Switch Mode

အပိုင်း(၁၁၅၉)

ကောင်းကင်ဘုံနှင့် ယှဉ်ပြိုင်ခြင်း…

တိမ်ပင်လယ်မှ ကျင့်ကြံသူအားလုံးသည် ပျောက်ကွယ်သွားခဲ့ကြပေပြီ။ နောက်ဆုံးကျန်သည့် အကြီးအကဲတစ်ယောက်သည်လည်း ဝမ်လင်း၏ ဒုတိယတောင်ခြေမွခြင်း ပြီးသည့်နောက် သွေးအန်ထုတ်ရသည်။

သူက လုံးဝ လုံးဝကို ထိတ်လန့်တုန်လှုပ်မိနေပေပြီ။

ဝမ်လင်းသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ သူ့မျက်လုံးသည် လင်းလက်သွားသည်။ လောင်ကျွမ်းသောမြစ်က အဘိုးအိုထံသို့ ဦးတည်သည်။ ဝမ်လင်းသည် ထိုအဘိုးအိုကို ဆက်၍ အာရုံစိုက်မနေတော့ဘဲ အထက်သို့ မော့ကြည့်၏။ နတ်ဘုရားပြစ်ဒဏ်မီးတောက်များသည် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များထံမှ သက်ဆင်းလာခဲ့ပေပြီ။

“မီး…” ဝမ်လင်း၏အသွင်က တည်ငြိမ်၏။ သူက ပြုံးလာသည်။ မီးတောက်များ သက်ဆင်းလာချိန်၌ ဝမ်လင်းသည် ၎င်းတို့ကို သူ့ညာလက်ဖြင့် ညွှန်သည်။

ချက်ခြင်းလိုလိုပင် သူ့ဘယ်မျက်လုံးထဲ၌ မီးတောက်တစ်ခု ပေါ်လာ၏။ အနီရောင်ချပ်ဝတ်တစ်ခုလည်း သူ့ပတ်လည်တွင် ပေါ်လာသည်။ အကွာအဝေးတစ်ခုမှ ကြည့်ပါက ဝမ်လင်းသည် မီးကို ဝတ်ဆင်ထားသလိုနှင့်ပင် တူနေသေးသည်။

သူ့နောက်ရှိ အဖြူရောင်ဝတ်ရုံက သူ့ဆံပင်ဖြူများနှင့်အတူ လွင့်မြောနေ၏။ ထို့အပြင် ချပ်ဝတ်ပေါ်၌ အဖြူရောင်ဟင်္သာငှက်လည်း ရှိ၏။ ဝမ်လင်းသည် နတ်ဘုရားပြစ်ဒဏ်မီးတောက်များထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွား၏။

ချက်ခြင်းလိုလိုပင် သူသည် မီးတောက်များထံသို့ တရကြမ်း ဝင်ရောက်ကာ သူ့အနား ရောက်လာသည့် မီးတောက်များသည် ချပ်ဝတ်၏ စုပ်ယူခြင်းကို ခံရသည်။ သူ့ချပ်ဝတ်ကနေ ဟင်္သာငှက်အော်မြည်ကာ ထွက်လာပြန်၏။

ဟင်္သာငှက်သည် ဤနတ်ဘုရားပြစ်ဒဏ်မီးတောက်များအတွင်း ကခုန်နေဟန်ပင် တူသေး၏။

ယင်းနတ်ဘုရားပြစ်ဒဏ်မီးတောက်များသည် ဝမ်လင်း တောင့်ခံနိုင်သည့် အရာ ဖြစ်နေပေ၏။

သူသည် ခေါင်းမော့ကာ ကောင်းကင်ထက်သို့ စိန်ခေါ်သည့်အကြည့်ဖြင့် ကြည့်သည်။ ဝမ်လင်းသည် နတ်ဘုရားပြစ်ဒဏ်များကို ကြုံခဲ့ဖူး၏။ထိုသို့ ကြုံခဲ့တိုင်းလည်း အစပိုင်းကတည်းက သူသည် သနားစရာ အခြေအနေ ဆိုက်ရောက်ခဲ့ရသည်သာ ဖြစ်သည်။ သူ အကြိမ်များစွာ အသတ်ခံရလုနီးနီး ဖြစ်ခဲ့ရ၏။ သို့သော် သူသည် ဘယ်တော့မှ အညံ့မခံခဲ့ပေ။ဦးမညွတ်ခဲ့ပေ။ ယနေ့တွင် သူသည် မီးနှင့်မိုးကြိုးကို ထိန်းချုပ်နိုင်ပြီ ဖြစ်၏။ သူ့စိတ်အတွင်းမှ ဖိနှိပ်ထားသည့် ဖိဆန်ပုန်ကန်မည့် သဘာဝသည် တစ်ဖန် ပေါက်ကွဲထွက်လာတော့သည်။

သည်နတ်ဘုရားပြစ်ဒဏ်က ကောင်းကင်ဘုံတာအို၏ သရုပ်သကန် ဖြစ်၏။ သင်သည် ကောင်းကင်ဘုံ(ဝါ) ကောင်းကင်နှင့်မြေကြီးကို ဖိဆန်ချင်ပါက အရင်ဆုံး နတ်ဘုရားပြစ်ဒဏ်ကို ဖိဆန်နိုင်ဖို့လို၏။

ဝမ်လင်း စိန်ခေါ်အကြည့်ဖြင့် ကြည့်နေချိန်မှာ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်ထံမှ ပြင်းပြင်းထန်ထန် မြည်ဟိန်းလာ၏။ တိမ်တိုက်များသည် တဝီဝီလှည့်ပတ်၏။ ယင်းတိမ်တိုက်များကနေ ကောင်းကင်ဘုံ၏ခွန်အားသည် သက်ဆင်းလာချေပြီ။

အခုအကြိမ်က ဝမ်လင်းအဖို့ ကောင်းကင်ဘုံ၏ခွန်အားကို တွေ့ကြုံရသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ သူသည် နှစ်ကြိမ် ရင်ဆိုင်ခဲ့ဖူးပြီး ဖြစ်၏။ ကောင်းကင်ဘုံကိုဖိဆန်မည့် သူတိုင်းမှာ ကောင်းကင်ဘုံ၏ခွန်အားအောက်၌ ပျက်စီးသွားတတ်၏။

သို့ရာတွင် ဝမ်လင်းက နောက်မဆုတ်သည့်အပြင် စတင် ရယ်မောလေ၏။

“မီးနတ်ဘုရားပြစ်ဒဏ်၊ လျှပ်စီးနတ်ဘုရားပြစ်ဒဏ်၊ပုံရိပ်ယောင်နတ်ဘုရားပြစ်ဒဏ်၊ ခွန်အားနတ်ဘုရားပြစ်ဒဏ်… ဒီပြစ်ဒဏ်လေးခုအပြင် ထပ်ရှိသေးလား…”

ဝမ်လင်းက ကောင်းကင်ကို မျက်နှာခြင်း ဆိုင်၏။ သူသည် ကောင်းကင်ဘုံခွန်အား၏ ဖိအားအောက်တွင် တစ်စက်ပင် မရွှေ့ပေ။

သူက ထိုသို့ ဆိုသည့်နောက်မှာ ကောင်းကင်ဘုံသည် တုန့်ပြန်လာ၏။ ဖိအားသည် အဆတစ်ရာ ပိုတိုးလာသည်။ ဝမ်လင်း ပတ်လည်ရှိ ဟင်းလင်းပြင်မှာ စတင်တွန့်လိမ်လာ၏။

ဝမ်လင်း၏ခန္ဓာကိုယ်သည် ထိုဖိအားအောက်၌ ဆယ့်နှစ်ပေလောက် ချက်ခြင်း နိမ့်ဆင်းသွား၏။ သူ့ချပ်ဝတ်မှ အက်သံများ ထွက်ပေါ်လာသည်။ သို့သော် သူက ခေါင်းမော့နေလျက်သာ။

