Switch Mode

အပိုင်း(၁၁၅၄)

သည်အခိုက်အတန့်၌ ဟင်္သာငှက်နတ်ကလန်တစ်ခုလုံးရှိ ကျင့်ကြံခြင်းဂြိုဟ်အားလုံးသည် ထိုနတ်ဘုရားအာရုံ၏ ထွေးခြုံခြင်းကို ခံလိုက်ရပေပြီ။ ရှေးဟောင်းအော်ရာတစ်ခုသည် ကြယ်ကွင်းပြင်တစ်ခုလုံးတွင် ပြည့်နှက်နေ၏။ အကြီးအကဲအားလုံးသည်ပင် တုန်လှုပ်မိနေကြသည်။

သူတို့၏ကျင့်ကြံခြင်းအဆင့်များသည် မြင့်မားကြသော်လည်း သူတို့သည် နတ်အင်ပါယာသစ် ခုလိုမျိုး ကြောက်မက်ဖွယ်အဆင့်ထိ ရောက်အောင် မည်သည့်မန္တာန်ကို ကျင့်ကြံနေမှန်း စိတ်ကူးမကြည့်နိုင်လောက်အောင် ဖြစ်နေ၏။

သူတို့၏ ကျင့်ကြံမှုအဆင့်နှင့် အတွေးအမြင်ဖြင့်ပင် သူတို့သည် ကောင်းကင်ဘုံအင်ပါယာပေဖန်၏ မန္တာန်များစွမ်းအားကို နားလည်နိုင်စွမ်းမရှိ ဖြစ်နေသည်။

ဝမ်လင်း၏ နတ်ဘုရားအာရုံသည် မူလတုန်းက အခုလောက်ထိ ဖုံးလွှမ်းနိုင်စွမ်း မရှိပေ။ သို့သော် သည်အခိုက်အတန့်၌ သူသည် အရာအားလုံးကို မေ့နေကာ မီးတောင်များ၏ စိတ်ဝိညာဉ် ဖြစ်လာနေ၏။ သူသည်လည်း မီးတောင်တစ်ခုခြင်းစီ၏ စိတ်ဝိညာဉ်များနှင့် ပေါင်းစည်းကာ ၎င်းတို့၏စွမ်းအားကို ငှားယမ်း၍ အခုလောက်ထိ ဖြန့်ကျက်မိနေခြင်းပင်။ ထို့ကြောင့်လည်း အခုလက်ရှိ အခြေအနေ ဖြစ်ပွားနေခြင်း ဖြစ်၏။

ယခုအဖြစ်အပျက်များ၏ အကြောင်းရင်းမှာ ကောင်းကင်ဘုံအင်ပါယာပေဖန်၏ တောင်ခြေမွခြင်းမန္တာန်ကြောင့်သာ ဖြစ်သည်။

ဤအခိုက်အတန့်တွင် ဝမ်လင်း၏ နတ်ဘုရားအာရုံသည် ကြယ်ကွင်းပြင်အတွင်းရှိ ကျင့်ကြံခြင်းဂြိုဟ်များအားလုံးမှ စိတ်ဝိညာဉ်များကို စုဆောင်းမိနေပြီ ဖြစ်သည်။

အခုချိန်၌ ဟင်္သာငှက်နတ်ကလန်ဝင်များအားလုံး၊အကြီးအကဲများပါ အပါအဝင် ဝမ်လင်း၏နတ်ဘုရားအာရုံ တစ်စိတ်တစ်ပိုင်း ဖြစ်လာကြသည်။ သူတို့အားလုံးသည် ထိုအော်ရာကို ခံစားမိကြ၏။ အကြီးအကဲများအားလုံးသည်လည်း အတော်လေး တုန်လှုပ်မိနေပေပြီ။

“ကံကြမ္မာအကြောင်း မရှိရင်၊အကျိုးမဖြစ်ဘူး။ အဲ့ကျရင် ကံမ္မဆိုတာလည်း မရှိဘူး။ ရှင်သန်ခြင်းမရှိရင် သေဆုံးခြင်းဆိုတာ ရှိလာမှာ မဟုတ်ဘူး။ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းမရှိတော့ရင် အရာရာတိုင်းဟာ ထာဝရ ဖြစ်သွားလိမ့်မယ်။ အမှန်သာ ရှိခဲ့ရင် အမှားဆိုတာလည်း မရှိဘူး။ အမှန်နဲ့အမှားဆိုတာ အတွေးတစ်ချက်ကနေ ခွဲခြားရုံပါ…” နတ်ဘုရားအာရုံကနေ ရှေးဟောင်းအသံတစ်ခု ထွက်ပေါ်လာကာ လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သည်။

“ဒီလိုသာဆိုရင်…ဒါက အတွေးတစ်ခုသာသာပါပဲ…။ စီနီယာအစ်ကိုချင်းရွှေက ငါ့အတွက် အသေးစိတ်ချန်မထားပေးခဲ့တာ အံ့အားသင့်စရာ မရှိတော့ဘူးပဲ။ မင်း နားလည်လိုက်တာနဲ့…ဒါဟာ မင်းနားလည်တာသာ ဖြစ်တယ်…”

အတွေးသည် ပဲ့တင်ထပ်နေရင်း ဝမ်လင်းသည် နိုးထလာဟန် ရ၏။

သူ နိုးထလာချိန်၌ လောင်ကျွမ်းကြယ်ကွင်းပြင်သည် ရုတ်တရပ် လှုပ်ရှားလာသည်။ ဂြိုဟ်ရှိ စိတ်ဝိညာဉ်များ ထွက်ပေါ်လာသည်။ ဂြိုဟ်ပေါ်ရှိ မီးတောင်များအားလုံး တစ်ပြိုင်နက်တည်း ပေါက်ကွဲသည်။

ကြယ်ကွင်းပြင်အတွင်းရှိ မီးတောင်များ ပေါက်ကွဲမှုသည် ကြယ်ကွင်းပြင်အနှံ့တွင် မိုးကြိုးပစ်သံတမျှ တုန်ဟိန်းမှုကို ဖြစ်စေသည်။

ထိုအခိုက်အတန့်မှာပင် အရှင်မီးတောက်နှင့် အလောင်းကောင်ကလန်မှ တတိယဘုရင်တို့သည် လောင်ကျွမ်းကြယ်နယ်မြေထဲသို့ ခြေချလာကြ၏။ သူတို့ ဝင်ရောက်လာသည်နှင့် တတိယဘုရင်၏ မျက်လုံးသည် ရုတ်တရပ် တောက်ပသွားကာ သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်ဟန် ပြည့်၏။ သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ချက်ခြင်းပင် သည်ကြယ်ကွင်းပြင်တစ်ခုလုံး မယုံကြည်ဖွယ်ကြီးမားသည့် နတ်ဘုရားအာရုံဖြင့် ဖုံးလွှမ်းနေသည်ကို ချက်ခြင်း ခံစားမိသည်။

ထိုနတ်ဘုရားအာရုံ၏ စွမ်းအားက သူ့ကို ပင့်သက်မရှိုက်မိဘဲ မနေနိုင် ဖြစ်စေ၏။ သူက ယင်းနတ်ဘုရားအာရုံကို တွေ့မြင်ရပုံက သူသည် လူတစ်ယောက်ကို ရင်ဆိုင်ရသည်နှင့်မတူဘဲ နှစ်ပေါင်းမရေမတွက်ခင်ကတည်းက တည်ရှိခဲ့သည့် ကျင့်ကြံခြင်းဂြိုဟ်များနှင့် ရင်ဆိုင်နေရသလို ခံစားမိနေစေသည်။ ထိုရှေးဟောင်းအော်ရာက သူ့ကိုပင် ဂျူနီယာတစ်ယောက်ကဲ့သို့ ခံစားမိစေသည်။

“ဟင်္သာငှက်နတ်အင်ပါယာ…” ထိုတတိယဘုရင်၏ စိတ်ထဲတွင် ပထမဆုံးတွေးမိသည်က သူ ခုထိ မတွေ့ဖူးသည့် ဟင်္သာငှက်နတ်အင်ပါယာ ဖြစ်၏။ သို့သော် သူသည် ထိုအချက်ကို မှန်သည်ဟု မခံစားရချေ။ လီရင်ကျစ် တင်ပြခဲ့သည့်ကို ထောက်ရှုပါက နတ်အင်ပါယာသစ်သည် အချိန်အကြာကြီး ကျင့်ကြံခဲ့သူ မဟုတ်မှန်း သူ သိထားခဲ့၏။

“ဒါက နတ်အင်ပါယာဟောင်း ဖြစ်နိုင်လား…” တတိယဘုရင်က အလေးအနက် ဖြစ်နေ၏။

အရှင်မီးတောက်၏အသွင်သည်လည်း ကြီးစွာ ပြောင်းလဲနေသည်။ သူက ချက်ခြင်းပင် သူ့စိတ်ကို တုန်လှုပ်မိစေသည့် နတ်ဘုရားအာရုံကြီးတစ်ခုကို ခံစားမိ၏။

“ဒါ…ဒါက…” အရှင်မီးတောက်၏ မျက်လုံးထဲ၌ အံ့မခန်းတုန်လှုပ်မှု ပေါ်ထွက်နေ၏။

သူ့အမြင်၌ သည်နတ်ဘုရားအာရုံ၏ စွမ်းအားကို စကားဖြင့်ပင် မဖော်ပြနိုင်ပေ။ ၎င်းမှာ ကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်သင့်သည့်ဟာမျိုး ဟုတ်မနေပေ။

သူတို့ သည်နတ်ဘုရားအာရုံကို ခံစားမိချိန်၌ ဝမ်လင်းသည်လည်း အရှင်မီးတောက်နှင့်သက်လတ်ပိုင်းလူတို့ကို ခံစားမိ၏။ သူ့နတ်ဘုရားအာရုံက ထိုသူတို့နှစ်ယောက်ထံရ ရုတ်တရပ် ရွှေ့လျားလာ၏။

“အရှင်မီးတောက်…” ယင်းနတ်ဘုရားအာရုံထံကနေ စကားတစ်ခု ထွက်ပေါ်လာ၏။

အရှင်မီးတောက်သည် ပင့်သက်ရှိုက်မိ၏။ ထိုနတ်ဘုရားအာရုံက သူနှင့် ရင်းနှီးပေ၏။ သူသည် ယင်းနတ်ဘုရားအာရုံကို ပိုင်ဆိုင်သူမှာ မည်သူမှန်း ခန့်မှန်း မိနေပေပြီ။ သို့သော် သူက ထိုအချက်ကို မယုံကြည်နိုင်ဟန် ဖြစ်နေ၏။ သူ့ဟန်ပန်မှာ အလေးအနက် ဖြစ်လာသည်။

“မင်းက တကယ်ပဲ…”

“ဟင်္သာငှက်နတ်အင်ပါယာ…” ဝမ်လင်း၏ နတ်ဘုရားအာရုံက သည်ကြယ်ကွင်းပြင်အနှံ့တွင် တုန်ဟိန်းမှုများကို ဖြစ်နေစေ၏။

“မင်းက ဝမ်လင်းလား…” အရှင်မီးတောက်သည် မျက်လုံး ပြူးနေ၏။ သူ့မျက်လုံးထဲရှိ တုန်လှုပ်မှုမှာ မွန်းစတားဆန်နေချေ၏။

သူသာမက အလောင်းကောင်ကလန်မှ တတိယဘုရင်သည်လည်း ထိုနည်းလည်းကောင်း ဖြစ်၏။

“သင်က အလောင်းကောင်ကလန်က တစ်ယောက်ယောက် ဖြစ်လိမ့်မယ်…” ဝမ်လင်း၏ နတ်ဘုရားအာရုံကနေ စကားဆိုလာပြန်၏။ သူ့နတ်ဘုရားအာရုံသည် မီးတောက်ပင်လယ်ကို ဝေ့နှောက်ပြီး တဖြည်းဖြည်း သက်လတ်ပိုင်းလူနှင့်အရှင်မီးတောက်တို့အား ဝန်းရံသွားသည်။

သက်လတ်ပိုင်းလူက ပြောလာ၏။ “ဒီအဘိုးအိုက အလောင်းကောင်ကလန်ရဲ့ တတိယဘုရင်ပါ…” သူသည် တည်ငြိမ်ဟန် ရနေသော်လည်း အမှန်တော့ သူသည် ဟင်္သာငှက်နတ်ကလန်ကို ထိတ်လန့်မှုမှာ သူ့စိတ်နှလုံးထဲ၌ ပိုတိုးလာခဲ့ပေပြီ။ သူသည် အစတုန်းကတော့ ဟင်္သာငှက်နတ်ကလန်ကို လေ့လာကြည့်ရန် ရည်ရွယ်ချက်ဖြင့် လာခဲ့ခြင်း ဖြစ်၏။ သို့သော် ခုချိန်၌ သူသည် ဘာလေ့လာနေစရာမှ မလိုတော့ပေ။

ထိုသက်လတ်ပိုင်းလူက သူ့လက်နှစ်ဖက်ကို ယှက်ကာ ဖြည်းဖြည်းခြင်း ပြောလိုက်သည်။ “လွန်ခဲ့တဲ့ရက်အချို့က ငါ့အလောင်းကောင်ကလန်ရဲ့ ဂျူနီယာ လီရင်ကျစ်ဟာ ကျောက်စိမ်းပြားတစ်ခု ပြန်ယူလာခဲ့တယ်။ ဒီအဘိုးအိုက ဒီကျောက်စိမ်းပြားထဲက မှတ်တမ်းတင်ထားတဲ့ အရာရဲ့ တည်နေရာကို မေးဖို့ ရောက်လာခဲ့တာပါ။ နတ်အင်ပါယာက ငါ့ကို ပြောပြမယ်ဆိုရင် ငါ့အလောင်းကောင်ကလန်ဟာ သေချာပေါက် သင့်ကို ကျေးဇူးတင်မှာပါ…”

အရှင်မီးတောက်သည် သူ့စိတ်ထဲရှိ တုန်လှုပ်မှုကို ဖိနှိပ်ထား၏။ သူက မေးလိုက်သည်။ “ဝမ်… နတ်အင်ပါယာ။လီယွမ်ဇီကလည်း မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကို ကျောက်စိမ်းပြားတစ်ခု ယူလာခဲ့တယ်။ ငါ့မေးခွန်းကတည်း တူတူပါပဲ။ ဒီကျောက်စိမ်းပြားထဲက အရာရဲ့ တည်နေရာကို သိချင်တာ ဖြစ်တယ်…”

အရှင်မီးတောက်၏ ကျင့်ကြံခြင်းအဆင့်ဖြင့် သူသည် ဝမ်လင်း၏ နတ်ဘုရားအာရုံ ဘာကြောင့် ခုလောက်ထိ အစွမ်းထက်နေသည့် အကြောင်းရင်း သဲလွန်စအချို့ကို ခပ်ရေးရေး မြင်နိုင်ပေသည်။ သို့ရာတွင် လူတစ်ယောက်၏ နတ်ဘုရားအာရုံကို ကြယ်ကွင်းပြင်ရှိ ဂြိုဟ်များနှင့် ပေါင်းစည်စေသည့် မန္တာန်က သူ့ကို ထိတ်လန့်မိနေစေတုန်းပင်။

ဟင်္သာငှက်နတ်အင်ပါယာ၏ ဆန်းကြယ်မှုကလည်း သူ့စိတ်ထဲ၌ ပို၍ တိုးလာ၏။

“ငါ သင်တို့ကို ကျောက်စိမ်းပြားထဲက တည်နေရာ ပြောပြနိုင်တယ်။ ဒါပေမယ့်လည်း အဲ့နေရာဟာ အန္တရာယ်တွေ ပြည့်နှက်နေတာ။ သင်တို့ သွား၊မသွားကတော့ သင်တို့ ကိစ္စပဲ…” ဝမ်လင်း၏ နတ်ဘုရားအာရုံသည် ပဲ့တင်သံ ထွက်လာပြန်သည်။ ထို့နောက် အရှင်မီးတောက်နှင့်သက်လတ်ပိုင်းလူတို့၏ ရှေ့တွင် အလင်းစက်မြောက်များစွာ ပေါ်လာကာ ကြယ်မြေပုံတစ်ခု ဖြစ်လာသည်။

ထိုကြယ်မြေပုံသည် ဟင်္သာပြဒါးဂြိုဟ်ကို ဖော်ပြထား၏။ အသက်ရှုချိန်အနည်းငယ်ကြာမြင့်ပြီးနောက် ၎င်းကြယ်မြေပုံသည် တဖြည်းဖြည်း ပြန်ပျောက်ကွယ်သွားသည်။

အရှင်မီးတောက်၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ပြောလာသည်။ “ဟင်္သာပြဒါးဂြိုဟ်…”

သက်လတ်ပိုင်းလူသည် ပြုံး၍ တည်ငြိမ်စွာ ပြောသည်။ “နတ်အင်ပါယာ…သင်က အခုချိန်မှာ အရေးကြီးတဲ့ သတင်းကို ခုလိုမျိုး ဖော်ပြခဲ့ပုံထောက်တော့ သင့်မှာ တခြားအစီအစဉ်တွေ ရှိနေရမယ်…”

“လူတိုင်းကတော့ သူတို့ရဲ့ ကိုယ်ပိုင်လိုအပ်ချက် ရှိကြတယ်။ငါက ဒီအလောင်းကို စောင့်ကြပ်နေတဲ့ လူကို သတ်ပစ်ဖို့အတွက် ဓားငှားနေရုံပဲ…”

ဝမ်လင်းသည် ထိုသို့ ဆို၏။ သူသည် အလောင်းကောင်ကလန်နှင့် အလုံးစုံကောင်းကင်တို့ကို တာဆန်အကြောင်း ဘာမှ ဖုန်းကွယ်ထားနေစရာ မလိုပေ။

“ကောင်းတယ်…နတ်အင်ပါယာက တကယ့်ကို ပွင့်လင်းတာပဲ…။ငါ့အလောင်းကောင်ကလန်က ဒီကိစ္စကို သဘောတူပါလိမ့်မယ်…” သက်လတ်ပိုင်းလူက ဝမ်လင်း အခုလို ဖြေလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ ရယ်မောလိုက်ပြီးနောက် သူက ဝမ်လင်း၏ နတ်ဘုရားအာရုံ ရှိနေသော နေရာသို့ လက်နှစ်ဖက်ယှက် နှုတ်ဆက်ကာ ပြန်ထွက်ခွာသွားသည်။

အရှင်မီးတောက်သည် စဉ်းစားနေ၏။ သက်လတ်ပိုင်းလူ ထွက်ခွာသွားသည့်နောက် သူက ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်ကာ သက်ပြင်းချသည်။ “ငါ မင်းကို လျှော့တွက်ခဲ့တာပဲ။ ငါ မထင်ထားဘူး..မထင်ထားဘူး…ဝမ်လင်း…ငါဟာ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ အရှင် ဖြစ်တယ်၊ မင်းက နတ်အင်ပါယာ ဖြစ်တယ် ဆိုတာ မေ့ထားလိုက်။ ဒါဆို ငါ မင်းကို ဘယ်လို ဆက်ဆံသင့်လဲ…”

ဝမ်လင်းသည် အနည်းငယ် စဉ်းစား၍ သတင်းစကားဆို၏။ “မဆိုးပါဘူး…”

အရှင်မီးတောက်၏ မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။ သူက မေးလာ၏။ “ဝမ်လင်း…ငါ သိချင်တာက မင်း ပြောတဲ့ ကျောက်စိမ်းပြားဟာ အမှန်လား၊ ဒါမှမဟုတ် မင်း သေချာရော သေချာရဲ့လား…”

“စီနီယာအရှင်မီးတောက်…။ ငါ သ့င်ကို မညာဘူး…။ ဒီကျောက်စိမ်းပြားထဲက သတင်းဟာ အမှန်ပဲ…”

အရှင်မီးတောက်သည် ခေါင်းညိတ်ပြ၏။ သူက စကားဆက် မဆိုတော့ပေ။ သူသည် လက်နှစ်ဖက်ယှက် နှုတ်ဆက်ကာ လောင်ကျွမ်းကြယ်ကွင်းပြင်ကနေ ပြန်ထွက်ခွာသွားတော့သည်။

သူတို့နှစ်ယောက် ထွက်ခွာသွားပြီးနောက် သည်ကြယ်ကွင်းပြင်တစ်ခုလုံးကို ဝန်းရံထားသည့် နတ်ဘုရားအာရုံသည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပြိုပျက်ကာ လွင့်ပြယ်သွားတော့သည်။

ဂြိုဟ်များ၏ စိတ်ဝိညာဉ်များအားလုံးသည်လည်း သူတို့၏အသီးသီးဂြိုဟ်များသို့ ပြန်ရောက်ရှိသွားကြသည်။

နတ်ဘုရားအာရုံ ပျက်စီးသွားချိန်၌ ကြယ်ကွင်းပြင်၏ မူလစွမ်းအင်ကို သက်ရောက်ကာ ဟင်္သာငှက်နတ်ကလန်သားများအားလုံးမှာ တုန်လှုပ်မိနေကြသည်။

ဝမ်လင်းရှိနေသော ဂြိုဟ်ပေါ်မှ မီးတောင်များသည်လည်း ပေါက်ကွဲမှုကနေ ရပ်တန့်သွား၏။ မီးတောင်ကြီးအတွင်း၌ ဝမ်လင်းသည် တဖြည်းဖြည်းခြင်း မျက်လုံးဖွင့်လာသည်။ သူ့မျက်လုံးသည် တောက်ပလွန်းနေ၏။

“ငါ့နယ်ပယ်ဟာ သေခြင်းရှင်ခြင်းစက်ဝန်းနဲ စတင်ခဲ့ပြီး ကံမ္မအဖြစ် ဖွံ့ဖြိုးလာခဲ့တယ်။ အခု ငါ တောင်ခြေမွခြင်းကို နားလည်အောင်လုပ်နေရင်း ငါဟာ အမှန်နဲ့အမှားရဲ့ ဖျပ်ခနဲလင်းလက်မှုကို ဖမ်းဆုပ်နိုင်ခဲ့ပြီ။ အတွေးတစ်ချက်နဲ့ ငါ့ကံကြမ္မာနယ်ပယ်ဟာ ပြီးပြည့်စုံပြီး နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကို ချိုးဖျက် နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကို ဝင်ရောက်နိုင်ပြီ။ ငါ့နယ်ပယ်ဟာ တောင်ခြေမွခြင်းမန္တာန်ကို နားလည်လာတဲ့အတွက်ကြောင့် အမှန်နဲ့အမှားအဖြစ် ဖွံ့ဖြိုးလာခဲ့ပြီ။ ဒီအမှန်နဲ့အမှားဟာ ပုံရိပ်ယောင်တွေနဲ့ ခြားနားလှတယ်။ ဒါဟာ မြင့်မြတ်တဲ့တာအိုပဲ…”

ဝမ်လင်းသည် မတ်တပ်ထရပ်လာ၏။ ခြေတစ်လှမ်းဖြင့် ချောရည်ပူများထဲ၌ လှိုင်းများ ဖြစ်ပေါ်သွားသည်။ ထို့နောက် ဝမ်လင်းသည် မီးတောင်ပြင်ပသို့ ရောက်လာ၏။ သူက လောကကို ကြည့်ကာ ဖြည်းဖြည်းခြင်း ပြုံးလာသည်။

“နိဗ္ဗာနသန့်စင်ခြင်း…” ဝမ်လင်းသည် အသက်ဝဝရှုသွင်း၏။ သူသည် သူ့ခန္ဓာကိုယ်ထဲမှ ကွာခြားမှုကို ရှင်းလင်းစွာ ခံစားမိနေရသည်။ အရင်တုန်းက သူ့ခန္ဓာကိုယ်ထဲရှိ မီးမူလစွမ်းအင်သည် အကန့်အသတ်သို့ ရောက်နေခဲ့ပေပြီ။ သို့သော် ခုချိန်၌ အတွေးတစ်ချက်ဖြင့်ပင် သူ့ပတ်လည်ရှိ မီးမူလစွမ်းအင်များသည် သူ့ခန္ဓာကိုယ်ထဲသို့ မြင့်တက်လာခဲ့တော့၏။

မူလစွမ်းအင် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေရင်း ဝမ်လင်းသည် သူ့ညာလက်ကို ဆန့်ထုတ်လိုက်ရာ သူ့ရှေ့၌ အက်ကြောင်းတစ်ခု ပေါ်လာသည်။ ထိုအက်ကြောင်းသည် ပေါ်လာသည်နှင့် မတည်မငြိမ် ဖြစ်နေ၏။ အချိန်မရွေး ပြန်ပျက်စီးသွားတော့မလို ရှိ၏။

သို့ရာတွင် ဝမ်လင်း၏လက်ကနေ အဆုံးမဲ့မူလစွမ်းအင်တို့ ထွက်ပေါ်ကာ ယင်းအက်ကြောင်းထဲသို့ ဝင်ရောက်နေသည်။ ၎င်းအက်ကြောင်းသည် စတင် ချဲ့ကားလာ၏။ အက်ကြောင်းအတွင်းမှ တစီစီအသံများပါ ထွက်ပေါ်သည်။ အက်ကြောင်းအတွင်းရှိ နေရာလွတ်သည် ပို၍ ကြီးမားလာ၏။ မူလစွမ်းအင်များ အတွင်းသို့ ဝင်ရောက်နေရင်း နောက်ဆုံးတွင် ယင်းအက်ကြောင်းသည် တည်ငြိမ်လာသည်။ ၎င်းအက်ကြောင်းမှာ လွယ်လွယ်နှင့် ပျက်စီးသွားတော့မည် မဟုတ်ပေ။

“သိုလှောင်အိတ်တစ်ခုကို ဆက်အသုံးပြုဖို့ မလိုအပ်တော့ဘူး…” ဝမ်လင်းက ပြုံး၍ သူ့သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ထိုအခါ သိုလှောင်အိတ်ထဲမှ အရာအားလုံးသည် အက်ကြောင်းအတွင်းသို့ ပျံသန်းဝင်ရောက်သွားကြ၏။ သိပ်မကြာခင်တွင် သိုလှောင်အိတ်တွင် ဘာမှ မကျန်ခဲ့တော့ပေ။ ဝမ်လင်းသည် သူ့လက်ဖြင့် သိုလှောင်အိတ်ကို ပွတ်လိုက်ရာ ၎င်းသည် ဖုန်မှုန့် ဖြစ်သွားတော့သည်။

သူ့ညာလက်ကို အက်ကြောင်းအတွင်းသို့ လက်ညွှန်ကာ သူ့နတ်ဘုရားအာရုံအမှတ်အသားကို ချန်၏။ ထို့နောက် သူ့လက်ကို ဝေ့ယမ်းရာ ထိုအက်ကြောင်းသည် ပြန်ပိတ်၍ ပျောက်ကွယ်သွားတော့သည်။

ထိုအခိုက်အတန့်၌ ဝမ်လင်း၏အသွင်သည် ပြောင်းလဲသွား၏။ သူ့မျက်လုံးသည် အေးစက်လာသည်။ သူက ခြေတစ်လှမ်းလှမ်းလိုက်ရာ ကောင်းကင်ထက်တွင် ပေါ်လာသည်။ သူက သူ့ထံသို့ အတင်းရုန်းကန် ပျံသန်းလာနေရသည့် ခြင်သားရဲတစ်ကောင်ကို တွေ့မြင်လိုက်ရ၏။

ထိုခြင်သားရဲသည် ခရမ်းရောင်ရှိ၏။၎င်း၏ ကိုယ်ပေါ်၌ သွေးစတို့ စွန်းထင်းနေသည်။ ၎င်းသည် ဒဏ်ရာအပြင်းအထန် ရခဲ့သည်မှာ သိသာသည်။ ၎င်း၏ သခင်ဖြစ်သူထံ ပြန်ရောက်ရမည်ဟူသော အတွေးမရှိပါက ၎င်းသည် သေဆုံးနှင့်နေလောက်ပေပြီ။

ခြင်သားရဲက ဝမ်လင်းကို တွေ့မြင်သည့်အခါ ဟိန်းသံပေးအော်မြည်ကာ ဝမ်လင်းရှိရာသို့ ပျံသန်းလာလေ၏။

ဝမ်လင်းက သူ့ညာလက်ဖြင့် ခြင်သားရဲ၏ ကျောကို ရိုက်ပုတ်လိုက်ရာ ခြင်သားရဲ ဒဏ်ရာမှ ထွက်ပေါ်နေသည့် အစိမ်းရောင်အခိုးငွေ့များ ပျောက်ကွယ်သွားတော့သည်။ ထို့နောက် သူ့ဘယ်လက်ဖြင့် လေဟာနယ်ထဲသို့ ဆန့်ထုတ်ရာ အက်ကြောင်းတစ်ခု ပေါ်လာစေသည်။ သူသည် ထိုအက်ကြောင်းထဲမှ ဆေးလုံးများစွာကို ချက်ခြင်း ထုတ်ယူ၍ ခြင်သားရဲကို ကျွေး၏။

တစ်ချိန်တည်းမှာပင် သူ့နတ်ဘုရားအာရုံသည် ခြင်သားရဲ၏ စိတ်အတွင်းသို့ ရောက်ရှိသွားသည်။ သူက ၎င်း၏မှတ်ဉာဏ်များကို ရှာကြည့်ပြီးနောက် ဝမ်လင်း၏အသွင်မှာ သုန်မှုန်လာ၏။ သူ့ထံမှ သတ်ဖြတ်လိုသည့် စိတ်ဆန္ဒတစ်ခု ပေါက်ကွဲထွက်လာတော့သည်။

“မင်းတို့က သေချင်နေတာပဲ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset