ဝမ်လင်းသည် ကြယ်များကြား၌ ရှိနေ၏။ သူ့အား မီးတောက်များ ဝန်းရံထားသည်။ မီးတောက်များမှ အပူဓာတ်သည် ကြယ်ကွင်းပြင်တစ်ခုလုံးကို ပျံ့နှံ့စေကာ ဟင်္သာငှက်နတ်ကလန်တစ်ခုလုံးကို ထွေးခြုံထားသည်။
ခုချိန်၌ သူ့ညာလက်ပေါ်တွင် မီးတက်တူးခုနစ်ခုသာ ရှိတော့၏။ မီးပန်းပွင်သည့် သူ့ခန္ဓာကိုယ်ပြင်ပတွင် ရှိကာ မီးမူလစွမ်းအင်က သူ့ခန္ဓာကိုထဲသို့ ဝင်ရောက်နေသည်။
အံ့မခန်းမီးမူလစွမ်းအင်သည် သူ့ခန္ဓာကိုယ်အား မုန်တိုင်းတစ်ခုကဲ့သို့ ရိုက်ခတ်နေ၏။ သူ့ခန္ဓာကိုယ်ကနေ တစီစီအသံများ ထွက်ပေါ်နေသည်။ သည်လောင်ကျွမ်းသောကြယ်ကွင်းပြင် အတွင်းရှိ လူတိုင်းသည် ယင်းအသံများကို ကြားနေရသည်။
ပြင်းထန်လွန်းသော နာကျင်မှုက သူ့အား စုတ်ဖြဲနေသည်။
ဟင်္သာငှက် ဆန်းကြယ်အသွင်ပြောင်းခြင်းကိုးခုသည် ကျင့်ကြံခြင်းသက်တမ်းကိုးခုကို ငှားယမ်းခြင်း၊ ၎င်းအားကို ပထမဟင်္သာငှက်အသွင်ပြောင်းခြင်းကို ဖြတ်သန်းရာတွင် အားနည်းသည်ထက်အားနည်းအောင် ဖိနှိပ်ခြင်းအားဖြင့် ပြီးပြည့်စုံမှုကို ဖြစ်စေပေမည်။
ဝမ်လင်းမျက်နှာပေါ်ရှိ သွေးကြောများသည်ပင် နာကျင်မှုကြောင့် ဖောင်းကြွနေ၏။ မူလစွမ်းအင်နှစ်ဆတိုးမြင့်လာမှု က သူ့သွေးကြောများကိုပါ ပေါက်ပြဲသွားစေသည့်အလား ခံစားနေရစေသည်။
သို့ရာတွင် ဝမ်လင်းသည် သည်အတိုင်း လက်လျော့ရန် ဆန္ဒ မရှိပါ။ သူက အံတင်းတင်းကြိတ်၏။ သူ့ဘယ်လက်ကို ပင့်မြှောက်၏။ သူက သူ့ညာလက်ပေါ်ရှိ မီးတက်တူးတစ်ခုပေါ်သို့ လက်ညွှန်လိုက်ပြန်သည်။
ခုနစ်ခုမြောက်မီးတက်တူးသည် ချက်ခြင်း ကျွမ်းလောင်ကာ ဝမ်လင်း၏ခန္ဓာကိုယ်ကနေ ပျသန်းထွက်ကာ နောက်ထပ် လောင်ကျွမ်းမီးပန်းပွင့်အဖြစ်သို့ ပြောင်းသွားသည်။ တချိန်တည်းမှာပင် ဝမ်လင်း၏ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်လာသည်မှာ အထွတ်အထိတ်တိုင်လာသည်။ သူ့ခန္ဓာကိုယ်ကနေ မိုးကြိုးသံတစ်မျှ တုန်ဟိန်းသံသည် အရူးအမူး ပျံ့လွင့်နေသည်။
ဝမ်လင်း၏ ချွေးပေါက်များကနေ သွေးမြူများ ပန်းထွက်ကာ သူ့ပတ်လည်တွင် ခြုံလွှမ်းသည်။ သို့သော် ထိုသွေးမြူသည် ပေါ်လာသည်နှင့် အပူရှိန်ကြောင့် အငွေ့ပြန်ကာ ပျောက်ကွယ်သွားသည်။
မူလစွမ်းအင်၏သက်တမ်းသုံးခုသည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာ၏။ သူ့ခန္ဓာကိုယ်ပေါက်ကွဲတော့ မတတ်ခံစားမှုသည် ပိုပြင်းထန်လာသည်။ ဝမ်လင်း၏ခန္ဓာကိုယ်မှာ တုန်ယင်နေကာ သူသည် ကောင်းကင်ထက်သို့ ဟိန်းအော်လိုက်ပြန်သည်။
“ယား…”
သူ ဟိန်းအော်နေရင်း ကြက်သွေးရောင်တောက်ပမှု တစ်ခု သူ့ပတ်လည်တွင် ပေါ်လာသည်။ ထိုကြကပ်သေးရောင်ချပ်ဝတ်က သူ့ခန္ဓာကိုယ်အား ဝန်းရံ၏။
ထိုချပ်ဝတ်ပေါ်လာသည်နှင့် ဝမ်လင်းခန္ဓာကိုယ်ထဲရှိ နာကျင်မှုအားလုံးမှာ ၎င်းထံသို့ တိုးဝင်သွားဟန် ရ၏။ ထို့အတွက်ကြောင့် ကြက်သွေးရောင်ချပ်ဝတ်သည် ပို၍ တောက်ပလာတော့သည်။
ဟင်္သာငှက်နတ်အင်ပါယာက ဝမ်လင်းကို မျှော်လင့်ချက်၊ဖိအားတို့ဖြင့် စူးစိုက်ကြည့်နေ၏။သူ့ညာလက်ကို လေထဲသို့ ပင့်မြှောက်ထားသည်။ ဝမ်လင်းသာ တောင့်မခံနိုင်ပါက သူသည် ချက်ခြင်း လှုပ်ရှားပေမည်။ ထိုအဖြစ်က သူ့ကို စိတ်ပျက်စေမည် ဖြစ်သော်လည်း ဟင်္သာငှက်နတ်ကို နှစ်ကြိမ်နိုးထစေသည့် သည်ကလန်ဝင်ဝမ်လင်းမှာ ပထမအသွင်ပြောင်းခြင်းထက် ပို၍ အရေးကြီးသည် မဟုတ်လား။
“ငါ စိတ်မရှည်လွန်းတာ။ သူ့အရည်အချင်းပါရမီက သာမန်ပဲ။ဒါ့ကြောင့် သူ့ကို အတင်းအကြပ် လုပ်စေတာဟာ သူ့အတွက် အန္တရာယ် ဖြစ်သွားစေနိုင်တယ်…ဟူး…”
ဟင်္သာငှက်နတ်အင်ပါယာက သူ့စိတ်ကိုသူ ပြင်ဆင်နေ၏။ ဝမ်လင်းသည် တောင့်မခံနိုင်တောသည့် အရိပ်အယောင် ပြလာပါက သူသည် ချက်ခြင်း ကူညီပေးတော့မည်။
ဟင်္သာငှက်ချပ်ဝတ် ပေါ်လာမှုက ဝမ်လင်း၏ခန္ဓာကိုယ်မှ နာကျင်မှုကို သက်သာရာ ရသွားစေသည်။ သူသည် အသက်ခပ်ဝဝရှိုက်သွင်း၏။ သူ့ဘယ်လက်ကို ပင့်မြှောက်ကာ သူ့ညာလက်ပေါ်ရှိ ခြောက်ခုမြောက်တက်တူးပေါ်သို့ ညွှန်ပြန်သည်။ထိုအခါ မီးမူလစွမ်းအင်သည် တဟုန်ထိုး မြင့်တက်လာတော့သည်။
“ငါ ဒီနာကျင်မှုကို ဘာပဲ ဖြစ်ဖြစ်တောင့်ခံနိုင်ရင်…အဲ့ဒီနောက်…” ဝမ်လင်း၏ဟန်ပန်အသွင်မှာ ကြမ်းကြုတ်နေ၏။ သူက သူ့ဘယ်လက်ကို ရပ်တန့်စေခြင်း မပြုဘဲ နောက်ထပ် သုံးကြိမ် ထပ်လက်ညွှန်သည်။
ငါးခုမြောက်တက်တူး၊ လေးခုမြောက်တက်တူး။ သုံးခုမြောက်တက်တူး။
သူက တက်တူးအမှတ်အသားလေးခုကို တစ်ပြိုင်နက်တည်းလိုလို ဖွင့်ဟစေလိုက်ခြင်းပင်။ ဤအခိုက်အတန့်၌ လေးဆပိုများသည့် သူ့မူလစွမ်းအင်တို့ ထိုးထွက်လာသည်။ ထိုအခါ ကောင်းကင်ယံတုန်ဟိန်းစေမည့် အသံသည် ကြယ်ကွင်းပြင် တခွင်သို့ ပဲ့တင်ထပ်သွားတော့၏။
ဝမ်လင်း၏ အရူးအမူး လုပ်ဆောင်ချက်မှာ ဟင်္သာငှက်နတ်အင်ပါယာ၏ မျက်လုံးသူငယ်အိမ်ကိုပါ ကျုံ့သွားစေသည်။ သူက ဝမ်လင်းသည် သူ့အရိုးထဲကကို အညံ့မခံ၊အလျော့မပေး၊ဇွဲသန်လှသည်ကို မြင်နိုင်နေပေပြီ။
“သူက နှစ်ပေါင်းတစ်ထောင်ကျော်လောက်ပဲ ကျင့်ကြံရသေးတာ အခု ကျင့်ကြံမှုအဆင့်ထိ ရောက်ရှိနိုင်စွမ်း ရှိနေပြီ။ဟင်္သာငှက်နှစ်ကြိမ် နိုးထစေတာကလည်း တိုက်ဆိုက်တာ မဟုတ်တော့ဘူး။ သူ့ကြမ်းတမ်းမှုနဲ့ အလျော့မပေးတတ်မှုတို့က ဒါတွေအားလုံးရဲ့ သော့ချက်ပေပဲကိုး…”
သူ့မူလစွမ်းအင်လေးဆသည် သူ့ခန္ဓာကိုယ်အတွင်းရှိ မူလစွမ်းအင်ထံသို့ ထပ်ပေါင်းခြင်းနှင့် ချပ်ဝတ်တို့ ခုချိန်တွင် သူ့ခန္ဓာကိုယ်အတွင်းသို့ မူလစွမ်းအင်ခုနစ်ဆလောက် တရကြမ်းတိုးဝင်နေခြင်းကို ဆိုလို၏။ ပေါက်ကွဲသံတစ်ချက်နှင့်အတူ ဝမ်လင်းသည် သွေးအန်ရ၏။ သူသည် ချက်ခြင်းပင် သူ့ညာလက်ကို သူ့မျက်ခုံးနှစ်ခုကြားသို့ ပင့်မြှောက်သည်။
အဖြူရောင်ဟင်္သာငှက် သူ့မျက်ခုံးနှစ်ခုကြားတွင် ချက်ခြင်းပေါ်လာ၏။ မူလစွမ်းအင်မြောက်များစွာမှာ အဖြူရောင်ဟင်္သာငှက်ထံသို့ တိုးဝင်လာ၏။
နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ ယင်းအဖြူရောင်ဟင်္သာငှက်မှာ ရှေ့ဖြစ်ဟောသူ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရဖူး၏။ သို့သော် ဟင်္သာငှက်နတ်အင်ပါယာ ရောက်ရှိလာခဲ့မှတော့ သူသည် ရှေ့ဖြစ်ဟောသူကို ဟင်္သာငှက်စိတ်ဝိညာဉ်နှင့်အတူ မည်သို့ ထွက်သွားခွင့် ပြုပါတော့မည်နည်း။
ဟင်္သာငှက်ပေါ်လာသည်နှင့် ဝမ်လင်းသည် သူ့ခန္ဓာကိုယ်ထဲရှိ နာကျင်မှုကို တောင့်ခံထားရင်း မာန်သွင်းအော်ဟစ်ကာ သူ့ဘယ်လက်ကို နောက်ဆုံးကျန်နေသည့် မီးတက်တူးနှစ်ခုထဲမှ တစ်ခုထံသို့ ညွှန်၏။
ချက်ခြင်းပင် ယင်းမီးတက်တူးသည် မူလစွမ်းအင်အဖြစ်သို့ ပြောင်းကာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည်။ သည်အခိုက်အတန့်၌ ဝမ်လင်းသည် သူ့ခန္ဓာကိုယ်တစ်ခုလုံး ကျွမ်းလောင်နေသကဲ့သို့ ခံစားရ၏။
ဝမ်လင်းသည် ဟင်္သာငှက်နတ်ကလန်မှ လူများ နတ်အင်ပါယာအသစ် ပေါ်ထွက်လာမှုကို အထူးနည်းလမ်းဖြင့် သူတို့၏ နတ်ဘုရားအာရုံကနေ စောင့်ကြည့်နေကြသည်ကို မသိပေ။ ထိုစောင့်ကြည့်နေကြသူများထဲတွင် သူနှင့်ရင်းနှီးသူများလည်း ပါသည်။
လိုင်ဂျီနှင့်ခေါင်းကြီးတို့က တောင်ထိပ်တွင်ရှိနေကြသည်။ သူတို့က ကျင့်ကြံခြင်းကို ရပ်တန့်ကာ ကောင်းကင်ထက်သို့ မော့ကြည့်နေကြ၏။ သူတို့နှစ်ယောက်သည် ဝမ်လင်းမှာ ဖီးနစ်ငှက်ကဲ့သို့ နိုးထလာတော့မည်ဟု ခပ်ရေးရေး ခံစားမိနေသည်။ဝမ်လင်းသည် နတ်ဘုရားပြစ်ဒဏ်ကို ခံစားနေရလောက်သည်ဟုလည်း သူတို့က ခပ်ရေးရေး ခံစားမိနေသည်။
“သခင်…”
နတ်ကလန်အတွင်းရှိ ဂြိုဟ်တစ်ခုပေါ်မှ သဲကန္တာရအတွင်းတွင်လည်း အရှင်ချိုင့်လေသည် ကောင်းကင်ထက်သို့ မော့ကြည့်ကာ ခပ်တိုးတိုး ဆိုသည်။ “ဘယ်လောက်တောင် အစွမ်းထက်ပြင်းထန်လိုက်တဲ့ မူလစွမ်းအင်တွေလဲ။ ဖြစ်နိုင်တာက…ဖြစ်နိုင်တာက သူဟာ ဒီသုံးနှစ်တာ ကျင့်ကြံမှုကနေ ဆုလဒ်တစ်ခု ထပ် ရိတ်သိမ်းနိုင်ပြန်တာလား…”
နောက်ထပ် ကျင့်ကြံခြင်း ဂြိုဟ်တစ်ခုပေါ်တွင် စစ်ထူနန်သည် ကျင့်ကြံခြင်းကို ရပ်တန့်ကာ ကောင်းကင်ထပ်သို့ ဖိစီးတောက်ပသည့် အကြည့်ဖြင့် ကြည့်နေ၏။ သူ့ဘေးရှိ ဟင်္သာငှက်အကြီးအကဲသည် စစ်ထူနန်ကို အတင်းမကျင့်ကြံခိုင်းတော့ပေ။ သူလည်း ကောင်းကင်ထက်သို့ စိတ်လှုပ်ရှားမှု၊မျှော်လင့်မှုတို့အပြည့်ဖြင့် ကြည့်နေသည်။
စစ်ထူနန် ရှိနေသော ဂြိုဟ်ပေါ်တွင် ဝမ်လင်းနှင့် ရင်းနှီးသောအခြားသူများလည်း ရှိသေးသည်။ သူတို့ထဲမှ တစ်ယောက်သည် ဂြိုဟ် အနောက်မြောက်ဘက်တွင် ရှိ၏။ထိုနေရာမှာ ပန်းပင်လယ်တစ်ခုကဲ့သို့ တည်ရှိသည်။
ပန်းပင်များသည် အဆုံးစွန်အပူဓာတ်အတွင်း ရှင်သန်နိုင်သည်မှာ ရှားလှ၏။ သို့သော် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ အခုချိန်တွင် ထိုပန်းပင်လယ်အတွင်း၌ အမျိုးသမီးတစ်ဦး ထိုင်နေသည်။
ထိုအမျိုးသမီးသည် ပန်းအင်ပါယာကိုယ်လုပ်တော် မဟုတ်ပေ။ သို့သော် ဝမ်လင်း၏ အစေခံ ငွေရောင်အမျိုးသမီးအလောင်းကောင် ဖြစ်၏။ အခုချိန်တွင် သူမသည်လည်း ကောင်းကင်ထက်သို့ ထူးဆန်းစွာ မော့ကြည့်နေသည်။ သည်သုံးနှစ်အတွင်း သူမက တစ်ခုခုကို ခပ်ရေးရေး ပြန်မှိတ်မိခဲ့ဟန် တူ၏။
ဂြိုဟ်ပေါ်တွင် ရှိသည့်အခြားတစ်ယောက်ကတော့ တက်တူးအမှတ်အသားအပြည့် ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ရှိ၏။ သည် ပူပြင်းသည့် ပတ်ဝန်းကျင်တွင် နေထိုင်သည့် ကြမ်းကြုတ်သောသားရဲအချို့က သူ့အား ဝန်းရံထားသည်။
သို့ရာတွင် ယင်းသားရဲများအားလုံးမှာ သေဆုံးနေကြပြီ ဖြစ်သည်။ ၎င်းတို့၏မျက်ခုံးနှစ်ခုကြားမှ အရေပြားမှာလည်း ဖယ်ရှားကာ အခွာခံထားရသည်။
ထိုသူကတော့ တာရှန်ပင်။ သူသည် သူ့လက်ထိပ်ကို ကိုက်ကာ ယင်းသာရဲအရေပြားပေါ်တစ်ခုတွင် ရေးဆွဲမှု စတင်၏။ သို့သော် သည်အခိုက်အတန့်၌ သူသည် ခေါင်းမော့လိုက်ကာ သူ့လက်ချောင်းသည် တုံ့ဆိုင်းသွားသည်။
“သခင်…သင့်တံခါးပိတ်ကျင့်ကြံမှု အပြီးသပ်တော့မှာလား…”
လောင်ကျွမ်းကြယ်နယ်မြေ၏ အစွန်းအဖျားနားရှိ ဂြိုဟ်တစ်ခုပေါ်တွင် အမြင့်မားဆုံးတောင်ထိပ်ပေါ်၌ ရုတ်တုနက်တစ်ခု ရှိ၏။ ထိုရုပ်တုမှာ ဝမ်လင်း၏ ရုပ်တုပင်။ ထိုရုပ်တုရှေ့၌ လူငယ်တစ်ယောက် ထိုင်နေသည်။
သည်သုံးနှစ်အတွင်း ထိုလူငယ်သည် ရုပ်တုကို ကာကွယ်ရန် ဤနေရာတွင်သာ ထိုင်နေခဲ့၏။ သည်အခိုက်၌ သူသည် ကောင်းကင်ထက်သို့ မော့ကြည့်ကာ မိုးကြိုးဟိန်းသံတစ်မျှ အော်သံကို နားထောင်လိုက်သည်။ သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အငွေ့အသက် ဖြတ်ပြေးသွားသည်။
“ဆရာ…” ယင်းလူငယ်မှာ ဝမ်လင်း၏ တပည့် ဆယ့်သုံးပင် ဖြစ်သည်။
စိတ်ဝိညာဉ်သန့်စင်ခြင်းကလန် တည်ရှိသော ဂြိုဟ်ပေါ်တွင် ဟင်္သာငှက်နတ်ကလန်မြို့၏ မြို့နံရံထက်တွင် အဘိုးအိုတစ်ယောက်ထိုင်နေ၏။ သူ့လက်ထဲတွင် အရက်အိုးတစ်လုံးကိုင်ထားကာ သူသည် ခါးသီးသည့်ဟန်ပန်ဖြင့် သောက်နေသည်။ သူသည် ပြီးခဲ့သောသုံးနှစ်လုံး အခုလိုပုံစံ ဖြတ်သန်းလာခဲ့ခြင်းပင်။
မိုးကြိုးတုန်ဟိန်းသ့နှင့် ကြက်သွေးနီရောင်အလင်းတို့ ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားချိန်၌ သူ့ကို ခေါင်းမော့သွားစေသည်။ သို့သော် တစ်ချက် ကြည့်ပြီးနောက် သူက ခေါင်းပြန်ငုံ့ကာ ဆက်သောက်နေသည်။
“ဒုတိယညီလေး၊ တတိယညီလေး…အစ်ကိုကြီးက မင်းတို့အပေါ် မှားခဲ့ပါတယ်…”
သူ့မျက်လုံးထဲမှ မျက်ရည်နှစ်စက် ကျလာ၏။ ထို့နောက် သူသည် လက်ထဲရှိ အရက်အိုးကို မော့သောက်ချလိုက်၏။
“လင်းအာ…ငါ့အတွက် အရက်နည်းနည်း ယူလာပေးဦး…” ထိုအဘိုးအိုသည် အရက်အိုးအလွတ်ကို မြို့နံရံအောက်သို့ ပစ်ချလိုက်၏။
သူ့ဘေး၌ အလွန်လှသည့်မိန်းကလေး တစ်ယောက် ရပ်နေ၏။ သူမက အောက်နှုတ်ခမ်းကို ကိုက်ထားသည်။ သူမသည် သည်နေရာသို့ ရောက်လာချိန်ကတည်းက ချန်ညီကိုသုံးယောက်မှ အစ်ကိုကြီးဖြစ်သူ အရှင်ရီချန်သည် အခုလိုပုံစံမျိုး ဖြစ်နေခဲ့သည်။ သူမက စိတ်ပေါက်မိသလို ခံစားမိပြီးနောက် တိတ်တဆိတ် လှည့်ထွက်သွားတော့သည်။
“ငါ တောင်းပန်ပါတယ် ဒုတိယညီနဲ့ တတိယညီတို့ရေ…” အဘိုးအို၏ နာကျင်သည့်အသံမှာ သူမ၏ နားထဲသို့ တိုးဝင်လာ၏။
သည်လောင်ကျွမ်းကြယ်ကွင်းပြင်တွင် နောက်တစ်နေရာ ရှိသေးသည်။ ထိုနေရာမှာ အပူနှင့် ပြည့်နှက်နေသောလည်း မမြင်ရသောဆိုင်ကလုံးမုန်တိုင်းတစ်ခုက မီးတောက်များကို လှည့်လည်နေစေသည်။
“မိစ္ဆာကြီးဝမ်လင်း၊ မင်းက တကယ်ရက်စက်တဲ့ လူသတ်ကောင်ပဲ။ ငါမင်းနဲ့ ဘာမှ ပြဿနာ မဖြစ်ခဲ့ဘူး။ ဒါကို ဘာကြောင့် ဒီမီးအဆိပ်တွေ ခံစားရအောင် ငါ့ကို ဒီနေရာမှာ ပိတ်လှောင်ထားရတာတုန်း…”
“သခင်ဝမ်…ကျေးဇူးပြုပြီး ဒီကောင်လေးရှုကို သနားပါ။ ဒီနေရာက နာကျင်လွန်းရတယ်…”
“မကောင်းဆိုးဝါးဝမ်…မင်းက ဒီဘိုးဘိုးရှုကို ချောင်ပိတ်စေမှတော့ ငါ မင်းနဲ့ အသေအရှင် တိုက်ခိုက်ပစ်မယ်…”
ထိုကဲ့သို့ ဆဲဆိုသံ၊ တောင်းပန်သံများသည် သည်သုံးနှစ်အတွင်း ဤနေရာတွင် လုံးဝ ရပ်တန့်မသွားခဲ့ပေ။
သည်ဆိုင်ကလုန်းမုန်တိုင်း အလယ်တွင် လူတစ်ယောက် ထိုင်နေ၏။ သူ့အား မီးတောက်များက ဝန်းရံထားကာ သူက ၎င်းတို့ကို မန္တာန်များအသုံးပြု၍ ဆက်တိုက် ခုခံနေရသည်။ အနည်းငယ် ဂရုမစိုက်မိသည်နှင့် သူသည် မီးတောက်များ၏ လောင်ကျွမ်းခြင်းကို ခံသွားရနိုင်သည်။
ထိုသူကတော့ ရှုလီကောပင်။ ခုချိန်တွင် သူသည် သနားစရာကောင်းနေ၏။ သို့သော် သူ့မျက်လုံးတို့မှာ အရင်ထက် အဆများစွာ ပိုတောက်ပနေသည်။ သူသည် သုံးနှစ်လုံးလုံး မီးတောက်များနှင့် ဝန်းရံခံထားရခြင်းက သူ့အား ရှင်သန်နိုင်စေရန် ရှေးဟောင်းဓားအမွေအနှစ် အစွမ်းကို အတင်းထုတ်ယူသုံးစွဲနေရတော့သည်။
ရှုလီကောသည် ဝေ့ယမ်းလိုက်ရာ သူ့ရှေ့ရှိ မီးတောက်အချို့ အနည်းငယ် လွင့်ပါးသွားသည်။ သည့်နောက် သူ့ပါးစပ်ကနေ ကျိန်ဆဲသံများ ထွက်လာပြန်၏။ သည်သုံးနှစ်အတွင်း ၎င်းကျိန်ဆဲမှုမှာ သူ့အတွက် အလေ့အထလိုပင် ဖြစ်လာခဲ့တော့သည်။
“ကောင်လေးဝမ်လင်း…မင်း ဘိုးဘိုးရှု ထွက်လာနိုင်တာနဲ့ ငါ အခုခံစားရတာအတွက် မင်းကို ခွင့်မလွှတ်နိုင်ဘူး…” သူထိုသို့ ပြောလိုက်ချိန်၌ သူ့ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး အကွာအဝေးတစ်ခုသို့ ကြောက်လန့်တကြား လှမ်းကြည့်သည်။
“သေစမ်း…ဒီလူ..ဒီလူသတ်ကောင် ဝမ်လင်းက တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်လာပြန်ပြီလား။ ကောင်းကင်ဘုံက ငဲ့ညှာပေးပါ။ သူ့ကို မထွက်လာအောင် လုပ်ပေးပါ။ သူ့ကို မထွက်လာပါစေနဲ့။ အန်…မဟုတ်သေးဘူး။ သူသာ ထွက်မလာနိုင်ခဲ့ရင် ငါကော ဘယ်လိုလုပ် လွတ်တော့မလဲ။ ဒီမီးတောက်ထဲကနေ ဘယ်လိုလုပ်ထွက်မလဲ။ သူ ထွက်လာတာက ပိုကောင်းမယ် ထင်တယ်။ ထွက်လာခဲ့ပါ…”
***