သူက သူ့ညာလက်ကို ဝေ့ယမ်း၏။ အကွာအဝေးတစ်ခု၌ တိမ်ပင်လယ်မှ အကြီးအကဲ၏ လောင်ကျွမ်းနေသော ခန္ဓာကိုယ်သည် လောင်ကျွမ်းမြစ်၏ ထွေးခြုံခြင်း ခံရကာ သူ့မူလစိတ်ဝိညာဉ်နှင့်အတူ တောက်လျှောက်ပြန်ဆွဲခေါ်ခြင်း ခံရသည်။

တိမ်ပင်လယ်၏ အကြီးအကဲသည် သေလောက်အောင် ဒဏ်ရာရထားပြီး ဖြစ်၏။ နတ်ဘုရားပြစ်ဒဏ်လျှပ်စီးလုံးကပင် သူ့ခန္ဓာကိုယ်ကို ပျက်စီးသွားစေခဲ့ဖို့ လုံလောက်ခဲ့ပြီး ဖြစ်သည်။ သို့သော် သူက ၎င်းဒဏ်ရာများကို ဖိနှိပ်ထားခဲ့သည်။ ထို့နောက် တောင်ခြေမွခြင်းက သူ့ကို ထပ်မံ ဒဏ်ရာ ရစေခဲ့သည်။ ထိုအခါ သူ့ကျင့်ကြံမှုအဆင့်က လျော့ကျခဲ့ရ၏။ သူသည် ခုချိန်၌ နိဗ္ဗာနသန့်စင်ခြင်းအစောပိုင်းအဆင့် ကျင့်ကြံမှုသာ ရှိတော့၏။

လောင်ကျွမ်းမြစ် ဝန်းရံထားတာ ခံရခြင်းကြောင့် ထိုအကြီးအကဲ၏ မူလစိတ်ဝိညာဉ်သည်လည်း အားနည်းနေခဲ့ပေပြီ။ သို့သော် လောင်ကျွမ်းမြစ်က ဝမ်လင်းထံသို့ ပြန်လာသည့်အခါ သူ့မျက်လုံးသည် ဆတ်ခနဲ ပွင့်လာ၏။ ထို့နောက် သူ့မူလစိတ်ဝိညာဉ်သည် အရူးအမူး ချဲ့ထွက်ကာ သူ့ကို ထိုမြစ်ထဲကနေ လွတ်မြောက်သွားစေ၏။ သူက ဝမ်လင်းထံသို့ တိုးဝင်လာသည်။

“ငါ့အတွက် သေလိုက်တော့…” အဘိုးအိုက နောက်ဆုံးအကြိမ် အော်ဟစ်၏။ သူက ဝမ်လင်း အနားသို့ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ရောက်ရှိသွားသည်။

ဝမ်လင်းသည် အေးစက်စက်နှာခေါင်းရှုံ့သည်။ ထို့နောက် သူ့ညာလက်ဖြင့် လက်ဝါးသဏ္ဌာန် ဖြစ်စေကာ ထိုအကြီးအကဲ၏မူလစိတ်ဝိညာဉ်ပေါ်သို့ ရိုက်ချသည်။ ကြယ်ကွင်းပြင်အတွင်းရှိ မူလစွမ်းအင်များ အရူးအမူး စုစည်းကာ ဧရာမလက်ဝါးရာ ဖြစ်ပေါ်ပြီး အဘိုးအို၏မူလစိတ်ဝိညာဉ်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလာသည်။

အဘိုးအို၏အသွင်က ကြီးစွာ ပြောင်းလဲသွား၏။ သူက အလန့်တကြား ဆို၏။ “ဒါက အဆင့်ကိုး စိတ်ဝိညာဉ်ကလန်ရဲ့ စိတ်ဝိညာဉ်စစ်ပွဲလက်ဝါး…”

အဘိုးအို ထိုကဲ့သို့ ပြောလိုက်ရုံရှိသေး လက်ဝါးရိုက်ချက်သည် သူ့အား ထိမှန်ကာ သူသည် လောင်ကျွမ်းမြစ်အတွင်းသို့ ပြန်ရောက်ရှိသွားရတော့၏။

တဝုန်းဝုန်းအသံများ ပဲ့တင်ထပ်သွားကာ အဘိုးအို၏မူလစိတ်ဝိညာဉ်သည် ချက်ခြင်း ပျက်စီးသွားသည်။

ဝမ်လင်းအဖို့ အဘိုးအို မသေခင် ပြောသွားခဲ့သည့် စကားများကို စဉ်းစားနေဖို့ အချိန်မရှိဘဲ သူက သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ လောင်ကျွမ်းမြစ်ထံသို့ ညွှန်သည်။ လောင်ကျွမ်းမြစ်သည် ဝမ်လင်းအထက်သို့ တဟုန်ထိုး တက်ကာ တောင်တစ်လုံးအသွင်သို့ ပြောင်း၏။ သို့ရာတွင် ထိုတောင်သည် အက်ကြောင်းများနှင့် ပြည့်နေ၏။ ထိုအက်ကြောင်းများထဲမှ ထွက်ပေါ်နေသည့် အနီရောင်အလင်းသည် ဤဧရိယာတွင် လင်းထိန်သည်။

ထိုအခိုက်အတန့်၌ ကောင်းကင်ဘုံခွန်အားသည် ပို၍ အားကောင်းလာကာ အောက်သို့ ကျဆင်းလာ၏။ ဝမ်လင်းမျက်နှာသည် အနည်းငယ် နီမြန်းလာ၏။ သို့သော် သူက ရယ်မောကာ သူ့လက်ကို အထက်သို့ ပင့်ကာ မာန်သွင်းဟစ်၏။ “တောင်ခြေမွခြင်း…ကောင်းကင်ဘုံကိုပါ ဖျက်စီးပစ်စမ်း…”

ဝမ်လင်းအထက်ရှိ ဧရာမတောင်ကြီးသည် ရုတ်တရပ် အထက်သို့ ဆန်တက်ကာ စူးရှရှလေခွင်းသံများကို ဖန်တီး၏။ ဝမ်လင်းသည်လည်း အထက်သို့ ပျံတက်ကာ တောင်နောက်ကနေ နီးကပ်စွာ ကပ်လိုက်လာသည်။ သူ့လက်ဖြင့် တောင်အောက်ခြေကို ပင့်ထား၏။ သူက ၎င်းတောင်ကို နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်ထံသို့ တန်းတန်းမတ်မတ် တွန်းတင်ပေးနေသကဲ့သို့ပင်။

တဝီဝီအသံများ ပဲ့တင်ထပ်နေရင်း ကောင်းကင်ဘုံခွန်အားထံမှ ဖိအားသည် အဆရာချီ ပိုအားကောင်းလာသည်။ ဝမ်လင်းသည် တောင်ကို ပင့်တွန်းနေရင်း ၎င်းတောင်သည် စတင်ပြိုပျက်လာ၏။ ပြိုပျက်သည့်တောင်၏အပိုင်းအစများသည် ကောင်းကင်ဘုံခွန်အားကို မခံနိုင်ဘဲ မွကြေကုန်၏။

သို့သော် ဝမ်လင်းက ရှေ့သို့ တိုးနေခြင်းကို မရပ်တန့်သည့်အပြင် ပို၍ပင် မြန်လာ၏။ သူက မာန်သွင်းကာ တောင်ကို အထက်သို့ ပင့်တွန်းတင်လိုက်ရာ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်အနားသို့ ရောက်ရှိသွားစေသည်။

ဝမ်လင်း၏ ဆံပင်များက လွင့်ဝဲနေ၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်ကလည်း ဆက်တိုက် အက်ကွဲလာနေသည်။ ဝမ်လင်း၏ခန္ဓာကိုယ်မှ အရိုးခြင်းပွတ်တိုက်သံများပါ ထွက်ပေါ်နေ၏။ သူ့မျက်နှာထက်ရှိ သွေးကြောများလည်း ဖောင်းကြွနေ၏။

သို့ရာတွင် ဝမ်လင်းသည် ဂရုမစိုက်ပေ။ သူလိုချင်သည်က ဖိဆန်မည့်စိတ်ဆန္ဒသာ ဖြစ်၏။ သူသည် နတ်ဘုရားပြစ်ဒဏ်ကို နှစ်ကြိမ် ရင်ဆိုင်ဖူး၏။ သူသည် အကြိမ်တိုင်း ခံဘက်သပ်သပ်သာ ဖြစ်ခဲ့သည်။ သည်တစ်ကြိမ်တွင်မူ သူသည် တန်ပြန်တိုက်ခိုက်ပေတော့မည်။

အနားရောက်လာသည့်အခါ တောင်၏ အစိတ်အပိုင်းတော်တော်များများသည် ဖုန်မှုန့်အဖြစ်သို့ ပျက်စီးကုန်သည်။ အဆုံးသပ်၌ တောင်တစ်ခုလုံးသည် အမှုန်အမွှား ဖြစ်ကုန်၏။

တောင် ပျက်စီးသွားသော်လည်း တောင်စိတ်ဝိညာဉ်ကတော့ ရှိနေဆဲပင်။

တောင်၏ ကျောက်တုံးကျောက်စများအားလုံးသည် လွင့်ပျောက်သွားသည့်နောက် ဝမ်လင်းသည် မီးတောင်ကို ကိုင်ဆောင်ထားသေး၏။ ၎င်းမီး၏ပုံစံသည် တောင်အသွင်အပြည့်အဝ ရှိသည်။

သည်အခိုက်အတန့်တွင် ဝမ်လင်းသည် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်၏ ပေတစ်သိန်းအတွင်း၌ ရှိနေသည်။ ကောင်းကင်ဘုံခွန်အား ရုတ်တရပ် တိုးလာသည်။ ၎င်းတိမ်တိုက်အောက်ရှိ ဟင်းလင်းပြင်တွင် အက်ကြောင်းများ ပေါ်လာ၏။ အဆုံးမဲ့အေးစိမ့်မှုသည် ယင်းအက်ကြောင်းများထဲကနေ ထွက်ပေါ်နေသည်။

ဝမ်လင်း ဆုပ်ကိုင်ထားသည့် မီးတောက်တောင်သည်ပင် မှိန်ဖျော့သွား၏။ ၎င်းသည်ပင် ကောင်းကင်ဘုံခွန်အားအောက်၌ ငြှိမ်းသေတော့မည့်ကဲ့သို့ ထင်ရသည်။

ဝမ်လင်းသည် မာန်သွင်း၏။ ထို့နောက် သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်တို့မှာ မီးတောက်တောင်ကို အထက်ရှိ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်ထံသို့ တွန်းထုတ်စေ၏။

ပေတစ်သိန်း၊ ပေကိုးသောင်း၊ ရှစ်သောင်း၊ ငါးသောင်း…။

မီးတောက်တောင်သည် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်နှင့် ပေငါးသောင်းအတွင်း ရောက်ရှိလာသည့်အခါ တိမ်တိုက်ထံမှ ကျယ်လောင်စွာတုန်ဟီးသံ ထွက်ပေါ်လာ၏။ အဆုံးသပ်၌ တောင်သည် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်အတွင်းသို့ မရောက်ရှိနိုင်ဘဲ တုန်လှုပ်ဖွယ် ဖိအားအောက်၌ မီးတောက်များ ငြှိမ်းသေသွားတော့သည်။

မီးတောက်တောင်မရှိတော့သည့်အခါ ဝမ်လင်းနှင့် တိမ်တိုက်များကြား အကာအဆီး ဘာမှ မကျန်တော့ပေ။ ဝမ်လင်းသည် ငြင်းဆန်မှုနှင့် ပြည့်၏။ ပေငါးသောင်းလောက်။ သူသာ ပေငါးသောင်းကို ကျော်လွန်နိုင်ခဲ့ပါက သူသည် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်ကို တိုက်ခိုက်နိုင်ပေမည်။

