ရှေးဟောင်းမိစ္ဆာတာကျား၏ခန္ဓာကိုယ်ကနေ အဆုံးမဲ့မိစ္ဆာစွမ်းအင်များ ထုတ်လွှတ်နေ၏။ သူ့အထက်၌ ဧရာမမိစ္ဆာအရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုမိစ္ဆာအရိပ်မှာ ကောင်းကင်ထက်သို့ ထိုးတက်ရန် ဟန်ပြင်၏။
သို့ရာတွင် အနီရောင်ဓားရှည် တစ်လက်သည် ခုတ်ပိုင်းလာကာ မိစ္ဆာအရိပ်မှာ ညီးညူလိုက်ရ၏။ အနီရောင်ဓားရှည် ကျဆင်းလာချိန်၌ မိစ္ဆာအရိပ်သည် ၎င်း၏ လက်မောင်းနှစ်ဖက်ကို ပင့်မြှောက်ကာ ခုခံရန် ပြင်သည်။
သို့ရာတွင် ပေါက်ကွဲသံနှင့်အတူ မိစ္ဆာအရိပ်၏ လက်နှစ်ဖက်မှ ပျက်စီးသွားကာ အနီရောင်ဓားရှည်အား တစ်စက်လေးပင် မရပ်တန့်နိုင်စေခဲ့ပေ။
ရှေးဟောင်းမိစ္ဆာတာကျား၏ မျက်လုံးထဲတွင် ကြောက်လန့်မှု ပြည့်နေသည်။ အခြားလူများသည် သည်တော်ဝင်ရတနာလေးခု၏ မူလရင်းမြစ်ကို မသိနိုင်လောက်ပေ။ သို့သော် သူသည် ၎င်းရတနာတို့ကို လေ့လာကြည့်နေရင်း သူ့ထင်မြင်ချက် မှန်ကြောင်း ပိုသေချာလာသည်။
“ဒါ…ဒါက ကမ္ဘာဦးကောင်းကင်ဘုံတာအို ရတနာပဲ…” ရှေးဟောင်းမိစ္ဆာသည် ပင့်သက်ရှိုက်မိ၏။ သူ့အထက်ရှိ မိစ္ဆာအရိပ်သည် တုန်ယင်လာ၏။ ၎င်းသည် ဓားရိုက်ချက်ကို ရပ်တန့်နိုင်စွမ်း မရှိပေ။ ဓားသည် ရှေးဟောင်းမိစ္ဆာအရိပ်ကို ထက်ပိုင်းခြမ်းသွားကာ တာကျားထံသို့ ဦးတည်သည်။
ထိုအခိုက်အတန့်၌ ရှေ့ဖြစ်ဟောသူသည် ပြတ်သားဟန် ဖြစ်ပေါ်လာ၏။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ ခုနစ်ရောင်စုံအလင်းသည် သူ့အား ခြုံလွှမ်းသွားသည်။ ထို့နောက် သူက အသက်ဝဝရှုသွင်းကာ အထက်သို့ လက်ညွှန်ရင်း ပြောသည်။ “ခုနစ်ရောင်စုံ ကောင်းကင်ဘုံကံကြမ္မာ…ကောင်းကင်နဲ့မြေကြီးရဲ့ ဆန္ဒ…အနီရောင်…”
ထိုသို့ ဆိုပြီးနောက် သူ့ခန္ဓာကိုယ်မှာ တုန်ယင်သွားကာ သူ့ပတ်လည်မှ ခုနစ်ရောင်စုံအလင်းကနေ အနီရောင်အလင်းသည် ခွဲခြားထွက်လာပြီး ရှေးဟောင်းမိစ္ဆာတာကျားထံသို့ ကျဆင်းလာသည့် ဓားရှည်ထံသို့ တိုးဝင်သွားသည်။
“လိမ္မော်ရောင်…” လိမ္မော်ရောင်အလင်းမှာလည်း ကျန်သည့် အရောင်ခြောက်ခုကနေ ခွဲထွက်လာသည်။
ရှေ့ဖြစ်ဟောသူ အရောင်တစ်ခုချင်းစီကို ထုတ်ဖော် အော်ဟစ်၏။ ခုနစ်ရောင်စုံသည် တစ်ခုချင်းစီ ကွဲထွက်သွားသည်။ ၎င်းတို့က အတူတကွ စုစည်းကာ သက်တံ့အလင်းကဲ့သို့ ရှေ့တည့်တည်သို့ ထိုးတက်သွားသည်။
“ခုနစ်ရောင်စုံအလင်း။ တစ်ခုတည်းပေါင်းစည်း၊ ကောင်းကင်နဲ့မြေကြီးရဲ့ ကားချပ် ဖြစ်ပေါ်စေ…” သူ့စကားသံ ဆုံးသည်နှင့် ခုနစ်ရောင်စုံအလင်းသည် ချက်ခြင်း လှည့်လည်ကာ ခုနစ်ရောင်စုံဝဲကတော့တစ်ခု ဖြစ်လာသည်။
ဝဲကတော့အတွင်း၌ ခရုခွံပုံသစ်သားအပိုင်းအစ သုံးခုပေါ်လာ၏။ ရှေ့ဖြစ်ဟောသူက ၎င်းတို့ကို လှမ်းယူကာ ရှေ့တည့်တည့်သို့ ပစ်လွှတ်သည်။ သစ်သားပိုင်းသုံးခုမှာ တစ်ခုချင်းစီ ထိတိုက်ကာ ကားချပ်တစ်ခု ဖြစ်ပေါ်၏။ ရှေ့ဖြစ်ဟောသူက ထိုပုံစံကားချပ်ကို ကြည့်ကာ သူ့လက်ဖြင့် ချိပ်ဟန်များ ဖြစ်စေသည်။ ထို့နောက် သူက လက်ညွှန်လိုက်၏။
“တာအိုဖြစ်ပေါ်ဖို့ ကံကြမ္မာ ငှားယမ်းခြင်း…” ထိုသို့ ဆိုပြီးနောက် ခရုခွံပုံသစ်သားပိုင်းသုံးခုကနေ ဖော်ပြနိုင်စွမ်းမဲ့ အော်ရာတစ်ခု ထွက်ပေါ်လာတော့၏။ ထိုအော်ရာ ပေါ်လာသည်နှင့် အနီရောင်ဓားရှည်ပင် ခဏတာ တုံ့ဆိုင်းသွားရသည်။
ခရုခွံပုံသစ်သားပိုင်းသုံးခုထံကနေ စွမ်းအားတစ်ခု ထိုးထွက်လာဟန် တူ၏။ ယင်းစွမ်းအား ပျံ့လွင့်လာခိုက်တွင် လူတိုင်း တုန်လှုပ်မိရသည်။
တောက်ပသောဟင်းလင်းပြင်အဘိုးအို၏ မျက်လုံးက ရှေ့ဖြစ်ဟောသူကို ကြည့်နေရင်း မျက်မှောင်ကြုတ်သွား၏။ သူ့မျက်လုံးထဲ၌လည်း ဆန်းကြယ်သောအလင်းတစ်ခု ဖြစ်ပေါ်သွားသည်။
“ဒီရှေ့ဖြစ်ဟောသူရဲ့ တာအို…ဒီတော့ ဒါက ကောင်းကင်ဘုံကံကြမ္မာအဖြစ် ပြောင်းလဲစေတာ မဟုတ်ဘဲ သူ့ကိုယ်ပိုင်တာအိုပင်လယ် ဖြစ်ပေါ်စေဖို့အတွက် ကောင်းကင်ဘုံကံကြမ္မာကို ငှားယမ်းတာပေါ့။ ဒီလူက တကယ့်ကို ဒီလိုစိတ်ကူးနဲ့ တာအိုကို ကျင့်ကြံနိုင်စွမ်း ရှိခဲ့တာပဲ။ သူက အခုလိုမျိုး နယ်ပယ်ကိုတောင် တည်ဆောက်နိုင်စွမ်း ရှိခဲ့တဲ့။ သူက တာအိုကို လျှပ်တပြတ် ဖမ်းဆုပ်နိုင်လုနီးပါးပေပဲ…”
ရှေးဟောင်းမိစ္ဆာတာကျားသည်လည်း အချို့သဲလွန်စကို ဖြတ်မြင်နိုင်ဟန် တူ၏။ သူလည်း ပင့်သက်ရှိုက်မိနေသည်။ ရှေ့ဖြစ်ဟောသူ ထံသို့ ကြည့်နေသော သူ့အကြည့်ထဲ၌ တုန်လှုပ်မှု ပါဝင်နေပေပြီ။
