အလောင်းကောင်ကလန်မှ လှပသောအမျိုးသမီးက သူမစိတ်နှလုံးထဲရှိ တုန်လှုပ်မှုကို အတင်းဖိနှိပ်ကာ ဖြည်းဖြည်းချင်း ပြောလာ၏။ “ဒီအလောင်းကောင်…ဒါက နတ်အင်ပါယာရဲ့ နတ်ဘုရားအာရုံနဲ့ ပုံကူးထားတဲ့ တစ်ခုသာသာပဲ ရှိသေးတယ်။ ငါသာ အစစ်အမှန်အလောင်းခန္ဓာကိုယ်ကို မမြင်နိုင်ခဲ့ရင် ဒီအမျိုးသမီးလေးအတွက် ဆုံးဖြတ်ဖို့ ခက်ခဲလှပါတယ်…”
သို့ရာတွင် ကျောက်စိမ်းပြားထဲရှိ အလောင်းကောင်နှင့် ပတ်သတ်သည့် အချက်အလက်ကပင် သူမ၏ ခေါင်းထက်သို့ အဆတ်မပြတ် ရောက်နေစေကာ နှလုံးခုန်မြန်နေစေပေပြီ။
“အို…” ဝမ်လင်းက ထိုအမျိုးသမီးကို ကြည့်နေရင်း တည်ငြိမ်စွာ ပြောလိုက်၏။ “ဒီလိုလား…ဒါဆိုလည်း ဒီကိစ္စကို ထားလိုက်ပါတော့လေ။ အစကတည်းက ဒီအလောင်းကောင်ကိစ္စကို အရေးကြီးလှတယ် မဟုတ်ပါဘူး။ ဒါ့ကြောင့် သိတာ၊မသိတာက ဘာမှ ကွာခြားသွားမှာ မဟုတ်ပါဘူးလေ….”
လှပသောအမျိုးသမီး၏အသွင်က ပြောင်းလဲသွား၏။ သူမက ချက်ခြင်း ပြောလိုက်သည်။ “နတ်အင်ပါယာက အလုံးစုံကောင်းကင်ရဲ့ လီယွမ်ဇီကိုလည်း ဒီလိုတူညီတဲ့ကျောက်စိမ်းပြားတစ်ခု ပေးခဲ့တာမလား…”
ဝမ်လင်းက အေးဆေးပင် ပြောလိုက်သည်။ “ဒါပေါ့…”
လှပသောအမျိုးသမီးက အနည်းငယ် စဉ်းစားသွား၏။ထို့နောက် သူမသည် ဝမ်လင်းကို လေးစားသမှုနှင့် ကြည့်ကာ ပြောလိုက်သည်။ “ကျွန်မအနေနဲ့ ဒီကိစ္စကို အခု မဆုံးဖြတ်နိုင်ပါဘူး။ ဒါပေမယ့်…နတ်အင်ပါယာ ငါ့ကို ခုနစ်ရက်လောက် အချိန်ပေးပါ။ ခုနစ်ရက်အတွင်း ငါ နတ်အင်ပါယာကို ကျိန်းသေပေါက် အဖြေတစ်ခု ပြန်ပေးပါ့မယ်…”
ဝမ်လင်းသည် လက်ထဲရှိ သောက်လက်စ ရေနွေးကြမ်းခွက်ကို ပြန်ချကာ ပြုံး၍ ပြောသည်။ “ရောင်းရင်းကျင့်ကြံသူလီ…စိတ်ပူဖို့ မလိုပါဘူး။ ငါက ဒီအလောင်းကို မတော်တဆ တွေ့ခဲ့ရတာပါ။ ဒါပေမယ့် ငါ ဒါကို ပြန်ပြီး အသက်သွင်းနိုင်စွမ်း မရှိဘူး။ ဒါ့ကြောင့်လည်း ငါက ရောင်းရင်းကျင့်ကြံသူလီကို ဒီအလောင်းရဲ့ နောက်ခံကို သိရဖို့အတွက် အကူအညီ ပေးနိုင်မလား မေးခဲ့တာ…”
လှပသောအမျိုးသမီးသည် အလွန်ဉာဏ်များသည့်သူ တစ်ယောက် ဖြစ်၏။ အခု သူမသည် ပြန်တည်ငြိမ်နေခဲ့ပေပြီ။ သူမသည် ဝမ်လင်းက သူမကို သည်ကျောက်စိမ်းပြားကို ရိုးစင်းစွာ ပေးခဲ့ခြင်း မဟုတ်မှန်း သိထားပြီး ဖြစ်၏။ ယင်းနောက်ကွယ်တွင် နက်ရှိုင်းသောအဓိပ္ပာယ်တစ်ခုခု ရှိနေရပေမည်။
အနည်းငယ် ချီတုံချတုံ ဖြစ်သွားပြီးနောက် သူမသည် သတိထား၍ ပြောလိုက်၏။ “ငါ နတ်အင်ပါယာရဲ့ဂုဏ်ပြုအခမ်းအနားကို ဆက်ပြီး မတက်ရောက်နိုင်တော့မှာ စိုးရွှံ့မိတယ်။ ငါ ထွက်သွားရတော့မယ်…”
ဝမ်လင်းသည် သူမကို သည်နေရာတွင် ဆက်နေဖို့အတွက် ဆက်ကြိုးစားပြီး ပြောမနေပေ။ သူမသည် အလင်းတန်းတစ်ခုအသွင်ပြောင်းကာ ထွက်သွားတော့၏။
ဝမ်လင်းသည် ထိုအမျိုးသမီးပျောက်ကွယ်သွားသည့်နေရာကနေ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူသည် ထောင်ချောက်တစ်ခုကို ချခင်းပြီး ဖြစ်၏။ ခုချိန်၌ အလုံးစုံကောင်းကင်ဖြစ်စေ၊အလောင်းကောင်ကလန်ဖြစ်စေ သူပေးခဲ့သော ကျောက်စိမ်းပြားထဲရှိ အချက်အလက်ကို လောဘတက်ကာ စိတ်ဝင်စားသည်ကို တွေ့ခဲ့ရပေပြီ။
“သူတို့ ကျိန်းသေပေါက် စိတ်ဝင်စားလိမ့်မယ်…” ဝမ်လင်းသည် မိုချီထံသို့ လှည့်၍ ကြည့်ကာ ပြုံးပြ၏။ သူက မတ်တပ်ရပ်လာကာ သူ့ဝတ်ရုံနှင့်ချပ်ဝတ်တို့သည် ပျောက်ကွယ်သွားသည်။ ဝမ်လင်းသည် မိုချီထံသို့ လက်နှစ်ဖက်ဆုပ်ကာ ပြုံး၍ ပြောလိုက်၏။ “အစ်ကိုမို…ငါတို့မတွေ့ရတာ နှစ်အတော်ကြာခဲ့ပြီ။ သင်က အခုထိ ကြည့်ကောင်းနေတုန်းပဲကို…”
မိုချီသည်လည်း ထရပ်လာ၏။ သူ့လက်နှစ်ဖက်ကို ဆုပ်၍ ပြုံးကာ ပြန်ပြောသည်။ “ငါတို့ နောက်ဆုံးတွေ့ခဲ့တာ နှစ်တစ်ထောင်နီးပါးလောက် ရှိပြီ…”
ဝမ်လင်းသည်လည်း အတိတ်ကို ပြန်တွေးမိ၏။ သူက သက်ပြင်းချ၍ ဆိုသည်။ “အစ်ကိုမို…ငါတို့ ပြန်တွေ့ဆုံရတာ ကံတရားပဲ။ ဒါ့ကြောင့် သင်နဲ့ငါ တာအိုကို ထပ်ပြီး ဆွေးနွေးကြရအောင်။ ငါ အတိတ်တုန်းက မိုးသည်းညကို မှတ်မိပါသေးတယ်…”
မိုချီသည် ပြုံး၍ ခေါင်းညိတ်၏။ သူတို့နှစ်ယောက်သည် ခမ်းမထဲကနေ လှမ်းလျှောက်ထွက်လာကြ၏။
ဝမ်လင်းသည် သူ့ကျင့်ကြံနေကြ မီးတောင်ရှိရာသို့ ရောက်လာ၏။ မိုချီသည် သူ့နောက်ကနေ လိုက်ပါလာသည်။
မီးတောင်ဝကနေ အနက်ရောင်အခိုးငွေ့များ ထွက်ပေါ်နေသည်ကို ကြည့်လိုက်ရင်း ဝမ်လင်းက ထိုင်ချလိုက်၏။ ထို့နောက် သူ့သိုလှောင်အိတ်ထဲမှ ပုလင်းနှစ်လုံးကို ထုတ်သည်။ တစ်လုံးကို မိုချီထံသို့ ပစ်ပေးလိုက်ပြီးနောက် ဝမ်လင်းက တစ်ငုံသောက်ကာ ပြောလိုက်သည်။ “မိုးဟာ ကောင်းကင်ကနေ မွေးဖွားခဲ့ပြီး မြေပြင်ထက်မှာ သေဆုံးရတယ်။ဒီရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြားက ဖြစ်စဉ်ဟာ ဘဝပဲတဲ့။ ငါ ဒီစကားကို စိတ်နှလုံးထဲမှာ ရှိနေသေးပါတယ်…”
မိုချီကလည်း ပုလင်းကို လှမ်းယူကာ ထိုင်ချ၏။ သူ့မျက်လုံးထဲ၌ အတိတ်ကို ပြန်အောက်မေ့မှုတို့ ဖြစ်ပေါ်နေသည်။ သူက ပြုံး၍ ပြောသည်။ “ငါ မဟာမိတ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တုန်းက ဆရာ့ရဲ့တောင်းဆိုမှုကြောင့် ဟင်္သာပြဒါးဂြိုဟ်မှာ ရှိနေခဲ့ရတယ်။ အဲ့ဒီမိုးသည်းညမှာတုန်းက ငါဟာ တစ်ခုခုကို ခံစားမိခဲ့တယ်။ဒါ့ကြောင့် ငါဟာ လမ်းလျှောက်ထွက်လာခဲ့ပြီး မမျှော်လင့်ဘဲ အစ်ကိုဝမ်နဲ့ တွေ့ဆုံခဲ့ရတာ ဖြစ်တယ်…”
“အစ်ကိုဝမ်လင်း…သင်ဟာ ငါ့လမ်းညွှန်ပေးခဲ့မှု မရှိခဲ့ရင်တောင်မှ သင့်သေခြင်းရှင်ခြင်းနယ်ပယ်နဲ့ ပတ်သတ်လို့ ကိုယ့်ဟာကိုယ် ဉာဏ်အလင်း ရခဲ့ပြီးသားပါ…”
ဝမ်လင်းသည် ခေါင်းယမ်း၏။တစ်ခါတရံတွင် သင်သည် နားလည်မှုဉာဏ်အလင်းအချို့ကို သိပြီး ဖြစ်ရုံမျှဖြင့် အဆင့်ချိုးဖျက်ကာ အလုံးစုံသဘောပေါက်ဖို့ရာတွင် မည်မျှကြိုးစားပါစေ ဖြစ်မလာတတ်သည်လည်း ရှိ၏။ ထိုကဲ့သို့ အချိန်မျိုးတွင် တစ်ယောက်ယောက်၏ ဉာဏ်အလင်းဖြစ်စေသော စကားတစ်ခွန်းက သင့်အား အများကြီး အထောက်အကူ ပြုနိုင်ပေသည်။
“ဒုတိယအကြိမ် ငါ အစ်ကိုဝမ်နဲ့ ဟင်္သာပြဒါးအုတ်ဂူမှာ တွေ့ခဲ့တယ်။ငါ့မူလအတွေးကတော့ အစ်ကိုဝမ်ကို ဟင်္သာပြဒါးဂြိုဟ်ရဲ့ အရှင်သခင် ဖြစ်လာစေခဲ့ချင်တာ။ ဒါပေမယ့် ကြည့်ရတာ ငါက အစ်ကိုဝမ်ကို လျှော့တွက်ခဲ့မိတယ့်ပုံပဲ…”
မိုချီသည် အရက်တစ်ငုံသောက်လိုက်ရင်း အထက်ပါအတိုင်း ဆို၏။
“ငါတို့အခု တတိယအကြိမ် တွေ့တဲ့အချိန်မှာ အစ်ကိုဝမ်ဟာ ဟင်္သာငှက်နတ်အင်ပါယာ ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ ငါ အစ်ကိုဝမ်အတွက် တကယ်ပဲ ဝမ်းသာပါတယ်…”
သူတို့နှစ်ယောက်သည် သောက်နေရင်း စကားဆိုနေကြ၏။ လွန်ခဲ့သော နှစ်တစ်ထောင်နီးပါးက အကြောင်းများကို ဝေမျှပြောဆိုနေကြရင်း အချိန်သည် မြန်ဆန်စွာ ကုန်ဆုံးလာသည်။ သူတို့သည် အတိတ်တုန်းက ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ မိုးသည်းညတစ်ည ဘုရားကျောင်းအတွင်းသို့ ပြန်ရောက်ရှိသွားခဲ့သလိုပင်။
“အစ်ကိုဝမ်ရဲ့ သေခြင်းရှင်ခြင်းနယ်ပယ်က လုံးဝပြည့်စုံတဲ့အဆင့်ကို ရောက်ခဲ့ပြီး ပြောင်းလဲသွားခဲ့ပြီ။ သင့်လက်ရှိ နယ်ပယ်က ငါ နားလည်နိုင်တဲ့အရာ မဟုတ်တော့ဘူး။ ဒါပေမယ့်လည်း ဆရာက နယ်ပယ်အားလုံးဟာ မင်းစိတ်အခြေအနေနဲ့ ဆက်နွှယ်တယ်လို့ ပြောခဲ့ဖူးတယ်။ သင့်နှလုံးသားစိတ် ပြောင်းလဲတဲ့အချိန်မှာ သင့်နယ်ပယ်ကလည်း ပြောင်းလဲလိမ့်မယ်တဲ့…”
“ငါ့ဆရာရဲ့ ဒီစကားဟာ အစ်ကိုဝမ်အတွက် အကူအညီ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်…”
သူတို့နှစ်ယောက် တာအို ဆွေးနွေးနေကြရင်း အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ မနက်အစောပိုင်းသို့ ရောက်လာသည့်အခါ မိုချီသည် နှုတ်ဆက်စကားဆို၏။ သူသည် ဝမ်လင်း၏ဂုဏ်ပြုအခမ်းအနားတွင် ဆက်မနေတော့ပေ။ သူက ဝမ်လင်း သူ့အား ပေးခဲ့သော ကျောက်စိမ်းပြားလေးခု၊သူ့အား အပ်နှံ့ခဲ့သည့် ကိစ္စတစ်ခုနှင့် အတူ ပြန်ထွက်ခွာသွား၏။
ထိုကျောက်စိမ်းပြားလေးခုအတွင်း၌ မှတ်တမ်းတင်ထားသည့် သတင်းမှာ မဟာမိတ်ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို တုန်လှုပ်သွားစေဖို့ရာ လုံလောက်ပေသည်။ မိုချီသည် ထိုကျောက်စိမ်းပြားထဲမှ တစ်ခုကို သူ့ဆရာထံသို့ အမြန် ပြန်ပေးခဲ့၏။ ထို့နောက် သူက ကျန်သည့်သုံးခုကိုတော့ မဟာမိတ်၏အခြားအင်အားစုသုံးခုထံသို့ ပေးခဲ့ပေသည်။
သူတို့၏ချူယွမ်နိုင်ငံအတွက်မူ သူ့ကို ဝမ်လင်းက အရိပ်အမြွက်တစ်ခုခု ပေးခဲ့ခြင်းကြောင့် မိုချီသည် တစ်စုံတစ်ခုကို နားလည်ခဲ့ပေ၏။ ထို့ကြောင့် သူက သူ့ဆရာကို သည်ကိစ္စတွင် ပါဝင်မပတ်သတ်ခွင့် ပြုလိမ့်မည် မဟုတ်တော့ပေ။
မိုချီ ပြန်သွားသည့်နောက် ဝမ်လင်းကို ဂုဏ်ပြုရန် နောက်လူများ ထပ်ရောက်လာကြသေးသည်။ သို့သော် သူသည် မည်သူနှင့်မျှ မတွေ့တော့ပေ။ အချိန်သည် ကုန်ဆုံးနေ၏။နန်းတတ်ပွဲနေ့သို့ပင် ရောက်လာခဲ့ပေပြီ။
သည်နေ့တွင် ဟင်္သာငှက်နတ်ကလန်တစ်ခုလုံးသည် စိတ်လှုပ်ရှားမှုနှင့် ပြည့်နေ၏။ဟင်္သာငှက်နတ်ကလန်၏ အကြီးအကဲများနှင့်အခြားနတ်ကလန်သုံးခုမှ အကြီးအကဲများသည်လည်း နတ်အင်ပါယာသစ်နန်းတတ်ပွဲအတွက် ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့ကြပေသည်။
ဤအခမ်းအနားမှာ ငြီးငွေ့ဖွယ်ရာ ကောင်း၏။အခမ်းအနားမှာ တစ်နေကုန်သည်။ သို့သော် နတ်လေးပါးကလန်၏ ရိုးရာပင်။အခြားကလန်သုံးခုသည် အခမ်းအနား ပြီးသည့်နောက် ပြန်ထွက်ခွာသွားကြပြီ ဖြစ်ရာ ဟင်္သာငှက်နတ်ကလန်သည် တဖြည်းဖြည်း ပုံမှန်အတိုင်း ပြန်ဖြစ်လာ၏။
ကလန်ဝင်အများစုက ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်နေကြ၏။ အကြီးအကဲများကတော့ အဇူရာနဂါးနတ်အင်ပါယာကို ကယ်တင်ပေးဖို့ရန် အစီအစဉ်အပေါ် နိုးနိုးကြားကြား ရှိနေကြသည်။ သူတို့အားလုံးသည် တံခါးပိတ်ကျင့်ကြံကာ သူတို့၏ အထွတ်အထိပ်အခြေအနေကို ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်ကြ၏။
တကယ်တော့ အဇူရာနတ်နဂါးအင်ပါယာကို ကယ်တင်ပေးဖို့က အလွန်အရေးကြီးသည့် ကိစ္စရပ်တစ်ခု ဖြစ်သည် မဟုတ်လား။
ဝမ်လင်း၏ပုံရိပ်မှာ ဟင်္သာငှက်နတ်ကလန်၏ လောင်ကျွမ်းကြယ်ကွင်းပြင် အစွန်းအဖျားပိုင်းတွင် ပေါ်လာ၏။ သူ့ရှေ့၌ မူလစိတ်ဝိညာဉ်တစ်ခု လွင့်မြောနေသည်။
ထိုမူလစိတ်ဝိညာဉ်မှာ သက်လတ်ပိုင်းအရွယ် ရှိ၏။သူက နတ်အင်ပါယာဟောင်းပင်။ သူက ဝမ်လင်းကို ကြင်နာမှု၊ကျေနပ်မှုအပြည့်ဖြင့် ကြည့်လို့နေသည်။
“မင်း သိပ်တော်တယ်။ ငါ့လက်ကျန်နှစ်တွေအတွင်း မင်းက ငါတွေ့ခဲ့ဖူးတဲ့ ပါရမီအရှိဆုံးတစ်ယောက်တော့ မဟုတ်ခဲ့ဘူး။ ဒါပေမယ့် မင်းဟာ ငါ့အတွက် အကျေနပ်ရဆုံးသူ တစ်ယောက် ဖြစ်တယ်။ ငါဟာ ဟင်္သာငှက်နတ်ကလန်ကို မင်းနဲ့ထားခဲ့ပြီး စိတ်ချက်လက်ချ ထွက်သွားနိုင်ပြီလို့ ခံစားနေရတယ်…”
ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားနေ၏။
“ကံမကောင်းစွာနဲ့ပဲ ငါ့မှာ အချိန်သိပ်မကျန်တော့ဘူး။ ငါ့မှာသာ အချိန်ပိုရှိခဲ့ရင် ငါ မင်းကို အမွေအနှစ်အပြည့်အဝ ပေးနိုင်လိမ့်မယ်ဆိုတာ ယုံကြည်တယ်။ ဘယ်လောက် ဝမ်းနည်းဖို့ ကောင်းလိုက်လဲ…” ထိုသက်လတ်ပိုင်းလူက ခေါင်းယမ်းကာ သက်ပြင်းချ၏။ သူက ဝမ်လင်းကို ကြည့်ကာ ခပ်တိုးတိုး ပြောလာပြန်သည်။ “မဟာမိတ်ဌာနချုပ်ကို ငါ သွားမယ့် ခရီးမှာ ငါ ပြန်မလာနိုင်တော့မှာ စိုးရွှံ့မိတယ်။ဒါပေမယ့်လည်း ဘာတန်ဖိုးပဲ ပေးဆပ်ရပါစေ ငါ မိုးကောင်းကင်ဘုံနယ်မြေသလင်းကို ရအောင် ယူမယ်…”
“ခုချိန်မှာ ငါ့မူလခန္ဓာ ကိုးဆယ်ရာခိုင်နှုန်းက ဒီမှာ ရှိနေတယ်။ ငါက ငါ ဖြန့်ကြဲထားတဲ့ ကိုယ်ပွားအားလုံးကို ပြန်စုပ်ယူဖို့ သွားရမယ်။ ငါ့ ရုပ်ပိုင်းခန္ဓာကိုယ်နဲ့အတူ ငါ့မူလစိတ်ဝိညာဉ် ဆယ်ရာခိုင်နှုန်းကိုလည်း ချန်ထားခဲ့မယ်။ ငါ သလင်းကို ရလာတာနဲ့ ငါက လျှို့ဝှက်မူလစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနည်းလမ်းကို အသုံးပြုပြီး ငါ့ ရုပ်ပိုင်းခန္ဓာကိုယ်ဆီ သလင်းကို ပို့ပေးလိုက်မယ်…”
“မင်း ဒီသလင်းကို ရပြီးတာနဲ့ မင်း အဇူရာနတ်နဂါးအင်ပါယာကို ကယ်တင်ပေးနိုင်ခဲ့မယ်ဆိုရင် ဒါကို အသုံးပြုပါ။ တကယ်လို့ မကယ်တင်ပေးနိုင်ခဲ့ရင်တော့ မင်းကိုယ်မင်းပဲ အရင်ဆုံး ဘေးကင်းအောင် နေပါ…”
သက်လတ်ပိုင်းလူသည် သူ မသေခင် ကိစ္စရပ်များကို အထိုင်ကျပေးနေဟန်ဖြင့် ပြောနေခြင်းပင်။
“အဖြူရောင်မီးတောက်နဲ့ဆိုရင်…ငါ့ခန္ဓာကိုယ်ဟာ နှစ်ပေါင်းသုံးထောင်ကြာတဲ့အထိ ပုတ်သိုးသွားမှာ မဟုတ်ဘူး။ နှစ်တစ်ရာကြာတိုင်း မင်းက ငါ့ခန္ဓာကိုယ်အနားမှာ ကျင့်ကြံပြီး ငါ့ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားတဲ့ မီးမူလစွမ်းအင်ကို စုပ်ယူဖို့ လိုတယ်။ ဒါက မင်းကျင့်ကြံခြင်းအတွက် အကူအညီအများကြီး ဖြစ်စေလိမ့်မယ်။ဒါကို ကောင်းကောင်း မှတ်ထားပါ…”
“ဒါပေမယ့်လည်း သေခြင်းရှင်ခြင်းအခြေအနေတစ်ခု ကြုံခဲ့ရင်တော့ ငါ့ခန္ဓာကိုယ်နဲ့ ပတ်သတ်လို့ စိတ်ပူမနေနဲ့တော့။ ငါ့ခန္ဓာကိုယ်ကို ဖောက်ခွဲဖို့အတွက်ကတော့ ဆန်းကြယ်အသွင်ပြောင်းခြင်းကိုးခုကို အသုံးပြုပါ။ ဒါက မင်းတစ်ယောက်တည်းပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ဟင်္သာငှက်နတ်ကလန်တစ်ခုလုံးကိုပဲ ဖြစ်ဖြစ် အန္တရာယ်ကပ်ဘေးကနေ လွတ်အောင် လုပ်ပေးနိုင်စွမ်း ရှိကောင်းရှိနိုင်တယ်…”
သက်လတ်ပိုင်းလူသည် လောင်ကျွမ်းကြယ်ကွင်းပြင် ပတ်ဝန်းကျင်နှင့် အကွာအဝေးတစ်ခုရှိ ဟင်္သာငှက်နတ်ကလန်၏ဂြိုဟ်များကို ဝန်လေးဟန်ဖြင့် ကြည့်နေသည်။
“ဝမ်လင်း…ငါ သွားတော့မယ်။ ငါက မင်းစီနီယာအစ်ကိုချင်းရွှေရဲ့ သတင်းကိုလည်း ရှာပေးမယ်…” သက်လတ်ပိုင်းလူသည် ဝမ်လင်းကို ကြင်နာမှုအပြည့်ဖြင့် ကြည့်နေ၏။ သူက ဝမ်လင်း၏ခေါင်းပေါ်သို့ လက်တင်ကာ ညင်သာစွာ ပြောလာသည်။ “အခုလိုဆိုးရွားတဲ့ အခြေအနေတစ်ခုကို မင်းလက်ထဲမှာ ထားခဲ့ပြီး ထွက်သွားခဲ့ရတဲ့အတွက် မင်းငါ့ကို အဆိုးမမြင်ဖို့ မျှော်လင့်ပါတယ်…”
သူက ဝမ်လင်းကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်သည်။ ထို့နောက် သူက အဝေးသို့ လှမ်းလျှောက်ထွက်သွားတော့သည်။ သူသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ဝန်ထမ်းရသည့် ဖိအားကို လက်လွှတ်လိုက်ရကာ ပေါ့ပါးနေတော့၏။ သူသည် ရှေ့သို့ ဖြည်းဖြည်းခြင်း ဆက်လျှောက်သွားတော့သည်။
“ငါ့နာမည်က လုယွမ်…ငါဟာ ရှေးဟောင်းချီသန့်စင်သူ(ကျင့်ကြံသူ)ခေတ်ကမ္ဘာမှာ မွေးဖွားခဲ့တယ်။ငါဟာ လေးဆက်မြောက်ဟင်္သာငှက်နတ်အင်ပါယာရဲ့ တပည့်တစ်ယောက် ဖြစ်လာခဲ့တယ်။ လေးဆက်မြောက်ဟင်္သာငှက်နတ်အင်ပါယာက ငါ့ကို ပစ်ပယ်မထားခဲ့တဲ့အတွက် သူဟာ ငါ့ကို ချီကျင့်ကြံခြင်းနည်းလမ်းတွေကို သင်ပေးခဲ့တယ်။ ငါ့အသက်(၁၃၂၇) နှစ်ရောက်တော့ ငါဟာ ချီကျင့်ကြံသူအဖြစ် အောင်မြင်မှု အချို့ ရရှိနေခဲ့ပြီ။ငါဟာ နတ်အင်ပါယာနောက်ကို လိုက်ခဲ့ပြီး ဟင်္သာငှက်နတ်ကလန်ရဲ့ တောက်ပအောင်မြင်မှုကို ကိုယ်တိုင်ကြုံခဲ့ရတယ်…”
“အသက်(၂၉၄၅)နှစ်ရောက်တော့ ငါဟာ ဟင်္သာငှက်နတ်ကလန်ရဲ့ အကြီးအကဲတစ်ယောက် ဖြစ်လာခဲ့ပြီ…”
“အသက်(၄၇၆၀)နှစ်ရောက်တော့ ငါဟာ အကြီးအကဲချုပ် ဖြစ်လာခဲ့ပြီး ငါ့ပထမကောင်းကင်ဘုံဒုက္ခအဆင့်ကို ဖြတ်ကျော်ခဲ့ပြီး ဖစ်တယ်…”
“ငါ့အသက်(၆၂၁၅)နှစ် ရောက်တော့ ငါ့ကို ဟင်္သာငှက်နတ်အမှတ်အသား ပေးအပ်ခြင်း ခံခဲ့ရပြီး ပထမနိုးထခြင်းကို အောင်မြင်ခဲ့တယ်။ ငါဟာ ဟင်္သာငှက်နိုးထလာပြီးတဲ့နောက် လူတိုင်းကို ကျော်လွန်ပြီး နိုးထခဲ့တဲ့သူတွေကြားမှာ နံပါတ်တစ် ဖြစ်လာခဲ့တယ်”
“အသက်(၇၉၁၂)နှစ်ရောက်တော့ လေးဆက်မြောက်ဟင်္သာငှက်နတ်အင်ပါယာရဲ့ အကူအညီနဲ့ ငါဟာ ငါ့ဒုတိယနိုးထခြင်းကို ပြီးပြည့်စုံစေခဲ့တယ်။ အဲ့နောက်မှာတော့ ငါဟာ နောက်တတ်လာမဲ့ ဟင်္သာငှက်နတ်အင်ပါယာအသစ်နဲ့ ဟင်္သာငှက်နတ်ကလန်ရဲ့ လူငယ်အရှင်သခင်အဖြစ် ရွေးချယ်ခြင်းခံရတယ်…”
“ငါ့အသက် (၁၁၄၆၃)နှစ်ရောက်တော့ ပြင်ပကနေ တက်တူးကလန် ကျူးကျော်လာခဲ့ပြီး လောကကို မွှေနှောက်တော့တာပဲ။တက်တူးကလန်နဲ့ တိုက်ပွဲမှာ ငါ့ဟင်္သာငှက်နတ်ကလန်ဟာ ကောင်းကင်ဘုံနယ်မြေဘက်ကနေ ကူပေးခဲ့သေးတယ်။အဲ့နောက်မှာတော့ ဟင်္သာငှက်နတ်အင်ပါယာက ပြင်ပကမ္ဘာကို အခြားနတ်အင်ပါယာသုံးယောက်နဲ့အတူ ထွက်သွားခဲ့တယ်။ သူတို့ထွက်မသွားခင်မှာ ငါ့ကို ငါးယောက်မြောက်ဟင်္သာငှက်နတ်အင်ပါယာအဖြစ် တာဝန်ပေးခဲ့တယ်။အဲ့အချိန်က ငါ လေးယောက်မြောက်ဟင်္သာငှက်နတ်အင်ပါယာ အကူအညီနဲ့ ငါ့ ဒုတိယကောင်းကင်ဘုံဒုက္ခအဆင့်ကို ဖြတ်ကျော်ပြီးခါစချိန်ပဲ…”
“အဲ့အချိန်ဟာ ငါ ငါတို့နတ်လေးပါးကလန်နဲ့ ပတ်သတ်လို့ ကောင်းကင်တုန်လှုပ်နိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုကို သိလာခဲ့တာပဲ…”
“နတ်လေးပါးကလန်ဟာ ဒီချိပ်ပိတ်နယ်မြေက လူတွေ မဟုတ်ခဲ့ဘူး။ သူတို့ဟာ လွန်ခဲ့တဲ့ဟိုးဟိုး အချိန်ကတည်းက ပြင်ပကမ္ဘာက လူတွေပဲ…”
“တစ်ချိန်တည်းမှာ ငါ သိခဲ့ရတာက နတ်လေးပါးကလန်ရဲ့ ပထမဆုံးနတ်အင်ပါယာတွေနဲ့ ကလန်သားတွေဟာ ရှေးဟောင်းကျင့်ကြံခြင်းနယ်မြေ တည်ရှိခဲ့တဲ့အချိန်မှာ သေးငယ်တဲ့ဂြိုဟ်တစ်ခုကနေ ရောက်လာခဲ့ကြတာပဲ။
“အဲ့ကျင့်ကြံခြင်းဂြိုဟ်ဟာ နတ်းလေးပါးကလန်ရဲ့ အရင်းအမြစ်နေရာပဲ။ ဒါ့အပြင် သူတို့ရဲ့ အိမ်ဆိုလည်း ဟုတ်တယ်…”
“အဲ့ဂြိုဟ်ဟာ အခုထိ ငါ့ဟင်္သာငှက်နတ်ကလန် ထိန်းချုပ်ထားတဲ့ဂြိုဟ်အဖြစ် ရှိနေဆဲပဲ။ ဒါကို တခြားကလန်သုံးခုကလည်း သဘောမတူတာ မရှိခဲ့ဘူး။ တကယ်တော့ ဒီအကြောင်းကို သိတဲ့သူ အများကြီးမရှိဘူး…”
“အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အရာအားလုံးကနေ ကာကွယ်နိုင်ဖို့ရာအတွက် ပထမမျိုးဆက်နတ်အင်ပါယာတွေ လက်ထက်ကနေ စလို့ နတ်လေးပါးကလန်အတွင်းမှာ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တစ်ခုအဖြစ် ရှိနေခဲ့တယ်။ ကောင်းကင်ဘုံအင်ပါယာချင်းလင်တောင် ဒီကိစ္စနဲ့ ပတ်သတ်လို့ မသိခဲ့ဘူး…”
“နတ်လေးပါးကလန်က တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်းကို သိမ်းပိုက်စိုးမိုးပြီးတဲ့နောက်မှာတော့ သူတို့ဟာ သူတို့ရဲ့မွေးရပ်မြေဂြိုဟ်နဲ့ ပုံသဏ္ဌာန်တူဂြိုဟ်တွေ ဖန်တီးခဲ့ကြတယ်။ ဒီလို အလားတူဂြိုဟ်တွေက လူတွေကို ရှုပ်ထွေးစေတာ ဖြစ်ခဲ့လို့လည်း လူတိုင်းနီးပါးလောက်က မူလဂြိုဟ်ဟာ ဘယ်ဂြိုဟ်မှန်း ခွဲခြားနိုင်စွမ်း မရှိခဲ့ကြတော့ဘူး။ဒါ့အပြင် ပထမမျိုးဆက်နတ်အင်ပါယာတွေက ဒီဂြိုဟ်ကို ဖုန်းကွယ်စေနိုင်ဖို့အတွက် နည်းလမ်းမျိုးစုံလည်း အသုံးပြုခဲ့သေးတယ်။ဒီ့အတွက်ကြောင့် နှစ်ပေါင်းများစွာကြာမြင့်တဲ့နောက်မှာလည်း ဒီဂြိုဟ်ဟာ လွယ်လွယ်နဲ့ ရှာမတွေ့နိုင်တော့မှာ ကျိန်းသေခဲ့တယ်…”
“နှစ်ထောင်သောင်းချီတဲ့နောက်မှာတော့ ကောင်းကင်ဘုံနယ်မြေမှာ ထူးဆန်းတဲ့အပြောင်းအလဲတစ်ခုခု ဖြစ်လာခဲ့တယ်။ အဲ့အချိန်မှာ လောကထဲမှာရှိတဲ့ သက်ရှိဖြစ်တည်မှုအားလုံးဟာ စိတ်ရှုပ်ထွေးကုန်ကြပြီး ဗရမ်းဗတာအခြေအနေတွေ ဖြစ်ကုန်ကြတယ်…”
***