထိုင်နေသော နတ်အင်ပါယာဟောင်းသည် ရုတ်တရပ် မျက်လုံးဖွင့်လာ၏။ သို့ရာတွင် သိပ်မကြာခင်မှာ သူ့မျက်လုံးထဲကနေ သွေးကန်တစ်ခု ပေါက်ကွဲထွက်လာသည်။
“ဝမ်လင်း…ငါ့ကို ချက်ခြင်း လာတွေ့…၊မြန်မြန်…”
***