Switch Mode

စာစဥ် (၃) အပိုင်း (၃၃)

မိန်းမငယ်နှစ်ဦးတွေ့ဆုံခြင်း

တော်ဝင်ဇူကျောင်းတော်အတွင်း…

ဇူယွမ်က ယောင်ယောင်နဲ့အတူ လျှောက်လှမ်းဝင်လာသည့်အခါ သူ့အနေနဲ့ ပတ်ဝန်းကျင်နေရာအနှံ့က အံ့အောတကြီးလှည့်ကြည့်နေကြတဲ့အကြည့်တွေကို ခံစားမိလိုက်သည်။

တကယ်တော့ ဒီအကြည့်တွေက သူ့ထံကိုဦးတည်ခြင်းမဟုတ်ဘဲ သူ့ဘေးက အေးအေးဆေးဆေးလျှောက်လှမ်းလာတဲ့ ယောင်ယောင့်ထံကိုသာဖြစ်သည်။

သူမက လက်ရှိမှာ ရိုးရှင်းတဲ့အစိမ်းရောင်ဝတ်စုံကိုသာ ဝတ်ဆင်ထားဆဲပင်ရှိသည်။ သူမရဲ့လှပတဲ့ခန္ဓာကိုယ်လေးမှာ မြင့်မားတဲ့အရပ်၊ ရှည်လျားပြီးသေးသွယ်တဲ့ခြေတံ၊ သေးကျင်တဲ့ခါး အစရှိသဖြင့် တစ်ကိုယ်လုံးက အပြစ်ပြောစရာကို မရှိချေ။ ပျင်းရိကာခွေခေါက်နေတဲ့ ထန်ထန်ကို သူမရဲ့လက်ပေါ်မှာချီထားလျက် ၎င်းကသူမရင်သားပေါ်မှာ အနည်းငယ်နစ်မြုပ်နေပေသည်။ ဒီမြင်ကွင်းက မရေတွက်နိုင်တဲ့ လူတွေအတွက် ဒီအကောင်စုတ်လေးကို မနာလိုဖြစ်သွားရစေပြီး ဒီနေရာမှာ သူတို့သာအစားဝင်လိုက်ချင်တဲ့စိတ်တွေကို ဖြစ်ပေါ်စေသည်။

တင့်တင်လှပတဲ့လည်တိုင်လေးရဲ့အပေါ်မှာ လွန်စွာလှပတဲ့မျက်နှာလေးက ရေခဲနတ်သမီးလေးအလား အေးစက်တည်ငြိမ်လျက်ရှိပေသည်။ ခပ်မှိန်မှိန်မှော်စာလုံးအလင်းရောင်တစ်ခုကို သူမရဲ့နဖူးပေါ်မှာ မြင်တွေ့နိုင်ပြီး ဒါကသူမကို ထူးခြားဆန်းကြယ်တဲ့အငွေ့အသက်တွေ ထွက်ပေါ်နေစေသည်။ ဒီထူးခြားဆန်းကြယ်မှုက နှစ်လိုဖွယ်ကောင်းလှပေမဲ့လည်း ကိုင်တွယ်ထိတွေ့လို့ရသည့်အရာမဟုတ်ပေ။

ယောင်ယောင်နဲ့ စုယုဝေတို့နှစ်ယောက်စလုံးက လွန်စွာလှပသည့် မိန်းမပျိုလေးတွေဖြစ်ကြသလို နှစ်ယောက်စလုံးမှာလည်း ကိုယ်ပိုင်ဆွဲဆောင်နိုင်သည့် အလှတရားတွေကို ပိုင်ဆိုင်ကြပေသည်။ ဒါပေမဲ့လည်း ယောင်ယောင့်မှာ ထူးခြားဆန်းကြယ်မှုတစ်ခုရှိနေခဲ့ပြီး ၎င်းက ဘာလဲဆိုတာကို သူတို့အနေနဲ့ ပြောနိုင်စွမ်းမရှိကြပေ။

ထို့ကြောင့်ပင် တော်ဝင်ဇူကျောင်းတော်ထဲမှာ ယောင်ယောင်ထွက်ပေါ်လာသည့်အခါ သူမဖြတ်လျှောက်သွားသည့်နေရာတိုင်းက လူငယ်လေးတွေက သူမအလှကိုကြည့်၍ အံ့အားသင့်သွားခဲ့ရသည်။ သူတို့ရဲ့မျက်လုံးထဲမှာ အံ့အားသင့်မှုတွေ စိတ်လှုပ်ရှားမှုတွေဖြင့် ပြည့်နှက်သွားခဲ့ရသော်ငြား တစ်ဦးတစ်လေမျှ နောက်ကလိုက်ပြီး စကားပြောဖို့ရန် မဝံ့ရဲခဲ့ကြချေ။

ဇူယွမ်က ဒီအကြည့်တွေကို လျစ်လျူရှုထားလိုက်ပြီး ယောင်ယောင့်ကို ဦးဆောင်ကာ ပါရမီရှင်အတန်းရှိရာသို့ ဦးတည်သွားခဲ့လိုက်သည်။

သူတို့နှစ်ယောက်ထွက်ခွာသွားတဲ့အခါ တော်ဝင်ဇူကျောင်းတော်ရှိကျောင်းသားတွေထံမှ သိချင်စိတ်ပြင်းပြစွာဖြင့် တီးတိုးပြောဆိုသံတွေက ပေါက်ကွဲထွက်ပေါ်လာခဲ့ကြသည်။

“အရမ်းကို လှပတဲ့မိန်းကလေးပဲ… သူမက ဘယ်သူလဲ… သူမက ငါတို့ကျောင်းတော်ရဲ့ ကျောင်းသူတစ်ယောက်လား…”

“တော်ဝင်ဇူကျောင်းတော်မှာ ဒီလိုမိန်းကလေးမျိုးရှိတယ်လို့ ငါမကြားမိခဲ့ဘူး…”

“ပြစ်မျိုးမှဲ့မထင်အလှမျိုးပဲ… ငါတို့တော်ဝင်ဇူကျောင်းတော်ရဲ့ စုယုဝေကပဲ သူမနဲ့အလှချင်းယှဉ်နိုင်လိမ့်မယ်…”

“ဒီမိန်းကလေးက ပိုပြီးလှတယ်လို့ ငါထင်တယ်…”

“ငါကတော့ စုယုဝေက ပိုကောင်းတယ်လို့ထင်တယ်… သူမက လှပပြီး ချဉ်းကပ်ဖို့ပိုပြီးလွယ်ကူတယ်… ဒီတစ်ယောက်က အေးစက်ပြီးတော့ သူမကို ချဉ်းကပ်နိုင်ဖို့က တော်တော်လေးခက်ခဲလိမ့်မယ်…”

“…..”

တော်ဝင်ဇူကျောင်းတော်ထဲက နောက်ထပ်တစ်နေရာမှာတော့ ချီယွဲ့နဲ့လျှိုစီက ထွက်ခွာသွားတဲ့ ဇူယွမ်နဲ့ယောင်ယောင်တို့ရဲ့ပုံရိပ်တွေကို မတူညီတဲ့အမူအယာတွေဖြင့် ကြည့်နေကြလျက်ရှိသည်။

လျှိုစီက ထွက်ခွာသွားတဲ့ပုံရိပ်တွေကို ကြည့်နေတဲ့သူမရဲ့အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်… “ဟမ့်… ဒီကောင်က လူကသာကြံ့ခိုင်မှုမရှိတာ… မိန်းကလေးတွေကို ဖြားယောင်းနိုင်တဲ့စွမ်းရည်ကတော့ မဆိုးဘူးပဲ…”

လွန်ခဲ့တဲ့နှစ်တွေမှာ သူမက ဇူယွမ်နဲ့စေ့စပ်ကြောင်းလမ်းဖို့ နီးစပ်ခဲ့ရပေမဲ့လည်း သူမက ဒီကိစ္စကို ငြင်းပယ်ခဲ့လေသည်။ ဒါ့အပြင် သူမက သူ့ကို ဘယ်တုန်းကမှ ဒုတိယအကြိမ်ထပ်မကြည့်ခဲ့ပေ။ ဇူယွမ်ရဲ့ဘေးမှာ ထွက်ပေါ်လာတဲ့ ဒီမိန်းကလေးတွေက အံ့အားသင့်ရလောက်အောင် လွန်စွာချာမောလှပလိမ့်မည်လို့ ဘယ်သူကများထင်မိမှာလဲ။ ဒါက သူမကို လွန်မင်းစွာ သက်တောင့်သက်သာမရှိမှုကို ခံစားရစေခဲ့သည်။

လှပတဲ့ ယောင်ယောင်ရဲ့ပုံရိပ်ကလေးကို ကြည့်နေရင်းမှ ချီယွဲ့ရဲ့မျက်နှာပေါ်မှာ အံ့အားသင့်မှုတွေ ဖြတ်ပြေးသွားခဲ့ရသည်။ ယောင်ယောင်နဲ့ စုယုဝေတို့နှစ်ယောက်စလုံးရဲ့ မျက်နှာလေးတွေက ကိုယ်စီဆွဲဆောင်နိုင်မှုရှိတယ်ဆိုတာ မှန်ပေမဲ့လည်း ယောင်ယောင်ရဲ့ခန္ဓာကိုယ်က ထွက်ပေါ်နေတဲ့အရှိန်အဝါ အငွေ့အသက်တွေအရ သူမကလည်း သူ့လိုပင် မြင့်မားတဲ့အဆင့်အတန်းတစ်ခုတော့ ရှိရပေမည်။ ထူးခြားဆန်းကြယ်ပြီး တစ်သီးတစ်ခြားနေတတ်တဲ့ပုံစံရှိသည့် သူမရဲ့အဆင့်အတန်းက သူ့ထက်ပိုမြင့်မားတဲ့ပုံပေါ်နေပြီး ဒါက ကျိန်းသေပေါက် သူသွားထိလို့ရမည့်အရာမဟုတ်ပေ။

ချီယွဲ့အနေနဲ့ သူအလိုရှိခဲ့တဲ့အရာတွေကို ဘယ်တုန်းကမှ မရခဲ့ဖူးဆိုတာ မရှိခဲ့ရချေ။

“ဒါပေမဲ့လည်း ငါဒီမိန်းကလေးကို တစ်ခါမှမကြားဖူးဘူး… ဘာကြောင့် သူမက ဇူယွမ်နဲ့ ဒီလိုမျိုးရင်းနှီးတဲ့ ဆက်ဆံရေးရှိနေရတာလဲ… သူမက ဘယ်ကလာတာလဲ…”

ချီယွဲ့ရဲ့ မျက်လုံးတွေ အနည်းငယ်ကျဉ်းမြောင်းသွားခဲ့ရသည်။ ခဏအကြာမှာပဲ သူကပြုံး၍ ပြောလိုက်သည်… “ဒါပေမဲ့လည်း ငါတို့ရဲ့မင်းသားလေးက မကြာသေးခင်ကမှ ဒီမိန်းကလေးကို တွေ့ခဲ့တာထင်တယ်… သူက မိန်းကလေးတွေနဲ့ ဆော့ကစားဖို့တောင်မှ အချိန်ရှိနေသေးတယ်လား…”

“ငါအရင်တုန်းက ပြောခဲ့သလို နင်က ဘာမှလုပ်ဖို့အစီအစဉ်မရှိတော့ဘူးလား…” လျှိုစီက အံကိုတင်းတင်းကြိတ်ထားရင်းမှ မေးသည်။ သူမအနေနဲ့ ဇူယွမ့်ကို ဒီလိုမျိုး လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်ရွှင်ရွှင်နေနေရတာကို မြင်တွေ့လိုသည့်ဆန္ဒမရှိပေ။

ချီယွဲ့ရဲ့ နှုတ်ခမ်းထောင့်စွန်းက အနည်းငယ်တွန့်ကွေးသွားခဲ့ရသည်။

“ပြင်ဆင်မှုတွေ အားလုံးနီးပါး လုပ်ပြီးသွားပြီ… ကျန်တဲ့အတန်းသုံးတန်းကလည်း ပါရမီရှင်အတန်းရဲ့ အချိန် ၆ နာရီခွဲဝေရရှိမှုအပေါ်မှာ ကန့်ကွက်မှုအချို့ရှိကြတယ်… ဒီနေ့က ဒီပြဿနာကို ဖြေရှင်းဖို့အကောင်းဆုံးနေ့ပဲ…”

သူကပြောလိုက်သကဲ့သို့ ဇူယွမ်တို့ထွက်ခွာသွားရာ အရပ်ကိုကြည့်လိုက်ပြီး သူ့ရဲ့နှုတ်ခမ်းမှာ ပျော်ရွှင်နေတဲ့အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

“မိန်းမလှလေးတစ်ယောက်နဲ့ အတူတူလမ်းလျှောက်နေရတာက တကယ့်ကို ကောင်းမွန်တဲ့အရာတစ်ခုပဲ… ဒါပေမဲ့လည်း မင်းက ဒီလိုလုပ်ဖို့အတွက် မှားယွင်းတဲ့အချိန်တစ်ခုကို ရွေးချယ်ခဲ့တာပဲ… မင်းရဲ့မျက်နှာ ရစရာမရှိအောင် မပျက်သွားစေဖို့ကိုပဲ သေချာဂရုစိုက်ထားတော့…”

ပါရမီရှင်အတန်း လေ့ကျင့်ရေးကွင်းအတွင်း…

ဇူယွမ်က ယောင်ယောင်ကိုခေါ်၍ ရောက်ရှိလာသည့်အခါ လူတိုင်းရဲ့အကြည့်တွေက သူ့ဆီကိုလျင်မြန်စွာ ရောက်ရှိလာခဲ့ပြီး သူတို့တွေက ဇူယွမ်ရဲ့ဘေးက အစိမ်းရောင်ဝတ်မိန်းကလေးကို မြင်လိုက်ရသည့်အခါ လုံးဝကိုအံ့အားသင့်သွားခဲ့ရသည်။

စုယုဝေက ဆောင်ချူရွှီနဲ့ စကားပြောနေရင်းမှ သူမရဲ့အကြည့်က ဇူယွမ့်ဆီကို ရောက်ရှိသွားခဲ့သည်။ သူမက ဇူယွမ်ကို လှမ်းခေါ်ဖို့ ပြင်လိုက်စဉ်မှာပင် သူမရဲ့အကြည့်က လွန်စွာလှပတဲ့ ယောင်ယောင့်အပေါ်ကို ကျရောက်သွားသည့်အခါ ခန္ဓာကိုယ်က အချိန်ခဏကြာတုံ့ဆိုင်းသွားခဲ့ရသည်။

စုယုဝေရဲ့ နှလုံးသားက အနည်းငယ်လှုပ်ရှားသွားခဲ့ရပြီး သူမရဲ့သွားတွေနဲ့ နီထွေးထွေးနှုတ်ခမ်းလေးကိုသာ ဖိကိုက်ထားမိလိုက်သည်။ ဇူယွမ်နဲ့ အစိမ်းရောင်ဝတ်မိန်းကလေးတို့ကြားက ဆက်ဆံရေးကို သူမအနေနဲ့ မသိခဲ့သည်မှာ ထင်ရှားလှပေသည်။

“ကြည့်ရတာ ငါတို့ရဲ့ဒီမင်းသားလေးက မြာပွေသူတစ်ယောက်ထင်တယ်…” ဆောင်ချူရွှီက စုယုဝေအတွက် မမျှတသလို ခံစားခဲ့လိုက်ရသည်။ ကုန်လွန်ခဲ့တဲ့အချိန်တွေအတွင်းမှာ စုယုဝေက ပါရမီရှင်အတန်းရဲ့ အထင်ရှားဆုံးလူတစ်ယောက်ဖြစ်လာခဲ့သည်။ ဒါတွေက သူမရဲ့လှပမှုအပြင် အံ့အားသင့်စရာကောင်းတဲ့ပါရမီ၊ ကိုယ့်ကိုကိုယ်ပါရမီရှင်တစ်ယောက်ဆိုပြီး စိတ်ကြီးဝင်ခြင်းအလျဉ်းမရှိခဲ့သောကြောင့်ပင်။

“အစ်မကြီးချူရွှီ ဒီလိုမျိုးမဟုတ်တာတွေ မပြောပါနဲ့…” စုယုဝေက ဆောင်ချူရွှီရဲ့ အင်္ကျီလက်စကို ဆွဲလိုက်ပြီး အလျင်အမြန်ပြောလိုက်၏။

“နင်…” ဆောင်ချူရွှီက စုယုဝေကို ကူကယ်ရာမဲ့စွာဖြင့်သာ ကြည့်လိုက်နိုင်ပြီး လေသံတိုးတိုးဖြင့်ပြောလိုက်သည်… “နင်က မျှော်လင့်ချက်မရှိတော့ဘူးပဲ… နင့်ရဲ့တစ်ဘဝလုံးကို ဒီလိုပဲအမြဲနေသွားတော့မယ်လို့ ဆုံးဖြတ်ထားပြီးပြီပေါ့…”

“ကျွန်မတို့က သူငယ်ချင်းတွေပါ…” စုယုဝေက ရှက်ရွံ့မှုနဲ့အတူ ရှင်းပြလိုက်မိသည်။

ဆောင်ချူရွှီ သူမရဲ့နှုတ်ခမ်းကို မဲ့ပြလိုက်သည်။

“နင်တို့တွေ ဘာတွေပြောနေကြတာလဲ…” ဇူယွမ်က သူမတို့ထံ လျှောက်လှမ်းလာရင်းမှ ပြောသည်။

“မင်းသားလေး…” စုယုဝေက ဇူယွမ်ကို ပြုံးပြလိုက်ပြီးနောက် သူမက ယောင်ယောင့်ကိုကြည့်ကာ ညင်သာစွာဖြင့်မေးလိုက်၏… “သူမက…”

ဇူယွမ်က အနည်းငယ်တွေးဆလိုက်ပြီးမှ ပြုံး၍ပြောလိုက်သည်… “ဒါက ငါ့ရဲ့ဆရာတူအစ်မပဲ…”

ယောင်ယောင်က သူ့ကိုတစ်ချက်ကြည့်လိုက်ပေမဲ့ ပြန်လည်ချေပခဲ့ခြင်းမရှိချေ။ ဇူယွမ်က ကန်းယွမ်ရဲ့ တပည့်ဖြစ်တဲ့အတွက် သူမကို ဆရာတူအစ်မလို့ခေါ်တာက သင့်တော်မှုရှိသည်ဟု စဉ်းစားမိလိုက်သည်။

စုယုဝေ အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။ သူမအနေနဲ့ ဘယ်တုန်းကမှ ဇူယွမ့်မှာ ဆရာတူအစ်မတစ်ယောက်ရှိတယ်လို့ မကြားဖူးခဲ့ပေ။ သို့ပေမဲ့လည်း ဇူယွမ်က ဒီလိုပြောလာသည့်အတွက် သူမက သူ့ကိုယုံကြည်လိုက်ဖို့ကိုပဲ ပုံမှန်အားဖြင့် ရွေးချယ်လိုက်မိသည်။

“လာ ငါနဲ့လိုက်ခဲ့ဦး…” ဇူယွမ်က လူတိုင်းရဲ့ သို့လောသို့လောအကြည့်တွေကို လျစ်လျူရှုလိုက်ပြီး စုယုဝေကို လက်ယက်ခေါ်ခဲ့လိုက်သလို ယောင်ယောင့်ကို ဦးဆောင်ပြီးတော့လည်း ဘေးနားကအခန်းလွတ်တစ်ခုထဲကို ဝင်ရောက်သွားခဲ့လိုက်သည်။

စုယုဝေရဲ့မျက်လုံးထဲမှာ သံသယတွေနဲ့ပြည့်နှက်နေသော်ငြား နောက်မှ လိုက်ပါလာခဲ့သည်။

သူတို့သုံးယောက်စလုံး အခန်းထဲကိုဝင်ရောက်ခဲ့ပြီးနောက်မှာ ဇူယွမ်က တံခါးကိုပိတ်ခဲ့လိုက်ပြီး သူ့ရဲ့အင်္ကျီကို စတင်ဖယ်ရှားလိုက်သည်။

“မင်းသားလေး နင်ဘာလုပ်နေတာလဲ…” ဇူယွမ်ရဲ့ အပြုအမူကို မြင်လိုက်ရသည့်အခါ စုယုဝေရဲ့မျက်နှာက ရဲတွတ်သွားခဲ့ရသည်။ သူမက ခြေတစ်ချက်ဆောင့်လိုက်မိပြီး စိတ်လှုပ်ရှားစွာဖြင့် သူမရဲ့မျက်လုံးတွေကို အခြားတစ်နေရာကို ပြောင်းရွှေ့လိုက်သကဲ့သို့ ဘယ်နေရာကိုကြည့်ရမည်မှန်းမသိ ကြည့်နေလိုက်သည်။

ဇူယွမ် ကို့ရို့ကားရားနိုင်စွာဖြင့် သူ့ရဲ့ခေါင်းကိုကုတ်လိုက်မိပြီး သူ့ရဲ့ကျောပြင်မှ ရေခဲနှင့်မီးမူလစုစည်းခြင်းမူလမှော်စာလုံးကို စုယုဝေမြင်နိုင်အောင် တစ်ဖက်လှည့်ပြလိုက်သည်… “ငါက နင့်ကို ဒါကြည့်စေချင်လို့…”

ဇူယွမ်ဒီလိုပြောလိုက်မှသာ စုယုဝေက သူမရဲ့အကြည့်ကို ပြန်လည်လွှဲပြောင်းလာခဲ့သည်။ သို့ပေမဲ့လည်း သူမရဲ့မျက်နှာက နီရဲနေလျက်ပင်ရှိနေသေးကာ ဇူယွမ်ရဲ့ကျောပြင်ပေါ်က မှော်စာလုံးကိုစိုက်ကြည့်လိုက်မိသည်။ တဒင်္ဂအတွင်းမှာပင် သူမက အံ့အားသင့်လျက်ပြောလိုက်မိသည်… “ဒါက မူလစုစည်းခြင်းမှော်စာလုံးတစ်ခုလား…”

