အခန်း ( ၂၇၅ )

လောချိန်မဟာမန္တန်အစီအရင်

လောချိန်တောင်တန်းသည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို နယ်နိမိတ်ပိုင်းခြားထားပြီး တောင်စဥ်မှာ ရှည်လျားလှသဖြင့် အဆုံးကိုပင် မမြင်ရချေ။တောင်များတွင် မန္တန်အစီအရင်ကို ပထမဦးဆုံး သက်ဝင်စေလိုက်သည့်အခါက ပကတိမျက်စိဖြင့် ဒိုင်းအစစ်အမှန်အား မမြင်ရပေ။ သို့သော် ယခုအချိန်တွင် ထိုဒိုင်းကြီးက မိုးကောင်ကင်နှင့်ထိစပ်သည်ထိ မြင့်မားလှသဖြင့် ကြည့်လိုက်သူအပေါင်း၏ မျက်လုံးကိုဖမ်းစားနိုင်လေသည်။

ရံဖန်ရံခါ စွမ်းအားလှိုင်းဂယက်များက ဒိုင်းတစ်ခုလုံး၌ ပျံ့နှံ့နေပြီး ဝုန်းဝုန်းဒိုင်းဒိုင်းအက်ကွဲသံများသည်လည်း ထွက်ပေါ်နေ၏။ သိသာထင်ရှားစွာပင် ဒိုင်း၏ အဖျက်စွမ်းအားက အရာအားလုံးကို ထိန်းချုပ်ကန့်သတ်ထားလေသည်။

၄င်းက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက နှစ်သောင်းပေါင်းများစွာ အစီအစဥ်ချ တည်ဆောက်ခဲ့သည့် လောချိန်မဟာမန္တန်အစီအရင်ပင်ဖြစ်သည်။

မြောက်မြားစွာသော ပုံရိပ်များက တောင်တန်းများထက် လေထဲတွင် ရစ်ဝဲနေသည်ကို တွေ့ရပြီး အခြေခိုင်မာခြင်းအဆင့်ထက်သာလွန်သည့် ကျင့်ကြံခြင်းအခြေခံတို့ ထုတ်လွှတ်နေကြလေသည်။ သူတို့အကုန်လုံးက နတ်ဘုရားအာရုံများထုတ်လွှတ်၍ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတည်ရှိရာကို စောင့်ကြည့်နေကြ၏။

ရှေ့ပြေး ဂိုဏ်းသားသုံးဖွဲ့ တို့က မြေပြင်ပေါ်တွင် ကျယ်ပြောသည့် စခန်းတစ်ခုကို ချထားကြသည်။ ထိုအဖွဲ့တွင် အပြင်စည်းဂိုဏ်းသားအတော်များများပါပြီး သူတို့ကို မန္တန်အစီအရင်မျိုးစုံကြိုတင်ပြင်ဆင်မှုများအား စစ်ရေးလေ့ကျင့်ကြရန် တာဝန်ချပေးထားလေသည်။ တစ်ခါတရံ သူတို့၏ဆောင်ရွက်မှုများကြောင့် တဝုန်းဝုန်းမြည်ဟည်းသံများက အရပ်မျက်နှာတစ်ခွင်သို့ ထစ်ခြုန်းသွား၏။

တစ်ချက် စောင်းငဲ့ကြည့်လိုက်ပါက အပြင်စည်းဂိုဏ်းသားပြုလုပ်လိုက်သည့် မန္တန်အစီအရင်ဒါဇင်ပေါင်းများစွာကို မြင်နိုင်လေသည်။ ပထမ သုံးသုတ်တွင် လူပမာဏများများ တောင်ပေါ်သို့ရောက်ရှိခဲ့သော်လည်း လေးသုတ်မြောက်သာ ရောက်လာပါက မန္တန်အစီအရင် ဘယ်လောက်များများဖြစ်ပေါ်လာမည်ကို ခန့်မှန်းကြည့်နိုင်လေသည်။

အတွင်းစည်းဂိုဏ်းသားများကို သူတို့အခြေစိုက်ရာ တောင်ထိပ်များအလိုက် နေရာချထားလေသည်။ သူတို့သည်လည်း အပြင်စည်းဂိုဏ်းသားများ၏စွမ်းအားထက် အတိုင်းထက်အလွန်သာသည့် မန္တန်အစီအရင်စွမ်းအားများအားထုတ်လွှတ်နေကြသည်။ ထိုကဲ့သို့ အတွင်းစည်းမန္တန်အစီအရင်များက ထိုပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရှုံ့တွ ပျက်စီးသွားစေသည့် စွမ်းအားကြီးလှိုင်းများကို ထုတ်လွှတ်နေလေသည်။

ထိုအရာများအပြင် စစ်ရထားများကိုလည်း အထပ်ထပ်စီထား၏။ စစ်ရထားများကို အမာကြောဆုံးသတ္တုများမှ လက်မှုဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီး တစ်စီးချင်းစီတိုင်းတွင် ရှေ့သို့ချွန်းထွက်နေသည့် မီတာသုံးဆယ် ရှည်ပြီး အခြေတစ်မီတာရှိသော ဧရာမအချွန်အတက်ကြီးတစ်ခုပါလေသည်။

စစ်ရထားများကို မရေမတွက်နိုင်သော စိတ်စွမ်းအင်ကျောက်တုံးများဖြင့်လည်း စီခြယ်ထားလေသည်။ ၄င်းတို့က အဆင့်နိမ့် ကျောက်တုံးများမဟုတ်ဘဲ အဆင့်မြင့်စိတ်စွမ်းအင်ကျောက်တုံးများပင်ဖြစ်သည်။ ထိုစစ်ရထားများက အလွန်တရာကြီးမားပြီး စွမ်းအားကြီးလှသဖြင့် ၄င်းတို့ လည်ပတ်အလုပ်လုပ်ရန် ကျင့်ကြံသူအချို့လိုအပ်၏။

ထိုကဲ့သို့စစ်ရထားရာပေါင်းများစွာ၏ မြင်ကွင်းက ကြောက်ခမန်းလိလိပင်။

အခြားတစ်နေရာတွင် မီတာသုံးဆယ်မြင့်သည့် ဧရာမရုပ်သေးရုပ်များကို မရေမတွက်နိုင်သော ကျောက်တုံးကြီးများဖြင့် မှော်ပညာအရ အတူတကွဖန်တီးထားလေသည်။

အကောင်အထည်အကုန်ပေါ်ပြီးသည့် ရုပ်သေးရုပ်တစ်ရာကျော်ရှိပြီး သူတို့ခြေတစ်လှမ်း လှမ်းလိုက်တိုင်း လောချိန်တောင်တန်းကြီးကို တုန်ခါသွားစေလေသည်။ မြောက်ခြမ်းမှ ဧရာမတိုက်ပွဲဝင်သားရဲ အမြောက်အမြားလည်း ရှိပြီး လေတွင်ဝဲပျံနေကာ ရံဖန်ရံခါ ဟိန်းဟောက်နေကြ၏။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းထဲသို့ ပို့လွှတ်ထားခဲ့သည့် လျှို့ဝှက်အင်အားစုများမှာ နိုးကြားနေကြပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ ပြန်ပို့ရန် သတင်းအချက်အလက်များရှာဖွေနေကြသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းထဲရှိ သူလျှိုများသည်ပင် စစ်တိုက်ရန်ပြင်ဆင်နေကြသည်။ ထိုသူလျှိုများမှာ သိပ်မအောင်မြင်ကြသော်လည်း သူတို့၏အားထုတ်မှုကြောင့် အချို့အဝက်တော့ အောင်မြင်လေသည်။

ထိုမျှသာမက တောင်တန်းတောင်စဥ်များတစ်လျှောက် ကျောက်တုံးအမျိုးစုံထံမှ ကျောက်မျှော်စင်အကာအကွယ်များက ထိုးထွက်နေ၏။ မျှော်စင်အကာအကွယ်များ၏ဖွဲ့စည်းပုံမှာ ကြုံရာကျပန်းဖြစ်သော်ငြား အကယ်၍၄င်းတို့အားလုံးပေါင်းစပ်သွားပါက မယုံနိုင်ဖွယ်စွမ်းအားပြင်းတိုက်ခိုက်မှုအပေါင်းကို တန်ပြန်ခုခံနိုင်လေသည်။

လူတိုင်းမှာ သူတို့၏ပြင်ဆင်မှုတာဝန်များဖြင့် အလုပ်ရှုပ်နေကြသည်။ လောချိန်တောင်တန်းအတွင်း လူပုဂ္ဂိုလ်တစ်သိန်းလုံလုံလောက်လောက် ဆန့်သည့် ကြီးမားကျယ်ဝန်းသော နေရာတစ်ခုလည်းရှိ၏။ ထိုနေရာ၌ မန္တန်အစီအရင်ကြီးတစ်ခုကို မြေတွင် ထွင်းထုထားပြီး ကျင့်ကြံသူတစ်ထောင်ကျော်က စောင့်ရှောက်နေလေသည်။ လွန်ခဲ့သော တခဏက ၄င်းက ထွန်းလင်းတောက်ပစွာ လင်းလက်လာလေသည်။

ငလျင်လှုပ်ခါလာသဖြင့် တောင်ပေါ်ရှိ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားပေါင်းစုံတို့က မော့ကြည့်လိုက်ကြသည်။ ထို့နောက် ဧရာမအလင်းတိုင်ကြီးသုံးခုက မန္တန်အစီအရင်အတွင်းတွင် ပေါ်ထွက်လာပြီး ကောင်းကင်ထိပင် မြင့်တက်သွားလေသည်။

အလင်းတိုင်များက ပတ်ပတ်လည်တွင် လေကိုခွင်း၍ထွက်လာကြသဖြင့် လောချိန်တောင်တန်းကြီးမှာ တုန်ခါလာ၏။ အနည်းငယ်ကြာသော် အလင်းများကွယ်ပျောက်သွားပြီး မန္တန်အစီအရင်အတွင်းတွင် လူတစ်သိန်းပေါ်လာလေသည်။

ပိုင်ရှောင်ချန်းက ထိုအထဲတွင်ဖြစ်၏။

ထိုအရာက တောင်ပေါ်သို့ တည်နေရာရွှေ့ပြောင်းလာသည့် လေးခုမြောက်အသုတ်ပင်။

တည်နေရာရွှေ့ပြောင်းခြင်းက အဆင်မပြေဖြစ်စေသဖြင့် ထိုလူအုပ်စုပေါ်လာသည်နှင့် သူတို့မျက်နှာများမှာ အမူအရာအမျိုးမျိုးတွေ့လိုက်ရ၏။ ပိုင်ရှောင်ချန်းမျက်နှာမှာ အတော်ဖျော့တော့နေသော်လည်း ထိုသည်မှလွဲ၍ သူက ဘာမှဖြစ်ပုံမပေါ်ချေ။ တောင်တန်းပတ်ပတ်လည်ကို တအံ့တသြဖြစ်ရမည့်အစား သူက လူအုပ်ထဲရှိ ဟိုရှောင်မေ့ထံ ကပျာကယာသွားလေသည်။

သူ၏ အဆင့်ကြောင့် ထိုလူအုပ်ထဲသွားရန်လွယ်ကူလေသည်။ မည်သူမျှ သူ့လမ်းကို ပိတ်မနေချေ။ မကြာမီပင် သူက ဟိုရှောင်မေ့ရှေ့သို့ရောက်သွား၏။ သူမ၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ရှေ့နောက် ယိမ်းထိုးနေလေသည်။ ကျိုးရှင်းချီက သူမ၏လက်မောင်းကို ဆုပ်ကိုင်ထားလျက် ထိုနေရာတွင် ရပ်နေလေသည်။ ပိုင်ရှောင်ချန်းက သူမအနားသို့ရောက်လျှင်ရောက်ချင်း နေသားတကျဖြစ်စေရန် သူက စိတ်စွမ်းအင်အချို့ကို သူမထဲသို့ ထည့်ပေးလိုက်သည်။

“အဆင်ပြေသွားမှာပါ” သူကပြော၏။
”တည်နေရာရွှေ့ပြောင်းခြင်းက အမြဲဒီလိုပဲ”
သူက သူမ၏မျက်နှာလေးဖျော့တော့နေသည်ကို မြင်သောအခါ ရင်ထဲတွင်နာကျင်သွားလေသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင်အချိန်ကုန်ဆုံးခဲ့ရခြင်းက သူ့ကို ပို၍ စိတ်ခံစားလွယ်စေလေသည်။

ကျိုးရှင်းချီက ပိုင်ရှောင်ချန်းကို ကြည့်လိုက်ပြီးနောက် နောက်ဆုတ်ပြီး သူကိုလွှဲပြောင်းပေးလိုက်သည်။ ရှန်းကွမ်းထျန်ယုံလည်း အနားတွင်ရှိ၏။ ပိုင်ရှောင်ချန်းကို အေးစက်စက်စူးစိုက်ကြည့်ပြီး သူက နှာခေါင်းရှုံ့လိုက်သည်။

ဟိုရှောင်မေ့က အကြိမ်အနည်းငယ် အသက်ရှူလိုက်သွင်းလိုက်ပြုလုပ်ပြီးနောက် မကြာမီ သက်သာသွားလေသည်။ ပိုင်ရှောင်ချန်းကို ငေးကြည့်ပြီး သူမက ရုတ်တရက် စိုးရိမ်သွား၏။ သူမက ပိုင်ရှောင်ချန်းနှင့် မနီးစပ်မည်စိုး၍ အားသွန်ခွန်စိုက် ကျင့်ကြံနေခဲ့ရသည်။ သို့သော်လည်း သူက ဝေးသထက် ဝေးဝေးသွား၏။ သူမအနည်းငယ်လျှော့လိုက်ပါက ပိုင်ရှောင်ချန်းက ဝေးဝေးရောက်သွားလိမ့်မည်ဖြစ်ပြီး သူမနှင့် တစ်သက်လုံးခွဲခွာရမည်ကို ကြောက်လေသည်။

သူမက သူ၏လက်ကို လှမ်းဆွဲလိုက်ပြီး ခပ်တင်းတင်းညှစ်လိုက်သည်။

ယခုတွင် ဟိုရှောင်မေ့သက်သာသွားပြီဖြစ်သဖြင့် ပိုင်ရှောင်ချန်းက လောချိန်တောင်တန်းကို ဝေ့ဝိုက်ကြည့်လိုက်၏။ သူတို့က လုံးဝပြောင်းလဲသွားခဲ့ပြီ။ သူဂိုဏ်းကိုပြန်လာခဲ့စဥ်က အပြောင်းလဲများကို အာရုံရသော်လည်း ဖြစ်ရပ်၏အသေးစိတ်အစစ်အမှန်အထိ ထိုးဖောက်မမြင်နိုင်ခဲ့ပေ။ သို့သော် ယခုတွင် ၄င်းက အလွန်ထင်ရှားပြတ်သားလေသည်။

အရာအားလုံး ခြားနားသွားလေပြီ။

လေပေါ်ဝဲပျံနေသည့် စွမ်းအားကြီး ပုံရိပ်များ၊ တလက်လက်တောက်ပနေသည့်ဒိုင်းအကာအကွယ်ကိုမြင်ရ၏။ ဂိုဏ်းသားများ ဖော်ထုတ်နေသည့် မန္တန်အစီအရင်အားလုံးကို တွေ့သည်။ စစ်ရထားများ.၊ ကျောက်တုံးရုပ်သေးရုပ်များ၊ မျှော်စင်အကာအကွယ်တို့ကို မြင်ရသည်။နေရာတကာတွင် ရင်းနှီးသည့်မျက်နှာတို့ကို တွေ့ရသည်။ ဖက်တီးကျန်းနှင့် အခြားမိတ်ဆွေရောင်ရင်းများပင် ပါဝင်လေသည်။

တခြားဂိုဏ်းသားတို့က လေးသုတ်မြောက်ကျင့်ကြံသူများကို မန္တန်အစီအရင်မျိုးစုံထဲရှိ သူတို့ နေရာများကို ဦးဆောင်လမ်းပြ ပေးလေသည်။
လူတိုင်း၌ တာဝန်တစ်ခုစီရှိ၏။

လေးသုတ်မြောက်တွင် ဂိုဏ်းသားတစ်သိန်းပါဝင်သဖြင့် တာဝန်ခွဲဝေမှုမှာ အချိန်ကြာလေသည်။ လူသစ်အများစုက သူတို့ ဘာလုပ်ရမည်ကို မသိခင်အထိ စိတ်ရှည်ရှည်စောင့်ရလေမည်။အရာအားလုံးကို တုန်လှုပ်ကာ ရပ်နေသည့် ပိုင်ရှောင်ချန်းလည်း ထိုနည်းတူပင်။

သိသာစွာပင် တိုက်ပွဲပြင်ဆင်ချက်များမှာ အလုံးစုံမပြီးသေးချေ။ ပြီးမြောက်သွားပါက မည်မျှ ခမ်းနားကြီးကျယ်မည်မှန်း သူ့မှာ စိတ်ကူးသာယှဥ်နိုင်လေသည်။

မြင်ကွင်းအလုံးစုံနှင့် အထူးသဖြင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက သိုသိုသိပ်သပ်လျှို့ဝှက်ထိန်းသိမ်းထားသည့်အရာများရှိကြောင်းတွေးကာ သူက ရင်တုန်လာလေသည်။ ယခုအချိန်တွင်တော့ လူတိုင်းမျက်စိရှေ့သို့ထွက်ပေါ်လာလေပြီ။

ဥပမာပြရလျှင် ပိုင်ရှောင်ချန်းသည် အပြင်စည်းဂိုဏ်းသားများက သူတို့၏ မန္တန်အစီအရင်များအား လေ့ကျင့်နေကြသည်ကို ကြည့်လိုက်သောအခါ သူတို့၏ အစီအရင်များနှင့် ခရမ်းရောင်ချီဒယ်စောင်အိုးထိန်းချုပ်နည်းပညာရပ်နှင့် ကောင်းကင်တံတားဆင်ခန္ဓာကိုယ်ထိန်းချုပ်နည်းတို့နှင့် တူညီချက်များကို အလွယ်တကူမြင်လိုက်ရလေသည်။ ထိုပညာရပ်နှစ်မျိုးကို ကျင့်ထားသူများအတွက် မန္တန်အစီအရင်ဖော်ထုတ်ခြင်းတွင် ပါဝင်ရန် ပြဿနာမရှိပေ။

သူတို့လုပ်ရမည့်အရာတစ်ခုမှာ အစီအရင်တစ်စိတ်တစ်ပိုင်းမှ လူများနှင့် ပူပေါင်းဆောင်ရွက်ရန်ဖြစ်သည်။ ထို့အပြင် ပိုင်ရှောင်ချန်း ပြောနိုင်သည်က အပြင်စည်း မန္တန်အစီအရင်များမှာ သိပ်မရိုးရှင်းဘဲ အပြောင်းအလဲများစွာ ပါဝင်သည်။

အပြင်စည်းဂိုဏ်းသားများအတွက်မူ ၄င်းက သူတို့နှင့် တူလေသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက အပြင်ပန်းတွင် နူးညံ့သိမ်မွေ့ပုံပေါ်သော်လည်း သူတို့က တိုက်ပွဲအတွက် မွေးဖွားလာသည့်ဂိုဏ်းတစ်ခုဟန်တူသည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းထက် အားနည်းသော်ငြား သူတို့ကို တန်ပြန်ခုခံနိုင်သည့် တစ်ခုတည်းသော တိုက်ပွဲဝင်ဂိုဏ်းဖြစ်သည်။ လက်လျှော့အရှုံးပေးမည့်အစား သွေးသံရဲရဲတိုက်ပွဲကို ရွပ်ရွပ်ချွံချွံတိုက်မည်ဖြစ်သည်။

လောချိန်တောင်တန်းကြောင့် သူနားလည်ခဲ့သည်ထက်ပင် သူတို့က ပို၍ အံ့သြဖွယ်ကောင်းနေလေသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တိုက်ခိုက်ရည်ကျွမ်းကျင်မှုတိုးတက်လာသည့်အပြင် သူတို့အတွင်း ငုပ်လျှိုးနေသည့်တစ်စုံတစ်ခုရှိလေသည်။ ပိုင်ရှောင်ချန်းက သူ၏ ဓမ္မမျက်လုံးကိုဖွင့်လိုက်ပြီးနောက်တွင် ချက်ချင်းပင် အံ့သြတုန်လှုပ်သွား၏။

တောင်တန်းများအတွင်းတွင်ရှိနေသည့် မန္တန်အစီအရင်တစ်ခုကြောင့် ပိုင်ရှောင်ချန်း၏ ဦးခေါင်းပင်စပ်ဖျဥ်းသွား၏။ ၄င်းက အသေခံမန္တန်အစီအရင်ပင်။

ထိုအရာက ထောင်ချောက်ဖြစ်ပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက နိုင်သွားပါက သတင်းစကားပို့ရန် စီစဥ်ထားခြင်းဖြစ်သည်။

သင်တို့ ကျုပ်တို့ကို ချိုးနှိမ်နိုင်လိမ့်မယ်။ ဒါပေမယ့် သင်တို့ အရိုးထဲထိနာကျင်မှုကို ခံစားရပြီး အဲဒီဝေဒနာကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး။

ပိုင်ရှောင်ချန်း သတိရှိရှိဖြင့် အသက်ပြင်းပြင်းရှူလိုက်လေသည်။ ထိုအချိန်တွင် ဟိုရှောင်မေ့က မြင်သမျှကို တုန်လှုပ်ချောက်ခြားလျက် သူ့ဘေးလာရပ်လေသည်။ သူမက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းဘက်ကို လှမ်းကြည့်လိုက်သော်လည်း သူမ၏ ရှုထောင့်မှ ဘာမှမမြင်ရပေ။ သို့သော်လည်း ကြက်သွေးရောင်မြေပြင်များကို မျက်စိတစ်ဆုံးမြင်လိုက်ရ၏။

“ကိုကြီးရှောင်ချန်း” သူမက လေသံပျော့ပျော့လေးနှင့် ပြောလိုက်၏။ ” ညီမကြားတာကလေ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက လူတိုင်းက အလယ်တောင်ထိပ် သွေးသခင်ညမုဆိုးအတိုင်းပဲတဲ့ ။ သူတို့က ရက်စက်ပြီး ကောက်ရိတ်သလို လူတွေကို သတ်တယ် ။ဂိုဏ်းထဲ အချင်းချင်းသတ်ရင်း အချိန်ကုန်တယ် ။ သတိမထားရင်လေ.. ချက်ချင်းသတ်ခံရမှာတဲ့..။ ကိုကြီးကော သူတို့နဲ့တိုက်ရင် သတိထားနော်” သူမနားလည်မှုအရ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက သတ်ဖြတ်ခြင်းအငွေ့အသက်များဖြင့် လွှမ်းမိုးနေသော နေရာဖြစ်၏။မကြာသေးခင်က ပျံ့နှံ့ခဲ့သည့် ညမုဆိုး၏ အံ့မခန်းပုံပြင်များမှာ ထည့်စဥ်းစားစရာပင်။ သူမအတွက်မူ ဂိုဏ်းတစ်ခုလုံးပုံစံက သူ့လိုဟုပင် စဥ်းစားလိုက်သည်မှာ ပုံမှန်ပင်ဖြစ်သည်။

ပိုင်ရှောင်ချန်း၏ အလွန်အံ့သြနေခြင်းကြောင့် ပို၍ စိုးရိမ်နေခြင်းဖြစ်တန်ရာသည်။ သူက ရင်ဘတ်ကို ထုလိုက်ကာ မေးမော့ပြီး သူကပြောလိုက်သည်။
” မစိုးရိမ်နဲ့ ရှောင်မေ့လေး..ပိုင်ရှောင်ချန်းရှိရင် ညမုဆိုးက မျက်နှာတောင် ပြရဲမှာ မဟုတ်ဘူး”

သူစိုးရိမ်သလောက် ပုံကြီးချဲ့ပြောနေခြင်းမဟုတ်ချေ။အမှန်တကယ်ပင် ထိုအရာက လုံးဝဖြစ်မလာနိုင်သောကြောင့်ဖြစ်သည်။

ဟိုရှောင်မေ့က ပြုံးပြလိုက်ပြီး သူ့ကို မယုံသော်လည်း ယုံချင်ယောင်ဆောင်လိုက်လေသည်။ ခါတိုင်းလိုပင် သူမ၏မျက်လုံးများက ချစ်ခင်လေးစားမှုများဖြင့် ပြည့်နေသဖြင့် ပိုင်ရှောင်ချန်းမှာ သက်တောင့်သက်သာ ဖြစ်သွား၏။

သူက ချစ်စဖွယ်အမူအရာ လုပ်လိုက်ရင်း ကျိုးရှင်းချီကိုလှမ်းကြည့်ကာ ပြောလိုက်သည်။
” ဟေးးး ဂိုဏ်းတူညီမလေး ရှင်းချီ.. မကြောက်နဲ့..ကိုကြီးကာကွယ်ပေးမယ်”

ကျိူင်းရှင်းချီက ပိုင်ရှောင်ချန်း၏ ထိုပုံစံနှင့် ကောင်းကင်တံတားမြစ်ပေါ်၌ မြင်ခဲ့သည့်တစ်ခုနှင့်လုံးဝ ဆက်စပ်မရချေ။ သူမက သက်ပြင်းချပြီး ပြောလိုက်၏။

“ဒီလိုနေရာမှာတောင် ကြွားဝါနေသေးတာလား..ဘာဖြစ်ချင်တာလဲ”

ရှန်းကွမ်းထျန်ယုံကလည်း ဟမ့်ခနဲ့ နှာမှုတ်လိုက်၏။ ပိုင်ရှောင်ချန်းကိုကြည့်ပြီးသူက ဖြေးညင်းစွာပြောသည်။
” ပိုင်ရှောင်ချန်း.. ညမုဆိုးက ငါ့အပိုင်ပဲ ၊ သူရဲ့ ပခုံးကနေ ခေါင်းကိုဖြတ်ပစ်မှာကွ”

ထိုစကားကြောင့် ပိုင်ရှောင်ချန်းက သူ့ကို ချဥ်သွားလေသည်။ ရှန်းကွမ်းထျန်ယုံကို စိုက်ကြည့်လိုက်ပြီး ပြန်ပြောရန်ပြင်လိုက်စဥ် သူ၏ ခေါင်းအစအခြေအဆုံး အေးစက်မှုဖုံးလွှမ်းသွားသဖြင့် သူ့မှာ ရင်တုန်သွား၏။ လှည့်လိုက်သောအခါ လူအုပ်ထဲမှ သူ့ကို စိုက်ကြည့်နေသော အမျိုးသမီးငယ်တစ်ယောက်ကို တွေ့လိုက်လေသည်။

သူမ၏ခန္ဓာကိုယ်ပေါ်သို့ ပိတုန်းရောင်ဆံနွယ်ရှည်များက ဝဲကျနေပြီး အမှန်ပင်လှလေသည်။ သူမက ကုန်းစွန်းဝမ်အာပင်။

ပိုင်ရှောင်ချန်းစိုက်ကြည့်နေသည်ကို သတိထားမိသည်နှင့် သူမက သူ့ကို ပြန်လှည့်ကြည့်လေသည်။ အကြည့်ချင်းဆုံးသွားသည်တွင် သူမက ပါးစပ်ကိုလက်ဖြင့်အုပ်ကာ ရယ်လိုက်၏။ သူတို့နှစ်ယောက်က အတော်လှမ်းသော်လည်း အကြောင်းအရင်းရှာမရဘဲ ထိုရယ်သံက ပိုင်ရှောင်ချန်း၏နှလုံးအိမ်ကို ကြောက်မက်ဖွယ်အန္တရာယ်အတွေ့အထိဖြင့်ပြည့်သွားစေလေသည်။ သူ၏ ကိုယ်ထဲရှိတစ်စုံတစ်ခုက ထိုအမျိုးသမီးငယ်က သေလူဖြစ်ကြောင်း သူ့ကို အော်ပြောနေလေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset