တိုက်ပွဲစာလိပ်။
ဝမ်လင်းသည် သူ့ညာလက်ကို ဆန့်ထုတ်လိုက်ရာ တိုက်ပွဲစာလိပ်သုံးခုသည် သူ့လက်ထဲသို့ ကျရောက်လာ၏။ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီးနောက် သူသည် သည်စာလိပ်များမှာ အတုလား၊အစစ်လား ချက်ခြင်း နားလည်နိုင်လိုက်သည်။
“သင့်ကို တိုက်ပွဲစာလိပ်တွေ ပေးပြီးပြီးဆိုတော့ ငါ ထွက်သွားလို့ ရနိုင်ပြီလား…” လီယွမ်ဇီသည် သူကိုယ်တိုင်ကိုယ်ကျ သူ့ကျန်းမိသားစု၏ အရေးကြီးဆုံးရတာများကို လက်ကမ်း ပေးလိုက်ရခြင်းပင်။ ထိုအဖြစ်က သူ တောင့်ခံနိုင်သည့် အရာတော့မဟုတ်ပါ။ သို့သော် သူက သူသာ သည်စာလိပ်များကို မပေးတောင်မှ ဝမ်လင်းသည် ၎င်းတို့ကို ရနိုင်ခြေများပေသည်။ထို့ကြောင့် သူက သည်ကိစ္စတွင် ရွေးချယ်စရာ မရှိတော့ပေ။
အခြားတစ်ယောက်ယောက်ကသာ နတ်အင်ပါယာ ဖြစ်နေခဲ့ပါက လီယွမ်ဇီသည် သူ့ကို စော်ကားမိခဲ့လျှင်ပင် အများဆုံးမှ သူသည် ပိတ်လှောင်ခြင်းခံရရုံသာ ရှိ၍ အသက်ခံရလိမ့်မည် မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် သူသည် အလုံးစုံကောင်းကင်က ဖြစ်နေသည် မဟုတ်လား။ အလုံးစုံကောင်းကင်သည် မဟာမိတ်အတွက် အတော်လေးကို ထူးခြားဆန်းကြယ် လွန်းလှ၏။ ထိုသို့ဖြစ်မှုကပင် လီယွမ်ဇီကို သက်သာရာ ရကောင်းသွားနိုင်စေမည်။
မဟာမိတ်မှ အလွန့်အလွန်နည်းပါးသော သူများသာ အလုံးစုံကောင်းကင်အကြောင်းကို အမှန်တကယ် သိကြ၏။အများစုသည် အလုံးစုံကောင်းကင်အကြောင်းကို သိမထားခဲ့ကြပေ။
သို့ရာတွင် ဝမ်လင်းသည် အလုံးစုံကောင်းကင် အကြောင်း အတော်လေး သိထားသူ မဟုတ်လား။ သူက အလုံးစုံကောင်းကင်၏မိုးကြိုးကောင်းကင်ဘုံသားပင် ဖြစ်ခဲ့ဖူးသည့်သူ မဟုတ်လော။ ထို့အတွက် အလုံးစုံကောင်းကင်က ဝမ်လင်းအဖို့ ဘာမှ ဆန်းကြယ်နေခြင်း မရှိတော့ပေ။
ထိုအချက်က ပဓာန မဟုတ်သေးပေ။ အရေးကြီးဆုံးအချက်မှာ လီယွမ်ဇီသည် ဝမ်လင်းကို နားလည်နေခြင်းပင်။ သူသည် ဝမ်လင်းမှာ ကြမ်းကြုတ်၊ ပြတ်သားသူ ဖြစ်မှန်း သိထား၏။ သည်လူက သူ့ကို သတ်ချင်ပါက ပြတ်သားစွာ သတ်ပစ်ပေမည်။ သူ့အဖို့ ရှင်သန်နိုင်မည့် အခွင့်အရေး ရလိမ့်မည် မဟုတ်ပါ။
ထို့အတွက်ကြောင့် သူက မိသားစု၏အရေးကြီးဆုံး ရတနာ တိုက်ပွဲစာလိပ်သုံးခုကို ပေးလိုက်ရခြင်း ဖြစ်၏။ သူ့နှလုံးသာကို ဓားဖြင့် လှီးသလို ခံစားရနေသော်တောင်မှာ သူသည် တိုက်ပွဲစာလိပ်များကို ပေးမှ ဖြစ်ပေမည်။
တိုက်ပွဲစာလိပ်များကို သိမ်းဆည်းလိုက်ပြီးနောက် ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ဖြည်းဖြည်းချင်း ပြောလာသည်။ “နတ်အင်ပါယာတစ်ပါးအနေနဲ့ ငါက သင် ငါ့ကို စော်ကားတာအပေါ် ခွင့်လွှတ်ပေးလို့ရတယ်။ ဒါပေမယ့်လည်း ငါ စီနီယာလီယွမ်ဇီနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုတော့ ရှိနေသေးတယ်…”
လီယွမ်ဇီသည် သူ့နှလုံးအိမ် ပြုတ်ကျသလို ခံစားနေရ၏။ သူသည် ဝမ်လင်းကို စူးစိုက်ကြည့်ကာ အံတင်းတင်းကြိတ်ထားသည်။ “မင်း…တိုက်ပွဲစာလိပ်တွေကိုလည်း ယူပြီးသွားပြီပြီ။မင်း ဘာထပ်လိုချင်နေသေးတာလဲ…”
ဝမ်လင်းအသွင်က တည်ငြိမ်လျက်ပင်။ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “သင်က ငါ ကျန်းမိသားစုရဲ့ အရေးတကြီးရတနာကို ယူသွားခဲ့တယ်လို့ သင်ပြောခဲ့တယ်။ ဒီအတွက် သင် ငါ့ကို ဖြေရှင်းချက် ပေးရမယ်…”
ဝမ်လင်းသည် သူ့ကို သတ်ချင်၏။ သို့သော် ထိုသို့ ပြုလုပ်ခြင်းက အလုံးစုံကောင်းကင်နှင့်နတ်လေးပါးကလန်တို့ကြား ဆက်ဆံရေးကို ပိုဆိုးသွားစေနိုင်သည်။
သူ့ကို သတ်ခြင်းက ဝမ်လင်း တာဆန်နှင့် ရင်ဆိုင်ရန် အစီအစဉ်ပေါ်၌လည်း အကျိုးမရှိစေပေ။ ပို၍ အရေးကြီးသည်က နတ်လေးပါးကလန်နှင့်အလုံးစုံကောင်းကင်တို့ကြား ဆက်ဆံရေး ပိုဆိုးလာခဲ့ပါက အကျိုးအမြတ်ရသွားမည့်သူများသည် အလောင်းကောင်ကလန်နှင့်ကျင့်ကြံခြင်းမဟာမိတ်တို့သာ ဖြစ်ပေလိမ့်မည်။
သူ့စီနီယာအစ်ကို ချင်းရွှေသည် မဟာမိတ်ဌာနချုပ်အတွင်း ရှိနေနိုင်ဖို့များ၏။ ထို့အပြင် သူ့အပေါ် နတ်အင်ပါယာဟောင်း၏ ကြင်နာမှုလည်း ရှိသေး၏။ ထို့အတွက်ကြောင့် ဝမ်လင်းသည် လီယွမ်ဇီကို ခုချိန်တွင် သတ်၍ မရနိုင်သေးပေ။
လီယွမ်ဇီသည် သူ့ဒေါသကို ထပ်ဖိနှိပ်ရင်း ပြောလာသည်။ “ဘာထပ်လိုချင်တာလဲ…”
ဝမ်လင်းသည် ဖြည်းဖြည်းချင်း ပြောလိုက်၏။ “လျိုဖုဆယ်ခု…”
“မင်း…” လီယွမ်ဇီ၏ခန္ဓာကိုယ်ကနေ တစီစီအသံများပင် ထွက်ပေါ်လာ၏။ သူ့စိတ်ထဲရှိ ဒေါသသည် အကန့်အသတ် ရောက်လာခဲ့ပေပြီ။ သူက ဒေါသထွက်လွန်းသဖြင့် သူ့ကိုယ်သူ မနည်းတည်ငြိမ်အောင် လုပ်နေရ၏။ သူက အသက်ဝဝရှုသွင်းလိုက်သည်။
“နောက်ဆုံးအကြိမ်တုန်းက ငါ မင်းကို တစ်ခု ပေးခဲ့ပြီးတဲ့နောက် ငါ့မှာ လျိုဖုခြောက်ခုပဲ ကျန်တော့တယ်။ ငါ့မှာ ဒီထက်ပိုမရှိတော့ဘူ…။ငါ မင်းကို ပေးနိုင်တာ ဒါအကုန်ပဲ…”
လီယွမ်ဇီက အံတင်းတင်းကြိတ်ထားမိ၏။
ဝမ်လင်းသည် ပြုံး၍ ခေါင်းညိတ်ပြသည်။ “ခြောက်ခုဆိုလည်း အဆင်ပြေတယ်။ သင် ငါ့ကို ဒီလျိုဖုတွေကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတွေပါတဲ့ ကျောက်စိမ်းပြားကိုပါ ပေးဖို့ လိုတယ်…”
လီယွမ်ဇီက မျက်လုံးမှိတ်လိုက်၏။ သူက သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်သည်။ သွေးနံ့နှင့် ပြည့်နှက်သော လျိုဖုခြောက်ခုသည် ပျံသန်းထွက်လာ၏။ လျှိုဖုခြောက်ခုနှင့်အတူ ကျောက်စိမ်းပြားတစ်ခုလည်း ပါသည်။
ဝမ်လင်းသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ လျှိုဖုခြောက်ခုကို သူ့သိုလှောင်အိတ်ထဲသို့ သိမ်းဆည်းလိုက်၏။ ထို့နောက် သူက ကျောက်စိမ်းပြားကို လှမ်းဆွဲယူကာ စစ်ဆေးကြည့်ပြီးနောက် ထပ်သိမ်းဆည်းလိုက်သည်။
“ငါ့ကို သွားခွင့်ပြုတော့…” လီယွမ်ဇီသည် နောက်လှည့်၏။ သူသည် ဟင်္သာငှက်နတ်ကလန်တွင် ကြာကြာမနေနိုင်တော့ပေ။
“အလျင်စလို မသွားပါနဲ့ဦး။ စီနီယာအရှင်မီးတောက်ရှိ ပေးပေးဖို့အတွက် စီနီယာလီယွမ်ကို ငါ ပေးလိုက်စရာ တစ်ခုရှိသေးတယ်…” ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်း၏။ကျောက်စိမ်းပြားတစ်ခုသည် လီယွမ်ဇီလက်ထဲသို့ ပျံသန်းသွားတော့သည်။
လီယွမ်ဇီသည် မျက်မှောင်ကြုတ်ကာ သူ့နတ်ဘုရားအာရုံဖြင့် ထိုကျောက်စိမ်းပြားကို စစ်ကြည့်လိုက်သည်။ထို့နောက် သူ့အသွင်က ကြီးစွာ ပြောင်းလဲသွား၏။ သူသည် မော့ကြည့်လာ၏။ သူ့မျက်လုံးတို့မှာ တောက်ပလွန်းနေသည်။
“ဒီကိစ္စက…”
ဝမ်လင်းသည် ပြုံး၏။ သူက ကျောက်စိမ်းပြားထဲမှ အကြောင်းအရာကိုတော့ ထပ်မပြောပေ။ “စီနီယာအရှင်မီးတောက်က စိတ်ဝင်စားမယ်ဆိုရင် သူ ဟင်္သာငှက်နတ်ကလန်မှာ ငါ့ကို လာရှာနိုင်တယ်…”
လီယွမ်ဇီက ကျောက်စိမ်းပြားကို သေချာသိမ်းထားလိုက်၏။ထို့နောက် သူက ဝမ်လင်းကို ကြည့်သည်။ သူသည် အရင်တုန်းကကဲ့သို့ ဝမ်လင်းကို ဖြတ်မြင်နိုင်စွမ်း မရှိတော့ဟု ခံစားလိုက်ရသည်။ သူသည် သက်ပြင်းချကာ အမြန် ပြန်ထွက်သွားတော့၏။
“ငါ့ကျန်းမိသားစုရဲ့ ရတနာတွေဟာ တခြားသူရဲ့ လက်ထဲမှာ ရှိခွင့်မရှိဘူး။ ဝမ်လင်း…တစ်နေ့မှာ ငါ ဒါတွေကို ပြန်လာယူမယ်။ ငါ မင်းကို မသတ်နိုင်ခဲ့ရင် ငါ လီယွမ်ဇီ မဟုတ်တော့ဘူး…”
လီယွမ်ဇီသည် သည်ကျင့်ကြံခြင်းဂြိုဟ်ကနေ အလျင်အမြန် တဟုန်ထိုး ထွက်လာကာ မြန်မြန်ဆန်ဆန် ပျံသန်းလာတော့၏။
“ဒါပေမယ့်လည်း…ဝမ်လင်းရှိက ကျောက်စိမ်းပြားဟာ ကောင်းကင်တုန်လှုပ်စေမယ့်ကိစ္စပဲ။ ငါ ဒါကို အရှင်မီးတောက်ရှိ တတ်နိုင်သမျှ မြန်မြန် ပို့ပေးမှ ဖြစ်မယ်။ ဒါသာ အမှန်ဆိုရင် တကယ့်ကို တုန်လှုပ်ဖွယ်ရာ ကောင်းလိမ့်မယ်…”
လီယွမ်ဇီက သူ့စိတ်ကိုယ်သူ ပြင်ဆင်လိုက်၏။ သူ သည်နေရာတွင် ရှိနေသမျှ အခိုက်အတန့်လုံး သူသည် အလွန်အမင်း အရှက်ခွဲခံရမှုကို ခံစားနေခဲ့ရပေသည်။
လီယွမ်ဇီက သူ့ညာလက်ကို ရှေ့သို့ ဆန်ထုတ်ကာ သူ့ရှေ့ရှိ အက်ကြောင်းထဲကနေ တစ်ခုခုကို ဆွဲထုတ်ယူ၏။ ၎င်းအရာမှာ ကျောက်တုံးနက်တစ်ခုပင်။ သူ ယင်းကျောက်တုံးနက်ကို လှမ်းယူပြီးနောက် အမှုန့်ဖြစ်သည့်အထိ ခြေမွပစ်သည်။ ထိုအမှုန့်မှာ ပြန့်ကြဲသွားခြင်းမရှိဘဲ လီယွမ်ဇီ ပတ်လည်တွင် သိပ်သည်းကာ သူ့အား ထွေးခြုံပေးသွားသည်။
ချက်ခြင်းပင် လီယွမ်ဇီ၏ အမြန်နှုန်းက တဟုန်ထိုး တိုးတက်လာကာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့၏။
ရက်အတော်အတန်ကြာပြီးသည့်နောက် လီယွမ်ဇီသည် နတ်လေးပါးကလန်ထိန်းချုပ်ထားသော အရှေ့ပိုင်းနယ်မြေကနေ ထွက်လာခဲ့ကာ အလုံးစုံကောင်းကင် ထိန်းချုပ်သည့် မြောက်ပိုင်းနယ်မြေထဲသို့ ဝင်ရောက်လာတော့သည်။
သူ မြောက်ပိုင်းနယ်မြေသို့ ခြေချလိုက်သည့် ဒုတိယမြောက်နေ့တွင် သူက တဟုန်ထိုး ပျံသန်းရန် ပြင်လိုက်စဉ်မှာပင် အလင်းတန်းတစ်ခုသည် သူ့ထံသို့ တရကြမ်း တိုးဝင်လာ၏။ ထိုအလင်းတန်းသည် မြန်ဆန်လွန်းသည်။
လီယွမ်ဇီ၏အသွင်မှာ ကြီးစွာ ပြောင်းလဲသွား၏။ သူက ရှောင်လို၏။ သို့သော် သူ့ကျင့်ကြံမှုအဆင့်ကြောင့် သူသည် ချဉ်းကပ်လာသော အလင်းတန်းကို အလွတ်အကျွတ် ရှောင်လိုက်နိုင်ခြင်း မရှိပေ။ အလင်းတန်းက လီယွမ်ဇီ၏ရင်ဘက်ကို ထွင်းဖောက်သွားသည်။
သူ့အတွက် မန္တာန်တစ်ခု၊ရတနာတစ်ခု အသုံးပြုဖို့ပင် အချိန်မရလိုက်ပေ။
လီယွမ်ဇီသည် သွေးအန်၏။ သူ့ခန္ဓာကိုယ်သည် ချက်ခြင်း ပြိုလဲပျက်စီးသည်။ သူ့မူလစိတ်ဝိညာဉ်သည် မြန်ဆန်စွာ ပျံသန်းထွက်လာရင်း ကြောက်လန့်တုန်ယင်နေ၏။ ထိုအလင်းတန်းက လက်လျှော့ဟန် ရှိသေးမည့်ပုံ မပေါ်သည်ကို တွေ့မြင်သည့်အခါ လီယွမ်ဇီက အထိတ်တလန့်ဖြင့် သူ့ညာလက်ကို ရှေ့သို့ ဆန့်ထုတ်၏။ ထိုအခါ ပေတစ်ရာလောက်ရှိသည့် သွေးလုံးတစ်ခု ထွက်ပေါ်လာချေသည်။
၎င်းမှာ လျိုဖုသွေးလုံးတည်း။
လျိုဖုသွေးလုံး ထွက်ပေါ်လာသည်နှင့် လီယွမ်ဇီက ချက်ခြင်း အော်ဟစ်လိုက်၏။ “ပေါက်ကွဲစမ်း…”
သွေးလုံးက ရုတ်တရပ် ပေါက်ကွဲသွားသည်။ တုန်ခါလှိုင်းက အလင်းတန်းကို တားဆီး၏။ ထိုအခိုက်အတန့်ကို အသုံးချကာ လီယွမ်ဇီသည် ထွက်ပြေးလွတ်မြောက်နိုင်ရန် သူ့မူလစိတ်ဝိညာဉ်အဆီအနှစ်ကို အသုံးချလိုက်သည်။
သို့ရာတွင် အနီရောင်လိုင်းတစ်ခုက သူ့ရင်ဘက်ကနေ တစ်ဆင့် သူ့ခန္ဓာကိုယ်သို့ ပျံ့နှံ့လာ၏။ သူ့မျက်လုံးထဲတွင် ကြောက်လန့်မှုတို့ ပြည့်နှက်ကုန်၏။
“အဆိပ်… ဒါက အလောင်းကောင်ကလန်ရဲ့ အဆိပ်ပဲ…” အလုံးစုံကောင်းကင်သည် အလောင်းကောင်ကလန်၏ တိုက်ခိုက်သည့်နည်းလမ်းတော်တော်များများ သိရှိနိုင်ရန် စုဆောင်းထားခဲ့ကြ၏။ လီယွမ်ဇီမှာ အလုံးစုံကောင်းကင်၏ အစွမ်းထက်သောကျင့်ကြံသူများထဲမှ တစ်ယောက် ဖြစ်၏။ ထို့ကြောင့် သူသည်လည်း အလောင်းကောင်ကလန်၏ အဆိပ် သက်ရောက်ခြင်း ခံရသည်အခါ သိနေသည်မှာ မထူးဆန်းတော့ပေ။
လီယွမ်ဇီနှင့်အဝေးတစ်နေရာတွင် အမျိုးသားတစ်ယောက်၏ ပုံရိပ်တစ်ခု ပေါ်လာသည်။ သူသည် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အလွန်ကြည့်ကောင်းသည်။ သူသည် လီယွမ်ဇီ လွတ်မြောက်သွားသည့်နေရာသို့ ကြည့်သည်။ ထို့နောက် သူက ခေါင်းယမ်းကာ ပြန်ထွက်ခွာသွားတော့သည်။
“စစ်ထူနန်ရှိက ထုတ်ယူထားတဲ့ အဆိပ်နဲ့ ဂျူနီယာတစ်ယောက်ကို အလစ်တိုက်တာ။ ဒီကိစ္စက…အား…ထားလိုက်ပါတော့လေ…။ ငါတို့နှစ်ယောက်က ဝမ်လင်းအပေါ် ကျေးဇူးအများကြီး တင်နေခဲ့တာပဲကို…”
ထိုအပြာရောင်ဝတ်စုံနှင့်လူက သက်ပြင်းချကာ ပျောက်ကွယ်သွားတော့သည်။
လီယွမ်ဇီ ထွက်ခွာသွားပြီးနောက် အလောင်းကောင်ကလန်မှ အမျိုးသမီးသည် သူမ၏လက်ဆောင်များကို ထုတ်ယူလာ၏။ နတ်လေးပါးကလန်နှင့် မဟာမိတ်ပြုလိုသည့် သူမ၏ဆန္ဒကို ဖော်ပြပြီးနောက် သူမသည် ထွက်ခွာရန် ပြင်သည်။
သို့ရာတွင် ဝမ်လင်းက သူမကို နတ်အင်ပါယာဂုဏ်ပြုအခမ်းအနားတွင် ရက်အနည်းငယ်လောက်ဆက်နေရန် မေးခဲ့၏။ဝမ်လင်းက ရုတ်တရပ် သူမကို မေးခွန်းတစ်ခု မေးလာ၏။ “ရောင်းရင်းကျင့်ကြံသူလီ…အလောင်းကောင်ကလန်က လူတစ်ယောက်အနေနဲ့ သင်က ဒီလောကရဲ့ အလောင်းအမျိုးမျိုးအကြောင်းကို အတော်လေး သိထားမှာ သေချာတယ်။ ငါ သိချင်တာက အကောင်းဆုံးအလောင်းခန္ဓာကိုယ်ဆိုတာ ဘယ်လို ယူဆနိုင်မလဲ…”
ထိုအမျိုးသမီး၏ မျက်လုံးက လက်ခနဲ ဖြစ်သွာ၏။ သူမသည် သည်နတ်အင်ပါယာသစ်ကို အတော်လေး စိတ်ဝင်စားမိနေသည်။ အထူးသဖြင့် အစောပိုင်းက သူ လီယွမ်ဇီကို အနိုင်ကျင့်ခဲ့သည့်အချိန်ကပင်။ ထိုအချက်က ဝမ်လင်းအပေါ် သူမအမြင်ကို အတော်လေး ပြောင်းလဲသွားစေ၏။
သူမက ပြုံး၍ ပြောလာ၏။ “နတ်အင်ပါယာမေးမှတော့ ဒီအမျိုးသမီးလေးက သေချာ ပြန်ဖြေရတော့မှာပေါ့။ အဆင့်တစ်အလောင်းကောင်ဟာ ယုတ္တိမဲ့ပြောင်းပြန်ဒြပ်စင်ငါးခုအလောင်းပဲ…။
သူမသည် ရှင်းပြလိုက်ရင်း သူမမျက်နှာပေါ်၌ ညူတူတူဟန် ဖြစ်ပေါ်သည်။
“ဒီယုတ္တိမဲ့ပြောင်းပြန်ဒြပ်စင်ငါးခုအလောင်းကောင်က အစစ်အမှန်အလောင်းတော့ မဟုတ်ဘူး။ ဒီအလောင်းဟောင် ကောင်းကင်နဲ့မြေကြီးက အထူးအခြေအနေတွေကနေ သဘာဝအလျောက် ဖြစ်ပေါ်တာ။ ဒီခန္ဓာကိုယ်ဟာ ဒြပ်စင်ငါးခုကနေ ဖြစ်လာတာပဲ။ ဒါပေမယ့် ခန္ဓာကိုယ်ရဲ့အပြင်ဘက်မှာလည်း ဒြပ်စင်ငါးခုရှိနေပြန်တယ်…။ ဒါ့ကြောင့် ဒီခန္ဓာကိုယ်ဟာ ဥပဒေသထဲမှာ ထူးဆန်းတဲ့ပြောင်းလဲမှုတစ်ခုကို ဖြစ်စေနိုင်တယ်…”
ဝမ်လင်းသည် သူမကို ခေါင်းညိတ်ပြ၏။
“ဒီတော့ ဒါက ဒီလိုပေါ့။ အစတုန်းကတော့ ငါက ငါ့မှာ ရှိနေတဲ့ အလောင်းကောင်ဟာ ဒီလောကမှာ အဆင့်တစ် ဖြစ်လိမ့်မယ်လို့ တွေးထင်ထားခဲ့တာ။ အစတုန်းကတော့ ငါက ကျင့်ကြံသူလီကို ဒီအလောင်းကောင်အပေါ် စစ်ကြည့်ခိုင်းမလို့။ ဒါပေမယ့် ဒီလိုဆိုမှတော့ ဒီကိစ္စကို ထားလိုက်ပါတော့လေ…”
လှပသောအမျိုးသမီး၏မျက်လုံးမှာ တလက်လက် ဖြစ်သွားသည်။သူမက ပြုံး၍ ပြောသည်။ “အို…ဘယ်လို အလောင်းကောင်အမျိုးအစားမလို့ နတ်အင်ပါယာက ဒီလောက် ယုံကြည်မှု ရှိနေရတာလဲ ကျွန်မ သိချင်မိတယ်…”
ဝမ်လင်းသည် အချိန်ဖြုန်းမနေတော့ပေ။ သူက သူ့အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ပြီး ကျောက်စိမ်းပြားတစ်ခုကို ထိုအမျိုးသမီးထံသို့ ပျံသန်းသွားစေလိုက်သည်။ သူမက ၎င်းကို ပြုံး၍ ဖမ်းယူ၏။ သူမသည် ကျောက်စိမ်းပြားကို ကြည့်ချိန်၌ ၎င်းအတွင်းရှိ အချက်အလက်နှင့် ပတ်သတ်လို့ သိပ်ဂရုမစိုက်သည့်ပုံ ထင်ရသည်။
သူမ ယုတ္တိမဲ့ပြောင်းပြန်ဒြပ်စင်ငါးခုအလောင်းသည် နံပါတ်တစ်အလောင်း ဖြစ်ကြောင်း ဝမ်လင်းကို ပြောခဲ့သည်မှာ ထိုအချက်သည် အပြင်လူများအတွက်သာ ဖြစ်၏။ သူမတို့၏ အလောင်းကောင်ကလန်ထဲ၌ ယုတ္တိမဲ့ပြောင်းပြန်ဒြပ်စင်ငါးခုအလောင်းကောင်ထက် ပိုသာလွန်သည့် အလောင်းကောင်ခန္ဓာကိုယ် ခုနစ်ခု ရှိနေသေးပေသည်။
သူမသည် ဝမ်လင်း လှမ်းပို့သည့် ကျောက်စိမ်းပြားကို သာမန်ပင် စစ်ဆေးကြည့်၏။ သို့သော် ထိုအခိုက်မှာပင် သူမ၏ ညာလက်သည် တုန်ယင်လေ၏။ သူမ၏အသွင်သည် အလေးအနက် ဖြစ်လာခဲ့သည်။
သို့သော် ထိုအလေးအနက်ဖြစ်မှုက ချက်ခြင်း ပျက်စီးကာ တုန်လှုပ်ကြောက်လန့်မှုက အစားဝင်လာ၏။ သူမ၏ ညာလက်သည် ကျောက်စိမ်းပြားကို ခပ်တင်းတင်းဆုပ်ကိုင်ထားရင်း တုန်နေတော့သည်။သူမသည် အသက်ပင် ခက်ခက်ခဲခဲ ရှုနေရသည့်ပုံ ပေါက်နေ၏။ သူမက နောက်သို့ ခြေလှမ်းအနည်းငယ်ပင် ဆုတ်လိုက်ရ၏။
ထိုသို့ဖြစ်ရခြင်းမှာ ထိုအမျိုးသမီး၏ စိတ်ဓာတ်အင်အား အားနည်းခြင်းကြောင့် မဟုတ်ပေ။ ကျောက်စိမ်းပြားထဲရှိ ပါဝင်သည့်အချက်အလက်က သူမ၏ စိတ်မည်မျှသန်မာပါစေ အချဉ်းနှီးသာ ဖြစ်သွားစေနိုင်ခြင်းကြောင့်သာ ဖြစ်၏။ သူမ မပြောနှင့် အခုအလောင်းကောင်ကလန်ခေါင်းဆောင်သည်ပင် ထိုအချက်ကို တွေ့မြင်ရခဲ့ပါက သူသည်ပင် ရူးသွပ်သွားနိုင်လောက်၏။
“ဒါ…ဒါက…” သူမ၏ ခေါင်းကို ဆက်ခနဲ့ မော့ကာ ဝမ်လင်းကို စူးစိုက်ကြည့်သည်။ သူမ၏ စိတ်နှလုံးထဲရှိ တုန်လှုပ်နေမှုကို စကားဖြင့် ဖော်ပြဖို့ပင် မဖြစ်နိုင်ပေ။
ဝမ်လင်းသည် တည်ငြိမ်စွာဖြင့်ပင် ယင်းအမျိုးသမီးထံသို့ ကြည့်၏။
“ဒီအလောင်းကောင်က ဘယ်အဆင့် ရှိမလဲ ငါ သိချင်မိတယ်…”
***