Switch Mode

အပိုင်း(၁၁၃၇)

နှစ်နှစ်တာ

ကျင့်ကြံခြင်းမဟာမိတ်ကြယ်အဖွဲ့အစည်းတစ်ခုလုံးသည် ကောင်းကင်ဘုံအင်ပါယာချင်းလင် လှိုဏ်ဂူ အဖြစ်အပျက် ပြီးသည့်နောက် တည်ငြိမ်လာခဲ့၏။ ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူမှာ သေးငယ်သော်လည်း များစွာဖြစ်ပျက်ခဲ့ပေသည်။

ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့သည် သည်လှိုဏ်ဂူတိုက်ပွဲအတွင်း၌ ဆုံးရှုံးမှု ကြီးလေးခဲ့သည်။ အရှင်လေဟာနယ် သေဆုံးခဲ့ခြင်း၊ ကောင်းကင်ဘုံအရှင်သခင်ဟောင်း ရူးသွပ်ကာ ပျောက်ကွယ်သွားခြင်းတို့ ကြုံခဲ့ရသည်။ ထို့အပြင် သူတို့သည် ကောင်းကင်ဘုံသားများစွာကိုလည်း ဆုံးရှုံးခဲ့ရသေး၏။

မဟာမိတ်ဌာနချုပ်သို့ ပြန်လာနိုင်သည့်သူ များများစားစား မရှိခဲ့ပေ။

ထိုသတင်းများမှာ တောမီးအလား ပျံ့နှံ့ခဲ့သည်။ နှစ်လအတွင်း မဟာမိတ်ကြယ်အဖွဲ့အစည်းတစ်ခုလုံးနီးပါးသည် လှိုဏ်ဂူအတွင်း ဖြစ်ပျက်ခဲ့သည့် အကြောင်းများကို သိသွားခဲ့ကြသည်။ အချို့သည် မယုံကြည်နိုင်ပင် ဖြစ်၏။ အချို့သည် တုန်လှုပ်၏။ အချို့သည် တခြားအတွေးများ ရှိကုန်ကြသည်။ သည်ကိစ္စအပေါ် သူတို့သည် အတွေးအမျိုးမျိုး ရှိလေသည်။

အများစုသည် အစွမ်းထက်၍ ခိုင်မာလှသော ကျင့်ကြံခြင်းမဟာမိတ်က ထိုကဲသို့ ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရသည်ကို မယုံနိုင် ဖြစ်နေ၏။ သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ ကောလဟာများ ပိုမြင့်တက်လာ၏။ သုံးလကျော်ကြာပြီးနောက် လူများသည် သည်ကိစ္စကို လက်ခံလာကြတော့သည်။

မဟာမိတ်ရှိ ကျင့်ကြံသူများကို ပို၍ တုန်လှုပ်စေသည်က နတ်လေးပါးကလန် ပြန်ရောက်ရှိလာခြင်းပင်။ပြောကြသည်က ဟင်္သာငှက်နတ်အင်ပါယာ ပေါ်လာခဲ့ပြီး တော်ဝင်ရတနာလေးခုကို အသုံးပြုကာ မဟာမိတ်မှအကြီးအကဲ ရှေ့ဖြစ်ဟောသူကို ဒဏ်ရာအကြီးအကျယ် ရစေခဲ့သည်ဟုလည်း ဆိုသည်။ နိုးထလာသည့် ကောင်းကင်ဘုံအင်ပါယာချင်းလင်ကိုလည်း ချိပ်ပိတ်ခဲ့သည်ဟု ဆိုသည်။

ဤအရာကား ကောင်းကင်တုန်လှုပ်စေမည့် သတင်းများပင်။ လူအများစုသည် မယုံကြည်နိုင်ဟန် တုန်လှုပ်မိနေ၏။ ထို့အတူ သူတို့သည် နက်ရှိုင်းသောကြောက်ရွှံ့မှုကိုလည်း ဖြစ်ပေါ်ကြ၏။

ကောလာဟာလ သတင်းစကားများ ပျံ့နှံ့နေရင်း နတ်လေးပါးကလန်၏ ပုံရိပ်သည် တဖြည်းဖြည်းဖြင့် လူတိုင်း၏ စိတ်နှလုံးအတွင်း၌ ဖြစ်ပေါ်လာခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများသည် သူတို့၏ တိုက်ခိုက်မှုကို ရပ်တန့်ကာ ထွက်ပေါ်လာသည့် သတင်းစကားများနှင့် ပတ်သတ်၍ အစစ်အမှန် ဖြစ်မှုကို စဉ်းစားနေဟန် တူ၏။

မဟာမိတ်ဌာနချုပ် ပြင်ပမှ ကျင့်ကြံသူအားလုံးနီးပါးသည် ထိုမယုံကြည်နိုင်ဖွယ် သတင်းစကားများ ထွက်ပေါ်လာချိန်၌ တိတ်ဆိတ်ကုန်ကြ၏။ သူတို့သည် မဟာမိတ်အဖွဲ့၏ တန်ပြန်မှုကို စောင့်ဆိုင်းနေကြချေသည်။

မဟာမိတ်ဟူ၍ ဖြစ်လာခဲ့ကတည်းက သူတို့ကို စော်ကားမိသူမှန်သမျှသည် အလောင်းပင် မရအောင် သေဆုံးခဲ့ရဖူးပေသည်။ စော်ကားမိသူ မှန်သမျှ မဟာမိတ်၏ ဒေါသနှင့်လက်စားချေမှုကို တောင့်ခံရဖို့ လို၏။

သို့ရာတွင် လူတိုင်းသည် မဟာမိတ်အဖွဲ့၏ တုန့်ပြန်မှုကို စောင့်ဆိုင်းနေကြရင်း မဟာမိတ်အဖွဲ့မှာလည်း တိတ်ဆိတ်မြဲ တိတ်ဆိတ်နေ၏။ သူတို့သည် ဘာတစ်ခုမှ တုန့်ပြန်လာခဲ့ခြင်း မရှိပေ။

အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ ခုချိန်တွင် တိုက်ပွဲပြီးသည့်နောက် သုံးလ ကြာမြင့်လာခဲ့ပေပြီ။

ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့က တိတ်ဆိတ်နေလေလေ ပိုပိုများပြားသည့် ကျင့်ကြံသူများက မလွယ်ကူမှုကို ခံစားလာရ၏။

သူတို့သည် ကောင်းကင်တုန်ဟိန်းစေမည့် တိုက်ပွဲအတွက် ပြင်ဆင်နေကြခြင်း။ သို့မဟုတ် အံ့မခန်း တန်ပြန်ရိုက်ချမှုပြုရန် ပြင်ဆင်နေကြခြင်းလော…။

သည်အခိုက်အတန့်၌ မဟာမိတ်ဌာနချုပ်၏ အပြင်ဘက်ရှိ မွန်းစတားဆန်သော အစီအရင်ကြီး အသက်တင်လာကာ ပြင်ပနှင့် ဆက်နွှယ်မှုအားလုံးကို ဖြတ်တောက်ပစ်၏။

အလုံးစုံကောင်းကင်ဘက်မှ ကျင့်ကြံသူများသည် ချက်ခြင်းပင် အင်တိုက်အားတိုက် ရှောင်တခင် တိုက်ခိုက်လာကြ၏။ သူတို့သည် မဟာမိတ်၏ခုခံမှုအားလုံးကို ဒီရေအလား လွှမ်းမိုး၍ ကျူးကျော်လာကြသည်။

မဟာမိတ်မှ ခွန်အားပြည့် တိုက်ခိုက်မှုပြီးသည့် တစ်လအကြာတွင်တော့ ဆန်းကြယ်သောအလောင်းကောင်ကလန်သည် မဟာမိတ်နှင့်အလုံးစုံကောင်းကင် ကြယ်အဖွဲ့အစည်းနှစ်ခုကြား တိုက်ပွဲကနေ နှုတ်ထွက်သည်ဟု ကြေငြာလာခဲ့၏။ သူတို့သည် သူတို့အတွက် မဟာမိတ်ကြယ်အဖွဲ့အစည်း၏ တောင်ပိုင်းနယ်မြေကို ယူကာ ယင်းနေရာအား လုံးဝ ချိပ်ပိတ်ပစ်ပြီး အလောင်းကောင်ကလန်ဝင် မဟုတ်သူများ ဝင်လာခြင်းကို တားဆီးထားကြ၏။

လူတစ်ယောက်သည် တောင်ပိုင်းနယ်မြေသို့ ဝင်ရောက်လာသည်နှင့် ထိုသူသည် အလောင်းကောင်ကလန်၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ဖို့ လိုမည်။

အလောင်းကောင်ကလန်၏ တသီးတခြား နေရန် လုပ်ဆောင်မှုက မဟာမိတ်အတွင်းမှ လူတိုင်းကို တုန်လှုပ်စေလေ၏။

သို့သော် အခုချိန်ထိ ကျင့်ကြံခြင်းမဟာမိတ်ဌာနချုပ်က ငြိမ်သက်နေစမြဲ ဖြစ်၏။ ဌာနချုပ်၏ အမိန့်များ မရှိဘဲဖြင့် မဟာမိတ်ကြယ်အဖွဲ့အစည်း အနှံ့ရှိ စွမ်းအားကျင့်ကြံသူများသည် အလုံးစုံကောင်းကင်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် စုစည်းလာကြ၏။

သို့ရာတွင် ရလဒ်အနေဖြင့်ကတော့ အမှန်တကယ် ခုခံနိုင်မှု ဖြစ်စေရန်မှာ ခက်ခဲ၏။သူတို့သည် အလုံးစုံကောင်းကင်၏ အရူးအမူး တိုက်ချက်များကြောင့် နောက်သို့သာ တရစပ် ဆုတ်နေကြသည်။ တိုက်ခိုက်မှုများ ဖြစ်သည့် နောက်တစ်နှစ် ကုန်ဆုံးပြီးသည့်နောက် အလုံးစုံကောင်းကင်သည် မြောက်ပိုင်းနယ်မြေတစ်ခုလုံးကို လုံးဝ သိမ်းပိုက်သွားနိုင်ခဲ့ပြီ ဖြစ်၏။ ထို့အပြင် အလုံးစုံကောင်းကင်သည် အနောက်ပိုင်းနှင့်မြောက်ပိုင်း နယ်မြေများကိုလည်း အောင်မြင်စွာ စိုးမိုး၍ ၎င်းနယ်မြေများကို ချိတ်ဆက်သည်။

ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူမှ တိုက်ပွဲအဖြစ်အပျက်သတင်းများ ထွက်ပေါ်လာပြီးနောက် နှစ်နှစ်နီးပါး ရှိလာခဲ့ပေပြီ။ သည်လွန်ခဲ့သော နှှစ်နှစ်အတွင်း မဟာမိတ်ဌာနချုပ်သည် မည်သည့်သတင်းအချက်ကိုမျှ ပေးပို့ခဲ့ခြင်း မရှိပေ။ ဌာနချုပ်အတွင်း မည်သူမျှ ဝင်လာ၍ မရအောင်လည်း အစီအရင်ဖြင့် တားဆီးထားချေသည်။

အကွာအဝေးတစ်ခုမှ ကြည့်ပါက မဟာမိတ်ဌာနချုပ်သည် အသက်မဝင်တော့သည်ကို တွေ့ရမည်ဖြစ်၏။

မူလတုန်းက မဟာမိတ်မှ ကျင့်ကြံသူများသည် ကျင့်ကြံခြင်းမဟာမိတ်ဌာနချုပ်အပေါ် မြင့်မားစွာ မျှော်လင့်ထားခဲ့ရာကနေ တဖြည်းဖြည်း စိတ်ပျက်မှု၊ မျှော်လင့်ချက်မဲ့မှုတို့ ဖြစ်လာကြ၏။ သူတို့သည် အင်အားစုအမျိုးမျိုးအဖြစ် ဖွဲ့စည်းလာကြ၏။ ကျင့်ကြံခြင်းကလန်အသစ်များသည် မဟာမိတ်ကြယ်အဖွဲ့အစည်း၌ မှိုလိုပေါ်ပေါက်လာ၏။

ထိုအင်အားစုများက ဂြိုဟ်သုံးခုကနေ ငါးခုအထိ သိမ်းပိုက်ခဲ့ကြ၏။ အချို့အင်အားစုများက ဂြိုဟ်ဆယ်လုံးကျော်ထိ သိမ်းပိုက်ကာ သူတို့၏ ကိုယ်ပိုင်ကလန်များကို တည်ဆောက်၏။

မူလက အဆင့်ခုနစ်ကျင့်ကြံခြင်းနိုင်ငံများသည်ပင် မဟာမိတ်ဌာနချုပ်မှ စီမံခြင်း မရှိတော့သည်နှင့်အတူ သူတို့သည် အလောင်းကောင်ကလန်ကဲ့သို့ တသီးတခြား နေလာကြတော့၏။

သည်စွမ်းအားစုများကြား၌ အစွမ်းထက်ဆုံးလေးခု ရှိ၏။ထိုလေးခုတွင် နှစ်ခုသည် ထိပ်ဆုံးတွင် ရပ်တည်ကြသည်။ ထိုအင်အားစုနှစ်ခုမှာ မဟာမိတ်ကြယ်အဖွဲ့အစည်းမှ အဆင့်ရှစ်ကျင့်ကြံခြင်းနိုင်ငံ ဖြစ်သည့် မိုးထိတိမ် နိုင်ငံနှင့် ကျူပုလွေနိုင်ငံတို့ ဖြစ်ကြ၏။

ထိုအဆင့်ရှစ်ကျင့်ကြံခြင်းနိုင်ငံ နှစ်ခု၏ အင်အားအများစုမှ ခြေရာလက်ရာမပျက် ရှိနေဆဲပင်။ လွန်ခဲ့သော တစ်နှစ်ခွဲက ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့ ထွက်ပေါ်မလာတော့သည့်နောက် သူတို့နှစ်နိုင်ငံသည် သူတို့၏ သီးခြားလွတ်လပ်မှုကို ကြေငြာခဲ့ပေသည်။

အခြားအင်အားစုနှစ်ခုမှာ အရင်တုန်းက ကျင့်ကြံခြင်းမဟာမိတ်၏ ကျောထောက်နောက်ခံ ဖြစ်ခဲ့ကြဖူး၏။ ၎င်းအင်အားစုနှစ်ခုသည် တစ်ခုနှင့်တစ်ခု ယှဉ်ပြိုင် ဝါးမြိုရင်း တဖြည်းဖြည်းဖြင့် အင်အားစုအသစ်နှစ်ခု ဖြစ်လာခဲ့ကြပေသည်။ ယင်းတို့မှာ ကောင်းကင်ဘုံကျောင်းတော်နှင့် မြေကမ္ဘာမကောင်းဆိုးဝါး ကလန်တို့ ဖြစ်ကြ၏။

သည်အင်အားစု လေးခုအပြင်တွင်တော့ ပြန့်ကြဲနေသော တခြားအင်အားစုများ ရှိကြ၏။ထိုအင်အားစုအားလုံးမှာ မဟာမိတ်ကြယ်အဖွဲ့အစည်း၏ အလယ်ပိုင်းဧရိယာတွင် ရှိကြသည်။

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းသည် အနောက်ပိုင်းနှင့်မြောက်ပိုင်းနယ်မြေတို့ကို သိမ်းပိုက်ထားနိုင်ရုံမျှဖြင့် မကျေနပ်ကြသေးပေ။ သည်နယ်မြေနှစ်ခုအပြင် အလောင်းကောင်ကလန် ရှိသည့် တောင်ပိုင်း၊ မဟာမိတ်မှအကြွင်းအကျန် ကျင့်ကြံခြင်းအင်အားစုများ ရှိသည့် အလယ်ပိုင်း၊ ထူးခြားဆန်းကြယ်သော အရှေ့ပိုင်းဒေသတို့ ရှိသေး၏။

အလုံးစုံကောင်းကင်က မလိုအပ်ဘဲ အလောင်းကောင်ကလန်သို့ သွားရောက် ရန်စလိုစိတ်မရှိပေ။ အရှေ့ပိုင်းဒေသကတော့ အလုံးစုံကောင်းကင်၏ လေ့လာချက်များအရ နတ်လေးပါးကလန် ခုချိန်တွင် ပိုင်ဆိုင်နေတာ ဖြစ်နေနိုင်၏။ သို့သော် သူတို့သည် ထိုအချက်အတွက် သက်သေတော့ မပြနိုင်ကြပေ။

အလုံးစုံကောင်းကင်က နတ်လေးပါးကလန်ကို အလောင်းကောင်ကလန်ထက်ပို ပိုရှိန်နေသေး၏။

ထို့အတွက်ကြောင့် သူတို့အတွက် အလယ်ပိုင်းဒေသနှင့် မဟာမိတ်ဌာနချုပ်တို့သည့် ပစ်မှတ်လို ဖြစ်လာခဲ့တော့၏။ အလုံးစုံကောင်းကင်မှ စစ်တပ်သည် တိုက်ခိုက်ရန် ဟန်ပြင်ထားကြလေ၏။

သို့သော် မဟာမိတ်ဌာနချုပ် အပြင်ဘက်ရှိ အစီအရင်မှာ ရုတ်တရပ် အသက်ဝင်လာခဲ့ပြီး တဖြည်းဖြည်း ပွင့်ဟလာ၏။

မဟာမိတ်ဌာနချုပ် ပွင့်ဟခြင်းမှာ မဟာမိတ်ကြယ်အဖွဲ့အစည်းအနှံ့သို့ မုန်တိုင်းထန်စေ၏။ ထို့ကြောင့် အလုံးစုံကောင်းကင်ဘက်မှလည်း တိုက်ခိုက်ရန် ဟန်ပြင်မှုကို ချက်ခြင်း ရပ်တန့်လိုက်ကြသည်။

အလောင်းကောင်ကလန်သည်ပင် အခြေအနေကို သေခြာစောင့်ကြည့် လေ့လာနေ၏။

အရင်က မဟာမိတ်ကျင့်ကြံသူများ ဖြစ်ခဲ့ကြပြီး ခုချိန်၌ ကိုယ်ပိုင်ကလန်များ ဖွဲ့စည်းထားကြသည့်သူများအဖို့တော့ ပြောနေစရာပင် လိုတော့မည် မဟုတ်ပေ။ လူတိုင်းသည် မဟာမိတ်ဌာနချုပ်ကို စောင့်ကြည့်နေရင်း မဟာမိတ်ဌာနချုပ်သည် အသစ်တည်ထောင်လာခဲ့သည့် ကလန်သစ်များနှင့် ပတ်သတ်၍ ဘာတစ်ခုမှ တုန့်ပြန်ခြင်း မပြုခဲ့ဘဲ ထိုအတိုင်းသာ ဆက်တည်ရှိစေ၏။ သူတို့ အစီအရင်ကို ဖွင့်ဟ၍ လုပ်ခဲ့သည်က သတ်ဖြတ်ရန် အမိန့်တစ်ခုကိုသာ ပေးခဲ့ခြင်းပင်။

“ဝမ်လင်းကို သတ်၊ ဒီလူဟာ ရှုမူ ဆိုတဲ့ နာမည်နဲ့ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့တယ်။ သူ့တာအိုနာမည်က နတ်ဆိုးအရှင်တဲ့။ သူ့ကို အလုံးစုံကောင်းကင်မိုးကြိုးကောင်းကင်ဘုံသား လို့လည်း ခေါ်တယ်။ ခုချိန်မှာတော့ သူဟာ နတ်လေးပါးကလန်၊ ဟင်္သာငှက်နတ်ကလန်ရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ…”

“ဒီလူရဲ့ မူလစိတ်ဝိညာဉ်ကို ယူဆောင်လာနိုင်တဲ့ ဘယ်သူမဆို ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့ ရရှိခဲ့တဲ့ ကောင်းကင်ဘုံနယ်မြေ အမွေအနှစ်ကို ရရှိနိုင်မယ်…”

ထို သတ်ဖြတ်ရန် အမိန့်အပြင် ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့သည် ချိပ်ပိတ်ထားသော အမိန့်တစ်ခုကိုလည်း ထုတ်ပြန်ခဲ့သေး၏။

“မဟာမိတ်ဌာနချုပ်ကို နှစ်ပေါင်း(၆၀) အလုံးစုံကောင်းကင်ရဲ့ ရန်ကနေ နှစ်ပေါင်း(၆၀) တားဆီးပေးမယ်ဆိုရင် အရင် မဟာမိတ်က ကျင့်ကြံသူတွေ တည်ထောင်ထားတဲ့ ကလန်အားလုံးကို အကြီးအကဲအုပ်စုထဲ ဝင်ခွင့်ပြုမှာ ဖြစ်ပြီး ကောင်းကင်ဘုံနယ်မြေအမွေအနှစ်စွမ်းအားအားလုံးကိုလည်း ပျော်ရွှင်စွာ ကျေနပ်စွာ ထိတွေ့ခွင့်ပြုမယ်…”

“ဒါ့အပြင် မဟာမိတ်ကျရှုံးနေတဲ့အချိန်မှာ တိုက်ပွဲကို ရှောင်ပြီး ထွက်ပြေးတဲ့ သူတိုင်းရဲ့ အသက်စိတ်ဝိညာဉ်တွေကို ရှာဖွေပြီး ဖျက်စီးခြင်း ခံရမယ်…”

သည်အချက်များအပြင် မဟာမိတ်ဌာနချုပ် အစီအရင် ပွင့်ဟသည့်အချိန်၌ ရတနာလက်နက်မျိုးစုံ၊ ကျောက်စိမ်းပြားများစွာကို အရင်ကမဟာမိတ်ကျင့်ကြံသူများထံသို့ ပို့ပေးခဲ့၏။

ထိုရတနာများနှင့် ကောင်းကင်ဘုံမန္တာန်များအားလုံးမှာ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့က နှစ်ပေါင်းမရေမတွက်နိုင်အောင် သိုမှီးထားခဲ့ခြင်း ဖြစ်၏။ ထိုမျှ များပြားသည့် လက်နက်ရတနာ၊မန္တာန်များကို ပေးခဲ့ပုံထောက်လျှင် မဟာမိတ်ဌာနချုပ်သည် အန္တရာယ်ကို ရင်ဆိုင်နေရကြောင်း ပြသနေပေသည်။

အမိန့်နှစ်ခုနှင့် ကျောက်စိမ်းပြားများ၊လက်နက်ရတနာများကို ပို့လွှတ်ပြီးသည့်နောက် မဟာမိတ်ဌာနချုပ်အပြင်ဘက်ရှိ အစီအရင်သည် နောက်တစ်ကြိမ် အသက်ဝင်ကာ လုံးဝ ပြန်ချိပ်ပိတ်သွားတော့၏။

သို့ရာတွင် ယင်းအစီအရင် ခဏတာ ဖွင့်ဟခြင်းက အရင်ကမဟာမိတ်ကျင့်ကြံသူများ၏ စိတ်နှလုံးကို အေးစက်လာစေ၏။ ကျင့်ကြံသူအများစုသည် သူတို့နှင့်အတူ သူတို့၏အသက်စိတ်ဝိညာဉ်များ ရှိမနေကြပေ။ ကျင့်ကြံသူတစ်ယောက်က ပို၍ သန်မာလာလေလေ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အတွက် ပိုအင်အား ဖြစ်စေလေ ဖြစ်ရာ သူတို့၏ အသက်စိတ်ဝိညာဉ်ကို ယူဆောင်ထားခြင်း ခံထားရ၏။

ထို့အတွက်ကြောင့် ကျင့်ကြံခြင်းမဟာမိတ်သည် မဟာမိတ်ကြယ်အဖွဲ့အစည်းကို နှစ်ပေါင်း မရေမတွက်နိုင်အောင် အုပ်ချုပ်နိုင်ခဲ့ပေသည်။

မဟာမိတ်ဌာနချုပ်မှ သည်အမိန့်များ ထုတ်လွှတ်စေသည့်အချိန်တွင် အရှေ့ပိုင်းနယ်မြေ၌ နတ်လေးပါးကလန်မှာ ခေါင်းမော့လာနေခဲ့ပြီ ဖြစ်၏။

နတ်လေးပါးကလန်သည် အမှန်တကယ်ပင် အလုံးစုံကောင်းကင်ဘက်မှ မျှော်လင့်ထားသကဲ့သို့ ပြုလုပ်ခဲ့ပေ၏။ နတ်လေးပါးကလန်က တောက်ပသောလေဟာနယ် နယ်မြေကလွဲ၍ အရှေ့ပိုင်းဒေသရှိ အခြားအင်အားစုများကို ဖျက်စီးခဲ့ပေသည်။

အခုချိန်တွင် မဟာမိတ်ကြယ်အဖွဲ့အစည်းတစ်ခုလုံးသည် အပိုင်းပိုင်းအင်အားစုများ ကွဲထွက်နေကာ တိုက်ပွဲကွင်းပြင် ဖြစ်လာခဲ့ပေပြီ။ အလုံးစုံကောင်းကင်သည် အပြင်ပိုင်းတွင် အားအကောင်းဆုံး ဖြစ်သော်လည်း ဆန်းကြယ်သည့်အလောင်းကောင်ကလန်၊ နတ်လေးပါးကလန်နှင့် ရတနာများ ရရှိခဲ့သည့် အလယ်ပိုင်းဒေသမှ မဟာမိတ်ကြွင်းကျန်သူကျင့်ကြံသူများလည်း ရှိနေသေး၏။ ထို့အတွက် သည်မဟာမိတ်ကြယ်အဖွဲ့အစည်း၌ အင်အားစုများသည် ထိလွယ်ရှလွယ် မျှခြေအနေထား ဖြစ်လာခဲ့တော့သည်။

သို့သော် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှ အရှင်မီးတောက်နှင့် ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့တို့ကြား ရန်ငြှိုးမှာ ထိုမျှခြေကြောင့် အဆုံးသပ်သွားလိမ့်မည်တော့ မဟုတ်ပါ။ အလုံးစုံကောင်းကင်က နောက်တစ်ကြိမ် အလယ်ပိုင်းနယ်မြေရှိ မဟာမိတ်ကြွင်းကျန်သူများအား တိုက်ခိုက်မှု စတင်လာပြန်၏။

စစ်ပွဲမီးတောက်မှာ ပျံ့နှံ့ကုန်၏။ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေရင်း ကပ်ဘေးများလည်း တိုးပွားလာနေသည်။

ထိုစစ်မီးတောက်နေချိန်၌ နတ်လေးပါးကလန် ရှိသော အရှေ့ပိုင်းနယ်မြေအတွင်း လောင်ကျွမ်းသောကြယ်နယ်မြေတစ်ခုအတွင်းရှိ ကြီးမားလှသည့်အဖြူရောင်ကျောက်တုံးပေါ်မှာ လူငယ်တစ်ယောက် ထိုင်နေ၏။

သူက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူသည် သာမန်ဟုထင်ရသော်လည်း သူ့ထံမှ ကောင်းကင်ဘုံသားတစ်ယောက်ကဲ့သို့ အော်ရာကို ပေးစွမ်းနေသည်။ သူ့မျက်လုံးများက မှိတ်လျက်ရှိ၏။ သူ့ရင်ဘက်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေရင်း သူ့နှာခေါင်းတွင်းကနေ နဂါးအသွင်အခိုးအငွေ့များ ထွက်လာသည်။ ထိုနဂါးနှစ်ကောင်က သူ့အား အကြိမ်များစွာ လှည့်ပတ်၏။ ထို့နောက် သူ အသက်ရှုသွင်းလိုက်ချိန်တွင် ၎င်းအခိုးအငွေ့နဂါးနှစ်ကောင်သည် သူ့နှာခေါင်းနှင့်ပါးစပ်ထဲသို့ ပြန်ဝင်ရောက်သွားသည်။

ထိုဖြစ်စဉ်အတွင်း အဖြူရောင်ကျောက်တုံးမှ အဖြူရောင်မီးတောက်များစွာ ထွက်ပေါ်နေ၏။ ၎င်းအဖြူရောင်မီးတောက်များသည်လည်း အခိုးအငွေ့နဂါးနှစ်ကောင်နှင့်အတူ လူငယ်၏ခန္ဓာကိုယ်ထဲသို့ ရှိုက်သွင်းခြင်း ခံရ၏။

သူ သည်နေရာတွင် ထိုင်နေသည်မှာ နှစ်နှစ်ရှိခဲ့ပြီ ဖြစ်၏။ သည်နှစ်နှစ်အတွင်း သူသည် သည်နေရာကနေ လုံးဝ မထွက်ခွာခဲ့ပေ။ သူသည် ဤနေရာတွင်သာ တည်ငြိမ်စွာ ကျင့်ကြံရင်း မီးဓာတ်ကို စုပ်ယူကာ သူ့မူလစိတ်ဝိညာဉ်ဒဏ်ရာများကို ကုသနေခဲ့သည်။

သူ့နောက်တွင် အဘိုးအိုတစ်ယောက်လည်း ရှိ၏။ ထိုအဘိုးအိုမှာ အလွန်အိုမင်းဟန် ပေါ်၏။ သူ့အသက်ဓာတ်မှာ သိပ်ကျန်တော့မည် မဟုတ်ပေ။ သည်နှစ်နှစ်တာအတွင်း သူက သူ့ညာလက်ကို မကြာမကြာ ပင့်မြှောက်ကာ လူငယ်၏ ကျောထံသို့ ညွှန်၏။

သူ့ လက်ချောင်းထိပ် လူငယ်ပေါ်သို့ ကျရောက်သွားတိုင်း ထိုအဘိုးအိုသည် တုန်ယင်ရ၏။ သူ့ခန္ဓာကိုယ်မှ မူလစွမ်းအင်မြောက်များစွာမှာ သူ့လက်ချောင်းကနေ တစ်ဆင့် ယင်းလူငယ် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်၏။

လူငယ်သည်လည်း တုန်ယင်ရ၏။ သူ့ဆံပင်ဖြူများက လေမတိုက်ပါဘဲ လွင့်ဝဲနေသည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ သိပ်သည်းသောအပူရှိန်မှာလည်း ပို၍ အားကောင်းလာသည်။

“ဟင်္သာငှက်နတ်ကလန်မှာ…နတ်အင်ပါယာမျိုးဆက်တိုင်းက ဟင်္သာငှက်ဆန်းကြယ်အသွင်ပြောင်းခြင်း ကိုးခုကို သင်ယူဖို့ လိုတယ်…။ ဒီမန္တာန်ဟာ ကမ္ဘာဦးအချိန်တွေတည်းက အမွေအနှစ် ရရှိခဲ့တာ ဖြစ်ပြီး ယနေ့ခေတ်တည်ရှိတဲ့ အစွမ်းထက်ဆုံး မန္တာန်တွေထဲက တစ်ခုအပါအဝင်လည်း ဖြစ်တယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset