ဝမ်လင်း၏ စိတ်အခြေအနေသည် လေးလံနေသည်။ နတ်အင်ပါယာဟောင်း၏ အကြည့်က သူ့ကို ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာတုန်းက သွန်းထျန်၏ အကြည့်အား ပြန်အမှတ်ရစေသည်။ သူက သက်ပြင်းချမိ၏။
ဝမ်လင်းသည် ရှေ့သို့ ဆက်လာနေရင်း သူဖြတ်သန်းခဲ့သော ကျင့်ကြံခြင်းဂြိုဟ်များမှ ကျင့်ကြံသူအားလုံးနီးပါးသည် ပျံသန်းထွက်လာကြသည်။ ထိုသူတို့၏ “နတ်အင်ပါယာ” ဟု သံပြိုင်အော်သံများသည် ကောင်းကင်ကိုပင် တုန်ဟိန်းစေနေသည်။
ထိုအော်သံများထဲတွင် ဟင်္သာငှက်နတ်အင်ပါယာကလန်ဝင်များ နှစ်ပေါင်းမရေမတွက်နိုင်အောင် ဆုပ်ကိုင်ထားသည့် မျှော်လင့်ချက်၊ စိတ်လှုပ်ရှားမှုတို့ ပါဝင်နေပေသည်။
ပိုပိုများပြားသည့် ကျင့်ကြံသူများသည် ဝမ်လင်းနောက်ကနေ လိုက်ပါလာကြသည်။ အထူးသဖြင့် ဂျူနီယာများသည် ဝမ်လင်းကို လေးစားကြည်ညိုခြင်းတို့ဖြင့် ကြည့်နေကြပေသည်။ ဝမ်လင်းသည် ရှေ့သို့ ဆက်လာနေရင်း ပိုပိုများပြားသည့် ဟင်္သာငှက်နတ်ကလန်ဝင်များ သူ့နောက်ကနေ လိုက်ပါလာနေကြသည်။
“သခင်…” ဟင်္သာငှက်နတ်ကလန်ဝင်များ၏ အော်သံများကြားတွင် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အသံတစ်ခုသည် ဝမ်လင်းကို ခဏတာ တန့်သွားစေ၏။ လိုင်ဂျီနှင့်ခေါင်းကြီးတို့သည် ဝမ်လင်းထံသို့ ပျံသန်းလာနေကြသည်။
ဝမ်လင်းသည် ပြုံး၍ သူတို့နှစ်ယောက်ကို ခေါင်းညိတ်ပြသည်။
သူ ရှေ့သို့ ဆက်လာနေရင်း ပျော်ရွှင်မှုအပြည့်ဖြင့် ရယ်မောသံတစ်ခု ထွက်ပေါ်လာ၏။သည့်နောက် စစ်ထူနန်သည် ထွက်ပေါ်လာကာ သူသည် ဝမ်လင်းကို ပွေ့ဖက်၍ ပြုံးကာ ဆို၏။ “ကောင်းတယ်…ခွေးကောင်လေး…နောက်ဆုံးတော့ မင်း ထွက်လာခဲ့ပြီ…”
ဝမ်လင်း၏အပြုံးမှာ ပိုပီပြင်လာသည်။ စစ်ထူနန်၏ ဒဏ်ရာများမှာ ပြန်ကောင်းမွန်ခဲ့ကာ သူ့ကျင့်ကြံမှုအဆင့်သည်ပင် ပိုအားကောင်းလာခဲ့၏။ သူ့အဆိပ်များကိုပင် ဖိနှိပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
စစ်ထူနန် နောက်တွင် ငွေရောင်အမျိုးသမီးနှင့် အရှင်ချိုင့်လေတို့ ထွက်လာ၏။ ငွေရောင်အမျိုးသမီးက ဝမ်လင်းနောက်တွင် တိတ်ဆိတ်စွာ လိုက်ပါလာ၏။ အရှင်ချိုင့်လေကတော့ လေးစားသည့်ဟန်ပန်ဖြင့် ရှိနေ၏။ သူ့စိတ်နှလုံးထဲကနေလည်း ကျေနပ်မှုတို့ ဖြစ်နေပေသည်။
နောက်ဆုံးတွင် ဝမ်လင်းသည် ဟင်္သာငှက်နတ်ကလန်ဂြိုဟ် အရှေ့သို့ ရောက်လာခဲ့ချိန်တွင် ကလန်ဝင်မြောက်များစွာသည် ကောင်းကင်ယံကိုပါ ဖုံးလွှမ်းပစ်ဖို့ လုံလောက်နေပေပြီ။
“နတ်အင်ပါယာ…”
“နတ်အင်ပါယာ…”
တုန်လှုပ်ဖွယ် အော်သံများက ဤကြယ်ရောင်စုံကောင်းကင်ထက်ရှိ အခြားအသံများအားလုံးကို အစားထိုးသွားခဲ့ပြီ။
ဟင်္သာငှက်နတ်ကလန်၏ ပင်မဂြိုဟ်ပေါ်တွင် ရန်တောက်လည်း ရှိနေ၏။ သည်အခိုက်အတန့်၌ သူသည် သူ့ဘေးနားရှိ ကလန်သားများ၏ စိတ်လှုပ်ရှား၊ဂုဏ်ပြုမှုအသံများကို နားထောင်နေရချေ၏။ သူ့ဟန်ပန်မှာ သုန်မှုန်နေတော့သည်။ သူက ဝမ်လင်းကို ရန်လိုသည့်အကြည့်ဖြင့် စူးစိုက်ကြည့်နေ၏။
သူ့ဘေးရှိ လျောင်ယွမ်ကတော့ ရန်တောက်ကို အထင်သေးဟန်ဖြင့် ကြည့်သည်။ သူက လူပေါင်းများစွာ ဝန်းရံထားသော ဝမ်လင်းရှိရာ လေထဲသို့ ပျံတက်သွားကာ လေးစားစွာ ပြော၏။ “လျောင်ယွမ်က နတ်အင်ပါယာကို ကြိုဆိုပါတယ်…” သူ့ထံ၌ လေးစားမှုအပြည့်ပင်။ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ သွားရောက်ခဲ့သော သူများလောက် မည်သူကမျှ ဝမ်လင်းအကြောင်း ပိုသိကြလိမ့်မည် မဟုတ်ပေ။ လျောင်ယွမ်သည်လည်း ထိုသို့သွားရောက်ခဲ့သူများထဲတွင် တစ်ယောက် အပါအဝင် ဖြစ်ခဲ့၏။
ဖန်ရှန်က အနည်းငယ် ချီတုံချတုံ ဖြစ်နေ၏။ ထို့နောက် သူမသည်လည်း လေထဲသို့ ပျံတက်ကာ ဝမ်လင်းကို လျောင်ယွမ်နှင့်အတူ နှုတ်ဆက်ကြိုဆိုမှု ပြုသည်။
ဂြိုဟ်ပေါ်ရှိ ကလန်သားအများစုမှာ ဝမ်လင်းကို စိတ်လှုပ်ရှားစွာ ကြိုဆိုကြပေသည်။
သုန်မှုန်နေသည့် ရန်တောက်၊ အကြီးအကဲအနည်းငယ်နှင့် ရန်တောက်အပေါ် သစ္စာရှိသော အခြားလူများကတော့ သိသိသာသာ ကွာခြားနေတော့သည်။
ရန်တောက်သည် ဆက်ခနဲ ခေါင်းမော့ကာ လူတိုင်းကို ပြုံးပြနေသော ဝမ်လင်းအား စူးရဲစွာ လှမ်းကြည့်၍ အော်ပြောလာသည်။ “ဝမ်လင်း…ငါ မင်းကို စိန်ခေါ်ချင်တယ်…”
သူ သည်စိန်ခေါ်မှုကို လုပ်ကိုလုပ်ရပေမည်။ ဝမ်လင်းသည် ခုလို ဆက်ဖြစ်နေပါက သူ့အဖို့ နတ်အင်ပါယာ ဖြစ်လာရန် အခွင့်ရေး လုံးဝ ဆက်ရှိတော့မည် မဟုတ်ပေ။
ဟင်္သာငှက်နတ်ကလန်တွင် နတ်အင်ပါယာသည် နတ်ဘုရားတည်း။ နတ်အင်ပါယာကို ဆန့်ကျင်သည့်သူ မည်သူမဆို ကလန်တစ်ခုလုံး၏ ရန်သူ ဖြစ်လာပေမည်။ သို့ရာတွင် ဟင်္သာငှက်နတ်ကလန်အတွင်း၌ ရန်တောက် ဝမ်လင်းကို စိန်ခေါ်ဝံ့သည့် ဥပဒေတစ်ရပ်လည်း ရှိနေသေး၏။ ထို့ကြောင့်လည်း သူက အခု လူအများကြားထဲတွင် ဝမ်လင်းကို ပေါ်တင် စိန်ခေါ်လိုက်ခြင်းပင်။
ရန်တောက်၏ စိန်ခေါ်သံသည် ကြယ်များကြား၌ ပဲ့တင်ထပ်ကာ လူတိုင်းအား ချက်ခြင်း ငြိမ်သက်တိတ်သွားစေသည်။ ပတ်ဝန်းကျင်ရှိ လူတိုင်း၏ အကြည့်က ရန်တောက်ပေါ်သို့ ချက်ခြင်း ကျရောက်လာသည်။
ဟင်္သာငှက်နတ်ကလန်၏ အကြီးအကဲအချို့လည်း သည်နေရာတွင် ရှိနေကြ၏။ သူတို့၏ တာဝန်မှာ ဝမ်လင်းကို နတ်အင်ပါယာရာထူး လွှဲပေးရာ၌ ချောချောလျူလျူ ဖြစ်စေရန် ကူညီဖို့ ဖြစ်သည်။ သူတို့သည် ဘယ်ပုန်ကန်သံကိုပါ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
ယင်းအမိန့်မှာ နတ်အင်ပါယာဟောင်း၏ တချက်လွတ်အမိန့် ဖြစ်၏။
ရန်တောက်၏နဖူးထက်တွင် ချွေးစေးပြန်နေပေပြီ။လူတိုင်း၏အကြည့်က သူ့ထံတွင်သာ ရှိနေ၏။ ထိုအဖြစ်က သူ့စိတ်ကို တုန်ယင်စေသည်။ သို့ရာတွင် သူ့ထံ၌ ပူပန်နေရန် အချိန်မရှိပေ။ သူက ဝမ်လင်းကို စူးစိုက်ကြည့်ကာ ထပ်အော်ပြောသည်။ “ဝမ်လင်း…မင်း ငါ့ စိန်ခေါ်မှုကို လက်ခံဝံ့လား။ မင်း လက်မခံရင် မင်းက နတ်အင်ပါယာတစ်ပါး ဖြစ်လာဖို့ အရည်အချင်း မပြည့်မီလို့ပဲ…”
ရန်တောက်နောက်မှ အဘိုးအိုသုံးယောက် ထွက်ပေါ်လာကာ သူ့အား ဝန်းရံပေးသည်။ ထို့နောက် သူတို့က ကလန်ဝင်များကြားရှိ အကြီးအကဲများကို စူးစိုက်ကြည့်လိုက်ကြသည်။
“ရန်တောက် မင်း လုပ်ဝံ့လား…၊ အင်ပါယာဟောင်းရဲ့ အမိန့်ကို မင်းက ပေါ်ပေါ်တင်တင် ဖိဆန်ချင်နေတာလား…” လူအုပ်ထဲမှ အရပ်ရှည်ရှည်အဘိုးအို တစ်ယောက် လှမ်းလျှောက်ထွက်လာသည်။ သူသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ သွားရောက်ခဲ့သော အကြီးအကဲများထဲမှ တစ်ယောက် ဖြစ်သည်။
“အကြီးအကဲကျိုး…ငါတို့ ဟင်္သာငှက်နတ်ကလန်ရဲ့ ဥပဒေတွေထဲမှာ အင်ပါယာက နောက်ထပ်အင်ပါယာအသစ်တစ်ယောက်ကို ရာထူးလွှဲတဲ့အချိန်မှာ ကလန်ဝင်အားလုံးဟာ ဒီအင်ပါယာရာထူးအတွက် စိန်ခေါ်ခွင့် ရှိတယ်ဆိုတာ ပါတယ်။ ကျနော် ပြောတာ မှန်တယ်မလား…”
“အဆင်အခြင်မဲ့တဲ့ကောင်ပဲ…” အကြီးအကဲကျိုး၏ မျက်လုံးထဲတွင် အေးစက်မှု တစ်ခု ဖြတ်ပြေးသွားသည်။ သူသည် နှာခေါင်းရှုံ့၏။ သို့သော် သူသည် အရေးယူခြင်းမပြုတော့ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်ပေးသည်။
ထိုအဘိုးအိုသာမက သည်အခိုက်အတန့်၌ သည်နေရာရှိ မရေမတွက်နိုင်သောလူများကြားတွင် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ သွားရောက်ခဲ့သော သူတိုင်းသည် ရန်တောက်ကို လှောင်ပြောင်ဟန်အပြည့်ဖြင့် ကြည့်နေကြသည်။ အချို့သည် သူ့ကို သနားစရာကောင်းသည့် အကြည့်ဖြင့်ပင် ကြည့်နေသေး၏။
ထိုအကြည့်များအောက်တွင် ရန်တောက်၏ စိတ်သည် မတုန်လှုပ်မိဘဲ မနေနိုင် ဖြစ်ရသည်။ သူသည် လွန်ခဲ့သော သုံးနှစ်က နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် ဝမ်လင်း၏ အောင်မြင်မှုများကို ကြားခဲ့ဖူးသည်။ သို့သော် သူက ထိုအရာကို မယုံကြည်ပေ။
ခုချိန်၌ သူသည် ဝမ်လင်းမှာ နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်မှန်း ရှင်းလင်းစွာ မြင်နေရ၏။ ထိုအဖြစ်က သူ့အား ဝမ်လင်းနှင့်ပတ်သတ်သည့် သတင်းစကားများမှာ ကောလဟာလများသာ ဖြစ်ကြောင်း ပို ယုံကြည်လာစေတော့သည်။ သူက စကားပြောရန် ပြင်၏။
ထိုအခိုက်မှာပင် ဝမ်လင်း၏အေးစက်စက်အကြည့်က ရန်တောက်ပေါ်သို့ ကျရောက်လာချေသည်။
သူ့အကြည့်က ရန်တောက်ပေါ်သို့ ကျရောက်သွားချိန်၌ ရန်တောက်၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သူ့စိတ်နှလုံးသည် အေးစိမ့်သွားသည်။ သူ့နောက်ရှိ အကြီးအကဲသုံးယောက်သည်ပင် မျက်မှောင်ကြုတ်သွားကြ၏။
“မင်း ငါ့ကို စိန်ခေါ်ချင်ရင် ရှင်သန်နိုင်ဖို့ အခွင့်အရေး မရှိဘူး။ မင်း ဆန္ဒရှိသေးလား…”
ဝမ်လင်း၏အသံသည် တည်ငြိမ်၏။ သို့သော် သူ့အသံထဲ၌ အေးစက်စက်စိတ်ဆန္ဒ ပါ၏။
ရန်တောက်၏ စိတ်တုန်ယင်မှုသည် ပို၍ပင် ပြင်းထန်လာ၏။သို့ရာတွင် သူသည် အခုမှ နောက်မဆုတ်နိုင်တော့ပေ။ နောက်ထပ်သေချာကြည့်ပြီးသည့်နောက် သူသည် ဝမ်လင်းမှာ နိဗ္ဗာနကြိုမြင်ခြင်းအထွတ်အထိပ်အဆင့်တွင်သာ ရှိမှန်း ပိုသေချာစေသည်။သူက အံတင်းတင်းကြိတ်ကာ သုန်မှုန်စွာ ပြောလိုက်၏။ “စိန်ခေါ်မယ်…”
ဝမ်လင်းသည် ခေါင်းညိတ်၏။ သူ့မူလခန္ဓာကိုယ်မှာ ခုလက်ရှိတွင် သူနှင့် ကွဲနေ၏။ သို့သော် အစွမ်းထက်ရှေးဟောင်းခန္ဓာကိုယ် မရှိလျှင်ပင် ဝမ်လင်းထံ၌ မန္တာန်များ ရှိနေမြဲ ဖြစ်၏။ သူက နိဗ္ဗာနသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများကို ဆန်းကြယ်လက်နက်မန္တာန်ဖြင့်ပင် သတ်ပစ်နိုင်၏။ သူက နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူများကိုတော့ မတိုက်ခိုက်ဝံ့သေးချေ။ အမှန်တော့ ခုချိန်၌ သူ့မူလခန္ဓာကိုယ် ရှိရှိ၊မရှိရှိ သူ့အတွက် ဘာမှ ကွာခြားသွားခြင်းတော့ မရှိပါ။
ကွာခြားမှုတစ်ခု ရှိမည်ဆိုလျှင်ပင် ဝမ်လင်း၏မူလခန္ဓာကိုယ်က သူ့ကို လူတိုင်းမျှော်လင့်ထားနိုင်သည့်ထက် ပိုသော ခုခံနိုင်စွမ်းကို ရှိစေမှုသာ ဖြစ်ပေလိမ့်မည်။
နေသာသောည မန္တာန်ကတော့ ပြောနေစရာပင် မလိုတော့ပေ။ သူက သည်မန္တာန်ကို အထူးတိုက်ဆိုင်မှုအတွင်းမှသာ အသုံးပြုနိုင်၏။ ဝမ်လင်းသည် သူ့နေသာသောည မန္တာန်သည် သည်သုံးနှစ်တာအတွင်း မည်မျှ ပျံ့နှံ့ကျယ်ပြောခဲ့ပြီကိုတော့ မသိသေးပေ။ ၎င်းမန္တာန်က မဟာမိတ်အတွင်း မုန်တိုင်းထန်စေခဲ့ပြီး ဖြစ်၏။
နေသာသောညမန္တာန်သည် အရှင်လေဟာနယ်ကိုသာမက ရှေ့ဖြစ်ဟောသူ၏ ကိုယ်ပွားနှစ်ယောက်ပါ အသက်ခံရပြီး တစ်ယောက်သည် ဒဏ်ရာအပြင်းအထန် ရသွားစေခဲ့သည် မဟုတ်လား။ သည်လို တိုက်ပွဲမှတ်တမ်းက ဝမ်လင်းကို နေ့ချင်းညချင်း ထိပ်တန်းကျင့်ကြံသူတစ်ယောက် ဖြစ်လာစေခဲ့ပေသည်။
“ဘာပဲဖြစ်ဖြစ် မင်းက ဟင်္သာငှက်နတ်ကလန်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်တယ်။ ဒါ့ကြောင့် ငါက မင်းကို မီးမြှုပ်နှံ့ခြင်းနဲ့အတူ သေဆုံးခွင့်ပြုမယ်…” ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်း၏။ သည်အခိုက်အတန့်၌ သူ့နောက်တွင် တစ္ဆေအရိပ်စိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ခု ပေါ်လာ၏။
“ဆန်းကြယ်အသွင်ပြောင်းခြင်းကိုးခု…” ထိုစိတ်ဝိညာဉ်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ ကလန်ဝင်သားများထံမှ အားပေးသံတို့ လှိုင်ထွက်လာတော့၏။ သူတို့၏ ပိုမိုစိတ်လှုပ်ရှားမှုအပြည့်ဖြင့် အကြည့်များသည် ဝမ်လင်းပေါ်သို့ ကျရောက်လာကြသည်။
ဆန်းကြယ်အသွင်ပြောင်းခြင်းကိုးခုမှာ နတ်အင်ပါယာများသာ သင်ယူနိုင်သည့် မန္တာန်တစ်ခု ဖြစ်၏။
ရန်တောက်၏မျက်နှာသည်ပင် ချက်ခြင်း ဖြူရောသွားသည်။ သို့သော် သူ့မျက်လုံးထဲ၌ မကျေမနပ်မှုနှင့်လက်မခံနိုင်မှုတို့ ပြည့်နေ၏။ သူသည် မာန်သွင်းလိုက်၏။ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေရာ မီးသည် သူ့ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာသည်။ အပူဓာတ်သည် သူ့ပတ်လည်၌ ခပ်ဝါးဝါးချပ်ဝတ်တစ်ခု ဖြစ်ပေါ်လာစေသည်။
ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်း၏။ သူ့နောက်ရှိ စိတ်ဝိညာဉ်မှာ သူ့လက်ထဲသို့ ဝင်ရောက်သွားသည်။ သူက သူ့လက်ကို လှုပ်ရှားစေကာ ရန်တောက်၏ ခန္ဓာကိုယ်ထံသို့ လက်ညွှန်သည်။
“မီးလောင်ကျွမ်းခြင်း…”
အေးစက်စက်အသံ ပဲ့တင်ထပ်၏။ သို့သော် ထိုအသံထဲ၌ လောကရှိ မီးတောက်အားလုံးကို ထိန်းချုပ်နိုင်သည့် ခွန်အားတစ်ခု ပါဝင်နေသည်။ သည်အခိုက်အတန့်၌ မီးဖြစ်နေသ၍ ဝမ်လင်းကို နာခံရမည် ဟူ၏။
သည်စကားနှစ်ခွန်းဖြင့်ပင် မီးတောက်များ ရန်တောက်အား ဝန်းရံကာ တုန်ယင်စေ၏။မီးတောက်များသည် ရန်တောက်ထံသို့ ခုန်ပေါက်ဝင်လာသည်။ သည်လိုသေရေးရှင်ရေး အခြေအနေ၌ ရန်တောက်၏ ခပ်ဝါးဝါး ချပ်ဝတ်သည် ဓားပျံတစ်ခုကဲ့သို့ ဝမ်လင်းထံ ထိုးထွက်သွားသည်။
ရန်တောက်၏ စိတ်သည် တုန်ယင်နေ၏။ သူသည် ဝမ်လင်းက မီးတောက်များကို ထိန်းချုပ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက သည်အရာမှာ သူ့နောက်ဆုံး အခွင့်အရေးမှန်း သိလိုက်၏။ သူ့ တိုက်ချက်က ဝမ်လင်းကို ဒဏ်ရာရခြင်း၊ သေဆုံးခြင်းတို့ကို မဖြစ်နိုင်စေပါက သူ့နောက်သို့ မီးတောက်များ ရောက်လာသည်နှင့် သူသည် အန္တရာယ်ကြီးစွာ ကြုံရပေမည်။
“ရိုက်ချက်တစ်ခုထဲက သူ့အသက်ကို ယူဆောင်ဖို့ရာ လုံလောက်တယ်…”
ဝမ်လင်း၏အသွင်ကတော့ တည်ငြိမ်လျက်ပင်။ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ ရန်တောက်ထံသို့ ညွှန်သည်။ ပထမဆန်းကြယ်အသွင်ပြောင်းခြင်းက ၎င်း၏အပြည့်အဝ စွမ်းအားကို ခင်းကျင်းလာချေ၏။ သည်အခိုက်အတန့်၌ ဝမ်လင်းသည် သူ့ညာလက်မှ သိပ်သည်းသောအပူကို ခံစားမိနေရသည်။
“နယ်ပယ်သုံးခုမူလမီးတောက် မြင့်တက်စေ…”
ဝမ်လင်း၏အသံ ပဲ့တင်ထပ်လာရင်း သူသည် ရန်တောက်ထံသို့ လက်ညွှန်၏။ ရန်တောက်သည် ရုတ်တရပ် သွေးအန်လိုက်ရ၏။ သူ့ခန္ဓာကိုယ်အတွင်းကနေ တစီစီအသံများ ထွက်ပေါ်လာချေသည်။
သူက နောက်သို့ ချက်ခြင်း လွင့်စင်သွားသည်။ သူ့မျက်လုံးထဲ၌ ကြောက်လန့်မှု၊ထိတ်လန့်မှုတို့သာ ကြီးစိုးကုန်သည်။ သို့သော် သူ အမှန်တကယ် ခံစားရသည်က စိတ်ရှုပ်ထွေးမှုတည်း။
သို့ရာတွင် သူ နောက်သို့ လွင့်စင်သွားခိုက်တွင် သူ့ခန္ဓာကိုယ်မှ တစီစီအသံများ ပိုထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ကနေ သွေးမြူများ ပန်းထွက်၏။ သူသည် သွေးအလိမ်းလိမ်း ဖြစ်နေပေပြီ။ သည့်နောက် သူ့ခန္ဓာကိုယ်မှာ တစစီ ဖြစ်ကာ ပေါက်ကွဲမှုများ ဆက်ဖြစ်သည်။
အသွေးအသားတို့သည် ပေါက်ကွဲထွက်၏။ ရန်တောက်သည် နာကျင်စွာ အော်မိ၏။ သူ့မူလစိတ်ဝိညာဉ်မှာ အလန့်တကြား တရကြမ်း ထွက်လာ၏။ သူသည် စိတ်ရှုပ်ထွေးနေဆဲပင်။ သူက သည်လက်ညွှန်မှုတစ်ချက်ဖြင့် သူ့ခန္ဓာကိုယ်ကို ပျက်စီးသွားစေဖို ဘာကြောင့် လုံလောက်မှန်း မသိ ဖြစ်ရသည်။
သို့သော် သူ့မူလစိတ်ဝိညာဉ် ထွက်ပြေးသည့်အခိုက်တွင် သူ့မူလစိတ်ဝိညာဉ်အား တုန်ယင်စေမည့် မိုးကြိုးဟိန်းသံ ထွက်ပေါ်လာသည်။ ထိုဟိန်းသံထဲ၌ မီးနှင့်မိုးကြိုးတို့၏ အဖျက်အစီးအားတစ်ခု ပါဝင်ချေ၏။ ရန်တောက်၏ မူလစိတ်ဝိညာဉ်သည် ချက်ခြင်း ပျက်စီးသွားတော့သည်။
စိန်ခေါ်တိုက်ပွဲမှာ ခဏအတွင်း ပြီးသွား၏။ လူတိုင်းသည် ရန်တောက် သေဆုံးဖို့ရာ ဝမ်လင်းသည် လက်နှစ်ခါသာ ညွှန်လိုက်ရကြောင်း တွေ့မြငရသည်။
အစကနေ အဆုံးထိ ဝမ်လင်းသည် တည်ငြိမ်စွာသာ ရှိနေ၏။ သူသည် ဆန်းကြယ်အသွင်ပြောင်းခြင်းကိုးခုကြောင့် စိတ်မပျက်ရတော့ပေ။ ဟင်္သာငှက်နတ်အင်ပါယာ မျိုးဆက်တိုင်းသာ ကျင့်ကြံနိုင်ခဲ့သည့် ဤမန္တာန်မှာ အကြွင်းမဲ့အစွမ်းထက်သင့်သည် မဟုတ်လား။
“ငါ ထင်ထားတာထက် ဒီမန္တာန်က ပိုအစွမ်းထက်နေတာ ဖြစ်နိုင်တယ်။ ဘာလို့လည်းဆိုတော့ ဒါက မိုးကြိုးနဲ့ပါ ပေါင်းစပ်နေလို့ ဖြစ်မယ်…”
ဝမ်လင်းသည် လူတိုင်းကို ဝေ့ကြည့်လိုက်သည်။ ရန်တောက်နောက်ရှိ အဘိုးအိုသုံးယောက်ပေါ်သို့ သူ့အကြည့်က ရောက်ရှိသွား၏။ သူတို့သုံးယောက်ထဲမှ တစ်ယောက်သည် နိဗ္ဗာနဖြိုခွဲခြင်းအစောပိုင်းအဆင့် ရှိ၍ ကျန်နှစ်ယောက်မှာ နိဗ္ဗာနသန့်စင်ခြင်းနောက်ဆုံးအဆင့်များ ဖြစ်ကြ၏။
“မင်းတို့သုံးယောက်ကကော ငါ့ကို စိန်ခေါ်ချင်သေးလား…” ဝမ်လင်းသည် ထိုအဘိုးအိုသုံးယောက်ကို ကြည့်နေရင်း သူ့မျက်လုံးထဲကနေ အဖြူရောင်မီးတောက်တစ်ခု ပေါ်လာ၏။
***