Switch Mode

အပိုင်း(၁၁၄၆)

အမှား

လီယွမ်ဇီ၏ နှလုံးသားထဲရှိ မလွယ်ကူမှုသည် ပိုတိုးလာ၏။ သူက ဟင်္သာငှက်နတ်အင်ပါယာ၏ အသံမှာ အနည်းငယ် ရန်လိုနေသည်ဟု ခံစားမိ၏။ အထူးသဖြင့် အကြီးအကဲလေးယောက် သူ့အပေါ် ကြည့်နေသည့်အကြည့်က ပြောင်းလဲသွားခဲ့ပေပြီ။

ချပ်ဝတ်နှင့်လူက လီယွမ်ဇီကို ကြည့်ကာ ရယ်မောလိုက်သည်။ ထိုရယ်သံက ပိုကျယ်လောင်လာ၏။ ခန်းမအတွင်းရှိ မူလစွမ်းအင်များသည် မြန်ဆန်စွာ စတင်လှည့်လည်သည်။

ခန်းမအတွင်းရှိ မီးမူလစွမ်းအင်သည်ပင် သက်ရောက်ခြင်း ခံရ၏။ ယင်းမူလစွမ်းအင်အတွင်း၌ လျှပ်စီးအဝန်းအဝိုင်းများပါ ရွှေ့လျားနေသည်။

လီယွမ်ဇီ၏ စိတ်က တုန်ယင်သွား၏။ သူက မတ်တပ်ထရပ်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သည်။ သူသည် ချပ်ဝတ်နှင့်လူကို စူးစိုက်ကြည့်ကာ ပြောသည်။ “နတ်အင်ပါယာ ဘာကို ဆိုလိုတာပါလဲ။ ဝမ်လင်းက…”

သူ ထိုသို့ မပြောနိုင်ခင်မှာပင် သူ့စကားများသည် ကြားဖြတ်ခံရ၏။

ချပ်ဝတ်နှင့်လူက ဖြည်းဖြည်းချင်း ဆိုလာသည်။ “ဝမ်လင်းက အလုံးစုံကောင်းကင်ရဲ့ မိုးကြိုးကောင်းကင်ဘုံသားလို့ ငါ ကြားခဲ့ဖူးတယ်။ ဒီလူ့ကို လိုချင်တာ သင်လား၊ ဒါမှမဟုတ် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကလား…”

လီယွမ်ဇီက မျက်မှောင်ကြုတ်ကာ ပြောလာသည်။ “ဒီလူက အလုံးစုံကောင်းကင်ရဲ့ မိုးကြိုးကောင်းကင်ဘုံသား ဖြစ်ခဲ့ပေမယ့်လည်း မိုးကြိုးကောင်းကင်ဘုံသား ဆိုတဲ့ သူ့အဆင့်အတန်းကတော့ ဖယ်ရှားခံရပြီးပြီး…” လီယွမ်ဇီက ချပ်ဝတ်နှင့်လူကို ကြည့်ကာ ပြောသည်။ “ဒီကို ရောက်လာပြီး ငါက သူ့ကို တောင်းဆိုခဲ့ပေမယ့်…ဒါဟာ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ ဆန္ဒလည်း ဖြစ်တယ်…”

ချပ်ဝတ်နှင့်လူက လီယွမ်ဇီကို ကြည့်နေရင်း ဖြည်းဖြည်းချင်း ပြောလိုက်၏။ “အို…ဒီဝမ်လင်းက မင်းနဲ့အလုံးစုံကောင်းကင်တို့နဲ့ ဘာကိစ္စများ ဖြစ်ခဲ့လို့လဲ ငါ သိချင်တယ်…”

သူက အနည်းငယ် စဉ်းစားပြီးနောက် ပြောလာသည်။ “သူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်နဲ့ အတော်လေး ပတ်သတ်မှု ရှိခဲ့တယ်။ ဒါပေမယ့် ဒါတွေကို တစ်ခုပြီးတစ်ခု ပြောပြဖို့ကတော့ အဆင်မပြေဘူး။ ဒါပေမယ့် ငါနဲ့ကတော့ သူဟာ ငါ့မိသားစုကနေ အရေးကြီးတဲ့ ရတနာတစ်ခု ယူသွားခဲ့တယ်။ဒါ့ကြောင့် ငါက ဒါကို ပြန်ယူချင်တာ သဘာဝပါပဲ…”

“ဒီတော့ ဒါက ဝမ်လင်းကို မင်းလိုချင်တဲ့ အကြောင်းရင်းပေါ့။ နားလည်ပြီ…” ချပ်ဝတ်နှင့်လူသည် ခေါင်းညိတ်၏။ သို့သော် သူ့ဘေးနားရှိ အကြီးအကဲလေးယောက်၏ အသွင်က ထူးဆန်းသည့်ဟန် ပေါက်လာကြသည်။ သို့သော် သူတို့က စကားတော့ဝင်မဆိုပေ။

“နတ်အင်ပါယာက ငါ့တောင်းဆိုမှုကို သဘောတူဖို့ မျှော်လင့်ပါတယ်။ တကယ်တော့ အလုံးစုံကောင်းကင်နဲ့ နတ်လေးပါးကလန်တို့ရဲ့ ဘုံရန်သူဟာ မဟာမိတ်အဖွဲ့အစည်းပဲလေ…” လီယွမ်ဇီက စိတ်သက်သာရာ ရသွား၏။ သူသည် မောက်မာလှသော်လည်း နတ်လေးပါးကလန်ကိုတော့ မစော်ကားဝံ့ပေ။ နတ်လေးပါးကလန်သည် လျော့ကျခဲ့ပြီး ဖြစ်သော်လည်း သူတို့၏နောက်ခံက နက်ရှိုင်းပေ၏။ အလုံးစုံကောင်းကင်သည်ပင် သူတို့ကို ရှိန်ရသည်။

“ဝမ်လင်းက သင့်ကျန်းမိသားစုရဲ့ အရေးကြီးရတနာကို ယူသွားခဲ့တယ်လို့ ပြောတယ်မလား။ ဒါက ဘာလဲ ငါ သိလို့ရမလား…” ချပ်ဝတ်နှင့်လူ၏ ရုတ်တရပ် မေးခွန်းက လီယွမ်ဇီကို မင်သက်သွားစေသည်။

သူ အပြည့်အဝ ပြန်မတု့န်ပြန်နိုင်ခင်မှာပင် ချပ်ဝတ်နှင့်လူက မတ်တပ်ထရပ်၏။ သူ့လက်ကို ချပ်ဝတ်ခမောက်ပေါ်သို့ လက်တင်လိုက်သည်။ ထို့နောက် ချပ်ဝတ်ထံမှ သုန်မှုန်သောအသံ ထွက်ပေါ်လာသည်။

“သင်က ဝမ်လင်းကို လိုချင်တယ်ပေါ့။ လီယွမ်ဇီ…ငါ ဘယ်သူလဲ ကြည့်လိုက်စမ်း…”

ချက်ခြင်းလိုလိုပင် ချပ်ဝတ်နှင့်လူ၏ မျက်နှာဖုံးမှာ ပျောက်ကွယ်သွားကာ ဝမ်လင်း၏မျက်နှာ ပေါ်ထွက်လာချေသည်။

“မင်း…ဝမ်လင်း…” လီယွမ်ဇီ၏ စိတ်ခွန်အားဖြင့်ပင် သူသည် ပင့်သက်မရှိုက်မိဘဲ မနေနိုင် ဖြစ်ရ၏။ သူ့မျက်လုံးထဲရှိ တုန်လှုပ်မှုနှင့်ယုံကြည်မှုတို့သည် အကန့်အသတ်သို့ ရောက်လာသည်။ သူသည် နောက်သို့ ခြေလှမ်းအနည်းပင် အလိုလိုဆုတ်မိသည်။

“မဖြစ်နိုင်ဘူး။ မင်းက ဟင်္သာငှက်နတ်အင်ပါယာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။ မဖြစ်နိုင်ဘူး…” လီယွမ်ဇီသည် အသက်ရှုမြန်ကုန်၏။ သူသည် ဤအချက်ကို လုံးဝ လက်မခံနိုင်ပေ။ သူ့စိတ်ထဲ၌ ဝမ်လင်းသည် ပုရွတ်ဆိတ်တစ်ကောင်မျှသာ ဖြစ်၏။

သူက ဝမ်လင်းကို မယုံကြည်နိုင်ဟန်အပြည့်ဖြင့် စူးစိုက်ကြည့်နေ၏။သို့သော် သူ့မျက်လုံးထဲရှိ တုန်လှုပ်မှုနှင့်ကြောက်လန့်မှုတို့က ပိုအားကောင်းသည်။

ဝမ်လင်းဘေးရှိ အကြီးအကဲလေးယောက်ထဲမှ တစ်ယောက် ရှေ့သို့ လှမ်းထွက်လာ၏။ သူက သုန်မှုန်စွာ ပြောလာသည်။ “မင်း လုပ်ဝံ့တယ်လား။ မင်းက အလုံးစုံကောင်းကင်ရဲ့ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကို ကိုယ်စားပြုရင်တောင် မင်း ဟင်္သာငှက်နတ်ကလန်ကို ဆုံးဖြတ်နိုင်ခွင့် ရှိမနေဘူး…”

ထိုခြေလှမ်းနှင့်အတူ နိဗ္ဗာနဖြိုခွဲခြင်းကျင့်ကြံသူ၏ ဖိအားသည် ပျံ့လွင့်လာကာ လီယွမ်ဇီထံသို့ တိုးဝင်လာသည်။

လီယွမ်ဇီသည် တုန်လှုပ်မိနေပေပြီ။ သူက သွေးအန်ထုတ်ရ၏။ သူသည် ဖြူဖပ်ဖြူရော နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိ၏။ သူက သူ့ရှေ့ကသူကို ဝမ်လင်းဟု အတင်းလက်ခံနေရသည်။

“မင်း…”

“လီယွမ်ဇီ…မင်းက နတ်အင်ပါယာသစ်ကို ဂုဏ်ပြုဖို့ ဒီနေရာကို လာခဲ့တာလား၊ ဒါမှမဟုတ် နတ်အင်ပါယာကို အရှက်ခွဲချင်လို့ ရောက်လာခဲ့တာလား…။ သောက်အဓိပ္ပာယ် မရှိလိုက်တာ…” ဝမ်လင်း၏အသွင်သည် သုန်မှုန်နေ၏။ သူ့အသံသည် ရေခဲတစ်မျှ အေးစက်နေသည်။

“ဒီကိစ္စနဲ့ ပတ်သတ်လို့ ငါက အရှင်မီးတောက်ရှိ တစ်ယောက်ယောက် လွှတ်ပြီး မေးခိုင်းရမယ်။ လီယွမ်ဇီ…မင်း ဒီနေ့ ငါကျေနပ်တဲ့ဖြေရှင်းချက် မပေးနိုင်ရင် ဟင်္သာငှက်နတ်ကလန်ကနေ ထွက်သွားဖို့ မစဉ်းစားတော့နဲ့၊ မနက်ဖြန်ကျရင်လည်း မင်းတို့ အလုံးစုံကောင်းကင် ဒီအတွက် တန်ဖိုးပြန်ပေးရမယ်….”

“ကိစ္စရပ်တွေ ပိုခက်ခဲအောင် ငါ လုပ်တာ မဟုတ်ဘူး။ ချူယွမ်နိုင်ငံရဲ့ ရောင်းရင်းကျင့်ကြံသူမိုချီ…လီယွမ်ဇီက ငါ့ကို အရင်စော်ကားခဲ့တာကို မျက်မြင်သက်သေအဖြစ် ရှိပေးနိုင်မလား…” ဝမ်လင်းသည် လီယွမ်ဇီကို အခွင့်အရေးတစ်ခုပင် မပေးပေ။ သူ လိုချင်သည့်အတိုင်း ဆက်တိုက် ပြောလာ၏။

လီယွမ်ဇီ၏ စိတ်သည် တုန်လှုပ်မိနေဆဲပင်။ ဝမ်လင်း၏စကားများက သူ့အား သွေးအန်သွားစေ၏။ သူ့မျက်နှာသည် ဖြူရောနေ၏။ သူသည် စကားပြောရန် ပြင်လိုက်စဉ်မှာပင် မိုချီသည် ပြောလာသည်။

“လီယွမ်ဇီက အရင်ဆုံး အကျိုးအကြောင်းမဆီလျောဘဲ မှားခဲ့တာ ငါ့ မျက်မြင်ပါပဲ။ငါ့စကားတွေက ချူယွမ်နိုင်ငံကို ကိုယ်စားပြုနိုင်တယ်…”

အလောင်းကောင်ကလန်မှ လီရင်ကျစ်၏ မျက်လုံးတို့က လက်ခနဲ ဖြစ်လာ၏။ သူမက ပြုံး၍ ပြောလာသည်။ “ဒီမိန်းကလေးကလည်း ဒီနေရာမှာ ရှိနေခဲ့တာပါပဲ။ စီနီယာလီယွမ်ဇီရဲ့ တောင်းဆိုမှုက လုံးဝ မလျောကန်၊အဓိပ္ပာယ်မရှိတာ ကျွန်မလည်း သက်သေခံနိုင်တယ်…”

လီယွမ်ဇီသည် မိုချီနှင့် အလောင်းကောင်ကလန်မှ အမျိုးသမီးတို့၏ စကားမကြာခင်ကတည်းက အသက်မနည်း ရှုနေရ၏။ သူသည် သွေးထပ်အန်မိ၏။ ထို့နောက် သူ့ခေါင်းကို ဆတ်ခနဲ့မော့ကာ ဝမ်လင်းထံသို့ စူးစိုက်ကြည့်သည်။

ဝမ်လင်းသည် နှာခေါင်းရှုံ့ကာ ပြန်ထိုင်ချ၏။ သူသည် လီယွမ်ဇီကို လုံးဝ အရေးမစိုက်သကဲ့သို့ ရှိနေ၏။ သည်နေရာက ဟင်္သာငှက်နတ်ကလန် ဖြစ်၏။ ထို့ကြောင့် လီယွမ်ဇီမှာ သူ့လက်ထဲကနေ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

သည်လူမှာ အခုလို အဓိပ္ပာယ်မရှိ စော်ကားသည့် တောင်းဆိုမှုတစ်ခုကို ပြုခဲ့ခြင်းမပြုခဲ့ပါက ဝမ်လင်းသည် အခုလိုမျိုး လုပ်လိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ခုချိန်၌ သူက လီယွမ်ဇီကို သင်ခန်းစာတစ်ခု ပေးမှ ဖြစ်တော့ပေမည်။ ဝမ်လင်းသာမက သူ့ဘေးနားရှိ အကြီးအကဲလေးယောက်သည်လည်း လီယွမ်ဇီကို အေးစက်စက် စူးစိုက်ကြည့်နေကြသည်။

ပတ်ဝန်းကျင်တစ်ခုလုံးက လုံးဝ တိတ်ဆိတ်နေ၏။ မိုချီသည် ဝမ်လင်းကို ကြည့်မိချိန်၌ သူသည် အတိတ်ကို ပြန်တွေးမိသည်။ သူက သူ့ဆရာ ပြောခဲ့သည့် သူ့အသိဟောင်းမှာ ဝမ်လင်း ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

အတိတ်တုန်းက ဟင်္သာပြဒါးဂြိုဟ်ပေါ်၌ သူနှင့်ဝမ်လင်းတို့ ပထမဆုံးတွေ့ခဲ့ချိန်က မိုးသည်းည တစ်ည၏ ဘုရားကျောင်းတစ်ခုထဲတွင် ဖြစ်ခဲ့၏။ ထိုအချိန်က ဝမ်လင်းသည် သူ့နယ်ပယ်ကို ရရှိခါစဖြစ်ကာ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်သို့သာ ရောက်ခဲ့သေး၏။ သို့သော် ထိုညက တာအိုကိုရှာဖွေခဲ့ခြင်းကြောင့် မိုချီသည် ဝမ်လင်းကို မှတ်မိနေစေသည်။

အလောင်းကောင်ကလန်မှ အမျိုးသမီးကလည်း စကားမဆိုပေ။ သူမသ်ည လီယွမ်ဇီကို ပြုံးတုံမပြုံးတုံ့ ကြည့်နေ၏။ သူမက သက်ဝင်ပြပွဲတစ်ခုကို ကြည့်နေရသည့်အလား။

လီယွမ်ဇီသည် ချွေးပြန်နေပေပြီ။ သူက သူ့ကျင့်ကြံမှုအဆင့်ဖြင့် နတ်လေးပါးကလန်ကနေ မလွတ်နိုင်မှန်းလည်း သိ၏။

“ငါ ဒီကိစ္စအပေါ် အဆင်အခြင်မဲ့ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ပုဂ္ဂိုလ်ရေး ကိစ္စတစ်ခုပါ။ အလုံးစုံကောင်းကင်နဲ့ ဘာမှ မပတ်သတ်ပါဘူး…” လီယွမ်ဇီ၏ အသွင်ဟန်ပန်က ခါးသီးမှုများ ပြည့်နေ၏။ သူသည် စိတ်မပါသော်လည်း၊ ဝမ်လင်းထံသို့ လက်နှစ်ဖက်ယှက်ကာ ရှင်းပြလာရ၏။

သူ့စိတ်နှလုံးထဲရှိ ဒေါသကတော့ အတော်လေး ပြင်းထန်နေပေပြီ။ သည်အရှက်ရမှုက သူ့စိတ်ကို ဝါးမြိုပစ်ရန် လုံလောက်နေ၏။ အတိတ်တုန်းက သည်ဝမ်လင်းသည် သူ့ကို လေးစားမှု ပြခဲ့ရ၏။ သူ့စိတ်အခြေအနေကို စောင့်ကြည့်နေခဲ့ရ၏။ မဟုတ်ပါက သူသည် ဝမ်လင်းကို အချိန်မရွေး သတ်ပစ်နိုင်ခဲ့ဖူးသည်။

နောက်ဆုံးအကြိမ် သူတို့ တွေ့ခဲ့ချိန်ကပင် ဝမ်လင်းသည် အတော်လေး အလေးထားကာ သူ ဆင့်ခေါ်သည်နှင့် တိုက်ပွဲစာလိပ်ကို လေ့လာရန် ချက်ခြင်း ရောက်လာခဲ့ရသေးသည်။

ဝမ်လင်းသည် မလာဘဲ မနေဝံ့ခဲ့ပေ။ လီယွမ်ဇီက ဝမ်လင်းကို ဖိအားပေးကာ တိုက်ပွဲစာလိပ်ကို ဆက်လက် ရှာဖွေစေရန် စီစဉ်ထားခဲ့သေးသည်။

ချင်းရွှေကြောင့်သာ မဟုတ်ပါက ဝမ်လင်းသည် သူ့ရုပ်သေး ဖြစ်လာနှင့်ပြီး ဖြစ်ခဲ့ပေလိမ့်မည်။ သို့သော် ခုချိန်၌ သူသည် ဝမ်လင်းအား ဦးညွတ်နေရ၏။ ထိုအဖြစ်က သူ့ကို ကြီးမားစွာ အရှက်ရမှုကို ဖြစ်နေစေသည်။ သူက သည်လိုအရှက်ရမှုမျိုးကို မည်သို့ ခံနိုင်ပါ့မည်နည်း။

သို့ရာတွင် သူ လက်မခံနိုင်၊သည်းမခံနိုင်လျှင်တော့ သူသည် ဟင်္သာငှက်နတ်ကလန်အတွင်း၌ သံသရမရှိ သေဆုံးရပေလိမ့်မည်။

နတ်အင်ပါယာကို စော်ကားခြင်း…။ သည်စကားလေးခွန်းဖြင့်ပင် သူ့အဖို့ နတ်လေးပါးကလန်ကနေ ထွက်ခွာမသွားနိုင်စေရန် လုံလောက်နေပေ၏။

ဝမ်လင်းသည် လီယွမ်ဇီ၏ ရှင်းပြသည့်စကားကို မကြားဟန် ဆောင်ကာ ဆက်လက်၍ သူ့ညာလက်ကိုသာ လေ့လာနေသလို ပြုမူနေသည်။သူသည် လီယွမ်ဇီကို လုံးဝ အလေးမထားသလို ပြုမူနေခြင်းပင်။

လီယွမ်ဇီသည် သူ့စိတ်နှလုံးထဲရှိ ဒေါသကို ဖိနှိပ်ထားနေရရင်း သူ့သွေးကြောများပင် ဖောင်းကြွလာ၏။ သူက ဝမ်လင်းပတ်လည်ရှိ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်အကြီးအကဲများကို ကြည့်မိသည့်အခါ၌ သူ့စိတ်သည် တုန်ယင်ရ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက လေးစားသည့်ဟန်ပန်ပေါက်အောင် အတင်းလုပ်ယူကာ ပြောလာ၏။ “နတ်အင်ပါယာက ဒီအဘိုးအိုရဲ့အမှားကို စိတ်မရှိစေဖို့ မျှော်လင့်ပါတယ်။ ငါ တကယ့်ကို အဆင်အခြင်မဲ့သွားခဲ့တာပါ…”

ဝမ်လင်းသည် သူ့ညာလက်ကိုသာ ကြည့်နေ၏။ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “အဆင်အခြင်မဲ့တာဟုတ်လား။ ငါ သင့်ကို ဒီကိစ္စဟာ သင့်ကိုယ်ရေးကိုယ်တာလား အလုံးစုံကောင်းကင်ကြောင့်လားဆိုတာ မေးခဲ့ပါတယ်…။ငါ သင့်အဖြေကို ရှင်းရှင်းလင်းလင်း မှတ်မိနေတုန်းပဲ…”

“မင်း…” လီယွမ်ဇီက ခေါင်းမော့လိုက်၏။ သူက သူ့ ပေါက်ကွဲတော့မည့် ဒေါသကို အတင်းဖိနှိပ်ထားရသည်။ အခုချိန်၌ သူသည် ဒေါသမထွက်ဝံ့ပေ။ အလောင်းကောင်ကလန်က အမျိုးသမီးနှင့် မိုချီတို့သာ သည်နေရာတွင် ရှိမနေခဲ့ပါက သူသည် ထွက်သွားနှင့်နေပေပြီ။ သူ သေဆုံးခဲ့ရမည်ဆိုလျှင်ပင် အလုံးစုံကောင်းကင်သည် သူ့အတွက် ပြန်လက်စားချေပေးလိမ့်မည်။

သို့ရာတွင် အခြားတစ်ဖက်သည် သည်ကိစ္စတွင် အစကတည်းက လက်ဦးမှု ယူထားခဲ့၏။ သည်နေရာရှိ မျက်မြင်သက်သေတို့နှင့် ဆိုပါက အလုံးစုံကောင်းကင်သည်ပင် သူ့အဓိပ္ပာယ်မဲ့ တောင်းဆိုမှုအတွက် မဟာမိတ်နှင့်နတ်လေးပါးကလန်တို့ကို စစ်ဖြစ်ရန် ဆန္ဒ ရှိကြလိမ့်မည် မဟုတ်ပေ။

သူ့ထံသို့ ကျရောက်လာသည့် ဝမ်လင်း၏အကြည့်မှာ အလွန်သုန်မှုန်နေသည်။ လီယွမ်ဇီက သူသာ သူ့ဒေါသကို ဖိနှိပ်မထားပါက သူ ချက်ခြင်း အသက်ခံရမည်ကို သိနေ၏။

“အရှင်နတ်အင်ပါယာ…ဒီကိစ္စက… ငါ…ဒီကိစ္စမှာ တကယ့်ကို မှားခဲ့တာပါ…” လီယွမ်ဇီက လက်သီးခပ်တင်းတင်း စုပ်ထားမိ၏။ သူ့ခန္ဓာကိုယ်မှာ တုန်ယင်နေသည်။ သူသည် စကျင့်ကြံခဲ့ကတည်းက အခုလိုပုံစံမျိုး လုံးဝ အရှက်ခွဲခံရမှု မရှိခဲ့ဖူးပေ။

ဝမ်လင်းသည် သူ့ညာလက်ကို ပြန်ချ၏။ သူက လီယွမ်ဇီကို စူးစိုက်ကြည့်ကာ တစ်လုံးခြင်း ပြောလာ၏။ “သင့်ကျန်းမိသားစုရဲ့ တိုက်ပွဲစာလိပ်တွေအားလုံး ငါ လိုချင်တယ်။ ဒါတွေ ငါ့ကို ပေးရင် ငါ သင့်ကို သွားခွင့်ပြုမယ်…။ သင် ဒါကို စဉ်းစားဖို့ အချိန်ငါးမိနစ်ရမယ်…”

သူ့ စကားဆုံးသည့်နောက် သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ မီးမူလစွမ်းအင်အချို့သည် သူ့ရှေ့တွင် စုဝေးလာကာ လေထဲ၌ အမွှေးတိုင်တစ်ချောင်း ပေါ်လာသည်။

ထိုအမွှေးတိုင်က လောင်ကျွမ်းနေရင်း အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေသည်။

လီယွမ်ဇီ၏ စိတ်နှလုံးမှာ ရုန်းကန်နေရချေ၏။ အမွှေးတိုင် လုံးဝ လောင်ကျွမ်း၍ ပြီးတော့မည်ကို ကြည့်နေရင်း သူ့စဉ်းစားချိန်သည် စေ့တော့မည်ကို သိလာသည်။ သူ့ခန္ဓာကိုယ်ပတ်လည်၌ မမြင်ရသောဖိအားတစ်ခု ဝန်းရံလာ၏။ သူ့မျက်နှာထက်ရှိ ခါးသီးဟန်အကြည့်က ပို၍ အားကောင်းလာ၏။ သူသည် ခေါင်းညိတ်လိုက်ချေသည်။

သူ့ညာလက်ကို‌ လေဟာနယ်ထဲသို့ ဆန့်ထုတ်၏။ သူ့ရှေ့တွင် အက်ကြောင်းတစ်ခု ပေါ်လာသည်။ ထိုအက်ကြောင်းထဲကနေ စာလိပ်သုံးလိပ် ပျံသန်းထွက်လာ၏။ ယင်းစာလိပ်များထံကနေ သိပ်သည်းသောတိုက်ပွဲစိတ်ဆန္ဒတို့ ထွက်ပေါ်ကာ သည်ဧရိယာကို လွှမ်းခြုံသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset