ကောင်းကင်တံတားမြစ်၏ ကမ်းစပ်နားမှထွက်ခွာခဲ့ပြီးနောက် ပိုင်ရှောင်ချန်းမှာ စိတ်ဓာတ်များ တက်ကြွနေတော့သည်။ ထို စကားပုံကို အမှတ်ရနေရန် လိုအပ်ကြောင်း ဆုံးဖြတ်လိုက်သည်။ အလွန်အသုံးဝင်လှသည် မဟုတ်ပါလော။
” ဟွန်းး။ နောက်ဆို ငါမကြိုက်တာတွေ့တိုင်း အဲ့ စကားပုံကိုသုံးပြီး လူတွေကို ခြောက်လှန့်လို့ရပြီ။ အဲ့စကားကြားလိုက်တာနဲ့ လူတိုင်း အမြီးကုပ်သွားစေရမယ်။ ” သားရဲမွေးမြူရေးခြံသို့ ပြန်ပြီးနောက် သူက နတ်ရေစင်ဆေးလုံးကို သန့်စင်ရမည့် နည်းလမ်းများအကြောင်း တွေးလိုက်သည်။ အနည်းငယ် တွန့်ဆုတ်နေပြီးနောက် သူက အံကြိတ်လိုက်ကာ စတင် အလုပ်လုပ်လိုက်တော့သည်။
နတ်ရေစင်ဆေးလုံးကို ဖန်တီးရန် သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်ကို ဆေးပေါင်းဖိုတစ်ခုကဲ့သို့ အသုံးချရန် လိုအပ်သည်။ ဒုတိယမြောက်နေ့တွင် သူ၏အော်ဟစ်သံများပေါ်ထွက်လာပြီးနောက် တဖွတ်ဖွတ်မြည်သံများပါ ထွက်လာပြီး သူက အခန်းထဲမှ ပြေးထွက်လာတော့သည်။
အပြင်သို့ရောင်သည်တိုင်အောင် သူ၏နောက်တွင် တဖွတ်ဖွတ်မြည်သံများကို ထပ်၍ ကြားနေရဆဲပင်။
” ဘာလို့ဒီလိုမျိုး ဖြစ်နေရတာလဲ။” သူက ရေရွတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ် အတွင်းပိုင်းတွင် ဝဲဂယက်ထနေသည့် အငွေ့များဖြင့် ပြည့်နှက်နေသည့်အလား ခံစားနေရသည်။ ထိုအငွေ့များကို အပြင်ထုတ်လိုက်သည့် ဖြစ်စဥ်ကြောင့် ဘရူဆာမှာ ကြောက်လန့်ကာ ထွက်ပြေးသွားတော့သည်။ မကြာမီတွင် ဂုဏ်ထူးဆောင်အစောင့်အရှောက်ဆောင်တစ်ခုလုံးမှာ မကောင်းသည့် အနံ့အသက်များဖြင့် ပြည့်နှက်သွားသည်။
ပိုင်ရှောင်ချန်းမှာ ငိုမဲ့မဲ့နှင့် ညည်းညူနေတော့သည်။ ထိုအငွေ့အသက်များ၏ ဘေးထွက်ဆိုးကျိုးများမှာ တစ်ရက်လုံးနီးပါး မပျောက်ကွယ်သွားချေ။ ပိုင်ရှောင်ချန်းမှာ အလွန်ထိတ်လန့်သွားသဖြင့် စမ်းသပ်မှုများ ထပ်မလုပ်ရဲတော့ချေ။
” အဲ့အရာက လူတွေဖော်စပ်ရတဲ့ အရာမဟုတ်ဘူးနေမှာ။ ကြောက်စရာကြီးဟေ့။ ငါဆေးဖော်စပ်တိုင်း ဆေးပေါင်းဖိုတွေ ပေါက်ကွဲနေကြ။ ဒါပေမဲ့ နတ်ရေစင်ဆေးလုံးကိုဖော်ဖို့ ငါ့ခန္ဓာကိုယ်ကို ဆေးပေါင်းဖိုအဖြစ်အသုံးချလို့ ပေါက်ကွဲမှုဖြစ်ရင် ဘယ်လိုလုပ်မလဲ။ ” ပိုင်ရှောင်ချန်းက ထိုသို့ တွေးတောကာ ယခင်ကထက်ပင် ပို၍ကြောက်ရွံ့နေတော့သည်။ သူ၏ သနားစရာ အသက်ကလေး ဆုံးရှုံးသွားမည်ကို စိုးသဖြင့် သူက လက်လျှော့လိုက်သည်။
” အဲ့ဆေးလုံးကို သေချာပေါက် မဖော်စပ်ဘူးဟေ့။” သူက အံကြိတ်ကာ ဒဏ်ခံခဲ့ရသည့် စိတ်ညစ်စရာနေ့ရက်အကြောင်းကို ပြန်တွေးလိုက်သည့်အခါ သူ၏ ဆေးဖော်စပ်ခြင်းကြောင့် ဘေးနားရှိ နစ်နာသွားခဲ့သူများ၏ ဘဝကို အနည်းငယ် အရိပ်အမြွက်သိသွားတော့သည်။
သူက သက်ပြင်းချကာ မတ်တတ်ရပ်နေရင်း သားရဲမွေးမြူရေးခြံအပြင်ဘက်တွင် အလင်းတန်းများစွာ ပေါ် ပေါက်လာသည်။ ထိုသူများမှာ ဖက်တီးကျန်းကြီး၊ အမှတ်သုံးဖက်တီးဟီနှင့် ရွှီပေါက်ချိုင်တို့ဖြစ်သည်။ ချက်ချင်းပင် သူတို့က ဂုဏ်ထူးဆောင်အစောင့်အရှောက်ဆောင်ထဲရှိ မကောင်းသည့်အနံ့အသက်ကြီးကို သတိထားမိသွားသည်။
” ဘာအနံ့ကြီးလဲဟ။ ” ဖက်တီးကျန်းကြီးက မျက်လုံးပြုးကြီးများဖြင့် မေးလိုက်သည်။
” အဲ့တာ…. ” ရွှီပေါက်ချိုင်သည်ကား အံ့အားသင့်နေပုံပင်။ ထို့နောက် သူက အလွန်ဆိုးရွားလှသည့် အရာတစ်ခုကို တွေးမိသွားသဖြင့် ချက်ချင်းပင် ထိုအတွေးကို ခေါင်းထဲမှထုတ်လိုက်သည်။
အမှတ်သုံးဖက်တီးဟီကမူ သွယ်လျလှပေသာ မိန်းမပျိုတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ သူမ၏ အသားအရေမှာ မဖြူလှသော်လည်း သူမသည် အရပ်မြင့်ကာ သူရဲကောင်းတစ်ယောက်၏ အသွင်အပြင်ရှိသည်။ ထိုအချိန်တွင် သူမပင် မျက်မှောင်ကြုတ်နေရတော့သည်။
ပိုင်ရှောင်ချန်းမှာ အနည်းငယ်ရှက်သွေးဖြာကာ ချောင်းဟန့်လိုက်သည်။
” အော် အဲ့တာ ဘရူဆာကြောင့်။ သူမနေ့က မကောင်းတဲ့ အသားတွေ စားလာတာ။”
ထိုအချိန်တွင် ဘရူဆာက ခပ်လှမ်းလှမ်းတွင် ရပ်နေပြီး ပိုင်ရှောင်ချန်း၏ ပြောစကားများကို ကြားလိုက်ရသောအခါ သူက ထအူရန် ပြင်လိုက်သည်။ သို့သော်လည်း ပိုင်ရှောင်ချန်းက သူ့ကို ပြူးကြည့်လိုက်သဖြင့် သူက စိတ်ပျက်လက်ပျက် ထိုင်ချကာ ထိုလူအုပ်စုကိုသာ ကြည့်နေတော့သည်။
ဖက်တီးကျန်းကြီးနှင့် အခြားလူများမှာ သံသယစိတ်များ ရှိနေဆဲဖြစ်ကြောင်း သိသဖြင့် ပိုင်ရှောင်ချန်းမှာ လျင်မြန်စွာပင် စကားလမ်းကြောင်းလွှဲလိုက်သည်။
” ဒါနဲ့..မင်းတို့က ဒီကို ဘာလာလုပ်ကြတာလဲ။”
ထိုအနံ့အသက်ဆိုးကြီးအကြောင်းကို ပိုင်ရှောင်ချန်းအား ထပ်မမေးတော့လို၍ ဖက်တီးကျန်းကြီးက ဆိုလိုက်လေသည်။
” ငါတို့ မင်းကိုလာနှုတ်ဆက်တာ။ နက်ဖန်ဆို တတိယအသုတ်ကို တည်နေရာရွှေ့ပြောင်းတော့မှာ။ ငါတို့သုံးယောက်က အဲ့အသုတ်ထဲပါတယ်လေ။”
ပိုင်ရှောင်ချန်းမှာ ထိုစကားလုံးများကိုကြားလိုက်ရသောအခါ သူ၏နှလုံးသားမှာ တုန်ရီသွားတော့သည်။ ဖက်တီးကျန်းကြီး၊ အမှတ်သုံးဖက်တီးဟီနှင့် ရွှီပေါက်ချိုင်တို့မှာ သူ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင်ရှိနေခဲ့စဥ်တုံးက သူတို့၏ ကျင့်ကြံခြင်းအခြေခံမှာ သိသာစွာတိုးတက်သွားကြပြီဖြစ်သည်။ ဤအချိန်တွင်မူ သူတို့မှာ အတွင်းစည်းဂိုဏ်းသားများ ဖြစ်နေကြပြီဖြစ်သည်။
သူတို့ထဲက မည်သူမှ အခြေခိုင်မာခြင်းအဆင့်သို့ မရောက်ရှိသေးပေ။ ချီစုစည်းမှုစက်ဝန်းထဲတွင်သာ ရှိကြသေးသည်။ ထိုသို့သောလူများမှာ တိုက်ပွဲတွင် သိပ်၍ အသုံးမဝင်ချေ။ သို့သော်လည်း ထိုလူမျိုး အရေအတွက်များစွာပါသည့် အုပ်စုကြီးတစ်ခုကမူ မန္တန်အစီအရင်တစ်ခုကို စွမ်းအင်ပေးနိုင်မည်ဖြစ်ပြီး ကြောက်မက်ဖွယ်စွမ်းအားများကို ထုတ်လွှတ်ပေးနိုင်မည်လည်း ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ ဘာပြောရမှန်းမသိသဖြင့် ဆိတ်ဆိတ်နေတော့သည်။ သူတို့တစ်ဖွဲ့လုံးမှာ ပခုံးပေါ်တွင် ဝန်ထုပ်ကြီးများ ထမ်းထားရသကဲ့သို့ ဖြစ်နေသည်။
” ငါတို့ စစ်ပွဲကို ရှုံးချင်မှလည်း ရှုံးမှာပါ။ ငါတို့မဖြစ်မနေ တိုက်ရမယ်ဆိုမှတော့ အကုန်အင်အားတွေစုပေါင်းပြီး ရန်သူကို အပြန်ရှင်းကြတာပေါ့။” အမှတ်သုံး ဖက်တီးဟီက ဆိုသည်။ သူမ၏ စကားလုံးများကြောင့် ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်တို့၏ စိတ်ဓာတ်များမှာ တက်ကြွလာတော့သည်။
ပိုင်ရှောင်ချန်းက သူ၏မိတ်တွေများကို ဝေ့ဝိုက်ကြည့်ကာ မြေခဓားကမ္ဘာမဟူရာချောက်ထဲတွင် သေဆုံးသွားခဲ့ရသည့် ရဲဘော်များအကြောင်းကို ပြန်တွေးမိသွားတော့သည်။ ဖက်တီးကျန်းနှင့် အခြား သူနှင့်ရင်းနှီးသည့်မိတ်ဆွေများသာ တိုက်ပွဲတွင် ထိုသို့ ကျဆုံးသွားပါက မည်သို့ခံစားမည်ကို သူက စိတ်ပင်မကူးရဲချေ။ ထိုတိုက်ပွဲတွင် မည်သူ့ကိုမှ သူက မသေစေချင်ပေ။ မည်သည့်စစ်ပွဲကိုမှ သူမလိုချင်ပေ။ လူတိုင်း အတူတကွ ပျော်ပျော်ရွှင်ရွှင်နေရန်သာ သူကအလိုရှိသည်။
” ရှောင်ချန်းရေ အဲ့လိုကြီး ဖြစ်မနေပါနဲ့ကွာ။ ” ဖက်တီးကျန်းကြီးက ဆိုသည်။
” ငါတို့လည်း သေချင်မှ သေမှာပါ။ လာလာ။ ငါတို့အတူတူ မသောက်ရတာ ကြာလှပြီ။ အမူးသောက်ရအောင်ဟေ့။” သူက အားပါးတရရယ်မောကာ သူ၏ အိတ်ထဲမှ အရက်ပုလင်းကြီးတစ်ပုလင်းကိုထုတ်လိုက်လေသည်။ လူတိုင်းက ထိုင်ချကာ သောက်စားလိုက်ကြတော့သည်။
အချိန်များမှာ ကုန်ဆုံးသွားသည်။ သူတို့စကားပြောရင်းပြောရင်း စောစောက လေးလံထိုင်းမှိုင်းနေသည့် စိတ်များမှာပျောက်ကွယ်သွားတော့သည် ဖက်တီးကျန်းကြီးမှာ တချိန်လုံးရယ်မောနေရင်း ပိုင်ရှောင်ချန်း ဂိုဏ်းရောက်စက ဖြစ်ခဲ့သည့် ကမောက်ကမများအကြောင်းကို ပြောနေတော့သည်။
” နေပါဦး။ အဲ့ ဝိညာဥ်အမြီးကြက်တွေလေ။ အရသာ သိပ်ရှိတယ်ကွာ။ အခုတောင် လွမ်းလာပြီ။” ပိုင်ရှောင်ချန်းက ရယ်မောကာ ဆိုသည်။
” နင်တို့နှစ်ယောက်ကြောင့် အဲ့အဖွဲ့ထဲ ငါပါ ပါရတာ။” အမှတ်သုံးဖက်တီးဟီက နီမြန်းနေသည့် မျက်နှာဖြင့် ဆိုသည်။ သူမက ထိုကြက်သူခိုးမိစ္ဆာကိစ္စထဲတွင် ပါဝင်ခဲ့သည်ဖြစ်သဖြင့် သူမ ဆရာ၏ ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရသည်။
ရွှီပေါက်ချိုင်မှာ ပိုင်ရှောင်ချန်းကို ပေးခဲ့သည့် သွေးနှင့်ရေးထားသည့် ခြိမ်းခြောက်စာအကြောင်းကို ပြန်တွေးကာ ဝမ်းနည်းစွာဖြင့် သူ၏ ရင်ဘတ်ကို တဒုန်းဒုန်းထုနေသည်။ တချိန်တွင် သူတို့ထဲကတစ်ယောက်က ကြက်တစ်ကောင်သွားခိုးရန် အကြံပေးလိုက်သဖြင့် တစ်ခဏအတွင်းတွင် သူတို့က တောင်ခြမ်းဆီသို့ အပြေးသွားလိုက်ကြလေသည်။ အနည်းငယ်ကြာသောအခါ သူတို့၏လက်ထဲတွင် ကြက်အနည်းငယ်ပါလာပြီး သူတို့က မီးဖိုကာ ကင်လိုက်ကြတော့သည်။
ညနေခင်းသို့ရောက်လာချိန်တွင် ဖက်တီးကျန်းကြီးက စားဖိုဆောင်သို့ ပြန်သွားရန် အကြံပေးလိုက်လေသည်။ စားဖိုဆောင်ရှိ ဂိုဏ်းသားများက သူတို့ကိုမြင်လိုက်ရသောအခါ ပျော်ရွှင်သွားကြလေသည်။ ယခင်နှစ်ပေါင်းများစွာကထဲက ယခုအထိ ထိုတွင်အလုပ်လုပ်နေကြသေးသည့် ဖက်တီးများမှာ ပို၍ပင် ဝမ်းသာနေကြသည်။ သူတို့မှာ တုန့်ဆိုင်းမနေပဲ အစားအသောက်နှင့် အရက်များစွာကို ထုတ်ပေးလိုက်ကြတော့သည်။
ရယ်မောသံများနှင့် စကားသံများက လေထဲတွင် ပျံ့လွင့်နေချိန်တွင် ဟိုရှောင်မေ့ရောက်လာလေသည်။ ပိုင်ရှောင်ချန်းက သူမကို သူ့ဘေးနားသို့ဆွဲခေါ်လိုက်လေသည်။ သူမက အရက်သောက်ရင်း သူမ၏ ချစ်စဖွယ်မျက်နှာလေးမှာ ပို၍နီမြန်းလာသဖြင့် ပို၍ပင် ဆွဲဆောင်မှုပြင်းလာတော့သည်။
ချန်ဖေးမှာ အဖိတ်မခံရသော်လည်း ရောက်လာလေသည်။ ထို့နောက် ညဥ့်နက်လာပြီး မကြာခင် ပိုင်ရှောင်ချန်းမှာ မူးနေတော့သည်။
ယခင်ကထက် စိတ်များပေါ့ပါးနေသဖြင့် သူက အမှတ်သုံး ဖက်တီးဟီကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။
” အမှတ်သုံး မိန်းကလေး။ ခွေးကောင်။ မင်းကို ယောကျ်ားကြီးလို့ အမြဲထင်ခဲ့တာ။မင်းက မိန်းကလေးဖြစ်နေတာ ငါ့ဖြင့် မယုံနိုင်ဘူး ”
အမှတ်သုံးဖက်တီးဟီကမူ သူ့ကိုစိုက်ကြည့်ကာ အေးစက်စက်နှာမှုတ်လိုက်ပြီး တစ်ခွက်သောက်လိုက်လေသည်။
” ဟေ့ ဖက်တီးကြီး။မျက်နှာမှာ ကျောက်ပေါက်ရာတွေနဲ့ အစ်မကြီးကို မှတ်မိတယ်မလား။ ငါ့ကို စားဖိုဆောင်ဆီ ခေါ်လာတဲ့တစ်ယောက်လေ။ အဲ့ တိုလီမုတ်စလုပ်တဲ့ အစ်မကြီး သီချင်းဆိုတာကို မင်းဘာတုံးမသိဘူး ပြောခဲ့ပါသေးတယ်။ မှတ်မိသေးလား။ မင်းသူ့ကို ကြိတ်ကြိုက်ခဲ့တာဆို။ ဘာဆက်ဖြစ်သွားတုံး။ လုပ်ပါ။ မှန်မှန်ပြောစမ်း။”
” ရွှီပေါက်ချိုင်ရေ။ မင်းရဲ့ သွေးနဲ့ရေးထားတဲ့ သတိပေးစာကြောင့် မင်းရဲ့ ဂိုဏ်းတူဦးလေးပိုင် သေလုမတတ်ကြောက်သွားခဲ့ရသေးတယ်။ ”
” ချန်ဖေး။ အမေချစ်တဲ့သားလေး။ မင်းငါ့ကို ချုံခိုတိုက်ခဲ့တာ ယုံတောင်မယုံနိုင်ဘူး။ ဟွန်းးး။”
” ပိုင်ရှောင်ချန်းရေ။ ငါတို့ အစာစားဖို့ ဝေစုမျှရင် မင်း အများဆုံးစားတာပဲနော်။”
” အေးကွ ဟုတ်တယ်။ ဒါနဲ့ ပန်းကန်လုံးတွေရဲ့ အောက်သားကို ထူအောင်လုပ်တာ ဒီစားဖိုဆောင်မှာ ဒဏ္ဍာရီတစ်ခုလိုမျိုးဖြစ်သွားတာကို သိလား။ ”
” ဟားဟားဟား။ ပန်းတိုင်ဖြတ်ဖို့ စည်းကို ငါတို့ ဝိုင်းပိတ်ခဲ့ကြတာကိုရော မှတ်မိသေးလား။ ”
” ကျုပ်လုပ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်။ ဂိုဏ်းတူဦးလေးပိုင်ရာ။”
လူတိုင်းမှာ စကားဖောင်ဖွဲ့ပြောနေကြတော့သည်။
အဆုံးတွင် ဖက်တီးကျန်းကြီးက သူ၏ ဒယ်အိုးကိုထုတ်ကာ ဘေးနားချပြီး စိတ်လှုပ်ရှားစွာ အော်လိုက်လေသည်။
” စားဖိုဆောင်ထဲမှာပဲ အသေခံလိုက်မယ်…..”
“…. အပြင်ဘက်စည်းဂိုဏ်းက လှေကားတွေကို တက်မဲ့အစားး။” ပိုင်ရှောင်ချန်းမှာ ထိုဝါကျ၏ အဆုံးကို အသံကုန် အော်လိုက်လေသည်။ အမှတ်သုံးဖက်တီးဟီနှင့် အခြားလူများကလည်း လိုက်၍ အော်ဟစ်လိုက်ကြသည်။
ရွှီပေါက်ချိုင်မှာ စားဖိုဆောင်အဖွဲ့က မဟုတ်သော်လည်း သူလည်း ဝင်အော်နေတော့သည်။ ချန်းဖေးပင် စိတ်နှလုံး လှုပ်ရှားသွားကာ မကြာမီတွင် လူတိုင်းမှာ အသံကုန် အော်ဟစ်နေကြတော့သည်။
တချိန်တွင် ပိုင်ရှောင်ချန်းက သူ၏ အရက်ပုလင်းကို ကိုင်မြှောက်ကာ ဆိုလိုက်လေသည်။
” သစ်သီးတွေနဲ့ဆေးပင်
ဆေးမြစ်တွေမှာမှော်စွမ်းအင်တွေကိန်း၀ပ်နေတယ်။ တစ်ကိုက်ကိုက်ကြည့်ရမယ်။ ညှာတံပါမကျန်အောင်တော့ မကိုက်ရ။
အသားတွေလှီးရင် တချို့ဟာတွေကိုပါးပါးလှီး တချို့ကိုထူထူလှီး မင်းဘယ်လိုလှီးလှီး မင်းအတွက်တော့ချန်လှီးရမယ်။ အရိုးတွေ
ကိုင်ရင်လည်းရသမျှအသားမရရအောင်သာခွာယူ ဆန်ပြုတ်ပြုပ်ရင်လည်းအရည်ကိုတတ်နိုင်သမျှစစ်ထား။ ဝိုင်ကောင်းကောင်းတွေ့ရင်
တော့ခွက်တစ်၀က်လောက်ဖယ်ထားလိုက်ပေါ့ကွာ “
” နေဦး။ ခဏ ။ခဏ။ ” ဖက်တီးကျန်းက တားလိုက်သည်။
” အမှန်တရားရဲ့ ဥပဒေသ ခြောက်ရပ်ထဲနဲ့ မရဘူးလေ။ နောက်ထပ်နှစ်ကြောင်း ထပ်ထည့်ရမယ်။ မှန်းစမ်း။ ” ပန်းကန်လုံးတွေရဲ့ အောက်ခြေကို လက်မတစ်ချောင်းစာ ထူအောင်လုပ်။ ကြက်သားအကုန် ပိုင်ရှောင်ချန်းဆီ အကုန်ပေးရင် အဟုတ်။”
ဖက်တီးကျန်းကြီးက ကျယ်လောင်စွာ ရယ်မောကာ ပိုင်ရှောင်ချန်း၏ ပုခုံးကို ရိုက်လိုက်တော့သည်။ ထို့နောက် သူက ရှေ့နောက် ယိမ်းထိုးကာ လုံးဝမူးသွားပြီဖြစ်၍ မြေကြီးပေါ်သို့ ပုံခနဲ မှောက်ကျသွားတော့သည်။
လူတိုင်းပျော်ရွှင်နေသည့် အချိန်မျိုးမှာ ခပ်ရှားရှားပင်။ သို့သော်လည်း စစ်ပွဲတစ်ခုမှာ ချဥ်းကပ်လာနေပြီဖြစ်ပြီး မည်သူကမှ အဆုံးအထိ အသက်ရှင်မလား၊ သေမလားကို သေချာမသိချေ။ ထို့ကြောင့် သူတို့က ဤညကို အပူအပင်ကင်းကင်းဖြင့် သောက်စားအော်ဟစ်ရယ်မောကာ ကုန်ဆုံးစေလိုက်တော့သည်။
သူတို့၏ ဆူညံသံများကြောင့် လူအများက သတိထားမိသွားပြီး ဖြစ်ပျက်နေသည်များကို အပြေးလာကြည့်ကြသည်။ မကြာမီတွင် ကျယ်လောင်ဆူညံလှသည့် ပွဲတော်ကြီးတစ်ခုမှာ စားဖိုဆောင်ထဲတွင် ပေါ်ပေါက်လာတော့သည်။
ဟိုရှောင်မေ့မှာ ပိုင်ရှောင်ချန်းဘေးသို့ မခွာတမ်း ကပ်နေတော့သည်။ ဝိညာဥ်အရက်၏ အစွမ်းကို ကျင့်ကြံသူများပင် အံမတုနိုင်သဖြင့် သူမမှာ တဖြည်းဖြည်းနှင့် မူးလာတော့သည်။
သန်းခေါင်ယံအချိန်သို့ရောက်သောအခါ စားဖိုဆောင်ကြီးမှာ တိတ်ဆိတ်လာပြီဖြစ်သော်လည်း ပိုင်ရှောင်ချန်းမှာ ကြိုးစား၍ မျက်လုံးများ ဖွင့်ထားဆဲပင်။ သူ၏ဘေးပတ်လည်ရှိ တိတ်ဆိတ်ငြိမ်သက်နေသည့် မြင်ကွင်းကိုကြည့်ကာ သူ၏ မျက်ဝန်းများမှာ တောက်ပလာသည်။
အရက်တစ်ပုလင်းကို ကောက်ကိုင်ကာ သူက ပါးစပ်အပြည့်မော့ချလိုက်ပြီး သူ၏ဘေးနားရှိ သတိမေ့မျောနေသည့် လူများကို ကြည့်လိုက်လေသည်။ ထိုသူများ၏ မျက်နှာကို သူ၏မှတ်ဥာဏ်ထဲသို့ စွဲကျန်နေခဲ့စေရန် သူက ကြိုးစားနေသည့်အလားပင်။ ဤတစ်ခဏမျှသော အချိန်လေးကို သူ၏နှလုံးသားထဲတွင် ထာဝရထုဆစ်ထားလိုသည့် အလား သူက အရက်ပုလင်းကို ပို၍တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေသည်။ သို့မဟုတ် သူ၏ဘေးပတ်လည်ရှိ ကမ္ဘာကြီးကို အခြားအရာတစ်ခုအဖြစ် ပြောင်းလဲပစ်လိုသည့် စိတ်ဆန္ဒများ ပေါ်ထွက်လာခြင်းကြောင့်လည်း ဖြစ်ရင် ဖြစ်နိုင်ပေမည်။
အဆုံးတွင် သူ၏ခြေထောက်များမျာ ပျော့ခွေသွားပြီး ပုံကနဲလဲကျကာ အိပ်ပျော်သွားတော့သည်။ သို့သော်လည်း အရက်ပုလင်းကိုမူ လက်ဖျံရိုးပေါ်တွင် သွေးကြောကြီးများထောင်လာသည်အထိ သူက တင်းကျပ်စွာဆုပ်ကိုင်ထားဆဲပင်။
အရုဏ်ချိန်သို့ရောက်သော် ယန်ဝေ့တောင်နှင့် ခရမ်းဒယ်အိုးတောင်ပေါ်တွင် တောက်ပသည့် အလင်းတန်းများ မြင့်တတက်လာသည်။ ထိုတောင်ထိပ်များဆီသို့ မရေမတွက်နိုင်သည့် လူများစွာက ပျံသန်းသွားကြသဖြင့် လေထုထဲတွင် ထစ်ချုန်းသံများဖြင့် ပြည့်နှက်နေတော့သည်။
ဖက်တီးကျန်းကြီး၊ အမှတ်သုံးဖက်တီးဟီ၊ ရွှီပေါက်ချိုင်နှင့် ချန်ဖေးတို့မှာ ထိုလူများထဲတွင် ပါသည်။ အမွေအနှစ်အဆင့် ကျင့်ကြံသူများနှင့် ခေါင်းဆောင်ကြီးများလည်းပါသည်။ ကျင့်ကြံသူ အယောက်သုံးသောင်းနီးပါးပါသည့် တတိယအသုတ်မှာ မကြာမီတွင် တည်နေရာရွေ့ပြောင်းကာ ပျောက်ကွယ်သွားတော့သည်။
ပိုင်ရှောင်ချန်းက စားဖိုဆောင်ထဲတွင် လဲလျောင်းကာ ဖက်တီးကျန်းကြီးနှင့် သူ၏မိတ်ဆွေများ ထွက်ခွာသွားသည်ကို ကြည့်နေလေသည်။ သူ၏ မျက်ဝန်းများ၏ နက်ရှိုင်းသောတစ်နေရာတွင် ပြင်းထန်သည့် ပြတ်သားမှုများ တောက်လောင်နေသည်။ ဟိုရှောင်မေ့က သူ၏ ဘေးတွင်ရှိနေဆဲပင်။
” ကိုကြီး ရှောင်ချန်း ” သူမက တိုးတိုးလေးပြောလိုက်သည်။
” ညီမက လေးခုမြောက် အသုတ်ထဲမှာ။”
ပိုင်ရှောင်ချန်းက သူမ၏ လက်ကို ဆုပ်ကိုင်ကာ တိုးသော်လည်း ပြတ်သားသည့်လေသံဖြင့် ဆိုလိုက်သည်။
” ညီမလေးအတွက် ကိုကြီး အမြဲတမ်းရှိတယ်။”
တတိယမြောက်အသုတ် ထွက်ခွာသွားပြီဖြစ်ရာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ တစ်ဝက်နီးပါးလောက် ပြောင်သလင်းခါသွားပြီဖြစ်သည်။ တချိန်ထဲမှာပင် ဂိုဏ်း၏ မန္တန်အစီအရင်များကို ပြီးစီးစွာ ဖွင့်ပြီးသွားပြီဖြစ်သည်။
ရက်အနည်းငယ်အကြာတွင် နောက်ဆုံးတောင်သုံးတောင်ဖြစ်သည့် နေဝင်တောင်၊ မုခ်ဦးတောင်နှင့် မွှေးရနံ့တိမ်တောင်တို့မှ ကောင်းကင်ကိုတုန်ခါစေကာမြေကြီးကိုအက်ကွဲစေနိုင်သည့် အလင်းတန်းများ ထွက်လာကြသည်။
ဤအချိန်တွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ မန္တန်အစီအရင်အားလုံးကို အပြည့်အဝ ဖွင့်ပြီးသွားပြီဖြစ်ပြီး ဂိုဏ်းကို အသေပိတ်လိုက်ပြီဖြစ်သည်။
ခေါင်းဆောင်ကြီး ထျယ်မုနှင့်အတူ အမွေဆက်ခံသူအဆင့်မှ ကျန်ရှိသူများနှင့် ဂိုဏ်းစောင့်အကြီးအကဲများပေါ်လာကြသည်။ ကျိန်းယွမ်သုန်၊ လီချင်းဟောက်နှင့် ရွှီမေ့ရှန်းတို့အပြင် အခြားသော တောင်ထိပ်သခင်များလည်း ပါသည်။
အကြီးအကဲအများစု၊ အတွင်းစည်းဂိုဏ်းသားများနှင့် အပြင်စည်းဂိုဏ်းသားများလည်း ပေါ်ထွက်လာသည်။ ဤသည်မှာ စတုတ္ထအသုတ်ဖြစ်သည်။
ပဥ္စမြောက်အသုတ် ထပ်ရှိဦးမည်ဖြစ်ပြီး ထိုအသုတ်မှာ ဂိုဏ်း၏ စွမ်းအားအကြီးဆုံးဖြစ်သည်။ သို့သော်လည်း ဤစတုတ္ထအသုတ်မှာ အကြီးမားဆုံးဖြစ်သည်။ လူပေါင်း အယောက် ငါးသောင်းနီးပါးခန့်ပင် ရှိသည်။
ပိုင်ရှောင်ချန်းက အလင်းတန်းများကို မော့ကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ သားရဲမွေးမြူရေးခြံမှ ထွက်လာသောအခါ ဘရူဆာက သူ့နောက်မှလိုက်လာပြီး ယခင်လို ခုန်ပေါက်မြူးထူးမနေတော့ချေ။ စစ်ပွဲစတော့မည်ဖြစ်ကြောင်း သူက သိနေဟန်ပင်။ သူနှင့် ပိုင်ရှောင်ချန်းတို့က အနီးဆုံး အလင်းတန်းဆီသို့ ပျံသန်းသွားကြတော့သည်။
ထိုနေရာတွင် လူများစွာရှိနေသည်။ ပိုင်ရှောင်ချန်း ပေါ်လာသည့်အခါ လူများက သူ့ကို မှတ်မိကြ၍ အများစုမှာ သူ့နားသို့ ကပ်နေတော့သည်။ သူက ဆိုးသွမ်းကာ ခပ်နောက်နောက်နေတတ်ပါသော်လည်း မြေခဓားကမ္ဘာချောက်ထဲတွင် သူစွမ်းဆောင်ခဲ့သည့်အရာများကိုကြည့်လျှင် အန္တရာယ်ကျရောက်လာပါက သူသည် ယုံစား၍ ရနိုင်သည့် လူမျိုးဖြစ်ကြောင်း သိကြပေသည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက သူတို့၏ မန္တန်အစီအရင်များကို မှီခိုနိုင်သည့် လောချိန်တောင်တန်းများကို စစ်မြေပြင်နေရာအဖြစ်သတ်မှတ်ထားသည်။ လောချိန်တောင်တန်းများကို ဆုံးရှုံးရပါက နောက်သို့ပြန်ဆုတ်နိုင်ရန်အတွက် ဂိုဏ်းနှင့် ထိုတောင်တန်းများအကြားရှိ ဒေသများတွင် ခံစစ်ကြောင်းရှစ်ကြောင်း ဖွဲ့စည်းထားသည်။
ဤစစ်ပွဲသည် မာယာ ပရိယာယ်များကို အားကိုးမရသည့် စစ်ပွဲဖြစ်သည်။ သံမဏိကဲ့သို့ မာကျောသည့် စိတ်ဓာတ်မှာ အရေးကြီးဆုံးဖြစ်သည့် စစ်ပွဲဖြစ်သည်။ လူများက အသေအကြေတိုက်ခိုက်ကြမည်ဖြစ်ပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကြောင့် နောက်သို့မဆုတ်ရလေအောင် အားအကုန်ထုတ်ကြမည်ဖြစ်သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို စိန်ခေါ်ခြင်းသည် ပေါ့တန်တန်အရာတစ်ခုမဟုတ်ကြောင်း သက်သေပြကြရမည် ဖြစ်သည်။
မကြာမီတွင် လူတိုင်းရောက်လာပြီဖြစ်ပြီး တည်နေရာရွှေ့ပြောင်းခြင်း စတင်တော့သည်။
တောက်ပသော အလင်းတန်းများက လေထုထဲသို့ မြင့်တက်သွားသည်။ တောင်သုံးတောင်မှ လူများကို ဧရာမလက်ကြီးတစ်ခုက ဆုပ်ကိုင်ကာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ နယ်စပ်သို့ ပို့ပေးလိုက်သည့် အလားပင်။ ပန်းတိုင်မှာ…..
လောချိန်တောင်တန်းများဆီသို့ ဖြစ်သည်။