Switch Mode

အပိုင်း(၁၁၄၅)

သင် ဝမ်လင်းကို လိုချင်တာလား…

အနီရောင်ဝတ်စုံနှင့်အဘိုးအိုမှာ အလုံးစုံကောင်းကင် ကျန်းမိသားစု၏ ဘိုးဘေး ဖြစ်သူ လီယွမ်ဇီပင်။

လီယွမ်ဇီသည် မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးတို့က တောက်ပနေသည်။ သူက လှပသောအမျိုးသမီးကို အေးစက်စက်ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။ “ငါက လီယွမ်ဇီပဲ…”

အမျိုးသမီးလီရင်ကျစ် ပြုံး၍ ရေနွေးကြမ်း တစ်ငုံသောက်သည်။ ထို့နောက် သူမက ခွက်ပြန်ချကာ ပြုံး၍ ဆို၏။ “စီနီယာလီယွမ်ဇီက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှာ အတော် ကျော်ကြားတာပဲ။ အလုံးစုံကောင်းကင်က စီနီယာကို ဒီကို လွှတ်လိုက်ပုံထောက်တော့ ကြည့်ရတာ အလုံးစုံကောင်းကင်ဟာ နတ်လေးပါးကလန်နဲ့ ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်ချင်တဲ့ပုံပဲ…”

“နင်ကလည်း အလောင်းကောင်ကလန်ရဲ့ ပင်မတပည့်ပဲ။ နင်က ဒီလောက်အသက်အရွယ်နဲ့ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကို ရောက်နေခဲ့ပြီ။ ပြောကြတာက နင့်မှာ အလောင်းရုပ်သေးလေးယောက် ရှိတယ်ဆို။ အဲ့ထဲက သုံးယောက်ဟာလည်း နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူတွေထက် အားမနည်းဘူးတဲ့။ အလောင်းကောင်ကလန်က နင့်ကို စေလွှတ်လိုက်ပုံထောက်တော့ သူတို့လည်း နတ်အင်ပါယာအသစ်နဲ့ ပတ်သတ်လို့ အရေးတကြီး ရှိလှတယ်ဆို့ ဆိုလိုနေတာပဲ…”

“ဒီရောင်းရင်းကျင့်ကြံသူကတော့ မဟာမိတ်က ဖြစ်ရမယ်။ ကျွန်မ သင့်နာမည်ကိုတော့ မသိရပါလား…” အမျိုးသမီးက စကားလမ်းကြောင်းလွှဲကာ ခေါင်းပြောင်လူကို ကြည့်၏။

ခေါင်းပြောင်လူက တည်ငြိမ်စွာပင် ပြန်ပြောသည်။ “ချူယွမ်နိုင်ငံ…မိုချီ…”

“မိုချီ…” အမျိုးသမီးလီရင်ကျစ်သည် မျက်မှောင်ကြုတ်သွား၏။ သူမသည် သည်နာမည်ကို အရင်က လုံးဝ မကြားဖူးသည်မှာ သိသာသည်။

သို့ရာတွင် လီယွမ်ဇီ၏မျက်လုံးက ရုတ်တရပ် ကျဉ်းမြောင်းသွား၏။ သူက ခေါင်းပြောင်လူထံသို့ လှည့်ကြည့်သည်။ သေချာကြည့်ပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ဒီတော့ မင်းက မိုချီပေါ့…”

ခေါင်းပြောင်လူက ပြုံး၏။ သူက လက်နှစ်ဖက်ယှက်ကာ လီယွမ်ဇီကို ပြောလိုက်၏။ “မိုချီက စီနီယာ့ကိုနှုတ်ဆက်ပါတယ်…”

လှပသောအမျိုးသမီးက အနည်းငယ် စဉ်းစားသွား၏။ ထို့နောက် သူမသည် စပ်စုဟန်ဖြင့် မေး၏။ “ရောင်းရင်းမိုချီနဲ့ စီနီယာလီယွမ်ဇီတို့…သင်တို့နှစ်ယောက် နတ်အင်ပါယာသစ်က ဘယ်သူလဲဆိုတာ သိကြပါသလား…”

“ဒီလူက အတော်လေး မောက်မာတာကိုပဲ သိတယ်။ သူက အခြားတမန်တော်တွေနဲ့ မတွေ့ခဲ့ဖူးတဲ့။ နတ်လေးပါးကလန်ကလည်း သူ့နာမည်ကို မဖော်ပြဘဲ လျှို့ဝှက်ချက်အနေနဲ့ ထားထားတယ်…” လီယွမ်ဇီက ရေနွေးခွက်ကို ကောက်ကိုင်ကာ တစ်ငုံသောက်၍ ပြန်ချ၏။

သူသည် ဟင်္သာငှက်နတ်ကလန်သို့ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ အမိန့်ဖြင့် ရောက်လာခြင်းပင်။ ဂုဏ်ပြုခြင်းအပြင် သူ့အတွက် နတ်အင်ပါယာသစ်နှင့် တိုက်ရိုက် ဆက်ဆံဖို့လည်း ရည်ရွယ်ချက် ရှိသေး၏။

ထိုကိစ္စက အလွန် အရေးကြီးသည်။ မဟုတ်ပါက သူကိုယ်တိုင် ရောက်လာခဲ့လိမ့်မည် မဟုတ်ပေ။

လှပသောအမျိုးသမီးက ခပ်တိုးတိုး ဆိုလာ၏။ “ဒီမိန်းကလေးက သတင်းအချို့ကို သိထားပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်က ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူ တိုက်ပွဲမှာ ဟင်္သာငှက်နတ်ကလန်က တစ်ယောက်ယောက်ကို ခေါ်ဆောင်လာခဲ့တယ်တဲ့…”

လီယွမ်ဇီက အေးစက်စက်နှာခေါင်းရှုံ့၏။ သူသည်လည်း သည်ကိစ္စကို သိထားပြီး ဖြစ်သည်။ အလုံးစုံကောင်းကင်ဘက်မှ သည်ကိစ္စအပေါ် အတွေးရှိထားခဲ့ပြီး ဖြစ်၏။ သို့သော် အရှင်မီးတောက်ကလွဲ၍ ကျန်သည့်သူများက “သူ” ဟူ၍ လုံးဝ မတွေးထင်ထားခဲ့ကြပေ။ ထို့ကြောင့် နတ်အင်ပါယာသစ်အဖြစ် သူ ဖြစ်နိုင်ချေမှာ အတော်လေး မလျော်ကန်လှပေ။

“သူကလား…ဟက်…။ သူက နတ်အင်ပါယာသစ် ဖြစ်လာဖို့ အရည်အချင်းမပြည့်မှီဘူး…”

လီယွမ်ဇီ၏မျက်လုံးထဲတွင် အထင်သေးမှု ဖြတ်ပြေးသွားသည်။ ချင်းရွှေကြောင့်သာ မဟုတ်ပါက လီယွမ်ဇီသည် သူ့အား ဖမ်းပြီး တိုက်ပွဲစာလိပ်၏ ဆန်းကြယ်မှုကို ချိုးဖျက်ဖို့ရာ ထို “သူ” ဆိုသည့်လူက လီယွမ်ဇီအတွက် အကူအညီ ပေးနိုင်မည့် ရုပ်သေး ဖြစ်နေခဲ့လောက်ပေပြီ။

တစ်ယောက်ယောက်က သူ (ဝမ်လင်း)သည် နတ်အင်ပါယာသစ် ဖြစ်သည်ဟု ပြောလာခဲ့လျှင်ပင် လီယွမ်ဇီသည် လုံးဝ ယုံမည် မဟုတ်ပါ။

ချင်းရွှေအကြောင်းတွေးမိတိုင်း လီယွမ်ဇီက မလွယ်ကူမှုကို ခံစားမိ၏။ ချင်းရွှေ၏ ပျောက်ကွယ်နေမှုက သူမျှော်လင့်ထားသည့်အတွင်း ရှိနေခဲ့သည်။ သူက မဟာမိတ်ဌာနချုပ်ငြိမ်သက်နေမှုက ချင်းရွှေနှင့် ပတ်သတ်နေလိမ့်မည်ဟုပင် သိထား၏။

ထို့အပြင် အလုံးစုံကောင်းကင်မှ သူ့အား ပေးအပ်ခဲ့သည့် တာဝန်ကို လုပ်ဆောင်ရန်အပြင် လီယွမ်ဇီ ဟင်္သာငှက်နတ်ကလန်သို့ ရောက်လာခဲ့ရခြင်းသည် သူ့ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်တစ်ခုကြောင့်လည်း ဖြစ်နေသေး၏။ သူက အလုံးစုံကောင်းကင်၏ နာမည်ကို အသုံးချကာ ဟင်္သာငှက်နတ်ကလန်တွင် ဝမ်လင်း ရှိလားဟု မေးမြန်းမည် ဖြစ်၏။

သူက ဟင်္သာငှက်နတ်ကလန်သည် ဝမ်လင်းကို ခေါ်လာခဲ့ခြင်းမှာ သူတို့အကြောင်းနှင့်သူတို့ ရှိလိမ့်မည်ဟု ထင်ထားခဲ့သည်။ သုံးနှစ်တာကာလက ဟင်္သာငှက်နတ်ကလန်အဖို့ ဝမ်လင်းရှိကနေ လိုချင်တာ ရပြီး ဖြစ်လောက်ပြီဟု လီယွမ်ဇီက ထင်ထား၏။ ခုချိန်၌ ဝမ်လင်းသည် ဟင်္သာငှက်နတ်ကလန်အတွက် အသုံးမဝင်တော့တာ ဖြစ်နေနိုင်၏။ ထို့ကြောင့် သူက ဝမ်လင်းကို ခေါ်သွားဖို့ သိပ်မခက်ခဲဟု တွေးထားသည်။

လီရင်ကျစ်က လီယွမ်ဇီကို ကြည့်ကာ မေးလိုက်၏။ “အို…သတင်းစကားတွေထဲမှာတော့ သူ့မန္တာန်ဟာ အရှင်လေဟာနယ်ကိုတောင် သတ်ပစ်နိုင်စွမ်းရှိခဲ့တယ်လို့ ပြောကြတယ်။ သူက ရှေ့ဖြစ်ဟောသူရဲ့ ကိုယ်ပွားနှစ်ယေက်ကို သတ်ပစ်နိုင်ခဲ့ပြီး တစ်ယောက်ကိုလည်း ဒဏ်ရာအပြင်းအထန် ရရှိသွားစေခဲ့သေးတယ်တဲ့။ စီနီယာလီယွမ်ဇီက သူဟာ ဘာကြောင့် နတ်အင်ပါယာသစ် ဖြစ်လာဖို့ အရည်အချင်း မပြည့်မှီဘူးလို့ ထင်နေရပါသလဲ…”

လီယွမ်ဇီက တည်ငြိမ်စွာပင် ပြန်ပြော၏။ “ချင်းလင်ရဲ့ လှိုဏ်ဂူကို မသွားခင်မှာ နင်ပြောတဲ့ သူ(ဝမ်လင်း)ဟာ ငါနဲ့ စကားပြောခဲ့ဖူးတယ်။ ငါ သူ့ကျင့်ကြံမှုအဆင့်ကို ကောင်းကောင်း သိတယ်…”

လီယွမ်ဇီက ဝမ်လင်း၏ကျင့်ကြံမှုအဆင့်သည် အများကြီး ပြောင်းလဲနိုင်လိမ့်မည်ဟု မယုံကြည်ပေ။ သူက အပြင်တွင် ပျံ့နေသည့် ဝမ်လင်းနှင့်ပတ်သတ်သည့် သတင်းစကားများမှာ အခြေအမြစ်မရှိဟု မြင်၏။

လှပသောအမျိုးသမီးလီရင်ကျစ်က မျက်မှောင်ကြုတ်သွား၏။ သူတို့၏အလောင်းကောင်ကလန်သည် သဲလွန်စမျိုးစုံကို စုဆောင်းခဲ့ပြီး ဖြစ်၏။ထို့ကြောင့် ချင်းလင်၏လှိုဏ်ဂူတွင် ကျော်ကြားခဲ့သော ဝမ်လင်းဟာ ဟင်္သာငှက်နတ်အင်ပါယာအသစ် ဖြစ်သည်ဟု သူတို့ ကောက်ချက် ချခဲ့ကြ၏။ သို့ရာတွင် လီယွမ်ဇီ၏ စကားများက သူမစိတ်ကို သံသရ ဝင်လာစေခဲ့ပေသည်။

“ဒီဝမ်လင်းဟာ အလုံးစုံကောင်းကင်ရဲ့ မိုးကြိုးကောင်းကင်ဘုံသား ဖြစ်ခဲ့ဖူးတယ်။ အလုံးစုံကောင်းကင်က သူ့ကို နတ်အင်ပါယာလို့ မထင်မှတော့…”

လီရင်ကျစ်က စကားထပ် မဆိုတော့ချေ။

“သင်တို့နှစ်ယောက် ပြောနေတဲ့ သူက ဝမ်လင်းလား…” မိုချီက ရုတ်တရပ် မေးလာ၏။

သည်အခိုက်မှာပင် လီယွမ်ဇီက ရုတ်တရပ် ခေါင်းမော့ကာ ခန်းမအပြင်ဘက်သို့ လှမ်းကြည့်၏။ ခဏအကြာတွင် မိုချီသည်လည်း ခေါင်းမော့ကာ လှမ်းကြည့်လိုက်သည်။

လှပသောအမျိုးသမီးလီရင်ကျစ်ကလည်း ကြည့်လာ၏။ သူတို့၏အကြည့်များက ခန်းမအပြင်ဘက်သို့ ရောက်ရှိသွားချိန်တွင် အပြင်ဘက်မှ အပူလှိုင်းတစ်ခု မြင့်တက်လာသည်။ ထိုအဖြစ်က ခန်းမအတွင်းရှိ မီးမူလစွမ်းအင်အားလုံးကို စွဲဆောင်ကာ မမြင်ရသောဝဲကတော့တစ်ခု ဖြစ်လာစေသည်။

သည်အခိုက်အတန့်၌ မီးမူလစွမ်းအင်များသည် အသက်ဝင်လာသည်ဟု ထင်ရသည်။

ထိုအကြည့်သုံးခုအောက်မှာပင် ခန်းမအပြင်ဘက်ကနေ လူတစ်ယောက် ဖြည်းဖြည်းချင်း လှမ်းလျှောက်ဝင်လာ၏။ ထိုသူသည် အနီရောင်ချပ်ဝတ်ကို ဝတ်ဆင်ကာ သူ့မျက်နှာကို ဖုံးထား၏။ သူ့ဆံပင်ဖြူများကတော့ လွင့်ဝဲလျက် ရှိနေသည်။ သူ့နောက်တွင် အဖြူရောင်ဟင်္သာငှက်အမှတ်အသားနှင့် တွဲစပ်ထားသည့် အဖြူရောင်ဝတ်ရုံကို ခြုံထားသည်။ သူ့ထံမှ ဖိအားကို ဖြစ်စေ၏။

ထိုသူ ခန်းမထဲသို့ လှမ်းဝင်လာနေရင်း သူ့ချပ်ဝတ်သည် ပွတ်တိုက်သံမြည်၏။ သူက လူတိုင်းကို လုံးဝ လစ်လျူရှုထားသည်။ အဖြူရောင်ဆံပင်နှင့်အတူ သူ့ဝတ်ရုံက လှုပ်ခတ်နေသည်။ အံ့မခန်းအပူလှိုင်းက သည်ခန်းမအတွင်း၌ ပြည့်နှက်လာ၏။

သည်နေရာရှိ မီးမူလစွမ်းအင်များသည် ပို၍ လှုပ်ရှားအသက်ဝင်လာဟန် ရကာ ထိုချပ်ဝတ်နှင့်လူအား လှည့်ပတ်နေ၏။ သူ့ပတ်လည်တွင် ဝဲကတော့တစ်ခုလို ဖြစ်နေသည်။ သည်အခိုက်၌ ခန်းမအတွင်း ပြင်းထန်သည့်ဖိအားတစ်ခု ပေါ်လာသည်။

ထိုသူ့နောက်၌ လိုက်ပါလာသည့် ကျင့်ကြံသူအချို့လည်း ရှိ၏။ သူတို့က စုစုပေါင်း လေးယောက်ရှိကာ အားလုံးမှာ အသက်ကြီးရင့်ပြီး နိဗ္ဗာနဖြိုခွဲခြင်းအဆင့်တွင် ရှိကြသည်။ သူတို့အားလုံးက အနီရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ သို့သော် သူတို့၏ အနီရောင်ဝတ်စုံမှာ လီယွမ်ဇီဝတ်ဆင်ထားသည့် အနီရောင်ဝတ်စုံနှင့် လုံးဝ ကွာခြားပေသည်။

သူတို့လေးယောက်သည်လည်း ချပ်ဝတ်နှင့်လူဖြင့် အတူ ခန်းမထဲသို့ ဝင်ရောက်လာကြ၏။ သူတို့က သူ့နောက်တွင် ရပ်နေကာ လီယွမ်ဇီတို့သုံးယောက်ကို တည်တည်ငြိမ်ငြိမ် ကြည့်နေကြသည်။

ချပ်ဝတ်နှင့်လူသည် လူတိုင်းရှေ့သို့ လျှောက်လာ၏။ သူ့ဝတ်ရုံစကို ပင့်မြှောက်ကာ ထိုင်ချသည်။ သူ့မီးတောက်ဆန်သော မျက်လုံးတို့မှာ တမန်တော်ဧည့်သည်သုံးယောက်ပေါ်သို့ ကျရောက်လာသည်။

သည်အခိုက်အတန့်၌ သူသည် ထည်ဝါမှုနှင့် ပြည့်၏။ ထို့အပြင် သူ့ပတ်လည်ရှိ မူလစွမ်းအင်တို့က သူ့အား ထောက်လှမ်းမည့် နတ်ဘုရားအာရုံများကို တားဆီးပေးထားသေးသည်။ တစ်စုံတစ်ယောက်၏ နတ်ဘုရားအာရုံက ဝတ်ရုံအတွင်းရှိ မူလစွမ်းအင်ကို ထွင်းဖောက်လာနိုင်ခဲ့လျှင်ပင် အလွန့်အလွန်နည်းပါးသော သူများသည် ဝမ်လင်းကို မည်သူမှန်း သိနိုင်စွမ်း ရှိပေလိမ့်မည်။

ခန်းမသည် အလုံးစုံ တိတ်ဆိတ်နေ၏။ ချပ်ဝတ်နှင့်လူ ထွက်ပေါ်လာပုံက တုန်လှုပ်ဖွယ်ရာပင်။ မထင်မှာစွာပင် သည်နေရာရှိ အပူစွမ်းအင်မှာ လှိုက်တက်လာ၏။ လှပသောအမျိုးသမီး၏ နဖူးထက်၌ ချွေးပြန်နေပေပြီ။ ပုံမှန်အားဖြင့် သူမ၏ကျင့်ကြံမှုအဆင့်ဖြင့် သူမသည် အပူဓာတ်အပေါ် အလေးထားစရာ မလိုပေ။ သို့သော် ချပ်ဝတ်နှင့်လူ ပေါ်လာသည်နှင့် မီးမူလစွမ်းအင်အားလုံးမှာ ဤနေရာတွင် စတင်စုစည်းလာခဲ့၏။သူမ၏ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူမသည် ယင်းမီးအပူဓာတ်ကို တောင့်ခံနိုင်ရုံမျှသာ ရှိသည်။

“အလောင်းကောင်ကလန်ရဲ့ ဂျူနီယာလီရင်ကျစ်က ဟင်္သာငှက်နတ်အင်ပါယာကို နှုတ်ဆက်ပါတယ်…” ထိုအမျိုးသမီးသည် သူမစိတ်ထဲရှိ သံသယများအားလုံးကို ပြန်ရုတ်သိမ်းမိ၏။ သူမသည် ဖိအားကို တောင့်ခံကာ မတ်တပ်ထရပ်ပြီး တလေးတစား နတ်အင်ပါယာကို နှုတ်ဆက်သည်။

မိုချီသည်လည်း ချပ်ဝတ်နှင့်လူကို ကြည့်နေရင်း သူ့မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ပေါ်ထွက်လာသည်။ သို့သော် သူက မသေချာမရေရာ ဖြစ်နေ၏။ သည်အခိုက်အတန့်၌ သူလည်း ဖိအားကို တောင့်ခံကာ မတ်တပ်ရပ်၍ တလေးတစား ဆိုလာသည်။ “ချူယွမ်နိုင်ငံရဲ့ မိုချီက ဟင်္သာငှက်နတ်အင်ပါယာကို နှုတ်ဆက်ပါတယ်…”

ချပ်ဝတ်နှင့်လူ၏ အကြည့်က အားလုံးပေါ်သို့ ဖြတ်သန်းသွားသည်။ သူ့အကြည့်က မိုချီထံ၌ ခဏတာ တန့်သွား၏။ထို့နောက် လီယွမ်ဇီပေါ်သို့ ကျရောက်သွားသည်။

လီယွမ်ဇီကလည်း အသက်ဝဝရှုသွင်းကာ မတ်တပ်ထရပ်ကာ တည်ငြိမ်စွာ ပြောလာသည်။ “ဒီအဘိုးအိုက အလုံးစုံကောင်းကင် ကျန်းမိသားစုရဲ့ လီယွမ်ဇီပါ။ ငါ ဒီနေရာကို ရောက်လာတာ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ အမိန့်အရ သင် နတ်အင်ပါယာ ဖြစ်လာခြင်းကို လာဂုဏ်ပြုတာ ဖြစ်ပါတယ်…”

ချပ်ဝတ်နှင့်လူ၏ အကြည့်က လီယွမ်ဇီပေါ်၌ အများစုံး ရှိနေ၏။ ထိုချပ်ဝတ်အောက်၌ ဖုံးကွယ်နေသော အပြုံးတစ်ခု ရှိသည်။ယင်းအပြုံးက အကောင်းလား၊အဆိုးလားတော့ မည်သူမျှ သိနိုင်မည် မဟုတ်ပါ။

လီယွမ်ဇီသည် နှလုံးတစ်ချက် ခုန်သွားသည်။ သူသည် ထိုနတ်အင်ပါယာသစ်၏ အကြည့်ကြောင့် မလွယ်ကူမှုကို ခံစားမိနေသည်။ အထူးသဖြင့် နိဗ္ဗာနဖြိုခွဲခြင်းအဆင့် လေးယောက်က သူ့အား ကြည့်နေကြချိန်တွင်ပင်။

“လီယွမ်ဇီ…” ချပ်ဝတ်နှင့်လူထံမှ အသံ ထွက်ပေါ်လာ၏။

လီယွမ်ဇီ၏ စိတ်နှလုံးထဲမှ မလွယ်ကူမှုသည် ပိုအားကောင်းလာ၏။ သူသည် နောက်သို့ ခြေတစ်လှမ်းပြန်ဆုတ်ကာ ဟင်္သာငှက်နတ်အင်ပါယာကို ကြည့်ကာ မေးသည်။ “နတ်အင်ပါယာက ငါ့ကို သိပါသလား…”

ချပ်ဝတ်နှင့်လူ၏ အကြည့်က လီယွမ်ဇီထံမှ ပြန်ရုတ်သိမ်းကာ မိုချီကို ကြည့်၏။

မိုချီက သူ့စိတ်ထဲရှိ သိချင်စိတ်ကို ဖိနှိပ်ကာ ပြောလာသည်။ “နတ်အင်ပါယာ…ငါက သင့်ကို ဂုဏ်ပြုဖို့အတွက် ချူယွမ်နိုင်ငံကို ကိုယ်စားပြုပြီး ရောက်လာခဲ့တာပါ။ ဆရာ့ရဲ့အမိန့်အရ သင့်အတွက် လက်ဆောင်တွေလည်း ယူလာခဲ့ပါသေးတယ်…”

သူက ထိုသို့ ပြောရင်း သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ရာ အက်ကြောင်းတစ်ခု ပေါ်လာသည်။ ထိုအက်ကြောင်းသည် မတည်မငြိမ် ဖြစ်နေ၏။ ယင်းအက်ကြောင်းမှာ သည်နေရာရှိ မူလစွမ်းအင်များ၏ သက်ရောက်မှု ခံရသည်မှာ သိသာနေပေသည်။

အက်ကြောင်းက ပေါ်လာသည်နှင့် ပြိုပျက်မည့်အရိပ်အယောင် ပြလာ၏။ ထိုအခါ ချပ်ဝတ်နှင့်နတ်အင်ပါယာက သူ့ညာလက်ကို ပင့်မြှောက်၏။ ထိုအခါ အက်ကြောင်းဘေးနားရှိ မူလစွမ်းအင်တို့သည် လွင့်ပြယ်ကာ အက်ကြောင်းသည် ချက်ခြင်း ပြန်တည်ငြိမ်သွားသည်။

ထိုမြင်ကွင်းက အလောင်းကောင်ကလန်မှ လီရင်ကျစ်၏ မျက်လုံးသူငယ်အိမ်ကို ကျုံ့သွားစေသည်။လီယွမ်စီပင် မျက်မှောင်ကြုတ်သွားသည်။

မိုချီအသွင်က ပြောင်းလဲသွားခြင်း မရှိပေ။ သူက ထိုအက်ကြောင်းထဲကနေ ပြင်ဆင်လာခဲ့သော လက်ဆောင်များကို ထုတ်ယူ၏။ ဆေးလုံး၊ရတနာ၊ အခြားအရာမျိုးမျိုး ထွက်ပေါ်လာသည်။ ဟင်္သာငှက်နတ်ကလန်ဝင်များက ၎င်းလက်ဆောင်ပစ္စည်းများကို လာရောက်သိမ်းဆည်းကာ ဘေးတစ်ဖက်တွင် ရပ်နေသည်။

မိုချီနောက်ဆုံး ထုတ်ယူလိုက်သည့်အရာက စိမ်းပြာအလံငယ်တစ်ခုပင်။ ထိုအလံပေါ်လာသည်နှင့် အေးစက်စက်စွမ်းအင် မြင့်တက်လာသည်။ မီးမူလစွမ်းအင်သည်ပင် ခန်းမအတွင်း၌ ခဏတာ တန့်သွားရ၏။

ချပ်ဝတ်နှင့်နတ်အင်ပါယာက ထိုအလံငယ်ကို စူးစိုက်ကြည့်ကာ သူ့မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။ သူ့မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ပေါ်လာ၏။

“ဒါက နတ်အင်ပါယာကို ပေးဖို့အတွက် အထူးတလည် အမိန့်ပေးထားခဲ့တဲ့ လက်ဆောင်ပါ။ ဒီအလံငယ်ထဲမှာ ဆရာလွန်ခဲ့တဲ့ နှစ်ရာချီက ချိပ်ပိတ်ထားခဲ့တဲ့ စိတ်ဝိညာဉ်တစ်ခု ရှိပါတယ်…”

ဝမ်လင်းသည် သူ့ညာလက်ကို ဆန့်ထုတ်၏။ သူက သူ့လက်ဖြင့် အလံငယ်ကို လှမ်းယူသည်။ ၎င်းကို သေချာကြည့်ပြီးနောက် သူက မိုချီထံသို့ ကြည့်ကာ ပြောလိုက်သည်။ “ကျေးဇူးအများကြီးတင်ပါတယ်…”

မိုချီက “ကျေးဇူးအများကြီး” တင်ပါတယ်ဟု ကြားလိုက်သည့်အခါ သူ့မျက်လုံးသည် တောက်ပသွား၏။ သူက ဝမ်လင်းထံသို့ အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်သည်။ သို့သော် သူက စကားတော့ မဆိုပေ။

လီယွမ်ဇီထံ၌လည်း လက်ဆောင်များ ယူလာခဲ့၏။ ယင်းလက်ဆောင်များက တန်ဖိုးရှိကြသော်လည်း ဝမ်လင်း၏အမြင်ကို ဖမ်းစားနိုင်ခြင်း မရှိပေ။ လက်ဆောင်များ ပေးပြီးနောက် လီယွမ်ဇီ၏မျက်လုံးတို့မှာ တလက်လက် ဖြစ်လာ၏။ သူက ပြောလာသည်။ “နတ်အင်ပါယာ…မိုးကြိုးကောင်းကင်ဘုံက ဒီနေရာကို လွှတ်လိုက်တဲ့ ကိစ္စအချို့အပြင် ငါ့ကိုယ်ရေးကိုယ်တာ တောင်းဆိုမှုတစ်ခုလည်း ရှိနေပါတယ်…”

နတ်အင်ပါယာအသစ်၏ အကြည့်က သူ့အပေါ်သို့ ကျရောက်လာသည့်အခါ လီယွမ်ဇီသည် အနည်းငယ် စဉ်းစားကာ ပြောလာသည်။ “လွန်ခဲ့တဲ့သုံးနှစ်က ဟင်္သာငှက်နတ်ကလန်ဟာ ဝမ်လင်းလို့ခေါ်တဲ့ လူတစ်ယောက်ကို ခေါ်လာခဲ့တယ်လို့ ကြားခဲ့ရပါတယ်။ ဟင်္သာငှက်နတ်ကလန်အနေနဲ့ ဒီလူက အသုံးမဝင်တော့ဘူးဆိုရင် ဒီအဘိုးအို သူ့ကို ခေါ်သွားလို့ ရနိုင်မလား…”

သူ ထိုသို့ ပြောလိုက်သည့်နောက် ချပ်ဝတ်နှင့်လူ ပတ်လည်ရှိ အကြီးအကဲလေးယောက်သည် မင်သက်ကာ သူတို့အားလုံး လီယွမ်ဇီထံသို့ စူးစိုက်ကြည့်လာကြသည်။

ချပ်ဝတ်နှင့်လူက လီယွမ်ဇီကို ကြည့်ကာ ဖြည်းဖြည်းခြင်း မေးလိုက်၏။ “သင်က ဝမ်လင်းကို လိုချင်တာလား…”

***

Comment

Leave a Reply

Options

not work with dark mode
Reset