ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားနေ၏။ သူသည် ချင်းရွှေအတွက် စိတ်ပူနေပေပြီ။ မည်သူကမျှ ချင်းရွှေ လုပ်မည့်အရာကို တားဆီးနိုင်လိမ့်မည်လည်း မဟုတ်ပါ။ သူက သက်ပြင်းသာ ချမိတော့၏။ ထို့နောက် သူက မျက်လုံးပြန်မှိတ်ကာ ကျင့်ကြံခြင်း၌ ပြန်အာရုံစိုက်သည်။
“ချင်းရွှေနဲ့မင်းကြားက ပတ်သတ်မှုကို ငါ သိပါတယ်။ မင်းက ပထမအသွင်ပြောင်းခြင်းကို ကျွမ်းကျင်ပြီးတာနဲ့ ငါ မိုးကောင်းကင်ဘုံနယ်မြေသလင်းကျောက်ကို သွားယူတဲ့အချိန်မှာ ချင်းရွှေရဲ့ သတင်းကို ငါကိုယ်တိုင် ရှာပေးနိုင်လောက်မှာပါ…” အဘိုးအိုက ဝမ်လင်းကို ကြင်နာစွာ ကြည့်၏။
သည်ဂျူနီယာမှာ သူ့မျှော်လင့်ချက်၊ ဟင်္သာငှက်နတ်ကလန်၏ မျှော်လင့်ချက် ဖြစ်၏။
သည်ကောင်လေးအတွက် သူ ဘာမဆို လုပ်ပေးဖို့ ဆန္ဒ ရှိနေပေသည်။
နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာလို သေရှင်းရှင်ရေး အခြေအနေမှာတောင် သူက သူ့မိတ်ဆွေတွေကို မမေ့ခဲ့ဘူး။ အခု သူ လုံခြုံနေတဲ့အချိန်မှာလည်း သူက ချင်းရွှေနဲ့ ပတ်သတ်လို့ မေ့မထားဘူး။ ဒါဟာ ငါ ဟင်္သာငှက်နတ်ကလန်နဲ့ ငါ့မန္တာန်အားလုံးကို သူ့ရှိ လက်လွှဲပေးပြီး ထွက်သွားခဲ့အချိန်ကြရင် ငါ့စိတ်ထင့်မှုအားလုံးကို ပတ်သယ်ပေးဖို့ လုံလောက်နေပြီ…”
အဘိုးအိုသည် တိတ်ဆိတ်စိတ် ခေါင်းညိတ်၏။ သူသည် သူ့ညာလက်ကို ပင့်မြှောက်ရင်း ဝမ်လင်း၏ နောက်ကျောထံသို့ ညွှန်သည်။ သူ့မူလစွမ်းအင်သည် ဝမ်လင်းထံသို့ သွန်းလှောင်ပေး၏။ မူလစွမ်းအင်က ဝမ်လင်း၏မူလစိတ်ဝိညာဉ်ကို ခြုံလွှမ်းပေးကာ သူ့မူလစိတ်ဝိညာဉ်အတွင်းရှိ မီးမျိုးစေ့ထဲသို့ ဝင်ရောက်သည်။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေသည်။ မျက်စိတစ်မှိတ်အတွင်း နောက်တစ်နှစ် ကုန်ဆုံးသွားခဲ့ပြီ။ သည်နှစ်အတွင်း မဟာမိတ်ကြယ်အဖွဲ့အစည်းအတွင်းရှိ အခြေအနေများသည် များစွာ ပြောင်းလဲသွားခဲ့ခြင်း မရှိပေ။ နယ်မြေလုစစ်ပွဲများကတော့ ရှိနေစမြဲပင်။
နတ်လေးပါးကလန်၏ အရှေ့ဘက်ဒေသည် သည်တိုက်ပွဲများအတွင်း ပါဝင်ပတ်သတ်မှု မရှိပေ။ သို့ရာတွင် မဟာမိတ်ဌာနချုပ်၏ ဝမ်လင်းအား သတ်ရန် အမိန့်ကြော့် ရဲတင်းသည်သူများက နတ်လေးပါးကလန်ထဲသို့ ဝင်ရောက်လာကြ၏။
သို့သေ် ထိုသူများသည်လည်း ကြီးကြီးမားမား လှုပ်ခတ်မှု မလုပ်နိုင်ဘဲ နတ်လေးပါးကလန်၏ အစောင့်များ သတ်ဖြတ်ခြင်းကိုသာ ခံလိုက်ရ၏။ အစွမ်းထက်ကျင့်ကြံသူများသည် ထိုအစောင့်များကို ကျော်လာကာ အတွင်းဘက်သို့ ရောက်လာနိုင်ခဲ့လျှင်ပင် နတ်လေးပါးကလန်၏ အကြီးအကဲများက အမြစ်ဖျက်ပစ်ကြပေသည်။
အလုံးစုံကောင်းကင်နှင့်မဟာမိတ်တို့ကြား စစ်ပွဲက ဆက်ဖြစ်နေ၏။ အလောင်းကောင်ကလန်ကတော့ တည်တည်ငြိမ်ငြိမ်သာ ရှိနေမြဲပင်။ သို့ရာတွင် တိုက်ပွဲအခင်းနေရာများ၌ အလောင်းကောင်ကလန်ဝင်များ အမြဲရှိတတ်သည်။
သူတို့က ထိခိုက်ထားသော်လည်း မပျက်မယွင်းသေးသည့် ခန္ဓာကိုယ်များကို စုဆောင်းဖို့ ရောက်လာခဲ့ကြခြင်း ဖြစ်၏။ တခြားနည်းနှင့်ဆိုပါက သူတို့သည် နှစ်ဖက်လုံးနှင့် စတင်ချိတ်ဆက်ကာ သူတို့၏ ပင်တိုင်စီးပွားရေးဖြစ်သော ခန္ဓာကိုယ်ရောင်းဝယ်မှုကို အစပြုသည်။
အလောင်းကောင်ကလန်က အလုံးစုံကောင်းကင်နှင့် မဟာမိတ် အင်အားစု နှစ်ဖက်လုံးသို့ ခန္ဓာကိုယ်များစွာ ရောင်းချခဲ့၏။
ထိုခန္ဓာကိုယ်များအတွက် သူတို့က ကောင်းကင်ဘုံကျောက်စိမ်းပြား၊ ရတနာများ၊ သတ္တုများ ပြန်ရရှိကာ အလောင်းကောင်ကလန်အတွက် အလျှံအပယ် ဖြစ်နေစေတော့သည်။
တောက်ပသောလေဟာနယ်နယ်မြေနှင့် နတ်လေးပါးကလန်တို့ကတော့ ငြိမ်းအေးနေ၏။ သူတို့က ကမ္ဘာလောကနှင့် မသက်ဆိုင်သည့်အလား။
သည်နှစ်အတွင်း ဝမ်လင်း၏ ကျင့်ကြံမှုအဆင့် တိုးတက်မှုကလည်း မြန်သထက် မြန်လာ၏။ သူ့ခန္ဓာကိုယ်မှ မိုးကြိုးဟိန်းသံသည် မကြာမကြာ ထွက်ပေါ်ကာ ဟင်္သာနတ်ကလန်အနှံ့တွင် ပဲ့တင်ထပ်၏။ နတ်လေးပါးကလန်၏ လူတိုင်းသည် သူ့ကို မတွေ့ဖူးကြသော်လည်း သူ့အကြောင်းကိုမူ သိရှိထားကြပေသည်။
ကလန်ဝင်တိုင်းက သည်မိုးကြိုးဟိန်းသံကို ထုတ်လွှတ်သော ဝမ်လင်းသည် သူတို့၏အနာဂတ် နတ်အင်ပါယာမှန်း သိထားကြ၏။ ဟင်္သာငှက်နတ်ကလန်၏ မျှော်လင့်ချက်မှန်း သိထားကြသည်။ သို့ရာတွင် လူများ ရှိနေသ၍ စွမ်းအားအတွက် ယှဉ်ပြိိုင်လိုမှု၊တိုက်ခိုက်လိုမှု၊မနာလိုမှုတို့ကတော့ ရှိနေပေဦးမည်သာ ဖြစ်၏။
ဟင်္သာငှက်နတ်ကလန်သည်လည်း အလားတူသာ ဖြစ်၏။ လူတိုင်းသည် ဝမ်လင်းကို အသိအမှတ် မပြုကြသေးပေ။ လူတော်တော်များများက ဝမ်လင်း ပေါ်ထွက်လာမှုကို လက်မခံလိုကြသေးပေ။
အထူးသဖြင့် နောက်ထပ်နတ်အင်ပါယာ ဖြစ်လာနိုင်သည့် အမြင့်ရှိ လက်ရွေးစင်များပင်။ သူတို့၏ စိတ်နှလုံးထဲ၌ အလိုမကျမှုတို့ ပြည့်နေ၏။ အခုနတ်အင်ပါယာ၏ စီစဉ်မှုကို မကျေမနပ် ဖြစ်သည့်အထဲတွင် အချို့အသက်ကြီးရင့်သည့် ကျင့်ကြံသူများပင် ပါသည်။
သို့သော် နတ်အင်ပါယာ၏ခွန်အားကြောင့် ထိုသူများသည် အမိန့်မနာခံဝံ့ဘဲလည်း မနေဝံ့ကြချေ။
သုံးနှစ်တာကာလလုံး၊ နေ့ည အလီလီပြောင်းလည်း ဝမ်လင်းသည် ကျင့်ကြံခြင်းကို လုံးဝ မရပ်တန့်ခဲ့ချေ။ ဟင်္သာငှက်နတ်အင်ပါယာသည်လည်း ဝမ်လင်းကို သူ့ကိုယ်ပိုင်မီးမူလစွမ်းအင် ပေးနေခြင်းကို လုံးဝ မရပ်တန့်ခဲ့ပါ။
ထို့အတွက်ကြောင့် ဝမ်လင်း၏ကျင့်ကြံမှုမှာ ပို၍ သန့်စင်လာခဲ့၏။ သူ့မူလစိတ်ဝိညာဉ်သည်လည်း ပြန်ကောင်းမွန်ခဲ့ပြီး ဖြစ်၏။ သူ့ကိုယ်ထဲရှိ မီးမျိုးစေ့မှာ မီးအားလုံးကို စုပ်ယူကာ အရည်ပျော်ရန် အသင့်ဖြစ်နေဟန် တူသည်။ ၎င်းမီးမျိုးစေ့က မီးမူလစွမ်းအင် အပူလှိုင်းကို ဝမ်လင်းခန္ဓာကိုယ်အနှံ့သို့ ထုတ်လွှတ်ပေး၏။ ဝမ်လင်း ညာလက်ပေါ်တွင်ပင် မီးတက်တူးခုနစ်ခု တလက်လက်တောက်ပနေပေပြီ။
သည်အစွမ်းထက်မူလစွမ်းအင် ရွှေ့လျားမှုသည် သူ့ခန္ဓာကိုယ်ထဲမှ မိုးကြိုးဟိန်းသံ ထွက်ပေါ်လာရသည့် အကြောင်းရင်းလည်း ဖြစ်၏။ သည်နေ့တွင် ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ မီးမူလစွမ်းအင်သည် အကန့်အသတ်သို့ ရောက်လာ၏။သူသာ ဆက်စုပ်ယူပါက ပေါက်ကွဲထွက်ပေတော့မည်။
သူ့ခန္ဓာကိုယ်အတွင်း၌ စုတ်ဖြဲခံရခြင်း ခံစားမှု ပြည့်လာ၏။ သည်အခိုက်အတန့်၌ ဝမ်လင်းသည် ရုတ်တရပ် မျက်လုံးဖွင့်လာသည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို အမြန် ဖြစ်ပေါ်စေကာ သူ့ခန္ဓာကိုယ်ပေါ်သို့ ညွှန်၏။ သူ့လက်ချောင်းများ ကျရောက်သွားချိန်တိုင်း သူ့ခန္ဓာကိုယ်ရှိ ပြင်းထန်သောမူလစွမ်းအင်သည် အနည်းငယ် လွင့်ပျောက်သွားသည်။
သူက သူ့ကိုယ်သူ ဆက်တိုက် လက်ညွှန်နေ၏။ ဝမ်လင်းခန္ဓာကိုယ်ထဲ၌ ပေါက်ကွဲထွက်ဟန် ဖြစ်နေသည့် မူလစွမ်းအင်သည် ပြန်ငြိမ်သက်သွား၏။ ထိုငြိမ်သက်မှုနှင့်အတူ နာကျင်မှုလည်း ပျောက်ကွယ်သွားသည်။ သို့ရာတွင် သူသည် ချွေးများရွှဲနှစ်နေ၏။ သည်ချွေးများက မြန်ဆန်စွာပင် အဖြူရောင်အခိုးငွေ့အဖြစ် ပြောင်းကာ လေထဲသို့ မြင့်တက်သည်။
ဝမ်လင်းသည် အသက်ခပ်ပြင်းပြင်း ရှုထုတ်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ဒါက ရှစ်ကြိမ်မြောက်ပဲ…”
သည်နှစ်များအတွင်း ဝမ်လင်းသည် သည်လိုမျိုး တွေ့ကြုံရသည်မှာ ရှစ်ကြိမ် ရှိခဲ့ပြီ ဖြစ်၏။ တစ်ကြိမ်စီတိုင်း၌ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်သည် အကန့်အသတ်သို့ ရောက်ကာ ပေါက်ကွဲရန် အသင့်ဖြစ်၏။ သူက အလျင်အမြန်ပင် ယင်းမီးမူလစွမ်းအင်တို့ကို ပြန်ဖိနှိပ်ရကာ သူ့အား ပို တောင့်ခံနိုင်စေတော့သည်။
အစဦးလေးကြိမ်၌ ဟင်္သာငှက်နတ်အင်ပါယာက ဝမ်လင်း၏ ပေါက်ကွဲထွက်မည့် မူလစွမ်းအင်ကို ချိပ်ပိတ်ရာတွင် ကူပေးသေးသည်။ ကျန်သည့်အကြိမ်များတွင်တော့ ဝမ်လင်းက သူ့ဟာသူ ချိပ်ပိတ်၏။
သူ့မူလစွမ်းအင်ကို ဖိနှိပ်လိုက်နိုင်သည့်အခိုက်တွင် သူ့ညာလက်မောင်းပေါ်တွင် မူလရှိနှင့်ပြီးသော မီးတက်တူးခုနစ်ခုဘေးနားတွင် နောက်ထပ်အပို မီးတက်တူး တစ်ခု ပေါ်လာချေသည်။
သည်တက်တူးရှစ်ခုက စက်ဝန်းအသွင် ဖြစ်တည်သည်။ သူက သည်စက်ဝန်းကို အပြည့်အဝ ဖြစ်စေဖို့ငှာ နောက်ထပ် လုပ်ဆောင်ရန် လိုအပ်နေသေးသည်။
“ဆန်းကြယ်အသွင်ပြောင်းခြင်းကိုးခုရဲ့ ပထမဆုံးအသွင်ပြောင်းခြင်းဟာ သက်တမ်းကိုးခု ကျင့်ကြံခြင်းပဲ။ ဒီအတွက် မင်းဟာ မီးမူလစွမ်းအင်ကို မီးတက်တူးကိုးခု ဖြစ်လာစေတဲ့အထိ ဆက်တိုက်စုပ်ယူနိုင်ဖို့ လိုအပ်တယ်။ ဒီမီးတက်တူးတွေဟာ သက်တမ်းကိုးခုကျင့်ကြံခြင်းကို ကိုယ်စားပြုတယ်။ မင်းက ဒီသက်တမ်းကိုးခုကျင့်ကြံခြင်းရဲ့ စွမ်းအားကို ငှားယမ်းအသုံးပြုရင် ကောင်းကင်နဲ့မြေကြီးကို ပြောင်းပြန်လှန်နိုင်မယ်။ အဲ့နောက် ဒီစွမ်းအားအားလုံးကို တစ်ခုတည်းအဖြစ် ပြန်စုပ်ယူနိုင်မှ ပထမအသွင်ပြောင်းခြင်းဟာ ပြီးပြည့်စုံမှာ ဖြစ်တယ်…”
“ဒီအသွင်ပြောင်းခြင်းက မင်းကို ဘာမှ ပြောင်းလဲသွားစေနိုင်မှာ မဟုတ်ပေမယ့် ပိုသန်မာလာစေလိမ့်မယ်။ မင်း အသွင်ပြောင်းခြင်းကို ပြီးပြည့်စုံစေတာနဲ့ အဆုံးစွန်းအားနဲ့အတူ ပေါက်ကွဲ မှုကို ခွင့်ပြုပေးလာလိမ့်မယ်။ မင်း ဒီလိုလုပ်နိုင်တဲ့အချိန်ရောက်မှသာ ငါဟာ မင်းကို နတ်အင်ပါယာဖြစ်လာစေဖို့ ခွင့်ပြုပေးဖို့အတွက် ငါ ခံစားရတဲ့ မလွယ်ကူမှုတွေကို ပတ်သယ်နိုင်မှာ ဖြစ်တယ်။ ကျင့်ကြံခြင်းမဟာမိတ်ကိုလည်း ငါ ခရီးထွက်နိုင်မှာ ဖြစ်တယ်…”
ဟင်္သာငှက်နတ်အင်ပါယာ၏ အသံက ဝမ်လင်းနောက်ကနေ တည်ငြိမ်စွာ ထွက်ပေါ်လာ၏။
“ဒါပေမယ့်လည်း ဒီအဘိုးအိုမှာ အချိန်သိပ်မကျန်တော့ဘူး။ ငါက ငါ့သေခြင်းတရား နီးကပ်လာနေပြီလို့ ခံစားမိနေပြီ။ ငါ မင်းရဲ့ ကိုးကြိမ်မြောက်စုပ်ယူမှုကို အရှိန်မြှင့်ပေးမှ ဖြစ်တော့မယ်။ ဒီဖြစ်စဉ်ဟာ အတော်လေးကို နာကျင်စေလိမ့်မယ်။ ဒါပေမယ့် မင်းတောင့်ခံနိုင်ရမယ်။ သဘောတူလား…”
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားသွား၏။ အချိန်အတန်ကြာပြီးနောက် သူက ခေါင်းညိတ်သည်။ သူ့ထံမှ ပြတ်သားသည့်အကြည့် လှစ်ဟ၏။
“ကောင်းတယ်…” ဟင်္သာငှတ်နတ်အင်ပါယာ၏ ဝမ်လင်းအပေါ် အသိအမှတ်ပြုမှုသည် ပိုအားကောင်းလာ၏။သို့သော် သိပ်မကြာခင်တွင် သူသည် နောင်တလည်း ရမိ၏။ သူက တိုးညင်းစွာ ဆိုသည်။ “ငါ့ကိုယ်ပွားက မင်းကို အတိတ်တုန်းက ဟင်္သာငှက်နတ်အမှတ်အသား ပေးခဲ့တယ်။ မင်းရဲ့ ဟင်္သာငှက်နိုးထလာမှုက နည်းနည်းတော့ စောလွန်းနေသေးတယ်…”
ဟင်္သာငှက်နတ်အင်ပါယာသည် ခေါင်းယမ်း၏။ သူက စကားဆက် မဆိုတော့ပေ။ သူသည် အသက်ဝဝရှုသွင်းကာ သူ့ညာလက်ဖြင့် သူ့အောက်ရှိ ကျောက်တုံးကို ရိုက်ချ၏။ သူ့ခန္ဓာကိုယ်မှာလည်း လေထဲသို့ ပျံတက်သွား၏။ သူက အပေါ်စီးကနေ ဝမ်လင်း ဦးခေါင်းပေါ်သို့ ဆောက်ထိုး ရှိစေသည်။ ထို့နောက် သူ့လက်နှစ်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ ရုတ်တရပ် လှုပ်ရှားသည်။
ချက်ခြင်းလိုလိုပင် ဟင်္သာငှက်နတ်အင်ပါယာ၏ မီးမူလစွမ်းအင်သည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ သူ့ဦးခေါင်းမှ တစ်ဆင့် အရူးအမူး တိုးဝင်လာတော့သည်။ တချိန်တည်းမှာပင် အဖြူရောင်ကျောက်တုံးထံမှလည်း အပူစွမ်းအင်များစွာ ထုတ်လွှတ်ကာ ဝမ်လင်းရှိသို့ မြင့်တက်လာ၏။
ထို့အတွက်ကြောင့် ဝမ်လင်းကိုယ်ထဲရှိ မီးမူလစွမ်းအင်မှာ တဟုန်ထိုး မြင့်တက်လာ၏။ သို့ရာတွင် မူလစွမ်းအင်ကို ထိုသို့ အတင်းအကြပ် သွတ်သွင်းပေးခြင်းမှ ဖြစ်ပေါ်လာသည့် နာကျင်မှုသည် သာမန်လူများ တောင့်ခံနိုင်သည့် အရာ ဟုတ်မနေပေ။
ဝမ်လင်းသည်ပင် သူ့ခန္ဓာကိုယ်ကနေ အဖြူရောင်အခိုးငွေ့များစွာ ထုတ်လွှတ်ကုန်၏။ ယင်းအဖြူရောင်အခိုးငွေ့များသည် သူ့ချွေးစက်များကနေ ဖြစ်ပေါ်လာခဲ့ခြင်းသာ။
မူလစွမ်းအင် တဟုန်ထိုး ဝင်လာနေရင်း ဝမ်လင်း၏ခန္ဓာကိုယ်မှာ စုတ်ဖြဲခြင်း ခံရသလို ဖြစ်၍ နာကျင်စေတော့သည်။ သူ့မျက်နှာသည်ပင် နာကျင်မှုကြောင့် ရှုံ့တွရသည်။ သူသည် နာကျင်စွာ အော်ဟစ်လိုက်ရ၏။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်လာ၏။ ဝမ်လင်း၏ အော်သံကလည်း ပိုပို ကျယ်လာသည်။ သူ့ခန္ဓာကိုယ်ထက်ရှိ သွေးကြောများသည်ပင် ဖောင်းကြွလာချေပြီ။ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်တို့က ပို၍ လှိုင်းထန်လာ၏။
သည်အခိုက်အတန့်၌ လောင်ကျွမ်းသောကြယ်ကွင်းပြင်အတွင်းရှိ လူတိုင်းသည် ထိုနာကျင်စွာအော်ဟစ်သံကို ကြားနေရသည်။
ဝမ်လင်းသည် သူ့နာကျင်မှုကနေ လွတ်မြောက်နိုင်စွမ်း မရှိ ဖြစ်နေ၏။ သူသည် သူ့ခန္ဓာကိုယ်ထဲရှိ ရုန်းကြွနေသော မူလစွမ်းအင်များကို ဆက်တိုက် ထိန်းချုပ်ကာ လှည့်ပတ်စေနေ၏။ မဟုတ်ပါက သူ့ခန္ဓာကိုယ်သည် ချက်ခြင်း ပေါက်ကွဲထွက်သွားနိုင်သည်။
ဟင်္သာငှက်နတ်အင်ပါယာ ထိုသို့ ပြုလုပ်ရခြင်းမှာ သူသည် အကူအညီမဲ့နေခြင်းကြောင့် ဖြစ်၏။ သူသည် သူ့သေဆုံးခြင်းတရားက သူ့ထံသို့ နီးကပ်နေပြီကို ရှင်းလင်းစွာ ခံစားမိနေရပြီ ဖြစ်၏။ သူက သူ့ထံ၌ အချိန်သုံးလလောက်သာ ကျန်တော့သည်ကိုလည်း သိနှင့်နေခဲ့ပေပြီ။
ထိုသုံးလအတွင်း တတိယကောင်းကင်ဘုံဒုက္ခ ပေါက်ကွဲသွားလျှင် သူသည် သံသယမရှိ သေဆုံးသွားရပေမည်။
ပြင်းထန်သော နာကျင်မှုက ဝမ်လင်းကို ပို၍ ဟိန်းအော်မိစေသည်။ ခုနစ်ရက်မြောက်နေ့တွင် ဝမ်လင်းခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်တို့သည် အထွတ်အထိပ်သို့ ရောက်ရှိလာချေ၏။ ဟင်္သာငှက်နတ်အင်ပါယာမှာ ပိုအိုစာသွားဟန် ရ၏။ သူ့ခန္ဓာကိုယ်တွင် သေဆုံးခြင်းအော်ရာ ပြည့်နှက်နေရင်း သူသည် ဝမ်လင်းနောက်တွင် လဲကျသွားချေသည်။
ဟင်္သာငှက်နတ်အင်ပါယာ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော ဖြစ်နေ၏။ သို့သော် သူ ဝမ်လင်းကို ကြည့်နေရင်း သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်တန်းတစ်ခု ရှိနေ၏။
သူသည် သေဆုံးရမှာကို မကြောက်ပေ။ သူသည် ဘာအကြောင်းရင်းအတွက်မှ မဟုတ်ဘဲ သေဆုံးသွားရမည်ကိုသာ ကြောက်၏။ သူသည် ဟင်္သာငှက်နတ်ကလန်အတွက် ဆက်ခံဿူမရှိမှာ ဟင်္သာငှက်နတ်ကလန် အပြီးသပ်သွားမှာကိုသာ ကြောက်ပေ၏။
“အောင်မြင်ရမယ်…” အခုချိန်တွင် ဝမ်လင်းသည် သူ့မျှော်လင့်ချက်အားလုံး ဖြစ်၏။ သူ့ကို သေဆုံးချိန်၌ပင် ရယ်မောစေနိုင်မည့် အရာတစ်ခုလည်း ဖြစ်နေသည်။
ဝမ်လင်းသည် ဒေါမာန်တကြီး ဟစ်အော်၏။ သူ့ခန္ဓာကိုယ်ထဲမှ မူလစွမ်းအင်တို့ ပေါက်ကွဲထွက်လာသည်။ မိုးကြိုးဟိန်းသံ ပဲ့တင်ထပ်၏။ပြင်းထန်အားကောင်းသည့် မူလစွမ်းအင်သည် ဝမ်လင်းကို မခံမရပ်နိုင်အောင် နာကျင်နေစေသည်။ သူက သူ့ညာလက်ကို ရင်ဘက်ပေါ်သို့ ပင့်မြှောက်ကာ မူလစွမ်းအင်တို့ကို ချိပ်ပိတ်ရန် ပြင်၏။
ဟင်္သာငှက်နတ်အင်ပါယာသည် အနည်းငယ် စိတ်ပျက်ဟန် ဖြစ်ပေါ်သွားသည်။ သို့သော် သူသည် ဝမ်လင်းကို မတားခဲ့ပေ။ သူက လူအများစုသည် သည်လိုနာကျင်မှုမျိုးကို တောင့်မခံနိုင်မှန်း သိ၏။ သည်လိုနည်းလမ်းက ပထမအသွင်ပြောင်းခြင်းအဆင့် အောင်မြင်မှုနှုန်းကို တိုးစေမည်၊ အချိန်ကိုလည်း များစွာ လျော့ကျစေမည် ဖြစ်သော်လည်း ဝမ်လင်းအဖို့ နာကျင်မှုကတော့ ဖော်ပြနိုင်စွမ်းပင် ရှိလိမ့်မည် မဟုတ်ပေ။
“ငါ သူ့အပေါ် မှန်းထားတာ နည်းနည်းမြင့်မားလွန်းသွားတယ်ထင်တယ်။ တကယ်တော့ သူဟာ နှစ်ပေါင်းတစ်ထောင်ကျော်လောက်သာ ကျင့်ကြံရသေးတဲ့ ကောင်လေးပဲ။ အပြစ်တင်ရမယ်ဆိုရင်တောင့် ငါ့မှာ အချိန်အများကြီး မကျန်တော့တာကိုပဲ အပြစ်တင်ရတော့မယ်…”
ဟင်္သာငှက်နတ်အင်ပါယာ၏ မျက်လုံးသည် ဝေဝါးနေ၏။ သူက သက်ပြင်းချကာ မျက်လုံးမှိတ်လိုက်သည်။
သို့ရာတွင် သူမျက်လုံးမှိတ်လိုက်ချိန်၌ ဝမ်လင်း၏ ညာလက်မှ ရပ်တန့်သွားသည်။ သူ့မျက်လုံးထဲ၌ ခိုင်ကျဉ်မှုတို့ ပြည့်၏။ သူသည် ဆုံးဖြတ်ပြတ်သားသူ မဟုတ်လား။
“ရှစ်ခုမြောက်တက်တူး…ပွင့်လိုက်စမ်း…” ဝမ်လင်းသည် ရုန်းကန်ကာ အော်ဟစ်၏။
သူ့ညာလက်ပေါ်ရှိ ရှစ်ခုမြောက်မီးတက်တူးသည် စတင် လောင်ကျွမ်းလာကာ ပျံသန်းထွက်လာသည်။ ၎င်းသည် လောင်ကျွမ်းသော ပန်းပွင့်တစ်ခုကဲ့သို့ သည်ကြယ်ကွင်းပြင်တွင် ပေါ်လာခဲ့သည်။
ဝမ်လင်းက လေထဲသို့ ခုန်တက်၏။ ကမ္ဘာမြေကွဲအက်စေမည့် အသံနှင့်အတူ လောင်ကျွမ်းသောပန်းသည် သူ့ထံသို့ တဟုန်ထိုး ဝင်လာ၏။ ၎င်းသည် သူ့ခန္ဓာကိုယ်ထဲသို့ အရူးအမူး ဝင်ရောက်ကာ သည်ကြယ်အဖွဲ့အစည်းအတွင်းရှိ မီးအားလုံးမှာ ရွှေ့လျားသွားသလား ထင်မှားရဟန် တူ၏။
သည်အခိုက်အတန့်၌ ဟင်္သာငှက်နတ်ကလန် ရှိသော လောင်ကျွမ်းကြယ်ကွင်းပြင်မှာ စတင် လှည့်လည်လာ၏။
ဤအခိုက်အတန့်၌ လောင်ကျွမ်းကြယ်ကွင်းပြင်အတွင်းရှိ သက်ရှိအားလုံးသည် တုန်လှုပ်ကာ အပေါ်သို့ မော့ကြည့်လိုက်ကြသည်။
“ဆန်းကြယ်အသွင်ပြောင်းခြင်းကိုးခုရဲ့ ပထမအသွင်ပြောင်းခြင်း…”
ဟင်္သာငှက်နတ်အင်ပါယာကလန်၏ အကြီးအကဲများ မျက်နှာပေါ်မှ တုန်လှုပ်မှုသည် သူတို့ ဟင်္သာငှက်နိုးထသည်ကို တွေ့ရချိန်ထက်ပင် ပိုဆိုးနေ၏။
ဟင်္သာငှက်နိုးထခြင်းကို ပြုလုပ်နိုင်သည့် သူသည် နောက်တတ်လာမည့် နတ်အင်ပါယာ ဖြစ်ပြီဟု တန်း၍ မဆိုလိုသေးပေ။ သို့သော် ဆန်းကြယ်အသွင်ပြောင်းခြင်းကိုးခု၏ ပထမအသွင်ပြောင်းခြင်းကတော့ ထိုသူသည် နတ်အင်ပါယာဖြစ်ပြီဟု တန်း၍ ဆိုလိုသည်။ ဤအချက်မှာ နတ်အင်ပါယာရာထူး၏ မျိုးဆက်အဆက်ဆက် ဖြစ်တည်လာသော သင်္ကေတ မည်၏။
***