အတိတ်တုန်းက ကောင်းကင်ဘုံနယ်မြေသည် ဘုရင်ဖြစ်ခဲ့သော်လည် နတ်အင်ပါယာ လေးပါးနှင့် အတူ နတ်လေးပါးကလန်အထွတ်အထိပ်တွင် ရှိခဲ့စဉ်က မိုးကောင်းကင်ဘုံနယ်မြေသည်ပင် သူတို့အပေါ် လေးစားသမှု ပေးရ၏။ ထိုစဉ်က နတ်အင်ပါယာအသစ် ပေါ်လာတိုင်း ကောင်းကင်ဘုံနယ်မြေသည် ဂုဏ်ပြုလက်ဆောင်များ ပေးပို့ခဲ့ကြသည်။
ထိုအချိန်က ကျင့်ကြံခြင်းမဟာမိတ်ဆိုသည်မှာ မရှိခဲ့သေးပေ။ တောက်ပသောလေဟာနယ်မြေသာ ရှိခဲ့၏။ ပို၍ တိတိကျကျဆိုပါက တောက်ပသောလေဟာနယ်နယ်မြေသည် ကောင်းကင်ဘုံနယ်မြေ၏ အခွဲတစ်ခုဟု ဆိုနိုင်၏။သူတို့သည် အောက်နယ်မြေများရှိ ကျင့်ကြံသူများ၏ ကိုယ်စားလှယ်များ ဖြစ်ခဲ့ကြသည်။
သို့ရာတွင် နတ်လေးပါးကလန်၏ ခွန်အားနှင့်အခြား အထူးအကြောင်းရင်းများကြောင့် ကောင်းကင်ဘုံနယ်မြေသည် နတ်လေးပါးကလန်နှင့် တောက်ပသောလေဟာနယ်နယ်မြေတို့ကို တခေတ်တခါတည်း အတူ တည်ရှိခွင့် ပြုခဲ့သည်။
နတ်အင်ပါယာတစ်ပါး အသစ် ပေါ်လာသည်က မူလစွမ်းအင်တွင် ကြီးမားသည့် ဂယက်ရိုက်ခြင်းကို ဖြစ်စေဖို့ လုံလောက်ပေသည်။ အစွမ်းထက်ကျင့်ကြံသူများကတော့ တစ်ခုခုကို လွယ်ကူစွာ ခံစားမိကြ၏။
အခုချိန်တွင် ဝမ်လင်းသည် ပထမအသွင်ပြောင်းခြင်းကို ပြီးပြည့်စုံသွားသည့်အခါ မဟာမိတ်ကြယ်အဖွဲ့အစည်းတစ်ခုလုံးရှိ မူလစွမ်းအင်သည် ဟင်္သာငှက်နတ်ကလန်ကို ဗဟိုပြုကာ လှိုင်းထစေသည်။
အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းက မဟာမိတ်ကြယ်အဖွဲ့အစည်း၏ အနောက်ပိုင်းနှင့်မြောက်ပိုင်းနယ်မြေတို့ကို သိမ်းပိုက်ထားပြီး ဖြစ်၏။ အလုံးစုံကောင်းကင်မှ မိုးကြိုးကောင်းကင်ဘုံ တမန်တော်များသည် နေရာအနှံ့တွင် ရှိနေကြသည်။အခုချိန်၌ အနောက်ပိုင်းနှင့်မြောက်ပိုင်းနယ်မြေတို့တွင် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်သည် ၎င်းနယ်မြေတို့၌ အနှိုင်းမဲ့အုပ်စိုးသူများ ဖြစ်နေကြပေပြီ။
ကြယ်များကြား၌ တောင်အငယ်စားနှင့် တူသည့် အနက်ရောင်နန်းတော်များ လွင့်မြောကာ ရှေ့သို့ ဖြည်းဖြည်းခြင်း ရွှေ့လျားနေ၏။ နန်းတော်တစ်ခုစီ၏ ဘေးပတ်ပတ်လည်တွင် အလုံးစုံကောင်းကင်မှ ကျင့်ကြံသူမြောက်များစွာ ရှိနေကြသည်။
အနည်းဆုံး နန်းတော်တစ်ရာလောက်က စစ်တပ်ကြီးအသွင် ဖွဲ့တည်ထားကြ၏။ ၎င်းတို့က အလယ်ပိုင်းဒေသရှိ မဟာမိတ်၏ အင်အားစုအမျိုးမျိုးထံသို့ ဦးတည်သွားနေကြသည်။
ကျင့်ကြံသူများစွာ ရှိသော်လည်း ဓားပျံအသံများသာ ရှိ၍ အခြားအသံဗလံဟူ၍ ထွက်ပေါ်မနေပါ။ နှစ်ချီတိုက်ခိုက်လာကြပြီးနောက် အလုံးစုံကောင်းကင်ဘက်မှ ကျင့်ကြံသူများသည်လည်း ပြောင်းလဲခဲ့ကြပေပြီ။ သူတို့၏ မရင့်ကျက်မှု၊အကင်းမပါးမှုတို့မှာလည်း လွင့်ပျောက်ကာ ကြမ်းကြုတ်သည့်သတ်ဖြတ်လိုခြင်း အော်ရာတို့က နေရာယူခဲ့ကြပေပြီ။
သည်အခိုက်အတန့်၌ မူလစွမ်းအင်တုန်ခါလှိုင်းမှာ ပျံ့လွင့်လာပြီး သူတို့အား ဖြတ်သန်းသွား၏။ သို့ရာတွင် သည်ကျင့်ကြံသူများ၏ အဆင့်ဖြင့် မူလစွမ်းအင်၌ ပြောင်းလဲသွားမှုကို သတိပြုမိရန် ခက်ခဲလွန်းပေမည်။
သို့သော် အခြားနန်းတော်များထက် အဆတစ်ရာလောက် ကြီးမားသည့် နန်းတော်ကြီးတစ်ခုအတွင်း၌ အရှင်မီးတောက်သည် တံခါးပိတ်ကျင့်ကြံနေရာကနေ ရုတ်တရပ် မျက်လုံးဖွင့်လာ၏။
သူ မျက်လုံးဖွင့်လိုက်ချိန်၌ နန်းတော်ထဲရှိ အခြားအကြီးအကဲ ဆယ်ယောက်ကျော်သည်လည်း ကျင့်ကြံနေရာကနေ မျက်လုံးဖွင့်လာကြ၏။ သူတို့၏မျက်လုံးများက တောက်ပနေသည်။
အကြီးအကဲများထဲမှ တစ်ယောက်သည် ဖြည်းဖြည်းချင်း ပြောလာသည်။ “မူလစွမ်းအင် တုန်ခါလှိုင်းက မဟာမိတ်ရဲ့ အရှေ့ဘက်ခြမ်းကနေ ထွက်ပေါ်လာတာပဲ…”
“မဟာမိတ်ရဲ့ အရှေ့ဘက်ဒေသမှာ အစွမ်းထက်ရတနာအချို့ ထွက်ပေါ်လာတာများ ဖြစ်နေနိုင်မလား…”
အရှင်မီးတောက်က စဉ်းစားကာ ခေါင်းခါ၏။ “ဒီတုန်ခါမှုက အစွမ်းထက်ရတနာတစ်ခု ပေါ်ပေါက်မွေးဖွားလာတာ မဟုတ်ဘူး။ အရှေ့ဘက်ဒေသဟာ နတ်လေးပါးကလန် ပိုင်ဆိုင်တာ။ ဖြစ်နိုင်တာက နတ်အင်ပါယာသစ် ပေါ်လာခဲ့တာလား…”
အရှင်မီးတောက်၏ မျက်လုံးသည် လင်းလက်၏။ သူသည် အတော်လေး မသေမချာ ဖြစ်နေဆဲပင်။ သူသည် မဟာမိတ်မှ ထွက်ခွာလာခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာလွန်းခဲ့ပေပြီ။
“နတ်လေးပါးကလန်…၊ ကျင့်ကြံခြင်းမဟာမိတ်က ငါ့တို့ ပြိုင်ဘက် မဟုတ်နိုင်ခဲ့တော့ ဒီလိုကလန်လေးက ငါ့တို့ အလုံးစုံကောင်းကင်စစ်တပ်ရဲ့ ဖိအားအောက်မှာ လွယ်လွယ် ပြိုပျက်သွားမှာပဲလေ…” နန်းတော်အတွင်းရှိ ဆံပင်နီနှင့်အဘိုးအိုက အထင်သေးဟန်ဖြင့် ဆို၏။
အရှင်မီးတောက်က အနီရောင်ဆံပင်နှင့်အဘိုးအိုကို ကြည့်ကာ ပြောလိုက်၏။ “နတ်လေးပါးကလန်က ကျိန်းသေပေါက် မင်း ထင်ထားသလို မဟုတ်ဘူး။ ဒီမူလစွမ်းအင် တုန်ခါမှုဟာ နတ်အင်ပါယာအသစ် မွေးဖွားလာတာနဲ့ ဆင်တူနေတယ်။ ဒါက ဘယ်သူလဲ၊ဘယ်အရာလဲတော့ ငါလည်း မသိဘူး…”
သူက ထိုမူလစွမ်းအင်တုန်ခါလှိုင်းနှင့်အတူ မလွယ်ကူမှုကို ဘာကြောင့် ခံစားမိနေမှန်း မသိ ဖြစ်ရ၏။ ထိုခံစားချက်သည် အလွန်ဆန်းကြယ်၏ ။သို့သော် ထင်ရှားပေသည်။
အခြားတစ်ယောက်သည်လည်း သည်တုန်ခါမှုလှိုင်းကို ခံစားမိသည်။ ထိုသူသည် ဝတ်စုံနက်နှင့်အဘိုးအို ဖြစ်၏။ သူသည် အလုံးစုံကောင်းကင်နှင့် မဟာမိတ်အနောက်ပိုင်းဒေသတို့ကြား ချိတ်ဆက်ထားသော ဥမင်လမ်းကြောင်းကနေ ခြေလှမ်းထွက်လာ၏။
သူက ချက်ခြင်း ခေါင်းမော့ကာ အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်သည်။ သူ့အကြည့်က သည်ကြယ်အဖွဲ့အစည်းကို ထွင်းဖောက်သွားသလား ထင်မှားရ၏။ သူ့မျက်လုံးမှာ လက်ခနဲ ဖြစ်သွားသည်။
“နတ်လေးပါးကလန်ရဲ့ နတ်အင်ပါယာအသစ်၊ ဒီတုန်ခါမှုလှိုင်းထဲမှာ မီးမူလစွမ်းအင် အငွေ့အသက် ပါဝင်နေတယ်။ ဒါ့ကြောင့် ဒါဟာ ဟင်္သာငှက်နတ်အင်ပါယာအသစ် ပေါ်ထွက်လာတာ ဖြစ်ရမယ်။ ဒီလိုဆိုရင်တော့ ဒီကစားပွဲဟာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီ။ အရှင်ထာဝရ…မဟာမိတ်ဒီလိုမျိုး ဝရုန်းသုန်းကား အခြေအနေ ဆိုက်ရောက် ကျဆင်းနေတဲ့အချိန်မှာ သင် မဖြစ်မနေ လူလုံးထွက်ပြရတော့မှာပါ…”
မဟာမိတ်၏ တောင်ပိုင်းဒေသ၊ အလောင်းကောင်ကလန်၏ အတွင်းပိုင်းတွင် ကြီးမားလှသည့် အနက်ရောင်ခေါင်းတလားကြီး တစ်ခု ရှိ၏။ ချိန်းကြိုးများက ရှစ်မြှောင့်အသွင် ဖြစ်တည်ကာ ခေါင်းတလားဘေးနားတွင် ချိတ်ဆက်နေကြသည်။
ဤနေရာတွင် ခေါင်းတလားများစွာနှင့် ပြည့်နေသည်။သည်နေရာတွင် အမည်မသိမန္တာန်တစ်ခုကြောင့် ကျင့်ကြံခြင်းဂြိုဟ်များသည် ရွှေ့လျားနေကြ၏။ သည်ခေါင်းတလားများ ပတ်လည်တွင် ယင်းဂြိုဟ်များ လည်ပတ်နေသည်။
ယင်းအခိုက်အတန့်မှာပင် မူလစွမ်းအင်လှိုင်းတစ်ခု ဖြတ်သန်းသွား၏။ အလယ်ရှိ ခေါင်းတလားထံမှ အံ့အားသင့်ဟန် အသံ ခပ်တိုးတိုး ထွက်ပေါ်လာသည်။
“အခုလိုအချိန်မှာပဲ နတ်လေးပါးကလန်အတွင်းမှာ နတ်အင်ပါယာအသစ် ပေါ်ထွက်လာခဲ့ပြီ။ စိတ်ဝင်စားစရာပဲ…”
သူ့အသံ ထွက်ပေါ်လာရင်း ခေါင်းတလားအဖုံးများကို လက်သည်းဖြင့် ကုတ်ခြစ်သံလို အသံကို ကြားရနိုင်၏။ ထိုအသံသည် လူတို့၏စိတ်နှလုံးကို စုတ်ဖြဲပစ်သလို ခံစားသွားရစေနိုင်၏။ ယင်းအသံကြောင့် အနီးအနားရှိ ဟင်းလင်းပြင်သည်ပင် အက်ကြောင်းများ ပေါ်သွားသည်။
အခုလက်ရှိ ဌာနချုပ်ပြင်ပတွင် ကြွင်းကျန်နေသော မဟာမိတ်၏ အဓိကအင်အားစုလေးခုသည်လည်း သည်တုန်ခါလှိုင်းကို ခံစားမိကြ၏။ မဟာမိတ်၏ကြွင်းကျန်သော အင်အားစုမျိုးစုံ၌ အစွမ်းထက်ဆုံး အင်အားစုလေးခုတွင် တစ်ခုပါဝင်သည့် အဆင့်ရှစ်ကျင့်ကြံခြင်းနိုင်ငံ ချူယွမ်သည် ဂြိုဟ်ပေါင်းဒါဇင်ချီကို ထိန်းချုပ်ကာ အစီအရင်တစ်ခု တည်ဆောက်ထား၏။
ချူယွမ်ကလန်သည် အဓိကဂြိုဟ်ပေါ်တွင် တည်ရှိ၏။ ချူယွမ်ကလန်မှာ ချူယွမ်နိုင်ငံ၏ အုပ်စိုးသူနယ်ရှင်ပင် ဖြစ်သည်။
ချူယွမ်ကလန်၏ လျှို့ဝှက်ခန်းအတွင်း၌ အလွန်ကြင်နာဟန် ပေါက်သော အဘိုးအိုတစ်ယောက် ထိုင်နေသည်။ သည်အခိုက်မှာပင် မူလစွမ်းအင်လှိုင်းက ဖြတ်သန်းသွား၏။ သူက မျက်လုံးဖွင့်လာသည်။ အချိန်အတန်ကြာစဉ်းစားပြီးနောက် သူက တိုးညင်းစွာ ဆိုသည်။ “မိုချီ…”
သူ ထိုသို့ ဆိုသည့်နောက်တွင် ထိုအဘိုးအို၏ ရှေ့တွင် လှိုင်းတွန့်တစ်ခု ပေါ်လာကာ အစိမ်းရောင်ဝတ်ရုံနှင့် ခေါင်းပြောင်လူငယ်တစ်ယောက် လှမ်းလျှောက်ထွက်လာ၏။ သူက လက်နှစ်ဖက်ကို တလေးတစား ဆုပ်ကာ အဘိုးအိုကို နှုတ်ဆက်ပြီး လေးစားစွာ ပြောလိုက်၏။ “မိုချီက ဆရာ့ကို နှုတ်ဆက်ပါတယ်…”
(ဘာသာပြန်သူမှတ်ချက်… မိုချီ ဆိုသူမှာ အတိတ်တုန်းက ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် မိုးသည်းညတစ်ည၌ ဝမ်လင်းနှင့် တွေ့ဆုံခဲ့ဖူးသော ခေါင်းပြောင်လူငယ် ဖြစ်၏။ထို့နောက်တွင် သူသည် မဟာမိတ်၏ တမန်တော်အဖြစ် ဟင်္သာပြဒါးဂြိုဟ် ဟင်္သာပြဒါးအုတ်ဂူကို စောင့်ကြည့်ခဲ့ဖူးသေးသည်။)
“နတ်အင်ပါယာအသစ် နတ်လေးပါးကလန်မှာ ပေါ်လာခဲ့ပြီ။ အဆင့်ငါး ကောင်းကင်ဘုံဆေးလုံး လေးလုံး၊ သာမန်ကောင်းကင်ဘုံဆေးလုံး အလုံးတစ်ရာ၊ ကောင်းကင်ဘုံရတနာ တစ်ထောင်၊ ဒါ့အပြင် ငါ လွန်ခဲ့တဲ့နှစ်က သန့်စင်မွန်းမံထားတဲ့ စိတ်ဝိညာဉ်တို့ကို ယူဆောင်ပြီး နတ်လေးပါးကလန်ကို လက်ဆောင် သွားပေးလိုက်…”
“စိတ်ဝိညာဉ်လား…” မိုချီသည် အဘိုးအိုထံသို့ မော့ကြည့်၏။ထို့နောက် သူက စကားဆက် မဆိုတော့ဘဲ ခေါင်းညိတ်လိုက်သည်။
“ဒီစိတ်ဝိညာဉ်ဟာ အလွန်တရာ အဖိုးထိုက်တန်ပါတယ်။ ဒါပေမယ့် ချူယွမ်ရဲ့ လက်ဆောင်မှာ ဒါပါ ပါမှ ဖြစ်မှာ။ ဆရာက ဒီနတ်အင်ပါယာဟာ မင်းရဲ့ အသိဟောင်းတစ်ယောက် ဖြစ်မယ်လို့ တွက်ချက်ခဲ့ပြီးပြီး။ ဒီနတ်အင်ပါယာနဲ့ ရင်းနှီးအောင် လုပ်ဖို့က ငါ့ချူယွမ်နိုင်ငံအတွက် အတော်လေး အရေးကြီးလှတယ်…”
“အသိဟောင်းလား…” မိုချီထံတွင် မိတ်ဆွေအသိဟူ၍ အတော်လေး နည်းပါးလွန်း၏။ သို့သော် သူက ထပ်မေးခြင်း မပြုဘဲ ပြန်ထွက်ခွာသွားတော့သည်။
အခုချိန်တွင် နတ်လေးပါးကလန်အတွင်း အလင်းတန်းများစွာသည် ဟင်္သာငှက်နတ်ကလန်ထံသို့ ဦးတည်နေ၏။ ဟင်္သာငှက်နတ်ကလန်အတွင်းရှိ မီးတောက်သည် ဟိုဒီယိမ်းကာ ဒေါမာန်တကြီး ရှိ၏။ကလန်အတွင်းတွင် “နတ်အင်ပါယာ” ဟု အော်သံများမှာ အထွတ်အထိပ်သို့ တိုင်နေခဲ့သည်။
ဝမ်လင်းသည် မီးနှင့်မိုးကြိုးတို့ ပြည့်နှက်နေသော ကြယ်ရောင်စုံကောင်းကင်ကို ကြည့်နေရင်း အသက်ခပ်ဝဝရှုထုတ်၏။
သူ့နောက် အနီးအနားတွင် ဟင်္သာငှက်နတ်အင်ပါယာသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ရှိနေ၏။ သူသည် အားပါးတရ ရယ်မောကာ ဆိုလာသည်။ “ကောင်းတယ်….ငါ့ ဟင်္သာငှက်နတ်ကလန်ဟာ နတ်အင်ပါယာအသစ် ပိုင်ဆိုင်လာခဲ့ပြီ။ နောက်ဆုံးတော့ ငါ အပြုံးနဲ့ ထွက်သွားနိုင်တော့မယ်…”
သူ့ညာလက်ကို ပင့်မြှောက်ကာ လေဟာနယ်ထဲသို့ ဆန့်ထုတ်လိုက်၏။ အက်ကြောင်းတစ်ခု သူ့ရှေ့တွင် ပေါ်လာကာ အလင်းတန်းသုံးခု ပျံသန်းထွက်လာသည်။
“ဝမ်လင်း…ဟင်္သာငှက်နတ်အင်ပါယာတစ်ယောက်အနေနဲ့ မင်းအတွက် အရာသုံးခု လိုအပ်တယ်။ ပထမဆုံးတစ်ခုကတော့ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းလာတဲ့ ဟင်္သာငှက်နတ်အင်ပါယာ ဝတ်ရုံပဲ…”
အဘိုးအိုသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ အလင်းတန်းတစ်ခု ဝမ်လင်းထံသို့ တိုးဝင်လာသည်။
ထိုအလင်းတန်းက ဝမ်လင်းရှေ့တွင် အဖြူရောင်ဝတ်ရုံအဖြစ်သို့ ပြောင်းသွား၏။ ၎င်းဝတ်ရုံပတ်လည်တွင် ဟင်္သာငှက်ကိုးကောင် ရှိကာ ခံ့ညားသောအော်ရာကို ပေးစွမ်းနေသည်။
“ငါ ငါ့တတိယကောင်းကင်ဘုံဒုက္ခ အတွင်းမှာ ဒီဝတ်ရုံကို ချွတ်ထားခဲ့တယ်။ ငါဟာ ဒီဝတ်ရုံကို ထပ်ဝတ်ရမယ့် အခွင့်အရေးတစ်ခု ရှိလာလိမ့်ဦးမယ်လို့ မထင်ထားခဲ့တော့ဘူး။ ဒီနေ့ ငါ မင်းရှိ ဒီဝတ်ရုံကို လွှဲပေးမယ်…”
နတ်အင်ပါယာ၏အသွင်မှာ အတိတ်ကို ပြန်အောက်မေ့ဟန် ပေါက်နေ၏။
ဝမ်လင်းသည် ဝတ်ရုံကို သူ့ညာလက်ဖြင့် ထိလိုက်၏။ ဝတ်ရုံသည် အလင်းအဖြစ် ပြောင်းကာ ဝမ်လင်းအား လွှမ်းခြုံသွားသည်။ ထိုအလင်း လွင့်ပါးသွားချိန်၌ ဝမ်လင်းသည် ယင်းဝတ်ရုံကို ဝတ်ဆင်ထားပြီး ဖြစ်နေသည်။
ဝမ်လင်းသည် နဂိုထဲက အဖြူရောင်ဆံပင်၊ ကြက်သွေးရောင်ချပ်ဝတ်ဖြင့် ရှိနှင့်နေပြီး ဖြစ်၏။ ခုချိန်၌ သူသည် ဝတ်ရုံကို ထပ်ဝတ်ဆင်လိုက်ရာ သူ့ထံကနေ ထူးဆန်းသောအော်ရာကို ပေးစွမ်းနေတော့သည်။
ဝမ်လင်းသည် ထိုဝတ်ရုံထံမှ ခေတ်ကာလအငွေ့အသက်ကို ခံစားမိ၏။ ယင်းဝတ်ရုံသည် ထာဝရတည်ရှိခဲ့ဖူးသည့်အလား။
“ဒုတိယတစ်ခုကတော့ ဟင်္သာငှက်နတ်အင်ပါယာ မျိုးဆက်တွေရဲ့ အမှတ်အသားပုံရိပ်ဖြစ်တဲ့ ဟင်္သာငှက်တော်ဝင်တုန်ကင်ပြားပဲ…” အဘိုးအိုက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ဒုတိယမြောက်အလင်းတန်းသည် ဝမ်လင်းထံသို့ တိုးဝင်လာပြန်၏။
ဝမ်လင်းက ဖမ်းယူလိုက်၏။ အလင်းတန်းသည် မီးတောက်အသွင် တုန်ကင်အဖြစ်သို့ ပြောင်းသွားသည်။ ၎င်းမှာ သူ့လက်ဝါးအရွယ်အစားလောက်သာ ရှိသည်။ သူ ၎င်းတုန်ကင်ကို ကိုင်ထားချိန်၌ ဝမ်လင်းသည် ရှေးဟောင်းအော်ရာနှင့်အတူ တုန်ကင်အတွင်းမှ အားကောင်းလွန်းသည့်မီးစွမ်းအင်ကို ခံစားမိသည်။
“တတိယတစ်ခုကတော့ ငါ့ဟင်္သာငှက်နတ်ကလန်အတွက် အရေးကြီးဆုံးဖြစ်တဲ့ တော်ဝင်ရတနာပဲ…” တတိယမြောက်အလင်းတန်းသည် ဝမ်လင်းလက်ထဲသို့ ကျရောက်လာကာ အဖြူရောင်ကျောက်တုံးအဖြစ်သို့ ပြောင်းသွားသည်။ ဟင်္သာငှက်တော်ဝင်ရတနာကို သေချာအနီးကပ် လေ့လာကြည့်သည့်အခါ ဝမ်လင်းသည် ယင်းအဖြူရောင်ကျောက်တုံးပေါ်၌ မရေမတွက်နိုင်သောစာလုံးများ တလက်လက် ဖြစ်နေသည်ကို တွေ့မြင်ရ၏။
စာလုံးများ လင်းလက်သွားချိန်တိုင်း ကျောက်တုံးထံမှ အပူသည် တိုးပွားလာပေမည်။ သည်စာလုံးများ လင်းလက်နေမှုက နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာသည့်အထိ မရပ်တန့်ခဲ့ပုံ ရဟန် တူ၏။ဝမ်လင်း၏ အကြည့်က အလေးအနက် ဖြစ်လာသည်။
သူ့စိတ်ထဲ၌ မုန်တိုင်းထန်နေ၏။ သူသည် အသက်ဝဝရှုသွင်းကာ ကျောက်တုံးကို တင်းကြပ်စွာ ကိုင်လိုက်သည်။
သူက အနှီကျောက်တုံးထံကနေ အလွန့်အလွန်ပါးလျသော အော်ရာတစ်ခုကို ခံစားမိသည်။ ထိုပါးလျလွန်းသော အော်ရာမှာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ အော်ရာနှင့် တူနေပေသည်။ ထိုအော်ရာမှာ အလွန်ပါးလျသော်လည်း အမှန်တကယ် တည်ရှိနေ၏။ သူသာ သူ့လက်ထဲ၌ ယင်းကျောက်တုံးကို ကိုင်ထားခြင်း မရှိပါက ထိုအော်ရာကို ခံစားမိနိုင်လိမ့်မည် မဟုတ်ပါ။
“ဒီတော်ဝင်ရတနာရဲ့ သွေးဟာ ချင်းလင်ရဲ့မျက်ခုံးနှစ်ခုကြားမှာ ခုထိ ရှိနေဆဲပဲ။ မင်းက ဒါကို အချိန်မရွေး ထုတ်ယူနိုင်တယ်…”
နတ်အင်ပါယာအဘိုးအိုသည် ဝမ်လင်းကို စိတ်သက်သာရာ ရဟန်ဖြင့် ကြည့်နေသည်။
“ဒီအရာသုံးခုဟာ ပထမဆုံးဟင်္သာငှက်နတ်အင်ပါယာကနေ လက်ဆင့်ကမ်းလာခဲ့တာပဲ။ နတ်အင်ပါယာမျိုးဆက်တိုင်းဟာ ဒါတွေကို နောက်အင်ပါယာအသစ်စီ လက်လွှဲပေးခဲ့ကြတယ်။ မင်းအနေနဲ့ ဒီသုံးခုကို လုံခြုံအောင် ထိန်းသိမ်းမှု ပြုကို ပြုရမယ်…”
နတ်အင်ပါယာဟောင်း အဘိုးအိုသည် ရုန်းကန်၍ ထလာ၏။ သူ့ခန္ဓာကိုယ်မှာ အလွန့်အလွန်အားနည်းနေခဲ့ပြီး ဖြစ်၏။ ပုရွတ်ဆိတ်တစ်ကောင် သူ့ပေါ်တွင် တက်လျှောက်လျှင်ပင် သူ့အတွက် အလွန်နာကျင်မည့် သဘောမျိုးပင် ရှိနေသည်။
သို့ရာတွင် သူ့မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုက ထိုနာကျင်မှုအားလုံးကို မေ့ပစ်ထားနိုင်ကာ စိတ်သက်သာ ဖြစ်မှုကို ပေးနေ၏။ မတ်တပ်ထရပ်လာချိန်၌ နတ်အင်ပါယာဟောင်းက ဝမ်လင်းထံသို့ လက်ဝေ့ယမ်း၏။ သူ့မျက်နှာထက်၌ ကြင်နာမှုအပြည့် ရှိနေသည်။
ဝမ်လင်းသည် စဉ်းစားနေရင်း နတ်အင်ပါယာဟောင်းနားသို့ လျှောက်သွားသည်။ ထိုအဘိုးအိုက ဝမ်လင်းကို ကြည့်၏။ ထို့နောက် သူ့လက်ကို ဝမ်လင်းခေါင်းပေါ်သို့ တင်ကာ နူးညံ့စွာ ပြောသည်။ “ဒီနေ့ကစပြီး…မင်းဟာ နတ်အင်ပါယာအသစ်ပဲ။ မင်းရဲ့ ကလန်ဝင်တွေကို သွားနှုတ်ဆက်လိုက်ပါ…။ ငါ ငါ့ဘဝရဲ့ နောက်ဆုံးကျင့်ကြံမှု လုပ်တော့မယ်။ ခုနစ်ရက်ကြာရင် ငါ့ရှိကို ပြန်လာတွေ့ချေ…”
ဝမ်လင်းသည် နတ်အင်ပါယာဟောင်းအဘိုးအိုကို ကြည့်၏။ သူသည် ပါးစပ်ဟကာ တစ်ခုခု ပြောရန် ပြင်သည်။ သို့သော် အဆုံးသပ်၌ သူ့ပါးစပ်ကို ပြန်ပိတ်ကာ ခေါင်းညိတ်ပြ၏။ သူက အဘိုးအိုကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်ကာ ထို့နောက် နောက်လှည့်၍ လှမ်းလျှောက်သွားတော့သည်။
ကြက်သွေးနီရောင်ချပ်ဝတ်၊ အဖြူရောင်ဝတ်ရုံ၊ ဆံပင်ဖြူ၊ အဖြူရောင်ဟင်္သာငှက်တက်တူးတို့က ဝမ်လင်းကို အလွန်ထူးသည့် ပုံပန်းအသွင်ကို ဖြစ်နေစေသည်။ သူက အကွာအဝေးတစ်ခုထံသို့ ဖြည်းဖြည်းခြင်း ပျောက်ကွယ်လို့သွား၏။
နတ်အင်ပါယာဟောင်း အဘိုးအိုသည် မျက်လုံးမှိတ်ကာ စတင်ကျင့်ကြံသည်။
***