“လေဆင့်ခေါ်ခြင်း၊ မိုးဆင့်ခေါ်ခြင်း၊ဆန်းကြယ်လက်နက်၊ တောင်ခြေမွခြင်း၊ ကုန်းမြေပြိုလဲခြင်း၊ လနက်၊ ကြည်လင်သောကောင်းကင်များ…”
ထိုမန္တာန်များသည် ကောင်းကင်ဘုံအင်ပါယာ ပေဖန်၏ မဟာမန္တာန်ခြောက်ခု ဖြစ်၏။ ဝမ်လင်သည် ပထမသုံးခုကို တတ်မြောက်ခဲ့ပြီး ဖြစ်သည်။ ချင်းရွှေက သူ့အား နောက်ပိုင်းမန္တာန်သုံးခုက များစွာ ပိုအစွမ်းထက်ကြောင်း ပြောပြခဲ့ဖူးသည်။ ၎င်းနောက်ပိုင်းမန္တာန်သုံးခု၌ ကောင်းကင်တုန်ဟီးစေမည့် စွမ်းအား ပါဝင်နေပေ၏။
တောင်ခြေမွခြင်းမန္တာန်သည် ကောင်းကင်ဘုံအင်ပါယာပေဖန်၏ နောက်ပိုင်းမန္တာန်သုံးခု၏ ပထမဆုံးမန္တာန်ဖြစ်၏။ တောင်တစ်လုံး ခြေမွပျက်စီးခြင်း စွမ်းအားကို ယူဆောင်သည့် စိတ်ဆန္ဒ ဖြစ်၏။ သို့သော် ၎င်းမန္တာန်သည် ပြောရသည်က လွယ်သော်လည်း အတော်လေးကို ရှုပ်ထွေးလှသည်။တောင်များ၌ တောင်စိတ်ဝိညာဉ် ရှိ၏။ တောင်ပျက်စီးခြင်းသည် တောင်မျှသာ ဖြစ်၏။ စိတ်ဝိညာဉ် မဟုတ်သေးပေ။ ထိုအခါ ၎င်းတောင်ပျက်စီးခြင်း၏စွမ်းအားသည် သာမန်သာ ဖြစ်ပေမည်။
ခန္ဓာကိုယ်ကော စိတ်ဝိညာဉ်ကောပါ ခြေမွနိုင်မှ တောင်ခြေမွခြင်းမန္တာန်၏ စွမ်းအားကို ခင်းကျင်းထုတ်ဖော်နိုင်မည် ဖြစ်၏။ တောင်များ ပြည့်နှက်နေသောနေရာ၌ လူတစ်ယောက်သည် တောင်ခြေမွခြင်းမန္တာန်၏ စွမ်းအားကို အသုံးပြုနိုင်၏။ သို့သော် ထိုအရာကား ပထမအဆင့်သာ ဖြစ်ချေသည်။
အစစ်အမှန်တောင်ခြေမွခြင်းသည် ချင်းရွှေ အရင်တုန်းက အသုံးပြုခဲ့ပုံမျိုး ဖြစ်၏။ ထိုနေရာတွင် တောင်များ ရှိမနေပါဘဲနှင့် ချင်းရွှေက အသုံးပြုနိုင်ပေသည်။ သင့်နတ်ဘုရားအာရုံဖြင့် တောင်တစ်တောင်ကို ဖြစ်ပေါ်စေကာ ကောင်းကင်ဘုံမူလစွမ်းအင် ထိုးသွင်း၍ ၎င်းနတ်ဘုရားအာရုံဖြင့် ဖြစ်ပေါ်လာသည့် တောင်ကို စိတ်ဝိညာဉ် ဖြစ်တည်စေခြင်းပင်။ တောင်ခြေမွခြင်း၏ စွမ်းအားသည် ကောင်းကင်ဘုံမူလစွမ်းအင်နှင့်နတ်ဘုရားအာရုံတို့ကို ခြေမွချိန်၌ ဖြစ်ပေါ်လာခြင်းပင်။
ထိုစွမ်းအားဖြင့် လောကနှင့်သမူဟ ဖြစ်စေကာ မရေမတွက်နိုင်သော စစ်မှန်သည့် တောင်များကို ပြုလုပ်နိုင်ပေ၏။ ထို့နောက် ခြေမွပစ်ခြင်းက ကောင်းကင်ယံတုန်လှုပ်စေမည့် မန္တာန်စွမ်းအား ပိုင်ဆိုင်လာပေမည်။
တောင်ခြေမွခြင်း၏ သော့ချက်သည် တောင်နှင့်၎င်း၏စိတ်ဝိညာဉ်ကို ခြေမွပစ်ခြင်းမဟုတ်၊ စိတ်သပ်သပ်ဖြင့် တောင်ကို ဖြစ်ပေါ်စေခြင်းလည်း မဟုတ်၊ ကောင်းကင်ဘုံမူလစွမ်းအင်နှင့် ၎င်းကို ပေါင်းစည်းစေခြင်းလည်း မဟုတ်ပေ။ တောင်ခြေမွခြင်း၏ သော့ချက်မှာ ၎င်းအခြင်းအရာအားလုံးကို အစစ်အမှန် ဖြစ်စေခြင်းသာတည်း။
ပုံရိပ်ယောင်တစ်ခုကို အစစ်အမှန်ဖြစ်အောင် ပြုလုပ်ဖို့က တောင်ခြေမွခြင်း၏ သော့ချက်ပင်။သည်မန္တာန်၏ အခက်ခဲဆုံးအပိုင်းလည်း ဖြစ်၏။
အကွာအဝေးတစ်ခုမှ မီးတောင်ပေါက်ကွဲသည်ကို ကြည့်နေရင်း သူ့အောက်ရှိ မီးတောင်ထံမှ ပေါက်ကွဲကြေမွလာသည့် ခံစားမှုကြောင့် ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးထဲ၌ ရှုပ်ထွေးမှုအရိပ်အယောင်တို့ ရှိနေသည်။
“ဝမ်အာ…အမှန်က ဘာလဲ…အမှားကကော…”
မည်သူကမျှ ဝမ်လင်း၏ မေးခွန်းကို ဖြေနိုင်လိမ့်မည် မဟုတ်ပေ။ သူသည် အကွာအဝေးတစ်ခုသို့ တိတ်ဆိတ်စွာသာ ကြည့်နေ၏။ သူသည် လောကရှိ တုန်ခါမှုလှိုင်းကို ခံစားနေရသည်။ သူသည် တဖြည်းဖြည်း မျက်မှောင်ကြုတ်လာသည်။
“နတ်ဘုရားအာရုံနဲ့တင် တောင်တစ်တောင်ကို အစစ်အမှန် ဖြစ်အောင် ဘယ်လိုလုပ်မလဲ…” ချင်းရွှေသည် ဝမ်လင်းကို ထိုအကြောင်းနှင့် ပတ်သတ်၍ မပြောခဲ့ပေ။
ချင်းရွှေ၏ ရည်ရွယ်ချက်က ဝမ်လင်းသည် ကိုယ်တိုင်ကိုယ်ကျ သည်အချက်ကို နားလည်သွားစေခြင်း ဖြစ်၏။
“အမှန်…အမှား…။ဒါဟာ သေခြင်းနဲ့ရှင်ခြင်းလိုပဲ။ ကံကြမ္မာအကြောင်းနဲ့အကျိုးလိုပဲ…”
ဝမ်လင်းသည် မျက်လုံးမှိတ်ကာ ဆက်လက် တွေးနေ၏။ သူ့အောက်ရှိ မီးတောင်သည် ပို၍ ပြင်းပြင်းထန်ထန် ပေါက်ကွဲနေပေပြီ။ ထိုပေါက်ကွဲမှုက အကွာအဝေးတစ်ခုရှိ မီးတောင်များကိုပါ ပေါက်ကွဲလာစေ၏။
အခုချိန်၌ ဝမ်လင်း၏ ပတ်လည်တွင် အဆုံးမဲ့ချောရည်ပူများနှင့် ဝန်းရံလို့နေ၏။
အချိန်သည် ထာဝရအလား ကြာမြင့်နေဟန် ရ၏။ အချိန်မည်မျှ ကုန်သွားမှန်း မသိသည့်နောက် ဝမ်လင်းသည် မျက်လုံးပြန်ဖွင့်လာ၏။ သို့သော် သူ့မျက်လုံးထဲ၌ ရှုပ်ထွေးမှု ရှိနေဆဲပင်။ သူက သူ့ညာလက်ကို ခေါင်းတလားပေါ်သို့ တင်ကာ ၎င်းကို အလင်းတန်းတစ်ခုအသွင်ပြောင်း၍ ပျောက်ကွယ်သွားစေလိုက်၏။ ဝမ်လင်းသည် မတ်တပ်ထရပ်သည်။ထို့နောက် သူသည် မီးတောင်ဝထံသို့ ခုန်ဝင်သွားလေသည်။
သိပ်သည်းသောချောရည်ပူများ ပန်းထွက်နေ၏။ သို့သော် ထိုအရာက ဝမ်လင်းကို ရပ်တန့်နိုင်စွမ်း မရှိပေ။ သူက ချောရည်ပူများထဲသို့ ဖြတ်သန်းသွားနေရင်း မီးတောင်အတွင်းနက်ပိုင်းထိ မကြာခင်တွင် ရောက်ရှိလာတော့သည်။
သူက ကြာပွင့်သဏ္ဌာန်ထိုင်ချ၏။ ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူ့လက်နှစ်ဖက်ကို ဖြန့်ကားသည်။ သူ့မျက်လုံးသည် တောက်ပနေပေပြီ။ ထို့နောက် သူက မျက်လုံး ပြန်မှိတ်လိုက်၏။
“ဒါ အမှန်လား၊အမှားလား ငါ ဂရုမစိုက်ဘူး။ ဒီလောကမှာ ဘာအမှန်တရားမှ မရှိဘူးဆိုရင် အမှားဆိုတာလည်း ရှိလာမှာ မဟုတ်ဘူး။ အမှန်နဲ့အမှားဟာ ဒင်္ဂါးပြား ဟိုဘက်ခြမ်း၊ဒီဘက်ခြမ်းလိုပဲ။ ဒီအမှန်နဲ့အမှားဆိုတာ သေခြင်းနဲရှင်ခြင်းလိုမျိုး အတူချိတ်ဆက်တည်ရှိနေတာ ဖြစ်တယ်…”
“ရှင်သန်ခြင်းမရှိရင်…သေခြင်းဆိုတာလည်း ရှိလာလိမ့်မှာ မဟုတ်ဘူး။ ကံအကြောင်းရင်း မရှိရင် အကျိုးဆိုတာလည်း ပေါ်လာမှာ မဟုတ်ဘူး…။အစောပိုင်းတုန်းကလည်း မိုချီက နယ်ပယ်တွေအားလုံးဟာ ငါ့စိတ်အခြေအနေကနေ ဖြစ်ပေါ်တာလို့လည်း ဆိုခဲ့သေးတယ်…”
ဝမ်လင်း မျက်လုံးဖွင့်လိုက်ချိန်၌ သူ့ခန္ဓာကိုယ်ထဲရှိ မီးမူလစွမ်းအင်အားလုံးသည် ချောရည်ပူထဲသို့ တိုးဝင်ကာ ဖြည်းဖြည်းခြင်း ပေါင်းစပ်သည်။
သည်အခိုက်အတန့်၌ သူကိုယ်တိုင် ချောရည်ပူ ဖြစ်နေသကဲ့သို့ပင်။
ချောရည်ပူများကို ပေါင်းစပ်ပြီးသည့်နောက် ဝမ်လင်း၏မီးမူလစွမ်းအင်သည် ပျံ့နှံ့လာကာ မီးတောင်ပတ်လည်ရှိ ချောရည်များနှင့်ပါ စတင် ပေါင်းစည်းသည်။ နောက်ဆုံးတွင် သူသည် မီးတောင်နှင့်တစ်သားတည်း ဖြစ်လာခဲ့တော့သည်။
ထိုမျှနှင့်အဆုံးမသပ်သေးပေ။ မီးမူလစွမ်းအင် ပျံ့နှံ့နေရင်း ချောရည်၊မီးတောင်နှင့် အနက်ရောင်အခိုးအငွေ့များ၊ မီးမူလစွမ်းအင်အားလုံးသည် တစ်ခုတည်းအဖြစ်သို့ သမူဟ ဖြစ်စွာ ပေါင်းစည်းကုန်သည်။
သည်အခိုက်အတန့်၌ ဝမ်လင်းသည် မီးတောင်ကနေ ရှေးဟောင်းအော်ရာတစ်ခုကို ခံစားမိသည်။ ရှေးဟောင်းအော်ရာမှာ သည်မီးတောင်၏ စိတ်ဝိညာဉ် ဖြစ်လေ၏။
သူ မီးတောင်စိတ်ဝိညာဉ်ကို ခံစားမိချိန်၌ ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် ထွက်လာကာ မီးတောင်နှင့် နောက်တစ်ကြမ် ပေါင်းစပ်ပြန်သည်။
ဤအခိုက်တွင် ဝမ်လင်းသည် သူက မီးတောင် ဖြစ်နေသကဲ့သို့ ခံစားမိသည်။
ရှေးဟောင်းမီးတောင်စိတ်ဝိညာဉ်သည် ဝမ်လင်းကို ပေါင်းစပ်ချိန်၌ အမျိုးမျိုးသောမြင်ကွင်းများကို တွေ့မြင်ခွင့် ပြု၏။ သူက မြေကြီးထု တုန်ခါရင်း၊ တောင်တစ်လုံး တဖြည်းဖြည်းခြင်း မွေးဖွားလာနေရင်း လောင်ကျွမ်းနေသောဂြိုဟ်တစ်ခုကို တွေ့မြင်၏။ ထိုတောင်သည် မီးမူလစွမ်းအင်များနှင့် ပြည့်နှက်နေသည်။
အချိန်ကုန်လာနေရင်း သည်မီးမူလစွမ်းအင်များသည် ချောရည်များ ဖြစ်လာခဲ့သည်။ နောက်ဆုံးတွင် ၎င်းချောရည်က အကန့်အသတ်သို့ ရောက်ကာ မီးတောင်ဝသည် ပြိုပျက်၍ သိပ်သည်းသောချောရည်များ တရကြမ်း ပန်းထွက်ကုန်သည်။
သူက မီးတောင်သည် ထိုကဲ့သို့ ပေါက်ကွဲပြီးသည့်နောက် တဖြည်းဖြည်း ပြန်ငြိမ်သက်သွားသည်ကိုလည်း တွေ့မြင်နေရပြန်သည်။ သူသည် ဟင်္သာငှက်နတ်ကလန်၏ တပည့်များ ပျံသန်းကာ ဖြတ်သန်းသွားကြသည်ကိုလည်း တွေ့မြင်လိုက်ရသည်။
အပူလှိုင်းသည် ရိုက်ခတ်ရင်း သည်နေရာတွင် ရှင်သန်နိုင်သည့် အချို့အပင်များ၏ မျိုးစေ့များသည်လည်း လွင့်ကြဲကုန်၏။ အနီရောင်မြက်ပင်များ တဖြည်းဖြည်းကြီးလာ၊ ခြောက်သွေ့လာ၊ ထို့နောက် တစ်ဖန် ပြန်ကြီးထွားလာပုံကိုလည်း တွေ့မြင်နေရသည်။
ထို ခြောက်သွေ့လိုက် ကြီးထွားလာလိုက် စက်ဝန်းသည် အချိန်မည်မျှ ကြာသွားမှန်း မသိလောက်အောင် ဆက်တိုက် ဖြစ်နေသည်။ ထို့နောက် မြေကြီးထုသည် တစ်ဖန် တုန်ယင်ကာ မီးတောင်သည် ထပ်မံ ပေါက်ကွဲပြန်သည်။
နှစ်ထောင်သောင်းချီက ဝမ်လင်းအမြင်၌ ဖျပ်ခနဲ ကုန်ဆုံးသွားလေ၏။ ဝမ်လင်းသည် တဖြည်းဖြည်းဖြင့် သူ့မူလရည်ရွယ်ချက်နှင့်ကျင့်ကြံသူတည်းဟူသော ပုံရိပ်ကိုပင် မေ့သွားလေ၏။ သူကိုယ်တိုင် မီးတောင်ဖြစ်လာသကဲ့သို့ မီးတောင်၏ စိတ်ဝိညာဉ် ဖြစ်လာခဲ့တော့သည်။
မီးတောင်ပေါက်ကွဲမှုများသည် သူကိုယ်တိုင် ပေါက်ကွဲမှု ဖြစ်နေသကဲ့သို့ပင်။ သည်အခိုက်အတန့်၌ ဝမ်လင်းသည် မသိလိုက်မသိဘာသာဖြင့် ဉာဏ်အလင်း ရရှိလာနေသည်။
“ငါဟာ မီးတောင်ပဲ…။ ငါ့ဒေါသဟာ ပေါက်ကွဲမှု…” ထိုဉာဏ်အလင်းဖြင့် ဝမ်လင်း၏နတ်ဘုရားအာရုံသည် စတင် ပျံ့နှံ့လာသည်။ သိပ်မကြာခင်တွင် ပတ်ဝန်းကျင်ရှိ မီးတောင်များအားလုံးသည် သူ့နတ်ဘုရားအာရုံအတွင်းသို့ ရောက်ရှိလာ၏။
သူ့နတ်ဘုရားအာရုံကို ဖြန့်ကြက်ရင်း မီးတောင်တစ်ခုခြင်းစီနှင် ပေါင်းစပ်နေသည်။ ပိုများပြားသည့် မြင်ကွင်းများက ဝမ်လင်း၏စိတ်ထဲ၌ ပြည့်လာသည်။
သူက မီးတောင်များ ထပ်မံ ပေါက်ကွဲနေမှုကိုလည်း တွေ့မြင်ရသည်။ သူသည် မီးတောင်များ၏ ဒေါသအမျက်ကိုလည်း သာ၍ ခံစားမိလာရသည်။ သူ့နတ်ဘုရားအာရုံသည် ဖြည်းဖြည်းချင်း သည်ဂြိုဟ်ပေါ်ရှိ မီးတောင်များအားလုံးကို ဖုံးလွှမ်းစေသည့်အထိ ပျံ့နှံ့လာသည်။
သည်အခိုက်အတန့်၌ သူသည်ကိုယ်ပွား ထောင်ချီ ရှိနေသည့်အလား ကိုယ်ပွားတစ်ခုခြင်းစီသည်လည်း မီးတောင်တစ်ခု ဖြစ်နေသကဲ့သို့ပင်။
“ဒါက…” ဟင်္သာငှက်နတ်ကလန်၏ အကြီးအကဲတစ်ယောက်သည် ကျင့်ကြံနေရာကနေ ရုတ်တရပ် မျက်လုံးဖွင့်လာ၏။ သိပ်မကြာခင်တွင် သူက ဝမ်လင်း ရှိနေသော မီးတောင်ထံသို့ အကြည့်ရောက်သွားသည်။
“ဒါက နတ်အင်ပါယာပဲ…” ဝမ်လင်း၏ အော်ရာသည် ရှေးကျလှသော်လည်း နိဗ္ဗာနဖြိုခွဲခြင်းအဆင့် အကြီးအကဲတစ်ယောက်အနေဖြင့် သူသည် ၎င်းကို ခွဲခြားနိုင်စွမ်း ရှိပေသည်။ သို့ရာတွင် သူသည် တုန်လှုပ်မိနေဆဲပင်။
သူ့ကို တုန်လှုပ်မိစေသည်က နတ်အင်ပါယာ၏ အော်ရာသာ ဖြစ်နေသော်လည်း ယင်းအော်ရာသည် သူသိသော နတ်အင်ပါယာ၏ အော်ရာနှင့် အလွန်ကွာခြားနေ၏။ အစောပိုင်းတုန်းက ဝမ်လင်းသည် နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ခဲ့၏။အကြီးအကဲအုပ်စုက အပြင်ပိုင်းတွင် ဝမ်လင်းကို အသိအမှတ်ပြုခဲ့ကြသော်လည်း စိတ်အတွင်းနက်ပိုင်းတွင်မူ အထင်သေးမှု ရှိ၏။
သို့ရာတွင် သူသည် အခုသည်အော်ရာရှေ့၌ သူကိုယ်တိုင်ပင် ဂျူနီယာတစ်ယောက် ဖြစ်နေသကဲ့သို့ ခံစားနေမိ၏။ ထိတ်လန့်ဖွယ်ကောင်းခြင်း။ အဘိုးအိုသည် လေထဲသို့ ပျံတက်၏။ သူသည် ချက်ခြင်းပင် ဂြိုဟ်ပေါ်ရှိ အခြားအကြီးအကဲသုံးယောက်လည်း ထွက်လာကြသည်ကို ခံစားမိသည်။
အခြားသုံးယောက်သည်လည်း တုန်လှုပ်မိနေကြပေပြီ။ သူတို့သည်လည်း ပထမဆုံးအဘိုးအိုကဲ့သို့ သည်အော်ရာကို သိရှိခံစားမိလိုက်ကြပေသည်။
သည်အခိုက်အတန့်၌ ဟင်္သာငှက်နတ်ကလန်ဝင်များအားလုံးသည် သူတို့၏ ကျင့်ကြံခြင်းကနေ နိုးထလာကြ၏။ သူတို့သည်လည်း အလွန်တရာရှေးကျလှသော နတ်ဘုရားအာရုံတစ်ခု သူတို့အား ဖြတ်သန်းသွားသည်ဟု ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
ထိုမျှသာ ဆိုလျှင် ကိစ္စမဟုတ်သေးပေ။ အကြီးအကဲလေးယောက်က တုန်လှုပ်မိနေပြီ ဖြစ်သော်လည်း ကလန်သားများအပေါ်တွင်တော့ သိပ်သက်ရောက်မှု ရှိမနေသေးပေ။ သို့ရာတွင် နောက်ထပ် ဖြစ်လာသည့်အရာက အကြီးအကဲလေးယောက်ကို လေအေးတစ်ချက် ရှိုက်သွင်းမိသွားစေ၏။
ထိုနတ်ဘုရားအာရုံက ဖြန့်ကျက်ကာ ဂြိုဟ်တစ်ခုလုံးကို ခြုံလွှမ်း၏။ ကြည့်ရသည်မှာ သည်ဂြိုဟ်ပေါ်မှ မီးတောင်များအားလုံး နိုးထကာ တစ်ချိန်တည်း ပေါက်ကွဲတော့မည့်ဟန် တူ၏။
ဤအခိုက်အတန့်၌ နတ်ဘုရားအာရုံအတွင်းမှ ရှေးဟောင်းအော်ရာသည် ပိုတိုးလာ၏။ မီးတောင်အားလုံးထံမှ ရှေးဟောင်းအော်ရာများသည် စုစည်းလာသကဲ့သို့ပင်။
ကောင်းကင်သည် မြူနက်ထုအခိုးအငွေ့များနှင့် ပြည့်လို့နေသည်။ မြေပြင်ထက်တွင် နီရဲသော ချောရည်များ စီးဆင်းနေသည်။ အကြီးအကဲလေးယောက်၏အသွင်သည် ကြီးစွာ ပြောင်းလဲသွားသည်။
“ဟင်္သာငှက်နတ်ကလန်ရဲ့ တပည့်အားလုံး ချက်ခြင်း ဒီကျင့်ကြံခြင်းဂြိုဟ်ကနေ ထွက်ခွာကြ…” အကြီးအကဲများထဲမှ တစ်ယောက်၏ အသံသည် မိုးကြိုးသံကဲ့သို့ ဟိန်းထွက်လာ၏။ သိပ်မကြာခင်တွင် ဟင်္သာငှက်နတ်ကလန်တပည့်အားလုံးသည် လေထဲသို့ ပျံသန်းတက်လာကြသည်။
အကြီးအကဲလေးယောက်သည်လည်း ဂြိုဟ်ပေါ်ရှိ လူများကို သယ်ဆောင်ရင်း ထိုးထွက်လာကြသည်။ လူတိုင်းသည် ထိတ်လန့်တကြား ဖြစ်နေကြ၏။ အများစုသည် ဘာဖြစ်လို့ဖြစ်နေမှန်းပင် မသိပေ။
အကြီးအကဲလေးယောက်၏အသွင်သည် အတော်လေး သုန်မှုန်နေ၏။ သူတို့သည် နတ်အင်ပါယာသစ်က အခုလိုမျိုး ဖြစ်စေခြင်းကြောင့် မကျေမနပ် ဖြစ်နေကြသည်။
သို့ရာတွင် သူတို့၏မကျေမနပ်မှု ပေါ်လာချိန်၌ ထိုနတ်ဘုရားအာရုံသည် စတင်ပျံ့နှံ့လာပြန်သည်။ ၎င်းသည် ဟင်္သာငှက်နတ်ကလန်သားများအားလုံးကို ဖြတ်သန်းကာ လောင်ကျွမ်းကြယ်ကွင်းပြင်အနှံ့တွင် ပျံ့လွင့်သည်။
နတ်ဘုရားအာရုံသည် ပျံ့နှံ့လာနေရင်း နောက်ထပ်ဂြိုဟ်တစ်ခုကို ဝန်းရံသွားကာ ပေါင်းစည်းပြန်၏။
ရှေးဟောင်းအော်ရာသည် ပိုပို၍ အားကောင်းလာသည်။
ဟင်္သာငှက်နတ်ကလန်သားများသည်လည်း ထိတ်လန့်တကြား ယင်းဂြိုဟ်ကနေ ပျံသန်းထွက်လာကြသည်။
နတ်ဘုရားအာရုံသည် ဆက်လက် ပျံ့နှံ့နေကာ ကျင့်ကြံခြင်းဂြိုဟ်အားလုံးနှင့် ပေါင်းစည်းနေသည်။ ၎င်းနတ်ဘုရားအာရုံသည် ပိုပိုအားကောင်းလာကာ အံ့မခန်းအစွမ်းထက်နတ်ဘုရားအာရုံတစ်ခုသည် လောင်ကျွမ်းကြယ်ကွင်းပြင်တွင် ပေါ်လာတော့သည်။
ကျင့်ကြံခြင်းဂြိုဟ်များမှ ဟင်္သာငှက်နတ်ကလန်သားများအားလုံးသည် ပျံသန်းထွက်လာကြ၏။ ဝမ်လင်းနှင့် သိသော ခေါင်းကြီးနှင့်အခြားသူများသည်လည်း ထို့အတူပင်။
သည်အခိုက်အတန့်၌ ဟင်္သာငှက်နတ်ကလန် တည်ရှိရာ လောင်ကျွမ်းကြယ်ကွင်းပြင်အပြင်ဘက်တွင် လှိုင်းတွန့်တစ်ခု ပေါ်လာသည်။ ထိုလှိုင်းတွန့်ထဲကနေ လူတစ်ယောက် လှမ်းထွက်လာ၏။
ထိုသူမှာ အရှင်မီးတောက်ပင်။
အရှင်မီးတောက် ထွက်ပေါ်လာပြီးနောက် နောက်ထပ်လှိုင်းတစ်ခု ထသွားပြန်ကာ နောက်တစ်ယောက် လှမ်းလျှောက်ထွက်လာ၏။
ထိုသူ ထွက်ပေါ်လာသည်နှင့် အေးစက်စက်အော်ရာတစ်ခု ပျံ့နှံ့လာသည်။ ထိုသူသည် သက်လတ်ပိုင်းအရွယ်ရှိကာ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူက အတော်လေး ကြည့်ကောင်းလွန်းသည်။ သို့သော် သူ့မျက်နှာမှာ လူသေကဲ့သို့ ဖြူရောနေသည်။ သို့သော် သူ့ထံမှ ကျင့်ကြံခြင်းတုန်ခါလှိုင်းက အရှင်မီးတောက်ကိုပါ မျက်မှောင်ကြုတ်သွားစေသည်။
“အလုံးစုံကောင်းကင်ရဲ့ အရှင်မီးတောက်…” သက်လတ်ပိုင်းလူ၏ အေးစက်စက်အကြည့်က ရိုက်ခတ်သွား၏။
“အလောင်းကောင်ကလန်ရဲ့ ဘုရင်ကိုးပါးထဲက တစ်ယောက်။ သင်ဟာ ဘယ်အဆင့် ဘုရင်လည်းတော့ ငါ မသိဘူး…” အရှင်မီးတောက်၏ အသံက တည်ငြိမ်နေ၏။ သို့သော် သူက သက်လတ်ပိုင်းလူကို စူးစိုက်ကြည့်နေသည်။
***