Switch Mode

အပိုင်း(၁၁၄၁)

နတ်အင်ပါယာသစ်(၂)

ဝမ်လင်း၏ နာကျင်စွာအော်ဟစ်သံသည် လောင်ကျွမ်းကြယ်ကွင်းပြင် အနှံ့တွင် ပဲ့တင်ထပ်နေ၏။ ကျန်သည် မီးတတ်တူးနှစ်ခုထဲမှ တစ်ခုကို ဖွင့်လှစ်ခြင်းသည် မူလစွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲသို့ တရကြမ်း တိုးဝင်ခြင်းကို ဖြစ်စေရာ သူ့အား အဆမတန် ပိုနာကျင်စေသည်။

အခုချိန်၌ ဝမ်လင်းမှာ ကြက်သွေးရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားကာ အဖြူရောင်ဟင်္သာငှက်ကြီးက သူ့အား လှည့်ပတ်ရင်း သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်များကို စုပ်ယူပေးနေသည်။ မည်သို့ပင်ဖြစ်ဟော မူလစွမ်းအင်ရှစ်ဆ တိုးဝင်မှုက ဝမ်လင်း တောင့်မခံနိုင်သည့် အရာတစ်ခု ဖြစ်နေဆဲပင်။

စုတ်ဖြဲခံရခြင်း နာကျင်မှုက ပို၍ ပြင်းထန်လာနေ၏။ သို့သော် ယင်းနာကျင်မှုမှာ ဝမ်လင်း အညံ့ခံလက်လျော့အောင် လုပ်နိုင်ခြင်း မရှိသေးပါ။ ထိုအစား ယင်းနာကျင်မှုက သူ့ဖိဆန်သည့်သဘာဝကို ပို၍ မြင့်တက်လာစေသည်။ သူက နာကျင်ဟန်ဖြင့် ရယ်မောပစ်၏။ သူ့ကြမ်းကြုတ်သည့် ရယ်မောသံထဲ၌ ရူးသွပ်မှု အရိပ်အမြွက် ပါသည်။

“ဒါက ဆန်းကြယ်အသွင်ပြောင်းခြင်းကိုးခုထဲက ပထမဆုံးတစ်ခုလေးပါပဲ။ ငါ ဝမ်လင်းဟာ ကျိန်းသေပေါက် အောင်မြင်ရမယ်…” မာန်သွင်းသံနှင့်အတူ ဝမ်လင်းက သူ့ဘယ်လက်ကို နောက်ဆုံးမီးတက်တူးပေါ်သို့ ကြမ်းတမ်းစွာ ဖိချသည်။ ထိုအခါ ယင်းမီးတက်တူးသည် မူလစွမ်းအင်အားလုံးကို ရုတ်ချည်း ထုတ်လွှတ်လာ၏။

ဤအခိုက်၌ မ်လင်းသည် မီးလုံးတစ်လုံး၏ ဝန်းရံခြင်းကို ခံနေရသည်။ သူ့ခန္ဓာကိုယ်ပင် သည်ပြင်းထန်လွန်းသောအပူဓာတ်ကို တောင့်မခံနိုင်တော့ဘဲ စတင်ကျွမ်းလောင်လာ၏။

“မင်း အကန့်အသတ်ကို ရောက်နေပြီ။ ဒီအဘိုးအိုက မင်း အကောင်းဆုံးလုပ်တာ သိပါတယ်…” ဟင်္သာငှက်နတ်အင်ပါယာက သက်ပြင်းချ၏။ သူသည် သူ့ညာလက်ကို ပင့်မြှောက်ကာ ဝမ်လင်းထံသို့ လက်ညွှန်၏။ သူသည် ပထမအသွင်ပြောင်းခြင်းကို အကြမ်းပတမ်း နိုးထစေခြင်းမှာ ဝမ်လင်းတောင့်ခံနိုင်သည့် အရာ မဟုတ်မှန်း သိထား၏။ ဝမ်လင်းသည် မူလစွမ်းအင်ရှစ်ဆကို တောင့်ခံနိုင်ရုံမျှသာ ရှိနေ၏။ အခု သူသည် ကိုးဆမြောက်ကို ပြုလုပ်သည်နှင့် မအောင်မြင်ခင်မှာပင် သေဆုံးသည့်ထိ ကျွမ်းလောင်ခြင်း ခံသွားရနိုင်သည်။

ဟင်္သာငှက်နတ်အင်ပါယာ ဝမ်လင်းကို ဟန့်တားရန် ပြင်လိုက်စဉ်မှာပင် ဝမ်လင်းသည် ရုတ်တရပ် လှည့်လာ၏။ သူ့အား လောင်ကျွမ်းနေခြင်းကို လစ်လျူရှုကာ သူသည် ဟင်္သာငှက်နတ်အင်ပါယာထံသို့ စူးရဲစွာကြည့်ကာ သူ့ခပ်ရှရှအသံသည် မီးတောက်များထဲကနေ ထွက်ပေါ်လာချေသည်။

“ဒါက ငါ့ အကန့်အသတ် မဟုတ်သေးဘူး…”

“မင်း…” ဟင်္သာငှက်နတ်အင်ပါယာက ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ ဝမ်လင်း၏ မျက်လုံးထဲတွင် ရူးသွပ်မှု၊လက်မခံနိုင်မှု၊ အညံ့မခံနိုင်မှု၊ ကောင်းကင်ဘုံကို ဖိဆန်ပစ်မည့် သတ္တိတို့နှင့် ပြည့်လျှံနေသည်။

အချိန်မည်မျှ ကုန်ဆုံးသည် ဖြစ်စေ သူသည် အညံ့ခံလိမ့်မည် မဟုတ်ပါ။

သည်အခိုက်အတန့်၌ ဟင်္သာငှက်နတ်အင်ပါယာမှာ ဝမ်လင်း၏ တာအိုသည် အညံ့မခံတာအိုဖြစ်ကြောင်း၊ ဖိဆန်မည့်တာအိုဖြစ်ကြောင်း နားလည်သွားတော့သည်။

“ဖိဆန်ခြင်းကနေ တာအိုဖြစ်ပေါ်တာ၊ ဖိဆန်ခြင်းတာအိုဟာ ငါ့ကိုယ်ပိုင် ကောင်းကင်နဲ့မြေကြီးပဲ။ ကောင်းကင်နဲ့မြေကြီးကို ဖိဆန်မယ်။ ကံကြမ္မာကို ပြောင်းလဲပစ်မယ်…”

သူ့ခန္ဓာကိုယ် လောင်ကျွမ်းမှုကလည်း ဝမ်လင်း၏ ရုန်းကန်မှုကို ရပ်တန့်မသွားစေပါ။ သူက သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်ရာ သူ့မူလစိတ်ဝိညာဉ်သည် သူ့မျက်ခုံးနှစ်ခုကြားကနေ ထိုးထွက်လာသည်။ သူ့မျက်ခုံးနှစ်ခုကြား၌ ဝဲကတော့တစ်ခု ပေါ်လာ၏။ထို့နောက် သူ့ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်သည် ပျံသန်းထွက်လာချေသည်။

သူ့မူလစိတ်ဝိညာဉ်သည် သူ့မျက်ခုံးနှစ်ခုကြားကနေ ထိုးထွက်လာပြီး ကောင်းကင်တုန်ဟိန်းစေမည့် အသံကို ဟစ်ကြွေး၏။

“ဝေါင်း…”

ရှေးဟောင်းမိုးကြိုးနဂါးသည် ၎င်း၏ စွမ်းအားကို မိုးကြိုးများကို ထိန်းချုပ်ရာ၌ အသုံးပြု၏။ မိုးကြိုးများသည် သည်လောင်ကျွမ်းကြယ်ကွင်းအပြင်အတွင်း၌ စတင် ပေါ်လာသည်။ သိပ်မကြာခင်တွင် ကြယ်ရောင်စုံကောင်းကင်ထက်၌ မိုးကြိုးများ ပြည့်နှက်လာတော့သည်။

သည်အခိုက်အတန့်၌ ကြယ်ကွင်းပြင်အတွင်းမှ ကျင့်ကြံသူအားလုံးသည် သိပ်သည်းသောမိုးကြိုးကို ခံစားမိ၏။ သိပ်မကြာခင်တွင် မိုးကြိုးဟိန်းသံသည် အခြားအသံများအားလုံးကို ဖုံးလွှမ်းသွားချေသည်။

မိုးကြိုးတန်းများသည် ကခုန်နေသောမြွေများကဲ့သို့ လှုပ်ရှားလာ၏။ ၎င်းတို့က ဝမ်လင်းရှိရာသို့ အရူးအမူး စုစည်းလာ၏။ မိုးကြိုးသည် ကောင်းကင်အပြည့် မြန်ဆန်စွာ ရွှေ့လျားလာနေ၏။

ယင်းအဆုံးမဲ့မိုးကြိုးများက ဝမ်လင်းထံသို့ လှိုင်းများကဲ့သို့ ရွှေ့လျားလာနေခြင်းပင်။

ဤမိုးကြိုးမုန်တိုင်း၏ အလယ်၌ ဝမ်လင်း၏ခန္ဓာကိုယ်မှာ လောင်ကျွမ်းနေသည်။ မိုးကြိုးတန်းများသည် သူ့ခန္ဓာကိုယ်သို့ တရကြမ်းတိုးဝင်လာနေရင်း မီးနှင့်မိုးကြိုးတို့က သူ့အား ခြုံလွှမ်းသည်။

ချက်ခြင်းလိုလိုပင် အဖြူရောင်ဟင်္သာငှက်က ဝမ်လင်းထံသို့ တိုးဝင်လာပြီး သူ့ခန္ဓာကိုယ်ဖြင့် ပေါင်းစည်း၏။ ထို့နောက် ၎င်းသည် သူ့ချပ်ဝတ်ပေါ်တွင် တက်တူးအမှတ်အသားတစ်ခု အဖြစ်သို့ ပြောင်းကာ ဟင်္သာငှက်အတွင်းရှိ မူလစွမ်းအင်များသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ တရကြမ်း တိုးဝင်သည်။

တစ်ချိန်တည်းမှာပင် သူ့ချပ်ဝတ်မှ စုပ်ယူထားသော မူလစွမ်းအင်များလည်း ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ပြန်လည် တိုးဝင်လာသည်။

ခုချိန်၌ ဝမ်လင်း၏ခန္ဓာကိုယ်မှာ မူလစွမ်းအင်သက်တမ်းကိုးခု ပါဝင်နေပေပြီ။ ယင်းမူလစွမ်းအင်များမှာ ပြီးခဲ့သောသုံးနှစ်အတွင်း သူ့ခန္ဓာကိုယ်ထဲသို့ ဖိနှိပ်ထားခဲ့သည့် စွမ်းအင်များတည်း။

ရုတ်တရပ် ဝမ်လင်းသည် မီးလူသားတစ်ယောက် ဖြစ်လာ၏။ သိပ်သည်းသောမီးတောက်များက သူ့ရှေ့တွင် စုစည်းကာ ဝဲကတော့တစ်ခု ဖြစ်ပေါ်သည်။ တစ်ချိန်တည်းမှာပင် ကြယ်ကွင်းအပြင်အတွင်းရှိ မီးတောက်များအားလုံးပေါ်သို့ပါ သက်ရောက်သည်ဟု ထင်ရ၏။ ယင်းမီးတောက်အားလုံးသည် သူ့ထံသို့ မိုးကြိုးများကဲ့သို့ပင် စုစည်းလာကြသည်။

ထာဝရတည်ရှိခဲ့၊လုံးဝ မငြှိမ်းသေခဲ့သော မီးတောက်များသည် ရွှေ့လျားလာနေခြင်းက ကြယ်ကွင်းပြင်အတွင်း တုန်လှုပ်ဖွယ် ပြောင်းလဲမှုတစ်ခုကို ဖြစ်ပွားစေသည်။ မီးတောက်များသည် ဝဲကတော့နှင့်အတူ ရွှေ့လျားကာ အနီနှင့်ငွေရောင်တို့ ရောစပ်နေ၏။ မီးနှင့်မိုးကြိုးတို့သည့် ပေါင်းစပ်နေသကဲ့သို့ပင်။

မဟာမိတ်၏ အရှေ့ပိုင်းဒေသ သုံးဆယ်ရာခိုင်နှုန်းကို ခြုံလွှမ်းထားသည့် မီးတောက်များသည် ပေါက်ကွဲထွက်လာပေပြီ။ မီးတောက်များသည် ပတ်ဝန်းကျင်ကြယ်ကွင်းပြင်ထံသို့ ထွင်းဖောက်လာ၏။

အဇူရာနဂါးကလန်တွင် ကြမ်းကြုတ်လှသည့် ခြင်သားရဲအုပ်စုကြီးသည် ဧရာမအပင်ကြီးများကြားတွင် ဟိုဒီသွားနေရင်း တဝီဝီ ဖြစ်နေ၏။ ထိုခြင်သားရဲအုပ်စုကို ဦးဆောင်သည်က တောင်ငယ်တစ်လုံး အရွယ်အစားလောက် ရှိသည့် ခရမ်းရောင်ခြင်သားရဲတည်း။ ထိုခြင်သားရဲက အကွာအဝေးတစ်ခုရှိ ဟင်္သာငှက်နတ်ကလန်ကို ရုတ်တရပ် လှမ်းကြည့်သည်။ ၎င်း၏ အေးစက်စက်မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုနှင့် ပြည့်လာ၏။

၎င်းခြင်သားရဲသာမက အဇူရာနဂါးကလန်၏ အဖွဲ့ဝင်အားလုံးနီးပါးသည်လည်း ဟင်္သာငှက်နတ်ကလန်၏ ပြောင်းလဲမှုများကို သတိပြုမိလာကြ၏။ အဇူရာနဂါးကလန်၏ ဗဟိုချက်နေရာတွင် မိုးထိထွင်းဖောက်နေသော အစိမ်းရောင်သစ်ပင်ကြီးတစ်ပင် ရှိလေ၏။ ၎င်းအပင်ကြီးပေါ်၌ အကြီးအကဲသုံးယောက် ထိုင်နေကြသည်။

ဤအခိုက်၌ ထိုအကြီးအကဲသုံးယောက်လုံးသည် တစ်ပြိုင်နက်တည်းလိုလို မျက်လုံးဖွင့်လာကြသည်။

“ဟင်္သာငှက်နတ်ကလန်ရဲ့ နတ်အင်ပါယာအသစ်က မွေးဖွားလာတော့မှာပါလား…” ထိုသုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြ၏။ သူတို့၏မျက်လုံးထဲတွင်လည်း စိတ်လှုပ်ရှားမှုအပြည့်ပင်။ သူတို့သည် ချက်ခြင်းပင် ဟင်္သာငှက်နတ်ကလန်ရှိရာသို့ တဟုန်ထိုး ထွက်လာကြတော့သည်။

လိပ်နက်နတ်ကလန်တွင်လည်း အလားတူပင်။ လိပ်နက်နတ်ကလန်၏ ရွှံ့ကန်ထဲတွင် ကြီးမားသည့်ဖားပြုတ်ကြီးရှိ၏။၎င်းဖားပြုတ်သည် ပျင်းရိစွာဖြင့် ရံဖန်ရံခါ လျှာထုတ်ကာ ဖြတ်သန်းသွားသည့် သားရဲကောင်ငယ်များကို ဆွဲဖမ်းတတ်သည်။

သို့ရာတွင် ထိုဖားပြုတ်ကြီး၏ ပျင်းရိသည် မျက်လုံးမှာ ရုတ်တရပ် ဖွင့်လာ၏။ ၎င်း၏ခန္ဓာကိုယ်မှလည်း မိုးကြိုးများ တလက်လက် တောက်ပလာသည်။ ၎င်းသည် ခေါင်းမော့ကာ ဟင်္သာငှက်နတ်ကလန် ရှိရာသို့ ကြည့်လိုက်၏။ ခြင်သားရဲကဲ့သို့ပင် ဖားပြုတ်၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှု ပြည့်နေတော့သည်။

တစ်ချိန်တည်းမျာပင် လိပ်နက်နတ်ကလန်အတွင်းရှိ အကြီးအကဲတော်တော်များများသည် လေထဲသို့ ပျံတက်လာကြ၏။ သူတို့သည် ဟင်္သာငှက်နတ်ကလန် ရှိရာသို့ ဦးတည်၏။

“ဟင်္သာငှက်နတ်အင်ပါယာအသစ် မွေးဖွားတာဟာ ငါတို့နတ်လေးပါးကလန်အတွက် အလွန်တရာ အရေးကြီးလှတဲ့ ကိစ္စရပ်ပဲ…” အကြီးအကဲများသည် အလျင်အမြန်ပင် အလင်းတန်းအသွင်ပြောင်းကာ ဟင်္သာငှက်နတ်ကလန် ရှိရာသို့ သွားကြသည်။

ကျားဖြူနတ်ကလန်မှ ပုံရိပ်တော်တော်များများသည်လည်း ကြယ်များကြားတွင် ပျံသန်းလာကြသည်။

လူများစွာ ကြယ်များကြား၌ ပျံသန်းလာကြခြင်းကြောင့် ဟင်္သာငှက်နတ်ကလန်သည် ဆူပွက်လာဟန် ထင်ရ၏။ အများစုသည် စိတ်လှုပ်ရှားနေကြ၏။ သို့သော် အချို့သူများကတော့ သုန်မှုန်ကာ မရေမရာအသွင်များနှင့် ရှိကြသည်။

သူတို့အများစု၌ နတ်အင်ပါယာဘေးနား၌ လေ့ကျင့်ပေးထားသော သုံးယောက်လည်း ပါ၏။ နှစ်ယောက်မှာ အမျိုးသားများ ဖြစ်၍ ကျန်တစ်ယောက်မှာ အမျိုးသမီး ဖြစ်သည်။ သူတို့သည် နိဗ္ဗာနကြိုမြင်ခြင်းနှင့် နိဗ္ဗာနသန့်စင်ခြင်းအဆင့်တို့ကြား၌ ရှိကြ၏။

ပို၍ သတိပြုမိဖွယ်အကောင်းဆုံးက ရန်တောက်ဟု အမည်ရသည့် တစ်ယောက်ပင်။ ထိုသူသည် နိဗ္ဗာနသန့်စင်ခြင်းအဆင့်သို့ ရောက်နေခဲ့ပေပြီ။ သူ့နောက်တွင်တော့ ကောင်းကင်ထက်သို့ သုန်မှုန်စွာ ကြည့်နေကြသော အကြီးအကဲများ ရှိကြသည်။

ရန်တောက်၏ အသွင်မှာလည်း သုန်မှုန်နေ၏။ သူသည် ကြယ်ကွင်းပြင်အတွင်းနက်ပိုင်းမှ မီးကို ရှင်းလင်းစွာ ခံစားမိ၏။

“ဆန်းကြယ်အသွင်ပြောင်းခြင်းကိုးခုရဲ့ ပထမအသွင်ပြောင်းခြင်း…ဒီတော့ ဘာဖြစ်သလဲ…။လျောင်ယွမ်၊ ဖန်ရှန် မင်းတို့နှစ်ယောက် စိတ်ပြောင်းသွားကြပြီလား…”

အနာဂတ် နတ်အင်ပါယာ ဖြစ်လာရန် ယာထားခြင်းခံထားရသည့် အခြားနှစ်ယောက်မှာ တိတ်ဆိတ်စွာ စဉ်းစားနေကြသည်။

“ စီနီယာအစ်ကိုရန်…လွန်ခဲ့တဲ့ သုံးနှစ်က နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ တိုက်ပွဲတုန်းက ငါ ပါဝင်ခဲ့တယ်။ဒီဝမ်လင်းက ငါ ရန်စလို့ မရနိုင်တဲ့ သူတစ်ယောက်ပဲ…” လျောင်ယွမ်က ခေါင်းမော့၏။ သူ့အကြည့်မှာ ခိုင်မာသည်။ သူသည် ရန်တောက်ကို လှောင်ပြောင်လိုဟန်ဖြင့် ကြည့်သည်။

လျောင်ယွမ်သည် မူလတုန်းက မောက်မာသည့်သူ ဖြစ်၏။ သူသည် ပါရမီလည်း အလွန်ရှိသည်။ ဟင်္သာငှက်နတ်ကလန်အတွင်း သူ့အဆင့်အတန်းမှာ ရန်တောက်ပြီးလျှင် ဒုတိယ လိုက်သည်။ ဦးဆုံးတုန်းကတော့ ဝမ်လင်းနှင့်ပတ်သတ်၍ သူသည် အတော်လေး လက်မခံနိုင် ဖြစ်ခဲ့သည်။သို့သော် နတ်ဆိုးစိတ်ဝိညာဉ်တိုက်ပွဲကို တွေ့ကြုံပြီးသည့်နောက် သူ ဝမ်လင်းအကြောင်း တွေးမိတိုင်း ချွေးစေးပြန်ရပေသည်။

ဝမ်လင်းအပေါ် သူ့ လက်မခံမှုမှာလည်း မရှိတော့ပေ။ သည်သုံးနှစ်တာအတွင်း သူက ခေါင်းကြီးထံကနေ ဝမ်လင်းအကြောင်းကို ဖြည်းဖြည်းချင်း သိလာခဲ့လေ ဝမ်လင်းအပေါ် လေးစား၍ပင် လာခဲ့၏။

သူ့အမြင်၌ ရန်တောက်၏ အစီအစဉ်မှာ ခါချဉ်ကောင် မာန်ချီ၍ တောင်ကိုဖြိုရန် ပြင်နေသကဲ့သို့သာ ထင်၏။ ရန်တောက်သည် သူ့ကိုယ်သူ အထင်ကြီးလွန်းနေပေသည်။

သူတို့သုံးယောက်ကြား၌ အမျိုးသမီးကျင့်ကြံသူ ဖန်ရှန်ကတော့ အနည်းငယ် စဉ်းစားကာ ခေါင်းယမ်းသည်။သူမက ခပ်တိုးတိုး ဆို၏။ “သူက အသွင်ပြောင်းခြင်းကို ပြီးပြည့်စုံစေခဲ့မယ်ဆိုရင် ငါ သူ့ကို နတ်အင်ပါယာတစ်ပါးအနေနဲ့ လေးစားမှု ပေးရလိမ့်မယ်။ သူ ကျရှုံးခဲ့ရင်တော့ စီနီယာအစ်ကို့ စကားကို နားထောင်ပါ့မယ်…”

ရန်တောက်၏ မျက်လုံးထဲ၌ အလိုမကျမှုနှင့် သုန်မှုန်နေသည်။ သူက စကားပြောရန် ပြင်လိုက်၏။ သို့သော် ထိုအခိုက်အတန့်၌ မီးသည် ပို၍ သိပ်သည်းပြင်းထန်လာသည်။ ပိုကျယ်လောင်သော တုန်ဟီးသံသည် ပဲ့တင်ထပ်လာ၏။ မီးသည် မိုးကြိုးနှင့် ပေါင်းစပ်သည်။ ၎င်းတို့၏အမြန်နှုန်းမှာ အဆများစွာ တိုးလာသည်။

အဆုံးမဲ့မီးတောက်များသည် ကြယ်ကွင်းပြင်၏ အတွင်းနက်ပိုင်းတွင် စုဝေးလာနေကာ မိုးကြိုးနှင့်အတူ ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ အဆတ်မပြတ် ဝင်ရောက်နေသည်။ ဝမ်လင်းက သည်ကြယ်အဖွဲ့အစည်း၏ မိုးကြိုးနှင့်မီးတို့ကို ဆွဲဆောင်ပစ်နေခြင်းလော။

ဟင်္သာငှက်နတ်အင်ပါယာသည် ဖြစ်တောင့်ဖြစ်ခဲ စိတ်လှုပ်ရှားဟန် ပေါ်လာ၏။ သူသည် ဝမ်လင်းကို ကျေးဇူးတင်စွာ ကြည့်သည်။

အဆုံးမဲ့မီးတောက်များ တိုးဝင်လာနေရင်း ဝမ်လင်းသည် မျက်လုံးမှိတ်လျက် ရှိ၏။ ထို့နောက် သူက သူ့ညာလက်ကို ပင့်မြှောက်၍ သူ့ရင်ဘက်ပေါ်သို့ ညွှန်သည်။

“တစ်ခုချိပ်ပိတ်ခြင်း…”

မိုးကြိုးသည် တုန်ဟိန်း၏ ။ ဝမ်လင်းသည် ဆက်လက် လက်ညွှန်နေရင်း ပတ်ဝန်းကျင်ရှိ မီးတောက်များသည် မြန်သထက်မြန်စွာ စုဝေးလာသည်။

သူ့ ရင်ဘက်ပေါ်သို့ လက်ညွှန်လိုက်ရင်း ပုံရိပ်ယောင်ပုံရိပ်တစ်ခုသည် ဝမ်လင်းနောက်တွင် ပေါ်လာ၏။ ထိုပုံရိပ်ယောင်မှာ မထင်မှတ်စွာဖြင့် ဝမ်လင်းနှင့် ချွတ်ဆွတ်တူ၏။ ၎င်းသည် မီးဖြင့် လုံးဝ ပြုလုပ် ဖြစ်ပေါ်နေခြင်းပင်။

ယင်းပုံရိပ်ယောင် ပေါ်လာသည်နှင့် ကြယ်ကွင်းပြင်အတွင်းရှိ မီးတောက်များသည် လက်လျော့နာခံ ဦးညွတ်လာသည်ဟု ထင်ရ၏။

ဝမ်လင်း၏ ညာလက်မှာ ရပ်တန့်ခြင်း မရှိပါ။ သူက သူ့ခန္ဓာကိုယ်အား ဆက်လက် လက်ညွှန်၏။

“နှစ်ခုချိပ်ပိတ်၊ သုံးခုချိပ်ပိတ်…” ချက်ခြင်းလိုလိုပင် ဝမ်လင်းသည် ကိုးကြိမ် လက်ညွှန်၏။ သူ တစ်ကြိမ် လက်ညွှန်လိုက်တိုင်း မီးတောက်များသည် သူ့ခန္ဓာကိုယ်ထဲသို့ မြန်သထက်မြန်မြန် မြင့်တက်လာကာ သူ့နောက်ရှိ ပုံရိပ်ယောင်သည် ပိုထင်ရှားလာ၏။ နောက်ဆုံးတွင် ဝမ်လင်းက အော်လိုက်၏။ “ပထမဆန်းကြယ်အသွင်ပြောင်းခြင်း ပြီးပြည့်စုံဖို့ ကိုးခုချိပ်ပိတ်ခြင်း…”

သူ့နောက်ရှိ ပုံရိပ်ယောင်သည် ရုတ်တရပ် ပြတ်သားထင်ရှားလာတော့၏။ ၎င်းပုံရိပ်သည် နောက်ထပ် ဝမ်လင်းတစ်ယောက် ဖြစ်လာသည်။ ဤအရာမှာ ကိုယ်ပွား မဟုတ်ပေ။ သို့သော် ဆန်းကြယ်အသွင်ပြောင်းခြင်းကိုးခု၏ ပထမအသွင်ပြောင်းခြင်းကြောင့် ဖြစ်ပေါ်သည့် စိတ်ဝိညာဉ် မည်၏။

ယင်းစိတ်ဝိညာဉ်သည် ဝမ်လင်းနှင့် ပေါင်းစပ်၏။ သူ့မူလစိတ်ဝိညာဉ်အတွင်းရှိ မီးမျိုးစေ့နှင့် ပေါင်းစပ်သည်။ နောက်ထပ် မူလစိတ်ဝိညာဉ်တစ်ခုသည် ဝမ်လင်းထံ၌ ဖြစ်ပေါ်လာတော့၏။

အချိန်သည် ဖြည်းညင်းစွာ ကုန်ဆုံးနေ၏။ ထို့နောက် ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။ ပူပြင်းသည့် အကြည့်တစ်ချက် သူ့မျက်လုံးထဲကနေ ထိုးထွက်သွားသည်။ ပတ်ဝန်းကျင်ရှိ မီးတောက်များအားလုံးသည် သူ့အား ကြိုဆိုသကဲ့သို့ ကခုန်ကြ၏။

ထိုအကြည့်ထဲ၌ အဆုံးစွန်မိုးကြိုးစွမ်းအားလည်း ပါ၏။ ဝမ်လင်း ကြည့်လိုက်သည့်အချိန်တိုင်း မိုးကြိုးနှင့်မီးတောက်တို့သည် တုန်ခါပေမည်။ ၎င်းမိုးကြိုးနှင့်မီးတို့သည် ပြီးပြည့်စုံစွာ အတူ ပေါင်းစပ်သွားပေပြီ ဖြစ်၏။

“နတ်အင်ပါယာ…”

ဟင်္သာငှက်နတ်ကလန်သားများသည် ထူးခြား သာလွန်စွာခံစားနေရ၏။ နတ်အင်ပါယာအသစ် ပေါ်လာသည့်အချိန်က သူတို့အားလုံးအတွက် ပျော်ရွှင်စွာ ငိုဟစ်ကြွေးဖို့ရာ လုံလောက်ပေ၏။

ရန်တောက်သည်လည်း သူ့စိတ်နှလုံးထဲရှိ ကြောက်လန့်မှုကိုသာ ဖိနှပ်ထားရတော့၏။ သူ့အသွင်ကတော့ သာ၍ သုန်မှုန်လာခဲ့သည်။

ဤအခိုက်အတန့်၌ မဟာမိတ်၊ အလုံးစုံကောင်းကင်၊ အလောင်းကောင်ကလန်၊ မဟာမိတ်မှ အကြွင်းအကျန် ကျင့်ကြံသူများ တည်ထောင်ထားသည့် အင်အားစုအမျိုးမျိုး တို့သည် သတိထားကာ နိုးနိုးကြားကြား ဖြစ်ကုန်ကြ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset