မဟာမိတ်ကြယ်အဖွဲ့အစည်း၏ အလယ်ပိုင်းဒေသတွင် ဂြိုဟ်ပဲ့ကျောက်ပဲ့များနှင့် ပြည့်နေသော ကြယ်စုများနေရာတစ်ခု ရှိ၏။ အဝါရောင်ဝတ်စုံနှင့်လူငယ်သုံးယောက်သည် ရှေ့သို့ သတိထားကာ သွားနေကြသည်။ သူတို့သုံးယောက်သည် သနားစရာကောင်းသည့် အခြေအနေ ဖြစ်နေ၏။ သူတို့ထဲမှ တစ်ယောက်၏ ခြေထောက်မှ ဒဏ်ရာသည် အရိုးပင် ပေါ်နေသည်။သူ့မျက်နှာက ဖြူရောနေ၏။
ကျန်နှစ်ယောက်သည်လည်း ဒဏ်ရာများ ရရှိထားကြသည်။ အထူးသဖြင့် အလယ်မှ အမွှေးတိုင်တစ်ချောင်း ကိုင်ထးသည့် သူပင်။ သူ့ရင်ဘက်ညာခြမ်းတွင် အပေါက်တစ်ခု ဖြစ်ကာ သွေးများစိမ့်ထွက်နေ၏။ အခြားတစ်ယောက်က သူ့အား ဖေးမထားရ၏။
သူ့နောက်၌ ဒါဇင်နှင့်ချီသော ခြင်သားရဲအုပ် ပါလာသည်။ ခြင်သားရဲများသည်လည်း ဒဏ်ရာအနည်းငယ် ရရှိထားကြသည်။ သူတို့၏ နီရဲရဲမျက်လုံးတို့က သူတို့ရှေ့ရှိလူ သုံးယောက်ထံသို့သာ ကျရောက်နေသည်။ သို့သော် အမွှေးတိုင်ကြောင့် သူတို့သည် နောက်ကနေသာ မငြင်းဆန်ဘဲ လိုက်နေရသည်။
“သေစမ်း…ငါတို့က ဒီခြင်သားရဲဘုရင်ငယ်ကို လွတ်သွားစေခဲ့ပြီ။ ငါတို့ ဒီကောင့်ကိုသာ တိမ်ပင်လယ်ဆီ ခေါ်သွားနိုင်ရင် ငါတို့ ကြယ်နက်ကလန်မှာ အလွန်အဖိုးတန်တဲ့ ကောင်းကင်ဘုံဒုက္ခအရည်နဲ့ လဲလှယ်နိုင်မှာ…” ခြေထောက်ဒဏ်ရာနှင့် လူငယ်က ဆဲဆိုလိုက်၏။ သူက အခုလိုအခြေအနေကို မချင့်မရဲ ဖြစ်နေခြင်းပင်။
ရင်ဘက်ပေါက်နေသည့် လူငယ်က အော်ပြောလိုက်၏။ “တိတ်စမ်း…ဒီခြင်သားရဲဘုရင်ကို တစ်ယောက်ယောက်က ယဉ်ပါးအောင် လုပ်ခဲ့တာ ဖြစ်မယ်။ ဒီလိုမျိုး ခြင်သားရဲတွေကို ယဉ်ပါးအောင် လုပ်နိုင်စွမ်းရှိတဲ့သူက တိမ်ပင်လယ်ကိုလည်း ဗြောင်းဆန်အောင် လုပ်နိုင်လိမ့်မယ်။ ငါတို့သုံးယောက် တတ်နိုင်သမျှမြန်မြန် အကြီးအကဲနဲ့တွေ့ဖို့ လိုပြီ။ မဟုတ်ရင် အဲ့ကျင့်ကြံသူသာ ငါတို့ကို ရှာတွေ့ရင် အကျိုးဆက်က မတွေးဝံ့စရာပဲ…”
“အရာအားလုံး အဆင်ပြေနေတဲ့နောက် ငါတို့ အရှေ့ပိုင်းနယ်မြေကနေ ထွက်လာတဲ့နောက် ဒီခြင်သားရဲဘုရင်က အခုလိုမျိုး ရုတ်တရပ် ရုန်းကန်လာလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ ဒါ့ကြောင့် ကျန်တဲ့ ခြင်သားရဲအားလုံးဟာလည်း စတင်ပုန်ကန်လာကြတယ်။ ငါတို့သာ ခြင်သားရဲစိတ်ဝိညာဉ်အမွှေးတိုင်နှစ်ခုကို အသုံးမပြုခဲ့ရင် ငါတို့ သုံးယောက်လုံး ဒီခြင်သားရဲတွေရဲ့ အရိုက်ခံရမှာ စိုးရွှံ့မိတယ်။ ကံမကောင်းစွာနဲ့ ဒီခြင်သားရဲဘုရင်က ထွက်ပြေးသွားနိုင်ခဲ့တယ်…”
“ဒါပေမယ့်လည်း ဒီခြင်သားရဲဆယ့်ကိုးကောင်လောက်နဲ့တင် ငါတို့သုံးယောက်အတွက် အတော်လေး အကျိုးရနေစေပြီ။ကောင်းကင်ဘုံဂိတ်တံခါးကလန်အတွင်းမှာလည်း ငါတို့ရဲ့ အဆင့်အတန်းဟာ ခြားနားလာလိမ့်မယ်…” အဝါရောင်ဝတ်စုံနှင့် နောက်ဆုံးလူငယ်သည် ခြင်သားရဲများကို လောဘအကြည့်ဖြင့် ကြည့်သည်။
သူတို့သုံးယောက် ပျံသန်းလာနေကြရင်း သူတို့သည် တဖြည်းဖြည်း ကြယ်စုကြယ်ဝေးများ၏ အတွင်းဘက်ပိုင်းသို့ ဝင်ရောက်လာကြသည်။ ထိုနေရာတွင် အစိမ်းရောင်အလင်းမျက်နှာပြင်တစ်ခုက ဖုံးအုပ်နေ၏။ သူတို့သုံးယောက်သည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ သူတို့၏ လျှာကို အနည်းငယ်ကိုက်၍ ကျောက်စိမ်းပြားများထံသို့ သွေးစက်ချသည်။
ချက်ခြင်းပင် ကျောက်စိမ်းပြားသုံးခုက တောက်ပကာ အလင်းအကာအရံမျက်နှာပြင်ထံသို့ ပျံသန်းသွားသည်။ အလင်းမျက်နှာပြင်ထက်၌ လှိုင်းများ ဖြစ်ပေါ်လာ၏။ ထို့နောက် ဝဲကတော့တစ်ခု ပေါ်လာသည်။
သူတို့သုံးယောက်သည် ဝဲကတော့ထဲသို့ ဝင်ရောက်လိုက်၏။ ကျန်သည့်ဒါဇင်နှင့်ချီသောခြင်သားရဲများသည်လည်း ဝဲကတော့ထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။
ထိုလူငယ်သုံးယောက်နှင့် ခြင်သားရဲအုပ်သည် အလင်းမျက်နှာပြင်အတွင်းဘက်တွင် ပြန်ပေါ်လာကြသည်။ သူတို့သုံးယောက်၏ဟန်ပန်က စိတ်သက်သာရာ ရဟန် ဖြစ်ပေါ်နေတော့၏။ အမွှေးတိုင်ကိုင်ထားသည့် လူငယ်က ပြောလာသည်။
“ငါတို့ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းက ခြင်သားရဲကြီးတွေဟာ ဒီနေရာမှာ ပေါ်လာတာ တကယ့်ကို ထူးဆန်းတာပဲ။ ကံကောင်းစွာနဲ့ ဒီကောင်တွေ အရေအတွက် မများလို့ပေါ့။ ငါတို့ လေကောင်းကင်ဘုံနယ်မြေမှာ တွေ့ခဲ့ရသလို ခြင်သားရဲထောင်သောင်းချီအုပ်စုကြီးသာ ဖြစ်ခဲ့ရင်တော့…” လူငယ်သည် ထိုသို့ ပြောလိုက်ရင်း သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှု ပြည့်နှက်သွားသည်။
“ထားလိုက်ပါတော့လေ…ဒီအကြောင်းကို ထပ်တွေးနေတာ အဓိပ္ပာယ်မှ မရှိဘဲ။ ငါတို့ အခု တွေ့ခဲ့ရတဲ့ ခြင်သားရဲအုပ်စု အကြောင်း ငါတို့ကလန်က စစ်ဆေးလိမ့်ဦးမယ်။ ငါတို့ တတ်နိုင်သမျှ မြန်မြန် ထွက်သွားကြရအောင်။ ငါ ခံစားချက်သိပ်မကောင်းဘူး…”
သူတို့သုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ရှေ့သို့ ဆက်ပျံသန်းသွားသည်။ ခဏအကြာတွင် ကျောက်တုံးကျောက်ပဲ့ဖြင့် ပြုလုပ်ထားသည့် ဧရာမအစီအရင်ကြီးတစ်ခု သူတို့ရှေ့တွင် ပေါ်လာသည်။
ထိုအစီအရင်ကြီးထံကနေ အစိမ်းရောင်အလင်းတို့ ပေါက်ကွဲထွက်နေ၏။ ထို့အပြင် ကျင့်ကြံသူတစ်ရာနီးပါးသည် သည်နေရာတွင် ကျောက်ပဲ့များသယ်ကာ သွားလာနေကြသည်။ သူတို့က အစီအရင်ကြီးထဲ့သို့ ၎င်းကျောက်ပဲ့များကို ထပ်ပေါင်းထည့်နေကြခြင်းပင်။
ထိုအစီအရင်ကြီးအထက်၌ အဘိုးအိုနှစ်ယောက်ထိုင်နေ၏။ သူတို့သည် ခရမ်းရောင်ဝတ်စုံများ ဝတ်ဆင်ထားကြသည်။ သူတို့အကြည့်က စူးရှမှုကို ပေးနေသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ခပ်တိုးတိုး စကားပြောနေကြရင်း အောက်ဘက်ရှိ အစီအရင်ကြီးထံသို့ လက်ညှိုးထိုးနေကြသည်။
လူငယ်သုံးယောက် ရောက်ရှိလာမှုက သည်နေရာရှိ လူများ၏ အာရုံကို စွဲဆောင်သွား၏။ သို့သော် သူတို့သည် အများကြီး အလေးစိုက်ကြခြင်း မရှိပေ။ သို့ရာတွင် သူတို့၏အကြည့်က ထိုသုံးယောက်နောက်ရှိ ခြင်သားရဲအုပ်စုထံသို့ ကျရောက်သွားချိန်၌ သူတို့၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားကြသည်။ တစ်ချို့ဆို အလန့်တကြား ထအော်မိ၏။
“ဧရာမ…ဧရာမခြင်းသားရဲတွေ…”
ထိုအော်သံ ထွက်ပေါ်လာသည်နှင့် ကျင့်ကြံသူတစ်ရာနီးပါးလုံး လုပ်လက်စများကို ရပ်ကာ ခြင်သားရဲများထံသို့ စူးစိုက်ကြည့်လိုက်ကြသည်။
အဝါရောင်ဝတ်စုံနှင်လူငယ်သုံးယောက်သည် အခုချိန်၌ အတော်လေး ဂုဏ်ယူစွာ ခံစားနေရသည်။
ခရမ်းရောင်အလင်းတန်းနှစ်ခု အနားရောက်လာသည်။ထိုအလင်းတန်းနှစ်ခုမှာ အကြီးအကဲနှစ်ယောက် ဖြစ်သည်။ သူတို့အကြည့်က ခြင်သားရဲဒါဇင်ကျော်ထံသို့ ခြုံငုံ ရောက်ရှိသွးသည်။ သူက ကျင့်ကြံသူများကိုလည်း လှမ်းအော်လိုက်၏။ “ကြည့်ပြီး ဘာလုပ်နေကြတာလဲ။ မြန်မြန်…အစီအရင်ကိုသာ တည်ဆောက်ကြ…”
အဘိုးအိုအော်ဟောက်သံကြောင့် အနီးပတ်လည်ရှိ ကျင့်ကြံသူများသည် လုပ်လက်စများကို ဆက်လုပ်ကုန်ကြသည်။ သို့ရာတွင် သူတို့သည် လောဘတတ်ဟန်ဖြင့် ခြင်သားရဲအုပ်စုထံ မကြာမကြာ လှမ်းလှမ်းကြည့်နေကြတုန်းပင်။
ထို့နောက် ယင်းအဘိုးအိုက ခြင်သားရဲအုပ်စုကို ကြည့်၏။ သူ့မျက်လုံးထဲတွင် ထူးဆန်းသည့်အလင်း ဖြတ်ပြေးသွားသည်။ ထို့နောက် သူက လူငယ်သုံးယောက်ကို ကြည့်ကာ မေးလိုက်၏။ “စူရှင်း…ဒီဧရာမခြင်သားရဲတွေက ကိစ္စက ဘယ်လို ဖြစ်ရတာလဲ…”
ရင်ဘက်ပေါ်ရှိ ဒဏ်ရာနှင့်လူငယ်က ချက်ခြင်းပင် ဖြစ်ပျက်ခဲ့သမျှကို တလေးတစား ပြန်တင်ပြ၏။ နောက်ဆုံးတွင်သူက အနည်းငယ် တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်ပြီးမှ လမ်းတွင် ခြင်သားရဲဘုရင် မည်သို့ လွတ်မြောက်သွားခဲ့သည်ကိုပါ ပြောပြလိုက်သည်။
အဘိုးအိုသည် ထိုအကြောင်းကို ကြားသည့်အခါ သူ့ဟန်ပန်သည် သုန်မှုန်သွား၏။ သူသည် အခြားအကြီးအကဲတစ်ယောက်ကို ကြည့်၏။ သူတို့၏မျက်လုံးက တလက်လက် ဖြစ်နေကြသည်။ သူတို့၏မျက်လုံးထဲ၌လည်း စိတ်ပူပန်ဟန်မှုကို ကွယ်ဝှက်ထားသေးသည်။
“ဒီခြင်သားရဲကြီးတွေက ပိုင်ရှင်မရှိရင်တော့…ဒါဟာ ကိစ္စမရှိဘူး။ ဒါပေမယ့် ဒီလိုမျိုး မဖြစ်နိုင်သလောက်ပဲ…။ ငါတို့ ဒီဧရာမခြင်သားရဲတွေကို မွေးမြူထားတဲ့ တစ်ယောက်ယောက်ကို ရန်စမိသွားနိုင်လား…”
“ဧရာမခြင်သားရဲကြီးတွေက တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းမှာ အတော့်ကို တန်ဖိုးထိုက်တန်တယ်။ ဒီခြင်သားရဲတွေဟာ များသောအားဖြင့် ရာချီ၊ထောင်ချီသာ စုဖွဲ့နေကြတယ်။ဒါ့ကြောင့် သူတို့ကို ဖမ်းမိဖို့က ခက်ခဲလှတယ်။ သူတို့ကို ဖမ်းနိုင်ဖို့အတွက် အဆင့်ခြောက်နဲ့ အဆင့်ခြောက်အထက် ကျင့်ကြံသူတွေတောင် အတော်လေး ဒုက္ခများရလိမ့်မယ်….။ ဒီခြင်သားရဲဒါဇင်ကျော်လောက်ဆိုရင် ငါတို့ ကောင်းကင်ဂိတ်တံခါးကလန်အတွက် အတော်လေး ချမ်းသာသွားစေနိုင်လောက်တယ်…”
သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်၏။ သူတို့သည် တစ်ယောက်မျက်လုံးထဲမှတစ်ယောက် လောဘနှင့်ဆုံးဖြတ်ပြီးမှုတို့ကို တွေ့မြင်လိုက်ရသည်။
“အစိမ်းရောင်အလင်းမျက်နှာပြင်နဲ့ဆိုရင် မဟာမိတ်ကကျင့်ကြံသူတွေ ဝင်လာဖို့ မလွယ်ပါဘူး။ နိဗ္ဗာနအထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက် ရောက်လာခဲ့ရင်တောင် ငါတို့ကို အဆင့်ရှစ်ကလန်က လက်ဆောင်ပေးထားတဲ့ ဒီအစီအရင်ကို ချိုးဖျက်နိုင်ဖို့ ရက်အတော်ကြာ အချိန်ယူရလိမ့်မယ်။ ငါတို့ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းကို ပြန်ရောက်ဖို့က အချိန်အချို့ပဲ လိုတာလေ။ သူတို့က တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းထိ လိုက်လာခဲ့ရင်တော့…ဟက်…သူတို့အတွက် ဘယ်တော့မှ ပြန်လမ်းမရှိအောင် လုပ်ပေးရလိမ့်မယ်…”
“ဒီအစီအရင်တည်ဆောက်တာကို အရှိန်မြင့်လိုက်ကြ…”
ခြင်သားရဲအုပ်ကို ယူလာပေးခဲ့သည့် လူငယ်သုံးယောက်သည် စိတ်လှုပ်ရှားနေကြ၏။ အကြီးအကဲများသည်ပင် သည်ကိစ္စအပေါ် လောဘတက်နေမှတော့ သူတို့အတွက် လုံခြုံပေပြီ။ သူတို့ ကလန်သို့ ပြန်ရောက်သည်နှင့် ကျိန်းသေပေါက် ဆုချီးမြှင့်ခံရပေတော့မည် မဟုတ်လား။
ခြေထောက်တွင် ဒဏ်ရာရထားသော လူငယ်က ဂုဏ်ယူဟန်အပြည့်ဖြင့် ရယ်မောကာ ဆိုသည်။ “ဟားဟား…အခု ငါတော့ ဒီခြင်သားရဲတွေရဲ့ သခင် ရောက်လာတာကို အခု ကြည့်ချင်နေမိပြီ…”
သည်အခိုက်အတန့်၌ ထိုခြင်သားရဲများ၏ ပိုင်ရှင် ဝမ်လင်းသည် အလွန်အေးစက်သည့်ဟန်ပန် ရှိနေ၏။ ဝမ်လင်း အကြောင်းသိသော ဘယ်သူမဆို ခုချိန်၌ သူဒေါသပုန်ထကာ ကြမ်းတော့မည်မှန်း သိကြပေလိမ့်မည်။
ဝမ်လင်းတွင် သူ့ကိုယ်ပိုင်စည်းမျဉ်း ရှိ၏။ အခြားလူများက သူ့ကို လာရန်စလျှင် သူသည် ထိုသူတို့ကို အလေးစိုက်မည် မဟုတ်ပေ။ ဥပမာ တာဆန်ကသာ သူ့နောက်သို့ အမဲလိုက်သလို လုပ်လာမည့်သူ မဟုတ်ပါက သူသည် တာဆန်အပေါ်၌ အကြံအစည်များ ချမှတ်လိမ့်မည် မဟုတ်ပေ။ သူ့ခြင်သားရဲများက အခြားသူများကို ရန်စခဲ့ခြင်းလည်း မဟုတ်ပေ။ သို့သော်လည်း ၎င်းတို့က အခြားလူများ၏ ဖျားယောင်းခြင်းကို ခံလိုက်ရ၏။ ထိုကဲ့သို့ သူ့ခြင်သားရဲများကို ဒဏ်ရာရစေခြင်းက ဝမ်လင်း၏ သည်းခံနိုင်မှုကို လာထိပါးခြင်း ဖြစ်၏။
ဝမ်လင်းက လက်သီးခပ်တင်းတင်း ဆုပ်ကာ ကောင်းကင်ထက်သို့ မော့ကြည့်၏။ သူသည် နိဗ္ဗာနသန့်စင်ခြင်းအဆင့်သို့ ရောက်လာချိန်၌ သူသည် နတ်ဘုရားပြစ်ဒဏ် အငွေ့အသက်ကို ခံစားမိလာရပေပြီ။
သို့သော် သူက ဟင်္သာငှက်နတ်ကလန်အတွင်း၌ ရှိနေ၏။ နတ်ဘုရားပြစ်ဒဏ်သာ ကျဆင်းလာပါက ဟင်္သာငှက်နတ်ကလန်ကို ပျက်စီးမှုများ ဖြစ်စေပေလိမ့်မည်။ အခြားသူများက သူ့ကို ကူညီပေးကြမည်ဆိုလျှင်ပင် ခုချိန်၌ သူသည် အကူအညီမလိုအပ်ပေ။ သူက သူ့မီးနှင့်မိုးကြိုးတို့၏ သန်မာမှုကို သည်နတ်ဘုရားပြစ်ဒဏ်အတွင်း စမ်းသပ်ကြည့်ချင်နေသည်။
အတိတ်တုန်းက ဆိုလျှင် ဝမ်လင်းသည် အခုလို နတ်ဘုရားပြစ်ဒဏ်ဆင်းသက်လာမည့် အချိန်ကို ပြောင်းလဲနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် အခု သူက ဆန်းကြယ်အသွင်ပြောင်းခြင်းကိုးခုကို သင်ကြားပြီးသည့်နောက် သူ လုပ်နိုင်လာပေပြီ။
သူ နိဗ္ဗာနသန့်စင်ခြင်းအဆင့်သို့ ရောက်သည်နှင့် သူက ဆန်းကြယ်အသွင်ပြောင်းခြင်းကိုးခု ကို အသုံးချကာ သူ့ကျင့်ကြံမှုအဆင့်အား နိဗ္ဗာနကြိုမြင်ခြင်းတွင်သာ တန့်ထား၍ နတ်ဘုရားပြစ်ဒဏ်ကျရောက်လာမှုကို ဆိုင်းငံထားနိုင်၏။
ဝမ်လင်းသည် အစစ်အမှန်နိဗ္ဗာနသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိရန်က သူ့အဖို့ အတွေးတစ်ချက်သာ လို၏။ သည်အခိုက်အတန့်၌ နတ်ဘုရားပြစ်ဒဏ်သည် မြန်မြန်ဆန်ဆန် ရောက်ရှိလာပေလိမ့်မည်။
မူလတုန်းက သူသည် ဟင်္သာငှက်နတ်ကလန်က ထွက်ခွာ၍ အရှေ့ဘက်ဒေသအတွင်း လူသူကင်းမဲ့သော နေရာ၌ နတ်ဘုရားပြစ်ဒဏ်ကို ဖြတ်ကျော်ရန် ကြံစည်ထားခဲ့၏။ သို့ရာတွင် သူ့ခြင်သားရဲ၏ အသွင်ဟန်ပန်က ဝမ်လင်း၏ စိတ်ကို ပြောင်းလဲသွားစေခဲ့သည်။
သူက လက်ဝေ့ယမ်းကာ ဒဏ်ရာရနေသော သူ့ခြင်သားရဲကို အက်ကြောင်းထဲသို့ ထည့်သွင်းလိုက်၏။ ထို့နောက် ဝမ်လင်းသည် ခြင်သားရဲ၏ မှတ်ဉာဏ်များကို အခြေခံကာ ရှေ့သို့ ခြေလှမ်းသွားတော့သည်။
ခြေတစ်လှမ်းဖြင့်ပင် ဝမ်လင်းရှေ့၌ လှိုင်းများ ပေါ်လာ၏။ သူသည် သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
ဟင်းလင်းပြင်ကွေးညွတ်ခြင်း…။
လှိုင်းများသည် မဟာမိတ်ကြယ်အဖွဲ့အစည်း၏ အရှေ့ဘက်စွန်းတွင် ပေါ်လာ၏။ ထို့နောက် ဝမ်လင်းသည် ၎င်းလှိုင်းများထဲကနေ အေးစက်စက်သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒနှင့်အတူ လှမ်းလျှောက်ထွက်လာသည်။
ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်နေ၏။ ဝမ်လင်းသည် သူ့ဘေးပတ်လည်သို့ ကြည့်လိုက်သည်။ အခုနေရာက ခြင်သားရဲအုပ်နှင့် အဝါရောင်ဝတ်စုံလူငယ်သုံးယောက်တို့ တိုက်ပွဲဖြစ်ပွားခဲ့သော နေရာပင်။ ဝမ်လင်းသည် ရှေ့သို့ ဆက်လှမ်းလိုက်၏။
ထို့နောက် သူက အလင်းတန်းတစ်ခုအသွင် ပြောင်းကာ ချက်ခြင်း ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်းသည် လျင်မြန်လွန်းသဖြင့် အသံပေါက်ကွဲမှုများကိုပါ ဖြစ်နေစေ၏။ သူသည် သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ရာ ဒဏ်ရာအပြင်းအထန် ရနေသော ခြင်သားရဲ ပျံသန်းထွက်လာ၏။
ဝမ်လင်း၏ ဆေးလုံးများက ကောင်းကင်ဘုံဆေးလုံးများ ဖြစ်၏။ ထို့ကြောင့် ၎င်းတို့သည် ဆေးစွမ်းကောင်းမွန်လှသည်။ ထိုဆေးလုံးများကို သောက်သုံးပြီးနောက် ခြင်သားရဲသည် အတော်လေး သက်သာလာဟန် ရ၏။ ၎င်း၏ ဒဏ်ရာများပင် သွေးထွက်ခြင်း မရှိတော့ပေ။ ၎င်းက ပေါ်လာသည်နှင့် ဝမ်လင်းကဲ့သို့ အေးစက်စက်အကြည့်ကို ထုတ်ဖော်သည်။ ၎င်းက ရှေ့တည့်တည့်သို့ ကြည့်ကာ ခပ်ကြမ်းကြမ်း စူးရှရှ အော်ဟစ်လိုက်၏။
၎င်းခြင်သားရဲသည် လုံးဝ မကျေမနပ် ဖြစ်နေမှန်း သိသာ၏။ အမွှေးတိုင်ကြောင့်သာ မဟုတ်ပါက ခြင်သားရဲဒါဇင်ကျော်နှင့် ၎င်းကဲ့သို့ ခြင်သားရဲဘုရင်သည် သည်လို ကျင့်ကြံသူလေး သုံးယောက်ကြောင့် အဘယ် အဖမ်းခံရပါ့မည်နည်း။ ခြင်သားရဲအဖို့ ၎င်း ဝမ်လင်းနောက်ကို လိုက်ခဲ့ကတည်းက အခုလိုမျိုး အရှက်ကွဲခံရမှုကို မကြုံဖူး၊မခံစားခဲ့ရဖူးပေ။
အခုချိန်၌ သူ့သခင်ကလည်း အနားတွင် ရှိနေရာ ခြင်သားရဲသည် ချက်ခြင်းကို အားအင် ပြည့်သလို ဖြစ်နေတော့၏။ ၎င်းက ဦးတည်ချက်တစ်ခုကို ရွေးကာ ရှေ့သို့ ပျံသန်းသွားတော့သည်။
ဝမ်လင်း၏အသွင်က သုန်မှုန်နေ၏။ သူက ခြင်သားရဲ ၎င်း၏ အပေါင်းအပါများ နောက်သို့ ခြေရာခံ၍ လိုက်နေသည့် နောက်ကနေ လိုက်ပါလာသည်။ သူသည် ရှေ့သို့ ဆက်သွားနေရင်း သူ့စိတ်ထဲ၌လည်း အတော်လေး ဒေါသပုန်ထမိနေပေသည်။ သူ့ပတ်လည်၌ပင် ပုံရိပ်ယောင်မီးတောင်များ ပေါ်နေ၏။
***