ထိုပုံရိပ်ယောင်မီးတောင်များ ပေါ်လာသည်နှင့် မူလစွမ်းအင်မြောက်များစွာသည် ၎င်းတို့အတွင်းသို့ စတင် စုစည်းကြသည်။ ဝမ်လင်းသည် ရှေ့သို့ ဆက်သွားနေသည့်အခါ ယင်းမီးတောင်များသည် သူ့နောက်ကနေ ကပ်ပါလာသည်နှင့်ပင် တူနေတော့၏။
တစ်စုံတစ်ယောက်ကသာ ထိုမြင်ကွင်းကို တွေ့မြင်ပါက ပင့်သက်ရှိုက် တုန်လှုပ်မိပေမည်။
သည်မီးတောင်များက အစစ်အမှန်နှင့်တူလွန်းနေ၏။ သင်သည် ၎င်းမီးတောင်များကို အစစ်အမှန်ဟု ခံစားမိသည်နှင့် သင့်စိတ်ကို သက်ရောက်မှု ခံရပေမည်။
အမှန်နှင့်အမှားကြားရှိ ကွာခြားချက်သည် နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူများအောက်ရှိ မည်သည့်ကျင့်ကြံသူကိုမဆို လှုပ်ခါစေဖို့ရာ လုံလောက်သည်။ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူများသည်ပင် သက်ရောက်မှု ခံရနိုင်၏။ တကယ်တော့ ဤတောင်ခြေမွခြင်းမန္တာန်သည် ကောင်းကင်ဘုံအင်ပါယာပေဖန်၏ နောက်ပိုင်းမန္တာန်သုံးခုမှ ပထမဆုံးမန္တာန် ဖြစ်နေသည် မဟုတ်လား။
ဝမ်လင်းသည် ခြင်သားရဲနောက်ကနေ လိုက်လာနေရင်း သူ့စိတ်ထဲရှိ ဒေါသက ဤမီးတောင်များကို ဖြစ်စေခြင်းပင်။ ခြင်သားရဲများ၌ သူတို့၏ကလန်ဝင်မျိုးနွယ်တူများသည် ထောက်လှမ်းနိုင်သည့် ရနံ့တစ်ခုကို ထုတ်လွှတ်နိုင်စွမ်း ရှိကြ၏။
အခုလိုပုံစံဖြင့် လူတစ်ယောက်နှင့်ခြင်သားရဲတစ်ကောင်သည် ကြယ်အဖွဲ့အစည်းကြား မြန်ဆန်စွာ သွားလာနေကြသည်။ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။ တကယ်တော့ ခြင်သားရဲသည် ဒဏ်ရာအပြင်းအထန် ရခဲ့သည့်အတွက် သူ့အရှိန်မှာ နှေးနေခဲ့ပေပြီ။ သူတို့သာ သည်အမြန်နှုန်းတိုင်းသွားပါက ခြင်သားရဲများကို ခိုးယူသွားသည့် သူများကို ဘယ်အချိန်ကြာမှ မှီနိုင်မည်မှန်း သိလိမ့်မည် မဟုတ်ပေ။
ထို့အပြင် ဝမ်လင်းက သူ့နတ်ဘုရားပြစ်ဒဏ် ကျရောက်လာမှုက တဖြည်းဖြည်း နီးကပ်လာနေပြီဟုလည်း ခံစားမိနေ၏။ ဆန်းကြယ်အသွင်ပြောင်းခြင်းကိုးခုကို အသုံးပြု၍ သူ ချိပ်ပိတ်မှုက ပြောလျော့လာနေသည်။
တကယ်တော့ သည်နေရာက အပြင်ဘက်ဟင်းလင်းပြင် ဖြစ်၏။ ထို့ကြောင့် ဤနေရာရှိ မူလစွမ်းအင်များသည် အလွန်အမင်း ရောနှောနေသည်။ သူ့ကျင့်ကြံမှုအဆင့်ကို ချိပ်ပိတ်ထားသော်လည်း မူလစွမ်းအင်တို့က သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေဆဲပင်။ ထိုမူလစွမ်းအင်တို့က သူ့ခန္ဓာကိုယ်ထဲရှိ သွေးကြောများထဲသို့ ကူးပြောင်းလို့နေ၏။
နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူများက မူလစွမ်းအင်ကနေ သူတို့ခန္ဓာကိုယ်ထဲသို့ အလိုလို ကူးပြောင်းနိုင်စွမ်း ရှိကြ၏။ ထို့ကြောင့်ညလ်း သူတို့သည် ဥပဒေသကို နားလည်ဖို့ရာ ပိုသင့်တော်ကြသည်။
စဉ်းစားနေရင်း ဝမ်လင်းသည် သူ့ညာလက်ကို ဆန့်ထုတ်ရာ သူ့ရှေ့၌ ငါးပေလောက်ရှိသည့် အက်ကြောင်းတစ်ခု ပေါ်လာ၏။ ထိုအက်ကြောင်းသည် ဝမ်လင်း၏ အရှိန်တိုင်း ရွှေ့လျားနေပေသည်။
ဝမ်လင်းက သူ့လက်ကို ထိုအက်ကြောင်းထဲသို့ ဆန့်ထုတ်ရာ အဝါရောင်အဆောင်တစ်ခုကို ထုတ်ယူ၏။ အတွေးတစ်ချက်ဖြင့်ပင် ငါးပေအက်ကြောင်းသည် ချက်ခြင်း ပြန်ပျောက်ကွယ်သွားသည်။
သူက အဝါရောင်အဆောင်ကို ခြင်သားရဲအပေါ်သို့ ပစ်တင်လိုက်၏။ ခြင်သားရဲ၏ခန္ဓာကိုယ်က တုန်ယင်သွား၏။ ထို့နောက် ၎င်း၏ခန္ဓာကိုယ်အား လေပွေတစ်ခု ဝန်းရံကာ ဟင်းလင်းပြင်အထက်သို့ ထိုးတက်သွားသည်။
ထိုလေပွေက လှည့်လည်ရင်း တဝီဝီလေတိုးသံများ ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် ထိုလေဝဲအထက်၌ ဧရာမငှက်ကြီးပေါ်လာကာ အတောင်ပံ ဖြန့်သည်။ ခြင်သားရဲသည် ရုတ်တရပ် မြေကြီးထုတုန်ဟိန်းသံကို အော်မြည်၏။ ထို့နောက် ၎င်းသည် လျှပ်စီးတန်းအလား ရွှေ့လျားသွား၏။ ၎င်း၏ အမြင်နှုန်းသည် အရင်ထက်အဆများစွာ ပိုသွားသည်။
ထို့အတွက်ကြောင့် ခြင်သားရဲ၏အမြန်နှုန်းသည် အကန့်အသတ်သို့ ရောက်လာခဲ့ကာ ဝမ်လင်းသည် ခြင်သားရဲအပေါ်သို့ ခုန်တက်၏။ ခြင်သားရဲသည် ခုချိန်၌ မြန်လွန်းနေ၏။ ဝမ်လင်းသည် အဝေးရှိ ကြယ်များသည်ပင် သူတို့အမြန်နှုန်းကြောင့် ခပ်ဝါးဝါးသာ မြင်လိုက်ရတော့၏။ သူတို့က ကြယ်များကို မြန်ဆန်သည့်အရှိန်ဖြင့် ဖြတ်သန်းသွားနေကြသည် မဟုတ်လော။
ထိုအမြန်နှုန်းက နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူ၏ အမြန်နှုန်းလောက်ကို ရှိ၏။
ခြင်သားရဲထံ၌ ဘယ်တုန်းကမှ အခုလောက်အမြန်နှုန်း မရှိခဲ့ဖူးပေ။ ခုချိန်၌၎င်းက သည်အမြန်နှုန်းကို ရရှိလာသည့်အခါ ကျယ်လောင်စွာဟိန်းသံ ပြုတော့၏။ ၎င်းသည် ကြယ်များကြား၌ ပျံသန်းသွားနေရင်းဖြင့်လည်း မသက်မသာ ဖြစ်မှုကို မခံစားရပေ။
အခုချိန်၌ ခြင်သားရဲ၏အမြန်နှုန်းဖြင့် ၎င်းသည် ကျောက်ပဲ့များပြည့်နေသော ကြယ်အစုအဝေးရှိနေသော နေရာကနေ ၎င်းတို့မျိုးနွယ်စု၏ အနံ့ကို ရရှိလာဖို့ အချိန်သိပ်မယူလိုက်ရပေ။ ၎င်းနေရာသည် မဟာမိတ်၏ အလယ်ပိုင်းဒေသ ဖြစ်သော်လည်း အလွန်ခေါင်လှသည်။ သည်နေရာတွင်မူ ကျင့်ကြံခြင်းဂြိုဟ်အနည်းငယ်သာ ရှိလေ၏။ထိုကျင့်ကြံခြင်းဂြိုဟ်များတွင်လည်း လူသူကင်းမဲ့နေ၏။
ထို့အတွက်ကြောင့် ဤနေရာတွင် ကျင့်ကြံသူများ မရှိသလောက်ပင်။
ကျောက်ပဲ့များနှင့် ပြည့်နေသော ဧရိယာကို ကြည့်နေရင်း ခြင်သားရဲသည် စူးရှရှအော်ဟစ်၏။၎င်း၏ မျက်လုံးထဲတွင်လည်း ဒေါသများ လျှံတက်နေ၏။ ၎င်းသည် ကျောက်ပဲ့များကွင်းပြင်ထံသို့ တိုးဝင်ကာ တစီစီအသံများကို ဖန်တီးသည်။ ကျောက်ပဲ့များက ခြင်သားရဲကို ဟန့်ထားထား၏။ သို့သော် ၎င်းတို့သည် ခြင်သားရဲ၏ ဝင်စောင့်မှုကြောင့် အပိုင်းပိုင်းအစစ ဖြစ်ကုန်သည်။
ခြင်သားရဲသည် ထိုကျောက်ပဲ့ကွင်းပြင်ထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်နေသည်။ ၎င်းသည် ကျောက်ပဲ့ကွင်းပြင်အတွင်းနက်ပိုင်းသို့ ဝင်ရောက်လာနေရင်း တစီစီ၊တဝုန်းဝုန်းအသံများ ပေါ်ထွက်နေလေသည်။
ကျောက်ပဲ့များအတွင်း၌ အစိမ်းရောင်အလင်းမျက်နှာပြင်တစ်ခု ရှိနေ၏။ ကျင့်ကြံသူတစ်ရာနီးပါးက သည်အစီအရင်ကို တည်ဆောက်နေကြသည်မှာ ပြီးလုပြီးခင် ဖြစ်နေပေပြီ။ ခရမ်းရောင်ဝတ်စုံနှင့်အကြီးအကဲနှစ်ယောက်က ပို၍ပင် စိတ်လှုပ်ရှားနေကြ၏။ အစီအရင်ပြီးသွားသည်နှင့် သူတို့သည် ခြင်သားရဲများကို တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းထံသို့ ခေါ်ဆောင်သွားနိုင်စွမ်း ရှိမည် မဟုတ်လား။
ထိုအချိန်ကျလျှင် သူတို့၏ကောင်းကင်ဘုံဂိတ်တံခါးကလန်သည် သည်ခြင်သားရဲများကို အကျိုးအမြတ်များစွာအတွက် လဲလှယ်နိုင်ပေမည်။
သူတို့နှစ်ယောက်သည် အတော်လေး စိတ်အခြေအနေကောင်းကာ တစ်ယောက်နှင့်တစ်ယောက် စကား ပြောနေကြသည်။ စိုးရိမ်ပူပန်မှုများအားလုံးလည်း ထိုအစီအရင်ပြီးခါးနီး ဖြစ်နေသည့်အတွက် ကွယ်ပျောက်နေခဲ့ပေပြီ။ သို့ရာတွင် သည်အခိုက်အတန့်၌ အမွှေးတိုင်ဖြင့် ချိပ်ပိတ်ထားခြင်း ခံရသော ဧရာမခြင်သားရဲများသည် ရုတ်တရပ် အော်ဟစ်လာတော့သည်။
ခြင်သားရဲအားလုံး၏ မျက်လုံးများကလည်း နီရဲလာသည်။၎င်းတို့က စတင် ရုန်းကန်လာကြသည်။
ထိုရုတ်တရပ်ပြောင်းလဲမှုက ခရမ်းရောင်ဝတ်စုံနှင့်အကြီးအကဲနှစ်ယောက်၏ အာရုံကို ဖမ်းစားသွားနိုင်သည်။ အစီအရင်ကို တည်ဆောက်နေသော လူတိုင်းသည်လည်း လှမ်းကြည့်လာကြသည်။ ထိုခြင်သားရဲများသည် ရူးသွပ်သွားဟန် ရ၏။ ၎င်းတို့က အမွှေးတိုင်ကနေ ဖန်တီးထားသည့် အဝန်းအဝိုင်းကနေ တဟုန်ထိုး ထိုးထွက်ရန် တာဆူလာကြသည်။
အကြီးအကဲထဲမှ တစ်ယောက်က ပြောလာ၏။ “တစ်ခုခုတော့ မှားနေပြီ…”
သူ့ဘေးရှိ အကြီးအကဲသည် စကားပြောဟန် ပြင်၏။ထိုအခိုက်မှာပင် သူ့အမူအရာသည် ပြောင်းလဲသွားသည်။ သူက နောက်သို့ လှည့်ကြည့်သည်။ သူသည် သူတို့အား ကာကွယ်ပေးထားသော အလင်းမျက်နှာပြင်ထံမှ တုန်ခါသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
ဤအခိုက်အတန့်၌ အစိမ်းရောင်အလင်းမျက်နှာပြင်သည် အဆတ်မပြတ် တလက်လက် လင်းလက်နေ၏။ ထိုအခါ သည်ဧရိယာကို အလင်း၊အမှောင်တစ်လှည့်စီ ဖြစ်နေစေတော့သည်။
အကြီးအကဲနှစ်ယောက်၏ အမူအရာသည် ချက်ခြင်း သုန်မှုန်လာ၏။ သူတို့သည် ရှေ့တည့်တည့်သို့ ပျံသန်းသွားကြသည်။ သူတို့ အနားသို့ မရောက်ခင်မှာပင် အလင်းမျက်နှာပြင် ပြင်ပမှ စူးရှရှအသံကို ကြားရ၏။
ထိုအသံ တိုးဝင်လာချိန်၌ ခြင်သားရဲများကို ယူဆောင်လာပေးခဲ့သော လူငယ်သုံးယောက်သည် တုန်လှုပ်မိကြသည်။ သူတို့သည် ချက်ခြင်းပင် ထိုအော်မြည်သံမှာ ခြင်သားရဲဘုရင်၏အသံဖြစ်မှန်း သိလိုက်ကြပေသည်။
“ဒီလူက တကယ် ရောက်လာတာပဲ။ အကြီးအကဲနှစ်ယောက် ဒီမှာ ရှိနေရင် ငါတို့ ခြင်သားရဲဘုရင်ကို ဖမ်းနိုင်ဖို့ အခွင့်အရေး ရနိုင်တယ်…” သူတို့သုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြ၏။ ထို့နောက် အစိမ်းရောင်အလင်းမျက်နှာပြင် ရှိရာသို့ ပျံသန်းသွားကြသည်။
အစိမ်းရောင်အလင်းမျက်နှာပြင် ပြင်ပ၌ ခြင်သားရဲဘုရင်သည် အံ့မခန်းအရှိန်နှုန်းဖြင့် ပျံသန်းလာကာ အလင်းမျက်နှာပြင်ကို ဒေါသတကြီး ဝင်ဆောင့်သည်။ ခြင်သားရဲ ထိုသို့ လုပ်ဆောင်သည်နှင့် အလင်းမျက်နှာပြင် အနှံ့တွင် တုန်ဟိန်းသံများ ထွက်ပေါ်လေ၏။
သို့ရာတွင် အလင်းမျက်နှာပြင်သည် သန်မာလွန်း၏။ ထို့ကြောင့် ၎င်းမျက်နှာပြင်သည် နစ်ဝင်သွားခြင်း မရှိပေ။ ခြင်သားရဲသည်ပင် တန်ပြန်အားကို ခံစားရကာ ပေတစ်ထောင်နီးပါးသို့ ပြန်ကန်ထွက်သွားရသည်။ ဝမ်လင်းသာ တန်ပြန်အားကို လျော့ချပေးခြင်း မရှိခဲ့ပါက ၎င်းသည် ထပ်မံ၍ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားနိုင်သည်။
ခြင်သားရဲသည် အလိုမကျမှုနှင့် ပြည့်နေ၏။ ၎င်း၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်အပြည့်ပင်။၎င်းက စတင်၍ တစီစီအော်ဟစ်လေသည်။
ဝမ်လင်းသည် ဘေးတစ်ဖက်တွင် ရပ်ကာ အစိမ်းရောင်အလင်းမျက်နှာပြင်ကို စူးစိုက်ကြည့်သည်။ သူ့အသွင်က တည်ငြိမ်လျက်ပင်။ သူသည် ရှေ့သို့ ခြေလှမ်းရာ အစိမ်းရောင်အလင်းမျက်နှာပြင်နားသို့ ရောက်ရှိသွားသည်။ထို့နောက် သူ့လက်ဝါးသည် အလင်းမျက်နှာပြင်ပေါ်သို့ ဖြည်းဖြည်းခြင်း ကျရောက်သွားနေရင်း သူ့ခန္ဓာကိုယ်အတွင်းမှ မီးမူလစွမ်းအင်သည် တဟုန်ထိုး ထွက်ပေါ်လာသည်။မီးတောက်ပင်လယ်သည် အစိမ်းရောင်အလင်းမျက်နှာပြင်ကို ချက်ခြင်း ခြုံလွှမ်းသွား၏။
တစ်ခုခုလောင်ကျွမ်းသည့်အသံ ထွက်ပေါ်လာ၏။ သို့သော် အစိမ်းရောင်အလင်းမျက်နှာပြင်သည် လွင့်ပြယ်သွားခြင်း မရှိသေးပေ။
“မင်းက မင်းကိုယ်မင်း အထင်ကြီးနေတာပဲ…” အစိမ်းရောင်အလင်းမျက်နှာပြင်ထဲကနေ နှာခေါင်းရှုံ့သံ ထွက်ပေါ်လာသည်။ ခရမ်းရောင်ဝတ်စုံနှင့်အကြီးအကဲနှစ်ယောက်သည် ရောက်ရှိလာ၏။ သူတို့သည် ဝမ်လင်းကို အစိမ်းရောင်အလင်းမျက်နှာပြင်အတွင်းကနေ အထင်သေးစွာ ကြည့်သည်။
သူတို့က ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ကို တွေ့မြင်ရချိန်၌ သူတို့မူလစိတ်တင်းကြပ်မှုသည် လျော့ကျသွားတော့၏။ ထိုအကြီးအကဲနှစ်ယောက်သည် နိဗ္ဗာနသန့်စင်ခြင်း နောက်ဆုံးအဆင့်များ ဖြစ်ကြသည်။ တကယ်တော့ သူတို့သည် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၏ အစစ်အမှန်တမန်တော်များ မဟုတ်ကြပေ။ သူတို့သည် လျှို့ဝှက်နည်းလမ်းတစ်ခုကနေ ကျော်ဖြတ်၍ သည်နေရာသို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။
ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်း၏။ မီးတောက်ပင်လယ်သည် အစိမ်းရောင်အလင်းမျက်နှာပြင်ကနေ နောက်ဆုတ်သည်။ သူ့သုန်မှုန်သောအကြည့်က အလင်းမျက်နှာပြင်ကို ဖောက်ကာ အတွင်းဘက်ရှိ အကြီးအကဲနှစ်ယောက်ထံသို့ ကျရောက်သွားသည်။
ဝမ်လင်းသည် သုန်မှုန်သောအသံဖြင့် ဖြည်းဖြည်းခြင်း ပြောလာ၏။ “ခြင်သားရဲတွေနဲ့ ဒီရဲတင်းတဲ့ ဂျူနီယာသုံးယောက်ကို ငါ့ဆီ ပေး။ ငါ မင်းတို့ကို ချမ်းသာပေးမယ်…”
အကြီးအကဲနှစ်ယောက်က စတင် ရယ်မောကုန်၏။ သူတို့ထဲမှ တစ်ယောက် လှောင်ပြောင်သံဖြင့် ပြောလာသည်။ “မဟာမိတ်မှာ ဒီလောက်မောက်မာတဲ့လူ ရှိနေလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ မင်းကျင့်ကြံမှုအဆင့်နဲ့ ငါတို့နှစ်ယောက်ကို ခြိမ်းခြောက်ချင်တာလား။ သောက် အဓိပ္ပာယ် မရှိလိုက်တာ…”
သည်နှစ်ယောက်သည် ဝမ်လင်းကို အထင်သေးနေသော်လည်း အတော်လေး သတိထားနေ၏။ သူတို့သည် အလင်းမျက်နှာပြင်အပြင်သို့ ထွက်ကြခြင်း မပြုပေ။ သူတို့အမြင်၌ သည်လူဟာ ခြင်သားရဲများ၏ သခင် ဖြစ်နေမည်ဟု မထင်ပေ။ နောက်ကွယ်၌ တစ်ယောက်ယောက် ရှိနေလိမ့်ဦးမည်ဟု ထင်နေ၏။
အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ယောက်က အစိမ်းရောင်အလင်းမျက်နှာပြင်အကာအရံ အပြင်၌ ကွယ်ဝှက်နေမည်ဟု ထင်နေကြသည်။
ဝမ်လင်းကတော့ အချိန်ဆက် ဖြုန်းမနေတော့ပေ။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ကောင်းကင်ထက်သို့ ညွှန်၏။ ထို့နောက် သူက အသက်ဝဝရှုသွင်းကာ ဆန်းကြယ်အသွင်ပြောင်းခြင်းကိုးခု ချိပ်ပိတ်မှုကို ဖြေလျော့လိုက်ရာ သူ့ကျင့်ကြံမှုအဆင့်သည် ပေါက်ကွဲထွက်လာ၏။ ထိုအခိုက်အတန့်၌ ဝမ်လင်းထံမှ နိဗ္ဗာနသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ အော်ရာ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ကနေ မူလစွမ်းအင်မြောက်များစွာ မြင့်တက်ကုန်၏။
သိပ်သည်းသောမူလစွမ်းအင်သည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေရင်း တစီစီအသံများပါ ထွက်ပေါ်နေသည်။ တစ်ချိန်တည်းမှာ ကြယ်များကြား၌ ပြင်းထန်သောအားတစ်ခု စတင် စုဝေးလာသည်။
နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များက သည်ကျောက်ပဲ့များပြည့်နေသော ကြယ်စုကြယ်ဝေးနေရာ၏ အထက်တွင် စတင် စုဝေးလာကြသည်။ ချက်ခြင်းလိုလိုပင် ထိုတိမ်တိုက်များက ကြယ်ကွင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းလာ၏။
တစ်ပြိုင်နက်တည်းမှာပင် ကောင်းကင်ဘုံ၏ခွန်အား တစ်နည်း ကောင်းကင်နှင့်မြေကြီး၏ ခွန်အားက တိမ်များထံကနေ သည်ကျောက်ပဲ့ကြယ်ကွင်းပြင်ပေါ်သို့ သက်ဆင်းလာသည်။
“ဒါ…ဒါက…”
“နတ်ဘုရားပြစ်ဒဏ်…”
အကြီးအကဲနှစ်ယောက်သည် မျက်လုံးပြူးသွားသည်။ သူတို့သည် မယုံကြည်နိုင်ဟန် ဖြစ်နေ၏။ သူတို့မျက်လုံးထဲ၌ ကြောက်ရွှံမှုတို့ လက်ထသွားသည်။ သူတို့သည် နိဗ္ဗာနသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း နတ်ဘုရားပြစ်ဒဏ်နှင့်ပတ်သတ်၍ သိပ်များများ မသိကြပေ။ သူတို့က အခု နတ်ဘုရားပြစ်ဒဏ် ဟု သိလိုက်ခြင်းသည် အရင်တုန်းက တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းအတွင်း၌ နတ်ဘုရာပြစ်ဒဏ်ကို မျက်မြင်တွေ့ခဲ့ဖူးရုံ ရှိခြင်းကြောင့်ပင်။
***