ထိုလူငယ်မှာ လွန်ခဲ့သော နှစ်နှစ်က နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကနေ ထွက်လာခဲ့သော ဝမ်လင်း ဖြစ်သည်။
လွန်ခဲ့သောနှစ်နှစ်က ဝမ်လင်းသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ ဒဏ်ရာအပြင်းအထန် ရခဲ့၏။ သူ့ခန္ဓာကိုယ် အတော်လေး ထိခိုက်ပျက်စီးသွားသကဲ့သို့ သူ့မူလစိတ်ဝိညာဉ်မှာလည်း ပျက်စီးလုနီးပါး အခြေအနေ ဆိုက်ရောက်ခဲ့သည်။ ထို့အပြင် မူပင်းမေ၏ စကားများကြောင့် သူ့စိတ်နှလုံးအတွင်း နာကျင်မှုက သူ့ဒဏ်ရာများကို ပိုဆိုးစေကာ သတိမေ့သွားခဲ့၏။
သူ သတိပြန်ရလာချိန်တွင် သူသည် သည်အဖြူရောင်ကျောက်တုံးပေါ်တွင် ထိုင်လျက် ရှိနေခဲ့ပေပြီ။ သူ့နောက်တွင်တော့ ဟင်္သာငှက်နတ်အင်ပါယာ ရှိနေ၏။
သည်နှစ်နှစ်အတွင်း ဝမ်လင်း၏ ကိုယ်ပွားနှင့် မူလခန္ဓာကိုယ်တို့မှာ တသီးတခြား ရှိကြ၏။ သူ့မူလခန္ဓာကိုယ်က ဟင်္သာငှက်နတ်အင်ပါယာဂြိုဟ် အတွင်းနက်ပိုင်းတွင် နစ်မြုပ်နေပြီး သူ့ကိုယ်ပွားကတော့ သည်နေရာတွင် ကုသနေသည်။
နှစ်နှစ်တာအတွင်း ဝမ်လင်း၏ မီးမူလစွမ်းအင်သည် ခုန်ပေါက်တိုးတက်လာခဲ့၏။ သူသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် ရှိခဲ့စဉ်ကတည်းက နိဗ္ဗာနသန့်စင်ခြင်းအဆင့်နှင့် နီးကပ်နေခဲ့ပြီ ဖြစ်၏။ သို့သော် သူသည် သူ့နယ်ပယ်အဆင့်ကို ချိုးဖျက်ရပေဦးမည်။
ထိုသို့ ချိုးဖျက်မှုမျိုးသည် အတင်းအကြပ် လုပ်၍ မရပေ။ လူတစ်ယောက်က နယ်ပယ်အဆင့်ချိုးဖျက်ရန် ပို၍ စိတ်မရှည်လေလေ ပိုခက်ခဲလေ ဖြစ်မည်။ လွန်ခဲ့သောနှစ်နှစ်အတွင်း ဝမ်လင်းက မီးမူလစွမ်းအင်ကို စုပ်ယူနေရင်း ဆက်လက် ဆင်ခြင်နေခဲ့၏။ သူ့မူလစွမ်းအင်မှာ အထွတ်အထိပ်သို့ ရောက်လုနီးပါးပင်။
“ဟင်္သာငှက်ဆန်းကြယ်အသွင်ပြောင်းခြင်းကိုးခုရဲ့ စွမ်းအားဟာ အသွင်ပြောင်းခြင်းတစ်ခုချင်းစီတိုင်းနဲ့အတူ စွမ်းအားလည်း တိုးတက်လာတယ်။ ဒါပေမယ့် ဒီမန္တာန်ဟာ ကျင့်ကြံဖို့ ခက်ခဲလွန်းပြီး အလွန့်အလွန်နည်းပါးတဲ့ ဟင်္သာငှက်နတ်အင်ပါယာတွေသာ ဒီမန္တာန်ရဲ့ အထွတ်အထိပ် ရောက်အောင် ကျင့်ကြံနိုင်စွမ်း ရှိခဲ့တယ်…”
ဝမ်လင်းနောက်မှ အဘိုးအို၏အသံထွက်လာ၏။ထိုအဘိုးအိုက သူ့လက်ကို ပင့်မြှောက်ကာ ဝမ်လင်းကျောသို့ ညွှန်၏။
မူလစွမ်းအင် မြင့်တက်လာပြီး အဘိုးအိုထံကနေ ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်၏။
“မင်းရဲ့ လက်ရှိကျင့်ကြံမှုအဆင့်၊ ဟင်္သာငှက်နှစ်ခါ နိုးထနိုင်မှုနဲ့အတူ အဖြူရောင်ဟင်္သာငှက်ပေါ်ထွက်မှုနဲ့ ဟင်္သာငှက်မီးတောက်ချပ်ဝတ် ပေါ်ထွက်မှုတို့ကြောင့် မင်းဟာ ပထမအသွင်ပြောင်းခြင်းကို ကျင့်ကြံနိုင်စွမ်း ရှိသင့်တယ်…”
ဝမ်လင်း ပတ်ပတ်လည်ရှိ မီးတောက်များအားလုံးသည် ရုတ်ချည်း အထက်သို့ ပျံ့လွင့်သည်။ ထို့နောက် တစီစီအသံလှိုင်းများ ပေါ်လာကာ ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သည်။ ယင်းအသံမှာ မိုးကြိုးခြိမ်းသံအလား ကြယ်ကွင်းပြင်အနှံ့ ပျံ့လွင့်သွားသည်။
ဟင်္သာငှက်နတ်ဂြိုဟ်များထဲမှ တစ်ခုပေါ်၌ မိုးထိမြင့်မားသည့် တောင်ကြီးတစ်လုံး ရှိ၏။ ထိုတောင်မှာ မီးတောက်များနှင့် ဖုံးအုပ်နေကာ အဆက်မပြတ် လောင်ကျွမ်းနေသည်။ ထူးဆန်းစွာပင် ယင်းတောင်ပေါ်၌ သစ်ပင်ပန်းမန်များ ပေါက်၏။ သို့သော်လည်း ယင်းအပင်တို့မှာ အစိမ်းရောင်မဟုတ်၊ ခရမ်းနီရောင်များ ဖြစ်ကြ၏။
အပူလှိုင်းပါဝင်သည့် လေပြေညင်း ရိုက်ခတ်လာရာ သစ်ရွက်လေတိုးသံများ ဖြစ်ပေါ်စေသည်။
ထိုတောင်ထိပ်ပေါ်၌ လူတစ်ယောက် ထိုင်နေ၏။ ထိုသူ၏ ဦးခေါင်းမှာ ကြီးမားကာ ခန္ဓာကိုယ်ကမူ အတော်လေး သေးသည်။ သူသည် မျက်လုံးမှိတ် ကျင့်ကြံနေ၏။ မိုးကြိုးချိန်းသံ ဖြတ်သန်းသွားချိန်၌ သူသည် မျက်လုံးဖွင့်ကာ ကောင်းကင်ထက်သို့ မော့ကြည့်သည်။ သူ့မျက်လုံးတို့မှာ အလွန်တည်ငြိမ်၏။
“သခင်ရဲ့ ကျင့်ကြံမှုအဆင့်က တိုးတက်နေတုန်းပဲ…။ငါလည်း ဒီခန္ဓာကိုယ်အသစ်နဲ့ မြန်နိုင်သမျှ မြန်မြန် လိုက်လျောညီထွေ ဖြစ်အောင် လုပ်မှ ဖြစ်မယ်…”
ထိုသူက ခေါင်းကြီးပင်။
နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ ခေါင်းကြီး၏ခန္ဓာကိုယ်မှာ ပျက်စီးခဲ့ရ၏။ ဟင်္သာငှက်နတ်ကလန်သို့ ရောက်လာသည့်နောက် သူသည် နိဗ္ဗာနဖြိုခွဲခြင်းအဆင့် အကြီးအကဲများထံမှ အကူအညီအချို့ ရရှိခဲ့သည်။ မီးကို အသွေးအသားအဖြစ်အသုံးပြု၊ သစ်သားကို အရိုးအဖြစ် အသုံးပြု၊ မူလစွမ်းအင်ကို သွေးအဖြစ် အသုံးပြုကာ ထိုအကြီးအကဲများသည် အရင်တုန်းက သူ့ခန္ဓာကိုယ် ကဲ့သို့ ချွတ်ဆွတ်တူအောင် ပြန်တည်ဆောက်နိုင်ရန် ကူညီပေးခဲ့သည်။
ခေါင်းကြီးသည် သည်ခန္ဓာကိုယ်ကို ဆက်လက်သန့်စင်မွမ်းမံနေကာ သူ့ကိုယ်သူ အသားပိုကျလာလောင် ကျင့်ကြံနေ၏။ ထို့နောက် သူသည် အရင်ထက် ပိုအစွမ်းထက်သော မန္တာန်များကိုပါ အသုံးပြုလာနိုင်စွမ်း ရှိပေမည်။
သည်နေရာတွင် ခေါင်းကြီးတစ်ယောက်တည်း မဟုတ်ပေ။ လိုင်ဂျီသည်လည်း အကွာအဝေးတစ်ခုရှိ လှိုဏ်ဂူထဲ၌ ထိုင်နေ၏။ သူ့ခန္ဓာကိုယ်မှ ချွေးစက်ချွေးပေါက်များ ကျနေသည်။ သူ့ရှေ့၌ အနီရောင်ကျောက်စိမ်းပုလင်းအချို့ ရှိကာ ယင်းပုလင်းများထဲမှ ဆေးလုံးများသည် သူ စုပ်ယူနိုင်ရန် အတွက် ဖြစ်သည်။
ကောင်းကင်ထက်တွင် စောနက မိုးကြိုးဟိန်းသံသည် လွင့်ပါးလာရင်း လောင်ကျွမ်းကြယ်ကွင်းပြင်၏ အတော်ဝေးဝေးထိ ရောက်ရှိသွား၏။ သည်ကြယ်ကွင်းပြင်အတွင်း ပုံပန်းပျက်ဂြိုဟ်တစ်လုံး ရှိ၏။ မုန်တိုင်းတစ်ခုသည် သည်ဂြိုဟ်ပေါ်ရှိ အနီရောင်သဲကန္တာရ ပေါ်တွင် တိုက်ခတ်လာ၏။
ထိုမုန်တိုင်းက ကောင်းကင်ထက်သို့ မြင့်တက်၏။ မုန်တိုင်းတစ်လျှောက် သဲမှုန့်များသည် နေရာအနှံသို့ လွင့်ကြဲကာ မီးပွားမီးပွင့်များပါ ဖြစ်ပေါ်လို့နေ၏။
သည်မုန်တိုင်းကြောင့် ဖြစ်ပေါ်သော လေတိုက်ခိုက်မှုတွင်ပင် အပူလှိုင်းများ ပါ၏။
မိုးကြိုးဟိန်းသံ ဖြတ်သန်းသွားခိုက်၌ ထိုမုန်တိုင်းမှာ ရုတ်တရပ် ရပ်တန့်သွားကာ ဝဲကတော့အသွင် ဖြစ်သည်။ထို့နောက် ယင်းဝဲကတော့ထဲကနေ လူတစ်ယောက် လှမ်းလျှောက်ထွက်လာ၏။
ထိုသူ၏ခန္ဓာကိုယ်မှာ ကြီးမားလွန်း၏။ အသွေးအသားပုံကြီးအလားပင်။ ခုချိန်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး ချွေးများ စိုရွှဲနေ၏။
သူ့မျက်နှာပေါ်ရှိ ချွေးများကို သုတ်လိုက်ပြီးနောက် ထိုအသွေးအသားပုံအဘိုးအိုက ကောင်းကင်ထက်သို့ မော့ကြည့်ကာ ခေါင်းယမ်း၍ ဆိုသည်။ “ငါ ဝမ်လင်းနဲ့ တွေ့ကြုံခဲ့ရချိန်ကစလို့ ဒီအဘိုးအိုဟာ ကံဆိုးမှုနဲ့အတူ တွဲလျက် ဖြစ်နေခဲ့တာ။ ငါဟာ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်။ အန်း…ဒါပေမယ့်လည်း ကံကောင်းစွာနဲ့ ဒီဝမ်လင်းဟာ အကျိုးအကြောင်းမသိတဲ့သူတော့ မဟုတ်ဘူး။ ဟင်္သာငှက်နတ်ကလန်အတွင်းမှာ ရှိနေတာက အပြင်မှာထက်စာရင်တော့ ဒီအချိန်မှာ အများကြီး ပိုလုံခြုံတယ် မဟုတ်လား…”
“လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက ဝမ်လင်းရဲ့ ချိပ်ပိတ်မှုက ပြေလျော့သွားခဲ့ပြီ။ ဒါပေမယ့် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ တိုက်ပွဲတွေ ပြီးတဲ့နောက် ချိပ်ပိတ်မှု မရှိရင်တောင် ငါဟာ ဒီဝမ်လင်းကို သွားမရှုပ်ဝံ့ဘူး။ သူ့မန္တာန်တွေက ကြောက်မက်ဖွယ် ကောင်းလွန်းလှတယ်…”
ထိုအဘိုးအိုမှာ အရှင်ချိုင့်လေ ဖြစ်၏။ အရှင်ချိုင့်လေသည် ဝမ်လင်း နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် အသုံးပြုခဲ့သော နေသာသောညမန္တာန်အကြောင်း တွေးမိရုံဖြင့်ပင် သူ့စိတ်နှလုံးကြောက်ရွှံ့နေစေဖို့ လုံလောက်ပေသည်။ ထို့ကြောင့် ရှေးဟောင်းအချိန်များက အိပ်မက်မန္တာန်ဆိုလျှင်တော့ ပြောနေစရာပင် လိုတော့မည် မဟုတ်ပေ။
မိုးကြိုးဟိန်းသံသည် ဆက်လက် ပျံ့နှံ့လာသေးသည်။ လောင်ကျွမ်းကြယ်ကွင်းပြင် အပြင်အဝန်းအဝိုင်းတွင် ဂြိုဟ်ငယ်တစ်လုံး ရှိ၏။ ထိုဂြိုဟ်ပေါ်ရှိ မီးတောက်များက အစီအရင်တစ်ခုအသွင် ဖြစ်တည်နေသည်။
ထိုအစီအရင်၏ ဗဟိုချက်၌ လူတစ်ယောက်ထိုင်နေ၏။ ထိုသူ၏ မျက်နှာမှာ မောက်မာမှုအပြည့်ကို ပေးနေ၏။ သူသည် ကျင့်ကြံနေရင်း သူ့ခန္ဓာကိုယ်ကနေ မကောင်းဆိုးဝါးအော်ရာကို ထုတ်လွှတ်နေသည်။
ထိုအစီအရင်၏ အလယ်ဗဟိုချက် သူ့ဦးခေါင်းထက်တွင် ဧရာမရေခဲပိုင်းကြီး ရှိ၏။ အစီအရင်မှ မီးတောက်များသည် ထိုရေခဲအတွင်းသို့ ဝင်ရောက်ကာ ပြောင်းလဲခြင်းခံရပြီး အောက်ဘက်မှ သူသည် ယင်းပြောင်းလဲသွားသည့်စွမ်းအင်ကို စုပ်ယူပေသည်။
ထိုသို့ စုပ်ယူနေရင်း သူ့ဒဏ်ရာများသည် တဖြည်းဖြည်း ကောင်းမွန်လာကာ ပို၍ပင် အစွမ်းထက်လာ၏။ အရေးကြီးဆုံးကတော့ သူ့ခန္ဓာကိုယ်ထဲရှိ အဆိပ်မှာ ရေခဲနှင့်မီးတို့၏ လုံးဝ ဖိနှိပ်ခြင်းကို ခံထားလိုက်ရခြင်းပင်။
မိုးကြိုးဟိန်းသံ ကောင်းကင်ထက်တွင် ဖြတ်သန်းသွားချိန်၌ ထိုသူသည် မျက်လုံးဖွင့်လာ၏။ သူ့နှဖူးထက်ကနေ ချွေးများ တဒီးဒီးကျနေသည်။ ရေခဲပိုင်းကြီး ရှိနေသော်လည်း သည်နေရာရှိ အပူက သူ့အား အဆက်မပြတ် ချွေးပြန်စေ၏။
“ငါ ဆက်သည်းမခံနိုင်တော့ဘူး…” ထိုသူက မာန်သွင်းအော်ဟစ်ကာ လေထဲသို့ ခုန်တက်၍ ရေခဲပိုင်းကို ပွေ့ဖက်၏။ သူ့ခန္ဓာကိုယ်မှာ တုန်ယင်လာ၏။ သူသည် သက်တောင့်သက်သာ ဖြစ်ဟန် ပေါက်လာသည်။ သို့ရာတွင် သူ အချိန်အတန်ကြာ သက်တောင့်သက်သာဖြစ်မှုကို မခံစားနိုင်ခင်မှာပင် အကွာအဝေးတစ်ခုမှ အေးစက်စက်နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာ၏။
“မင်း အဆိပ်ကြောင့် မသေချင်ရင် ဒီအဘိုးအိုအတွက် အောက်ကို ပြန်ဆင်းလိုက်စမ်း…”
“သင့်ရဲ့ ဒီသောက်နေရာဟာ ပူလွန်းတယ်။ ငါ့ညီကိုကြောင့်သာ မဟုတ်ရင် ငါ ထွက်သွားခဲ့တာ ကြာနေပြီ…” ထိုသူက ရေခဲကို ပိုတင်းကြပ်စွာ ဖက်ကာ အအေးစွမ်းအင်များစွာကို စုပ်ယူ၏။
ထိုအခိုက်မှာပင် အကွာအဝေးတစ်ခုကနေ အနီရောင်အလင်းတန်းတစ်ခု ရောက်လာသည်။ ထိုအလင်းတန်းက နီးကပ်လာသည်နှင့် ဟင်္သာငှက်နတ်ကလန်၏ နိဗ္ဗာနဖြိုခွဲခြင်းအဆင့် အကြီးအကဲ အဖြစ်သို့ ပြောင်းသွား၏။ သူ ရောက်လာချိန်၌ သူသည် မျက်မှောင်ကြုတ်ကာ လေဟာနယ်ထဲသို့ ရိုက်ချ၏။
ဖပ်ခနဲ အသံနှင့်အတူ ထိုသူသည် ရေခဲပိုင်းကနေ ကွာထွက်ကာ မြေပြင်ထက်သို့ ပြန်ပြုတ်ကျသွားရ၏။
“ကောင်လေး စစ်ထူ…ဒီအဘိုးအိုကို နတ်အင်ပါယာက မင်းခန္ဓာကိုယ်ထဲက အဆိပ်ကို ထုတ်လွှတ်စေဖို့ အမိန့်ပေးထားတယ်။ ဒါ့ကြောင့် မင်း ငါ့အမိန့်ကို နားထောင်ဖို့ လိုမယ်…။မဟုတ်ရင် ဒီအဘိုးအို မင်းကို သင်ခန်းစာ ပေးမှ အပြစ်လာမတင်တော့နဲ့…”
ထိုသူမှာ စစ်ထူနန် ဖြစ်၏။ သူသည်လည်း နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် ဒဏ်ရာအပြင်းအထန် ရခဲ့ရာ ထို့အတွက်ကြောင့် သူ့အဆိပ်သည် ပေါက်ကွဲထွက်ခဲ့၏။ ဟင်္သာငှက်နတ်ကလန်ကြောင့်သာ မဟုတ်ပါက သူ့အတွက် နှစ်နှစ်နေရဖို့ပင် မဖြစ်နိုင်တော့ပေ။
သို့သော် သည်နှစ်နှစ်က သူ့အတွက် အလွန်နာကျင်စေ၏။ သူ့နာကျင်မှုများထဲက အကြောင်းရင်းတစ်ခုမှာ သူအတော်လေး မုန်းမိနေသည့် သည်အကြီးအကဲပင်။ စစ်ထူနန်က သည်အဘိုးအိုကို မည်မျှကြိုးစား၍ ပြောဆိုပါစေ အသုံးမဝင် ဖြစ်ရ၏။ စစ်ထူနန် ဒေါသထွက် ပြန်တုန့်ပြန်လာတိုင်းလည်း မန္တာန်တစ်ခုသည် သူ့အား ထိမှန်နေစမြဲ ဖြစ်နေ၏။
“နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူတွေရဲ့ ကြီးကျယ်မှုက ဘာလဲ။ သေလိုက်တော့..စောင့်နေပါ။ အနှေးနဲ့အမြန်ပဲ ငါက သင့်ကို ဘယ်လိုပြန်ခံစားရစေမလဲဆိုတာ မြည်းစမ်းခိုင်းမယ်…”
စစ်ထူနန်သည် မကျေမချမ်းဆိုရင်း မြေပြင်ထက်မှ ပြန်ထကာ စိတ်မပါဘဲ ဆက်လက် ကျင့်ကြံလိုက်၏။
အဘိုးအိုသည် ပြုံးသည်။ သည်နှစ်နှစ်အတွင်း သူသည် သည်ကောင်လေးစစ်ထူနန်နှင့်ပတ်သတ်၍ အတော်လေး အမြင်ကောင်း ရှိနေ၏။ သူသည် စစ်ထူနန်က ရေခဲထံမှ အအေးစွမ်းအင်ကို စုပ်ယူခြင်းအား တားဆီးခြင်းသည် စစ်ထူနန် ကောင်းဖို့အတွက်သာ ဖြစ်သည်။
သူသည် စစ်ထူနန်ကို တိုက်ခိုက်ရာ၌လည်း တိကျသောစွမ်းအားနှင့် တိုက်ခိုက်၍ သူ့အား ဘယ်တော့ မထိခိုက်စေခဲ့ပေ။ ထိုအဘိုးအိုက ပြုံး၍ ပြောလိုက်၏။ “ကောင်းတယ်…မင်း ပြောတဲ့နေ့ကို ဒီအဘိုးအို စောင့်နေမယ်…”
“စောင့်နေစမ်းပါ…” အမှန်တော့ စစ်ထူနန်က သည်အဘိုးအိုမှာ သူကောင်းဖို့အတွက် လုပ်ပေးနေမှန်း စိတ်ထဲကနေ သိ၏။ သို့သော် သည်နေရာရှိ အပူမှာ တောင့်မခံနိုင်လောက်အောင် ပူ၏။ ပိုဆိုးသည်က သူ့လွတ်လပ်မှုပင်။ သူသည် အရင်တုန်းက ဘုရင်လိုဘဝမျိုး နေခဲ့ရချိန်အကြောင်း တွေးမိတိုင်း သက်ပြင်းမချမိဘဲ မနေနိုင် ဖြစ်ရ၏။
“ဖန်လန်ဂြိုဟ်ရဲ့ ကောင်မလေးတွေ…ဒီအဘိုးအို ပြန်လာမှာကို စောင့်နေလိုက်…”
ကောင်းကင်ထက်ရှိ ဖြတ်သန်းသွားသည့် မိုးကြိုးဟိန်းသံမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဝမ်လင်းသည် အသက်ဝဝရှုသွင်း၏။ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ဝေ့ယမ်းသည်။ သူ့အောက်ဘက်ရှိ အဖြူရောင်ကျောက်တုံးထံမှ ပိုများသည့် အပူဓာတ်တို့ ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာတော့သည်။
ဝမ်လင်းနောက်ရှိ အဘိုးအိုသည်လည်း ပို၍ ဖြူရောနေပေပြီ။ သူ့ပတ်လည်ရှိ သေဆုံးခြင်းအော်ရာမှာလည်း ပိုအားကောင်းလာခဲ့၏။ သူသည် ခပ်ရှရှစကားဆိုလာသည်။ “ငါ သိပ်သိပ်ကြာကြာ မနေရတော့မှာ စိုးရွှံ့မိတယ်…”
“မင်း ငါ မသေခင်မှာ ပထမအသွင်ပြောင်းခြင်းကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ဖို့ ငါ မျှော်လင့်မိတယ်….။ ဒါဆိုရင် ဟင်္သာငှက်နတ်ကလန်ကို မင်းလက်ထဲမှာ ငါ စိတ်ချလက်ချ ထားခဲ့နိုင်ပြီ…”
“ပထမအသွင်ပြောင်းခြင်းကို ကျွမ်းကျင်ပြီးတာနဲ့ မင်းက ဟင်္သာငှက်နတ်ကလန်ရဲ့ တော်ဝင်ရတနာကို ထိန်းချုပ်လာနိုင်လိမ့်မယ်…”
ဝမ်လင်းသည် သူ့လက်ကို ပြန်ချ၏။ သူ့သွေးကြောများထဲ၌ အပူစွမ်းအင်သည် ရွှေ့လျားနေ၏။ ထို့နောက် သူသည် လေပူတစ်ချက်ကို မှုတ်ထုတ်ကာ မျက်လုံးဖွင့်လာချေသည်။
ခုချိန်၌ သူ့မျက်လုံးတို့မှာ မည်သို့ဖော်ပြရန်မှန်းပင် မသိတော့ပေ။ သူ့မျက်လုံးနှစ်လုံးကို လောကရှိ အရာအားလုံး ပါဝင်သည့် ကြယ်ရောင်စုံကောင်းကင်ဟု ဆိုရမည်လော။ ထိုတောက်ပသော အကြည့်ဖြင့် ဆုံမိသည်နှင့် အခြားသူများ ခေါင်းငုံ့သွားစေဖို့ လုံလောက်နေပေပြီ။
ဝမ်လင်းသည် တည်ငြိမ်စွာ ပြော၏။ “နတ်အင်ပါယာ စိတ်ချပါ။ ကျနော် အကောင်းဆုံး လုပ်ဆောင်မှာပါ…”
“အဇူရာနဂါးအင်ပါယာက မိုးကောင်းကင်ဘုံနယ်မြေထဲမှ ပိတ်မိနေတယ် ထင်တယ်လို့ မင်း ပြောဖူးခဲ့တယ်မလား။ ဒီကိစ္စက ကြီးလွန်းတယ်။ ဒါပေမယ့် မိုးကောင်းကင်ဘုံနယ်မြေကို ဖွင့်လှစ်ဖို့က ကျင့်ကြံခြင်းမဟာမိတ်က ထိန်းချုပ်ထားတာ။ မိုးကောင်းကင်ဘုံနယ်မြေ သလင်းကျောက် မရှိဘဲ ဖွင့်ဖို့ မဖြစ်နိုင်ဘူး…”
“ငါ့နတ်လေးပါးကလန်ရဲ့ ခုလက်ရှိ အင်အားနဲ့ ငါတို့က ကျင့်ကြံခြင်းမဟာမိတ်ကို ဖက်ပြိုင်လို့ မရသေးဘူး။ မိုးကောင်းကင်ဘုံနယ်မြေ သလင်းကျောက်ရဖို့ ငါ နည်းလမ်းတစ်ခုတော့ ရှာရမယ်။ ဒါပေမယ့် ငါက ဒီသလင်းကျောက်နဲ့အတူ အဇူရာနဂါးအင်ပါယာကို ကယ်တင်ဖို့ မင်းနဲ့ ထားခဲ့ရလိမ့်မယ်…”
အဘိုးအို၏အသံသည် အားနည်းလွန်းနေ၏။ ရှည်ကြာလွန်းစွာ ရှင်သန်နေရခြင်းက သူ့ကို ရုပ်ပိုင်း၊စိတ်ပိုင်းတွင် မောပန်းနေစေပေပြီ။ သို့သော် ခုချိန်တွင် သူသည် နတ်လေးပါးကလန်ကနေ ထွက်မသွားနိုင်သေးပေ။ ထို့ကြောင့် သည်လောက် ရှည်ကြာစွာ သူ နေထိုင်နေခြင်း ဖြစ်၏။ သူသည် သူ့တတိယကောင်းကင်ဘုံဒုက္ခမှ အဆုံးမဲ့နာကျင်မှုကို နေ့စဉ်နေ့တိုင်း တောင့်ခံရပေဦးမည်။
ဝမ်လင်းသည် အနည်းငယ် စဉ်းစားနေ၏။ သူက ပြန်မကျင့်ကြံခင် ခပ်တိုးတိုး မေးလိုက်၏။ “ကျနော့် စီနီယာအစ်ကို ချင်းရွှေရဲ့ သတင်းကော တစ်ခုခု ကြားမိသေးပါသလား…”
“ဒီအဘိုးအိုက ချင်းရွှေရဲ့ နာမည်ကို ကြားဖူးခဲ့တာ ကြာလှပြီ။ ငါ့နတ်လေးပါးကလန်က သူ့ကို ရှာဖို့အတွက် ငါတို့စွမ်းအားအားလုံးကို အသုံးပြုခဲ့တယ်။ နောက်ဆုံးသူ့ကို မဟာမိတ်ကြယ်အဖွဲ့အစည်းရဲ့ အလယ်ပိုင်းဒေသနားမှာ တွေ့ခဲ့တယ်ဆိုတာ သိခဲ့တယ်။ ဒါ့ကြောင့် သူဟာ မဟာမိတ်ဌာနချုပ်ဧရိယာအတွင်းမှာ ရှိနေနိုင်လောက်တယ်…”
အနည်းငယ် စဉ်းစားပြီးနောက် အဘိုးအိုက ပြောလာ၏။ “မဟာမိတ်ဌာနချုပ်က ဒီနှစ်နှစ်လုံး ချိပ်ပိတ်ပြီးနေနေတာဟာတ ချင်းရွှေနဲ့ ပတ်သတ်လို့ အလုပ်များနေကြတာ ဖြစ်လောက်တယ်လို့ ငါ ထင်တယ်…”
***