ဝမ်လင်းသည် ထိုခရုခွံပုံသစ်သားပိုင်း သုံးခုမှ ထွက်ပေါ်နေသော အော်ရာကို စူးစိုက်ကြည့်နေ၏။ သူသည် ထိုအော်ရာကို ကောင်းစွာ မှတ်မိပေ၏။ သူ့သိုလှောင်အိတ်ထဲ၌ ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရား၏ ဦးခေါင်းမှ ထုတ်ယူခဲ့သော အချို့သလင်းမှုန့်များ ရှိနေသေး၏။ ထိုသလင်းများမှ အော်ရာသည်လည်း ၎င်းသစ်သားပိုင်းသုံးခုမှ ထွက်ပေါ်နေသော အော်ရာနှင့် ချွတ်ဆွတ်တူနေပေသည်။
ခရုခွံပုံသစ်သားပိုင်းမှ ထွက်ပေါ်လာသည့် အော်ရာက ပိုသန်မာလာသည်ကို တွေ့သည့်အခါ ဟင်္သာငှက်နတ်အင်ပါယာ၏ မျက်လုံးမှာ ကျဉ်းမြောင်းသွားသည်။ တုံ့ဆိုင်းမနေဘဲ သူ့ညာလက်ကို ရှေ့သို့ ညွှန်ကာ သူ့ကိုယ်ပိုင် ဟင်္သာငှက်တော်ဝင်ရတနာ၏ တတိယပုံစံကို အသက်ဝင်စေသည်။ သူက အော်ပြောလိုက်၏။ “မီးကောင်းကင်ဘုံ…”
အနီရောင်ဓားရှည်မှာ ဓားတေးသံအရှည်ကြီးကို ထုတ်လွှတ်လာပြီး မီးတောက်များ ပျံ့လွင့်လာသည်။ မီတောက်များသည် ကောင်းကင်ထက်တွင် ပြည့်နှက်ကာ ကောင်းကင်ယံကို အပေါက် ဖြစ်သွားစေပေသည်။ ချက်ခြင်းပင် ဟင်းလင်းပြင်ရှိ ကြယ်ကွင်းပြင် တစ်ဝက်ကျော်မှာ မီးတောက်များ၏ ဖုံးလွှမ်းခြင်းကို ခံရတော့၏။
ခရုခွံပုံသစ်သားပိုင်းသုံးခုမှ ထွက်ပေါ်လာသော အော်ရာနှင့် ဆင်တူသည့် အော်ရာမှာ ဓားအတွင်းကနေ ထွက်ပေါ်လာ၏။ သို့သော် ဓားထံမှ ထွက်ပေါ်လာသော အော်ရာသည် ပို၍ပင် အားကောင်းနေသည်။
ဟင်္သာငှက်နတ်အင်ပါယာ အောက်ဘက်သို့ လက်ညွှန်ချိန်၌ ဓားသည် ပိုင်းချလာပေပြီ။ ၎င်းဓားချက်သည် ခရုခွံပုံသစ်သားပိုင်းသုံးခုနှင့် ထိပ်တိုက်တွေ့၏။
ဝုန်း…ဝုန်း…ဝုန်း…။
သည်ထိပ်တိုက်တွေ့မှုနောက်တွင် ပြင်းထန်သော တုန်ခါလှိုင်း ဖြစ်လာ၏။ သစ်သားပိုင်းသုံးခုမှာ ပျက်စီးသွားသည်။ ၎င်းသစ်သားပိုင်းတို့ နောက်ရှိ ခုနစ်ရောင်စုံဝဲကတော့သည်ပင် စုတ်ပြဲသွားရသည်။
ရှေ့ဖြစ်ဟောသူသည် သွေးအန်ထုတ်ကာ နောက်သို့ အရူးအမူး ဆုတ်၏။
ဓားရှည်သည် ဆက်လက် ဖိချ ပိုင်းဖြတ်လာကာ အတားအဆီးအားလုံးကို ချိုးဖျက်ပြီး တာကျား၏ နှဖူးထက်သို့ ကျရောက်သည်။ သည်အခိုက်အတန့်၌ တာကျား၏ မျက်ခုံးကြားကနေ မြူနက်ထု ထွက်ပေါ်လာပြီး သူ့အစစ်အမှန် ရှေးဟောင်းမိစ္ဆာခန္ဓာကိုယ် ပေါ်လာသည်။ သူသည် သူ့မျက်ခုံးနှစ်ခုကြားကနေ ထိုးထွက်လာချေ၏။
သူက ရှေးဟောင်းမိစ္ဆာ၊ ကောင်းကင်နှင့်မြေကြီးကို ဖိဆန်သည့် ရှေးအမိန့်ကလန်သုံးခုထဲမှ တစ်ခု၏ အဖွဲ့ဝင်ပင် ဖြစ်ချေ၏။ ဓား ပိုင်းချလာနေရင်း ရှေးဟောင်းမိစ္ဆာ၏ ဒေါသတကြီးအော်သံမှာ လောကတွင် ပဲ့တင်ထပ်သည်။
သို့ရာတွင် အစစ်အမှန်ရှေးဟောင်းမိစ္ဆာခန္ဓာကိုယ်ပေါ်လာချိန်၌ ဓားရှည်သည် အနီရောင် လင်းလက်သွား၏။ ၎င်းအနီရောင်သည် တော်ဝင်ရတနာနှင့် ပေါင်းစပ်သည်။ မထင်မှတ်စွာပင် ၎င်းအနီရောင်အလင်းသည် ဓားထံမှ ပျံသန်းထွက်လာကာ ရှေးဟောင်းမိစ္ဆာတာကျား၏ မျက်ခုံးကြားထဲသို့ တိုက်ရိုက် ဝင်ရောက်သည်။
“ဒီ…ဒီသွေးက ကမ္ဘာဦးကောင်းကင်ဘုံတာအို မဟုတ်ဘူး…” ရှေးဟောင်းမိစ္ဆာတာကျားက နာကျင်ထိတ်လန့်စွာ အော်၏။ သူ့မျက်ခုံးကြားထဲသို့ သွေးစက်သည် ထိုးဖောက်ဝင်ရောက်သွားသည်။ထိုအခါ သူ့အစစ်အမှန်စိတ်ဝိညာဉ်မှာ ချင်းလင်း၏ ခန္ဓာကိုယ်ကနေ ကန်ထွက်လာရ၏။ ရှေးဟောင်းမိစ္ဆာတာကျား၏ အစစ်အမှန်စိတ်ဝိညာဉ်မှာ နောက်သို့ ဆုတ်လိုက်ရသည့်အခိုက်တွင် သွေးစက်မှာ သူသိမ်းပိုက်ထားသည့် ချင်းလင်၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်ကာ ကြက်သွေးရောင်ချိပ်ပိတ်မှုတစ်ခုကို ဖြစ်ပေါ်လာစေသည်။
ရှေးဟောင်းမိစ္ဆာတာကျား၏ ခန္ဓာကိုယ်မှာ တုန်ယင်ကာ မြေပြင်ထဲသို့ ပြိုဆင်းကျ၏။
ဟင်္သာငှက်နတ်အင်ပါယာ၏ မူလစိတ်ဝိညာဉ်မှာ အတော်လေး ဝေဝါးလာခဲ့ပြီ ဖြစ်၏။ သူသည် သည်နေရာသို့ သူ့မူလစိတ်ဝိညာဉ်ဖြင့်သာ ရောက်လာခဲ့ပြီး တော်ဝင်ရတနာကို အသက်သွင်းဖို့ မူလစွမ်းအင်မြောက်များစွာ အသုံးပြုခဲ့ရသည် မဟုတ်လား။ သူက တော်ဝင်ရတနာ၏ ပထမနှင့်ဒုတိယပုံစံများကို ဖွင့်လှစ်ရုံမျှဆို မူလစွမ်းအင်ကုန်ဆုံးမှုမှာ ယခုလောက်များလိမ့်မည် မဟုတ်ပေ။ သို့သော် သူက တတိယပုံစံကိုပါ ဖွင့်လှစ်ခဲ့၏။ ထို့အတွက် ပေးဆပ်ရသည့်တန်ကြေးမှာ သူ့အတွက်ပင် တောင့်ခံနိုင်ဖို့ ခက်ခဲလွန်းသည်။
သို့မူလစိတ်ဝိညာဉ်ခန္ဓာကိုယ်က ပို၍ ဝေဝါးလာ၏။ သို့သော် သူက လက်ဝေ့ယမ်းသည်။ အနီရောင်ဓားရှည်သည် နောက်ဆုတ်နေသော ရှေ့ဖြစ်ဟောသူနောက်သို့ ပျံသန်းလိုက်ပါလာ၏။
ချက်ခြင်းပင် ဓားရှည်သည် အနားရောက်သွားကာ ရှေ့ဖြစ်ဟောသူ၏ ခေါင်းအား ခုတ်ပိုင်းသည်။
ထိုခုတ်ပိုင်းချက်နောက်တွင် အဇူရာနဂါးလှံ၊ကျားဖြူဓားသွားနှင့် လိပ်နက်ပုဆိတ်တို့ပါ ပေါ်လာ၏။
ဟင်္သာငှက်နတ်အင်ပါယာက ရှေ့ဖြစ်ဟောသူကို သတ်ပစ်လိုသည်မှာ သိသာပေသည်။
ရှေ့ဖြစ်ဟောသူ၏အသွင်က ကြမ်းကြုတ်နေ၏။ သူက ဆက်ခနဲ ခေါင်းမော့သည်။ သည်လိုသေရေးရှင်ရေး၌ သူ့ညာလက်ကို သူ့မျက်ခုံးနှစ်ခုကြားသို့ ဆန့်ထုတ်ကာ တတိယချိပ်ပိတ်မှုအား တစ်ဝက်တိတိ ဖွင့်ဟစေသည်။
၎င်းမှာ တစ်ဝက်သာ စုတ်ဖြဲခြင်း ဖြစ်သော်လည်း တော်ဝင်ရတနာလေးခု၏ တိုက်ခိုက်ချက်ကို ခုခံနိုင်ဖို့ငှာ မူလထက်ဆယ်ဆပိုအားကောင်းသော အော်ရာ ရှေ့ဖြစ်ဟောသူထံကနေ ပေါက်ကွဲထွက်လာသည်။
တုန်ခါလှိုင်း ပေါ်လာရင်း မိုးကြိုးပစ်သံတမျှ တုန်ဟီး၏။ ရှေ့ဖြစ်ဟောသူသည် နောက်သို့ ဆက်ဆုတ်နေရ၏။ မျက်စိတစ်မှိတ်အတွင်း သူသည် ဟင်းလင်းပြင်ကို ဖွင့်ဟကာ ပျောက်ကွယ်သွားတော့၏။
အနီရောင်ဓားရှည်မှာ လေထဲတွင် မလှုပ်မယှက် ရှိနေ၏။
ဟင်္သာငှက်နတ်အင်ပါယာမှာ တိတ်ဆိတ်စွာ စဉ်းစားနေ၏။ သူ့ခန္ဓာကိုယ်မှာလည်း ပို၍ ပါးလျား ဝေဝါးလာသည်။ ရှေ့ဖြစ်ဟောသူ ထွက်ပြေးသွားသည့်နေရာသို့ ကြည့်နေရင်း သူက ခေါင်းခါ၍ ဆို၏။ “ငါ အိုနေပြီပဲ။ ငါ အထွတ်အထိပ်မှာ ရှိခဲ့တုန်းက ဆိုရင် ဒီရှေ့ဖြစ်ဟောသူဟာ တော်ဝင်ရတနာလေးခုရဲ့ ဒုတိယပုံစံကနေတောင် လွတ်မြောက်နိုင်စွမ်း ရှိလိမ့်မှာ မဟုတ်ဘူး…”
သူက သက်ပြင်းချ၏။ သည့်နောက် သူသည် လူတိုင်းကို ကြည့်သည်။ သူ့အကြည့်က နောက်ဆုံးတွင် တောက်ပသောလေဟာနယ်အဘိုးအိုထံသို့ ကျရောက်သွားသည်။ သူက ဖြည်းဖြည်းချင်း ပြောလာ၏။ “မိတ်ဆွေဟောင်းကြီး…သင်ကရော ငါ့နတ်လေးပါးကလန်နဲ့ ရန်သူ ထပ်ဖြစ်ချင်ရဲ့လား…”
တောက်ပသောလေဟာနယ်အဘိုးအို လုယွမ်တောက်သည် ခဏတာ တိတ်ဆိတ်စွာ စဉ်စား၏။ သူသည် ချိပ်ပိတ်ခြင်းခံထားရသော ရှေးဟောင်းမိစ္ဆာကို ကြည့်၏။ထို့နောက် သူသည် ခုထိ လေထဲ၌ ရှိနေသေးသော တော်ဝင်ရတနာလေးခုထံသို့ အကြည့်ရောက်သွားသည်။
သူ့စွမ်းအားဖြင့် သူသာ လှုပ်ရှားချင်ခဲ့ရင်လျှင်ပင် သူ လန့်သည့် တစ်ခုတည်းသောအရာမှာ သည်တော်ဝင်ရတနာလေးခု ဖြစ်၏။
“ဒီအဘိုးအိုက ချင်းလင်ကို မျက်နှာသာပြန်ပေးပြီးသွားပြီ။ ရှေးဟောင်းမိစ္ဆာတာကျားကလည်း တော်ဝင်ရတနာတွေနဲ့အတူ သင့် ချိပ်ပိတ်ခြင်းကို ခံထားရပြီးပြီး။ ဒီတော့ ငါ့ကိစ္စပြီးပါပြီ…။နှုတ်ဆက်ပါတယ်…”
သူက စဉ်းစားပြီးနောက် တိုက်ခိုက်ရန် လက်လျော့လိုက်၏။ သူသည် ဤတော်ဝင်ရတနာများကို အတော်လေးကို ထိတ်လန့်ပေ၏။ ၎င်းတော်ဝင်ရတနာလေးခုမှာ အတိတ်တုန်းကထက် များစွာ အားနည်းသွားခဲ့ပြီ ဖြစ်သော်လည်း သူသာ နတ်လေးပါးကလန်ကို ကျဉ်းတည်းကျပ်တည်း ရောက်စေခဲ့ပါက သူတို့သည် သွေးစတေးခြင်းကို စတင်နိုင်ပေ၏။
အဘိုးအိုသည် ကောင်းကင်ထက်သို့ ပျံတက်သွားရင်း သက်ပြင်းချ၏။ ကောင်းကင်ထက်သို့ ရောက်သည့်အခါ သူက မူပင်းမေထံသို့ ပြန်လှည့်ကြည့်သည်။
မူပင်းမေမှာ တွေဝေစဉ်းစားနေ၏။ သူမသည် အောက်နှုတ်ခမ်းကို ကိုက်ကာ ခပ်တိုးတိုး ပြောလာ၏။ “သူ့ကို တစ်ကြိမ်လောက် ကြည့်ခွင့်ပေးပါ။ တစ်ကြိမ်လေးတော့ ကြည့်ခွင့်ရှိသင့်တယ်မလား…”
ဟင်္သာငှက်နတ်အင်ပါယာမှာ မင်သက်သွား၏။ သူ့အကြည့်က ဝမ်လင်းထံသို့ ရောက်ရှိသွားသည်။ သို့သော် သူက စကားမဆိုပေ။
ဝမ်လင်း၏မျက်နှာမှာ သေလောက်အောင် ဖြူရောနေ၏။ သူ့ဒဏ်ရာများသည် သူတောင့်ခံနိုင်သည့် အကန့်အသတ်သို့ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။ သူ့မူလစိတ်ဝိညာဉ်မှာလည်း လွင့်ပျောက်မည့် အရိပ်လက္ခဏာ ပြသနေပေသည်။ မူပင်းမေ၏ တိုးလျလျစကားက သူ့အား နာကျင်မှုဖြင့် တုန်လှုပ်စေတော့၏။ထိုနာကျင်မှုမှာ သူ့မျက်လုံးထဲကနေ လှစ်ဟပေါ်နေချေသည်။
ဝမ်လင်းသည် နောက်မလှည့်ခဲ့၊ မူပင်းမေ၏ စကားကို ပြန်တုန့်ပြန်မခဲ့ပေ။ ထိုအစား သူက ဟင်္သာငှက်နတ်အင်ပါယာထံသို့ ကြည့်ကာ မေးလိုက်၏။ “စီနီယာ…ငါ့ကို ဟင်္သာငှက်နတ်ကလန်ကို ခေါ်သွားမှာ မလား…”
ဟင်္သာငှက်နတ်အင်ပါယာက ခေါင်းညိတ်၏။
“ငါ့ကြောင့် ဒဏ်ရာရခဲ့တဲ့ ငါ့မိတ်ဆွေတွေကိုလည်း ခေါ်သွားပေးပြီး ကုသပေးပါ…။အဲ့နောက် ငါက သင်တို့ဟင်္သာငှက်နတ်ကလန်နဲ့ ပတ်သတ်တဲ့ ဘာမဆို သဘောတူမယ်…”
ဟင်္သာငှက်နတ်အင်ပါယာက ပြုံး၍ ခေါင်းညိတ်၏။ “ကောင်းပြီ…”
ထိုသို့ ဆိုပြီးနောက် ပတ်ဝန်းကျင်ရှိ နတ်လေးပါးကလန်ဝင်များသည် လူစုခွဲကာ ဒဏ်ရာရသူများအား ကူညီပေးသည်။ မဟာမိတ်မှ ကျင့်ကြံသူများ အားလုံးကတော့ အထိတ်တလန့်နှင့် နောက်ဆုတ်နေကြသည်။
“ငါ့မိတ်တွေတော်တော်များများက သူတို့ရဲ့ ခန္ဓာကိုယ်ကို ဆုံးရှုံးခဲ့ရတယ်…”
“နတ်လေးပါးကလန်က သူတို့ရဲ့ခန္ဓာကိုယ် ပြန်ဖြစ်တည်ဖို့ ကူညီပေးမယ်…”
“ငါ့အစ်ကိုကြီး…စစ်ထူဟာ အဆိပ်သင့်ထားတယ်…”
“ငါ ဒီအဆိပ်ကို ထုတ်ပေးမယ်…”
“ငါ့ကျေးဇူးရှင် ကျောက်ရီအတွက် ချင်းလင်ကို ပြန်ကယ်တင်ပေးနိုင်ဖို့ လိုအပ်တယ်…”
“ငါ မင်းကို ချင်းလင်ရဲ့ ခန္ဓာကိုယ် ပေးနိုင်တယ်။ မင်း နတ်လေးပါးကလန်ရဲ့ အကူအညီလိုတာရှိခဲ့ရင် ငါတို့ မင်းကို အားလုံးထောက်ပံ့ပေးမယ်…”
“နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ငါ့တိုက်ရိုက်တပည့် တစ်ယောက်ရှိတယ်…”
“ငါ သူ့ကို ခေါ်ဖို့ ဟင်္သာငှက်နတ်ကလန်က တစ်ယောက်ယောက် လွှတ်ပေးမယ်…”
“မဟာမိတ်ရဲ့ ဒီကောင်းကင်ဘုံသားတွေက ငါ့ကို သတ်ချင်ခဲ့ကြတယ်။ ငါ သူတို့ရဲ့ ကောင်းကင်ဘုံ မူလစိတ်ဝိညာဉ်ကို လိုချင်တယ်…”
ဝမ်လင်း၏ မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ သူသည် သူ့အား ဒုက္ခပေးမည့် မည်သူ့ကို မဆို ခွင့်လွှတ်ပေးခဲ့ရိုး ထုံးစံ မရှိခဲ့ပေ။
ပတ်ဝန်းကျင်ရှိ ကောင်းကင်ဘုံသားများသည် အချိန်ဖင့်မနေတော့ဘဲ နေရာအနှံသို့ ပြန့်ကြဲကာ ပြေးကြ၏။ ဟင်္သာငှက်နတ်အင်ပါယာ၏ မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက ခေါင်းညိတ်၏။ “ဒီကိစ္စက လွယ်ပါတယ်…” သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ တော်ဝင်ရတနာများသည် လေးခုအဖြစ်သို့ ပြန်ခွဲထွက်ပြီး ဤဧရာယာအနှံ့သို့ ဖြန့်ကျက်၏။
ထိတ်လန့်နာကျင်စွာအော်သံများ ပဲ့တင်ထပ်ကုန်သည်။
ဝမ်လင်း၏ မထူးခြားနား ဟန်ပန်ကြောင့် မူပင်းမေ၏ အောက်နှုတ်ခမ်းကနေ သွေးများပို စိမ့်ထွက်လာ၏။ သူမမျက်လုံးထဲ၌လည်း နာကျင်မှုတို့ ပြည့်နှက်နေသည်။ သူမက လှမ်းအော်၏။ “ဝမ်လင်း…ငါ သူ့ကို တွေ့ချင်တယ်…။ ငါ နင့်ကို တောင်းပန်ပါတယ်…ငါ့ကို သူနဲ့ တွေ့ခွင့်ပေးပါ…”
ဝမ်လင်းသည် ကျောခိုင်းထားသည့်အတွက် သူမ၏မျက်လုံးထဲရှိ နာကျင်မှုကို မတွေ့ရနိုင် ဖြစ်၏။ သို့သော် သူသည် သူကိုယ်တိုင်နာကျင်နေရမှုကလည်း ဘယ်တော့မှ ပျောက်ပျက်သွားတော့မည် မဟုတ်မှန်းကိုတော့ သိနေ၏။ ဝမ်လင်းသည် မျက်လုံးမှိတ်ကာ တည်ငြိမ်စွာ ပြောလာ၏။ “ငါ ဒီအမျိုးသမီးကို အသက်ကယ်ဆေးလုံးနဲ့ ငါ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ အကြွေး ရှိတယ်…”
ဟင်္သာငှက်နတ်အင်ပါယာသည် ပြုံး၏။ “ငါက မင်း တောက်ပသောလေဟာနယ် သခင်မအပေါ် တင်ခဲ့တဲ့ အကြွေးကို ပြန်ဆပ်နိုင်မယ့် နည်းလမ်းတစ်ခု ကူရှာပေးမယ်။ သူမ ကျေနပ်မှာပါ။ နောက် ဘာပြဿနာ ရှိသေးလဲ…”
ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားသွား၏။ ထို့နောက် သူက ခေါင်းယမ်းကာ ခပ်တိုးတိုး ဆိုလိုက်သည်။ “သွားကြစို့…”
ဟင်္သာငှက်နတ်အင်ပါယာက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ကာ ဝမ်လင်းကို လေထဲသို့ မြောက်တက်လာစေ၏။ ဝမ်လင်းကို သူ့မူလစွမ်းအင်ဖြင့် ခြုံလွှမ်းပြီးသည့်အခါ ဟင်္သာငှက်နတ်အင်ပါယာသည် ပွင့်ဟနေသည့် ကောင်းကင်ထက်သို့ ပျံသန်းတက်သွားတော့သည်။
“ဝမ်လင်း…သူက ငါ့ကလေးပဲ။ ငါ သူ့ကို တွေ့ချင်တယ်…” မူပင်းမေ၏အသွင်ဟန်ပန်မှာ ဖြူရောနေ၏။ သူမသည် ဝမ်လင်းကို စူးစိုက်ကြည့်ရင်း သူမ၏ခန္ဓာကိုယ်သည် တုန်ယင်နေ၏။ သူမသည် လက်သီးနှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ထားမိပေ၏။
“နင်က မထိုက်တန်ဘူး…” ဝမ်လင်းသည် ရုတ်တရပ် နောက်လှည့်ကာ ပြန်အော်ပြောလိုက်၏။ သူသည် သူ့ခံစားချက်များကို ထိန်းချုပ်ထား၏။ သူ့ခံစားမှုများကို ထိန်းချုပ်ထား၏။ သို့သော် သည်အခိုက်အတန့်၌ သူသည် ယင်းခံစားချက်များကို ထပ်မံ ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။ မူပင်းမေထံသို့ သူ့ပြန်အော်လိုက်သံက သူ့စိတ်နှလုံးအတွင်း နှစ်ပေါင်းရာချီနာကျင်မှုကနေ ပေါက်ကွဲထွက်သွားခြင်းပင်။
သူသည် ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့ပြီး ဖြစ်၏။ သည့်အော်သံထဲ၌ သူ နှစ်ရာချီ ဖိနှိပ်ထားခဲ့ရသော နာကျင်မှုအပြည့် ပါဝင်သည်။ ထို့နောက် ဝမ်လင်းသည် သွေးအန်ထုတ်လိုက်ပြီး သူ့အမြင်မှာ မှောင်မဲသွားချေတော့သည်။
နတ်လေးပါးကလန်…ထွက်ခွာသွား၏။ သူတို့သည် ဝမ်လင်းမိတ်ဆွေအားလုံးကိုလည်း ခေါ်ဆောင်သွားကြ၏။
မူပင်းမေ၏ မျက်လုံးထဲမှ မျက်ရည်စီးကြောင်းနီးခု လိမ့်ဆင်းကျလာ၏။ သူမစိတ်နှလုံးမှာ ကြေကွဲနာကျင်လွန်းရသည်။ သူမသည် သွေးအပြည့် အန်ထုတ်လိုက်ရပြီးနောက် ပစ်လဲကျသွားတော့သည်။
တောက်ပသောဟင်းလင်းပြင် အဘိုးအိုသည် သက်ပြင်းချ၏။ သူက သူ့လက်ကို ဝေ့ယမ်းကာ မူပင်းမေအား ခေါ်ဆောင်၍ အဝေးသို့ ထွက်သွားလေတော့သည်။
လေဟာနယ်ဟင်းလင်းပြင်ထဲ၌ သူ့ရှေးဟောင်းအသံတစ်ခုကတော့ ပဲ့တင်ထပ်နေ၏။
“ဒါ ကံတရားပေပဲ…”
***