ဇူယွမ် သူ့ရဲ့အင်္ကျီကို ပြန်ဝတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“ဒါက ငါရဲ့ဆရာတူအစ်မ ရေးဆွဲပေးခဲ့တဲ့ ရေခဲနှင့်မီးမူလစုစည်းခြင်းမှော်စာလုံးပဲ… ဒါက သာမန်မူလစုစည်းခြင်းမှော်စာလုံးတစ်ခုထက် ပိုပြီးအကျိုးသက်ရောက်မှုရှိတယ်… ဒါ့ကြောင့် ငါက နင့်ကိုတစ်ခုကူပြီးရေးဆွဲပေးဖို့ သူမကို ခေါ်လာခဲ့တာ… ဒါက နင့်ကို ကျောက်စိမ်းဝိညာဉ်ရေတံခွန်မှာ လေ့ကျင့်တဲ့အခါ ပိုပြီးတော့အကျိုးသက်ရောက်မှု ရှိစေနိုင်လိမ့်မယ်…”

စုယုဝေ အံ့အားသင့်သွားခဲ့ရသည်။ သူမက ထန်ထန်ကိုပွေ့ချီထားလျက် တိတ်ဆိတ်စွာရပ်နေသည့် ယောင်ယောင်ကို အံ့သြတကြီးကြည့်လိုက်မိသည်။ ဒါက သူမအနေနဲ့ ယောင်ယောင့်မှာ ဒီလိုမျိုးမူလမှော်စာလုံးစွမ်းရည်မရှိနိုင်ဘူးလို့ ထင်မှတ်ထားသည်မှာ ထင်ရှားလှပေသည်။

သူမအနေနဲ့ တော်ဝင်ဇူကျောင်းတော်က မှော်စာလုံးရေးဆွဲပေးသည့် ဆရာတောင်မှ ဒီလိုမျိုးထူးခြားတဲ့ မူလစုစည်းခြင်းမှော်စာလုံးကို ရေးဆွဲနိုင်ခြင်းမရှိဘူးဆိုတာကို သိလေသည်။

သူမက အံသြသွားခဲ့ရသော်ငြား ဇူယွမ်ရဲ့အပြုအမူကြောင့် သူမရဲ့နှလုံးသားထဲမှာ နွေးထွေးတဲ့ခံစားချက်တစ်ခု စီးဆင်းသွားခဲ့ရသည်။

ဇူယွမ်က ယောင်ယောင်နဲ့ စုယုဝေတို့ကို ပြုံးလျက်ကြည့်လိုက်ရင်းမှ ပြောသည်… “ဒီအထဲမှာ နောက်ထပ်အခန်းလေးတစ်ခုရှိသေးတယ်… နင်တို့နှစ်ယောက်ဝင်သွားကြလိုက်… ငါက အပြင်မှာ စောင့်နေပေးမယ်…”

ယောင်ယောင်က ခေါင်းညိတ်ပြလိုက်ပြီး အတွင်းခန်းထဲကို ဝင်ရောက်သွားလိုက်သည်။ စုယုဝေက ဇူယွမ်ကို တစ်ချက်ကြည့်လိုက်ပြီးမှ နောက်ကနေလျင်မြန်စွာ လိုက်ပါသွားခဲ့လိုက်သည်။

အတွင်းပိုင်းအခန်းအတွင်းမှာတော့ ယောင်ယောင်က စုယုဝေကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလိုက်မိပြီး သူမရဲ့နှလုံးသားထဲမှာ တိတ်တဆိတ်ချီးကျူးလိုက်မိသည်။ သူမရဲ့အရှေ့က ဒီမိန်းကလေးဟာ နူးညံ့လှပပြီး ဆွဲဆောင်နိုင်စွမ်းအပြည့်ရှိပေသည်။ စုယုဝေရဲ့မျက်လုံးလေးတွေက မွေးကင်းစကလေးငယ်လေးတစ်ယောက်အလား ဖြူစင်အပြစ်ကင်းလှပြီး စိတ်ဓာတ်တက်ကြွစေတဲ့ ခံစားချက်တွေကို ပေးစွမ်းနိုင်စွမ်းရှိပေသည်။

“နင့်နာမည်က စုယုဝေဟုတ်တယ်မလား…” ယောင်ယောင့်ရဲ့အသံက အရင်ထက်စာရင် ပိုပြီးနူးညံ့လာခဲ့သည်။ ဒါမှသာ ဒီလိုလှပပြီး နူးညံ့သိမ်မွေ့တဲ့မိန်းကလေးတစ်ယောက်ရှေ့မှာ ပိုပြီးကောင်းမွန်တဲ့ခံစားချက်တစ်ခုကို ရရှိစေပေလိမ့်မည်။

စုယုဝေ ခေါင်းညိတ်ပြလိုက်သည်။ သူမက ယောင်ယောင့်ကို ကြည့်လိုက်ပြီးမှ တခဏကြာတုန့်ဆိုင်းသွားခဲ့ရပြီး မေးလိုက်သည်… “အစ်မကြီးနာမည် ဘယ်လိုခေါ်လဲ…”

“ငါ့နာမည်က ယောင်ယောင်…”

“အဲ့ဒါဆို ကျွန်မက အစ်မကြီးယောင်ယောင်လို့ ခေါ်လို့ရမလား…”

ယောင်ယောင်က ပေါ့ပါးစွာခေါင်းညိတ်ပြလိုက်သည်… “နင့်ရဲ့ အဝတ်တွေကို ချွတ်လိုက်လေ…”

ဒီစကားကို ကြားလိုက်ရသည့်အခါ စုယုဝေရဲ့မျက်နှာက နောက်တစ်ကြိမ် နီရဲသွားခဲ့ရသည်။ သူမတို့နှစ်ယောက်စလုံးက မိန်းကလေးတွေပဲ ဖြစ်နေသော်ငြား သူမအနေနဲ့ အခြားလူတစ်ယောက်ရဲ့ရှေ့မှာ သူမရဲ့အဝတ်မဲ့ခန္ဓာကိုယ်ကို ပြဖို့အတွက်က ရှက်ရွံ့မှုတော့ရှိနေရဆဲပင်။

သို့ပေမဲ့လည်း သူမက အချိန်ဆွဲတတ်သူတစ်ယောက်တော့ မဟုတ်ပေ။ သူမက အံကိုကြိတ်လိုက်ကာ သူမရဲ့အဝတ်အစားတွေကို စတင်ပြီးဖယ်ရှားခဲ့လိုက်သည်။

သူမရဲ့ အဝတ်အစားတွေ ကွာကျသွားခဲ့ရချိန်မှာ အတွင်းပိုင်းအခန်းတစ်ခုလုံးက အနည်းငယ်တောက်ပသွားသည့်ပုံပေါ်လာခဲ့ရပြီး ဆွဲဆောင်အားကောင်းတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေနဲ့ နှင်းလိုဖြူဖွေးတဲ့ ခန္ဓာကိုယ်လေးတစ်ခု ထွက်ပေါ်လာခဲ့ရသည်။ စုယုဝေရဲ့မျက်နှာလေးက နီရဲသွားခဲ့ရပြီး တစ်ဖက်ကိုလှည့်သွားလိုက်မိသကဲ့သို့ အပြစ်အနာအဆာကင်းတဲ့ သူမရဲ့နောက်ကျောလေးက ပေါ်ထွက်လာခဲ့ရသည်။ သူမရဲ့လက်ကလေးတွေနဲ့ သူမရဲ့ရင်သားတွေကို ဖုံးကွယ်ထားခဲ့သော်ငြား သူမရဲ့ဖွံ့ထားတဲ့ရင်သားတစ်စုံကို လုံခြုံအောင်ဖုံးကွယ်ထားနိုင်စွမ်းတော့မရှိခဲ့ပေ။

ဒီရင်ဖိုစရာကောင်းတဲ့မြင်ကွင်းက ဘယ်ယောက်ျားလေးကိုမဆို နှာခေါင်းသွေးလျှံသွားစေလိမ့်ပေမည်။

“ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်တဲ့ မိန်းကလေးလဲ…”

ယောင်ယောင်စိတ်ထဲမှာကျိတ်၍ ရေရွတ်လိုက်မိပြီးနောက် သူမရဲ့ကျောက်စိမ်းစုတ်တံကို ထုတ်ယူလိုက်ပြီး သတိပေးလိုက်သည်… “ဒါက နည်းနည်းတော့ နာကျင်ရမယ်နော်…”

စုယုဝေက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ကျောက်စိမ်းစုတ်တံက နိမ့်ဆင်းသွားခဲ့ရပြီး အလင်းရောင်တွေ တဖျပ်ဖျပ်ထွက်ပေါ်လျက် စုယုဝေရဲ့ကျောပြင်ပေါ်ကို ကျဆင်းသွားခဲ့ရသည်။ စုတ်တံထိပ်ဖျားက အဆက်မပြတ်လှုပ်ရှားသွားခဲ့ရပြီး စုတ်ချက်တွေတစ်ချက်ပြီးတစ်ချက် ရေးဆွဲလျက်ရှိကာ စုတ်ချက်တိုင်းက စိတ်ဝိညာဉ်စွမ်းအင်တွေဖြင့် သက်ဝင်လှုပ်ရှားနေလျက်ရှိပေသည်။

စုယုဝေက သူမကျောပြင်မှ ပူလောင်ခြင်းနဲ့ အေးစက်ခြင်းတွေကို ခံစားခဲ့လိုက်ရပြီး အံကိုတင်းတင်းကြိတ်မိလိုက်သည်။ ဒါပေမဲ့လည်း သူမက နာကျင်မှုကြောင့် တိုးညှင်းတဲ့အော်ဟစ်ညည်းညူသံလေးတစ်ခုကိုတောင်မှ ထုတ်ဖော်ခဲ့ခြင်းမရှိခဲ့ပေ။

ယောင်ယောင်က ဒါကိုမြင်လိုက်ရသည့်အခါ ခေါင်းကိုသာညိတ်လိုက်မိသည်။

အတွင်းပိုင်းအခန်းတစ်ခုလုံးက အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ရပြီးမှ ယောင်ယောင်က သူမရဲ့စုတ်တံကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ စုယုဝေရဲ့ ကျောပြင်မှာတော့ ရေခဲနဲ့မီးတွေ ဖြည်းညှင်းစွာလှည့်ပတ်နေတဲ့ မှော်စာလုံးတစ်ခု ထွက်ပေါ်လာတာကို မြင်တွေ့ရပေလိမ့်မည်။ ၎င်းက ထူးခြားတဲ့လှိုင်းလုံးတစ်ခု ထုတ်လွှတ်နေခဲ့ပြီး ပတ်ဝန်းကျင်မှ မူလချီတွေကို စုပ်ယူနေခဲ့လိုက်သည်။

“ဟင်…”

သို့ပေမဲ့လည်း ရေခဲနှင့်မီးမူလမှော်စာလုံးဖြစ်ပေါ်လာတဲ့အချိန်မှာပဲ ယောင်ယောင်က အံ့အားသင့်စွာအော်လိုက်မိသည်။ သူမရဲ့လှပတဲ့မျက်လုံးတွေက ရေခဲနှင့်မီးမူလစုစည်းခြင်းမှော်စာလုံးကို စိုက်ကြည့်နေလျက်ရှိသည်။ ဒါက သူမအနေနဲ့ အစောပိုင်းတုန်းက ဒီမှော်စာလုံးရဲ့အကျိုးသက်ရောက်မှုက အရမ်းကိုကြီးမားလာခဲ့တာကို ခံစားမိခဲ့လိုက်သောကြောင့်ပင်ဖြစ်သည်။

“မလှုပ်နဲ့…” ယောင်ယောင်က ရုတ်တရက်ပြောလိုက်ပြီး သူမရဲ့သေးသွယ်တဲ့လက်ကလေးကိုထုတ်လိုက်ကာ စုယုဝေရဲ့ကျောပြင်ကို ညင်သာစွာဖိနှိပ်ခဲ့လိုက်သည်။ အချိန်အနည်းငယ်ကြာ စမ်းသပ်ပြီးတဲ့နောက် သူမရဲ့လှပတဲ့မျက်နှာလေးပေါ်မှာ တွေးတောနေတဲ့ပုံစံက ထွက်ပေါ်လာခဲ့ရသည်။

“သူမရဲ့ ခန္ဓာကိုယ်အနက်ရှိုင်းဆုံးနေရာကနေ ယင်နဲ့ယန်ရဲ့အငွေ့အသက်တွေကို ခံစားမိခဲ့ရတယ်… ဒါက ဒဏ္ဍာရီလာ ယင်ယန်မူလဖွဲ့စည်းပုံနဲ့ နည်းနည်းတော့ဆင်တယ်… ဒါပေမဲ့ ဒါကဘာကြောင့်ဒီလောက်အားနည်းရတာလဲ… ဒါက လုံးဝကိုမနိုးထလာခဲ့သေးတာလား…” ယောင်ယောင် သူမနှလုံးသားထဲမှာ တိတ်တခိုးရေရွတ်နေမိလိုက်သည်။

ဒီယင်ယန်မူလဖွဲ့စည်းပုံက ပြိုင်ဘက်ကင်းခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်ခုပင်ဖြစ်သည်။ ၎င်းက ဇူယွမ်တစ်ကြိမ်ပိုင်ဆိုင်ခဲ့ဖူးတဲ့ မြင့်မြတ်တဲ့နဂါးဖွဲ့စည်းပုံနှင့် တူညီပေသည်။ ၎င်းရဲ့စွမ်းရည်တစ်ခုတည်းနဲ့ပင် သာမန်ကျင့်ကြံသူတွေကို ကောင်းစွာဖိနှိပ်နိုင်စွမ်းရှိပေသည်။

ဒါပေမဲ့လည်း စုယုဝေရဲ့ ယင်ယန်မူလဖွဲ့စည်းပုံက လွန်စွာအားနည်းနေရကာ နိုးထလာခြင်းမရှိသေးသည့်ပုံပင်။ ဒါ့ကြောင့်ပင် ယောင်ယောင်က သေသေချာချာတိတိကျကျ မပြောနိုင်ရခြင်းဖြစ်ပေသည်။

“အစ်မကြီးယောင်ယောင် ဘာဖြစ်လို့လဲ…” ယောင်ယောင်ရဲ့ တွေးတောနေတဲ့ပုံစံကို မြင်လိုက်ရသည့်အခါ စုယုဝေက အလျင်အမြန်ပဲမေးလိုက်မိသည်။

ယောင်ယောင်က အချိန်အနည်းငယ်ကြာ တွေးတောနေခဲ့ပြီးမှ သူမရဲ့ခေါင်းကိုခါယမ်းပြလိုက်သည်။ သူမအနေနဲ့ ဒါကသေချာခြင်းမရှိသေးတဲ့အတွက် ပြောဖို့မလိုအပ်သေးပေ။

“ဒီရေခဲနှင့်မီးမူလစုစည်းခြင်းမှော်စာလုံးရဲ့ အကျိုးသက်ရောက်မှုက ဇူယွမ်ထက်စာရင် နင်ကတောင်ပိုပြီးကောင်းသေးတယ်…” သူမက ပြောသည်။

ဒီစကားကိုကြားလိုက်ရသည့်အခါ စုယုဝေက အနည်းငယ်တုန်လှုပ်သွားခဲ့ရသည်။ သို့ပေမဲ့လည်း သူမက အများကြီးထပ်ပြီး စဉ်းစားမနေတော့ပေ။ မူလမှော်စာလုံးတွေရဲ့ အကျိုးသက်ရောက်မှုက လူတစ်ဦးတစ်ယောက်အပေါ်မှာ များစွာမူတည်နေပြီး ပုံမှန်အားဖြင့် တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ဘူးလို့ သတ်မှတ်နိုင်ပေသည်။

မူလစုစည်းခြင်းမှော်စာလုံးရေးဆွဲပြီးတဲ့အခါ မိန်းကလေးနှစ်ယောက်က အပြင်ဘက်ကို လျှောက်ထွက်လာခဲ့ကြသည်။ အပြင်ဘက်မှာ စောင့်နေလျက်ရှိတဲ့ ဇူယွမ်က သူတို့ကိုမြင်လိုက်တဲ့အခါ ပြုံး၍မေးလိုက်သည်… “ပြီးသွားပြီလား…”

ယောင်ယောင်နဲ့ စုယုဝေတို့နှစ်ယောက်လုံး ခေါင်းညိတ်ပြလိုက်သည်။

“အရမ်းကောင်းတယ်…” ဇူယွမ်သက်ပြင်းတစ်ချက်ချလိုက်မိပြီး အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။

သူတို့တွေ အခန်းထဲကနေထွက်လိုက်တာနဲ့ ဇူယွမ်က ချက်ချင်းဆိုသလို အေးစက်တဲ့အကြည့်တွေကို ခံစားခဲ့လိုက်ရသည်။ ပါရမီရှင်အတန်းက လူငယ်များစွာက သူတို့ရဲ့သွားတွေကို တင်းတင်းစေ့ကိုက်ထားလျက်ရှိကြသည်။ ဇူယွမ်ရဲ့အပြုအမူက သူတို့ကို အလွန်အမင်းမုန်းတီးမိကြစေသည်။ သူက အရမ်းကိုလှပတဲ့မိန်းမလှလေးနှစ်ယောက်ကို အမှန်တကယ်ပင် အခန်းလေးထဲဆွဲခေါ်သွားခဲ့မယ်လို့ ထင်မထားမိခဲ့ပေ။

သူတို့အကြည့်တွေကို ဇူယွမ်က သူ့ရဲ့မျက်လုံးတွေအနည်းငယ်လှုပ်ရှား၍သာ ပြန်ပြီးတုန့်ပြန်နိုင်ခဲ့လိုက်သည်။

ဒီအချိန်မှာပဲ လူရိပ်တစ်ခုက အပြင်ဘက်ကနေ အလောတကြီးနိုင်လှစွာဖြင့် ပြေးဝင်လာခဲ့သည်။ ထိုလူရိပ်က ချွေးတွေနဲ့ စိုရွဲနေသည့် ယန်ဇန်းပင်ဖြစ်သည်။ သူက လူတိုင်းကိုကြည့်လိုက်မိပြီး အလျင်စလိုအော်ပြောလိုက်သည်… “ကျောင်းအုပ်ချူက ငါတို့အားလုံး ကျောက်စိမ်းဝိညာဉ်ရေတံခွန်ကို အမြန်လာဖို့မှာလိုက်တယ်… အဲ့ဒီမှာ တစ်ခုခုဖြစ်နေပြီ…”

ဇူယွမ်က ယန်ဇန်းရဲ့စကားကြောင့် အနည်းငယ်တုန့်ဆိုင်းသွားခဲ့ရပြီးမှ မေးလိုက်သည်… “ဘာဖြစ်လို့လဲ…”

ကျန်တဲ့ ပါရမီရှင်အတန်းမှ ကျောင်းသားတွေကလည်း နားမလည်နိုင်စွာဖြင့် ကြည့်လိုက်မိကြသည်။

ယန်ဇန်းက ချွေးတွေသုတ်လိုက်ပြီး အံတင်းတင်းကြိတ်ကာ ပြောသည်… “ဒါက ချီယွဲ့လုပ်ခဲ့တာပဲ… သူတို့ရဲ့ဒုတိယအတန်းက ကျန်တဲ့အတန်းတွေကို စုစည်းပြီးတော့ ကျောက်စိမ်းဝိညာဉ်ရေတံခွန်အတွက် အချိန်ခွဲဝေပေးမှုက မမျှတဘူးလို့ ပြောနေကြတယ်… သူတို့တွေက ငါတို့ပါရမီရှင်အတန်းရဲ့ အချိန်ကို ဖြတ်တောက်ချင်နေကြတယ်…”

“ဘာ…”

ယန်ဇန်းက ဒီစကားကို ပြောလိုက်တဲ့အချိန်မှာ လူအုပ်ကြီးက ချက်ချင်းဆိုသလို ဒေါသထွက်ကာ အုတ်အုတ်ကျက်ကျက်ဖြစ်သွားခဲ့ရသည်။ လူတိုင်းရဲ့ မျက်လုံးတွေက ဒေါသမီးတွေဖြင့် တောင်လောင်သွားခဲ့သည်။ ကျောက်စိမ်းဝိညာဉ်ရေတံခွန်က တော်ဝင်ဇူကျောင်းတော်ရဲ့ တန်ခိုးကျင့်ရာနယ်မြေတစ်ခုဖြစ်ပြီးတော့ သူတို့အတွက် လွန်စွာမှပင် အရေးပါလှပေသည်။ သူတို့ရဲ့အချိန်တွေသာဖြတ်တောက်ခံခဲ့ရမယ်ဆိုရင် လူတိုင်းရဲ့စွမ်းအင်ဝင်ပေါက်ဖွင့်တဲ့နှုန်းက သေချာပေါက်ကို နှေးသွားရပေလိမ့်မည်။

ချီယွဲ့ရဲ့အပြုအမူက သူတို့ပါရမီရှင်အတန်းရဲ့ လမ်းကြောင်းတွေကို လုံးဝဖြတ်တောက်လိုက်ခြင်းပင်ဖြစ်သည်။

ဒါကိုကြားလိုက်ရတဲ့အခါ ဇူယွမ်ရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့ရပြီး အေးစက်တဲ့အလင်းရောင်တွေ ထွက်ပေါ်လာခဲ့သည်။ ချီယွဲ့ရဲ့နည်းလမ်းက အမှန်တကယ်ကို ယုတ်မာလှပေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset