Switch Mode

အပိုင်း(၁၁၅၈)

တောင်နှစ်ခါ ခြေမွခြင်း..

ကောင်းကင်ဘုံတောင်ခြေမွခြင်းမန္တာန်…။

ဝမ်လင်းသည် ထိုစကားများကို ဆိုလိုက်သည့်အခိုက်တွင် သူ့ပတ်လည်တွင် ပေါ်လာသည့် မရေမတွက်နိုင်သောပုံရိပ်ယောင်မီးတောင်များသည် စတင်၍ တစ်ခုနှင့်တစ်ခု ထပ်လာကြသည်။

မျက်စိတစ်မှိတ်အတွင်း ၎င်းတို့သည် တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းသွားသည်။ ထိုအခါ ထည်ဝါသောတောင်သည် ဝမ်လင်း ရှေ့၌ ရုတ်တရပ် ပေါ်လာ၏။ ထိုတောင်သည် အစစ်အမှန်တောင်နှင့် လုံးဝ ခြားနားမှု မရှိပေ။

ယင်းတောင်သည် ပေတစ်သောင်းကျော် ရှည်လျား၏။ ၎င်းသည် ဟင်းလင်းပြင်လောက် ကြီးမားလှခြင်း မရှိသော်လည်း သည်နေရာရှိ လူတိုင်းရှေ့တွင်မူ ဧရာမဆန်လှသည်။ ပြင်းထန်သောဖိအားက သည်ဧရိယာတွင် ကျရောက်လာသည်။

ထိုတောင်ပေါ်လာသည်နှင့် ဟင်းလင်းပြင်တွင် ပြင်းထန်သည့်လှိုင်းများ ပေါ်လာသည်။ အစီအရင်အတွင်းရှိ ကျောက်ပဲ့များစွာ ပျက်စီးကုန်သည်။

တောင်သည် စတင် တုန်ခါလှုပ်ရမ်းလာသည်။ ထို့နောက် ၎င်းတောင်ထိပ်သည် ပေါက်ကွဲထွက်ကာ ကျောက်စကျောက်နများစွာ နေရာအနှံ့သို့ လွင့်စင်သည်။ တစ်ချိန်တည်းမှာပင် အနက်ရောင်အခိုးငွေ့များ ထိုးထွက်လာကာ လေထဲ၌ ပြည့်နှက်၏။ အနီရင့်ရောင်မီးတောက်များသည် တောင်ထိပ်ဝကနေ ပန်းထွက်ကုန်သည်။

အနီရောင့်ရောင်မီးတောက်များ ထွက်ပေါ်လာချိန်၌ ၎င်းတို့သည် ကျောက်တုံးများကို လောင်ကျွမ်း၍ အောက်ဘက်သို့ ကြမ်းတမ်းစွာ ကျဆင်းလာသည်။

တိမ်ပင်လယ်မှ ကျင့်ကြံသူများသည် လောင်ကျွမ်းသောကျောက်တုံးများနှင့် ထိမှန်ခြင်း ခံရ၏။ထိုသူတို့၏ ခန္ဓာကိုယ်များသည် ချက်ခြင်း ကြေမွကာ မီးတောက်များက ၎င်းတို့၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်၍ မူလစိတ်ဝိညာဉ်များကိုပါ တိုက်ရိုက်လောင်ကျွမ်းသည်။

မီးတောက်မှ ထွက်ပေါ်လာသည့် အခိုးအငွေ့များတွင် မီးအဆိပ်များစွာ ပါဝင်၏။ ၎င်းတို့က နေရာအနှံ့သို့ ပြန့်နှံ့သည်။

အစီအရင်ထဲသို့ ခြေတစ်ဝက်လှမ်းလာပြီးသော ကျင့်ကြံသူတစ်ယောက်သည် ကြောက်လန့်သည့်အသွင်ဖြင့် နောက်သို့ ပြန်ဆုတ်၏။ ထိုအခိုက်မှာပင် သူ့ကို အနက်ရောင်အခိုးငွေ့များက ဝန်းရံသွား၏။ ထိုအခါ သူ့ခန္ဓာကိုယ်သည် အနက်ရောင်အခိုးအငွေ့အဖြစ်သို့ ပြောင်းကာ ပျက်စီးသွားတော့၏။ သူ့မူလစိတ်ဝိညာဉ်သည်ပင် အမှုန့်အမွှားဖြစ်သည့်အထိ ကျွမ်းလောင်ခြင်း ခံရသည်။ သူသည် ချက်ခြင်း ပျောက်ကွယ်သွားတော့၏။

အနက်ရောင်အခိုးအငွေ့များကြောင့် အစောပိုင်းက ခုနစ်ရောင်စုံအလင်းသည်ပင် ပေါက်ကွဲထွက်သွား၏။ ထိုအဖြစ်က ကောင်းကင်ယံတုန်ဟိန်းစေသည့်အသံကို ဖြစ်ပေါ်စေ၏။

အချို့အားနည်းသောကျင့်ကြံသူများသည် ထိုတုန်ဟိန်းသံကြောင့် သူတို့၏မူလစိတ်ဝိညာဉ်များ တစစီ ဖြစ်ကုန်သည်။ သူတို့သည် သွေးအန်ထုတ်ရကာ မျက်လုံးများမှိတ်ဖော့၍ သေဆုံးသွားကြလေ၏။

ဤကြယ်ကွင်းပြင်တွင် အထိတ်တလန့် နာကျင်စွာအော်သံများ ပဲ့တင်ထပ်ကုန်၏။

သို့ရာတွင် သည်မျှနှင့်အဆုံးမသပ်သေးပေ။ အနက်ရောင်အခိုးအငွေ့များနှင့် မီးတောက်များ ပန်းထွက်သည့် တောင်သည် နောက်တဖန် တုန်ခါပြန်သည်။ချောရည်ပူလှိုင်းများက တောင်ထိပ်ကနေ စတင်မြင့်တက်လာ၏။ သည်ဧရိယာမှာ အပူဓာတ်နှင့် ပြည့်လေသည်။ ထို့နောက် အရာအားလုံးကို ဖျက်စီးပစ်နိုင်သည့် အော်ရာတစ်ခုသည် လောက၌ ပေါ်လာ၏။

ချောရည်ပူများ ပန်းထွက်ပျံ့နှံ့လာချိန်၌ အနီးအနားရှိ ကျင့်ကြံသူခုနစ်ယောက်ထဲမှ နှစ်ယောက်သည် အခိုးအငွေ့များကြောင့် သေဆုံးသွားကြရသည်။ သူတို့သည် နာကျင်စွာ သေဆုံးခဲ့ရခြင်းလည်း ဖြစ်၏။

မီးလောင်ကျွမ်းထားခြင်း ခံရသည့် ကျောက်တုံးကြီးတစ်ခု ထိမှန်ခံထားရသော နောက်တစ်ယောက်၏ ခန္ဓာကိုယ်သည်လည်း သွေးအိုင် ဖြစ်သွား၏။ သို့သော် သိပ်သည်းသောအပူရှိန်ကြောင့် သူ့သွေးများသည် အလျင်အမြန်ပင် မြူများအဖြစ်သို့ အငွေ့ပျံကာ ပျောက်ကွယ်သွားတော့သည်။

သူတို့သည် ကံကောင်းသည်ဟု ဆိုနိုင်၏။ သူတို့သည် သေဆုံးခြင်းကနေ လွတ်မြောက်နိုင်ခြင်း မရှိခဲ့သော်လည်း သူတို့နာကျင်ခံစားမှုသည် ကျန်သည့်လေးယောက် တွေ့ကြုံရသည့်ထက် သက်သာနေသောကြောင့်ပင်။ ထိုနောက်ဆုံးကျန်သည့် လေးယောက်က အနည်းငယ် နှေး၏။ သူတို့က ချောရည်ပူများအား ရှောင်ချိန်ပင် မရဘဲ ထိမှန်ခြင်း ခံလိုက်ရ၏။ ချောရည်ပူများ အနားရောက်သည့်အခါ သူတို့၏ခန္ဓာကိုယ်များကို စတင် လောင်ကျွမ်း၏။ သူတို့၏ မီးကျွမ်းနေသည့် အရိုးစုများသာ ပုံမပျက်ကျန်ခဲ့တော့သည်။

သူတို့သည် ပြာပုံဘဝသို့ မရောက်ခင် အရိုးစုများသည် အသက်ရှုချိန်တစ်ဝက်သာ ကြာ၏။ သူတို့၏ မူလစိတ်ဝိညာဉ်များသည်လည်း နိတ္ထိဖြစ်သည့်အထိ လောင်ကျွမ်းခြင်း ခံရသည်။

အကွာအဝေးတစ်ခုတွင် ရှိနေသော ခြင်သားရဲကလည်း ၎င်း၏မြန်နှုန်းပြည့်ကို အသုံးပြုကာ ပျံသန်းလာ၏။ ၎င်း၏ မျက်လုံးထဲ၌ အေးစက်မှုတို့ ပြည့်နှက်နေ၏။ ၎င်းသည် ၎င်း၏မျိုးနွယ်တူခြင်သားရဲများရှိရာ တောင်ခြေမွခြင်း အတွင်းသို့ ပျံသန်းသွား၏။ ဝမ်လင်း၏ တောင်ခြေမွခြင်းမန္တာန်သည် ကန့်သတ်ထားရာ ခြင်သားရဲများအပေါ်သို့ သက်ရောက်ခြင်းမရှိပေ။

ခြင်သားရဲဘုရင် ရောက်ရှိလာသည်ကို တွေ့မြင်သည့်အခါ ခြင်သားရဲများသည် တစီစီအော်ဟစ်ကြ၏။ ၎င်းတို့သည် သူတို့၏ ခြင်သားရဲဘုရင်နောက်သို့ လိုက်လာကြသည်။ ခြင်သားရဲအုပ်စုသည် ဝမ်လင်း၏ တောင်ခြေမွခြင်းအတွင်း၌ ဘယ်နှင့်ညာ အုပ်စုဖွဲ့ကာ ပျံသန်းလာကြသည်။ ၎င်းတို့က အလွန် ဒေါသထွက်နေ၏။ ၎င်းတို့သည် အငြှိုးကြီးမားလှရာ အဝါရောင်ဝတ်စုံနှင့်ကျင့်ကြံသူ ရှိရာသို့ ဦးတည်တိုးဝင်လာကြတော့သည်။

ထိုကျင့်ကြံသူက ၎င်းတို့အား ဖျားယောင်းခဲ့သည့်သူ သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ခြေထောက်တွင် ဒဏ်ရာရခဲ့သောသူပင်။ခြင်သားရဲများ သူ့ထံသို့ တိုးဝင်လာသည်ကို တွေ့သည့်အခါ သူ့အမူအရာသည် ပြောင်းလဲသွား၏။ သို့သော် သူ နောက်ကျသွားပေပြီ။ ခြင်သားရဲအုပ်စုက သူ့အား ဝန်းရံကာ ခန္ဓာကိုယ်များကို ဖြဲစုတ်ပစ်တော့သည်။

ခြင်သားရဲအုပ်စုသည် သွေးကို အရသာခံကာ ပို ရူးသွပ်လာ၏။ ၎င်းတို့ ခြင်သားရဲဘုရင်၏ ဦးဆောင်မှုအောက်တွင် ၎င်းတို့သည် လက်စားပြန်ချေရန် နောက်ထပ်နှစ်ယောက်ကို ထပ်ရှာသည်။

တောင်ခြေမွခြင်းမန္တာန်၏ စွမ်းအား အောက်၌ ဒဏ်ရာရသည်ဟူ၍မရှိ သေဆုံးရသည်သာ ရှိနေ၏။ ခန္ဓာကိုယ်ကို ဆုံးရှုံးထားသော အကြီးအကဲ၏ မူလစိတ်ဝိညာဉ်သည် ထိတ်လန့်တကြား ဖြစ်နေပေသည်။ သူသည် လောင်ကျွမ်းနေသောကျောက်တုံးကြီးနှင့် အနက်ရောင်အခိုးအငွေ့တို့ကို ရှောင်နေရ၏။ သူက အံတင်းတင်းကြိတ်ကာ အစီအရင်ကနေ ထိုးထွက်လာသည်။

အခြားအကြီးအကဲတစ်ယောက်သည်လည်း အနက်ရောင်အခိုးအငွေ့များကို ရှောင်ကာ အစီအရင်ထဲသို့ တိုးဝင်၏။ သူ့မျက်နှာသည် ဖြူရောနေသည်။ သူသည် တပည့်များအားလုံး၏ အသက်ရှင်မှုကိုလည်း လုံးဝ လစ်လျူရှုထားသည်။ သူသည် အတော်လေး ထိတ်လန့်နေ၏။ သူ့စိတ်နှလုံးသည် နောင်တရမှု၊အမုန်းတရားတို့နှင့် ပြည့်နေသည်။ သူက သူ့လောဘတတ်ခဲ့မှုကို နောင်တရနေသည်။ သူက သည်ခြင်သားရဲများကို ခေါ်ဆောင်လာခဲ့ကာ ဤကပ်ဘေးကို ဖြစ်စေသည့် သူ့လက်အောက်မှ တပည့်သုံးယောက်ကိုလည်း မုန်တီးနေသည်။

ဝမ်လင်း၏မျက်လုံးသည် တည်ငြိမ်လှ၏။ သို့သော် သူသည် မည်သည့်သနားညှာတာမှုကိုမှ မပြပေ။ သူတို့သည် သူ့ခြင်သားရဲများကို ခိုးယူရန် တွေးဝံ့ခဲ့ကြ၏။ ထို့ကြောင့် သူတို့သည် တန်ရာတန်ကြေး ပြန်ပေးဆပ်ရပေမည်။ သူသည် သူ့လက်နှစ်ဖက်ကို ဖြန့်ကားကာ အော်ပြောသည်။ “တောင်…ပထမဆုံးခြေမွခြင်း…”

ဝမ်လင်း အော်ဟစ်လိုက်ပြီးနောက် တောင်သည် နောက်တစ်ကြိမ် တုန်ခါသွားကာ ကျောက်တုံးများစွာ ချောရည်ပူထဲသို့ ပဲ့ကြွေကျသည်။ ပတ်ဝန်းကျင်ရှိ ချောရည်ပူသည် ရုတ်တရပ် လေထဲသို့ ပျံတက်ကုန်၏။ တစ်ချိန်တည်းမှာ ဤကြယ်ကွင်းပြင်ထဲ၌ အံ့မခန်းအားတစ်ခုဖြင့် ပြည့်နှက်သည်။ ကျန်သည့် ကျင့်ကြံသူများထဲမှ အချို့သည်လည်း သည်ချောရည်ပူ၏ ထိမှန်ခြင်းကို ခံရကာ နာကျင်စွာအော်ဟစ်၍ အနက်ရောင်ပြာပုံဘဝသို့ ရောက်သည်။

အမြန်ဆုံးအကြီးအကဲ၏ မူလစိတ်ဝိညာဉ်သည် အစီအရင်၏ ဗဟိုနားသို့ နီးကပ်လာသည်။ ပထမခြေမွခြင်းကြောင့် မရေမတွက်နိုင်သော အက်ကြောင်းများ ကျိုးပျက်နေသည့်အစီအရင်နားတွင် ပေါ်လာခဲ့တော့သည်။

ချောရည်ပူများကလည်း လေထဲသို့ ပျံတက်လာနေရင်း အစီအရင်သည် ယင်းအဖျက်အစီးအားကို တောင့်မခံနိုင်တော့ပေ။ အစီအရင်သည် ပျက်စီးသွား၏။ သိပ်သည်းသော တောက်ပသည့်အလင်းသည် ရုတ်တရပ် အနီးအနားရှိ အရာရာကို ထွင်းဖောက်သွားသည်။

အစီအရင်သည် တစ်လက်မခြင်း တစစီကွဲအက်၏။ထို့နောက် ၎င်းအစီအရင်သည် လုံးဝ ပျက်စီးသွားတော့သည်။

“မဟုတ်ဘူး…” ခရမ်းရောင်ဝတ်စုံနှင့်အကြီးအကဲ၏ မူလစိတ်ဝိညာဉ်သည် မျှော်လင့်ချက်မဲ့သွား၏။ သူက လေထဲ၌ တန့်သွားရ၏။ သို့ရာတွင် ခဏတာ တုံ့ဆိုင်းသွားမှုက လောင်ကျွမ်းကျောက်တုံးသည် သူ့မူလစိတ်ဝိညာဉ်ကို အထက်ကနေ စောင့်ချသွားစေတော့သည်။

အကြီးအကဲသည် မူလစွမ်းအင်အဆီအနှစ်ကို ထွေးထုတ်ကာ နောက်သို့ ဆုတ်သည်။ သူ့မူလစိတ်ဝိညာဉ်သည် စတင် လောင်ကျွမ်း၏။ သို့ရာတွင် ထိုသေရေးရှင်ရေး အခြေအနေက ဤမျှနှင့် မပြီးသွားပေ။ အဆိပ်ရှိအနက်ရောင်အခိုးအငွေ့များသည် သူ့ပတ်လည်၌ မုန်တိုင်းတစ်ခုအသွင် ဖြစ်လာပြန်သည်။ အထိတ်တလန့် နာကျင်စွာ အော်သံများ ထွက်ပေါ်သွားရင်း ထိုအကြီးအကဲသည် အမည်မသိနည်းလမ်းတစ်ခုကို သုံးကာ မုန်တိုင်းထဲကနေ ထွက်လာ၏။

သူသည် မီးတောက်များနှင့် ဖုံးနေ၏။ သူ့မူလစိတ်ဝိညာဉ်သည် ဝေဝါးနေ၏။ အချိန်မရွေး ပျောက်ကွယ်သွားတော့မည့် သကဲ့သို့ပင်။ သူ့မူလစိတ်ဝိညာဉ်သည် ဖားပြုတ်တစ်ကောင်၏ အရေပြားကဲ့သို့ ဖြစ်နေကာ ပြည်ဖုများ ဖုံးကုန်၏။ထိုပြည်ဖုများသည် မီးအဆိပ်များနှင့် ပြည့်နေသည်။

သူ့မူလစိတ်ဝိညာဉ်အတွင်း၌ပင် မီးလောင်ကျွမ်းနေသည်။ အကြီးအကဲသည် နောက်သို့ ဆုတ်ရင်း အော်ဟစ်၏။ သူက ဝမ်လင်းထံသို့ ဆက်ခနဲ ခေါင်းမော့ကြည့်သည်။ သူ့မျက်လုံးထဲ၌ ရူးသွပ်မှုတို့ ရှိနေလေ၏။

“ငါ သေရရင်တောင် မင်းကိုပါ အပါခေါ်သွားမယ်…” အဘိုးအိုသည် မာန်သွင်းဟစ်ကာ ဝမ်လင်းထံသို့ တိုးဝင်လာသည်။ သည်အခိုက်အတန့်၌ သူက သူ့ကိုယ်သူ ဖောက်ခွဲပစ်ရန် ကြိုပြင်ဆင်ထားခဲ့ပေပြီ။

အကြီးအကဲ၏မူလစိတ်ဝိညာဉ်ထံမှ မူလစွမ်းအင်လှိုင်းများသည် ပြင်းထန်သောအားအဟုန်အဖြစ် ဝမ်လင်းထံသို့ တိုးဝင်လာသည်။ ဝမ်လင်းအသွင်က ပုံမှန်ပင်။ သူက အကြီးအကဲ အနားရောက်လာချိန်၌ သူ့ညာလက်ကို ညွှန်သည်။ ကောင်းကင်ဘုံမူလစွမ်းအင်များသည် သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းကာ သူ့ညာလက်ထဲသို့ စီးဝင်သည်။

“ရပ်တန့်ခြင်း…” ဝမ်လင်း၏အသံသည် အေးစက်၏။ သို့သော် သူ ထိုသို့ ဆိုသည့်အခိုက်တွင် အဘိုးအို၏မူလစိတ်ဝိညာဉ်သည် ခဏတာ တုန့်ဆိုင်းသွားသည်။

အဘိုးအို၏ ကျင့်ကြံခြင်းအဆင့်က ဝမ်လင်းထက် ပိုမြင့်ပေ၏။ ထို့ကြောင့် ဝမ်လင်းက ရပ်တန့်ခြင်းမန္တာန်မှ တန်ပြန်သက်ရောက်မှုကို ဖိနှိပ်ရန် သူ့မီးမူလစွမ်းအင်ကို အသက်သွင်းလိုက်ရသည်။ သူက သူ့ညာလက်ကို ဝေ့ယမ်းရာ အတွေးတစ်ချက်ဖြင့်ပင် ကံကြမ္မာကျာပွတ်သည် ပျက်စီးတော့မည့် အကြီးအကဲ၏ မူလစိတ်ဝိညာဉ်ထံသို့ ဦးတည်ဝင်သွားသည်။

ကျာပွတ်သံ ပဲ့တင်ထပ်သွားရင်း အကြီးအကဲ၏မူလစိတ်ဝိညာဉ်သည် နာကျင်စွာ အော်ဟစ်၏။ သူ့မျက်လုံးထဲရှိ ရူးသွပ်မှုပင် ပျောက်ကွယ်ကာ ကြောက်ရွှံ့မှု ပြည့်သွားသည်။ သူက နောက်ဆုတ်ရန် ပြင်စဉ်မှာပင် ဝမ်လင်းသည် ကံကြမ္မာကျာပွတ်နှင့်အတူ သူ့ကို ဆွဲယူလိုက်သည်။

ဝမ်လင်းသည် မူလစိတ်ဝိညာဉ်ကို ဖမ်းယူကာ သူ့ သိုလှောင်နေရာလွတ်ထဲသို့ ဆွဲသွင်းလိုက်တော့သည်။ ကြည့်ရသည်မှာ ယင်းမူလစိတ်ဝိညာဉ်က ဝါးမြိုခြင်း ခံလိုက်ရသကဲ့သို့ပင်။

အဖြစ်အပျက်များက မြန်ဆန်လွန်း၏။ ထိုအဖြစ်က ကျန်သည့် အကြီးအကဲကိုပါ တုန်ယင်စေကာ ထွက်ပြေးရန် ပြင်သည်။

သို့သော် သူက ဝမ်လင်းလက်ကနေ မည်သို့ လွတ်နိုင်ပါ့မည်နည်း။ ဝမ်လင်းက သူ့ညာလက်ကို ကောင်းကင်ထက်သို့ ညွှန်ကာ အော်ပြောသည်။ “ဒုတိယအကြိမ် ခြေမွှခြင်း…”

တောင်တစ်တောင်ကို နှစ်ကြိမ် ခြေမွခြင်းသည် ယင်းမန္တာန်အပေါ် အခုလက်ရှိ နားလည်သည့် ဝမ်လင်း၏ ကန့်သတ်ချက် ဖြစ်၏။ ချင်းရွှေ၏ တောင်ခြောက်လုံး၊ ဆယ့်နှစ်ကြိမ်ခြေမွှခြင်းနှင့် ယှဉ်ပါက သူ့မန္တာန်အစွမ်းသည် အတော်လေး လိုနေသေးသည်။ ချင်းရွှေ၏ တောင်ခြေမွှခြင်းက နယ်မြေတစ်ခုကိုပါ ဖျက်စီးပစ်နိုင်စွမ်း ရှိ၏။ ဝမ်လင်းသည် အခုချိန်၌ ထိုကဲ့သို့ မလုပ်နိုင်သော်လ်း သည်ကျင့်ကြံသူများကို ဖျက်စီးပစ်ဖို့တော့ လုံလောက်နေပေသည်။

နတ်ဘုရားပြစ်ဒဏ်သာ မရှိခဲ့ပါက ဝမ်လင်းသည် သူတစ်ယောက်တည်း သည်နေရာသို့ လာလိမ့်မည် မဟုတ်ပေ။ သို့သော် နတ်ဘုရားပြစ်ဒဏ်နှင့်ဆိုပါက ဝမ်လင်းသည် သည်နိဗ္ဗာနသန့်စင်ခြင်းနောက်ဆုံးအဆင့် အကြီးအကဲနှစ်ယောက် မဆိုနှင့်ဦး နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူဖြင့်ပင် တိုက်ခိုက်ဝံ့ပေသည်။

ဒုတိယအကြိမ်ခြေမွခြင်းအောက်၌ ဟင်းလင်းပြင်သည် စတင် တုန်ခါလာသည်။ ကျယ်လောင်စွာ မြည်ဟိန်း၏။ ထိုတောင်သည် နောက်ဆုံးတွင် ပြိုပျက်သည်။ ထိုတောင်သာမက ဝမ်လင်း၏ စိတ်ဆန္ဒကြောင့် ဖြစ်ပေါ်သည့် တောင်စိတ်ဝိညာဉ်နှင့် ကောင်းကင်ဘုံမူလစွမ်းအင်တို့သည်ပါ ပျက်စီးကုန်၏။ မရေမတွက်နိုင်သော လောင်ကျွမ်းသည့် ကျောက်စကျောက်နများ ပြန့်ကြဲကုန်သည်။ အဆုံးမဲ့ချောရည်ပူများနှင့် အဆိပ်အခိုးအငွေ့များက ပန်းထွက်လာကာ သည်ကြယ်ကွင်းပြင်ကို ဖုံးအုပ်သည်။

ထိုမျှသာမက ဝမ်လင်း၏ ထိန်းချုပ်မှုအောက်၌ ယင်းတစစီဖြစ်သည့် လောင်ကျွမ်းနေသော ကျောက်တုံးများ၊ ချောရည်ပူများ၊ အဆိပ်ရှိအနက်ရောင်အခိုးအငွေ့များအားလုံးသည် သူ့ပတ်လည်၌ မြစ်တစ်စင်းကဲ့သို့ စီးဆင်း ဖြစ်ပေါ်သည်။ သည်အခိုက်အတန့်၌ ဝမ်လင်း၏ အဖြူရောင်ဆံပင်များသည် လွင့်မြောနေ၏။ သူက နတ်ဘုရား တစ်ပါးကဲ့သို့ပင်။ သူ့အေးစက်စက်အကြည့်က သတ်ဖြတ်ခြင်းစိတ်ဆန္ဒအပြည့်ဖြင့် ရှိ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset