Switch Mode

အပိုင်း(၁၁၅၂)

သင်ကော ဒါကို ဖြတ်မြင်ခဲ့ပြီးပြီလား…

ဝမ်လင်းနှင့်အရှင်ရီချန်တို့သည် အရက်သောက်ရင်း တိတ်ဆိတ်စွာ ထိုင်နေကြ၏။ ရံဖန်ရံခါ သူတို့သည် အကွာအဝေးတစ်ခုရှိ အပူလှိုင်းများ ရိုက်ခတ်နေသော အနီရင့်ရောင်ကောင်းကင်ကို ကြည့်ကြသည်။

“သေပြီ…တတိယညီလေးလည်း သေပြီ။ ဒုတိယညီရဲ့ မူလစိတ်ဝိညာဉ်လည်း ပျောက်ကွယ်သွားခဲ့ပြီ…” အရှင်ရီချန်သည်လည်း အရက်တစ်ခွက်ကို ပါးစပ်အပြည့် သောက်ကာ ဘေးတစ်ဖက်သို့ လွှတ်ပစ်လိုက်သည်။

“ချန်ညီကိုသုံးယောက်…ချန်ညီကိုသုံးယောက်…။အခုတော့ ငါ တစ်ယောက်ပဲ ကျန်ခဲ့ပြီ…”

ဝမ်လင်းသည် သောက်နေရင်း တိတ်ဆိတ်စွာ စဉ်းစားနေသည်။သူက ခပ်တိုးတိုး ပြောသည်။ “အတိတ်တုန်းက ငါ မင်းတို့သုံးယောက်ကို ငါနဲ့အတူ လိုက်လာခဲ့ဖို့ မမေးခဲ့သင့်ဘူး…”

အရှင်ရီချန်သည် အမုန်းတရားအပြည့်ဖြင့် ကြမ်းကြုတ်သည့်ဟန်ပန်နှင့် ဝမ်လင်းကို ရုတ်တရပ် ကြည့်လာသည်။ ဝမ်လင်းသည် အရှင်ရီချန်ကို တိတ်တဆိတ်သာ ပြန်ကြည့်သည်။

သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အချိန်အတန်ကြာ စူးစိုက်ကြည့်နေကြ၏။ အရှင်ရီချန်၏ မျက်နှာထက်ရှိ ကြမ်းတမ်းမှုသည် တဖြည်းဖြည်း လျော့ပါးလာကာ စိတ်ဓာတ်ကျသည့်ဟန် ဖြစ်လာသည်။ ထို့နောက် သူက သူ့နောက်ရှိ လင်းအာထံသို့ လှည့်၍ စကားဆိုသည်။ “လင်းအာ…အရက်ထပ်သွားယူပေး…” ထို့နောက် သူသည် ပြန်လှည့်ကာ အနီရင့်ရောင်ကမ္ဘာကို ကြည့်နေသည်။

“ကျင့်ကြံသူတွေဟာ ကောင်းကင်နဲ့မြေကြီးကို ဆန့်ကျင်ကြတယ်။ ငါတို့ဟာ ပြန်လမ်းမရှိ လမ်းကို လျှောက်ခဲ့ကြပြီးပြီး။ ငါတို့ဟာ တနေ့မှာ ပျောက်ကွယ်သွားရမှာ ဧကန်မုချပဲ။ဒါကို ငါနားလည်ပါတယ်။ သင် ငါတို့ကို နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရှိ လိုက်ဖို့ ဖိတ်ခေါ်ခဲ့တုန်းက သင်ဟာ ငါတို့ကို အတင်းဖိအားပေးခဲ့တာ မဟုတ်ဘူး။ ငါတို့က သပ်သပ်ကူညီခဲ့တာပဲ။ ဒါကိုလည်း ငါနည်းလည်တယ်…” အရှင်ရီချန်သည် သူ့ဘေးပတ်လည်ရှိ အရက်အိုးအလွတ်များကို ကြည့်နေရင်း သူ့ဟန်ပန်မှာ ခါးသီးဟန် ပေါက်နေသည်။ သူက နောက်ထပ် လက်ကျန်အရက်ကို ထပ်ရှာပြန်သည်။

ဝမ်လင်းသည် သူ့လက်ထဲက အရက်အိုးကို အရှင်ရီချန်ထံသို့ ကမ်းပေးလိုက်သည်။ အရှင်ရီချန်သည် အရက်အိုးကို ယူကာ အားပါးတရမော့သောက်ချသည်။ သူ့မျက်လုံးကနေလည်း မျက်ရည်များ စီးကျလာရင်း ခပ်တိုးတိုး ဆိုသည်။ “ငါ့ကျင့်ကြံမှုအဆင့်နိမ့်လွန်းနေတဲ့အတွက် ငါ့ကိုယ်ငါ မုန်းတယ်။ငါက ငါ့ညီကိုနှစ်ယောက်ကို ကယ်တင်နိုင်ဖို့ နည်းလမ်းမရှိတဲ့အတွက် ငါ့ကိုယ်ငါ မုန်းတယ်။ ငါ ငါ့ညီနှစ်ယောက်အတွက် လက်စားမချေနိုင်တာ မုန်းတယ်…”

သည်အခိုက်အတန့်တွင် လင်းအာသည် မြို့ထဲကနေ အရက်ထပ် ယူလာ၏။ သူမ၏မျက်လုံးသည် နီရဲနေသည်။ သူမသည် အရှင်ရီချန်ဘေးနားတွင် အရက်အိုးများကို ညင်သာစွာ ချသည်။

ဝမ်လင်းသည် အရက်အိုးကို ကောက်ယူကာ တစ်ကျိုက် သောက်ချပစ်သည်။ သူ့မျက်လုံးတို့သည် ပြတ်သားသောအကြည့်ကို ထုတ်ဖော်ကာ ပြောသည်။ “အရှင်ရီချန်…သင့်ညီနှစ်ယောက်သေတဲ့ ကိစ္စမှာ ငါလည်း တာဝန်ရှိတယ်။ ငါသာ မင်းတို့သုံးယောက်ကို မခေါ်ခဲ့ရင် အခုလိုစိတ်မကောင်းဖြစ်စရာလည်း ရှိလာမှာ မဟုတ်ဘူး။ မင်းရဲ့ ညီကိုနှစ်ယောက်ကို သတ်ခဲ့တဲ့သူက ရှေးဟောင်းမိစ္ဆာတာကျားပဲ။သင်ကိုယ်တိုင် ရှေးဟောင်းမိစ္ဆာတာကျားကို သတ်ပြီး သင့်ညီနှစ်ယောက်အတွက် လက်စားပြန်ချေနိုင်ဖို့ သိပ်ကြာမှာ မဟုတ်တော့ဘူး…”

အရှင်ရီချန်၏ ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူက ဝမ်လင်းကို စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကြည့်သည်။

“ဒါ အမှန်ပဲလား…”

“ဒါ ငါ သင့်ကို ကတိပေးတာပဲ…” ဝမ်လင်းသည် အရက်အိုးကို ပြန်ချကာ အကွာအဝေးတစ်ခုထံသို့ ကြည့်သည်။ သူက တစ်ခုခုကို အမှတ်ရသွားဟန်ဖြင့် ပြောလာ၏။ “လူတစ်ယောက်ရဲ့ ဘဝဟာ အချိန်မရွေးသေသွားနိုင်တယ်။ သင်သာ ဒါကို သိမြင်နိုင်ရင် ဒါကို ဖြတ်ကျော်နိုင်လိမ့်မယ်…။ငါတို့လို ကျင့်ကြံသူတွေဟာ သေခြင်းရှင်ခြင်း အခြေအနေတွေကို မကြာခဏ တွေ့ကြုံရမှာပဲ။ အချိန်ခဏခဏတိုင်းမှာ ကျင့်ကြံသူ ဘယ်လောက်များများ သေဆုံးနေကြလဲ။ လူ ဘယ်လောက်များများက သူတို့ကို သတိရကြမလဲ…”

“ဒီလို သာမန်မဟုတ်တဲ့ ကျင့်ကြံခြင်းလမ်းကို ခြေချပြီးတဲ့နောက် ငါတို့ဟာ သေခြင်းရှင်ခြင်းကို ဖြတ်သန်းမြင်နိုင်မှ ဖြစ်မယ်။ ငါတို့ဟာ ငါတို့ရဲ့ ကိုယ်ပိုင်သေခြင်းရှင်ခြင်းနဲ့ အခြားလူတွေရဲ့ ရှင်သန်မှုနဲ့ သေဆုံးခြင်းတွေကို မြင်နိုင်စွမ်းလည်း ရှိရမယ်။ ငါ ငါ့မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ အရိုးပြာကို သူ့မွေးရပ်မြေရှိ ပို့ပေးခဲ့တုန်းကဆိုရင် ငါဟာ ကလေးတစ်ယောက်ရဲ့ တေးကဗျာတစ်ခုကို ကြားခဲ့ဖူးတယ်…”

ဝမ်လင်းသည် အတိတ်တုန်းက သူ ကြားခဲ့ဖူးသည် ကလေးတေးကဗျာကို ပြန်ရွတ်ပြသည်။

“ဒီကလေးတေးကဗျာက ငါတို့ကျင့်ကြံသူတွေရဲ့ ဝမ်းနည်းစရာကောင်းတဲ့အချက်ကို ထောက်ပြနိုင်စွမ်း ရှိနေတာပဲ…” အရှင်ရီချန်သည် တေးကဗျာ၏ ဆိုလိုရင်းကို ဖြတ်မြင်လိုက်နိုင်၏။ သူ ထိုသို့ ဖြတ်မြင်နိုင်လိုက်သည်နှင့် သူ့နာကျင်မှုသည်လည်း လျော့ပါးသွားသည်။

ဝမ်လင်း၏အသံက တည်ငြိမ်လျက်ပင်။ သို့သော် သူ့အသံထဲ၌ အတိတ်ကို အောက်မေ့မှု ပါဝင်၏။ သည် တေးကဗျာစာသားများကို ရွတ်ဆိုပြပြီးနောက် သူသည် မတ်တပ်ထရပ်ကာ ပြန်ထွက်ခွာသည်။ သူ့ပုံရိပ်သည် အရှင်ရီချန်ထက်ပင် သာ၍ အထီးကျန် ဆန်နေတော့သည်။

အရှင်ရီချန်က ဝမ်လင်း၏ပုံရိပ်ကို စူးစိုက်ကြည့်နေရင်း သူ့စိတ်ထဲတွင်တော့ ဝမ်လင်းစကားများ ပဲ့တင်ထပ်နေသည်။ ဝမ်လင်း ထွက်ခွာသွားတော့မည်ကို တွေ့သည့်အခါ သူက မတ်တပ်ထရပ်ကာ လှမ်းအော်၏။ “သင်လည်း ဒီကဗျာကို ဖြတ်မြင်နိုင်ခဲ့ပြီးပြီးလား…”

အကွာအဝေးတစ်ခုမှ ဝမ်လင်းသည် ဆတ်ခနဲ တုန်ယင်ကာ ရပ်တန့်သွားသည်။ သူသည် နောက်သို့ ပြန်မလှည့်ပေ။ သို့သော် သူသည် အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် တိုးညင်းစွာ ဆို၏။ “ငါ ဒါကို ဖြတ်မြင်နိုင်စွမ်း မရှိသေးပါဘူး…” ခါးသီးသည့်အငွေ့အသက်ဖြင့် ဝမ်လင်းသည် အလင်းတန်းအသွင်သို့ ပြောင်းကာ ကောင်းကင်ထက်သို့ ပျံသန်းသွားတော့သည်။

အချိန်သည် ဖြည်းဖြည်းခြင်း ကုန်ဆုံးနေ၏။ ဝမ်လင်း အရှင်ရီချန်ထံကနေ ထွက်လာပြီးသည့်နောက် သူက သူ့ကျင့်ကြံလေ့ရှိရာ မီးတောင်ထက်တွင် ထိုင်နေသည်။ အတိတ်တုန်းက မြင်ကွင်းများက သူ့စိတ်ထဲ၌ တဖြည်းဖြည်း ပြန်မြင်ယောင်လာတော့သည်။

သူသည် သေခြင်းရှင်ခြင်းကို ဖြတ်မြင်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် သူသည် နာကျင်မှုနှင့်အထီးကျန်မှုတို့ကို နှစ်တစ်ထောင်ကျော် ခံစားနေရ၏။ သူသည် ဆက်လက်၍လည်း ယင်းနာကျင်အထီးကျန်မှုကို တောင့်ခံရပေဦးမည်။

သူသည် အဆုံးရှိဟန်မရသည့် ကျင့်ကြံခြင်းလမ်းမကျယ်ကို လျှောက်လှမ်းနေရင်း သူ့စိတ်နှလုံးထဲမှ နာကျင်မှုဖြင့် ရုန်းကန်ရပေဦးမည်။

မီးတောင်ဝမှ မြင့်တက်နေသော အနက်ရောင်အခိုးအငွေ့များ၏ တစီစီအသံများကလွဲ၍ မီးလောင်ကျွမ်းနေသံသာ ရှိ၏။ ထိုအသံတို့ကလွဲ၍ အရာရာမှာ တိတ်ဆိတ်နေ၏။

ဝမ်လင်းသည် ထိုဆိတ်ငြိမ်မှုအတွင်း တိတ်တဆိတ် ထိုင်နေရင်း သူ့ရှေ့တွင် ခေါင်းတလား တစ်ခု ပေါ်လာသည်။ ထိုခေါင်းတလားသည် သလင်းကျောက်ဖြင့် ပြုလုပ်ထားခြင်းသာ။ ယင်းခေါင်းတလားထဲ၌ အမျိုးသမီးတစ်ဦး ရှိသည်။သူမ၏ အသားအရည်က ကြည်လင်ကာ သေနေသည်ဟုပင် မထင်ရပေ။ ထိုအစား သူမက အိပ်ပျော်နေသကဲ့သို့သာ ရှိနေသည်။

ထိုအမျိုးသမီးသည် လောကကို တုန်လှုပ်စေလောက်အောင် မလှပ၊ မြို့များကို ပြိုပျက်စေလောက်သည့်ထိလည်း စွဲဆောင်မှု မရှိပါ။ သို့သော် ဝမ်လင်း၏အမြင်၌ လောကရှိ ကျက်သရေအရှိဆုံး၊အလှဆုံး အမျိုးသမီးသည်ပင် ခေါင်းတလားထဲရှိ အမျိုးသမီးကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပါ။

“ဝမ်အာ…” ဝမ်လင်းက သူ့ညာလက်ဖြင့် ခေါင်းတလားကို ညင်ညင်သာသာ ပွတ်သပ်၏။ သူ့မျက်လုံးထဲ၌ နူးညံ့မှုအပြည့် ရှိ၏။ သူက ခေါင်းတလားထဲရှိ အမျိုးသမီးကို ကြည့်နေရင်း အတိတ်တုန်းက ဟင်္သာပြဒါးဂြိုဟ်သို့ ပြန်ရောက်ရှိသွားသကဲ့သို့ ခံစားမိနေရ၏။

ဝမ်လင်းသည် သေခြင်းရှင်ခြင်းကို ဖြတ်မြင်နိုင်စွမ်း ခုထိ မရှိသေးပါ။

သည်အခိုက်အတန့်၌ လောကရှိ အရာအားလုံးက ဘာမှ ဟုတ်မနေသကဲ့သို့ ရှိနေ၏။ တစ်ခုတည်းသော တည်ရှိသည့်အရာမှာ သူနှင့် ခေါင်းတလားထဲရှိ အမျိုးသမီးတို့သာ ဖြစ်သည်။

သူက သူနှင့်နှစ်ပေါင်းတစ်ထောင်ကျော် အတူရှိခဲ့သော အမျိုးသမီးကို တိတ်ဆိတ်စွာ ကြည့်နေရင်း အထီးကျန်မှုကို ခံစားနေရ၏။ ထို့နောက် ဝမ်လင်းသည် တဖြည်းဖြည်းခြင်း နွေးထွေးမှုခပ်ရေးရေးကို ရှာတွေ့လာ၏။

သည်နွေးထွေးမှုသည် မပြောပလောက်သော်လည်း ဝမ်လင်း၏မူလစိတ်ဝိညာဉ်ထဲတွင် သမူဟ ဖြစ်၏။

ခေါင်းတလားထဲရှိ အမျိုးသမီးက နှစ်တစ်ထောင်ကျော် ကျင့်ကြံခြင်းအတွက် ဝမ်လင်း၏မျှော်လင့်ချက် ဖြစ်၏။ သူသည် ထိုအမျိုးသမီးကို စူးစိုက်ကြည့်နေရင်း အရာရာကို မေ့နေဟန် ရသည်။

“နင်သာ နိုးထလာတဲ့အချိန်ကြရင် ငါတို့ ဘယ်သူမှ ရှာမတွေ့နိုင်တဲ့ ကောင်းကင်ဘုံတစ်ခုကို ရှာပြီး တိတ်တဆိတ် ဇာတ်မြုပ်နေကြမယ်…” ဝမ်လင်းက နူးညံ့စွာ ပြုံး၏။ လီမူဝမ်ကို နိုးထလာစေခြင်းက ဝမ်လင်း၏အကြီးမားဆုံး ဆန္ဒဟုလည်း ဆိုနိုင်၏။

“အရင်တုန်းက ငါ နားမလည်ခဲ့ဘူး…ဒါပေမယ့် အခုတော့ ငါ နားလည်ခဲ့ပြီ…” ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်မိ၏။ သူ့ထံကနေ နက်ရှိုင်းသောဝမ်းနည်းမှုနှင့် အတိတ်ကိုအောက်မေ့မှုတို့ ထွက်ပေါ်နေချေသည်။

အရင်တုန်းကတော့ သူသည် ကျောက်ရီနှင့် ချင်းရှောင်တို့ကြားက ခံစားချက်များကို အမှန်တကယ် နားလည်နိုင်စွမ်း မရှိခဲ့ပေ။ သို့ရာတွင် နှစ်ပေါင်းတစ်ထောင်ကျော် ကျင့်ကြံလာပြီးသည့်နောက် အဆုံးမရှိအထီးကျန်ဆန်မှုကို ခံစားရပြီးနောက် သူသည် နားလည်လာခဲ့ပေပြီ။

ဤအရာကို စိတ်ဝိညာဉ်ဆိုင်ရာ မျှော်လင့်ချက်အမျိုးအစားတစ်ခုဟု ဆိုနိုင်၏။

“ဝမ်အာ…မှတ်ထားပါ…ကောင်းကင်နဲ့မြေကြီးက နင့်ကို သေစေချင်တယ်ဆိုရင်တောင် ငါက နင့်ကို ပြန်ခေါ်ဆောင်မယ်…” ဝမ်လင်းထံမှ ပြတ်သားမှုအပြည့်ဖြင့် ကောင်းကင်နှင့်မြေကြီးကို ဖိဆန်မှု လှစ်ဟထွက်ပေါ်နေသည်။

ဟင်္သာငှက်နတ်ကလန်အတွင်း၌ မီးတောင်များသည် ရှားပါးလှခြင်း မရှိပေ။ ယင်းမီးတောင်များသည် အထူးအခြေအနေများအောက်တွင် ဖြစ်ပေါ်လာခဲ့ကြခြင်းလည်း ဖြစ်၏။ ထို့ကြောင့် သိပ်သည်းသောချောရည်ပူများ မကြာမကြာ ပေါက်ကွဲထွက်နေသည်။

မီးတောင်ပေါက်ကွဲတိုင်း မြေကြီးထုသည် တုန်ခါ၏။ ကောင်းကင်ထက်၌ အနက်ရောင်အခိုးအငွေ့များဖြင့် ပြည့်နှက်သည်။

ဟင်္သာငှက်နတ်ကလန်သားများသည် မီးတောင်ပေါက်ကွဲသည်ကို အကြိမ်များစွာ မြင်တွေ့ဖူးကြပြီး ဖြစ်၏။ သို့ရာတွင် ဝမ်လင်းသည် အကြိမ်များစွာ မမြင်ဖူးသေးချေ။

သည်အခိုက်အတန့်၌ သူရှိနေသော မီးတောင်ကနေ ခပ်အုပ်အုပ်အသံများ ထွက်ပေါ်လာ၏။ ထိုအသံများသည် ပိုပြင်းထန်လာသည်။ သို့ရာတွင် ဝမ်လင်းက ထိုအရာများကို လစ်လျူရှုထားသည်။ ခုချိန်၌ သူ့ မျက်လုံးထဲတွင် လီမူဝမ်သာတစ်ဦးသာ ရှိပေ၏။

မီးတောင်တုန်ဟိန်းမှုက ပိုပို ပြင်းထန်လာ၏။ အဆုံးသပ်၌ မီးတောင်ဝကနေ အနက်ရောင်အခိုးငွေ့များ တရဟော ထွက်လာသည်။ အခိုးအငွေ့များက ကောင်းကင်ထက်တွင် အရူးအမူး ပျံ့နှံ့ကာ ဖုံးလွှမ်းသည်။ မြေပြင်သည်လည်း ခုချိန်၌ နက်မှောင်နေ၏။

သိပ်မကြာခင်တွင် မီးတောင်မှ ထွက်ပေါ်လာသော ဟိန်းမြည်သံသည် ပို၍ ကျယ်လောင်လာ၏။ ချော်ရည်တိုင်လုံးများသည်လည်း ကောင်းကင်ယံသို့ ထိုးတက်ကုန်၏။

အကွာအဝေးတစ်ခုမှ ကြည့်ပါက ထိုမြင်ကွင်းသည် တုန်လှုပ်ဖွယ်ရာပင်။ သည်အခိုက်အတန့်၌ ဝမ်လင်းသည် မီးတောင်ဝတွင် ထိုင်နေခြင်း ဖြစ်၏။ အချို့ကျောက်စကျောက်နများက ချောရည်ပူထဲသို့ ကျဆင်းကာ ကောင်းကင်ထက်သို့ လွင့်ကြဲနေ၏။

ချောရည်ပူများသည်လည်း ဝမ်လင်း မျက်နှာရှေ့ရှိ လေထဲသို့ တိုးဝင်လာသည်။ သူနှင့် ဆယ်ပေလောက်ပင် မကွာတော့ပေ။ သိပ်သည်းသောအပူလှိုင်းသည် နေရာတိုင်းသို့ ပြန့်ကြဲကုန်သည်။

သို့သော် ထိုအဖြစ်သနစ်ကလည်း ဝမ်လင်းကို မော့ကြည့်လာစေဖို့ရာ မလုံလောက်သေးပေ။ သူသည် တိတ်ဆိတ်စွာဖြင့်သာ ခေါင်းတလားကို စူးစိုက်ကြည့်နေလျက် ရှိ၏။ သူသည် ဘာကိုမှ ဂရုမစိုက်ဟန် ရသည်။

မီးတောင်ပေါက်ကွဲနေရင်း မြေကြီးထုသည် တုန်ခါကာ အက်ကြောင်းများ ပေါ်လာသည်။ အရာရာတိုင်းသည် ချောရည်ပူများနှင့် ဖုံးနေ၏။ မိးတောင်သည် ဆက်လက်ပေါက်ကွဲနေရင်း မီးတောင်ဝကနေ ချောရည်ပူများ ပိုမြင့်တက်လာပြန်၏။ ထိုချောရည်ပူများသည် မီးတောင်အောက်ဘက်တစ်လျှောက်သို့ စီးဆင်းသည်။

သည်အခိုက်အတန့်၌ ချောရည်ပူများသည် မိုးကဲ့သို့ ရွာကျကာ မြေကြီးထုအား လှိုင်းလုံးများသဖွယ် ဖုံးအုပ်၏။ လောကတွင် ခုချိန်၌ အနီနှင့်အနက်တို့သာ ရှိတော့၏။ အနက်သည် ပိုသပ်သည်းလာ၏။ ကောင်းကင်ထက်၌ အနက်ရောင်အခိုးအငွေ့များ ပြည့်ကာ ချောရည်ပူများသည် အနီရောင်မြစ်ကဲ့သို့ ရှိသည်။

ဝမ်လင်းသည် တိုးညင်းစွာ ဆို၏။ “ဒါက အလှအပတစ်ခုလား…”

“ဒါဟာ တောင်ခြေမွခြင်းရဲ့ စွမ်းအားပဲ။ ငါဟာ မီးတောင်ပေါက်ကွဲဖို့အတွက် ရက်များစွာ စောင့်နေခဲ့တယ်။ ဝမ်အာ…ငါ ပေဖန်ရဲ့ လေးခုမြောက်မန္တာန် တောင်ခြေမွခြင်းကို နားလည်အောင် လုပ်နေတာကို ငါ့ဘေးနားမှာ ရှိနေပြီး မျက်မြင်အဖြစ် ရှိနေပေးပါ…”

ဝမ်လင်းသည် သူ့ကိုယ်သူ ခပ်တိုးတိုး ဆို၏။ သူက မိုးကဲ့သို့ ရွာကျနေသော ချောရည်ပူများကို ကြည့်နေသည်။ သည်အခိုက်အတန့်၌ သူရှိနေသော မီးတောင်ထံမှ တုန်ဟိန်းမှုသည် ပိုဆိုးလာကာ ထပ်မံ ပေါက်ကွဲပြန်သည်။

မြေကြီးထုသည် တုန်ခါမှုများ ပျံ့လွင့်နေရာ ထိုအဖြစ်က အကွာအဝေးတစ်ခုမှ နောက်ထပ်မီးတောင်တစ်ခုကိုပါ တုန်ခါလာစေသည်။ အကွာအဝေးတစ်ခုမှ ထိုမီးတောင်သည်လည်း အခိုးအငွေ့၊ချောရည်များ ပန်းထွက်လာသည်။

ဝမ်လင်းသည် ဖြည်းဖြည်းခြင်း မျက်လုံးမှိတ်၏။ သူ့စိတ်ထဲ၌ ချင်းရွှေ သတ်ဖြတ်ခြင်းနယ်မြေ၌ တောင်ခြေမွခြင်းမန္တာန်အား အသုံးပြုနေသည့် မြင်ကွင်းပုံရိပ် ပြန်ပေါ်လာသည်။

အမှန်တော့ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် ဝမ်လင်းသည် ထိုနေရာရှိ မီးတောင်ပေါက်ကွဲမှုကနေ တောင်ခြေမွခြင်းမန္တာန်ကို နားလည်မှု အရိပ်အယောင် ရလာခဲ့၏။ သို့သော် ထိုခံစားချက်မှာ အားပျော့လွန်း၏။ သို့ရာတွင် သူသည် အန္တရာယ်များနှင့် ရင်ဆိုင်နေရချိန်ဖြစ်သည့်အတွက် သူ့အဖို့ သည်နားလည်မှုခံစားချက်ကို အများကြီးတွေးနေဖို့ အချိန်မရခဲ့ပေ။

သို့သော် ဟင်္သာငှက်နတ်ကလန်မှာလည်း မီးတောင်များကင်းမဲ့နေသည် မဟုတ်ပေ။ ခုချိန်၌ သူသည် မီးမူလစွမ်းအင်ကို ပိုပိုင်ဆိုင်လာခဲ့ပြီဖြစ်ရာ သူသည် ချင်းရွှေ သူ့အား ချန်ထားပေးခဲ့သော တောင်ခြေမွခြင်းမန္တာန်ကို ပို၍ပို၍ နားလည်လာခဲ့ပေပြီ။

***

Comment

Leave a Reply

Options

not work with dark mode
Reset