ဖိအားအောက်၌ သူ့ဘယ်မျက်လုံးထဲရှိ ဒေါမာန်မီးတောက်၊ညာမျက်လုံးတွင် မွန်းစတားမိုးကြိုးတို့ ပေါ်လာသည်။ သူ့ညာမျက်လုံးထဲမှ မိုးကြိုးသည် သူ့ညာလက်နှင့်အတူ ရွှေ့လျားကာ သူ့ညာလက်ဝါးပေါ်၌ လျှပ်စီးမိုးကြိုးလုံး ဖြစ်ပေါ်သည်။

တစ်ချိန်တည်းမှာပင် သူ့ဘယ်မျက်လုံးထဲမှ မီးတောက်သည် ဘယ်လက်သို့ စီးဆင်းကာ အဖြူရောင်မီးတောက်လုံးသည် သူ့ဘယ်လက်ထက်၌ ပေါ်လာသည်။

“ကောင်းကင်ဘုံရဲ့ မိုးကြိုး…ရှေးဟောင်းမိုးကြိုးနဂါးအနေနဲ့ ငါ့အမိန့်ကို နာခဲ့ပြီး စုစည်းကြ…” ဝမ်လင်းသည် လေထဲ၌ လွင့်မြောနေကာ မာန်သွင်းအော်ဟစ်၏။ ဝမ်လင်းနောက်တွင် ဧရာမရှေးဟောင်းမိုးကြိုးနဂါး ပေါ်လာ၏။ ၎င်း၏မျက်လုံးထဲ၌လည်း ကောင်းကင်ကို ဖိဆန်မည့်စိတ်ဆန္ဒအပြည့်ပင်။၎င်းက ဟိန်းဟောက်လေ၏။ မိုးကြိုးအားလုံးသည် ရုတ်တရပ် အသွင်ပြောင်းကာ သူ့လက်တွင် စတင် စုဝေးလာသည်။

ဝမ်လင်းရှေ့ရှိ ပေတစ်သောင်းအတွင်း ဧရိယာသည် မိုးကြိုးတို့နှင့် ပြည့်နှက်သည်။မိုးကြိုးငရဲတစ်ခုအလား။ အဆုံးမဲ့လျှပ်စီးတို့က မြွေများကဲ့သို့ ရွှေ့လျားနေသည်။

ဝမ်လင်းသည် သူ့ညာလက်ဖြင့် မိုးကြိုးကို အမိန့်ပေးချိန်၌ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်မှ လျှပ်စီးတန်းများသည်ပင် သူ့ညာလက်ထံသို့ မထင်မှတ်စွာ တိုးဝင်လာသည်။

သည်အခိုက်အတန့်၌ ဝမ်လင်းသည် မိုးကြိုးကို ထိန်းချုပ်မှုတွင် ကောင်းကင်ဘုံနှင့် ယှဉ်ပြိုင်နေသလို ဖြစ်နေ၏။

သူက ကောင်းကင်ဘံကို မိုးကြိုးထိန်းချုပ်ခြင်းတွင် ယှဉ်၍ တိုက်ခိုက်နေခြင်းလော။ မိုးကြိုးများ တုန်ဟိန်းနေရင်း နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်မှ ပိုများသည့် လျှပ်စီးတန်းများသည် ဆွဲထုတ်ခြင်း ခံရသည်။ နတ်ဘုရားပြစ်ဒဏ်မှ နောက်ထပ် မြည်ဟိန်းသံ ထွက်ပေါ်လာကာ ဆင်းသက်လာသည့်လျှပ်စီးတန်းများသည် တန့်သွား၏။ ကြည့်ရသည်မှာ ၎င်းလျှပ်စီးတို့က တိမ်တိုက်ထံသို့ ပြန်သွားတော့မည့်ဟန် တူ၏။

“ကောင်းကင်ဘုံရဲ့တာအို…နတ်ဘုရားပြစ်ဒဏ်…။ သင်သာ တကယ့် ကောင်းကင်ဘုံဖြစ်တယ်ဆိုရင် သင်သာ ငါ့ကို အမှန်တကယ် ဖျက်စီးချင်တယ်ဆိုရင် ငါဟာ ကောင်းကင်ဘုံကိုပါ ဖျက်စီးပစ်မယ်…”

လျှပ်စီးတန်းများ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များထံသို့ ပြန်တိုးဝင်သည်ကို ကြည့်နေရင်း ဝမ်လင်းက သူ့ဘယ်လက်ဖြင့် ဖမ်းဆုပ်၏။

“ကောင်းကင်ဘုံရဲ့ မီး…။ ဟင်္သာငှက်အနေနဲ့ ငါ့အမိန့်ကို နာခံပြီး စုစည်းစမ်း…” ချက်ခြင်းလိုလိုပင် အဖြူရောင်မီးတောက်များသည် ရှေးဟောင်းမိုးကြိုးနဂါးဘေးတွင် ပေါ်လာကာ ဧရာမဟင်္သာငှက်အသွင်သို့ ပြောင်းသည်။ ဟင်္သာငှက်သည် ၎င်း၏တောင်ပံကို ဖြန့်ကားကာ ဟိန်းသံပြုသည်။

မီးတောက်ပင်လယ်သည် ရုတ်ချည်း ပေါ်လာကာ ဝမ်လင်း၏ ဘယ်လက်သို့ စုစည်းသည်။ တစ်ချိန်တည်းမှာ နတ်ဘုရားပြစ်ဒဏ်ထံမှ မီးတောက်များစွာသည် ထွက်ပေါ်လာကာ ဝမ်လင်းဘယ်လက်ရှိ မီးတောက်လုံးထံသို့ တိုးဝင်လာကြသည်။

ခုချိန်၌ သူသည် မိုးကြိုးအရာ၌ ကောင်းကင်ဘုံကို ဖိဆန်ရုံသာမက မီးအရာ၌ပါ ကောင်းကင်ဘုံနှင့် ယှဉ်ပြိုင်ပေတော့မည်။

အခြားကျင့်ကြံသူတစ်ယောက်ယောက်ကသာ သည်မြင်ကွင်းကို တွေ့မြင်ရပါက အကြီးအကျယ်တုန်လှုပ်မိပေမည်။ ခုချိန်၌ ဝမ်လင်း၏ ညာလက်တွင် မိုးကြိုးလုံး၊ ဘယ်လက်တွင် မီးလုံးတို့ ရှိ၏။ မူလစွမ်းအင် စုပ်ယူခြင်းကလွဲ၍ သူသည် စွမ်းအားအတွက် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်နှင့် တေ့ဆိုင်ယှဉ်ပြိုင်နေသည်။

နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များထံမှ ဟိန်းမြည်သံသည် ပို၍ ရှင်းလင်းလာ၏။ ထို့နောက် ၎င်းတိမ်တိုက်များအတွင်းမှ သွေးမြူတစ်ခု ထွက်ပေါ်လာသည်။ ဤအရာကား နတ်ဘုရားပြစ်ဒဏ်ငါးခုမြောက်ပုံစံ သွေးနတ်ဘုရားပြစ်ဒဏ်တည်း။

သွေးမြူပေါ်လာသည်နှင့် ဝမ်လင်းသည် ရုတ်တရပ် ခေါင်းမော့ကာ မြှားတစ်စင်းကဲ့သို့ ထိုးတက်သွားသည်။ သူသည် လက်တစ်ဖက်စီတွင် ပေတစ်ထောင်အကျယ်ရှိ မိုးကြိုးလုံးနှင့်မီးလုံးတို့နှင့်အတူ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်ထံသို့ ဦးတည်ဝင်ရောက်သည်။

ပေငါးသောင်း၊လေးသောင်း၊သုံးသောင်း၊ တစ်သောင်း…။ ဝမ်လင်းသည် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်နှင့် နီးသထက်နီးလာသည်။ သူသည် နတ်ဘုရားပြစ်ဒဏ်နှင့် ပေတစ်သောင်းအတွင်း ရောက်လာချိန်၌ သွေးမြူသည်လည်း ရောက်ရှိလာပေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset