Switch Mode

အပိုင်း(၁၁၄၉)

တာဆန်ကြောင့် ဖြစ်သော အုတ်အော်သောင်းနင်း

“ငါကိုယ်တိုင်လည်း ဒီအံ့မခန်းစွမ်းအားရဲ့ အောက်မှာ ခဏတာ စိတ်ဝေဝါးသွားခဲ့ရတယ်။ အစတုန်းက ငါ ထင်ခဲ့တာက ခဏတာပေါ့။ ဒါပေမယ့် ဒီခဏတာဟာ သုံးလတိတိ ကြာခဲ့တာပဲ…”

“ငါ သုံးလလောက် သတိလွတ် စိတ်ဝေဝါးတဲ့အခြေအနေကနေ နိုးထလာတဲ့နောက် သတိဝင်လာတဲ့နောက်မှာ ကောင်းကင်ဘုံနယ်မြေဟာ ပြိုပျက်နေခဲ့ပြီး ဖြစ်နေတယ်…”

“အဇူရာနတ်နဂါးအင်ပါယာသစ်က ငါ့စကားကို နားမထောင်ခဲ့ဘဲ ကောင်းကင်ဘုံနယ်မြေကို စစ်ဆေးကြည့်ဖို့ သွားခဲ့တယ်လေ။ အဲ့နောက် သူလည်း ဘယ်တော့မှ ပြန်မလာခဲ့တော့ဘူး…”

“နောက်ထပ် နှစ်ရာချီ ကုန်ဆုံးသွားခဲ့တယ်။ ကောင်းကင်ဘုံနယ်မြေ ပျက်စီးသွားခဲ့တဲ့အတွက်ကြောင့် တောက်ပသောလေဟာနယ်နယ်မြေဟာ ကဗြောင်းကဗျန်တွေ ဖြစ်ကုန်ကြတယ်။ အဲ့နောက်မှာ ကျင့်ကြံခြင်းမဟာမိတ်ဆိုတဲ့ အဖွဲ့အစည်းကြီး တစ်ခု ပေါ်လာခဲ့ပြီး ဒီအဖွဲ့နောက်မှာတော့ တောက်ပသောလေဟာနယ်နယ်မြေက အရိပ်တစ်ခု ဖြစ်ခဲ့တယ်…”

“ကျင့်ကြံခြင်းမဟာမိတ်ကအမည်မသိ နည်းလမ်းအချို့ကို အသုံးပြုပြီး မိုးကောင်းကင်ဘုံနယ်မြေရဲ့ အမွေအနှစ် အများစုကို ရရှိလာခဲ့တယ်။အစတုန်းကတော့ ငါလည်း အဇူရာနဂါးနတ်အင်ပါယာ သတင်းကို စုံစမ်းဖို့အတွက် ပြိုပျက်နေတဲ့ ကောင်းကင်ဘုံနယ်မြေရှိ သွားခဲ့ချင်သေးတယ်။ ဒါပေမယ့် ငါ့တတိယကောင်းကင်ဘုံဒုက္ခအဆင့်ဟာ ထင်ထားတာထက် နှစ်အများကြီး စောပြီး ရောက်ရှိလာခဲ့တော့တယ်။ဒီတော့ ငါက တံခါးပိတ်ကျင့်ကြံဖို့ လိုခဲ့ပြီ။ဒါပေမယ့် အဲ့အချိန်မှာပဲ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့က နတ်လေးပါးကလန်ကို တရကြမ်း တိုက်ခိုက်လာတော့တာပဲ…”

“လိပ်နက်နတ်အင်ပါယာကလည်း ငါတို့ကို သစ္စာဖောက်ခဲ့ပြန်တယ်။ ငါက သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိစေနိုင်ခဲ့ပေမယ့်လည်း ငါ့တတိယကောင်းကင်ဘုံဒုက္ခကြောင့် ငါက သူ့ကို သတ်နိုင်စွမ်း မရှိခဲ့ဘူး…”

“ကျားဖြူနတ်အင်ပါယာကတော့ တိုက်ပွဲအတွင်းမှာ သေဆုံးခဲ့ပြီး သူ့အလောင်းတောင် လုယူခြင်းခံခဲ့ရတယ်…”

“ဉာဏ်နည်းပြီး အဓိပ္ပာယ်မရှိတဲ့အရာကတော့ ကျင့်ကြံခြင်းမဟာမိတ်ဟာ ဆုံးရှုံးမှုကြီးမားခဲ့ပေမယ့်လည်း သူတို့က ဒီစစ်ပွဲရဲ့အကြောင်းရင်းမှန်ကို မသိကြတာပဲ။ သူတို့က ဒီစစ်ပွဲဟာ တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်းကို ပိုင်ဆိုင်နိုင်ဖို့ သပ်သပ်အတွက် ဖြစ်တယ်လို့ပဲ အမြဲတွေးထင်ခဲ့ကြတယ်…”

“သူတို့က ဒါဟာ တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်းကို အုပ်စိုးနိုင်သူ ဖြစ်လာဖို့အတွက်ကြောင့် မဟုတ်ဘူးဆိုတာကို မသိခဲ့ကြဘူး။ သူတို့က လိပ်နက်အင်ပါယာကို အမည်မသိနည်းလမ်းအချို့ အသုံးပြုပြီး ငါတို့ကို သစ္စာဖောက်စေခဲ့တယ်။ အဲ့နောက်မှာတော့ သူတို့ဟာ ငါတို့နတ်လေးပါးကလန်ရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့သွားခဲ့ကြတာပဲ…”

“ဒါပေမယ့်လည်း တောက်ပသောလေဟာနယ်နယ်မြေက လျှို့ဝှက်ချက်တစ်ခုကိုသာ သိခဲ့ပြီး ငါတို့နတ်လေးပါးကလန်ရဲ့ မူလကျင့်ကြံခြင်းဂြိုဟ် တည်နေရာကိုတော့ မသိခဲ့ဘူး။ တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်းဟာ ကျယ်ပြောလွန်းလှတယ်။ ဒါ့ကြောင့် ကျင့်ကြံခြင်းဂြိုဟ်တစ်ခုကို ရှာတွေ့နိုင်ဖို့ ခက်ခဲလွန်းတယ်ဆိုတာ ပုံမှန်ပဲ…”

“နတ်လေးပါးကလန်ရဲ့ ပထမမျိုးဆက်နတ်အင်ပါယာတွေရဲ့ သဘောတူညီချက်အရ ဟင်္သာငှက်နတ်အင်ပါယာမျိုးဆက်တိုင်းကသာ ဒီဂြိုဟ်ရဲ့ တိကျတဲ့တည်နေရာကို သိနိုင်ခဲ့တယ်…”

“ဒီအတွက်ကြောင့် မဟာမိတ်နဲ့နတ်လေးပါးကလန်ကြားက စစ်ပွဲဟာ စတင်ခဲ့တော့တာပဲ…”

“ဒီလို အန္တရာယ်တွေ ဖြစ်လာမှတော့ ငါက တော်ဝင်ရတနာလေးခုနဲ့ သူတို့ကို တုံ့နှေးမနေဘဲ ခြိမ်းခြောက်ခဲ့ရတော့တယ်။ ငါက ဘာတန်ဖိုးမဆို ပေးဆပ်ဖို့ ဆန္ဒရှိနေခဲ့တယ်။ ဒါပေမယ့်လည်း ငါက ဒီလျှို့ဝှက်ချက်ကို ငါ့စွမ်းအားနဲ့တောင် ထိန်းသိမ်းနိုင်စွမ်း မရှိခဲ့ဘူး။တကယ်တော့ ဒါဟာ နတ်လေးပါးကလန်သားအားလုံးရဲ့ သေရေးရှင်ရေးနဲ့ ဆက်နွှယ်နေတာပဲ…”

“အဆုံးသပ်မှာတော့ ငါက သူတို့ကို ဂြိုဟ်ရဲ့တည်နေရာကို ပြောပြခဲ့ရတော့တာပေါ့။ တောက်ပသောလေဟာနယ်နယ်မြေကလည်း နတ်လေးပါးကလန်ရဲ့ တော်ဝင်ရတနာလေးခုအပေါ် စိတ်ပူပန်ခဲ့ရတယ်။ ငါ သူတို့ကို ပြောပြခဲ့တဲ့ လျှို့ဝှက်ချက်ထဲမှာ အရာများစွာ ပါဝင်နေခဲ့တယ်။ဒါ့ကြောင့် သူတို့ဟာ ဒါကို စစ်မှန်ကြောင်း တိတိကျကျ သိနိုင်စွမ်း မရှိခဲ့ကြတော့ဘူး။အဲ့နောက်မှာတော့ ဒီစစ်ပွဲကြောင့် နတ်လေးပါးကလန်ဟာ တဖြည်းဖြည်း အဆုံးသပ်သွားတော့တာပဲ။ငါက နတ်လေးပါးကလန်ကို ရှောင်ပုန်းလို့ရအောင် ခေါ်သွားခဲ့တယ်။ ဒါပေမယ့် ငါက ဒဏ်ရာပြင်းထန်လွန်းနေပြီ။ ဒါပေမယ့်လည်း ငါ မသေချင်သေးခဲ့ဘူး။ တကယ်တော့ ငါသာ အဲ့အချိန်က သေသွားခဲ့ရင် နတ်လေးပါးကလန်ဟာ အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်မှာ။ဒါ့အပြင် ငါဟာ လျှို့ဝှက်ချက်ကို အမွေအနှစ်ဆက်ခံစေမယ့် သူ တစ်ယောက်ယောက်ကိုလည်း ရှာမတွေ့ခဲ့သေးဘူး…”

“ငါက မန္တာန်တစ်ခုကြောင့် အသက်ဆက်ရှင်အောင် လုပ်နိုင်စွမ်း ရှိခဲ့တယ်။ ငါ မဖြတ်ကျော်နိုင်ခဲ့တဲ့ ငါ့တတိယကောင်းကင်ဘုံဒုက္ခရဲ့ နာကျင်မှုကိုလည်း တင်းခံခဲ့တယ်။ အခုတော့ နောက်ဆုံးမှာ ငါ လွတ်လပ်တော့မှာပါ…”

သက်လတ်ပိုင်းလူ၏ ပုံရိပ်မှာ တဖြည်းဖြည်း အဝေးသို့ ရောက်ရှိသွား၏။သို့‌သော် သူ့အသံက ဝမ်လင်း၏ စိတ်ထဲတွင် အချိန်အတန်ကြာ ပဲ့တင်ထပ်နေခဲ့သည်။

“ဝမ်လင်း…ငါ ပြောခဲ့တာတွေကို ကောင်းကောင်းမှတ်ထားပါ။ဒါဟာ နတ်လေးပါးကလန်ရဲ့ အနက်ရှိုင်းဆုံးလျှို့ဝှက်ချက်လည်း ဖြစ်တယ်။ ပထမမျိုးဆက်နတ်အင်ပါယာတွေက ဒီမူလဂြိုဟ်နဲ့ပတ်သတ်လို့ ဘာကြောင့် အရေးတကြီး ရှိခဲ့မှန်း ငါ မသိဘူး။ ဒါပေမယ့် ဒါကို ကောင်းကောင်းမှတ်ထားပါ…”

“နတ်လေးပါးကလန်တစ်ခုလုံးက ဂြိုဟ်တစ်ခုကနေ လာခဲ့ကြတာ။ မင်း ဒါကို တံခါးတစ်ချပ်လို့ တွေးကြည့်နိုင်တယ်။ ဒီတံခါးကို ပထမမျိုးဆက်နတ်အင်ပါယာလေးယောက်က လေးခု ပိုင်းခြားထားခဲ့ပြီး ကျင့်ကြံခြင်းဂြိုဟ်လေးခုအတွင်းမှာ ဖုန်းကွယ်ထားခဲ့ကြတယ်။ နောက်ပြီး ဒီဂြိုဟ်လေးခုဟာ မတူညီတဲ့ဒေသတွေမှာ ပြန့်ကြဲတည်ရှိခဲ့တယ်။ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ ပျောက်ကွယ်သွားတဲ့နောက် လောကကို ကောင်းကင်ဘုံနယ်မြေလေးခုအဖြစ် ပိုင်းခြားထားခဲ့တယ်။ ဒါ့ကြောင့် ဒီဂြိုဟ်လေးခုဟာ မတူညီတဲ့ကြယ်အဖွဲ့အစည်းလေးခုအတွင်းမှာ တစ်ခုစီအဖြစ် အဆုံးသပ်သွားခဲ့ကြတယ်…”

“တောက်ပသောလေဟာနယ်နယ်မြေက ဒီဂြိုဟ်လေးခုထဲက တစ်ခုကို သိထားခဲ့ကြတယ်ဆိုတာ ငါ ပြောခဲ့ပြီးပြီး။ အဲ့ဒီဂြိုဟ်ကတော့ မင်းရဲ့မွေးရပ်မြေဂြိုဟ် ဟင်္သာပြဒါးဂြိုဟ်ပဲ။ အခြားတည်နေရာသုံးခုအတွက်ကတော့ ငါလည်း သေချာမသိတော့ဘူး။ ဒါပေမယ့်လည်း အဲ့တခြားတည်နေရာသုံးခုအတွက် ကြယ်မြေပုံသုံးခုကို မှတ်သားထားပါ…”

သက်လတ်ပိုင်းလူ၏ ပြောစကားသည် ဝမ်လင်းစိတ်ထဲသို့ ဝင်ရောက်လာရင်း ရှေးဟောင်းကြယ်မြေပုံသုံးခုသည်လည်း ယင်းစကားများနှင့်အတူ သူ့စိတ်ထဲ၌ ပေါ်လာတော့သည်။

သည်အခိုက်အတန့်၌ ဝမ်လင်းသည် တုန်လှုပ်မိသည်။ သူသည် နတ်လေးပါးကလန်၌ အခုလိုမျိုး လျှို့ဝှက်ချက်တစ်ခု ရှိနေလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ ထို့အပြင် သူက သူမွေးဖွားခဲ့သည့် ဟင်္သာပြဒါးဂြိုဟ်မှာ အတိတ်တုန်းက မဟာမိတ်၊တောက်ပသောလေဟာနယ်နယ်မြေနှင့်နတ်လေးပါး ကလန်တို့ကြား စစ်ပွဲကို ဖြစ်စေခဲ့သည့် သော့ချက် ဖြစ်နေလိမ့်မည်ဟုလည်း လုံးဝ မမျှော်လင့်ထားမိခဲ့ပေ။

“နတ်အင်ပါယာဟောင်းရဲ့ ကိုယ်ပွားတွေထဲက တစ်ယောက်က ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာ ရှိနေခဲ့တာ အံ့ဩစရာ မရှိတော့ဘူးပဲ။ မိုချီရဲ့ ဆရာကလည်း သူ့ကို ဟင်္သာပြဒါးဂြိုဟ်ကို စောင့်ကြည့်စေဖို့ တာဝန်ပေးခဲ့တာလည်း အံ့အားသင့်စရာ မရှိတော့ဘူး။ မိုချီဆရာက သာမန်ပုဂ္ဂိုလ် ဟုတ်မနေမှာ ငါ စိုးမိတယ်။ သူက ဒီလျှို့ဝှက်ချက်ကိစ္စရဲ့ သဲလွန်စအချို့ကို ဘယ်လိုများ သိခဲ့လဲ ငါ သိချင်မိတယ်…”

“လျိုမေ ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာ ပေါ်လာခဲ့တာလည်း အံ့အားသင့်စရာ မရှိတော့ဘူး။ တက်တူးကလန်လည်း ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာ ရှိနေခဲ့တာပဲ…”

နတ်အင်ပါယာဟောင်းသည် အဝေးသို့ ထွက်သွားနေရာကနေ ရုတ်တရပ် ရပ်တန့်သွား၏။ သူက ဝမ်လင်းထံသို့ နူးညံ့စွာ ပြန်ကြည့်ကာ ပြောလာသည်။ “ဖိအားက ကြီးမားလွန်းနေရင်…နတ်လေးပါးကလန်က အတိတ်က တောက်ပအောင်မြင်မှုကို ပြန်ရဖို့ မျှော်လင့်ချက်မရှိခဲ့တော့ရင် ကောင်းကင်နဲ့မြေကြီးက နတ်လေးပါးကလန်ကို တကယ်ဖျက်စီးချင်ခဲတယ်ဆိုရင်တော့…မင်းကိုယ်မင်း အတင်းဖိအားပေးဖို့ မလိုပါဘူး…”

ထိုနောက်ဆုံးစကားများကို ချန်ထားခဲ့ပြီးနောက် သူသည် ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်း၏အထီးကျန်ပုံရိပ်သည် သည်ကြယ်ကွင်းပြင်အစပ်တွင် ထီးတည်းဖြစ်ကျန်ခဲ့၏။ သူသည် သူမတွေးနိုင်သည့်အရာများကို သိခဲ့ခြင်းကြောင့် တုန်လှုပ်မိနေရသည်။ အချိန်အတန်ကြာပြီးမှ သူသည် ပြန်ကောင်းမွန်လာတော့၏။

ခုချိန်၌ အလင်းတန်းတစ်ခုသည် အနောက်ပိုင်းဒေသ မိုးကြိုးကောင်းကင်ဘုံနယ်မြေ ပိုင်ဆိုင်သည့် လွင့်မြောနေသောနန်းတော်ကြီးတစ်ခု ရှိရာသို့ ပျံသန်းတိုးဝင်လာနေသည်။

ထိုအလင်းတန်းထဲ၌ ပုံရိပ်တစ်ခုရှိ၏။ယင်းပုံရိပ်မှာ မူလစိတ်ဝိညာဉ်တစ်ခုပင်။ ထိုမူလစိတ်ဝိညာဉ်သည် ဝေဝါးလွန်းနေ၏။ အနီရောင်လိုင်းများကလည်း သူ့မူလစိတ်ဝိညာဉ်ခန္ဓာကိုယ်အနှံ့တွင် ပျံ့နှံ့နေသည်။ တုန်လှုပ်ဖွယ်ရာတည်း။

မူလစိတ်ဝိညာဉ်၏ မျက်နှာထက်၌ ထူးဆန်းသာအပြုံးတစ်ခု ရှိနေ၏။ သူက အတော်လေး ကျေနပ်မှု ခံစားနေရသည့်အလား။ သို့သော် သူ့မျက်လုံးထဲတွင် ကြောက်ရွှံ့မှုနှင့်ဆောက်တည်ရာမရမှုတို့သာ ကြီးစိုးနေပြန်သည်။

“အရှင်မီးတောက်…ငါ့ကို ကယ်ပေးပါ…” သူ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်နားသို့ ရောက်လာခါစချိန်၌ မူလစိတ်ဝိညာဉ်သည် စူးရှရှအသံကို ပို့လွှတ်သည်။

ချက်ခြင်းပင် နန်းတော်ထဲကနေ ပုံရိပ်များစွာ ထွက်လာကြ၏။ ရှေ့ဆုံးမှလူသည် မီးတောက်များနှင့် ပြည့်နှက်၏။ သူသည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ အရှင်မီးတောက် ဖြစ်ချေသည်။

သူက ခြေတစ်လှမ်းလှမ်းလိုက်ရုံဖြင့် မူလစိတ်ဝိညာဉ်နားသို့ ရောက်ရှိသွားသည်။ သူ့ဟန်ပန်က အလေးအနက် ဖြစ်သွား၏။ သူက သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ မူလစိတ်ဝိညာဉ်ကို ဆွဲကိုင်လိုက်သည်။

သူ့ဘယ်လက်ဖြင့် မူလစိတ်ဝိညာဉ်ထံသို့ အကြိမ်များစွာ ခပ်သွက်သွက် လက်ညွှန်ပြန်၏။ သူ လက်ညွှန်လိုက်တိုင်း များပြားလှသည့်မူလစွမ်းအင်တို့မှာ မူလစိတ်ဝိညာဉ်ထံသို့ ဝင်ရောက်သွားသည်။

အနီရောင်လိုင်းများက ကျုံ့သွား၏။ သို့သော် မည်သို့ပင်ဖြစ်စေ ၎င်းအနီရောင်လိုင်းများသည် လီယွမ်ဇီ၏မူလစိတ်ဝိညာဉ်ခန္ဓာကိုယ်ကနေ လွတ်ထွက်လာခဲ့ခြင်းတော့ ရှိမနေပေ။

မူလစွမ်းအင် သူ့မူလစိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်နေရင်း လီယွမ်ဇီသည် တဖြည်းဖြည်း သက်သာလာ၏။ သူက ခပ်သွက်သွက် ပြောလာသည်။ “ပြန်လာတဲ့လမ်းမှာ…အလောင်းကောင်ကလန်ရဲ့ လူ ချောင်းမြောင်းတိုက်ခိုက်တာ ခံခဲ့ရတယ်…” သူ့စကားမဆုံးသေးခင်မှာပင် မူလစွမ်းအင်နှင့် ဖိနှိပ်ထားသည့် အနီရောင်လိုင်းများသည် စတင် ရုန်းကြွလာ၏။လီယွမ်ဇီသည် စကားပြောနေရာကနေ ချက်ခြင်းတန့်သွား၏။ သူ့မျက်လုံးထဲတွင်လည်း စိတ်ရှုပ်ထွေးမှု ဖြစ်ပေါ်လာသည်။

သူ့စကားစက အဆုံးမသပ်သေးသော်လည်း သူ့စကားလုံးများသည် ရောက်ရှိလာကြသည့် အကြီးအကဲများ၏ နားထဲသို့ ရှင်းရှင်းလင်းလင်း တိုးဝင်လာတော့သည်။ သူတို့၏အသွင်ဟန်ပန်များသည် ချက်ခြင်းပင် သုန်မှုန်လာတော့၏။

“အလောင်းကောင်ကလန်…”

အရှင်မီးတောက်သည် မျက်မှောင်ကြုတ်၏။ သူသည် လီယွမ်ဇီနှင့်မျက်ခုံးနှစ်ခုကြားတွင် ကြမ်းတမ်းစွာ ညွှန်၏။ လီယွမ်ဇီသည် တုန်ယင်သွားကာ သူ့အသိ ပြန်ရရှိလာ၏။

အရှင်မီးတောက်သည် လှမ်းအော်၏။ “လီယွမ်ဇီ…ရှင်းရှင်းလင်းလင်း ပြော။ အလောင်းကောင်ကလန်က ဘာကြောင့် မင်းကို တိုက်ခိုက်ခဲ့ရတာလဲ…”

“ဟင်္သာငှက်နတ်အင်ပါယာက ဝမ်လင်းပဲ။ သူက ငါ့ကို ကျောက်စိမ်းပြားတစ်ခု ကမ်းပေးချင်ခဲ့တယ်။ အပြန်လမ်းမျာ ငါဟာ အလောင်းကောင်ကလန်ရဲ့လူ အလစ်တိုက်ခိုက်တာကို ခံခဲ့ရပြီး ခုနစ်ခုမြောက်ကောင်းကင်အဆိပ် သင့်ခဲ့ရတယ်…”

လီယွမ်ဇီသည် စစ်ထူနန်ထက် ကျင့်ကြံမှုအဆင့် ပိုမြင့်သော်လည်း သူသည် နိဗ္ဗာနဖြိုခွဲခြင်းအဆင့်သို့ မရောက်ရှိသေးပေ။ ခုချိန်၌ သူ့ခန္ဓာကိုယ်မှာလည်း ရှိမနေခဲ့တော့ပေ။ သူက စစ်ထူနန်ကဲ့သို့လည်း အဆိပ်ကို ဖိနှိပ်နိုင်သည့် အခြားနည်းလမ်းများကို ရှာနိုင်သည့် အရည်အချင်းလည်း ရှိမနေခဲ့ပေ။

အမျိုးမျိုးသောအကြောင်းရင်းများကြောင့် လီယွမ်ဇီကိုယ်ထဲရှိ အဆိပ်သည် အတော်လေး ကြမ်းလာခဲ့၏။

လီယွမ်ဇီက ပြောလိုက်ရင်း သူ့ညာလက်ကို ရုန်းကန်ကာ သူ့ရှေ့ရှိ လေဟာနယ်ထဲသို့ ဆန့်ထုတ်၏။ အက်ကြောင်းတစ်ခုပေါ်လာပြီး ကျောက်စိမ်းပြားတစ်ခု ပျံသန်းထွက်လာသည်။

ထိုသို့ပြုလုပ်ပြီးသည့်နောက် သူက သူ့ခန္ဓာကိုယ်ထဲရှိ အဆိပ်ကို ဆက်လက် တောင့်မခံနိုင်တော့ချေ။ သူသည် မူလစွမ်းအင်အဆီအနှစ်ကို အန်ထုတ်လိုက်ရပြီးနောက် သတိလစ်သွားတော့၏။

အရှင်မီးတောက်သည် ကျောက်စိမ်းပြားကို ဖမ်းယူကာ သူ့နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်၏။ အရှင်မီးတောက်ကဲ့သို့ လူ၏ စိတ်အင်အားဖြင့်ပင် သူ့အသွင်သည် ကြီးစွာ ပြောင်းလဲသွားသည်။ သူ့မျက်လုံးသည် တောက်ပလာချေ၏။

“ဒီ…ဒီသတင်းက…”

အရှင်မီးတောက်က မင်သက်သလို ခံစားမိနေ၏။ သူသည် ကျောက်စိမ်းပြားထဲရှိ အကြောင်းအရာကို သေချာရန် ထပ်မံ စစ်ဆေးကြည့်ပြန်သည်။ သည်အခိုက်အတန့်၌ အကြီးအကဲအားလုံး၏အကြည့်က သူ့ထံသို့ ကျရောက်နေသည်။

အရှင်မီးတောက်သည် သူ့ညာလက်ကို ဝေ့ယမ်းကာ ကျောက်စိမ်းပြားကို သူ့ဘေးရှိ အဘိုးအိုထံသို့ လွှဲပေးလိုက်၏။ ထိုအဘိုးအိုက သူ့နတ်ဘုရားအာရုံဖြင့် ၎င်းကို စစ်ဆေးကြည့်ရာ အလေးအနက် ဖြစ်လာခဲ့သည်။ ထို့နောက် သူ့အသွင်သည် ကြီးစွာ ပြောင်းလဲသွား၏။

ကျောက်စိမ်းပြားကို စစ်ဆေးကြည့်ဖို့ သည်နေရာရှိ အကြီးအကဲများအားလုံးအတွက် အချိန်သိပ်မကြာလိုက်ပေ။ သူတို့အားလုံးသည် ကျောက်စိမ်းပြားထဲရှိ အကြောင်းအရာများကို တွေ့မြင်ပြီးသည့်နောက် အမူအရာများ ကြီးစွာ ပြောင်းကုန်၏။

ထိုအကြီးအကဲများထဲမှ တစ်ယောက်က အနည်းငယ် စဉ်းစားပြီးနောက် ဖြည်းဖြည်းခြင်း ပြောလာသည်။ “ငါတို့ ဒါက အမှန်လား အလိမ်လား မသိရဘူး…”

“တစ်ယောက်ယောက်ကသာ ဒီလိုပုံစံမျိုး လွတ်လာနိုင်စွမ်း ရှိခဲ့ရင် ဒါဟာ မဟာမိတ်ကြယ်အဖွဲ့အစည်းတစ်ခုလုံးအတွက် ကပ်ဘေးတစ်ခု ဖြစ်လာနိုင်တယ်။ ဒီကျောက်စိမ်းပြားထဲက သတင်းကသာ အမှန်တကယ်ဆိုရင် ငါတို့အလုံးစုံကောင်းကင်ရဲ့ မဟာမိတ်ကို သိမ်းပိုက်ဖို့ မျှော်လင့်ချက်အားလုံးလည်း ဆုံးရှုံးသွားလိမ့်မယ်။ ငါတို့ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကို ပြန်ပြီး အကာအကွယ်အစီအရင်ကြီးတစ်ခု ချမှတ်ဖို့ လိုပြီ….။ ဒီလူကသာ အလုံးစုံကောင်းကင်ထဲ ဝင်လာခဲ့ရင်…”

အကြီးအကဲ၏ မျက်လုံးထဲ၌ ကြောက်လန့်မှုတို့ ရှိနေ၏။

“ဒီကိစ္စက မှားဖို့တော့များတယ်။ ဒီလိုလူတစ်ယောက် တည်ရှိနေဖို့ နည်းလမ်း ရှိပါ့မလား။ ဒီကျောက်စိမ်းပြားထဲက အကြောင်းအရာတွေအတိုင်းဆိုရင် လက်ညှိုးတိုက်ချက်တစ်ခုတည်းနဲ့တောင် ဒီလူက ငါတို့လို့ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူတွေကို မသတ်နိုင်ရင်တောင် ဒဏ်ရာအပြင်းအထန် ရသွားစေနိုင်တယ်လို့ ဆိုတယ်။ အဓိပ္ပာယ်မရှိလိုက်တာ…”

သူတို့ထဲမှအချို့သည် ကျောက်စိမ်းပြားထဲရှိ အကြောင်းအရာကို မယုံကြည်ကြပေ။ သူတို့သည် အေးစက်စက်နှာခေါင်းရှုံ့၏။

အရှင်မီးတောက်သည် ရုတ်တရပ် ပြောလာ၏။ “လူတိုင်း လသားရဲကို မှတ်မိနေသေးလား…”

အကြီးအကဲအားလုံး မင်သက်သွား၏။ သူတို့သည် တစ်ခုခုကို သဘောပေါက်သွားပေသည်။

“ဒါပေမယ့်လည်း ဒီကိစ္စနဲ့ ပတ်သတ်လို့ အများကြီး ဂရုစိုက်နေစရာတော့ မလိုဘူး။ တကယ်တော့…”

အရှင်မီးတောက်သည် စကားဆိုနေရင်း ရုတ်တရပ် ရပ်တန့်သွား၏။ သူ့အသွင်သည်လည်း အလွန်အမင်း လေးစားဟန် ဖြစ်ပေါ်လာကာ သူသည် တစ်ခုခုကို နားထောင်နေသလို ရှိ၏။

အရှင်မီးတောက်၏ ထူးဆန်းသေအသွင်က အခြားအကြီးအကဲများအားလုံးကို တုန်လှုပ်မသွားစေခဲ့ပေ။ ထိုအစား သူတို့သည်လည်း တလေးတစား အသွင်များ ဖြစ်လာကြ၏။

ခဏအကြာတွင် အရှင်မီးတောက်၏အသွင်သည် တစ်ဖန် ပြောင်းလဲသွားခဲ့ပေ၏။ သူသည် သူ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ တလေးတစား ပြောသည်။ “သင့်အမိန့်တိုင်းပါ….” အရှင်မီးတောက်၏ မျက်လုံးတို့သည် အလေးအနက်ဟန် ဖြစ်ပေါ်လာ၏။ သူသည် သူ့ပတ်ပတ်လည်သို့ ကြည့်ကာ ပြောလိုက်၏။ မဟာမိတ်နဲ့တိုက်ပွဲတွေအားလုံးကို ရပ်လိုက်ကြ၊ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်နဲ့ ဒီအဆင့်အထက် ကျင့်ကြံသူအားလုံးကို ဒီနေရာကို ဆင့်ခေါ်လိုက်။ ငါ နတ်လေးပါးကလန်ကို သွားပြီးတဲ့နောက် ငါ့အမိန့်ကို စောင့်နေ…”

အလောင်းကောင်ကလန်အတွင်း၌လည်း အလုံးစုံကောင်းကင်ဘက်ကကဲ့သို့ တူညီသောမြင်ကွင်း ဖြစ်ပေါ်နေသည်။ လီရင်ကျစ် ပြန်ယူဆောင်လာခဲ့သော ကျောက်စိမ်းပြားထဲရှိ အကြောင်းအရာများကြောင့် အလောင်းကောင်ကလန်သည် လုံးဝ ရူးသွပ်သွားကြဟန် တူ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset