Switch Mode

အပိုင်း(၁၁၄၄)

ဝမ်လင်း၏အစီအစဉ်

နိဗ္ဗာနသန့်စင်ခြင်းနောက်ဆုံးအဆင့် အဘိုးအိုနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြ၏။ ထို့နောက် သူတို့သည် နိဗ္ဗာနဖြိုခွဲခြင်းအစောပိုင်းအဆင့် အဘိုးအိုထံသို့ ကြည့်သည်။ သူတို့သည် သူ့အမိန့်အတိုင်း လုပ်မည်မှာ သိသာပေ၏။

ထိုအဘိုးအိုသည် ဝမ်လင်းကို ကြည့်နေ၏။ သူ့အသွင်ဟန်ပန်က တည်ငြိမ်လှသော်လည်း သူ့စိတ်ကမူ တုန်လှုပ်မိနေ၏။ သူသည်လည်း ရန်တောက်ကို လက်ညွှန်ချက်နှစ်ချက်ဖြင့် သတ်ပစ်နိုင်စွမ်း ရှိပေ၏။ သို့သော် သူသည် နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ဖြစ်၏။ ဝမ်လင်းကတော့ နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့်တွင်သာ ရှိနေသေးပေသည်။

ထို့အတွက်ကြောင့် သူအဖို့ သူ့ရှေ့က ဝမ်လင်းကို အရေးတကြီး ရှိရန် လို၏။ ပို၍ အရေးကြီးသည်ကတော့ ဆန်းကြယ်အသွင်ပြောင်းခြင်းကိုးခု ဖြစ်၏။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကြားမှ အခြားအကြီးအကဲများ၏ အကြည့်သည် သူ့အပေါ်သို့ မမြင်ရသောဖိအားကိုလည်း ဖြစ်နေစေ၏။ ထိုအဘိုးအိုသည် အနည်းငယ် စဉ်းစားကြည့်ပြီးနောက် တည်ငြိမ်စွာ ပြောလာသည်။

“နတ်အင်ပါယာကို ကြိုဆိုပါတယ်…”

သူ ထိုသို့ ဆိုလိုက်သည့်အခါမှ ကျန်အဘိုးအိုနှစ်ယောက်သည်လည်း စိတ်သက်သာရာ ရသွားကာ တစ်ပြိုင်နက်တည်း ပြောလိုက်၏။ “နတ်အင်ပါယာကို ကြိုဆိုပါတယ်…”

သူတို့သုံးယောက် နောက်လိုက် ကလန်ဝင်များသည်လည်း လေးစားသည့်ဟန်ပန်ဖြင့် ဝမ်လင်းကို အုပ်စိုးသူအဖြစ် ကြိုဆိုကုန်ကြသည်။

“နတ်အင်ပါယာကို ကြိုဆိုပါတယ်…” သည်အခိုက်အတန့်၌ သည်နေရာတွင် ရှိနေသော ကလန်သားအားလုံး၏ ကြိုဆိုသံသည် ပဲ့တင်ထပ်လေသည်။

ဝမ်လင်းအသွင်က တည်ငြိမ်လျက်သာ ရှိ၏။ သူသည် လူများစွာ သူ့အား ဝန်းရံ ကြိုဆိုနေကြသော်လည်း သည်နေရာရှိ အများစုမှာ စိတ်မပါသေးမှန်း နားလည်ထားပေ၏။ တကယ်တော့ သူ့ကျင့်ကြံမှုအဆင့်မှာ သည်နေရာရှိ လူတိုင်းကို ဖိနှိပ်ထားဖို့ရာ မလုံလောက်သေးချေ။ သို့သော် သူက ဂရုမစိုက်ပေ။ ဝမ်လင်း၏ စိတ်နှလုံးက ဟင်္သာငှက်နတ်ကလန်အတွင်း၌ ရှိနေခြင်း မဟုတ်ပေ။

ဝမ်လင်းကို လူအများ ဂုဏ်ပြုကြိုဆိုနေကြရင်း သည်နေရာရှိ အချို့လူများသည် စိတ်ရှုပ်ထွေးနေ၏။ သူတို့၏စိတ်သည်လည်း သည်နေရာတွင် ရှိမနေပေ။

ပထမဆုံးတစ်ယောက်ကတော့ တာရှန် ဖြစ်၏။ သူသည် ဝမ်လင်းကို သွားရောက် မတွေ့ပေ။ သို့သော် သူရှိနေသော နေရာကနေ ကောင်းကင်ထက်သို့ တိတ်ဆိတ်စွာ ကြည့်နေ၏။သူက ဂြိုဟ်ပေါ်ရှိ ဝမ်လင်းကို မတွေ့မြင်ရနိုင်သော်လည်း သူသည် အကွာအဝေးတစ်ခုမှ ဝမ်လင်း၏ တည်ရှိမှုကို ခပ်ရေးရေးခံစားမိ၏။ ဝမ်လင်းကို ဝိုင်းဝန်းကြိုဆိုသံများကိုလည်း ကြားရသည်။

သူ့အမူအရာက အတော်လေး စိတ်ရှုပ်နေဟန် ပေါက်၏။ အချိန်အတန်ကြာမှ သူသည် သက်ပြင်းချ၏။ ထို့နောက် သူက မျက်လုံးမှိတ်၍ ဆက်လက်ကျင့်ကြံရန် ပြုသည်။ သို့ရာတွင် သူ့စိတ်မှာမူ တစ်စက်လေးပင် မတည်ငြိမ်နိုင် ဖြစ်နေဆဲပင်။

သူ့အပြင် အခုလိုမျိုး စိတ်မကပ်နေသည့် သူ တစ်ယောက်မှာ မြို့တစ်မြို့၏ မြို့နံရံပေါ်တွင် ထိုင်နေ၏။သူ့ဘေးပတ်လည်တွင် အရက်အိုးများ ပတ်ခြာရံနေသည်။ သူက အရက်အိုးတစ်လုံးကို ကောက်ယူကာ တစ်ကျိုက်မော့ချ၏။ သူ့မျက်နှာထက်၌ ပူဆွေးမှု ဖြစ်ပေါ်နေသည်။

ထိုအဘိုးအို၏ ဘေး၌ လင်းအာသည် တိတ်ဆိတ်စွာဖြင့် သူ့ကို အဖော်ပြုပေးနေ၏။ထိုအဘိုးအိုမှာ ချန်ညီကိုသုံးယောက်၏ အကိုကြီး အရှင်ချန်ရီပင်။

စိတ်ရှုပ်ထွေးနေသည့် နောက်တစ်ယောက် ရှိနေသေး၏။ သူကတော့ ရှုလီကောပင်။ သူက မီးတောက်များအတွင်း ဝန်းရံထားခြင်း ခံရကာ သူသည် မပင်ပန်းသည့်အလား အ ဆတ်မပြတ် ကျိန်ဆဲနေသည်။

“လူသတ်ကောင်ဝမ်လင်း…မင်းဘိုးဘိုးရှုကို ဘာကြောင့် ခုထိ လာမလွှတ်ပေးသေးတာလဲ…။ မင်း စောင့်နေ…မင်း စောင့်နေစမ်းပါ…”

နောက်နှစ်ရက်အလွန်၌ ကျန်သည့်နတ်ကလန်သုံးခုမှ အကြီးအကဲများသည် ဝမ်လင်း ဟင်္သာငှက်နတ်အင်ပါယာ ဖြစ်လာခြင်းအတွက် လာရောက် ဂုဏ်ပြုကြ၏။ ဟင်္သာငှက်နတ်ကလန်တစ်ခုလုံးမှာ အခုချိန်တွင် လှုပ်ရှားအသက်ဝင်လွန်းနေသည်။

အခြားနတ်ကလန်သုံးခုမှ အကြီးအကဲများက ဝမ်လင်းကို ယဉ်ကျေးစွာ ပြုမူ၏။ တကယ်တော့ သည်ကလန်သုံးခု၏ အကြီးအကဲအတော်တော်များများသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ ရောက်လာပေးခဲ့ကြသူများ ဖြစ်နေသည် မဟုတ်လော။ သူတို့က ဝမ်လင်း၏မန္တာန်များကို မျက်မြင်တွေ့ခဲ့ရဖူး၏။ ထို့ကြောင့် သူတို့သည် ဝမ်လင်းမှာ နိဗ္ဗာနကြိုမြင်ခြင်းအဆင့် တစ်ယောက်သာ ဖြစ်နေသေးသည့် အချက်ကြောင့် သူ့အပေါ် အထင်သေးခြင်း မခံစားရပေ။

တစ်ယောက်နှင့်တစ်ယောက် ယဉ်ကျေးစွာ ပြောနေကြပြီးနောက် ကလန်သုံးခုမှ အကြီးအကဲများ နေထိုင်ဖို့ နေရာများ စီစဉ်ပေးကြ၏။ အခြားနတ်ကလန်သုံးခုမှ အကြီးအကဲများသည် ဝမ်လင်းနှင့် ပတ်သတ်၍ အတော်လေး ဂရုစိုက်ကြ၏။

အထူးသဖြင့် အဇူရာနဂါးနတ်ကလန်မှ ခေါင်းကိုင်အကြီးအကဲသုံးယောက်ပင်။ သူတို့က ဝမ်လင်းအပေါ် အတော်လေး လေးစားမှု ရှိကြ၏။ လွန်ခဲ့သောသုံးနှစ်က ဝမ်လင်း ဟင်္သာငှက်နတ်အင်ပါယာဟောင်းကို အဇူရာနဂါးအင်ပါယာအကြောင်း ပြောပြခဲ့ချိန်၌ သူတို့သည်လည်း ထိုအကြောင်းကို သိခဲ့ရာ ထိုသတင်းအတွက် ဝမ်လင်းကို အတော်လေး ကျေးဇူးတင်မိကြသည်။

အင်ပါယာအသစ် နန်းတက်ခြင်းအတွက် ကြီးမားသည့် ဂုဏ်ပြုပွဲ လုပ်ပေးရန် လိုအပ်၏။ ထိုအရာမှာ နတ်လေးပါးကလန်၏ ရိုးရာပင်။ ထို့ကြောင့် ဝမ်လင်းသည် ၎င်းအခမ်းအနားကို ပြောင်းလဲမှု မပြုနိုင်ပေ။ ဂုဏ်ပြုပွဲအခမ်းအနားသည် ခြောက်ရက်တိုင်လာ၏။

ဝမ်လင်းသည် ပုံမှန်အားဖြင့် အလွန် အလုပ်ရှုပ်နေ၏။ သူက ခုချိန်တွင် အနားယူရဖို့အချိန်ပင် ရှားနေသည်။ သည်ကလန်အကြောင်းကိုလည်း သူက ပိုရင်းနှီးဖို့ ပြုလုပ်ရန် လိုနေသေးသည် မဟုတ်လား။ ထို့အပြင် ဟင်္သာငှက်နတ်အင်ပါယာ၏ အကြီးအကဲအားလုံးက ဝမ်လင်းကို အသိအမှတ်ပြုသည်တော့ မဟုတ်သေးပေ။ သူတို့သည် နတ်အင်ပါယာဟောင်း၏ အမိန့်ကြောင့်သာ လက်ခံထားကြခြင်း ဖြစ်သည်။

သို့သော် ဝမ်လင်းက ထိုအတွက် ဘာမှ မလုပ်ပေ။ သူက ဟင်္သာငှက်နတ်အင်ပါယာ ဖြစ်လာရန် သဘောတူခဲ့သည့်အချိန်က နတ်အင်ပါယာဟောင်းနှင့် သဘောတူညီမှုတစ်ခုကြောင့်သာ ဖြစ်သည်။

သုံးနှစ်တာအတွင်း နတ်အင်ပါယာဟောင်းက သူ့အပေါ် အတော်လေး ကူညီပေးခဲ့၏။ ယင်းကူညီမှုမှာ သဘောတူညီမှု အစိတ်အပိုင်းတစ်ခု ဖြစ်သော်လည်း ဝမ်လင်းသည် ယင်းကြင်နာမှုအတွက် ပြန်ပေးဆပ်မည်သာ ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ဝမ်လင်းက သူ့ခုလက်ရှိ ကျင့်ကြံမှုအဆင့်ကြောင့် သူသည် နေရာတစ်ခုတွင် အချိန်အကြာကြီး နေလို့ မရမှန်းသိနေ၏။ သုံးနှစ်အတွင်း ဝမ်လင်းက သူ့ကျင့်ကြံမှုကနေ နိုးထလာချိန်တိုင်း စိတ်ပူပန်မှုကို ခံစားနေရ၏။

ထိုစိတ်ပူပန်မှုက တစ်ကြိမ်၊နှစ်ကြိမ်မျှ ဆိုလျှင် ကိစ္စကြီးကြီးမားမား မဟုတ်သေးပေ။ သို့သော် လွန်ခဲ့သောသုံးနှစ်အတွင်း ဝမ်လင်းက ဆယ်ကြိမ်ထက်မနည်း စိတ်ပူပန်မှုကို ခံစားခဲ့ရ၏။ ထိုခံစားချက်မှာလည်း ပိုပို၍ ရှင်းလင်းလာနေသည်။ သူက ယင်းပူပန်မှုခံစားချက်သည် ဟင်္သာပြဒါးဂြိုဟ်ကနေ လာနေမှန်း ခပ်ရေးရေးတော့ ခံစားမိ၏။

ဝမ်လင်းသည် အခုသူ့ကျင့်ကြံမှုအဆင့်မှာ တိုးတက်လာနေခြင်းကြောင့် သူ့အန္တာရယ်အာရုံကို ကြိုခံစားသိမြင်နိုင်မှန်း ရှင်းလင်းစွာ သိနေပေပြီ။ ယင်းအန္တရာယ်အာရုံက ဟင်္သာပြဒါးဂြိုဟ် ရှေးဟောင်းနတ်ဘုရားနယ်မြေအတွင်းရှိ တာဆန်ထံကနေ လာနေခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်က ရှေးဟောင်းနတ်ဘုရားကုန်းမြေကနေ သူထွက်လာခဲ့ချိန်၌ တာဆန်၏ ခြိမ်းခြောက်သံသည် ဝမ်လင်း၏ စိတ်ထဲ၌ ပြင်ပေါ်လာဟန် တူသည်။

“ငါ ထွက်လာတဲ့အခါကျရင် မင်းကို လာရှာပြီး ထူစီရဲ့ မှတ်ဉာဏ်အမွေအနှစ်ကို ပြန်ယူမယ်…”

“တာဆန် သိပ်မကြာခင် ထွက်လာနိုင်မှာ ငါ စိုးရိမ်မိတယ်…” ဝမ်လင်းက အဓိကဂြိုဟ်များထဲမှ တစ်ခုဖြစ်သည့် ဂြိုဟ်တစ်ခုပေါ်ရှိ မီးတောင်အစွန်း ကျောက်တုံးပေါ်တွင် ထိုင်လျက် ရှိနေသည်။

တာဆန်မှာ ဝမ်လင်း ခေါင်းပေါ်ဝဲနေသည့် အချိန်မရွေး သူ့ခေါင်းပေါ် ကျလာနိုင်သည့် ဓားတစ်လက်နှင့် တူ၏။ ဝမ်လင်းသည် နှစ်ပေါင်းတစ်ထောင်ကျော် သည်ကိစ္စကြောင့် ဖိစီးနေခဲ့ရမြဲပင်။

ထိုကဲ့သို့ အစွမ်းထက်လှသည့် ရန်သူတော်တစ်ယောက်က အချိန်မရွေး လွတ်လာနိုင်ပြီး သူ့ထံသို့ ချက်ခြင်း ရောက်လာနိုင်သည် ဖြစ်ရာ ဝမ်လင်းအဖို့ သည်နေရာတွင် ငြိမ်းချမ်းစွာ နေနေဖို့ နည်းလမ်း မရှိနိုင်တော့ပေ။

မဟုတ်ပါက ရလဒ်သည် နတ်လေးပါးကလန်ကိုပါ သူ့ကိစ္စထဲ ဆွဲချသလို ဖြစ်ကာ တာဆန်၏ ဖျက်စီးခြင်းကို ခံရနိုင်၏။

ဝမ်လင်းသည် နှစ်ပေါင်းတစ်ထောင်ကျော် ကျင့်ကြံခဲ့ပြီး သူသည် သေးငယ်သည့်အမြုတေဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်တော့ပေ။ တာဆန်သည် အစွမ်းထက်လှသော်လည်း ဝမ်လင်းကလည်း လုံးဝ မပြင်ဆင်ထားသည်တော့ မဟုတ်ပေ။

“ကောင်းကင်ဘုံအင်ပါယာချင်းလင်ကို ပြန်နိုးထစေနိုင်ရင် သူက တာဆန်ကို ယှဉ်နိုင်မလား ငါ သိချင်မိတယ်…” ဝမ်လင်းက တောင်အောက်သို့ ကြည့်နေရင်း သူ့မျက်လုံးမှာ တလက်လက် ဖြစ်နေသည်။ ဟင်္သာငှက်နတ်ကလန်ရှိ ဂြိုဟ်များအားလုံးမှာ အဆက်မပြတ် လောင်ကျွမ်းနေကြ၏။အကြည့်တစ်ချက်ဖြင့်ပင် ယင်းဂြိုဟ်များသည် လုံးဝနီရဲနေသည်ကို တွေ့နိုင်၏။

“နတ်အင်ပါယာဟောင်းရဲ့ အကူအညီအတွက် ငါ တတ်နိုင်တာ ပြန်ကူညီပေးဖို့ အဇူရာနတ်နဂါးအင်ပါယာကို ငါ ကယ်တင်ပေးရမယ်။ ငါက တာဆန်ရဲ့ သတ်ဖြတ်မှုကို ရှောင်နိုင်ပြီး သူ့ကို နိုင်မယ့်စွမ်းအား ရရှိလာခဲ့မယ်ဆိုရင် ငါ ပြန်လာပြီး ဟင်္သာငှက်နတ်ကလန်ရဲ့ အကျိုးစီးပွားကို သေချာလုပ်ပေးမယ်။ ငါ တာဆန်ကြောင့် သေသွားခဲ့ရင်တော့…”

ဝမ်လင်းသည် ကောင်းကင်ထက်သို့ တိတ်တဆိတ်ကြည့်ကာ စဉ်းစားနေ၏။ သူက ခါးသီးစွာ ပြုံးသည်။

“တာဆန်…ငါ သူ့လက်ကနေ‌ လွယ်လွယ်တော့ လွတ်မှာ မဟုတ်ဘူး။ ဒီလောကဟာ လောဘနဲ့ပြည့်နှက်နေတယ်။ အဆင့်ရှစ်ကြယ်နတ်ဘုရားရဲ့ စွဲဆောင်မှုကို လူဘယ်နှစ်ယောက်များများ ခံရမလဲ သိချင်မိတယ်…”

ဝမ်လင်းသည် ညစ်ပြုံးပြုံးနေ၏။

သည်အခိုက်အတန့်၌ အကွာအဝေးတစ်ခုကနေ မီးတောက်တန်းတစ်ခု လာနေ၏။ ၎င်းသည် ဝမ်လင်းနှင့် ပေတစ်ရာခန့် ရောက်လာသည့်အခါတွင် မီးတောက်များ လွင့်ပြယ်ကာ အနီရောင်ဝတ်စုံနှင့်အကြီးအကဲ တစ်ယောက် အသွင် ပေါ်လာသည်။ ထိုအဘိုးအိုက တည်ငြိမ်စွာပင် ဝမ်လင်းကို ကြည့်၍ ပြောလာသည်။ “နတ်အင်ပါယာ…အလောင်းကောင်ကလန်၊ အလုံးစုံကောင်းကင်၊ချူယွမ်နိုင်ငံတို့ရဲ့ သံတမန်တွေ ဒီကို ရောက်နေပြီး အနောက်ဘက်ခန်းမမှာ စောင့်ဆိုင်းနေကြတယ်။ နတ်အင်ပါယာ သူတို့နဲ့ တွေ့ဖို့ ဆန္ဒရှိပါသလား…”

အကြီးအကဲသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ လိုက်ပါခဲ့သည့်သူ တစ်ယောက် မဟုတ်ပေ။ ဝမ်လင်းက သူ့နာမည်ကို ရှုဟု သိထား၏။ ထိုသူသည် နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်တွင် ရှိကာ နိဗ္ဗာနဖြိုခွဲခြင်းအဆင့် အကြီးအကဲများကြား၌ ဩဇာအတော်လေး ရှိသည်။

လွန်ခဲ့သောရက်အနည်းငယ်ကတည်းက မဟာမိတ်၏သံတမန်တော်များသည် သူ့အား ဂုဏ်ပြုရန် ရောက်လာခဲ့၏။ ဝမ်လင်းက သည်လူများသည်ကို မတွေ့ခဲ့ဘဲ ဟင်္သာငှက်နတ်ကလန်၏ အဖွဲ့ဝင်များနှင့် အကြီးအကဲများကသာ သူတို့ကို တွေ့ဆုံခဲ့သည်။

အလုံးစုံကောင်းကင်နှင့်အလောင်းကောင်ကလန်တို့ကတော့ အခုမှ ပထမဆုံးအကြိမ် သူတို့လူများကို စေလွှတ်လာခြင်းပင်။ ဝမ်လင်းသည် အနည်းငယ် စဉ်းစားနေ၏။ သူက တာဆန်နှင့် ရင်ဆိုင်ရန် သူ့အစီအစဉ်ကို တွေးနေမိသည်။ ထို့နောက် သူက သည်တမန်တော်များနှင့် မတွေ့မည့် သူ့စိတ်ကို ပြန်ပြင်ဆင်လိုက်သည်။

ဝမ်လင်းသည် မတ်တပ်ထရပ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါ သူတို့နဲ့ တွေ့မယ်…”

အဘိုးအိုသည် ဝမ်လင်းကို ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။ “နတ်အင်ပါယာ စီစဉ်နေတာနဲ့ ပတ်သတ်လို့ ငါမေးချင်ပါတယ်။ ဒီလိုသိချင်တာ ငါတစ်ယောက်ည်း မဟုတ်ပါဘူး။ အခြားအကြီးအကဲတော်တော်များများလည်း ဒီလိုမေးခွန်းမျိုး မေးချင်နေကြပါတယ်။ နတ်အင်ပါယာက ငါတို့ကို ပြန်ဖြေပေးဖို့ မျှော်လင့်မိတယ်…”

“အဇူရာနတ်နဂါးအင်ပါယာကို ကယ်တင်ပေးဖို့…” ဝမ်လင်း ထိုသို့ ပြောလိုက်ပြီးနောက် အဘိုးအိုကို ကြည့်ပင်မကြည့်တော့ဘဲ အလင်းတန်းအဖြစ်ပြောင်းကာ ပျံသန်းထွက်သွားသည်။

အကြီးအကဲရှုက ဝမ်လင်းပျောက်ကွယ်သွားသော နေရာသို့ ရုတ်တရပ် ကြည့်လိုက်မိသည်။ သူ့အမူအရာမှာ ရုတ်တရပ် ပြောင်းလဲသွားသည်။

“အဇူရာနတ်နဂါးအင်ပါယာ…” သူ ပင့်သက်ရှိုက်မိ၏။ သူ ထပ်မေးဖို့ မလိုတော့ပေ။ သူ့စိတ်သည် စကားလေးခွန်းဖြင့်ပင် လုံးဝ တုန်လှုပ်သွားမိပေပြီ။

နတ်အင်ပါယာဟောင်းနှင့် အဇူရာနဂါးနတ်ကလန်မှ ခေါင်းကိုင်အကြီးအကဲသုံးယောက်တို့ကလွဲ၍ မည်သူကမျှ သည်ကိစ္စကို သိမထားခဲ့ကြပေ။ အကြီးအကဲရှုက သည်ကိစ္စကို ကြားသိသည့်အခါ သူ့စိတ်ထဲ၌ လှိုင်းထန်သွား၏။

ပထမဆုံးအကြိမ်အဖြစ် သူက ဝမ်လင်းသည် ဆန်းကြယ်လေးနက်လွန်း၏ ဟုခံစားမိလိုက်သည်။

ဟင်္သာငှက်နတ်ကလန်၏ အနောက်ဘက်ခန်းမတစ်ခုလုံးသည် အနီရောင်ကျောက်စိမ်းပြားများဖြင့်သာ တည်ဆောက်ထား၏။ အကွာအဝေးတစ်ခုမှ ကြည့်ပါက ယင်းခန်းမသည် မျက်စိဖမ်းစားနိုင်စွမ်း ရှိပေသည်။

ထိုခန်းမထံမှ သိပ်သည်းသောအပူလှိုင်းများ ထွက်ပေါ်နေကာ ပတ်ဝန်းကျင်နှင့် ပေါင်းစပ်နေ၏။

အခုချိန်တွင် ခန်းမအတွင်း အမျိးသားနှစ်ယောက်နှင့်အမျိုးသမီး တစ်ယောက်တို့ ထိုင်နေ၏။

ထိုအမျိုးသမီးက အလွန်လှ၏။ သူမသည် အပြာရောင်ပိုးသားဝတ်စုံကို မပေါ့်တပေါ် ဝတ်ဆင်ထား၏။ သူမ၏ လှပသည့်မျက်လုံးများအတွင်း၌ ပရောပရည်ဆန်မှုတို့ ကွယ်ဖုံးနေ၏။ သူမက အခြားနှစ်ယောက်ကို သေချာ ကြည့်နေသည်။ သူတို့ထဲမှ တစ်ယောက်သည် အဘိုးအိုတစ်ယောက် ဖြစ်ကာ အခြားတစ်ယောက်မှာ ခေါင်းပြောင်လူငယ် ဖြစ်၏။

အဘိုးအိုသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ့ထံမှ ထည်ဝါမှုကို ပေးစွမ်းနေသည်။သူ့ကျင့်ကြံမှုအဆင့်မှာလည်း တုန်လှုပ်ဖွယ်ကောင်းသည်။

ခေါင်းပြောင်လူငယ်ကတော့ သာမန်ဆန်လွန်းသည်။သူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူသည် တည်ငြိမ်ဟန် ရ၏။ သို့သော် သူ့မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု တစ်ခု ရှိနေသည်။ သို့ရာတွင် သိပ်မကြာခင်အတွင်း သူက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

သို့သော် ထိုအမျိုးသမီးက သူ့မျက်လုံးထဲရှိ တစ်ခဏ ပေါ်သွားသည့် စိတ်ရှုပ်ထွေးမှုကို ချက်ခြင်း သိမြင်လိုက်၏။

ဝမ်လင်းသာ သည်နေရာတွင် ရှိနေပါက သူသည် ထိုအဘိုးအိုနှင့်လူငယ်တို့ကို ချက်ခြင်း မှတ်မိပေလိမ့်မည်။သူက သည်နှစ်ယောက်ကို သိထားခဲ့ဖူးသည်။

သည်အခိုက်အတန့်၌ ဟင်္သာငှက်နတ်ကလန်၏ ဂျူနီယာတစ်ယောက်မှာ ခန်းမထဲသို့ သစ်သီးများ၊ရေနွေးကြမ်းတို့နှင့် ရောက်လာ၏။ သူက ၎င်းတို့ကို နေရာချပြီးနောက် ချက်ခြင်း ပြန်ထွက်ခွာသွားသည်။

လှပသောအမျိုးသမီးက ရေနွေးခွက်ကို ကောက်ကိုင်ကာ မော့သောက်၏။ သူမက အဘိုးအိုထံသို့ ပင့်ကြည့်ကာ ပြုံး၍ ဆိုလာသည်။ “သင်က အလုံးစုံကောင်းကင်ရဲ့ လီယွမ်ဇီ ဖြစ်လိမ့်မယ်လို့ ထင်တယ်။ဂျူနီယာက အလောင်းကောင်ကလန်ရဲ့ လီရင်ကျစ်ပါ။ စီနီယာ့ကို နှုတ်ဆက်ပါတယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset