အလောင်းကောင်ကလန်သည် မဟာမိတ်၏ တောင်ပိုင်းဒေသတွင် တည်ရှိ၏။ ထိုဒေသ၏ အလယ်ဗဟိုချက်တွင် ခေါင်းတလား တစ်ခု ရှိနေသည်။လီရင်ကျစ်သည် ထိုခေါင်းတလား ရှေ့၌ ဒူးထောက်လျက် ရှိကာ သူမလက်ကို ရင်ဘက်ပေါ်သို့ တင်၍ တစ်ခုခုကို ရွတ်ဆိုနေသည်။ သူမရှေ့ရှိ ကျောက်စိမ်းပြားထံမှ အဖြူရောင်အလင်းကို ထုတ်လွှတ်ပေးနေသည်။
ထိုကျောက်စိမ်းပြားက သာမန်ပင်။ သို့သော် ၎င်းကျောက်စိမ်းပြားအတွင်းရှိ သတင်းက မဟာမိတ်ကြယ်အဖွဲ့အစည်းကို ကပ်ဘေးတစ်ခု ဖြစ်သွားစေနိုင်၏။ လူတိုင်းကို ရူးသွပ်သွားစေရန် လုံလောက်၏။ အထူးသဖြင့် အလောင်းကောင်ကလန်ကိုပင်။
လီရင်ကျစ်က နတ်လေးပါးကလန်ကနေ ပြန်ရောက်လာခဲ့ကတည်းက ဖြစ်ပျက်ခဲ့သမျှ အသေးစိတ်ကို ပြောပြခဲ့ပြီး ဖြစ်၏။ ထို့နောက် သူမသည် ကျောက်စိမ်းပြားကို လက်ကမ်းပေးခဲ့သည်။ မမြင်ရသောအားတစ်ခု ရုတ်တရပ် ပေါ်လာကာ ကျောက်စိမ်းပြားကို ခေါင်းတလားများ အလယ်သို့ ဆွဲယူသွားသည်။
ထို့နောက် အလယ်ရှိ အကြီးဆုံးခေါင်းတလားထဲမှ သွေ့ခြောက်သည့်လက်တစ်ဖက် ထွက်ပေါ်လာကာ ကျောက်စိမ်းပြားကို လှမ်းဆွဲယူ၏။
ထိုလက်ပေါ်၌ အနီ၊အနက်လိုင်းများ ရောထွေးယှက်တင် ဖြစ်နေသည်။ အနက်ရောင်က အရွတ်ဖြစ်၍ အနီရောင်သည် အသွေးအသား ဖြစ်၏။ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု ရောယှက်ကာ ထိုလက်သည် ရှေးဟောင်းအချိန်များကနေ ထွက်ပေါ်လာသကဲ့သို့ ရှေးကျသောအော်ရာကို ပေးစွမ်း၏။
ထိုလက်မောင်းထွက်ပေါ်လာခိုက်တွင် အဆုံးစွန်သောယင်စွမ်းအင်ပါ ပျံ့နှံ့လာကာ သည်ဧရိယာကို ရိုက်ခတ်သည်။ လီရင်ကျစ်သည်ပင် ၎င်းစွမ်းအင်ကို တောင့်မခံနိုင်ဖြစ်ရကာ နောက်သို့ ဆုတ်ရ၏။ သို့သော် သူမ၏အမူအရာမှာ အလွန်လေးစားဟန် ပေါက်နေသည်။
ထိုလက်က ကျောက်စိမ်းပြားကို ဖမ်းယူလိုက်ချိန်၌ ပြင်းထန်သည့်နတ်ဘုရားအာရုံတစ်ခုသည် ကျောက်စိမ်းပြားထဲသို့ ဝင်ရောက်လာသည်။ ထိုနတ်ဘုရားအာရုံက အစွမ်းထက်လွန်း၏။ ၎င်း ပေါ်လာသည်နှင့် လီရင်ကျစ်၏မျက်နှာမှာ ဖြူရောသွားသည်။ သူမ၏မူလစိတ်ဝိညာဉ်ပင် စတင် တုန်ခါလာရသည်။
ထိုနတ်ဘုရားအာရုံကနေ သွေးနံ့ခပ်ပြင်းပြင်း ထွက်ပေါ်နေ၏။
အမှန်တော့ သွေးနံ့ဟူ၍ မရှိပေ။သို့သော် ယင်းနတ်ဘုရားအာရုံက သင့်ကို သွေးနံ့အား ခံစားမိစေအောင် ပြုလုပ်စေနိုင်ခြင်း ဖြစ်၏။
“နင်…နင့်နာမည် ဘယ်လိုခေါ်လဲ…” အစွမ်းထက်နတ်ဘုရားအာရုံကနေ စကားထွက်လာ၏။
“တပည့်လီရင်ကျစ်က တတိယဘုရင်ကို နှုတ်ဆက်ပါတယ်…” လှပသောအမျိုးသမီးလီရင်ကျစ်သည် မြေပြင်ထက်တွင် ဒူးထောက်လျက် ရှိနေ၏။ သူမ၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှုနှင့် ပြည့်နှက်နေသည်။ သူမသည် အခုကျောက်စိမ်းပြားက တတိယဘုရင်ကို နိုးထစေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူမသည် တတိယဘုရင်၏ ဒဏ္ဌာရီအကြောင်းနှင့် ပတ်သတ်၍ တွေးမိချိန်၌ စိတ်ပူပန်မှုပင် ဖြစ်လာခဲ့သည်။မူလတုန်းက သူမသည် သည်ကျောက်စိမ်းပြားထဲရှိ သတင်းက တုန်လှုပ်မှု ဖြစ်စေနိုင်မည် ဖြစ်သော်လည်း ငါးယောက်မြောက်ဘုရင်လောက်ကိုသာ အများစုံး နိုးထစေလိမ့်မည်ဟု တွေးထင်ထားမိခဲ့သည်။
သို့ရာတွင် သည်သတ်ဖြတ်သူနတ်ဘုရားအာရုံ ပျံ့လွင့်လာချိန်၌ လီရင်ကျစ်သည် သူမက ကျောက်စိမ်းပြားထဲရှိ အလောင်းကောင်အပေါ် လျော့တွက်ခဲ့မိပြီဟု သိလိုက်သည်။
သူမသာမက တောင်ပိုင်းဒေသရှိ အလောင်းကောင်ကလန်မှ တပည့်များအားလုံးသည်လည်း သည်နတ်ဘုရားအာရုံက ဧရိယာတခွင်ကို ခြုံလွှမ်းလာသည်ဟု ခံစားမိကြ၏။ သူတို့သည် လုပ်လက်စအားလုံးကို ရပ်တန့်ကာ အလေးအမြတ်ပြုရန် ဒူးထောက်လိုက်ကြသည်။
“နင်က ဒီကျောက်စိမ်းပြားကို ယူဆောင်လာပေးခဲ့တာဟာ အရေးတကြီးလုပ်ဆောင်ချက်တစ်ခုပဲ။ နင် အလောင်းတွင်းနက်ထဲကို ဝင်နိုင်ခွင့်ရမယ်။ ငါက နင့်ကို တွင်းနက်ရဲ့ ခြောက်ထပ်မြောက်ထဲကို ဝင်ခွင့်ပေးပြီး အလောင်းကောင်တစ်ခုကို ရွေးယူခွင့်ပေးမယ်…”
သုန်မှုန်သည့်အသံမှာ လီရင်ကျစ်၏နားထဲသို့ တိုးဝင်လာ၏။ သူမသည် စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်နေသည်။ခြောက်ထပ်မြောက်ရှိ သမိုင်းဝင်အလောင်းကောင်များထဲမှ အချို့ကို တွေးမိနေရင်း လီရင်ကျစ်သည် အသက်ရှုပင် မမှန်နိုင် ဖြစ်ရ၏။
“ကျေးဇူးအများကြီးတင်ပါတယ်…တတိယဘုရင်…”
သုန်မှုန်သောအသံသည် ဖြည်းဖြည်းချင်း ပျံ့လွင့်လာ၏။ “နင် ဒီကျောက်စိမ်းပြားထဲမှ မှတ်တမ်းတင်ထားတဲ့ အလောင်းကောင် အကြောင်းသိလား…”
လီရင်ကျစ်သည် အနည်းငယ် စဉ်းစားကာ ချီတုံချတုံ ဖြစ်ပြီးနောက် ပြောလာသည်။ “တပည့်က အများကြီးတော့ မသိပါ။ ဒါပေမယ့် ဒီအလောင်းကောင်ဟာ ကမ္ဘာဦးအချိန်တွေတုန်းက ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်နိုင်တယ်လို့တော့ အကြမ်းဖျဉ်း ခန့်မှန်းမိပါတယ်…”
ရယ်မောသံ သံရှည်ထွက်ပေါ်ပဲ့တင်ထပ်လာ၏။ ထိုသုန်မှုန်သောအသံသည် အလွန်စိတ်လှုပ်ရှားဟန် ပေါက်နေသည်။ ရယ်မောသံ ပဲ့တင်ထပ်လာရင်း နတ်ဘုရားအာရုံကပါ အတက်အကျ ဖြစ်နေဟန် တူ၏။
“ရှေးဟောင်းနတ်ဘုရား…။ဒီခန္ဓာကိုယ်ဟာ တကယ့်ကို ရှေးဟောင်းနတ်ဘုရားရဲ့ ခန္ဓာကိုယ်ပဲ။ ဒါသာ သာမှန်ရှေးဟောင်းနတ်ဘုရားတစ်ပါး ဆိုရင် ကိစ္စသိပ်မရှိဘူး။ ဒါပေမယ့် မမျှော်လင့်လောက်အောင် ဒီအလောင်းဟာ ကြယ်ရှစ်လုံးတော်ဝင်ရှေးဟောင်းနတ်ဘုရား ဖြစ်နေတာပဲ…” အဆုံးသပ်၌ သူ့အသံထဲမှ လောဘသည် ကောင်းကင်ယံတုန်စေတော့၏။
“တော်ဝင်ရှေးဟောင်းနတ်ဘုရား…” လီရင်ကျစ်သည် မင်သက်သွားမိ၏။ သူမသည် မေးမြန်းခြင်းတော့ မပြုပေ။
“အလောင်းကောင်ကလန်ရဲ့ တပည့်အားလုံးကို ဆင့်ခေါ်လိုက်။ အလောင်းတွင်းနက်ရဲ့ ကိုးလွှာမြောက်ကို ဖွင့်လှစ်ပြီး အလောင်းခန္ဓာရှစ်ခုကို ထုတ်ယူဖို့အတွက် ကောင်းကင်နဲ့မြေကြီးရဲ့သွေးကို အသုံးပြု၊ အခုချိန်က အလောင်းကောင်ကလန်ရဲ့ ဘုရင်ကိုးပါးထဲက ရှစ်ယောက်လုံး ဦးဆောင်ရမယ့် အခါပဲ…”
“အကြီးအကဲအားလုံးကို အလောင်းကောင်ကလန်ရှိ ပြန်ဆင့်ခေါ်လိုက်။ ငါ့အလောင်းကောင်ကလန်က ဒီတော်ဝင်ရှေးဟောင်းနတ်ဘုရားရဲ့ အလောင်းကို ရကိုရရမယ်…”
တောင်ပိုင်းတစ်ခွင်တွင် မိုးကြိုးဟိန်းသံတစ်မျှ ထိုအသံသည် ပျံ့လွင့်လာ၏။ အလောင်းကောင်ကလန်ဝင်များအားလုံး ယင်းအသံကို ရှင်းရှင်းလင်းလင်း ခံစားမိကြသည်။ သူတို့သည် အမိန့်ကို အလျင်အမြန် လက်ခံကြရ၏။
ထို့အတွက်ကြောင့် တောင်ပိုင်းတစ်ခွင်တွင် မုန်တိုင်းထန်နေပြီဟု ဆိုနိုင်သည်။
“တပည့်ဟာ ဒီကျောက်စိမ်းပြားထဲက သတင်းအတွက်တော့ သေချာကြောင်း မပြောနိုင်ပါဘူး…” လီရင်ကျစ်သည် တုန်လှုပ်မိနေပေပြီ။ သူမသည် သည်သတင်းက အလောင်းကောင်ကလန်တစ်ခုလုံးကို တုန်လှုပ်စေမည်ကို သိထားခဲ့သော်လည်း အခုလောက်ထိတော့ ပြင်းထန်လိမ့်မည် မဟုတ်ဟု ထင်ထားမိခဲ့သည်။ အလောင်းကောင်ကလန်သည် အင်အားအကုန် လှုပ်ရှားမှု ပြုလာကြပေပြီ။
သည့်အတွက် သူမသည် မထိတ်လန့်မိဘဲ မနေနိုင်ဖြစ်ရ၏။ ထိုကျောက်စိမ်းပြားထဲရှိ အချက်အလက်ကသာ အမှန်ဖြစ်နေခဲ့ပါက ကိစ္စမရှိပေ။ သို့သော် သူမသည် ထိုသတင်းကို ယူလာပေးခဲ့သော်လည်း မသေချာပေ။ ထို့အတွက်ကြောင့် သည်သတင်းသာ အမှားဖြစ်နေခဲ့ပါက သူမသည် အံ့မခန်းအကျိုးဆက်ကို တောင့်ခံရပေလိမ့်မည်။ တကယ်တော့ သူသည် ကျောက်စိမ်းပြားကို ယူဆောင်လာပေးခဲ့သူ မဟုတ်လား။
“ပြဿနာမရှိဘူး။ ဟင်္သာငှက်နတ်အင်ပါယာက နင့်ကို ဒီကျောက်စိမ်းပြား ငါတို့ကလန်ဆီ ယူလာပေးဖို့ ပြောခဲ့တယ်မလား။ သူ့အဆင့်အတန်းနဲ့ ဒီသတင်းဟာ (၇၀)ရာခိုင်နှုန်းမှန်လိမ့်မယ်။ နတ်လေးပါးကလန်က သတင်းအမှားတွေကိုတော့ လွယ်လွယ်ကူကူ ဖြန့်မှာ မဟုတ်ဘူး။ ဒီလိုသာ သတင်းမှား ဖြန့်လိုကတော့ ဒါဟာ ငါတို့အလောင်းကောင်ကလန်၊ အလုံးစုံကောင်းကင်နဲ့ မဟာမိတ်လက်ကျန်အင်အားစုတွေကို ဆွပေးတာနဲ့ပဲ တူသွားလိမ့်မယ်…”
“ဒါပေမယ့်လည်း ငါ ကိုယ်တိုင် နတ်လေးပါးကလန်ကို သွားဖို့တော့ လိုပြီ…”
ကျောက်စိမ်းပြားနှစ်ခုက မရေမတွက်နိုင်သောလူများ၏ နှလုံးသားကို သက်ရောက်ခဲ့တော့၏။ မကြာခင်တွင် တစ်ခုခု ကြီးကြီးမားမား ဖြစ်ပျက်တော့လာပေတော့မည်။
အလားတူပင် မိုချီ ချူယွမ်နိုင်ငံသို့ ပြန်ရောက်လာချိန်၌ ကျောက်စိမ်းပြားသုံးခုကို အခြားအကြွင်းအကျန်မဟာမိတ်အင်အားစုသုံးခုသို့ ခပ်မြန်မြန် ပို့ပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် အလုံးစုံကောင်းကင်သည် တိုက်ပွဲများကို ရပ်စဲကာ ကျင့်ကြံသူများစွာသည် တိုက်ပွဲကွင်းပြင်ကနေ ပြန်ထွက်ခွာလာခဲ့ကြ၏။
အလောင်းကောင်ကလန်မှ လူများသည်လည်း အလောင်းရောင်းဝယ်ခြင်းများကို ရပ်တန့်ကာ သူတို့၏ကလန်သို့ အလျင်အမြန် ပြန်လာကြတော့၏။ ထိုပြောင်းလဲမှုများက မဟာမိတ်မှကျင့်ကြံသူများ၏ အာရုံကို ဖမ်းစားသွားသည်။
ထိုအရာများအားလုံးကို ဖြစ်စေခဲ့သည့် ဝမ်လင်းက ဟင်္သာငှက်နတ်ကလန်တွင် တည်ငြိမ်စွာပင် နေထိုင်နေ၏။သူက မီးတောင်အစွန်းဖျားတွင် ထိုင်ကာ တည်တည်ငြိမ်ငြိမ် ကျင့်ကြံနေလျက် ရှိသည်။
သူ့ဘေး၌ ဧရာမဖားပြုတ်ကြီးတစ်ကောင် ထိုင်နေ၏။ ယင်းဖားပြုတ်၏ ပတ်လည်တွင် လျှပ်စီးမိုးကြိုးတို့ တလက်လက် ဖြစ်နေ၏။ မိုးကြိုးဖားပြုတ်သည် သည်နေရာရှိ မြင့်မားသည့်အပူချိန်ကို ခံနိုင်ဟန် ရသည်။
စစ်ပွဲကြီးမကြာခင် ဖြစ်ပျက်တော့မည် ဖြစ်ရာ ဝမ်လင်းသည် သူ့အဖို့ အချိန်များစွာ မရတော့မှန်း သိ၏။ သူသည် သူ့မန္တာန်များကို တတ်နိုင်သမျှ မြန်မြန် တိုးတက်အောင် လုပ်ဖို့ လိုနေသည်။သို့မှသာ သူသည် နောက်ဖြစ်လာမည့် တိုက်ပွဲကြီးတွင် ရှင်သန်နိုင်ပေမည်။
တစ်ချိန်တည်းမှာပင် သူသည် အလောင်းကောင်ကလန်နှင့်အလုံးစုံကောင်းကင်မှ လွှတ်မည့် လူများကိုလည်း စောင့်ဆိုင်းနေသည်။ ဝမ်လင်းသည် မတူညီသောကျောက်စိမ်းပြားနှစ်ခုကို အင်အားစုနှစ်ခုထံသို့ ပို့ပေးခဲ့၏။ သူသည် ထိုအင်အားစုများက သူ့ထံသို့ လာတွေ့ကြမည်ဟုလည်း ယုံကြည်မှု ရှိနေပေသည်။
ဝမ်လင်း၏စိတ်က သာမန်တော့ မဟုတ်ပေ။ သို့သော် သူသည် အကြံအစည်များကို ပြုလုပ်ခဲ၏။ အရင်တုန်းက သူအကြံအစည်များ မချမှတ်ခဲ့ခြင်းမှာ သူ့အရင်တုန်းက အဆင့်အတန်းကြောင့် ဖြစ်ပေ၏။ သို့ရာတွင် အခု သူ့နောက်ကွယ်၌ နတ်လေးပါးကလန် ရှိနေပြီ ဖြစ်ရာ သူသည် အကြံအစည်များကို ဖွင့်ထုတ် အသုံးပြုနိုင်စွမ်း ရှိလာခဲ့ပေပြီ။
သူက လူတိုင်းကို ရှေးဟောင်းနတ်ဘုရားနှင့် ပတ်သတ်သည့် သတင်းကို ပွင့်လင်းစွာ ပြောပြခဲ့၏။ လူတိုင်းကလည်း ဝမ်လင်းထံ၌ အကြံရှိနေမည်ကို သိကြပေလိမ့်မည်။
ဝမ်လင်းသာ ဟင်္သာငှက်နတ်အင်ပါယာ ဖြစ်မလာခဲ့ဘဲ သည်သတင်းများကို ထုတ်ပြန်ခဲ့ပါက ဘာသက်ရောက်မှုမှ ရှိလိမ့်မည် မဟုတ်ပေ။ ထိုအစား သူက သူ့ကိုယ်သူအတွက် ဘေးဒုက္ခများ လက်ယက်ခေါ်သလိုသာ ဖြစ်ပေမည်။ အလောင်းကောင်ကလန် ဖြစ်စေ၊ အလုံးစုံကောင်းကင်ဖြစ်စေ သူတို့က သူ့အား အရင်ဆုံးဖမ်းခေါ်ကာ မေးခွန်းများ မေးမည်သာ ဖြစ်၏။
သို့သော် ခုချိန်၌ အလောင်းကောင်ကလန်ဖြစ်စေ၊ အလုံးစုံကောင်းကင်ဖြစ်စေ သူတို့၌ ထိုသို့ ပြုလုပ်နိုင်စွမ်း ရှိတော့မည် မဟုတ်ပါ။ တကယ်တော့ သူတို့သည် ဆန်းကြယ်လှသောနတ်လေးပါးကလန်အပေါ် စိုးရွှံ့ကြသည်သာ မဟုတ်လော။
ထို့အတွက်ကြောင့်လည်း ဝမ်လင်းက သည်သတင်းကို ဖြန့်ဝံ့ခြင်း ဖြစ်၏။
အလားတူပင် ဝမ်လင်းက သူ့ပုံရိပ်ဖြစ်သည့် ရှေးဟောင်းနတ်ဘုရားတစ်ပါးဟူသော အချက်သည် မဟာမိတ်၏အစွမ်းထက်ကျင့်ကြံသူများကြား လျို့ဝှက်ချက်တစ်ခု မဟုတ်တော့မှန်း သိ၏။ တကယ်တော့ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ ဝမ်လင်းက သူ့စွမ်းအားအကုန်ကို ပြသခဲ့သည် မဟုတ်လား။
တာဆန်နှင့် ပတ်သက်၍ သူ ဖြန့်ဝေခဲ့သော သတင်းမှာလည်း အမှန်ပင် ဖြစ်၏။ သူတို့ ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ ရှေးဟောင်းနတ်ဘုရားကုန်းမြေသို့ ရောက်ရှိိလာသည်နှင့် ချက်ခြင်း အမှန်လား၊အမှားလား ကွဲပြားသွားပေမည်။
“အလုံးစုံကောင်းကင်၊ အလောင်းကောင်ကလန်၊ ကျင့်ကြံခြင်းမဟာမိတ်…။ ဒီအင်အားစုသုံးခုက တာဆန်နဲ့ ရင်ဆိုင်နိုင်စွမ်း ရှိမလား ငါ သိချင်မိတယ်…”
ဝမ်လင်းက အနည်းငယ် စဉ်းစားနေ၏။ ထို့နောက် သူက သည်ကိစ္စကို ဆက်တွေးမနေတော့ပေ။
အမှန်တော့ သည်အင်အားစုကြီးသုံးခုကို ဟင်္သာပြဒါးဂြိုဟ်ပေါ်သို့ ဆွဲဆောင်ခြင်းက သူ့အစီအရင်၏ ပထမဆုံးအစိတ်အပိုင်းတစ်ခုသာ ဖြစ်သေး၏။ အမှန်တော့ သူ့ထံ၌ သေချာသည့် နောက်ထပ်အစီအစဉ်တစ်ခု ကျန်ရှိနေသေးပေသည်။
အသက်ဝဝရှုသွင်းကာ ဝမ်လင်းသည် သူ့ဘေးနားရှိ မိုးကြိုးဖားပြုတ်ကို မော့ကြည့်၏။ ဖားပြုတ်သည် အိပ်ပျော်နေဟန် ရသည်။ သို့သော် ၎င်း၏ခန္ဓာကိုယ်ထဲသို့ မီးမူလစွမ်းအင်တန်းများ ဝင်ရောက်လို့နေသည်။
မိုးကြိုးဖားပြုတ်နှင့်ခြင်သားရဲတို့ကို နတ်လေးပါးကလန်သို့ သူ ရောက်ရှိလာချိန်၌ သူက ၎င်းတို့ကို ကိုယ့်ဟာကိုယ် ကျင့်ကြံရန် လွှတ်ထားပေးခဲ့၏။ မနေ့က မိုးကြိုးဖားပြုတ်သည် လိပ်နက်နတ်ကလန်နှင့်အတူ ရောက်လာခဲ့ကာ သူတို့၏ ဆက်နွှယ်မှုအရ ဝမ်လင်းကို ရှာတွေ့ခဲ့၏။
“ခြင်သားရဲလည်း ရောက်လာသင့်နေပြီ။ ဒီကောင်က ဘာကြောင့် ငါ့ ရှိ ရောက်မလာသေးတာလဲ။ အဇူရာနဂါးနတ်ကလန်က သူတို့ ခြင်သားရဲ သူတို့ရှေ့တင် ထွက်လာခဲ့တာ မြင်ခဲ့တယ်လို့လည်း ပြောခဲ့တယ်။ ဒီခြင်သားရဲက နတ်ကလန်ရဲ့အကြီးအကဲတွေလောက် မမြန်နိုင်ပေမယ့်လည်း အခုချိန်လောက်ဆို ရောက်သင့်နေပြီ…” ဝမ်လင်းသည် စဉ်းစားနေရင်း မျက်မှောင်ကြုတ်မိနေ၏။ သူက သူ့စိတ်ထဲရှိ သံသရကို ဖိနှိပ်လို့ထား၏။
“ထားလိုက်ပါတော့လေ…ခြင်သားရဲက ကစားတာ လွန်နေတာ ဖြစ်မယ်။ ဒါ့ကြောင့် သူက ရက်အနည်းငယ်လောက် နောက်ကျနေတာ နေမှာ…” ဝမ်လင်းသည် သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူ့ခန္ဓာကိုယ်သို့ လက်ညွှန်၏။ သူ့မျက်နှာသည် ထူးဆန်းစွာ နီရဲလာသည်။ နာကျင်မှုအရိပ်အယောင်လည်း သူ့မျက်နှက်ထက်တွင် ပေါ်နေသည်။
ဝမ်လင်း၏မီးမူလစွမ်းအင်ကို ထိန်းချုပ်မှုဖြင့်ပင် သူ့အဖို သည်အပူကို ခက်ခက်ခဲခဲ တောင့်ခံနေရ၏။ ယင်းအပူက သူ့ကိုပင် ချွေးပြန်လာစေ၏။သူ့နှဖူးထက်၌ ချွေးသီးချွေးပေါက်များ ရွှဲနေလေပြီ။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက လေပူတစ်ချက် မှုတ်ထုတ်၏။အနီရောင်အလင်း ဖျပ်ခနဲ လင်းလက်သွား၏။ သူ့ရင်ဘက်ကနေ ဓားကျိုးတစ်ခု တဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
***