Switch Mode

အပိုင်း(၁၁၅၁)

အပြင်လူ

သည်ဓားကျိုးမှာ လုံးဝ နီရဲနေသည်။ ၎င်းဓားပေါ်လာသည်နှင့် မွန်းစတားဆန်သောသတ်ဖြတ်ခြင်းစွမ်းအင် ပေါ်လာသည်။ ထိုသတ်ဖြတ်ခြင်းစွမ်းအင်သည် ဂြိုဟ်ကနေ ထိုးထွက်သွားသည့်အထိကို ပြင်းထန်သည်။ ဂြိုဟ်ပတ်လည်ရှိ မီးတောက်များသည်ပင် တန့်ကုန်ကာ သတ်ဖြတ်ခြင်းစွမ်းအင်ကြောင့် ဘေးတစ်ဖက်သို့ လွင့်ရ၏။

ထိုဓားကျိုးသည် မီးခိုးရောင်ရှေ့ဖြစ်ဟောသူ၏ သတ်ဖြတ်ခြင်းစွမ်းအင် အရင်းအမြစ် ဖြစ်၏။ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ တိုက်ပွဲပြီးသည့်နောက် ဓားကျိုးတစ်ဝက်သည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲ၌ ကျန်ခဲ့ခြင်းပင်။ သည်သုံးနှစ်အတွင်း သူက ကုသကျင့်ကြံနေရင်း သူ့ဓားကိုလည်း ဖြည်းဖြည်းခြင်း သန့်စင်မွန်းမံခဲ့သည်။ သူ့မူလစိတ်ဝိညာဉ်ထဲရှိ ဓားအစိတ်အပိုင်းတစ်ခုက ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်ရာ သူ့ခန္ဓာကိုယ်ထဲရှိ သည်ဓားကျိုးသာ ကျန်ခဲ့တော့သည်။

“ဒီဓားကို သုံးနှစ်လောက် သန့်စင်ပြီးတဲ့နောက် ငါဟာ အခြေခံနားလည်မှုအချို့ ရရှိလာခဲ့ပြီ။ ငါဒါကို သန့်စင်နိုင်ရင် ငါ ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်ကို ဘာပြဿနာမှ မရှိဘဲ ကျင့်ကြံနိုင်လိမ့်မယ်…”

ဝမ်လင်းသည် သတ်ဖြတ်ခြင်းစွမ်းအင်ကို အခုထိ မမေ့သေးပါ။ တကယ်တော့ သူသည် ယင်းစွမ်းအင်ကို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ဖူးသည် မဟုတ်လား။ အတိတ်တုန်းက သူသည် ရှေးဟောင်းနတ်ဆိုးပေလော၏ အကူအညီဖြင့် သည်ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်၏ ချိုယွင်းချက်ကို နားလည်ခဲ့ပေ၏။

ထိုအချိန်က သူသာ ၎င်းပညာရပ်ကို ဆက်ကျင့်ကြံခဲ့ပါက သူ့ခန္ဓာကိုယ်သည် ပျက်စီးကာ သတ်ဖြတ်ခြင်းစွမ်းအင်၏ အစစ်အမှန် အမျှင်တန်းတစ်ခု ဖြစ်လာခဲ့ပေမည်။သူသည် မီးခိုးရောင်ရှေ့ဖြစ်ဟောသူ ပိုင်ဆိုင်သည့် တစ်ခုခု ဖြစ်လာခဲ့ပေလိမ့်မည်။

အဆုံးသပ်၌ သူသည် ၎င်းပညာရပ်ကို ဆက်မကျင့်ရန် လက်လျော့၏။ သို့သော် သူသည် မချင့်မရဲနောင်တရမှုကိုတော့ ခံစားခဲ့ရသည်သာ ဖြစ်သည်။ သို့ရာတွင် ထိုအခိုက်အတန့်၌ သည်မချင့်မရဲဖြစ်မှုက ဤအနီရောင်ဓားကျိုးကို ကြည့်နေရင်း ပျောက်ကွယ်သွားတော့၏။ ဓားကျိုးပတ်လည်ရှိ မီးတောက်များ ဝန်းရံကာ ၎င်းကို တဖြည်းဖြည်း လောင်ကျွမ်းနေသည်။

ဓားသည် လောင်ကျွမ်းနေရင်း ဝမ်လင်းသည် ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်၏။ သူ့ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်သည် သူ့မျက်ခုံးနှစ်ခုကြားကနေ ပျံသန်းထွက်လာပြီး မူလစွမ်းအင်အဆီအနှစ်ကို ထွေးထုတ်သည်။

ဝမ်လင်းသည် ဆန်းကြယ်အသွင်ပြောင်းခြင်းကိုးခုကြောင့် သူ့ ဒုတိယမူလစိတ်ဝိညာဉ်ကိုလည်း ဖြစ်ပေါ်စေနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုမူလစိတ်ဝိညာဉ်ကလည်း သူ့မျက်လုံးကို ဖွင့်လာကာ နောက်ထပ်မူလစွမ်းအင်အဆီအနှစ်ကို ထွေးထုတ်ပြန်သည်။

ထို့အတွက်ကြောင့် မီးနှင့်မိုးကြိုးမူလအဆီအနှစ်တို့သည် ပေါ်လာတော့၏။ ယင်းစွမ်းအင်တို့က ဓားပတ်လည်ရှိ မီးတောက်များ အနားသို့ ရောက်ရှိလာ၏။ မီးတောက်များသည် ပို၍ ပြင်းထန်လာတော့သည်။

ဓားကျိုး၏ အစွန်းအဖျားသည် စတင်၍ အရည်ပျော်မည့် အရိပ်လက္ခဏာ ပြသလာသည်။ သို့သော် ထိုအခိုက်အတန့်၌ အေးစက်စက်သတ်ဖြတ်ခြင်းစွမ်းအင်သည် မီးတောက်များကို ခုခံရန် ပေါ်လာတော့၏။

ဝမ်လင်းသည် သည်ဖြစ်စဉ်နှင့် အသားကျနေပြီ ဖြစ်၏။ သူ သည်ဓားကို အရင်တုန်းက သန့်စင်မွန်းမံချိန်တိုင်း အခုလို အမြဲ ဖြစ်ပေသည်။ သို့ရာတွင် ဝမ်လင်းက ယနေ့တွင် ဖြုန်းဖို့ အချိန်မရှိပေ။ သူသည် သည်ဓားကို သူ့ဟာ ဖြစ်လာရန် သန့်စင်ပေမည်။ ထို့နောက် သူသည် ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်ကို ထပ်မံ ကျင့်ကြံနိုင်စွမ်း ရှိလာပေမည်။ ယင်းပညာရပ်က အလွန်အစွမ်းထက်သည့် ခုခံခြင်းမန္တာန်တစ်ခု ဖြစ်သည်။

သူ့ပထမဆန်းကြယ်အသွင်ပြောင်းခြင်းကို ပြီးပြည့်စုံစေခြင်း မတိုင်ခင်ကဆိုပါက ဝမ်လင်းသည် အခုလိုလုပ်ရန် ယုံကြည်ချက် ရှိလိမ့်မည် မဟုတ်ပေ။ ခုချိန်၌ သူသည် (၇၀)ရာခိုင်နှုန်း ယုံကြည်မှု ရှိပေသည်။

သူက သူ့သန့်စင်နေသော ဓားကျိုးထံကနေ သူ့အကြည့်ကို ပြန်ရုတ်သိမ်းသည်။ ထို့နောက် အသက်ဝဝရှုသွင်းကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ့ညာမျက်လုံးထဲရှိ မီးတောက်သည် ပို၍ အားကောင်းလာ၏။ ဝမ်လင်းသည် ကောင်းကင်ထက်သို့ လက်ညွှန်၏။သူ့ဒုတိယမူလစိတ်ဝိညာဉ်သည်လည်း သူ့လို လိုက်လုပ်သည်။ သည်အခိုက်အတန့်၌ ဝမ်လင်း၏မူလစိတ်ဝိညာဉ်ကနေ အံ့မခန်းပြင်းထန်သောမီး ထွက်ပေါ်လာသည်။၎င်းမီးသည် ဝမ်လင်း၏ ညာလက်ကနေ ဖြတ်သန်းကာ ကောင်းကင်ထက်၌ မီးတောက်ပင်လယ်တစ်ခု ဖြစ်ပေါ်သည်။

“မီးတောက်များ…စုစည်းစမ်း…” ဝမ်လင်း၏အသံသည် တိုးညင်း၏။သူ ထိုသို့ ဆိုသည်နှင့် ဂြိုဟ်ပေါ်ရှိ မီးမူလစွမ်းအင်အားလုံးမှာ တုန်ယင်ကာ သူ့ထံသို့ စုစည်းလာသည်။

ကျင့်ကြံခြင်းဂြိုဟ်သာမက လောင်ကျွမ်းကြယ်ကွင်းပြင်သည်ပင် ထို့အတူ ဖြစ်၏။ မီးမူလစွမ်းအင်များစွာ စုစည်းလာနေချိန်၌ ဝမ်လင်းသည် ဓားကျိုးထံသို့ လက်ညွှန်သည်။ စုစည်းမိနေသော မီးမူလစွမ်းအင်သည် ဓားကျိုးထံသို့ တဟုန်ထိုး ဝင်ရောက်သည်။ ထိုအခါ ဓားကျိုး၏ အရည်ပျော်နှုန်းက အဆများစွာ တိုးလာတော့၏။

သို့ရာတွင် ဓားကျိုးထံကနေ ထွက်ပေါ်လာသော သတ်ဖြတ်ခြင်းစွမ်းအင်တို့မှာလည်း မီးတောက်ကို ခုခံရန် အလားတူ တိုးလာသည်သာ ဖြစ်သည်။

ဝမ်လင်းသည် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ဓားကျိုးကို စူးစိုက်ကြည့်၏။ သူ့မျက်လုံးသည် တလက်လက် ဖြစ်နေသည်။ ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်ထဲရှိ ဒုတိယမူလစိတ်ဝိညာဉ်သည်လည်း တဟုန်ထိုး ထွက်လာသည်။ ၎င်းသည် ဝမ်လင်း၏ ညာမျက်လုံးထဲကနေ ထိုးထွက်ကာ ဓားကျိုးထံသို့ ခုန်အုပ်ဝင်လာ၏။

ချက်ခြင်းလိုလိုပင် ဝမ်လင်းကလည်း သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ တစ်ခုခုကို ထွေးထုတ်သည်။၎င်းအရာမှာ ငရဲဆယ့်ရှစ်ထပ်ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံး ဖြစ်၏။

“ဆန်းကြယ်လက်နက်၊ အရှင်လေဟာနယ်၊ ရှေ့ဖြစ်ဟောသူ…ထွက်လာခဲ့ကြ…” ဝမ်လင်း ထိုသို့ ပြောလိုက်ပြီးနောက် သူ့ညာလက်ကို ဝေ့ယမ်း၏။ ငရဲဆယ့်ရှစ်ထပ်တံဆိပ်တုံးသည် အလင်းအစက်အပြောက်များ၏ ဝန်းရံခြင်းကို ခံရ၏။ အလင်းစက်များသည် သိပ်မကြာခင်တွင် စုဝေးလာကာ စိတ်ဝိညာဉ်နှစ်ခု၏ ပုံရိပ်များ ဖြစ်ပေါ်လာကြသည်။

အရှင်လေဟာနယ်နှင့် ကိုယ်ပွားနှစ်ခုကနေ ပေါင်းစည်းထားသည့် ရှေ့ဖြစ်ဟောသူတို့၏ စိတ်ဝိညာဉ်များ ဖြစ်ကြ၏။

ယင်းစိတ်ဝိညာဉ်နှစ်ခု ထွက်ပေါ်လာသည်နှင့် သူတို့သည် ဓားကျိုးထံသို့ ခုန်အုပ်ဝင်လာ၏။ သူတို့က ဓားကျိုးကို ဝမ်လင်း၏ဒုတိယမူလစိတ်ဝိညာဉ်နှင့်အတူ ဝန်းရံလှည့်ပတ်ကာ သန့်စင်မှု ပြုသည်။ တစ်ချိန်တည်းမှာပင် ဝမ်လင်းသည် သူ့ဘယ်လက်ကို ပင့်မြှောက်ကာ မီးတောင်ထက်သို့ ဖိချ၏။ မီးတောင်သည် စတင် တုန်ဟိန်းလာ၏။ အနက်ရောင်အခိုးငွေ့များ သိပ်သည်းလာသည်။ အပူလှိုင်းတစ်ခုသည် မီးတောင်အတွင်းကနေ ရုတ်ချည်း တရကြမ်း ထွက်ပေါ်လာသည်။

အနီရောင်ချောရည်ပူများသည်လည်း အပူလှိုင်းနှင့်အတူ ထွက်ပေါ်လာသည်။ သို့ရာတွင် သူ့ဘယ်လက်ကို ဝေ့ယမ်းရာ ချောရည်ပူများသည် ရေကဲ့သို့ စီးဆင်းကာ ဓားကျိုးပတ်လည်၌ ဝန်းရံသွားစေသည်။ ယင်းချောရည်ပူက ပေတစ်ရာကျယ်ပြောသည့် ချောရည်ပူလုံးအသွင် ဖြစ်ပေါ်ကာ အပူချိန်သည် ဆထက်တိုးလာ၏။

သည်တစ်ကြိမ်၌ ဝမ်လင်းသည် ဘာတန်ဖိုးပဲ ပေးရပါစေ မီးခိုးရောင်ရှေ့ဖြစ်ဟောသူထံမှ သတ်ဖြတ်ခြင်းဓားကို လုံးဝ သန့်စင်မွန်းမံ ပစ်ပေမည်။ သူသည် သူ့ဒုတိယမူလစိတ်ဝိညာဉ်၊ အရှင်လေဟာနယ်၏စိတ်ဝိညာဉ်၊ ရှေ့ဖြစ်ဟောသူ၏ကိုယ်ပွား စိတ်ဝိညာဉ်၊ လောကရှိ မီးမူလစွမ်းအင်နှင့် ချောရည်ပူမှ ဖြစ်ပေါ်သည့် ချောရည်ပူအလုံးတို့ကို အသုံးပြုကာ သန့်စင်မွန်းမံခြင်း ဖြစ်စဉ်ကို အရှိန်မြင့်၏။

ဝမ်လင်းသည် မီးမူလစွမ်းအင်ကို ချောရည်ပူလုံးထဲသို့ ဝင်ရောက်ရန် ထိန်းချုပ်ထား၏။ အချိန်သည် ဖြည်းဖြည်းခြင်း ကုန်ဆုံးနေသည်။ သိပ်မကြာခင်တွင်ပင် သူ့ သန့်စင်ခြင်းအချိန်မှာ ဆယ့်နှစ်နာရှိခန့် ကြာမြင့်လာခဲ့ပေပြီ။

ဝမ်လင်းသည် သည်ပြင်းထန်သော သန့်စင်ခြင်းနည်းလမ်းကို အချိန်အတန်ကြာအောင် အသုံးပြုနိုင်စွမ်း မရှိပေ။ အချိန်ပိုကြာလေလေ ဝမ်လင်း၏မူလစိတ်ဝိညာဉ်က သည်ဖြစ်စဉ်ကို မကိုင်တွယ်နိုင်တော့မည့်အပြင် ကောင်းကင်ဘုံသားဒါဇင်ချီထံမှ သူ စုပ်ယူထားခဲ့သော ကောင်းကင်ဘုံမူလစွမ်းအင်တို့ကိုလည်း သုံးစွဲလာရပေတော့မည်။

ဆယ့်နှစ်နာရီ ကုန်လွန်သွားသည့်နောက် ဝမ်လင်း၏မျက်လုံးသည် တောက်ပလာ၏။ သူက မာန်သွင်းလိုက်သည်။ သူ့ လက်ကို ဝေ့ယမ်းရာ ချောရည်ပူလုံးသည် မရေမတွက်နိုင်သော လောင်ကျွမ်းခြင်းအပိုင်းအစများအဖြစ်သို့ တစစီကွဲထွက်၏။ သည်အခိုက်အတန့်၌ ဓားကျိုးသည်လည်း ပြင်းထန်သောအပူကို ဆက်ခုခံနိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် ၎င်းသည် လုံးဝ အရည်ပျော်သွားတော့၏။ ဝမ်လင်း၏ ဒုတိယမူလစိတ်ဝိညာဉ်က ယင်းပျော်ဝင်သည့်ဓားကျိုးကို ဝါးမြိုပစ်ကာ သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်ရှိလာတော့သည်။

အရှင်လေဟာနယ်နှင့် ရှေ့ဖြစ်ဟောသူတို့၏ စိတ်ဝိညာဉ်တို့သည်လည်း ငရဲဆယ့်ရှစ်ထပ် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးအတွင်းသို့ ပြန်ဝင်ရောက်သည်။

ဝမ်လင်းသည် မျက်လုံးမှိတ်ထား၏။ သူသည် ခဏလောက် ဆက်ကျင့်ကြံသည်။ သူ့ဒုတိယမူလစိတ်ဝိညာဉ် ရှေ့၌ အနီရောင်ဓားတစ်လက် ဖြည်းဖြည်းခြင်း သိပ်သည်းလာ၏။ ၎င်းထံမှ အားကောင်းသောသတ်ဖြတ်ခြင်းစွမ်းအင်ကို ပေးစွမ်းနေသည်။ အတွေးတစ်ချက်ဖြင့်ပင် သတ်ဖြတ်ခြင်းစွမ်းအင်သည် တရကြမ်း ထွက်လာတော့သည်။

“ဒီဓားကို သန့်စင်ဖို့အတွက် ဓားမှာ ရှိတဲ့ သတ်ဖြတ်ခြင်းစွမ်းအင်တော်တော်များများကို ကုန်ဆုံးစေလိုက်ရတာ တော်တော်ဆိုးတာပဲ။ အနည်းဆုံးတော့ ဒီဓားမှာ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း တစ်သန်းလောက်တော့ ကျန်ဦးမှာပါ။ ငါ ဒီသတ်ဖြတ်ခြင်းပညာရပ်ကို ဆက်ကျင့်ကြံပြီး စွမ်းအင်ထည့်ပေါင်းဖို့ လိုလိမ့်မယ်…”

ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။ သူက အသက်ခပ်ပြင်းပြင်း ရှုထုတ်လိုက်သည်။ ထို့နောက် သူ့ သိုလှောင်အိတ်ထဲကနေ သုံးမြှောင့်ခရင်းခွကို ထုတ်ယူသည်။

ဝမ်လင်းသည် ယင်းခရင်းခွကို စူးစိုက်ကြည့်နေ၏။ သို့သော် ထိုအခိုက်အတန့်၌ သူ့အသွင်သည် ပြောင်းလဲသွားပေပြီ။ သူက အပေါ်သို့ မော့ကြည့်သည်။ ဝမ်လင်း၏ မျက်လုံးထဲတွင် ဝမ်းနည်းမှုနှင့်အပြစ်ရှိစိတ်တို့ ပြည့်နေသည်။

“ငါ ဒီကိစ္စနဲ့ ပတ်သတ်လို့ သူ့ကို ရှင်းပြချက်တစ်ခု ပေးမှ ဖြစ်မယ်…” ဝမ်လင်းသည် သက်ပြင်းချ၏။ သူက ယင်းသုံးမြှောင့်ခရင်းခွကို ပြန်သိမ်းဆည်းသည်။ ထို့နောက် သူသည် ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်းရှိနေသော ဂြိုဟ်နှင့် သိပ်မဝေးသောနေရာတွင် အခြားဂြိုဟ်တစ်ခု ရှိနေသည်။ ထိုဂြိုဟ်မှာလည်း ဟင်္သာငှက်နတ်ကလန်၏ ပင်မဂြိုဟ်များထဲမှ တစ်ခု ဖြစ်သည်။ ယင်းဂြိုဟ်သည် မြောက်များစွာသော မီးတောင်တန်းများနှင့် ပြည့်နေကာ အတော်လေး လှပသည်။

သည်အခိုက်အတန့်၌ ထိုဂြိုဟ်၏ တောင်ထိပ်ပေါ်တွင် အမျိုးသမီးတစ်ယောက်သည် ဒူးထောက်လျက် ရှိနေ၏။ သူမသည် အလွန်လှသည်။ သို့သော် သူမ၏ အသွင်က ခါးသက်ဟန် ဖြစ်ပေါ်နေသည်။ သူမသည် မလှုပ်မယှက် ဒူးထောက်လျက် ရှိနေ၏။

သူမရှေ့တွင် ကျောက်တုံးနက်ဖြင့် ထွင်းထုထားသည့် ဝမ်လင်း၏ရုပ်တု ရှိနေသည်။ ထိုရုပ်တုဘေး၌ လှိုဏ်ဂူဝင်ပေါက်တစ်ခု ရှိသည်။ ထိုလှိုဏ်ဂူအတွင်းမှာ ပိန်းပိန်းမှောင်နေ၏။

ယင်းရုပ်တုဘေးတွင် အနက်ရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်လည်း ရှိနေ၏။ ထိုလူငယ်သည် အေးစက်စက်ဟန်ပန် ရှိသည်။ သူက အမျိုးသမီးကို ကြည့်ပင် မကြည့်ဘဲ တည်တည်ငြိမ်ငြိမ်သာ ကျင့်ကြံနေသည်။

“နင့်ကို တောင်းပန်ပါတယ်…။ ငါ့ကို ဝင်ခွင့်ပြုပါ…” အမျိုးသမီးသည် ဝတ်စုံနက်နှင့်လူငယ်ကို ကြည့်ကာ ပြောနေ၏။ သူမမျက်လုံးထဲတွင်လည်း မျက်ရည်များ ပြည့်နှက်နေသည်။

ဝတ်ရုံနက်နှင့်လူငယ်က မျက်လုံးဖွင့်လာ၏။ သူက အေးစက်စက် ပြောလိုက်သည်။ “မရဘူး…”

အမျိုးသမီး၏ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ သူမသည် စကားဆက်ပြောရန် ပြင်သည်။ သို့သော် ထိုအခိုက်အတန့်၌ ကောင်းကင်ထက်မှ သက်ပြင်းချသံကို ကြားရသည်။ သည့်နောက် တောင်ထိပ်ပေါ်တွင် လှိုင်းတွန့်များပေါ်လာကာ ဝမ်လင်းသည် လှမ်းထွက်လာသည်။

ဝမ်လင်း ပေါ်လာသည်နှင့် ဝတ်စုံနက်နှင့်လူငယ်က စိတ်လှုပ်ရှားကာ လေးစားဟန် ဖြစ်ပေါ်၏။ သူက ထ၍ ဆိုသည်။ “ဆယ့်သုံးက ဆရာ့ကို နှုတ်ဆက်ပါတယ်…”

ထိုအမျိုးသမီးက ဝမ်လင်းကို တွေ့မြင်ရချိန်၌ သူ့အသွင်သည် ပို၍ ခါးသီးဟန် ဖြစ်ပေါ်လာသည်။ သို့သော် သူမက ဘာစကားမှ မဆိုပေ။

ဝမ်လင်းသည် ဆယ့်သုံးကို ခေါင်းညိတ်ပြ၏။ သူက အမျိုးသမီးကို နူးညံ့စွာ ကြည့်၍ ပြောသည်။ “လင်းအာ…နင့်အဘိုးနဲ့တွေ့ဖို့ ငါ့ကို ခေါ်သွားပေး..”

“အဘိုးလား…သူ…သူ အချိန်သိပ် မကျန်လောက်တော့ဘူး…” လင်းအာမျက်လုံးထဲမှ မျက်ရည်များ စီးကျလာ၏။

ဝမ်လင်း၏ မျက်လုံးထဲရှိ အပြစ်တင်စိတ်က ပို၍ အားကောင်းလာ၏။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းရာ လင်းအာနှင့်အတူ ပျောက်ကွယ်သွားတော့သည်။သူ ထွက်ခွာသွားသည့်နောက် တောင်ထိပ်မှ လှိုဏ်ဂူအတွင်းကနေ မျက်လုံးတစ်စုံသည် လင်းလက်သွားလေ၏။

ဝမ်လင်း၏မူလခန္ဓာကိုယ်(ရှေးဟောင်းနတ်ဘုရား)သည်လည်း မျက်လုံးဖွင့်လာ၏။ ကြယ်အမှတ်အသားနှင့်ဖျံသည် သူ့ပုခုံးထက်၌ ရှိနေ၏။၎င်းက ဝမ်လင်း၏ လည်တိုင်ကို မကြာမကြာ လျှာဖြင့် သပ်နေသည်။

ဟင်္သာငှက်နတ်ကလန်၏ မြို့တစ်မြို့ရှိ မြို့နံရံထက်တွင် ဆံပင်ဖြူအဘိုးအိုတစ်ယောက်သည် အရက်သောက်နေ၏။ သူ့မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ရှိနေသည်။

“ဒုတိယညီ၊ တတိယညီ…အစ်ကိုကြီးက မင်းတို့အပေါ် မကောင်းခဲ့ဘူး။ ငါ တောင်းပန်ပါတယ်…” အဘိုးအိုသည် တစ်ကျိုက်မော့ချပြန်၏။ အရက်များသည် အိုးထဲကနေ သူ့ပါးစပ်ထောင့်သို့ စီးဆင်းကာ ကျဆင်းနေသည့် မျက်ရည်များနှင့် ပေါင်းစပ်သွားတော့သည်။ မျက်ရည်နှင့်ရောသည့် အရက်က ပို၍ ခါးနေသလော။

သူ့နောက်တွင် လှိုင်းတွန့်တစ်ခု ပေါ်လာကာ ဝမ်လင်းနှင့်လင်းအာတို့ ပေါ်လာ၏။ လင်းအာသည် ထိုအဘိုးအို၏ ပုံပန်းအသွင်ကို တွေ့မြင်ရချိန်၌ သူမသည် မျက်ရည်ပိုဝဲလာမိ၏။ သူမသည် အဘိုးအိုထံမှ အရက်အိုးကို ယူရန် ပြင်၏။ သို့သော် ဝမ်လင်းက လှမ်းတားလိုက်သည်။

ဝမ်လင်းက သက်ပြင်းချကာ ထိုအဘိုးအိုနားသို့ လှမ်းလျှောက်သွားသည်။ သူသည် မြို့နံရံထက်တွင် ထိုင်ချကာ အရက်အိုးတစ်လုံးကို ကောက်ယူ၍ မော့သောက်ချလိုက်၏။

သည်အခိုက်အတန့်၌ မဟာမိတ်ကြယ်အဖွဲ့အစည်း၏ အလယ်ပိုင်း၊ မဟာမိတ်လက်ကျန်အင်အားစုများ ရှိနေသော နေရာတွင် ခြင်သားရဲဒါဇင်ချီအုပ်စုသည် ဖြတ်သန်းသွားသည်။ ယင်းခြင်သားရဲတို့၏မျက်လုံးများက နီရဲနေ၏။ ခြင်သားရဲများသာ အနံ့ခံနိုင်သည့် မွှေးရနံ့တစ်ခုသည်လည်း ပျံ့လွင့်နေသည်။ သည်ခြင်သားရဲများက ယင်းမွှေးရနံ့၏ ထိန်းချုပ်ခြင်းကို ခံထားရသည့်ပုံပေါ်သည်။

ခြင်သားရဲများ၏ ရှေ့၌ လူငယ်သုံးယောက်လည်း ရှိနေ၏။ သူတို့က ခြင်သားရဲအုပ်ကို သေချာ ခေါ်ဆောင်လာရင်း လက်ထဲတွင် ထူးဆန်းသည်အမွှေးတိုင်တစ်ခုစီကို ကိုင်ဆောင်ထားကြသည်။

သူတို့ထဲမှ တစ်ယောက်က လောဘအပြည့်ဖြင့် ပြောလာ၏။ “ဒီမဟာမိတ်ကြယ်အဖွဲ့အစည်းမှာ ဧရာမခြင်သားရဲတွေ ရှိနေလိမ့်မယ်လို့ ငါ ထင်တောင် မထင်ထားမိဘူး။ ငါတို့သုံးယောက်သာ ဒီခြင်သားရြတွေကို ခေါ်ဆောင်ပြီး အကြီးအကဲနဲ့ သွားတွေ့နိုင်ရင် ငါတို့ မြိုးမြိုးမြက်မြက် ဆုချီးမြင့်ခံရလိမ့်မယ်…”

သူ့လေဟန်က မဟာမိတ်မှ လူများနှင့် အနည်းငယ် ခြားနား၏။ သူသည် မဟာမိတ်ကြယ်အဖွဲ့အစည်း၏ ပြင်ပကနေ ရောက်လာခဲ့သည့်သူ တစ်ယောက်ကဲ့သို့ပင်။

***

Comment

Leave a Reply

Options

not work with dark mode
Reset